ရခိုင်ပြည်နယ်၏ ပညာရေးကို လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ရေးသားခဲ့သည့် အတွက် အစိုးရအပေါ် ဂုဏ်သိက္ခာ ကျဆင်းနေစေသည်ဟုဆိုကာ ရမ်းဗြဲမဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နှင့် အမှုဖွင့်ကာ တရားစွဲဆိုခဲ့သည်။
ထိုသို့ အမှုဖွင့်ခံရပြီး နောက်ပိုင်းတွင် ရခိုင်အမျိုးသားပါတီ (ANP) မှ အဆိုပါ ဦးသန်းမောင်ကို လွှတ်တော် ကိုယ်စားလှယ် ၂ ဦးက ရဲစခန်းတွင် ကျပ်သိန်း ၁၀၀ ဖြင့် အာမခံကာ ရယူခဲ့ရသည်။ သြဂုတ်လ ၁၄ ရက် ကျင်းပသော ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးအား ခွင့်မဲ့ ပျက်ကွဲသူအဖြစ် ကြေငြာခဲ့သည်။
ထိုသို့သော အကြောင်းများနှင့် ပတ်သက်ပြီး ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ဧရာဝတီ သတင်းထောက် မင်းအောင်ခိုင်က ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ မနေ့က လွှတ်တော်မှာ အန်ကယ်ကို ခွင့်မဲ့ ပျက်ကွယ် အဖြစ် ကြေငြာသွားတယ်။ လွှတ်တော်ကို ခွင့်မတိုင်ခဲ့လို့လား ၊ အဲဒါက ဘယ်လို ဖြစ်တာလဲ ။
ဖြေ ။ ။ အန်ကယ် ခွင့်တိုင်ခိုင်းခဲ့တာ ရှိပါတယ်။ ခါတိုင်းလည်း လွှတ်တော်မရောက်နိုင်ရင် ခွင့်တိုင်ပါတယ်။ မနေ့က မြောက်ဦးက အမတ် ဦးထွန်းသာစိန်တို့ကို နေမကောင်းတဲ့အတွက် ခွင့်တိုင်ပေးဖို့ ပြောထားခဲ့တာ ရှိပါတယ်။ နောက်မှ သိတာက လွှတ်တော်အကြီးအကဲက ခွင့်တိုင်တာကို လက်မခံဘူးဆိုတာကို သူတို့ ပြန်ပြောလို့ နောက်မှ သိရတယ်။
မေး ။ ။ အန်ကယ်ရဲ့ ခွင့်တိုင်ကြားမှုကို လွှွတ်တော်က ဘာကြောင့် လက်မခံတာလဲ ။
ဖြေ။ ။ သူတို့က အန်ကယ်ကို တရားခံပြေး သဘောမျိုး ဖြစ်နေတဲ့အတွက် အဲဒါ ကြောင့် လက်မခံတာလို့ သိရတယ်။ အမှန်က အန်ကယ်အမြင်ကတော့ အန်ကယ် ဟာ လွတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့ လွှတ်တော် တက်ခွင့် မရှိတော့ ဘူးလား။ လွှွတ်တော် ကိုယ်စားလှယ်တယောက် အစည်းအဝေး တက်ခွင့် ရှိသေးတယ်ဆိုရင် ခွင့်တိုင်ခွင့်လည်း ရှိရမယ်။ ခွင့်ယူခွင့်လည်း ရှိရမယ်။ အစည်းအဝေး တက်ခွင့် မရှိတော့ဘူးဆိုရင်တော့ ခွင့်တိုင်စရာလည်း မလိုတော့ဘူး။ ခွင့်ယူစရာလည်း မလိုတော့ဘူးပေါ့။ အခုကတော့ ဘယ်လို ဆုံးဖြတ်လည်း ဆိုတာတော့ မသိဘူး။ ဒေါက်တာ အေးမောင်တို့ကိုတောင်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စာရင်းမှာ ရှိနေသေးတယ်ဆိုတာ အန်ကယ် အင်တာနက်မှာ တွေ့နေရသေးတာပဲ။
သူတို့ (အစိုးရ) က သာမန်အမှုငယ်လောက်နဲ့ တရားစွဲဆို နေတာတွေကို အန်ကယ် က လက်မခံဘူးလေ။ အန်ကယ် လွတ်တော်ကိုယ်စား လှယ်တယောက် Facebook မှာ တင်တာ ဂဏန်းတလုံးမှားတာလောက်နဲ့ ဒါမျိုးဖမ်း စွဲနေမယ်ဆိုရင် လွှတ်တော် ကိုယ်စားလှယ် တယောက်အနေနဲ့ ကိုယ့်အလုပ်ကို လုပ်ချိန်ရမှာ မဟုတ်တော့ဘူး။
မေး ။ ။ စောစော အန်ကယ် ပြောသွားတဲ့အထဲမှာ ဝရမ်းပြေး ပုံစံ ဖြစ်နေဆိုတာက အမှုနဲ့ ပတ်သက်လို့ တရားရုံး တို့ ၊ ရဲစခန်းတို့က ဆင့်ခေါ်တာတွေ ၊ စာထုတ် အကြောင်းကြားခေါ်ယူတာတွေ တခုတခုပေါ့။ အဲလိုမျိုးတွေ ရှိခဲတာလား ၊ ဘယ်လို အခြေနေ ရှိခဲ့လဲ ရှင်းပြပေးပါအုံး ။
ဖြေ။ ။ ဧပြီလ ၂၄ ရက်နေ့က တကြိမ်တော့ စာလာခဲ့တယ်။ ရုံးကို သွားရောက်ဖြေရှင်း ဖို့အတွက် ဆိုပြီးတော့ ရမ်းဗြဲ မြို့မှ စခန်းမှ တဆင့် ညှိနိုင်းစာဆိုပြီးတော့ စစ်တွေရဲစခန်းက စာလာတာတော့ ရှိတယ်။ အဲဒီအချိန်က အန်ကယ်က အဝေးကို ရောက်နေတဲ့အတွက် မသွား ဖြစ်ခဲ့ဘူး။ အဲဒီတကြိမ်ပဲ ခေါ်တာ ရှိခဲ့တယ်။ နောက်ထပ် ရုံးချိန်းတာ ခေါ်ယူတာ မရှိဘူး။
မေး ။ ။ ကျနော် မရှင်းတာတခုက အန်ကယ်ကို အာဏာပိုင်တွေက ၆၆ (ဃ) နဲ့ အမှုဖွင့်ခဲ့တယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းနဲ့ ဦးအောင်သန်းတင်တို့က ရဲစခန်းမှာ သိန်း ၁၀၀ နဲ့ အာမခံတယ်။ အဲဒီနောက်မှာ တရားရုံးမှာ အမှုတင်ဖို့ ခေါ်ယူတာ၊ အကြောင်းကြားတာ ဘယ်နှစ်ကြိမ်လောက် ရှိခဲ့လဲ။
ဖြေ။ ။ အန်ကယ်က ရခိုင်ပြည်နယ်ဟာ ပညာရေးမှာလည်း အညံ့ဆုံး၊ စီးပွားရေးမှာလည်း ချွတ်ခြုံကျနေတယ်။ အဲဒါကို ပြင်တည်ဆောက်ဖို့ လိုတယ်။ ဆိုတာကို ထောက်ပြတာ။ ဝေဖန်တာတောင် မပါပါဘူး။ အဲဒါနဲ့ ၂၀၁၈ ခုနှစ် ဇွန်လ ၈ ရက်နေ့က အမှုဖွင့်တယ်။ အန်ကယ်က ဇွန်လ ၂ ရက်နေ့မှ အင်တာနက်မှာတင်တယ်။ အဲဒါကလည်း မွန်ပြည်နယ်က မြင့်သိန်းဆိုတဲ့ ဆယ်တန်းအောင်ချက် ရာခိုင်နုန်းတွေကို ဆက်တိုက်တာနေတာ ရှိတယ်။ အဲဒီ အကောင့် ကနေ ယူပြီးတင်တာ။ အောင်ချက် ရာခိုင်းနုန်းတွေ ဘာတွေလည်း အန်ကယ် မတွက်တတ်ဘူး။ ရာခိုင်နုန်းတွက်တာမှာ ရခိုင်နဲ့ ချင်း ပြောင်းပြန် ဖြစ်သွားတယ်အဲဒီလောက်ပဲ။
အဲဒါကို သူတို့ အစိုးရကို ဂုဏ်သိက္ခာ ကျအောင်လုပ်တယ်ဆိုပြီးတော့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့တရားစွဲတယ်။ အဲဒီနောက်ပိုင်း အာမခံနဲ့ လွတ်ထားတဲ့ နောက်ပိုင်းမှာ ရုံးတင်တာတို့ ၊ ရုံးချိန်းတာတို့ မရှိဘူး။ ၂၀၁၉ ခုနှစ် ဧပြီလကို ရောက်ပြီးခါမှ စစ်တွေ မြို့မ ရဲစခန်းက တကြိမ် ဖုန်းဆက်တာ ရှိတယ်။ အဲဒီလို ဖုန်းဆက်တဲ့အခါ ။ အန်ကယ်က ပြောတယ်။ သြင်္ကန်ကာလနဲ့ နီးနေပြီ။ ကျနော် ရမ်းဗြဲကနေ လာဖို့ မလွယ်ဘူး။ ရခိုင်မှာ တိုက်ပွဲတွေကလည်း ပြင်းထန်နေတယ်။ ကုန်းလမ်းက ကားနဲ့ လာဖို့လည်း ကားတွေ မထွက်ကြတော့ဘူူးဆိုတာ ရှင်းပြပြီးတော့ ကျနော့်ကို သြင်္ကန်လွန်မှပဲ ချိန်းပေးပါ။ အခု သြင်္ကန်နဲ့ တအားကပ်နေတဲ့အတွက် လာဖို့ အခက်အခဲရှိတယ်ဆိုတာ ပြောပြတယ်။ နောက် ဧပြီလ ၂၄ ရက်နေ့ကို ရုံးချိန်းဆိုပြီးတော့ ရမ်းဗြဲမြို့မစခန်းက တဆင့် အကြောင်းစာ တကြိမ် လာတယ်။ အဲဒီ တကြိမ်ပဲ အန်ကယ်ကို ချိန်းတာ ရှိတယ်။
မေး။ ။ တလောကပဲ အန်ကယ်ကို ရဲစခန်းမှာ အာမခံပေးထားတဲ့ လွှတ်တော် ကိုယ်စား လှယ်ထဲကနေ သူရဲ့ လူမှုကွန်ရက်ကနေ အန်ကယ်ဟာ အမှုကို လာရောက် ရှင်းလာတာ မရှိဘဲ ရှောင်နေတဲ့အတွက် သူတို့ကို တရားရုံးက ဆင့်ခေါ်ခံနေရတယ်။ အာ မခံပေးတဲ့ လူတွေ အခက်အခဲဖြစ်အောင် အန်ကယ်အနေနဲ့ ရှောင်မ နေသင့်ဘူး ဆိုပြီး ရေးထားတာလည်း တခုကိုတွေ့မိတယ်။
ဖြေ။ ။ အန်ကယ် ပြောချင်တာက အဲဒါမျိုး ရေးတင်တာကတော့ မလုပ်သင့်၊ အင်တာ နက်မှာ ရေးမတင်သင့်ဘူးလို့ ယူဆတယ်။ လွှတ်တော် ဥက္ကဋ္ဌကိုလည်း အဲဒီကိစ္စကို ဖုန်းဆက်ပြောပြစ်တယ်။ လွှတ်တော်ဥက္ကဋ္ဌ ကြီးလို့ ကျနော့်ကို ဒီလို ရေးမယ့် အစား ဦးသန်းမောင်ဦး အနေနဲ့ ဒီအာမခံထားတဲ့ သိန်း ၅၀ ၊ ၅၀ စီ လျော်ပေး နိုင်မှာလားဆိုပြီး ပထမဆုံး သူတို့ မမေးသင့်ဘူးလား ဆိုတာကို ပြောပြတယ်။ ဦးသန်းမောင်ဦး ရုံးကို မလာလို့ အာမခံထားတဲ့ သိန်း ၁၀၀ လျော်ပေးရ တော့မယ်။ ဦးသန်း မောင်ဦး ဒီငွေတွေကို ဘယ်လို လုပ်ပေးမှာလည်းဆိုပြီး အင်တာနက် တင်မယ့်အစား သူတို့ ဒီလိုလေးတော့ မသေးသင့်ဘူးလား။ လွှတ်တော်ကိုယ်စားလှယ် အချင်းချင်းပဲ ကိုယ့်အချင်းချင်း ဒီလိုတော့ မလုပ်ကောင်းဘူး။
မေး ။ ။ အန်ကယ်က လွှတ်တော်အစည်းအဝေးကို မတက်ရောက်ဖြစ်တာ ဘယ်လောက် ရှိသွားပြီးလဲ ။
ဖြေ ။ ။ အန်ကယ်က ဧပြီလ နောက်ပိုင်းကတည်းက လွှတ်တော်ကို မရောက်ဖြစ်ဘူး။ တိုက်ပွဲကလည်း ဖြစ်နေကြတယ်။ နောက်တခါ လွှတ်တော်အစည်းဝေး ကျင်းပမယ့် အကြောင်း အရာတွေကလည်း သိပ်ပြီးတော့ အရေးကြီးတာတွေ မပါတော့ မတက်ဖြစ်ခဲ့ဘူး။ အန်ကယ်က ဇွန်လ ကုန်းပိုင်မှာတော့ လွှွတ်တော်ရုံးကို တခေါက် သွားခဲ့တာ ရှိတယ်။ အဲဒီမှာ တရက် နှစ်ရက်လောက်နေခဲ့တယ်။ အန်ကယ်ထင်တာ ကတော့ ဘာမှမဟုတ်တဲ့ ကိစ္စလောက်နဲ့ ပြဿာရှာခံနေရတယ်ဆိုတော့ လူပုဂ္ဂိုလ် မကျေနပ်လို့ ဒါမျိုးအမှုတွေနဲ့လည်း အန်ကယ်ကို ထပ်လုပ်ချင် လုပ်နိုင်တယ်ဆိုပြီး သံသယ ဖြစ်မိတယ်။ ၆၆ (ဃ) လောက်နဲ့ဆို အန်ကယ် မမှုပါဘူူး။
အခုဖြစ်နေတာက အန်ကယ် အပါအဝင် ရခိုင်ပြည်သူ ၊ ပြည်သား အားလုံးက ဥပဒေ အကာ အကွယ်ကို မရကြဘူး လို့ လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့ ထောက်ပြချင်တယ်။ အခုဖြစ်နေကြတဲ့အထဲမှာ အန်ကယ်လို မဟုတ်ဘူး။ ပြည်သူ၊ ပြည်သား အားလုံးက ကိုယ့်လွတ်၊ ကိုယ်ရုန်း အခြေအနေပဲ ဖြစ်နေကြတယ်။ တခုခု ဖြစ်ရင် တယောက်နဲ့ တယောက် မကယ် နိုင်ကြတော့ဘူး။ ဥပဒေ ဆိုတာလည်း မရှိတော့ဘူး ။ လုပ်ချင်တာ လုပ်လို့ ရတယ်အနေအထား ဖြစ်နေတယ်။ လွှတ်တော်ထဲက ဒေါက်တာအေးမောင်တို့၊ ဝေဟင်အောင်တို့ စာပေဟောပြောပွဲမှာ စကားလုံး တလုံး လောက် ပြောမိတာလောက်နဲ့ အဲဒီလောက်နဲ့ ထောင်ဒဏ် ၂၀ ကျော်ချမှတ် လိုက်တယ်ဆိုတာတွေက ကြီးလေးတဲ့ အဖြစ်ဒဏ်တွေပဲ။
အဲဒီလိုမျိုးတွေ လုပ်နေတာတွေကို မြင်တော့ အန်ကယ်တို့လည်း စိုးရိမ်တာပေါ့။ ကိုယ့် ခန္ဓာကိုယ်တော့ အနာမခံချင်ဘူး။ ကျန်တဲ့ လွှတ်တော်အမတ် လစာရဖို့ ၊ လွှတ်တော် အမတ်က ပြုတ်ဖို့ ၊ မပြုတ်ဖို့ ဆိုတာတွေကို ဂရုမစိုက် နိုင်တော့ဘူူး။ အနိုင်ကျင့်နေ တာတွေကိုတော့ အန်ကယ်တို့ ရုန်းကန်ရမယ်။ လူသားတ ယောက်အနေနဲ့ လည်း ဒီလို မတရားမှုတွေကိုတော့ ရုန်းကန်ရဖို့ တာဝန်ရှိတယ်။
မေး ။ ။ အန်ကယ် လွှွတ်တော်ကို မတက်ဖြစ်တာက။ နောက်ထပ် အမှုတွေနဲ့ တရားစွဲခံရမှာကို စိုးရိမ်လို့လား၊ ဘယ်အခြေအနေကြောင့် မတက်ဖြစ်တာလည်း ဆိုတာ ပြောပြပေးပါအုံး။
ဖြေ ။ ။ အန်ကယ်ကို ဧပြီလ ၂၄ ရက်နေ့က ရုံးတကြိမ် ချိန်းတယ်။ နောက် ဖမ်းဝရမ်း ထုတ်တယ်။ ဖမ်းဝရမ်း ထုတ်တာကို အန်ကယ် မသိဘူး ။ လူတွေ ပြန်ပြောပြလို့ပဲ သိရတာ။ ရုံးချိန်း တကြိမ်၊ နှစ်ကြိမ်၊ ၃ ကြိမ် ပျက်ကွက်ပြီးမှ ဖမ်းဝရမ်း ထုတ်တယ်ဆိုရင် အဲဒါက လုပ်ရိုး ၊ လုပ်စဉ်လို့ ပြောလို့ရတယ်။ ရုံးတကြိမ် ချိန်းပြီး တကြိမ်တည်းနဲ့ ဖမ်းဝရမ်း ထုတ်တယ်ဆိုတာကတော့ နောက်ကွယ်မှာ မရိုးသားတာတွေ ပါတယ်လို့ အန်ကယ်က ယူဆတယ်။ အမှုကလည်း ၁ နှစ်ပြည့်မှ တကြိမ် ပဲ ရုံးချိန်းတယ်။ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇွန်လ ၈ ရက်နေ့မှာ အမှုစွဲတာကို အခု ၂၀၁၉ ခုနှစ် ဧပြီးလ ရောက်မှ ရုံးချိန်းတခါ ခေါ်ပြီးတာနဲ့ ဖမ်းဝ ရမ်းထုတ်တယ်ဆိုတာတွေက ဒါမရိုးသားဘူးလို့ ယူဆတယ်။
မေး ။ ။ အန်ကယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် လစာကရော မှန်မှန် ရနေသေး သလား။
ဖြေ ။ ။ အရင်လတွေမှာတော့ လစာရတယ်။ ဇူလိုင်လ အတွက်တော့ လစာမရဘူူး။ လွှတ် တော်က မပေးဘူူးလို့ ပြောတယ်။ ဒုဥက္ကဋ္ဌကို ဖုန်းဆက်မေးပြီးပြီ။
မေး ။ ။ အန်ကယ်အနေနဲ့ ဖြည့်စွက်ပြောချင်ရင် ပြောပြပေးပါ။
ဖြေ။ ။ အန်ကယ်တို့ လွှတ်တော်ကိုယ်စားလှယ် ဝင်လုပ်တယ်ဆိုတာက တကယ့်ကို ပြည်သူ လူထုအတွက် ချွတ်ခြုံကျနေတဲ့ အခြေအနေတွေကို ပြန်လည် တည်ဆောက်မယ်၊ အခွင့်အလမ်းတွေ သာတူညီမျှ ရဖို့အတွက် အန်ကယ်တို့ တိုက်ပွဲဝင်မယ်ဆိုပြီး နိုင်ငံရေး လောကထဲကို ဝင်လာတာ ဖြစ်တယ်။ နိုင်ငံရေး ပြဿနာတွေ ဆက်တိုက် ရခိုင်ပြည်မှာ တွေ့လာရတဲ့အခါ မတရားမှုကို တွန်းလှန်ရမယ်။ ဒီမတရားမှုအောက်မှာ ခေါင်းငုံ့ခံ အဖမ်းခံပြီးတော့ ထောင်ကျခံပြီးတော့ ဘဝပျက်ခံမှာကိုတော့ အန်ကယ်တို့ မလိုချင်ဘူး။
နိုင်နေတဲ့ လူတွေက ခေတ်အဆက်ဆက် မြန်မာနိုင်ငံမှာ ဥပဒေ ဆိုပြီးတော့ ရေးဆွဲပြဌာန်းတယ်။ လူကောင်းတွေဟာ ဒီလိုမျိုးဟာတွေမှာ ရေတိမ်နစ်ပြီး သေဆုံးသွားတာ တွေ အများကြီး ရှိတယ်။ အဲဒါနဲ့ အန်ကယ်တို့ ရခိုင်ပြည်သူ၊ ပြည်သား အတွက် မြန်မာပြည်သူ ပြည်သားတွေ အားလုံးအတွက် မျှတတဲ့ တရားစီရင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရေး အဲဒါတွေ ပေါ်ပေါက်လာအောင် ဆက်လုပ်လားဖို့ သန္တိဌာန်ချထားတယ်။