တပ်မတော်က အပစ်ရပ် စာချုပ် မချုပ်ဆိုရသေးသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပဏာမ အပစ်ရပ် စာချုပ် ချုပ်ဆိုနိုင်ရန် အပစ်ရပ်ကာ ဆွေးနွေးမယ်လို့ ကြေငြာထားပေမယ့် ရခိုင်ပြည် မြောက်ပိုင်း တပ်မတော်နဲ့ ရက္ခိုင်စစ်တပ် (AA) ကြား စစ်ရှိန်လျော့ချနိုင်တဲ့ အခြေအနေ မရှိသေးပေ။
ပဋိပက္ခ လျော့ပါးခြင်း မရှိသေးသလို ရသေ့တောင် မြို့နယ်အတွင်း ဖမ်းမိ မူးယစ်ဆေးဝါး ၂သန်းကျော် နဲ့ လက်နက် ခဲယမ်းတွေဟာ AAရဲ့ပစ္စည်းတွေဖြစ်တယ် လို့လည်း တပ်မတော်ဘက်က ထုတ်ပြန်ထား ပါတယ်။
ဒါအပြင် တပ်မတော်ရဲ့ အပစ်ရပ်ဆိုင်းတဲ့ ကာလက သြဂုတ် လကုန်ပိုင်းမှာ သက်တမ်းကုန်မှာ ဖြစ်ပြီး၊ တဖက်မှာလည်း အပစ်ရပ်စာချုပ် အတွက် တရားဝင် ဆွေးနွေးပွဲတွေ ပြန်မစနိုင်တာ ၃လ ကျော်ပါပြီ။
ဒါကြောင့် တပ်မတော်နဲ့ AA ဆက်ဆံရေး၊ အပစ်ရပ် ဆွေးနွေးနေဆဲကာလ တဖက်နဲ့ တဖက် သဘောထား အမြင်တွေကို AAရဲ့သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကို ဧရာဝတီ အကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
မေး ။ ။ရသေ့တောင်မှာ ဖမ်းမိတဲ့ မူးယစ်ဆေး ၂သန်းကျော်နဲ့ လက်နက်ခဲယမ်းတွေက AA ရဲ့ပစ္စည်းတွေလို့ တပ်မတော်က ထုတ်ပြန်ထားတယ်။ အဲ့ဒါ ဟုတ်ပါသလား။
ဖြေ ။ ။ သိမ်းဆည်းရမိတယ်လို့ပြောထားတဲ့ ပစ္စည်းတွေက ကျနော်တို့ဟာ လုံးဝ မဟုတ်ဘူး။ ကျနော်တို့နဲ့ ဘယ်လိုမှ ပတ်သက်မှု မရှိဘူး။ သူတို့ သိမ်းဆည်းရမိတယ် ဆိုတဲ့ ပစ္စည်းတွေက သူတို့ ကိုယ်တိုင် စစ်တွေကနေ သင်္ဘောနဲ့ ယူဆောင်လာတဲ့ ပစ္စည်းတွေ ဆိုပြီးတော့ ကျနော်တို့ အခိုင်အမာ သတင်းရထားတာ ရှိတယ်။
ဒီရက်ပိုင်းမှာ ဗမာစစ်တပ်တွေက အကျအဆုံးတွေ များနေတာ ရှိတယ်။ နောက်တခုက ရက္ခိုင် စစ်မျက်နှာမှာ ဗမာ စစ်တပ်က တလျောက်လုံး အရှုံးပေါ် အကျအဆုံးတွေ များနေတဲ့အတွက် AAကို နိုင်ငံရေးအရ ချောက်ချဖို့ တမင် အကွက်ဆင်တဲ့ လုပ်ကြံမှု တခုဖြစ်တယ်လို့ပဲ ကျနော်ပြောချင်တယ်။
ရွာသားတွေက အဲ့ဒီနေရာမှာ မနေနိုင်လို့တောာင် ပြေးတယ်။ ဒါ အဓိပ္ပါယ် မရှိတဲ့ ကိစ္စ၊ စစ်ဖြစ်လို့ ကြောက်ပြီး ကိုယ့် အိမ်မှာတောင် ကိုယ်မနေနိုင်တဲ့ ပြေးနေရတဲ့ အချိန်မှာ အိမ်မှာ မူးယစ်ဆေး ၂သန်း ကျော် ထားပြီး ပြေးတာက မဖြစ်နိုင်တဲ့ ကိစ္စပဲ ။ သူတို့ လုပ်ကြံတာပဲ။
မြန်မာပြည်အနှံ့မှာ မူးယစ်ဆေးဝါးကို တကယ်ထုတ်လုပ်နေတာ ဗမာစစ်တပ် ကျောထောက် နောက်ခံ ပေးထားတဲ့ ပြည်သူ့စစ်တွေပဲ၊ ရှမ်းမြောက်မှာ မူးယစ်ဆေး စက်ရုံတရုံ ဖမ်းမိတယ်။ နောက်ပိုင်းကွင်း ဆက်တွေကို စစ်တော့ ဗမာ စစ်တပ်က တပ်မမှူးတွေ ခေါင်းဆောင်တွေကနေပြီး ပါဝင် ပတ်သက်နေ တာ တွေ တွေ့ရတယ်။ နောက်တော့ ပိုင်ရှင်မဲ့ ဖြစ်သွားတာပေါ့ဗျာ။
မနှစ်က ဘူးသီးတောင်နဲ့ မောင်တောမှာ မိတာတွေကလည်း ဗမာစစ်တပ်က လူတွေဆီကနေ ဖမ်းမိ တာ။ ဗမာ စစ်တပ် တွေကို မူးယစ်ဆေးဝါးတွေနဲ့ လက်ပူးလက်ကြပ် မိတာတွေလည်း ရှိတယ်။ အခု ဗမာစစ်တပ်က တပ်မမှူး အဆင့် တွေ က မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာ တွေမှာ သူတို့က တိုက်ရိုက်ပါဝင်ပတ်သက်နေတယ်။
ကျနော်က အထောက်အထားတွေနဲ့ ပြောတာ။ သူတို့ ပါဝင်ပတ်သက်မှုတွေ အများကြီး ရှိတယ်ဆိုတာ ဖမ်းမိတဲ့ မူးယစ် ဆေးဝါးတွေက သက်သေခံနေတယ်။ အခု အဲ့ဒီ့ရွာမှာ ဖမ်းမိတယ်ဆိုတဲ့ မူးယစ်ဆေး ဝါး အပါအဝင် စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ အားလုံးက သူတို့ တပ်မမှူး အဆင့်တွေက သူတို့ယူလာတဲ့ ပစ္စည်းတွေကို တမင်သက်သက် လုပ်ကြံပြီး ဖမ်းမိပါတယ်ဆိုပြီး လုပ်ကြံတာလို့ပဲ ကျနော် ပြောချင် တယ်။ ကျနော်တို့နဲ့ ပတ်သက်မှု ဘာမှ မရှိဘူး။ ဒါ ဗမာစစ်တပ် က ပစ္စည်းတွေနဲ့ ကျနော်တို့ကို လုပ်ကြံတာပဲ ဖြစ်ပါတယ်။
မေး ။ ။ ဒီနေ့ထိ တပ်မတော်နဲ့ AA ကြား စစ်ရေးတင်းမာမှုတွေ ရှိနေဆဲ နေရာတွေက ဘယ် နေရာတွေလဲ။ ရခိုင်ပြည်နယ်မြောက်ပိုင်းတခုလုံးမှာ တင်းမာနေတုန်းပဲလား။ မြေပြင်မှာ ဘယ်လို အခြေအနေတွေ ရှိလဲ။
ဖြေ ။ ။ စစ်ရေးတင်းမာနေတဲ့ မြို့နယ်တွေက ဘူးသီးတောင်၊ ရသေ့တောင် ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ အမ်းဘက်မှာ ဆိုလည်း တင်းမာမှုတွေက ရှိနေတယ်။ နောက် ပလက်ဝပေါ့။ အကုန်လုံးမှာ တင်းမာမှုကတော့ ရှိနေတယ်။ အမ်းဘက်မှာက ဗမာစစ်တပ်က အင်အား တွေ အလုံးအရင်း ပို့ဆောင်ပြီးတော့ စစ်ဆင်ရေးကြီး လုပ်မယ့် အနေအထားတွေ တွေ့ ရတယ်။
အဲ့ဒီဘက်မှာကလည်း တင်းမာမှုရှိနေတယ်။ အချိန်မရွေး ထပေါက်နိုင်တဲ့ အနေအထား ရှိတယ်။ မင်းပြားဘက်လည်း ဒီလိုပါပဲ။ တပ်ဘက်က ရေကြောင်းရော ကြည်းကြောင်းကပါ လူအင်အား၊ လက်နက် အင်အားတွေ ထပ်ပို့နေတာ ရှိတယ်။ ရသေ့တောင်ဘက်မှာလည်း ဒီလိုပဲ ဒီရက်ပိုင်းပဲ ရေတပ်တွေ အလုံးအရင်းနဲ့ လူအင်အား၊ လက်နက်အင်အား တွေပို့ဆောင် နေတာ တွေ့တယ်။
မေး ။ ။ Bilateral အပစ်ရပ်စာချုပ် ချုပ်နိုင်ဖို့ ဆွေးနွေးနေကြတဲ့ အခြေအနေကရော ဘယ်လို ရှိနေပါသလဲ။
ဖြေ ။ ။ ဆွေးနွေးပွဲကတော့ ရှေ့မဆက်နိုင် ဖြစ်နေတယ်။ အဓိက အကြောင်းအရင်းကတော့ စစ်တပ်နဲ့ဗမာ အစိုးရဘက်က တင်းမာတဲ့ သဘောထားတွေကြောင့်လို့တော့ ပြောလို့ ရပါတယ်။ တင်းမာတဲ့ သဘောထားဆိုတာက သူတို့က Bilateral လုပ်မယ်ဆိုရင် ကျနော်တို့ကတော့ ကျနော်တို့ ဘက်က Proposal တွေကို ပေးလိုက်ပြီ။
သူတို့ဘက်က လုံးဝ လက်မခံနိုင်တဲ့ အနေအထား ဖြစ်နေတာ။ ဥပမာ ရက္ခိုင်တပ်မတော် လိုင်ဇာကို ပြန်သွားပါဆိုတဲ့ ကိစ္စမျိုးပေါ့။ ဒါက ရခိုင်တပြည်လုံး လက်မခံနိုင်တဲ့ ကိစ္စပဲ။ နောက်ပြီးတော့ တခြား TNLA တို့MNDAA တို့ကိုလည်း အဲ့လိုပါပဲ။
TNLA ဆိုရင်လည်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၊ နမ့်ဆန်နဲ့ မန်တုံထဲမှာ နေရမယ်ဆို တဲ့ ကိစ္စမျိုး၊ နောက် MNDAA ဆိုရင်လည်း ဟုန်အိုင်ဒေသကို ပြန်ဆိုတဲ့ ဟာမျိုး၊ အဲ့လိုမျိုးတွေက ဘယ်လိုမှ ဒီဘက်က လက်ခံနိုင်စရာ အကြောင်းမရှိဘူး။
နောက်တခုရှိတာက ကျနော်တို့ လက်ခံထားတဲ့ Bilateral ဆိုတာက ကျနော်တို့က ရောက်တဲ့. နေရာ မှာ ကျနော်တို့ တပ်တွေကို အပစ်အခတ်ရပ်စဲထားမယ်။ ရှင်းရှင်းလေးပဲ။ မပစ်နဲ့။ နိုင်ငံရေးကိစ္စတွေကို ဆွေးနွေးမယ်။ ပြေလည်ရင် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ရမယ်။ တကယ် မပြေလည်ရင် တော့ ဆက်တိုက်ကြပေါ့ဗျာ။ ဒါပဲ ရှိတယ်။
အဲ့ဒါကို သူတို့ လိုချင်တာ ဖြစ်ချင်တာကို အစိုးရဘက်ကနေ အတင်းတဖက်သတ် ပြောလာတော့ ဘယ်လိုမှ ညှိနှိုင်း လို့မရတဲ့ အနေအထား ဖြစ်တယ်။ ဒါ့ကြောင့် ရှေ့ဆက်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ကျနော်တို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတာတွေက ရပ်နေတယ်လို့ ပြောလို့ ရတယ်။
မေး ။ ။ ဆွေးနွေးပွဲတွေ မပြေလည်တော့ အောက်ခြေက မြေပြင်တွေမှာရော တင်းမာမှုတွေ ပိုရှိ လာ သလား။ ဘယ်လို အခြေအနေ ရှိပါသလဲ။
ဖြေ ။ ။ ပိုပြီးတော့ ရှိလာတယ်။ ဆွေးနွေးပွဲတွေ ရှေ့မဆက်နိုင်တဲ့ အချိန်၊ ဆွေးနွေးပွဲတွေကို ညှိ နေတဲ့ အချိန်တွေ မှာလည်း ကျနော်တို့ ရခိုင်ဘက်မှာ အမြဲတမ်းနီးနီး ထိုးစစ်တွေအမြဲတမ်း လုပ်နေ တာ။ တခြားဒေသတွေမှာတော့ ထိုး စစ်တွေနည်းနည်း ရပ်နေတာပေါ့။ ဒါပေမယ့် ဒီလပိုင်းမှာတော့ ပလောင်ဘက်မှာလည်း ထိုးစစ်တွေ ပြန်ဖြစ်လာတယ်။ ကိုးကန့်ဘက်မှာလည်း ထိုးစစ်တွေပြန်ဖြစ် လာ တာ တွေ့ရပါတယ်။
အခုလောလောဆယ်ကတော့ ကျနော်တို့ရခိုင်ဘက်မှာ အင်အား အလုံးအရင်းနဲ့ ထိုးစစ်တွေ ဆင်နေ တယ်။ သူတို့ တပ်မတွေ အဓိက လက်ရုံးတပ် တွေဖြစ်တဲ့ တပ်မ ၇၇ တို့ တပ်မ ၅၅ တို့ တပ်မ၂၂ တို့ပို့ပြီးတော့ ရခိုင်ပြည်အခြေစိုက် စကခ ၃ခုဖြစ်တဲ့ စကခ ၅ ၊ စကခ ၉ ၊ စကခ ၁၅ ရယ် အားလုံး ပေါင်းထားတယ် ။ နောက်ဆုံးပို့လိုက်တာက တပ်မ ၁၁ ၊ ရန်ကုန်ကနေ ပို့တာ။ တပ်မ ၁၁ လည်း ဒီဘက်မှာ ဆိုတော့ အင်အားကတော့ ဒီဘက်မှာ အလုံးအရင်းနဲ့ ဖြည့်ထားတယ်။ အခုဆိုရင် ရေတပ် လည်း ပါတယ်။
ရခိုင်ပြည်မှာ ထူးခြားတာက ဗမာပြည်သမိုင်းမှာ အထူးခြားဆုံးလို့ ပြောလို့ ရတယ်။ ကြည်း၊ ရေ၊ လေ ၃ ခုပေါင်းပြီး တော့ ကျနော်တို့ကို ထိုးစစ်ဆင်နေတာ ဖြစ်တယ်။ အဲ့တာကြောင့် ကျနော်တို့က ခံစစ်ကို နည်းနည်းပြင်းပြင်းထန်ထန်နဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ရတာ ရှိတယ်။ ဗမာစစ်တပ်ဘက်က စစ်ဆင် ရေး အနေအထားတွေပြင်းထန်လာမယ် ဆိုရင် တော့ ကျနော်တို့ကလည်း ခံစစ်ကို အပြင်းအထန် လုပ်ရမယ့် အနေအထားရှိလာမှာပေါ့။
မေး ။ ။ နောက်တခုက ရခိုင်အသင်း (စင်ကာပူ)က ခေါင်းဆောင်တွေကို ရန်ကုန်မှာ ဖမ်းထားပြီး အကြမ်းဖက် အဖွဲ့ကို ငွေထောက်ပံ့တယ် ဆိုပြီး တရားစွဲထားတဲ့ ကိစ္စ၊ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ညီအရင်းလည်း ပါတယ်ဆိုတော့ ဒီကိစ္စက အစိုးရနဲ့ AAကြား ဆွေးနွေးမှုတွေ မှာ ထိခိုက်မှုရှိလား။ စိတ်အနှောင့်အယှက်ဖြစ်စေလား။
ဖြေ ။ ။ ဒီကိစ္စကတော့ ဘာမှတော့ ကြီးကြီးကျယ်ကျယ် ထိခိုက်မှု မရှိဘူးလို့ ပြောရပါမယ်။ အဲ့ဒီ့ စင်ကာပူ ရခိုင် အသင်းက အဓိက ကတော့ သူတို့က လူမှုကူညီရေးတွေပဲ လုပ်တာပါ။ ရခိုင်မှာ မုန်တိုင်းတွေတိုက်ရင် သူတို့ဘက် က ကူညီပေးတာရှိတယ်။ ရေတွေလွှမ်းရင် ရေဘေးတွေဖြစ်ရင် လည်း အလှူပေးတာ ရှိတယ်။
အခုလည်း စစ်ရှောင်ဒုက္ခသည်တွေကို စင်ကာပူအစိုးရက သူတို့ကို မဖမ်းခင်ထိ သူတို့ ကူညီပေး နေခဲ့ တာ တွေရှိပါတယ်။ အဓိက ကတော့ လူမှုရေးလုပ်ငန်းတွေကိုပဲ အဓိက လုပ်တာပါ။ သူတို့ စွပ်စွဲသလို AAကို ထောက်ပံ့တယ် ဆိုတာကတော့ စွပ်စွဲချက်ပဲ ဖြစ် ပါတယ်။
ဒီလုပ်ရပ်တွေ အားလုံးကတော့ ရခိုင်တွေ အပေါ်မှာ လူမျိုးရေးအရ မကျေနပ်ချက်တွေနဲ့ လုပ်တယ် လို့ ကျနော်တို့ မြင်တယ်။ စင်ကာပူမှာ တခြားလူမျိုးတွေလည်း အများကြီးရှိနေတာပဲ။ ရခိုင်တွေကိုပဲ ရွေး ပြီး လုပ်တာက သက်သက် မကျေနပ်မှုနဲ့ လုပ်တာပဲ။
ကျနော်တို့ဘက်ကတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက်တွေတော့ ဖြစ်တာပေါ့ဗျာ။ မတရားခံရတော့ ကိုယ့်လူမျိုးတွေ ခံရတော့ စိတ်ထဲမှာတော့ မကျေမနပ်တော့ ဖြစ်တာပေါ့။ စိတ် အနှောင့်အယှက်တော့ ဖြစ်တာပေါ့။
အခုနောက်ပိုင်းမှာ ဗမာအစိုးရက ရခိုင်တွေကို ပြည်တွင်းရော ပြည်ပပါ ဦးတည်လာတာကို တွေ့ရ တယ်။ အထူးသဖြင့် ရခိုင်လူငယ်တွေကို သူတို့ အဓိက ပစ်မှတ်ထားလာတယ်။ ဒုက္ခပေးလာတယ်။ ပြည်တွင်းထဲမှာဆိုလည်း စစ်တွေမှာ လူငယ်တယောက်ကို ပစ်သတ်တာ ရှိတယ်။ ပုဏ္ဏားကျွန်းမှာ ခရီးသွားနေတဲ့ လူငယ် ၁၀ ယောက်ကို ဖမ်းဆီးတာ ရှိတယ်။ အဲ့ဒါတွေက လူမျိုးရေးအရ အနိုင်ကျင့် တာကို ပြတာပဲ။ ဒါက ကိုလိုနီအစိုးရတရပ်ရဲ့ လုပ်ကိုင်ပုံနဲ့ အတူတူပဲ။
ကျနော်တို့ ရခိုင်တွေ အင်္ဂလိပ်ကိုလိုနီခေတ်၊ ဖက်ဆစ်ဂျပန်ခေတ်ကို ကျနော်တို့ ရခိုင်တွေ ဖြတ်ကျော် လာခဲ့တယ်။အခုခေတ်လောက်တော့ ဒုက္ခမရောက်ခဲ့ဘူး။ ဗြိတိသျှကိုလိုနီခေတ်မှာလည်း အခုလောက် ထိ မဖိနှိပ်ဘူးဗျ။
၁၉၄၂၊ ၁၉၄၅ ခေတ်မှာလည်း ခုလောက်ထိ မဖိနှိပ်ဘူး။ အခု ဗမာအစိုးရလက်ထက်အောက်မှာ တကယ့် လောကငရဲကို ကျတယ် ပြောရမယ်။ သူတို့က ရခိုင်တွေကို လုံးဝလှုပ်လို့ မရအောင် ဖိနှိပ် နေတယ်။ အဲ့ဒါကြောင့် ရခိုင်တွေဘက် ကလည်း ဘာမှ ထွက်ပေါက်မှရှိတဲ့ အချိန်မှာ ကိုယ့်ထွက်ပေါက် ကိုယ်ရှာပြီး ကိုယ့်ဘာသာ ကြိုးစားရမယ်ဆိုတာ ရခိုင်လူငယ်တွေ အားလုံးက ခံယူလာနေကြတယ်။
အဲ့ဒါကြောင့် ဗမာလက်အောက်မှာ နေလို့ ကတော့ လူမွေးပြောင်ဖို့က ဘယ်တော့မှ မဖြစ်နိုင်ဘူး။ ဗမာ က ရခိုင်တွေကို လူလို မဆက်ဆံဘူး။ သူတို့က ဖက်ဆစ်ထက် ဆိုးတဲ့ အယူဝါဒတွေနဲ့ အုပ်ချုပ် နေ တော့ ဒီစနစ်ကြီးရဲ့ အောက်မှာ ဗမာလူမျိုးတွေနဲ့ အတူယှဉ်တွဲ နေထိုင်ရေးဆိုတာ သိပ်မလွယ် တော့ ဘူးလို့ ကျနော်တို့ ခံစားရတယ်။
ကိုယ့်လူမျိုးကို ကိုယ် ပြန်တည်ဆောက်ယူရမယ်ဆိုတာ ကျနော်တို့ဘက်က ခံယူတယ်။ အဲ့ဒါကြောင့် ကျနော်တို့ ရခိုင်ဒေသကို ကျနော်တို့ ရက္ခိုင်တပ်တော်က ရခိုင်ဒေသရဲ့ လုံခြုံရေး ၊ ရခိုင်လူမျိုးတွေရဲ့ လုံခြုံရေးကို အဓိက အကာအကွယ်ယူရမယ်။
ပြီးမှပဲ ရခိုင်ဒေသရဲ့ ဖွံ့ဖြိုးတိုးတတ်ရေးကို ရခိုင်တွေ ကိုယ်တိုင် လုပ်ဆောင်ရမယ်ဆိုတာကို ကျနော်တို့ ခံယူတယ်။ ကျနော်တို့ ရခိုင်ဒေသတခုလုံးကို ရက္ခိုင်တပ်တော်က အပြည့်အဝ တာဝန်ယူနိုင်တဲ့အထိ ကျနော်တို့ ဆက်ပြီး ကြိုးစား နေတာ ဖြစ်တယ်။ ကျနော်တို့ကတော့ ဆက်ကြိုးစားသွားမှာ ဖြစ်တယ်။ ကျနော်တို့ ဘက်ကတော့ ပြောထားပြီးသား။ ကွန်ဖက်ဒရေးရှင်းကို ပြောထားပြီးပြီ။
အတူယှဉ်တွဲနေထိုင်ရေးမှာ လျော့နိုင်တဲ့ အနေအထားအထိ ကျနော်တို့ လျော့ပြီး ကွန်ဖက်ဒရေးရှင်း ဆိုတာကို ပြောထားတာ ဖြစ်တယ်။ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့် မရှိပဲနဲ့တော့ အတူယှဉ်တွဲ နေထိုင် လို့ မရဘူး။ ကိုယ့်ကံကြမ္မာ ကိုယ် ဖန်တီးခွင့် အပြည့်ရှိတဲ့ ကွန်ဖက်ဒရေးရှင်း အဆင့်ကို ကျနော်တို့ ပြောထားတာ။ အဲ့ဒါကိုမှ ဗမာတွေဘက်က ငြင်းပယ် နေမယ် ဆိုရင် ကိုယ့်လမ်းကိုယ်လျှောက် ကိုယ့်အိမ်ကိုယ်ဆောက် ပေါ့ဗျာဆိုတဲ့ အခြေအနေ ရောက်သွား မယ်။
မိသားစုတစုမှာ ညီအကိုမောင်နှမတွေ အဆင်မပြေရင် ကိုယ့်အိမ်ကိုယ်ဆောက် နေကြတာပဲ။ ရခိုင် ဆိုတာ အရင် တုန်းက သိတဲ့အတိုင်းပဲ ၁၇၈၄ မတိုင်ခင်ထိ ရခိုင်တွေက Golden Mrauk Oo ဆိုပြီး တကယ့်ရွှေရောင်လွှမ်းတဲ့ တိုင်းပြည်ရှိခဲ့တယ်။ အဲ့လို ရှိခဲ့တဲ့ တိုင်းပြည်က အခု အရှေ့တောင် အာရှမှာ အဆင်းရဲဆုံး လူမျိုး ဖြစ်သွားပြီ။
အဲ့ဒါကြောင့် ကိုယ့်ဟာကိုယ် ပြန်တည် ဆောက်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျနော်တို့ ကိုယ့် တိုင်းပြည် ကိုယ်ပြန်တည်ဆောက်နေတာ ဖြစ်တယ်။ ဗမာကို မုန်းလို့ တိုက်နေတာ မဟုတ်ဘူး။
ကျနော်တို့ကို ဖိနှိပ်နေတာက အင်္ဂလိပ်ဆိုလည်း တိုက်မှာပဲ။ အရင်တုန်းကလည်း အင်္ဂလိပ်ကိုလည်း တိုက်ခဲ့တာပဲ။ ဒါက သဘာဝပဲ။ ဒီနေရာမှာ လူမျိုးရေး အမုန်းတရားတွေ ဘာမှ မပါဘူး။ ကျနော်တို့ ဗမာလူမျိုးကို မမုန်းဘူး။ ကျနော်တို့ကို ဖိနှိပ်အုပ်ချုပ်တဲ့ လူတွေကို ကျနော်တို့ ပြန်တွန်းလှန်နေတာ ဖြစ်ပါတယ်။
မေး ။ ။ ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်တွေကို တရားရုံးက ထောင်ဒဏ်တသက်ထိ အမိန့်ချနိုင်တဲ့ ပုဒ်မ တွေနဲ့ တရားစွဲတင်လိုက်ပြီ။ တရားစွဲရတဲ့ အကြောင်းရင်းကလည်း AA ရဲ့ နိုင်ငံရေးလက်တံ ULA (Singapore) မှာ ပါဝင်နေတယ် ဆိုတာမျိုးလည်း ရေးထားတာ တွေ့ရတယ်။ သူတို့က ULA ထဲမှာ တကယ်ပါနေလား။
ဖြေ ။ ။ လူတိုင်းကို မတရားပုဒ်မတွေ တပ်နေတာပဲ။ ကိုအောင်မြတ်ကျော်တို့ကို မတရားတဲ့ ပုဒ်မတွေနဲ့ တရားစွဲ တယ်ဆိုတာ ဗမာကိုလိုနီအစိုးရကတော့ သူတို့ တပ်ချင်တဲ့ ပုဒ်မတွေ တပ်မှာပဲ။ အဲ့ဒါကြောင့် ကျနော်တို့ပြောနေတာ ကျနော်တို့က ကျွန်ထက်ဆိုးတဲ့ စနစ်တခု အောက်ထဲမှာ ရောက် နေပြီ ။ ကျနော်တို့က ဗမာအစိုးရအောက်မှာ ကျွန်ထက်ကို ဆိုးတဲ့ အဆင့်အတန်းထဲမှာ နေနေရတာ ဖြစ်တယ်။
သူတို့ ပုဒ်မတွေတပ်ချင်သလိုတပ် ဖမ်းချင်သလိုဖမ်း၊ နှိပ်စက်ချင်သလို နှိပ်စက်အဲ့လို အနေအထားကို ရောက်နေ တယ်။ မတရားမှုတွေ ကြီးစိုးလာတဲ့ အခါ ကျနော်တို့ တော်လှန်တိုက်ခိုက်ရတာကတော့ သမိုင်းပေး တာဝန်ပဲ။ ဒီလိုမျိုး မကောင်းတဲ့ စနစ်ကို ကျနော်တို့ တော်လှန်ဖို့က ရခိုင်လူထု တရပ်လုံး ရဲ့တာဝန်လို့ တမျိုးသားလုံးက ခံယူထားတယ်။ ရခိုင်တမျိုးသားလုံးက ဗမာအစိုးရနဲ့ ဗမာစစ်တပ်ကို ရခိုင်မြေကနေ အပြီးအပိုင် တိုက်ထုတ်ဖို့ အတွက် ကျနော်တို့ ကြိုးပမ်းနေတာ ဖြစ်တယ်။
မေး ။ ။ စင်ကာပူမှာ လူ ၈၆ ဦးနဲ့ ဖွဲ့စည်းထားတဲ့အထဲ ULA ထဲမှာ ကိုအောင်မြတ်ကျော်တို့ ပါနေတယ် ဆိုတာ ဟုတ်ပါသလား။ ဒါနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။
ဖြေ ။ ။ မဟုတ်ပါဘူး။ အခု ဖမ်းခံရတဲ့ လူတွေထဲမှာ တယောက်မှ ULA ထဲပါတာ မရှိပါဘူး။ သူတို့စွပ်စွဲချက်ပါ။
မေး ။ ။ စင်ကာပူမှာ ရခိုင်အသင်းက လူငယ်ခေါင်းဆောင်တွေဖမ်းခံရပြီးနောက်ပိုင်း အခြား နိုင်ငံတွေမှာ နေထိုင်နေတဲ့ AAက တာဝန်ခံတွေ ရခိုင်အမျိုးသားရေးနဲ့ ပတ်သတ်ပြီး လှုပ်ရှားတဲ့ သူတွေရော လိုက် စုံစမ်း ထောက်လှမ်း ခံရတာ ရှိသလား။ ဘယ်လို အခြေအနေတွေရှိပါသလဲ။
ဖြေ ။ ။ ဒီဟာကတော့ သဘာဝပါပဲ။ တော်လှန်ရေး ကာလမှာတော့ တဖက်နဲ့ တဖက် တိုက်နေ ကြတော့ အစိုးရ တွေကတော့ သူတို့ အစိုးရ အချင်းချင်း ဆက်သွယ်ပြီး အမြဲတမ်း အနှောင့်အယှက် တော့ ပေးမှာပေါ့။ ကျနော်တို့ ကလည်း ကျနော်တို့ရဲ့ဒေသကို အခြေပြုပြီး လှုပ်ရှားနေကြတာဆိုတော့ အမြဲတမ်း ကြုံရတဲ့ သဘာဝ တရားတခုပဲ လို့ ကျနော်က မြင်တယ်။
အထူးသဖြင့် အစိုးရတခုက ဥပမာ ဗိုလ်ချုပ်အောင်ဆန်းတို့ တော်လှန်ရေးလုပ်ခဲ့တယ်။ ဂျပန်ကို သွားတယ်။ စစ် သင်တန်းတတ်တယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစ်ကိုတွေကို အင်္ဂလိပ် အစိုးရက ဖမ်းခဲ့တယ်ဆိုတာ မရှိဘူး။ တခြားလူတွေကိုလည်း ဒီလိုပဲ ဖမ်းခဲ့တယ် ဆိုတာ မရှိဘူး။
ဂျပန်က ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဝရမ်းထုတ်တယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆွေမျိုး၊ မောင်နှမ ၊ မိဘ တွေကို ဒုက္ခပေးခဲ့တာ မရှိဘူး။ ဖက်ဆစ်ဂျပန်တောင် အခုဗမာစစ်တပ်၊ ဗမာ အစိုးရက လုပ်သလို မလုပ်ဘူး။ အခုက အစ်ကို တော်လှန်ရေးလုပ်ရင် ညီကို ဖမ်းတယ်။
ကျနော်တော်လှန်ရေးလုပ်တော့ ကျနော့်ယောက်ဖကို ဖမ်းထားတယ်။ သူနဲ့ ဘာဆိုင်လဲ။ ကျနော် တော်လှန်ရေးလုပ်ဖို့ လာတော့ ကျနော့် ညီမက ကလေးပဲရှိသေးတယ်။ ကျနော့်ယောက်ဖ ကလည်း ကျနော့်ကိုတောင် တခါမှ မတွေ့ဖူး ဘူး။ ဘာဆိုင်လဲကျနော့်ယောက်ဖကို ဖမ်းထားတယ် အမ်းမှာ ခုထက်ထိ မလွတ်သေးဘူး။ မတရားဘူး ဆိုတာကို ပြောလိုတာပါ။ ဒါက လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပါ။
မေး ။ ။ နောက်တခု သိချင်တာက ထိုင်း၊ အိန္ဒိယ၊ ဂျပန်တို့မှာရော AAနဲ့ ပတ်သက်ပြီး လှုပ်ရှားနေသူတွေ အမျိုးသားရေးလုပ်နေသူတွေကို နောက်က လိုက်ခံရတာ စင်ကာပူလို ဖမ်းဖို့ ကြိုးစားတာမျိုး ကြုံရတာ ရှိလား။
ဖြေ ။ ။ သိပ်ပြီး ထူးခြားတာတော့ မရှိပါဘူး။ ဒါပေမယ့် တချို့နိုင်ငံတွေကိုတော့ ဗမာအစိုးရက စင်ကာပူကို အကူအညီတောင်း သလိုတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ကလည်း ကျနော်တို့ ဘာသာ ကျနော်တို့ တော်လှန်ရေးသဘာဝ ရှိပါတယ်။
ဗမာစစ်တပ် ဘက်က အကူအညီတောင်းတာတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ သူတို့မှာက အစိုးရအချင်းချင်း စီးပွားရေး ကူးလူးဆက်ဆံတာတို့ တခြားသံခင်းတမန်ခင်းကိစ္စတွေကလည်း ရှိတာကိုး။
စင်ကာပူဆိုလည်း သူခိုးလက်ခံလေ။ ဗမာပြည်က ဗိုလ်ချုပ်တွေ နှစ်ပေါင်းအဆက်ဆက် ခိုးထားတဲ့ ပိုက်ဆံတွေ အကုန်လုံး စင်ကာပူက ဘဏ်တွေမှာလေ။ စင်ကာပူက သူခိုးလက်ခံဆိုတော့ ခိုးပြီး ရတဲ့ စင်ကာပူဘဏ်တွေမှာ ထည့်ထားတဲ့ ပိုက်ဆံတွေနဲ့ စီးပွားရေး လုပ်နေတာကိုး။ သူတို့ အတွက် အကျိုးအမြတ်ရှိတော့ သူခိုးနဲ့ ပေါင်းပြီး စင်ကာပူသူခိုးလက်ခံက သူခိုးက ဒီဟာလေး တခု လုပ်ပေးပါဆိုတော့ သူကလည်း လုပ်ပေးတဲ့ သဘောမျိုးပါ။
အဲ့အချိန်မှာ သူတို့က လူ့အခွင့်အရေး တွေ စံနှုန်းတွေ အကျိုးစီးပွားရဲ့ အောက်မှာ ပျောက်သွားတာပဲ။ လူသားပီပီ စိတ်ရှိရင်တော့ စင်ကာပူလည်း ဒီလုပ်ငန်းမျိုးကို လုပ်မှာ မဟုတ်ပါဘူး။ ဒါတွေက လူမဆန်တဲ့ လုပ်ရပ်လို့ပဲ ပြောချင်ပါ တယ်။
You may also like these stories:
မြောက်ပိုင်း လေးဖွဲ့နှင့် အစိုးရ ၃ လကျော်အထိ တွေ့ဆုံ ဆွေးနွေးရန် နေရာ မသတ်မှတ်နိုင်သေး
AA ကို ငွေကြေး ထောက်ပံ့သည်ဟု စွပ်စွဲ ဖမ်းဆီးထားသူများကို အကြမ်းဖက်မှု ဥပဒေဖြင့် တရားစွဲတင်
AA ဝါဒဖြန့်မှု နားမယောင်ဘဲ တပ်ထဲရှိ ရခိုင်များ သစ္စာရှိဆဲဟု ဆို
ကျယ်ပြန့် လာနေသော ရခိုင်စစ်မီး