ရှမ်းပြည်နယ် မြောက်ပိုင်းဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ယာယီအပစ်ရပ်ဆိုင်းကြောင်း ကြေငြာချက် ထုတ်ထားတဲ့ နယ်မြေတွေထဲမှာ တခုအပါအဝင် ဖြစ်ပေမယ့် တကယ့်မြေပြင်မှာတော့ အပစ်အခတ်တွေ ရပ်ဆိုင်း မနေ သလို လက်နက်ကိုင် ပဋိပက္ခတွေရဲ့ဒဏ်ကိုလည်း ဒေသခံတွေဟာ ခံစားနေရဆဲ ဖြစ်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းက ကျေးလက်ဒေသတွေမှာ အစိုးရနဲ့ အပစ်ရပ်စာချုပ် မထိုးထားတဲ့ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့တွေက ဒေသခံတွေ အပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသလို အစိုးရနဲ့ တနိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင် ရေး ကောင်စီ (RCSS) ဟာလည်း ဒေသခံတွေ အပေါ် ငွေကြေးကောက်ခံတာ မသင်္ကာမှုနဲ့ ဖမ်းဆီးနှိပ်စက်တာ စတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ရှမ်းမြောက်ဒေသက ကျေးရွာတွေမှာ တိုက်ပွဲတွေ မဖြစ်ရင်တောင် ဒေသခံတွေ အမြဲကြုံတွေ့နေရတာတွေကတော့ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ငွေကြေးနဲ့ စားနပ်ရိက္ခာ တောင်းခံတာမျိုးတွေပါ။
ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆိုရင် အစိုးရဝန်ထမ်း ဖြစ်တာကြောင့် အစိုးရ အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်တဲ့လုပ်ငန်း ဆောင်တာတွေ လုပ်ကိုင်ရသလို ကျေးရွာထဲ လက်နက်ကိုင် တပ်ဖွဲ့တွေက လာပြီဆိုရင်လည်း သူတို့ ခိုင်းစေတဲ့ အလုပ်တွေကို လုပ်ကိုင်ပေးနေရပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်းမှာဆိုရင် NCA ထိုးထားတဲ့ RCSS နဲ့ NCA မထိုးထားတဲ့ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တို့ အတွက် ငွေကြေး ကောက်ခံပေးနေတယ် ဆိုပြီး နမ့်ဟူးတောင်း ကျေးရွာအုပ်စု၊ အုပ် ချုပ်ရေးမှူး ဦးစိုင်းတင့်ချိုကို တပ်မတော်ဘက်က မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)နဲ့ တရားစွဲဆိုထား ပါတယ်။
ရှမ်းမြောက်ဒေသက ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူး၊ ရွာသူကြီး၊ ရပ်မိရပ်ဖ လုပ်ကိုင်နေသူတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။
လက်နက်ကိုင် တပ်ဖွဲ့တွေက တစုံတခု ခိုင်းစေလာရင် ငြင်းဆန်လို့ မရသလို အစိုးရနဲ့ တပ်မတော်ဘက်က သိရင် လည်း ဖမ်းဆီးချုပ်နှောင်တာ တရားစွဲဆိုတာ ခံကြရပါတယ်။ နမ့်ဟူးတောင်း ကျေးရွာ အုပ်စုမှာဆိုရင် ၁၇(၁)နဲ့ တရား စွဲဆိုခံရမှာကို ကြောက်ပြီး ရာအိမ်မှူး၊ ဆယ်အိမ်မှူး ၂၀ ကျော်ကလည်း ဇူလိုင်လအတွင်းကပဲ နုတ်ထွက်သွားကြပါ တယ်။
အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ဦးစိုင်း တင့်ချိုရဲ့ အစ်ကိုတော်စပ်သူ ဦးစိုင်းမြင့်ဗိုလ်ကို တွေ့ဆုံ မေးမြန်းထားပါတယ်။
ဦးစိုင်းမြင့်ဗိုလ်ဟာ မူဆယ်မြို့ သစ်သီးပွဲရုံ ကုန်စည်ဒိုင် ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။
မေး။ ။ ဦးစိုင်းတင့်ချို အမှုက ဘယ်လို ဖြစ်သွားတာလဲ။
ဖြေ။ ။ ဧပြီလ ၂၆ ရက် ညနေပိုင်း ၃ နာရီလောက်မှာ သူ့ရဲ့ဒီနေအိမ်မှာပဲ အရပ်ဝတ်နဲ့ လက်နက်ကိုင် အဖွဲ့တွေ ကား ၃ စီးနဲ့ လာတယ်။ လာတဲ့ ကားတွေကလည်း အားလုံး တပ်က ကားတွေချည်းပဲ။ သူ့ကို လူအယောက် ၂၀ လောက် ရှိမယ်၊ လက်နက်ကိုင်အဖွ့ဲက ဒီအိမ်ထဲဝင်ပြီး ဖမ်းစီးသွားတာပါ။ သူ့ကိုတော့ ဖမ်းသွားတဲ့ အချက်အလက်တွေက လက် နက်ကိုင်အဖွဲ့တွေကို ဆက်ကြေး ကောက်ပေးရတဲ့ တာဝန်ခံအနေနဲ့ သမုတ်ပြီးတော့ စွဲသွားတာပေါ့ဗျာ။
မေး။ ။ သူ့ကို လာဖမ်းတုန်းကရော ဝရမ်းပါလား။ ဘယ်သူတွေက ဖမ်းတယ်။ ဘာကြောင့် ဖမ်းတယ် ဆိုတာ မိသားစု ဝင်တွေက သိရလား။
ဖြေ။ ။ လုံးဝ မသိရပါဘူး။ အရပ်ဝတ်နဲ့ လက်နက်ကိုင် ဆိုတာက ဒီဒေသက လက်နက်ကိုင်မျိုးစုံ ရှိတယ်လေ။ ရှမ်း ဘောင်းဘီ ဝတ်ထားတဲ့ လူတွေလည်း ပါတယ်။ ရှမ်းလွယ်အိတ် လွယ်ထားတဲ့ လူတွေလည်း ပါတယ်။ သိကို မသိရ ဘူး။ ဘယ်လက်နက်ကိုင်အဖွဲ့က ဖမ်းတယ်ဆိုတာကို။ ဖမ်းသွားတဲ့ ရက်ပိုင်းအတွင်း လိုက်မေးတာလည်း ဘယ်လိုမှ မသိရဘူး။
နောက် ၃ရက် ၄ ရက်ကြာမှ ဒီက စစ်ဘက်ဆိုင်ရာ လုံခြုံရေး အဖွဲ့ (စရဖ) က ဖမ်းတယ်။ ဖမ်းပြီး ၅၀၁ တပ်ရင်း၊ စစ် ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ)ကို ပို့လိုက်တယ် ဆိုတာ သိရတယ်။ အဲဒီမှာ ရှိနေတယ် ဆိုတာ သိရတယ်။ အဲဒီ မှာ ရှိနေတဲ့ ကာလပတ်လုံးလည်း ဘယ်သူမှ တွေ့ခွင့်မရဘူး။ လုံးဝ တွေ့ခွင့်မရဘူး။ မေလ ၉ ရက်ကျမှ စစ်တပ်မှာ ရှိတဲ့ နေရာကနေ ရဲစခန်း အချုပ်ကို ပို့လိုက်တာ။ အဲဒီကျမှ သူနဲ့ တွေ့ခွင့်ရတယ်။
သူနဲ့ တွေ့ခွင့်ရမှ ပြောပြတာက လက်ထိပ်က လုံးဝ ခတ်ထားတယ်။ ခြေထောက်ကိုလည်း ထိပ်တုံးမှာ ခတ်ထားတာ။ ဧပြီ ၂၆ ရက်ကနေ မေလ ၉ ရက်ထိ ရဲစခန်းကို ရောက်တဲ့အထိကတော့ အဲဒီအတိုင်း နေရတယ်။ စကခ ကနေ ရဲစခန်းကို ခေါ်လာတဲ့ အထိတောင်မှ သူ့ကို မျက်နှာ အဝတ်အုပ်ပြီး ခေါ်လာတာ။
မေး။ ။ ဖမ်းဆီးခံထားရချိန်မှာ မိသားစုနဲ့လည်း မတွေ့ရ၊ အဆက်အသွယ်လည်း မရဆိုတော့ သူ့ကို ရိုက်နှက်တာ နှိပ်စက် ညှင်းပန်းတာမျိုး ရှိလား။
ဖြေ။ ။ အဲဒီလိုတော့ မရှိဘူး။ ဒါပေမယ့် လက်ထိပ်တော့ လုံးဝ မဖြုတ်ဘူး။ ထိပ်တုံးပါ ခတ်ထားတာ။ ယားလို့တောင် မကုတ်နိုင်တဲ့ အခြေအနေမျိုး သူကြုံခဲ့ရတယ်။ အခု ရဲစခန်းအချုပ်ထဲမှာတော့ ရုံးထုတ်တဲ့ ရက်တွေမှာ ပုံမှန်တွေ့လို့ ရတာပေါ့။ အရေးကြီးတာ တွေ့ဆုံစရာ ရှိရင်တော့ ရဲစခန်းကလည်း တွေ့ခွင့်ပေးပါတယ်။
မေး။ ။ တရားရင်ဆိုင်နေရတာဆိုရင် SSPP နဲ့ RCSS ကို ငွေကြေးကောက်ခံပေးလို့ပေါ့နော်။ အဲဒီတော့ သူက တကယ်ပဲ ငွေကောက်ခံပေးနေလား။ မိသားစုဝင်တွေက ဘယ်လိုသိထားပါသလဲ။
ဖြေ။ ။ အခု သူ့ကို စွဲထားတာက SSPP ဝမ်ဟိုင်းအတွက် ကောက်ပေးတယ်။ တာဝန်ခံ ဆိုပြီး စွပ်စွဲတာပေါ့။ ဦးစိုင်း တင့်ချိုက နမ့်ဟူးတောင်းကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးလေ။ သူက ၂၀၁၃ ကနေ အုပ်ချုပ်ရေးမှူး စလုပ်လာတာ။ အဲဒီတော့ ဒီဒေသတွေရဲ့ အုပ်ချုပ်ရေးမှူးတွေက သူ့အနေနဲ့ ဆက်ကြေး သွားကောက်ရလောက်အောင် ဘယ်လိုမှ မလုပ်ဘူး။ တအိမ်တက်ဆင်း ကောက်ရလောက်အောင်လည်း မရှိပါဘူး။ ရွာထဲမှာ လိုက်မေးကြည့်လို့ ရပါတယ်။ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီဒေသတွေက လက်နက်ကိုင် အဖွဲ့မျိုးစုံ ရှိတယ်။ အုပ်ချုပ်ရေးမှူး မပြောနဲ့ ဘယ်သူ့ကိုမဆို မတရားအသင်း ဆက်သွယ်မှုနဲ့ စွဲလို့ ရတယ်။
ဒီပုဒ်မ ၁၇ (၁) ဆိုတာ အင်္ဂလိပ် အုပ်ချုပ်စဉ် အချိန်တည်းက သတ်မှတ်ထားတာပါ။ အခုကျမှ တချိန်တုန်းက နိုင်ငံခြား သားက ကိုယ့်နိုင်ငံကို အုပ်ချုပ်ထားတဲ့ အချိန်မှာ လုပ်ထားတဲ့ ပုဒ်မ၊ မတရားအသင်း ဆက်သွယ်မှုလို့ ပြောရအောင် ဒီ အုပ်ချုပ်ရေးမှူးတွေက သွားဆက်သွယ်တာ မဟုတ်ဘူး။ ဒီအုပ်ချုပ်ရေးမှူးတွေကို ဒီမှာ ရှိတဲ့ လက်နက်ကိုင် အားလုံး ရဲ့ဆက်သွယ်မှုကိုတော့ ခံရမှာပဲ။ ကိုယ်က လိုလိုလားလားကြီးတော့ အဲဒီ မတရားအသင်း သတ်မှတ်ခံထားရတဲ့ လက် နက်ကိုင်တွေကို ဆက်သွယ်စရာ အကြောင်းမရှိဘူး။ ဖမ်းချင်ရင် အဲဒီမှာ သွားဖမ်းလေ။
ဒီမှာ ဘယ်သူက လုံခြုံမှု ပေးနိုင်မလဲ အုပ်ချုပ်ရေးမှူးတွေကိုလေ။ လက်နက်ကိုင်အဖွဲ့တွေက လာဆက်သွယ်ရင် အ ဆက်သွယ်ခံရမှာပဲ။ သတင်းထောက်တွေ လမ်းမှာသွားလို့ လက်နက်ကိုင်တဖွဲ့ဖွဲ့နဲ့ ကြုံရင် စကားပြောရင် မပြောဘဲနေ လို့ ရမလား။ မရပါဘူး။ လုံခြုံရေးမှ မရှိတာ။ ကျောက်မဲမြို့ဆို မြို့လယ်တောင် သေနတ်နဲ့ ပစ်သွားတယ်။ ကျောင်း ထိုင်ဘုန်းကြီးကျောင်းတောင် ကျောင်းဝန်းထဲ ပစ်သွားတာပဲ။ ဒါမျိုးတွေရှိတဲ့ ဒေသမှာ အုပ်ချုပ်ရေးမှူး လုပ်နေတဲ့ လူ တယောက်ကို ၁၇ (၁)နဲ့ စွဲကြေးဆို ဒါ ဘယ်လိုမှ ရပ်တည်လို့ ရမှာ မဟုတ်ဘူး။
မေး။ ။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ လက်နက်ကိုင် တပ်ဖွဲ့တွေက များတယ်။ ဒီတော့ လက်နက်ကိုင်တွေက အုပ်ချုပ် ရေးမှူးတွေကို လာဆက်သွယ်ရင် ဘယ်လို အကြောင်းကိစ္စတွေ လုပ်ခိုင်းတာမျိုးရှိလဲ။ ဒီဒေသ အကြောင်းရှင်းပြပါဦး။
ဖြေ။ ။ အပွင့်လင်းဆုံး ပြောရရင် လက်နက်ကိုင် အဖွဲ့ပဲ ဖြစ်ဖြစ် အစိုးရပဲဖြစ်ဖြစ် ပြည်သူကိုပဲ မှီခိုနေရတာလေ။ အစိုးရ တရပ်ဆိုလည်း ပြည်သူတွေဆီက အခွန်ငွေတွေ ကောက်တာပဲလေ။ လက်နက်ကိုင်အဖွဲ့ ဆိုလည်း သူ့အကြောင်း တရားအမျိုးမျိုးကြောင့် သူလက်နက်ကိုင်နေတာကိုး။ ကောင်းတယ် မကောင်းဘူးက ကျနော်တို့ ဝေဖန်လို့ မရဘူး။ ဒါပေမယ့် သူတို့လည်း ပြည်သူကိုပဲ မှီခိုရမှာပဲလေ။
ဘယ်သူမဆို စားရေးရိက္ခာအတွက်က ငွေကြေးဆိုတာ မရှိရင် ဘာသွားလုပ်မလဲ။ ဒီတော့ ဘယ်လက်နက်ကိုင် အဖွဲ့ အစည်းမဆို အစိုးရမဆို ဒီပြည်သူဆီက အခွန်ကိုတော့ အဓိကထား မှီခိုနေ၇တယ်။ အဲဒီတော့ ပြည်သူကို သူတို့ ဆက် သွယ်နေရမှာပဲ။ အဲဒီအခါမှာ ပြည်သူက ငါမင်းတို့နဲ့ မဆက်သွယ်ဘူးလို့ ဘယ်သူပြောရဲလဲ။ ဒါက ဒီလို ဖြစ်နေတဲ့ အဖြစ်အပျက်က အမှန်ပဲ။ ရှမ်းပြည်မှာရှိတဲ့ လူတွေဒီလိုပဲ ခံစားနေရတယ်။ ကျနော်တို့ဆို ရှမ်းပြည် မွေးတယ်၊ ရှမ်းပြည် ကြီးတယ်။ ဒီအချိန်ထိ ရှမ်းပြည်အကြောင်းကို သိနေတာပဲလေ။
မနေ့က ကျနော် ဒီရောက်တယ်။ ဒီနယ်မြေမှူးတွေက ရွာသားတွေကို ဖွင့်ချတယ်။ ငါတို့ မလုပ်ရဲတော့ဘူးတဲ့။ ဒီရွာကို အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ခံပြီးတော့ အုပ်ချုပ်ရေးကိစ္စတွေ တာဝန်ယူဖို့ ငါတို့ မလုပ်ရဲတော့ဘူးတဲ့။ ငါတို့ နုတ် ထွက်တယ် ဆိုပြီး သူတို့ နုတ်ထွက်လိုက်ပြီ။ ဒါ သူတို့ရဲ့အခြေအနေပေါ့။
အခုက အုပ်စုမှူး မရှိတော့ဘူး ဆိုတော့ အစိုးရဘက်ကသော်လည်းကောင်း လက်နက်ကိုင် တဖွဲ့ဖွဲ့ကသော်လည်း ကောင်း လာဆက်သွယ်တဲ့ အခါ တာဝန်အရှိဆုံး အုပ်ချုပ်ရေးမှူး မရှိရင် ဒီရာအိမ်မှူး၊ နယ်မြေမှူးတွေကို ဆက်သွယ် မှာပဲလေ။ အဲဒီတော့ သူတို့လည်း အဆက်သွယ် မခံနိုင်တော့ဘူး။ ဆက်သွယ်ရင်လည်း ၁၇(၁)နဲ့ ငြိတော့မှာလေ။ အဲဒီတော့ သူတို့အားလုံး နုတ်ထွက်သွားတာပေါ့ဗျာ။
ဒီဒေသမှာက ဒီအတိုင်းသာ အုပ်ချုပ်ရေးမှူးတွေကို မတရားအသင်းနဲ့ ဆက်သွယ်တယ်။ လက်နက်ကိုင်နဲ့ ဆက်သွယ် တယ် ဆိုပြီးတော့ အရေးယူကြေးဆို အစိုးရကလည်း ဟိုဘက် လက်နက်ကိုင်ကို ဆက်သွယ်လို့ အရေးယူမယ်။ ဒီ အုပ်ချုပ်ရေးမှူးတွေက အစိုးရကို ကူညီတဲ့ ကိစ္စတွေလည်း အများကြီး ရှိတယ်။ ကျနော့်ညီဆို ဒီနမ့်ဟူးတောင်း အုပ် ချုပ်ရေးမှူး၊ ဒီကျောက်မဲအဝင် တိုးဂိတ်မှာ မူးယစ်ဆေးဝါးသတင်းတွေ လက်နက်ခဲယမ်း သတင်းတွေရလို့ သူတို့ ဖမ်း မယ် ဆိုရင် ဒီအုပ်ချုပ်ရေးမှူးတွေရဲ့အကူအညီ ယူရတာပဲလေ။
အုပ်ချုပ်ရေးမှူးတွေက အဲဒီမှာ သွားကူညီလို့ ဒီဘက် လက်နက်ကိုင်ကလည်း အပြစ်ရှာမယ်ဆိုရင် ဒီအုပ်ချုပ်ရေးမှူး တွေက ဘယ်လို သွားရပ်တည်တော့မလဲ။ အခုချိန်မှာ ဒီလက်နက်ကိုင်အဖွဲ့တွေ အချင်းချင်း ဘယ်လို ငြိမ်းချမ်းရေး ရမလဲ ဆိုတာ ကျနော်တို့က အဓိက အချက်ရှာရမှာ။ ဒီလက်နက်ကိုင် ပဋိပက္ခကိစ္စကြီးကို အဖြေမရှာဘဲ အောက်ခြေ က မလွန်ဆန်နိုင်ပဲ ဆက်သွယ်နေရသူတွေကိုဗျာ။ မလွန်ဆန်နိုင်ဘူးဆိုတာ အသက်အန္တရာယ်ကို ရှိတာ။
အသက်အန္တရာယ်တွေ၊ စည်းစိမ်တွေ ရှိနေတယ်။ ကျနော့်ညီဆို ဆန်စက်လုပ်ငန်းလုပ်နေတယ်။ ကြက်ခြံလုပ်ငန်း လုပ်နေတယ်။ ကြက်ခြံက ဒီမှာ တခြံ ၊ဟိုဘက်မှာလည်း တခြံ ရှိတယ်။ ပန်ပေါင်း ထမင်းဆိုင်နောက်ကြောမှာ တဆိုင် ရှိတယ်။ ဒီလို ပြန့်ကျဲနေတဲ့ လုပ်ငန်းတွေ ရှိနေတာ ကိုယ့်လုပ်ငန်းတွေကိုလည်း ကိုယ်စိုးရိမ်ရသေးတယ်လေ။ လိုလို လားလား ဆက်သွယ်ခြင်းကတော့ ဘယ်သူက သွားလုပ်မလဲ။ ဘယ်သူမှ သွားမလုပ်ဘူး။
ဒါပေမယ့် ကိုယ့်ဒေသမှာ ကိုယ့်ရွာသူရွာသားတွေက ယုံကြည်လို့ ခန့်တာလေ။ သူဆို အသက် ၅၆ နှစ် ရှိပါပြီ။ တင်လို့ သာ လုပ်ရတာပါ။ အခုထိ ကျနော်တို့ ရှမ်းပြည်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ဆိုရင် ဘယ်သူမှ မလုပ်ချင်ဘူး။ မလွန် ဆန်နိုင်လို့၊ ရွာသားတွေ ကလည်း ယုံကြည်လို့ တင်တယ်။ မြို့နယ်ပိုင်းကလည်း ယုံကြည်လို့ ခန့်တယ်။ ဒါမျိုးမှ ဖြစ် လာတာကိုး။ ကိုယ့်ဘာသာ ကိုယ် ငါအုပ်ချုပ်ရေးမှူး လုပ်မယ်ဆိုပြီး တတ်လုပ်တယ် ဆိုတာ မရှိဘူး။
မေး။ ။ ၂၀၁၆ ခုနှစ်တုန်းကလည်း နမ့်ဟူးတောင်းကျေးရွာ အုပ်စုက အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေ ၁၇ (၁) ကို ကြောက်လို့ ဆိုပြီး နုတ်ထွက်စာ တင်ဖူးတယ်နော်။ အဲဒီတုန်းကရော ဘယ်လို အခက်အခဲတွေ ရှိလို့လဲ။
ဖြေ။ ။ စာတင်ခဲ့ဖူးတယ်။၂၀၁၆ ခုနှစ် ဒီဇင်ဘာလပိ၁၂ ရက်မှာ သူတို့ အဖွဲ့တွေ တဖွဲ့လုံး စာတင်တယ်။ ရေးထားတဲ့ စာအကြောင်းကိုက အခု လက်ရှိ လုပ်နေရတဲ့ အလုပ်က အစိုးရ ကန့်သတ်ထားတဲ့ ဥပဒေ ၁၇(၁)နဲ့ ငြိတယ်။ ကျနော် တို့မှာ အသက်အန္တရာယ်၊ စည်းစိမ်ဥစ္စာ၊ လုပ်ငန်း အန္တရာယ်တွေ ရှိလို့ ဒီအုပ်ချုပ်ရေးမှူး လုပ်နေရတာဟာ ကျနော်တို့ က မလွဲမသွေ ဒီဟာနဲ့ ငြိနေတယ်။ နုတ်ထွက်ခွင့် ပြုပါဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို တင်တယ်။
အဲဒီတုန်းကတော့ မလုပ်ကြပါနဲ့ မင်းတို့ကိုလည်း ပစ်မထားပါဘူး ဆိုပြီး မဖြစ်စေရပါဘူး။ မင်းတို့ အန္တရာယ် မရှိစေရပါ ဘူး ဆိုပြီး အုပ်ချုပ်ရေးမှူးက ချော့မော့လို့ သူတို့က ဆက်လုပ်ရတာပါ။ ကျနော့်ညီ ဆိုလည်း မြင်တဲ့အတိုင်းပါပဲ။ သူက စားဝတ်နေရေးက မပူရဘူး။ ကလေးက ၂ ယောက်ပဲ ရှိတယ်။ လုပ်ငန်းတွေကို ကြီးကြပ်နေတယ်။ သူ့သမီးက ကျနော့် ရဲ့ မူဆယ်က ပွဲရုံမှာ လုပ်တယ်။ သူတို့မှာ စားဝတ်နေရေး မပူပင်ရတော့ ရွာကလည်း အယုံအကြည်ရှိလို့ အုပ်ချုပ် ရေးမှူး တင်ရင်းနဲ့ နုတ်ထွက်လို့ကို မရရှာတာ။
အခု ၂၀၁၉ ဧပြီ လပတ် အစည်းအဝေးမှာလည်း ကျနော့်ညီက နုတ်ထွက်စာ ထပ်တင်ထားသေးပါတယ်။ သူ သြင်္ကန် တွင်းမှာ လက်ရေးမူနဲ့ နုတ်ထွက်ပြီး တင်တာပါ။ အဲဒီတုန်းကလည်း ကျနော်တို့ လုပ်ငန်းဟာ အသက် အန္တရာယ်နဲ့နီးတဲ့ လုပ်ငန်းတွေဖြစ်လို့ အုပ်ချုပ်ရေးမှူး မလုပ်ချင်ပါဘူး။ ၁၇ (၁)ကိုလည်း ကြောက်ရပါတယ်ဆိုပြီး ထပ်နုတ်ထွက်ဖို့လည်း စီစဉ်ထားပြီးသား။ အဲဒီလို လုပ်နေတဲ့ အချိန် ဧပြီ ၂၆ မှာ သူ ဖမ်းခံလိုက်ရတာပါ။
မေး။ ။ ဒါဆိုရင် အုပ်ချုပ်ရေးမှူးတွေက လုံခြုံရေးပိုင်းနဲ့ ပတ်သက်ပြီး အစိုးရဘက်ဆီကနေလည်း အကာအကွယ် မရတဲ့ အခြေအနေ ဖြစ်နေတာပေါ့။
ဖြေ။ ။ အကာအကွယ် ရ မရ ဆိုတာကတော့ ရှင်းရှင်းလေးပါပဲ။ အခု ကျောက်မဲ ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူး နုတ် ထွက်သွားတာ သက်ရှိထင်ရှား ရှိသေးတယ်။ အုပ်ချုပ်ရေးမှူး လုပ်နေတုန်း သူ့အိမ်ထဲကို လက်ပစ်ဗုံး ပစ်ထည့်လိုက် တာလေ။ နောက်တယောက် KTV လုပ်ငန်း လုပ်တယ် ဆိုလား။ အိမ်ကနေ မြို့ထဲကို ဆိုင်ကယ်စီးပြီး ထွက်လာ တယ်။ သေနတ်နဲ့ လမ်းပေါ်မှာ တည့်ပစ်သွားတာပဲ။ ပွဲချင်းပြီးပဲလေ။ ဒါတွေရော ဘယ်သူ ကာကွယ်ပေးနိုင်လဲ။
ဒါတွေက လက်နက်ကိုင် တဖွဲ့ဖွ့ဲက ပစ်သွားတာပဲလေ။ အဲဒါကလည်း လက်နက်ကိုင် တဖွဲ့ဖွဲ့ရဲ့ အမိန့်ကို မနာခံလို့လား။ သူ ဘာကလန်ကဆန် လုပ်မိလဲ။ ရွှေကျင်ကျောင်း ဘုန်းကြီးတုန်းကလည်းဗျာ။ သင်္ကန်းစည်းထားတဲ့ ဘုန်းကြီးကို ကျောင်းဝင်းအတွင်းမှာပဲ သေနတ်နဲ့ ပစ်သတ်သွားတာ။ ဒါတွေရော ဘာကာကွယ်ပေးနိုင်လဲ။ ဒီကျောက်မဲ၊ နမ့်ဟူး တောင်းကျေးရွာအုပ်စု ဆိုလည်း ရဲကင်းတခုမှ မရှိပါဘူးဗျာ။ ဘာကာကွယ်ပေးနိုင်လဲ။ ကာကွယ်မပေးနိုင်လို့ ကြောက် လို့ နုတ်ထွက်ကြတယ်။
နုတ်ထွက်ခွင့် မပြုတော့ ဒီလိုမျိုး အခြေအနေ ဖြစ်သွားတာပေါ့။ တကယ်တော့ အုပ်ချုပ်ရေးမှူးဆိုတာ အုပ်ချုပ်ရေးပိုင်း၊ နိုင်ငံတော်ပိုင်းနဲ့ ပြည်သူကို ကြားခံပေးရတာလေ။ ဘယ်ဘက်ကလာလာ သူတို့က ကြားခံပေးရတာပါ။ ဒီအုပ်စုထဲမှာ မူးယစ်ဆေး ဖမ်းမယ်၊ ဘာလုပ်မယ်ဆို သူတို့ ကြားခံပေးရတာပဲ။ လိုက်ကူပေးရတာပဲ။ ကျနော့်ညီဆိုလည်း အုပ်ချုပ် ရေးမှူး လုပ်တာ ရဲမှတ်တမ်းမှာလည်း ရဲကို ကူညီလို့ ဂုဏ်ပြုထားတဲ့ ဆုလက်မှတ်တွေလည်း ရထားတာပဲ။
သူတို့က ကူညီတာကိုတော့ ထည့်မတွက်ဘူး။ ဒီဟာကို စွဲကြေးဆိုရင်တော့ ပြောရင်တော့ ဒါတွေက အခုလက်ရှိ တိုင်းပြည် ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ ကာလ၊ အရေးအကြီးဆုံး အချိန်ကြီးမှာဗျာ။ အခုဆိုရင် သူ့ရင်ထဲမှာ အစိုင်အခဲ ဖြစ်သွားပြီ။
မေး။ ။ နမ့်ဟူးတောင်းကျေးရွာ အုပ်စု ဆိုတာ ကျောက်မဲမြို့နဲ့ တမိုင်တောင် မဝေးတဲ့ရွာနော်။ ဒီတော့ လက်နက်ကိုင် တပ်ဖွဲ့တွေက သူတို့ လိုချင်တာ တခုခုရှိလို့လာရင် ဘယ်လို ပုံစံတွေနဲ့ ရောက်လာတတ်လဲ။
ဖြေ။ ။ ခင်ဗျားတို့လည်း သိတဲ့ အတိုင်းလေ။ လူတိုင်း ဖုန်းကိုင်နေတာပဲ။ ဖုန်းနဲ့သော်လည်းကောင်း၊ စာလေးတစောင် နဲ့သော်လည်းကောင်း ဒီလိုပဲ လာကြတာပဲ။ ဒါက ဘယ်သူမှ ကင်းကွာလို့ မရဘူး။ ကင်းကွာလို့ ရတယ်ဆိုတဲ့ လူမျိုး ကျနော်တို့တော့ မမြင်မိဘူးဗျာ။ ကျနော်တို့အထင်နဲ့ အမြင်မှာတော့ အဲဒီလိုပဲ။
မေး။ ။ သူတို့ ခိုင်းစေတာ အကူအညီတောင်းတာ မလုပ်ပေးရင်ရော ဘာဖြစ်မယ်လို့ ထင်လဲ။ ဒေသခံတွေက ဘယ်လို ထင်လဲ။ မလွန်ဆန်နိုင်တဲ့ အဓိက အကြောင်းရင်းက ဘာလဲ။
ဖြေ။ ။ ကျနော်က စီးပွားရေး လုပ်ငန်းရှင်တယောက် အနေနဲ့ ပြောရရင် ကျနော့်ဆီကို ဖုန်းတခုခု သော်လည်းကောင်း စာဖြင့် တခုခုသော်လည်းကောင်း မင်းဟာ ငါတို့အတွက် အခွန်လို့ ခေါင်းစဉ်တပ်တပ်၊ ရန်ပုံငွေလို့ ခေါင်းစဉ်တပ်တပ်၊ အကူအညီလို့ ခေါင်းစဉ်တပ်တပ် အဲဒီဖုန်း ဖြစ်ဖြစ် စာဖြစ်ဖြစ် ကျနော့်ဆီ ရောက်လာရင် ကျနော် အိပ်ကိုမပျော်တော့ ဘူး။ ဒါ လူတိုင်းပဲ။
ရှမ်းပြည်မှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တိုင်းပဲ။ အဲဒီလို ရောက်လာခဲ့ရင်တော့ ဘယ်အရာမှ အသက်ထက် တန်ဖိုး မကြီးဘူး။ အသက်ကို ရန်ရှာတဲ့ ဖြစ်ရပ်တွေကလည်း မြို့ထဲမှာလည်း ဖြစ်တယ်။ ရွာတွေမှာလည်း ဖြစ်တယ်။ မကြာ သေးဘူး။ ကြံခင်းခေါ် မလား၊ တောင်အဆင်းမှာ အိမ်ထဲကို လင်မယား ၂ ယောက်လုံးကို ပစ်သွားတာ ရှိတယ်လေ။
ဒီမှာ မြို့ထဲလည်း ပစ်တယ်။ ဘုန်းကြီးကျောင်းလည်း ပစ်တယ်။ အုပ်ချုပ်ရေးမှူး အိမ်လည်း ပစ်တယ်ဆိုတော့ ဒီလို အဖြစ်အပျက်တွေ ရှိနေတယ်လေ။ လားရှိုး မြို့လယ်မှာ ရှိတဲ့ ရိုးမဘဏ်ကြီး ဗုံးခွဲသွားတယ်။ သေတယ်။ ဒီဥစ္စာကို လူ တွေက သိနေတော့ ကိုယ့်ဆီများ အဲဒီစာ ရောက်လာရင် ဘယ်သူက အသက်အန္တရာယ်အတွက် လွန်ဆန်ရဲမလဲ။ ဒါကတော့ ရှိပါတယ်။ အသက်အန္တရာယ်ရှိလာရင် လူတိုင်း ကြောက်ပါတယ်။
မေး။ ။ အန်ကယ် ကိုယ်တိုင်လည်း မူဆယ်မှာ သစ်သီးကုန်စည်ဒိုင် လုပ်နေတယ် ဆိုတော့ စီးပွားရေး လုပ်လာတဲ့ သက်တမ်းတလျှောက်မှာ ရန်ပုံငွေ၊ အခွန်ငွေ ဆိုတာမျိုး တောင်းစာတွေ ရဖူးလား။ ပေးရဖူးလား။
ဖြေ။ ။ ဒီဟာကတော့ ကျနော် ဖြေလို့ မဖြစ်ဘူးလေ။ ကျနော် ပေးရတယ်လို့ ပြောရင် ကျနော်လည်း ၁၇(၁) နဲ့ ငြိသွား မှာပေါ့။ ဒီခေါင်းစဉ်ကတော့ ကျနော် ဖြေလို့ မရဘူး။ ကျနော်တို့ ဒီလိုပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကိုင်စားသောက်နေ ရတာပဲဗျာ။ ပြောမယ်ဆိုရင်တော့ ကျနော့်စိတ်ထင်တော့ ကျနော်တို့ ပေးရတယ် မပေးရတယ် မပြောလိုပါဘူး။ ဒါပေ မယ့် ခင်ဗျား ရုပ်ရှင်ကြည့်ချင်ရင် ရုပ်ရှင်လက်မှတ် မဝယ်ဘဲ ရုပ်ရှင်ရုံထဲ မရောက်ဘူး။ အဲဒီသဘောပါပဲ။
ဒီဒေသမှာ ဖြစ်နေတဲ့ အဖြစ်အပျက်က အများဆုံးကတော့ ဒီတိုင်း ဖြစ်နေတာပါ။ တရားဥပဒေ စိုးမိုးရေး အကြောင်း ပြောပြီး တရားဥပဒေ အထက်မှာ ဘယ်သူမှ ရှိမနေရဘူးလို့ သွားမယ်ဆိုရင်တော့ အခန့်မသင့်ရင် အပြင်မှာ လူတွေ တောင် နည်းနည်းပဲ ကျန်တော့မယ်ထင်တယ်။
မေး။ ။ ပဋိပက္ခများပြီး လက်နက်ကိုင် အဖွဲ့အစည်းများတဲ့ ဒေသမှာ အလုပ်လုပ်ကိုင်ရတဲ့ စီးပွားရေး လုပ်ငန်းရှင် တဦး အနေနဲ့ တဖက်မှာလည်း အစိုးရကို အခွန်ဆောင်ရတယ်။ တဖက်မှာလည်း လုံခြုံရေးနဲ့ လုပ်ငန်းအဆင်ပြေဖို့ ပေးသင့် တာတွေ ပေးနေရတယ်ဆိုတော့ ဒီလိုဒေသမှာ အလုပ်လုပ်ကိုင်ရတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက ဘယ်လိုစိန်ခေါ်မှု တွေရှိလဲ။
ဖြေ။ ။ လုပ်ငန်းရှင်တဦး အနေနဲ့ ပြောရရင်တော့ ဒီဥစ္စာက ကျနော်တို့ နိုင်ငံအနေနဲ့ အခွန်အနေနဲ့ပေါ့ဗျာ။ ဖြေသာတဲ့ အနေအထား ရှိတယ် ပြောရမှာပေါ့။ ကျနော်တို့ မူဆယ် ၁၀၅ မိုင်မှာ အလုပ်လုပ်နေကြတယ်။ ကျနော်လုပ်နေတာက သစ်သီးရောင်းဝယ်ခြင်း လုပ်ငန်းလေ။ အခွန် ရှောင်ခြင်းမရှိဘူး။ ပေးရမှာပဲ။
ခုနက ပြောသလိုပဲ။ လက်နက်ကိုင် ပဋိပက္ခ ရှိနေသမျှ ကာလပတ်လုံးက ပြည်သူတွေကတော့ဗျာ။ နောက် ကျနော် ဒီတပတ် ဖေ့ဘုတ်မှာ ဖတ်လိုက်တယ်။ ဘတ်ဂျက်ဆိုပြီး တောင်းလိုက်တယ်။ စာရင်းစစ်ခွင့် မရှိဘူး ဆိုရင် အဲဒီ ဘတ် ဂျက်က ဆက်ကြေးပဲ ဆိုပြီး သူများရေးထားတာ ဖတ်လိုက်ရတယ်။ အခုလည်း ဒီအတိုင်းပဲပေါ့ဗျာ။
လက်နက်ကိုင်လုပ်တဲ့ လူက စီးပွားရေး လုပ်တာ မဟုတ်ဘူး။ သူ့အခြေအနေ သူ့အနေအထားနဲ့ လက်နက်ကိုင်နေရ တာ။ လက်နက်ကိုင်နေတဲ့ လူမှန်သမျှက သူ့ရပ်တည်မှု အတွက် ပြည်သူတွေဆီကပဲ အားကိုးနေရမှာပဲ။ ဘယ်လက် နက်ကိုင်အဖွဲ့ မဆိုလေ ။ အစိုးရရဲ့ လက်နက်ကိုင်တဲ့ အဖွဲ့တောင် ပြည်သူဆီကရတဲ့ အခွန်နဲ့. တပ်မတော်ကို ဘတ် ဂျက်ချပေးရတာလေ။ တခြား လက်နက်ကိုင်အဖွဲ့ဆိုလည်း ပြည်သူဆီက အခွန်မရရင် ဘယ်လို ရပ်တည်မလဲ။ သူတို့ ရပ်တည်လို့ မရဘူးလေ။ အဲဒီတော့ ကျနော် ဆက်ကြေး ပေးရလား ဆိုရင် ပေးရတယ်လို့လည်း ကျနော် မပြောဘူး။ မပေးရဘူးလို့လည်း ဇွတ်ငြင်းစရာ အကြောင်းမရှိဘူး။
သူတို့ကို ကြည့်လိုက်၊ သူတို့ကို ပြည်သူတွေကသာ အထောက်အပံ့ မပေးထားရင် သူတို့ ဘယ်လိုမှ မရပ်တည်နိုင်ဘူး။ ဒီကိစ္စတွေ ဒီဒုက္ခတွေ လွတ်ဖို့ကတော့ ကျနော်တို့ဟာ လက်နက်ကိုင် ပဋိပက္ခ မဖြစ်ဖို့ လက်နက်ကိုင်ပဋိပက္ခကို အမြန်ဆုံး ငြိမ်းချမ်းတော့မှ ကျနော်တို့ ပြည်သူတွေက ကောင်းကောင်း လုပ်ကိုင်စားသောက်နေနိုင်မှာပါ။
မေး။ ။ အန်ကယ်တို့ ဆိုရင် ရှမ်းမြောက်မှာပဲ မွေးတယ်၊ ဒီမှာပဲ ကြီးလာပြီး စီးပွားရေး လုပ်ကိုင်တယ် ဆိုတော့ ငယ်ငယ်တုန်းက ကြုံခဲ့ရတဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ အခု အခြေအနေ၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးတွေက ပြောင်းလဲလာတယ် ထင်လား။ ဘယ်လို မြင်လဲ။
ဖြေ။ ။ ကျနော်တို့ ဒီမှာပဲ မွေးတယ်၊ ဒီမှာပဲ ကြီးတယ်။ ဒီဒေသမှာ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခပေါ့ဗျာ။ တလျှောက်လုံးမှာ လက်နက်ကိုင် ပဋိပက္ခကြောင့် ပြည်သူတွေ အတွက်ကတော့ အရင်ခေတ်လည်း ခံခဲ့ရတာပဲ။ အခု ခေတ်လည်း ခံနေရတာပဲ။ ဘယ်တုန်းကမှ မသက်သာခဲ့ဘူး။
လက်နက်ကိုင် ပဋိပက္ခရှိပြီ ဆိုရင် အဲဒီဒေသမှာ ရှိတဲ့ ပြည်သူတွေက တထိတ်ထိတ်တလန့်လန့်နဲ့ ထိုက်သင့်တဲ့ အနေ အထားမျိုးတွေ ကူညီရမှာတို့ ပေးရမှာတို့ကတော့ ရှိနေဦးမယ်လို့တော့ ကျနော်တို့ မြင်တာပဲ။ ဘယ်တုန်းက သက်သာ လဲ၊ ပြောင်းလဲလား၊ မပြောင်းလဲဘူးလားဆိုတာကို ကျနော်တို့ အမြင်ကတော့ ဒုက္ခကြီးနဲ့ ဒုက္ခသေးပဲ။ လုံးဝ ချောင် လည်သွားတယ် ဆိုတာ မရှိပါဘူး။
မေး။ ။ နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောထားတယ်နော်။ ၂၀၂၀ မှာ အပြီးသတ် ငြိမ်းချမ်းရေး ယူ ချင်တယ် ဆိုပြီးတော့လေ။ ၂၀၁၈ ဒီဇင်ဘာကနေ ၂၀၁၉ သြဂုတ်ထိလည်း အပစ်ရပ်ထားတဲ့ထဲမှာ ရှမ်းမြောက် ပါ တယ်။ ရှမ်းမြောက်က လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့လည်း အပစ်ရပ် စာချုပ်တခုကို ညှိနှိုင်းနေတော့ အန်ကယ်ဆိုရင် ရော ဘာများမျှော်လင့်လဲ။
ဖြေ။ ။ အမှန်ကတော့ဗျာ လူတိုင်း လူတိုင်းရဲ့စိတ်ဓာတ်ပါပဲ။ ဘယ်သဘောတရားနဲ့ပဲ ပြောပြော ဆန္ဒပြင်းပြရင်တော့ ရ ကို ရစေရပါတယ်။ အခုက ငြိမ်းချမ်းရေး လိုချင်ပါတယ်ဆိုတဲ့ လူတွေရဲ့ ရင်ထဲမှာ ငြိမ်းချမ်းရေး အတွက် ဆန္ဒတအား ပြင်းပြတယ် ဆိုရင်တော့ ငြိမ်းချမ်းရေးက ရကို ရရမယ်လို့တော့ မြင်တာပေါ့ဗျာ။ အခုအချိန်ကြီးက တယောက်နဲ့ တယောက်တော့ လျှော့ရမှာပေါ့။ တယောက်နဲ့ တယောက်က ဒီဟာ အကျပ်ကိုင်လိုက် ဟိုဟာ အကျပ်ကိုင်လိုက်ဆို ဘယ်ဖြစ်မလဲ။
ကမ္ဘာမှာ ဒီလောက် ကြာရှည်တဲ့ လက်နက်ကိုင် ပဋိပက္ခမျိုး ဘယ်နိုင်ငံမှ မရှိဘူး။ ကျနော်ဆို ၁၉၆၁ ခုနှစ် ဖွားပါတယ်။ ကျနော် မမွေးခင်ကတည်းက လက်နက်ကိုင် ပဋိပက္ခက တောက်လျှောက် ဖြစ်နေတာပဲ။ ကျနော် တပ်မတော်က အရာရှိတယောက်နဲ့ တွေ့တော့ သူပြောတဲ့ စကားက ပြည်သူတွေအတွက် ဘယ်လောက် စိတ်ထိခိုက်စရာကောင်းလဲ ဆိုတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကျနော်တို့ မြန်မာ့တပ်မတော်ကို နိုင်အောင် တိုက်ဖို့ဆိုတာ ဘယ် တော့မှ မဖြစ်နိုင်ဘူး။
ကျနော်တို့ မြန်မာ့ တပ်မတော်ကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေကို အမြစ်ပြတ်အောင် မရှင်းနိုင်ဘူးတဲ့။ အဲဒီ တော့ ကျနော်တို့ ပြည်သူတွေ အတွက်က အဖြေက ရှင်းနေပြီ။ သူတို့ မညှိနှိုင်းနိုင်ရင် ကျနော်တို့ တသက်ပြီး တော့မှာ မဟုတ်ဘူး။ ဒီလက်နက်ကိုင် ပဋိပက္ခက စားပွဲပေါ်မှာပဲ အဖြေရှာရမှာ။ ဒီလို တောင်ပေါ်တောင်ကြားတွေမှာ လိုက် တိုက်နေရင်တော့ ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။ ပြီးနိုင်မယ့် လမ်းကတော့ မတိုက်ကြနဲ့တော့။ လျှော့ပေးသင့်တာ လျှော့ပေးဖို့ ဒါပဲ အရေးကြီးတော့တာ။
မေး။ ။ လက်နက်ကိုင် ပဋိပက္ခတွေ ပြေလည်ခြင်း မပြေလည်ခြင်းက ဒေသခံတွေ အပေါ်မှာလည်း အကျိုးသက် ရောက်မှုတွေ ရှိနေတယ်ဆိုတော့ အပစ်အခတ် ရပ်စဲရေး အတွက် ဘာတွေမျှော်လင့်လဲ။
ဖြေ။ ။ လျှော့ကြပါ။ လျှော့ကြပါတော့။ ကျနော်ဆိုရင် မူဆယ်ကို ရောက်တာ ၃၁ နှစ် ကျော်ပါပြီ။ ကျနော်တို့ ရောက် ကာစက တရုတ်ပြည်နယ်၊ နယ်စပ်နဲ့ အခု လက်တွေ့မြင်နေရတဲ့ တရုတ်ပြည်က အများကြီးကို ပြောင်းလဲသွားပါပြီ။ ဘာလို့လဲဆိုတော့ သူ့မှာ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ မရှိဘူး။ လုံခြုံရေး ကောင်းတယ်။ တရားဥပဒေ စိုးမိုး တယ်။
ကျနော်တို့ ဥရောပတို့ အမေရိကားတို့ စင်ကာပူတို့ သွားမနှိုင်းနဲ့ဦး။ တချိန်တုန်းက ကျနော်တို့ထက် ငတ်ပြတ်နေတဲ့ တရုတ်နိုင်ငံကြီးက အခု ကျနော်တို့ ရှေ့ကို အများကြီးကျော်ပြီး စီးပွားရေးမှာ ကမ္ဘာ့နံပါတ်၂ ရောက်သွားပြီ။ ဒီဥစ္စာက အဓိကက ပြည်တွင်း ပဋိပက္ခ မရှိလို့ပဲ။
ပြည်တွင်း ပဋိပက္ခ ရှိနေတဲ့ ကျနော်တို့ မြန်မာနိုင်ငံကြီးက ကျနော်တို့ အသက် ၆၀ နား နီးနေတဲ့ လူတွေရဲ့ အမြင်က တော့ အရင်က ကျနော်တို့ အသက် ၁၀ ကျော် ကျောင်းနေခဲ့ရတဲ့ အနေအထားနဲ့ အခု လက်ရှိလူတွေရဲ့ ဖြစ်ပျက်နေ တဲ့ အနေအထားတွေ ပြောဆိုမှုတွေ အကျင့်စာရိတ္တတွေက အများကြီးကို အရင်ထက် ဆိုးဝါးလာတယ်လို့ ပြောလို့ ရတယ်။
တချိန်တုန်းက ကျနော်တို့က တော်တော်လေးကို တည်တည်ငြိမ်ငြိမ် နေနိုင်ခဲ့ပါတယ်။ အခုက ဘယ်သူလုံခြုံရေး ရှိ တယ် ပြောရဲလဲ။ ရန်ကုန်၊ မန္တလေး၊ လားရှိုးလိုမြို့ကြီး ညသန်းခေါင် တယောက်တည်း သွားရဲလား။ အိတ်နဲ့ ဆွဲကြိုးနဲ့ ညသန်းခေါင် ဘယ်မြို့မှာမှ မသွားရဲအောင် ဖြစ်နေတယ်။ ဒါဟာ ပြောင်းလဲမှုတွေပဲ။ သူများဆီမှာ တရုတ်ပြည်မှာဆို ဘာဒုစရိုက်မှ ကျူးလွန်လို့ မရဘူး။ အကုန်ပေါ်တာပဲ။
နိုင်ငံတော် အနေအထားက ကောင်းတယ် မကောင်းတယ် မဝေဖန်လိုပါဘူး။ ပြည်သူ့ လုံခြုံရေးအတွက် လုပ်တဲ့ ပြည် သူ့ လုံခြုံရေးအဖွဲ့က သူ့တာဝန်သူ လုပ်သွားတယ်။ နိုင်ငံတော် ကာကွယ်ရေးလုပ်တဲ့ သူတွေက နိုင်ငံတော် ကာကွယ် ရေးနဲ့ လုံခြုံရေးကို လုပ်တယ်။ တခြား ဘာအလုပ်မှ မလုပ်ဘူး။ ပရော်ဖက်ရှင်နယ်ပဲ လုပ်တော့ စီးပွားရေးသမားက လည်း စီးပွားရေး လုပ်လို့ ရတယ်။ တောင်သူကလည်း သူ့အလုပ်သူ လုပ်နိုင်မယ်။ ကျန်တဲ့ တရားဥပဒေ စိုးမိုးရေးပိုင်း လည်း အဲဒီလိုပေါ့။
ဘာပဲပြောပြော လက်နက်ကိုင် ပဋိပက္ခကြီးက ကျနော်တို့ နိုင်ငံအနေနဲ့ တိုက်နေမယ်ဆိုရင် ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ဘူး။ ကျနော်တို့ အသက်အရွယ်နဲ့ အချင်းချင်း ပြောကြတာဆိုရင် ကျန်းမာရေး ကောင်းအောင်နေ။ ကျန်းမာရေး ကောင်းရင် အသက်ရှည်ရင် တိုးတက်ပြောင်းလဲတာတွေ မြင်သွားရမယ် ဆိုတာမျိုးပေါ့။
အခုက စားပွဲပေါ်မှာ ရအောင် မညှိနှိုင်းဘဲ တိုက်နေမယ် ဆိုရင်တော့ ကျနော်တို့ တသက်မကဘူး။ နောင်လာ နောင် သားတွေ တသက်လည်း ငြိမ်းချမ်းရေး ဘယ်တော့မှ မရဘူး။ ငြိမ်းချမ်းရေး မရရင် ဘယ်တော့မှ မတိုးတတ်ဘူး။
ဆက်စပ်ဖတ်ရှုရန်
နမ့်ဟူးတောင်းကျေးရွာ အုပ်စုရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ၂၂ ဦး ထွက်စာတင်
ကွတ်ခိုင်နှင့် တာမိုးညဲတွင် တပ်မတော်နှင့် TNLA တိုက်ပွဲဖြစ်
ကျနော့် ဘဝတလျှောက်လုံး ပြေးနေခဲ့ရတာ