ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးနဲ့ တိုက်ခိုက်မှုတွေ ကြားမှာ ကူညီကယ် ဆယ်ရေး လုပ်နေတဲ့ အရပ်ဘက် လူမှုကယ်ဆယ်ရေးကား ၂ စီး ကျည်ထိမှန် ထိခိုက်ခဲ့တာ ရှိပါတယ်။
သြဂုတ် ၁၇ ရက်က လားရှိုးမြို့အထွက် ၁၂ မိုင်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီး ဆီဆိုင်မီးလောင်၊ တိုက်ပွဲကြားမှာ ထိ ခိုက်ဒဏ်ရာရသူတွေနဲ့ ထွက်ပြေးလာသူတွေကို ကယ်ဆယ်ဖို့ သွားခဲ့တဲ့ လားရှိုး လူငယ်များ လူမှုကူညီရေးအဖွဲ့က ပစ် ခတ်ခံခဲ့ရပါတယ်။
ပစ်ခတ်ခံရမှုကြောင့် လမ်းဘေးကို ကားမှောက်သွားပြီး အသင်း ဥက္ကဋ္ဌ ဦးထွန်းမြင့် သေဆုံးသွားပါတယ်။ အသင်းသား ၃ ဦး ထိခိုက်ဒဏ်ရာ ရပြီး ဆေးကုသမှု ခံယူနေရပါတယ်။
ပစ်ခတ်ခံရတဲ့ နောက်တစီးကတော့ မေတ္တာရှင် လူမှုကူညီရေး အသင်း ဖြစ်ပြီး သြဂုတ် ၁၇ ရက် နေ့လယ်ပိုင်းက ကွတ် ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာ အနားမှာ ဒဏ်ရာရသူတွေကို ဝင်ကယ်နေချိန်မှာ စနိုက်ပါနဲ့ ပစ်ခတ်ခံရတာပါ။ ကား မှန်ကွဲပြီး ယာဉ်မောင်းနဲ့ ယာဉ်အကူ ၂ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိထားပါတယ်။
ပစ်ခတ်နေတဲ့ ကြားမှာ ကယ်ဆယ်ရေး သွားလုပ်ဆောင်တာမျိုးက အန္တရာယ်ကြီးတာကြောင့် ပစ်ခတ်ခံရတဲ့ လူမှု ကယ်ဆယ်ရေး အသင်းတွေကို ဝေဖန်ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ ကူညီကယ်ဆယ်ရေး လုပ်နေကြတဲ့ ပရဟိတသမားတွေရဲ့ ရပ်တည်ချက်၊ သူတို့ ရဲ့ အခက်အခဲတွေ သူတို့ရဲ့လုပ်ဆောင်ချက်တွေက ဘာတွေလဲ။
သူတို့ အပေါ် ဝေဖန်ပြောဆိုနေကြတာတွေနဲ့ လက်တွေ့ အခြေအနေက ဘာတွေ ကွာခြားနေလဲ ဆိုတာတွေနဲ့ ပတ် သက်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း တကြော တိုက်ပွဲတွေကြားမှာ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေတဲ့ ကျောက်မဲမြို့ ဇီဝိတ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းကို ဧရာဝတီအကြီးတန်း သတင်းထောက် နန်း လွင်နှင်းပွင့် က ဆက်သွယ် မေးမြန်းထားပါတယ်။
ဦးတင်မောင်သိန်းဟာ ကျောက်မဲမြို့နယ်တဝိုက်မှာ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နေတာ ၁၉ နှစ်ကာလ ရှိပါပြီ။
မေး။ ။ မတည်မငြိမ် ဖြစ်ပြီးနောက် ကျောက်မဲမှာ အခုလက်ရှိ အခြေအနေ ဘယ်လိုရှိနေလဲ။
ဖြေ။ ။ ကျောက်မဲနဲ့ မြို့ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်ကတော့ လောလောဆယ် တပ်မတော်က ထိန်းသိမ်းနိုင်ပါပြီ။ သို့သော်လည်း ကျောက်မဲအပါအဝင် လားရှိုးထိ နောင်ချိုလည်း ပါပါတယ်။ မြို့သူ မြို့သားတွေ ဒေသခံတွေကတော့ ထိတ်လန့်ကြောက်ရွံ့နေတဲ့ အနေအထား ရှိပါတယ်။ ပုံမှန်အနေအထားကနေ ပျက်ယွင်းပြီး ညဆိုလည်း စောစော ပိတ်ကြတယ်။ လမ်းကြောင်းမှာလည်း ကားတစီးမှ မရှိဘူး။ တံတားတွေ ဖြတ်တောက်ခံထားရတဲ့ အတွက် မရှိတာ လည်း ပါတယ်။
နောက်တခုက ထိတ်လန့်ကြောက်ရွံ့နေကြတဲ့ အတွက် ခရီးသွားတွေလည်း မဖြစ်မနေသွားရမယ့် သူတွေလည်း အကုန် ရပ်ကုန်ပြီ။ မနေ့က အနေအထားအရ ပြောမယ်ဆိုရင်တော့ တကယ့်ကို တစ္ဆေခြောက်တဲ့မြို့၊ မြို့တမြို့လုံးက တစ္ဆေတွေ ကြီးစိုးနေတဲ့ မြို့လို ဖြစ်နေပါတယ်။ အဲဒီအနေအထားလေးကတော့ ပုံမှန်အနေအထားကို ပြန်မရောက် သေးပါဘူး။
ကောလာဟလတွေကြောင့်လည်း ပါပါတယ်။ ဒါကတော့ မြို့နဲ့ ဆက်စပ်နေတဲ့ ကျောက်မဲတမြို့တည်း မဟုတ်ပါဘူး။ ဒါတွေက လက်ရှိဖြစ်နေတဲ့ အခြေအနေပါ။
ပြီးခဲ့တဲ့ စစ်ပွဲတွေရဲ့ ဂယက်ကြောင့် ဆုတ်သွားတဲ့ ရန်သူ၊ ရန်သူလို့ပဲ ပြောရမှာပေါ့။ အဲဒီလမ်းကြောင်းမှာတော့ တပ် မတော် အဖွဲ့တွေ စစ်ကြောင်းတွေ ဝင်လာတာ ရှိပါတယ်။ စစ်ရေးသတင်းကိုတော့ ကျနော်တို့ တိတိကျကျ မသိနိုင် ပေမယ့် နယ်မြေခံတွေဆီက အနည်းအကျဉ်းရတဲ့ သတင်းအရတော့ ထိတွေ့မှုတွေ တိုက်ပွဲတွေဖြစ်နေတယ် ဆိုတာ တော့ သိရပါတယ်။
ကျနော်တို့ အရပ်သူ အရပ်သားတွေကတော့ စစ်ရေးသတင်းကို တော်ရုံတန်ရုံလည်း မသိကြသလို သိသလောက် လည်း မပြောမဆိုရဲကြပါဘူး။ မြို့နဲ့ လှမ်းတဲ့ ကျောက်မဲနယ်၊ နောင်ချိုနယ်တွေမှာကတော့ တည်ငြိမ်မှု မရှိဘူးဆိုတာ တော့ သေချာပါတယ်။
မေး။ ။ ကျောက်မဲမြို့နယ်ထဲမှာ ရှိတဲ့ ရွာတွေမှာရော အခြေအနေတွေ ဘယ်လိုရှိလဲ။ ဒီရက်ပိုင်းထဲ စစ်ဘေးရှောင်တွေ ထွက်လာတာမျိုး ရှိပါသလား။
ဖြေ။ ။ ကျနော်တို့ ကြားသိရသလောက် ပြောရမယ်ဆိုရင် ကျေးရွာတွေကို စိုးရိမ်မှု ရှိပါတယ်။ အတွေ့အကြုံအရလည်း စစ်ရှောင်တွေကို ကူညီစောင့်ရှောက်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိတဲ့အတွက် ရွာတွေကို သတင်းလှမ်းထောက်တဲ့ အချိန် မှာ ရွာသားတွေ ပြောတာကတော့ အဓိကကတော့ မဟာမိတ် အဖွဲ့ထဲမှာ ပလောင်(တအန်း) အမျိုးသား လွတ်မြောက် ရေး တပ်မတော်(TNLA) က ပလောင်နယ်မြေလည်း ဖြစ်တယ်။ နောက် ဦးစီးတာလည်း TNLA ဖြစ်တယ်။ မဟာမိတ် တွေ ပါတယ် ဆိုတော့ သူတို့ရဲ့ သဘောထားလေးတွေကို ကျေးရွာတွေကနေ တဆင့် ပြန်ကြားသိရတာက ရွာထဲမှာ တော့ ပစ်ခတ်မှုတွေ မဖြစ်စေချင်ဘူး။
တကယ်လို့ ရင်ဆိုင်ကြမယ်၊ ဖြစ်တယ်ဆိုရင် သူတို့က ရွာပြင်ထွက်ပေးမယ်။ ရွာသူရွာသားတွေက ရွာထဲက မထွက် ပါနဲ့။ ရွာထဲမှာတော့ သူတို့ ထိခိုက်နစ်နာ ဆုံးရှုံးတာမျိုး မဖြစ်ချင်ဘူး။ သူတို့ စစ်ဖြစ်မယ်ဆိုရင် ရွာထဲကို မနေဘူး။ ရှောင်ပေး မယ် ဆိုတဲ့ သတင်းကတော့ ကျနော်တို့ ခိုင်ခိုင်လုံလုံ သိရပါတယ်။ အဲဒီတော့ ကျနော်တို့ ရွာတွေကို စိုးရိမ်စိတ်၊ ကျနော်တို့ စိုးရိမ်စိတ်က နည်းနည်း အေးသွားတာပေါ့။ မဟုတ်ရင် ရွာက စစ်ရှောင်တွေကို ဆွဲထုတ်ရမှာပါ။ ကြိုတင် စစ်ရှောင်တာပဲ ဖြစ်ဖြစ် ဖြစ်မလား အရင်လိုမျိုးပေါ့။ အဲဒီ သောကတွေတော့ အေးသွားတာပေါ့။
မေး။ ။ ဒါဆို ကျောက်မဲမှာတော့ သေနတ်သံက ငြိမ်သွားတဲ့ အခြေအနေ ရှိနေပြီပေါ့။
ဖြေ။ ။ အဲဒီလို ပြောလို့ ရပါတယ်။ သို့သော်လည်း လုံခြုံရေးကတော့ အပြည့်ချထားပါတယ်။ မှန်းပြောရမယ်ဆိုရင် ကျနော်တို့နေလာတဲ့ အတွေ့အကြုံနဲ့ ဒီမှာနေလာတဲ့ ဒေသ အခြေအနေနဲ့ ပြောရမယ်ဆိုရင် ထုနဲ့ထည်နဲ့ အင်အားနဲ့ ဝင်ပြီး စီးဖို့ဆိုတာတော့ မရှိလောက်တော့ပါဘူး။ ပြောက်ကျား စနစ်အရတော့ ၁၀ ယောက်၊ အယောက် ၂၀ လောက် က မြို့ကို ဝင်ခြိမ်းခြောက်တာမျိုး၊ စစ်ကို လမ်းကြောင်းပြောင်းတာမျိုးကတော့ ရှိလာကောင်း ရှိလာနိုင်ပါတယ်။ သို့ သော် လည်း အင်နဲ့အားနဲ့ ပြင်ဦးလွင် ဝင်စီးတာမျိုး၊ နောင်ချို ဂုတ်တွင်းကို ဝင်စီးတာမျိုးတော့ မဖြစ်လောက်ဘူးလို့ သုံးသပ်ပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းက နောင်ချို၊ ကျောက်မဲ ဝန်းကျင်မှာ တော်တော်လေး ရုတ်ရုတ်သည်းသည်း ဖြစ်သွားတော့ မြို့ခံတွေရဲ့စိတ်မှာ ဘယ်လိုဖြစ်နေလဲ။ လုံခြုံရေးပိုင်းနဲ့ ပတ်သက်ပြီးတော့ပေါ့။
ဖြေ။ ။ ကျနော်တို့ အနေနဲ့ကတော့ လတ်တလော ပြီးသွားတဲ့ ဖြစ်စဉ်တွေကို သုံးသပ်ကြည့်ရင် ကျနော်တို့ အသက် အရွယ်နဲ့ ဒီနယ်မြေမှာ နေလာတဲ့ သက်တမ်းတလျှောက် အနေနဲ့ ပြောရရင် ဒါမျိုး ဖြစ်စဉ်ဟာ ကျနော်တို့တသက်မှာ တော့ မတွေ့ဖူးဘူးဗျ။ တဖက်ရန်သူက အင်အားနဲ့ ဝင်ရောက်ထိုးဖောက်ပြီး ဒီလို တိုက်ပွဲတွေ ပုံဖော်တာက ကျနော်တို့ တသက်မှာ မတွေ့ဖူးပါဘူး။
နောက်တချက်က တပ်မတော်အနေနဲ့ စစ်ရေးအရ ပြန်ပြီး တုံ့ပြန်တာက နှေးကွေးနေတယ်လို့ ကျနော်တို့ ဒီလိုပဲ သုံး သပ်ပါတယ်။ အဲဒါ ဘာကြောင့်လဲ ဆိုတာကတော့ ကျနော်တို့ လက်လှမ်းမမှီပါဘူး။ စဉ်းစား မတွေးခေါ်နိုင်ပါဘူး။ သို့ သော် ဒီဖြစ်စဉ်တွေမှာ အလိုမကျတာကတော့ အင်နဲ့အားနဲ့ ထိုးဖောက်ပြီး ဝင်လာတယ်။ ဝင်လာပြီး ဝင်စီးတယ်။ တိုက် ပွဲတွေ ဖြစ်ကြတယ်။
မကြားဝံ့မနာသာတွေ တိုင်းကျော်ပြည်ကျော် ဖြစ်ကြတယ်ဆိုတဲ့ ကိစ္စတွေ တုံ့ပြန်မှု နှေးတာတွေပေါ်မှာတော့ ကျနော် တို့ ဘက်ကတော့ မြို့သူမြို့သားတွေ ဒေသခံတွေကတော့ အားမလိုအားမရနဲ့ မကျေမလည် ဖြစ်ကြပါတယ်။ ဒါကတော့ အားလုံးရဲ့ ဆန္ဒက ဒီလိုရှိပါတယ်။ လုံခြုံမှုကို ဦးစားပေးပြီးတော့ ကျနော်တို့ လိုချင်ပါတယ်။ ဒါကဒေသခံတွေရဲ့ အနေ အထားပါ။
ကျနော့် သီးသန့်သဘောထားကတော့ ဘာ့ကြောင့် နှောင့်နှေးတာလဲ ဆိုတာကို အဖြေရှာလို့မရသလို ကျနော်တို့ နည်း ဗျူဟာ မဟာဗျူဟာတွေ စစ်ရေးတွေပေါ်မှာ မျှမျှတတ သုံးသပ်ရရင် ကျနော်တို့ မသိနိုင်တာတွေ ရှိပါမယ်။ နောက်တခု က ကိုယ့်ဘက်က ညံ့တယ်ပေါ့။ အဲဒီလို အတွေးမျိုးလည်း စဉ်းစားမိပါတယ်။ ဘယ်ဟာ မှန်တယ်ဆိုတာတော့ ကျနော် တို့ မသိပါဘူး။ ဒါပေမယ့် အဓိက ပေါ်လွင်နေတာကတော့ တိုက်ရင်း စည်းရုံးဆိုတဲ့ တပ်မတော်ရဲ့ ဆောင်ပုဒ် ရှိပါ တယ်။ အဲဒီတော့ ကျနော်တို့ တပ်မတော်သည် စည်းရုံးရေး မလုပ်နိုင်တော့ဘူးလား။ စည်းရုံးရေး ကျနေသလား ဆိုတာကိုပဲ ကျနော်တို့ စဉ်းစားပါတယ်။
ဒီ အခြေအနေကို အားလုံး သုံးသပ်ပြီး ကောင်းမွန်တဲ့ တပ်၊ စွမ်းရည် ထက်မြက်တဲ့ တပ်မတော်အဖြစ် ကျနော်တို့လို ချင် ပါတယ်။ ကျနော်တို့သည် အရပ်သား တယောက် အနေနဲ့ ပြောရတဲ့ အတွက် လိုအပ်ချက်တွေ အားနည်းချက်တွေ ရှိပါ မယ်။ ဒါက ပြည်သူတယောက်ရဲ့ ဆန္ဒအနေနဲ့ ပြောတာပါ။
မေး။ ။ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးမှာ လားရှိုး လူငယ်လူမှုကူညီရေး အဖွဲ့က ဥက္ကဋ္ဌရဲ့ကယ်ဆယ်ရေး ကား ပစ်ခတ်ခံရပြီး သေဆုံးတယ်။ ဒီအပေါ်ရော အန်ကယ်တို့ ပရဟိတ ကယ်ဆယ်ရေးတွေ အနေနဲ့ ဘယ်လို သဘောထား ရှိသလဲ။
ဖြေ။ ။ အမှန်တော့ ကိုထွန်းမြင့် ကျဆုံးတာကို ကျနော်တို့ အများနည်းတူ စိတ်မကောင်း ဖြစ်ပါတယ်။ ကျနော်တို့ ကိုယ်တိုင်က ဒီအတွေ့အကြုံတွေ ရှိပါတယ်။ စစ်ပွဲတွေ ဖြစ်နေတဲ့ ကြားထဲ မှားယွင်းပြီး အဝေးက လှမ်းပစ်တာမျိုး ကျနော်တို့ ကြုံဖူးပါတယ်။ အဓိက ပြောချင်တာကတော့ ကိုထွန်းမြင့်က နည်းနည်းလေး စေတနာ ထက်သန်လွန်း အားကြီးပြီး နည်းနည်း သတိလစ်သွားဟန် တူတယ်ဗျ။
အမှန်ဆိုရင် ကျနော်တို့လည်း ကြုံဖူးတယ်။ သူက ရှေ့မကျော်ဘဲ အဲဒီနားမှာ ရပ်လိုက်မယ်ဆိုရင် အန္တရာယ်ကင်း လောက် တယ်လို့ ယူဆပါတယ်။ ကျည်ဆန်ဆိုတာ မျက်လုံးမပါဘူးလေ။ ကျနော်တို့ ဒီဘက်မှာဆိုလည်း တိုက်ပွဲကြားမှာ ရွာသား တွေ ရောက်သွားရင် ကြားထဲရောက်နေတဲ့ အတွက် ဘယ်ကပစ်လိုက်တဲ့ ကျည်ဆန်မှန်းမသိဘူး။ သေသွားတယ်။ ဆိုတော့ ဒါက အလကားနေရင်း ခံလိုက်ရတာ။ အခု ကိုထွန်းမြင့် ဖြစ်တဲ့ ဖြစ်စဉ်မှာ သုံးသပ်ကြည့် တော့ သူ့စေတနာက အန္တရာယ်ကို မကြည့်တော့ဘဲ သွားလို့ သူနည်းနည်း ဆင်ခြင်မဲ့သွားတယ်လို့ ယူဆပါတယ်။
ဖြစ်စဉ်တွေမှာ ပြောရင်တော့ ကယ်ဆယ်ရေး အဖွဲ့တွေကို တဖက် လက်နက်ကိုင်တပ်ဖွဲ့တွေက ပစ်ခတ်တာက အရှေ့ မှာလည်း ရှိခဲ့ဖူးပါတယ်။ ဥပမာအားဖြင့် လောက်ကိုင် တိုက်ပွဲမှာ ဆိုရင် ကြက်ခြေနီတွေ ကျဆုံးတာ၊ ပစ်ခတ်တာ ရှိပါ တယ်။ စနိုက်ပါနဲ့ လှမ်းကြည့်ရင် ထင်းထင်းကြီး မြင်နေရတာ မိန်းမလား၊ ကလေးလား၊ ယောက်ျားလား ဆိုတာ ခွဲလို့ ရပါတယ်။
ကြက်ခြေနီကားဆိုလည်း ခွဲလို့ ရပါတယ်။ အဲဒီမှာ အပစ်ခံရတယ် ဆိုတာကတော့ အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းစည်း ကမ်းတွေကို ထိန်းသိမ်းသင့်ပါတယ်။ ကျနော်တို့က ဒဏ်ရာရတဲ့ လူနာကို ဆွဲထုတ်လာရင် ဆန့်ကျင်နေတဲ့ တဖက် လက်နက်ကိုင် အဖွဲ့အစည်းရဲ့ အဖွဲ့အစည်းထဲကလား။ ရွာသားလားဆိုတာ ကျနော်တို့ မခွဲနိုင်ပါဘူး။ ကျနော်တို့သည် လူသားချင်းစာနာတဲ့ အားဖြင့်ပဲ ကူညီကယ်တင်လာတာတွေ ရှိပါတယ်။
အခုလို ဖြစ်စဉ်မှာတော့ ယူနီဖောင်း ဝတ်ထားသလား။ ယူနီဖောင်း မဝတ်ဘဲ သေနတ်ကိုင်ထားသလား ဆိုတာ စနိုက် ပါ သမားက သိပါတယ်။ ကျနော်တို့က မေတ္တာရပ်ခံချင်ပါတယ်။ မငြိမ်းချမ်းသေးတဲ့ ကာလ စစ်ပွဲတွေ ဆက်ဖြစ်ဦးမယ် ဆိုရင် ကူညီစောင့်ရှောက်တဲ့ အဖွဲ့အစည်းတွေကို လက်နက်ကိုင် အဖွဲ့အစည်းတွေက သတိနဲ့ ထိန်းသိမ်းပေးဖို့ မေတ္တာ ရပ်ခံ ချင်ပါတယ်။
မေး။ ။ ဦးထွန်းမြင့် ကျည်ထိ သေဆုံးတဲ့ အပေါ် တဖက်မှာ ဝမ်းနည်းကြတာရှိသလို တဖက်မှာလည်း သူက ပစ်ခတ် နေတဲ့ကြား သွားတာပဲ အပစ်ခံရမှာပေါ့ ဆိုတာမျိုး ဝေဖန်ကြတာတွေ မြင်ရတယ်။ အရပ်ဘက်တွေက တပ်နဲ့ ရဲ ထိခိုက် သူတွေကို ဝယ်ကယ်တာပဲ ဆိုတာမျိုးတွေပေါ့။ ဒီအပေါ်ရော အန်ကယ်တို့ ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ဥပမာ တိုက်ပွဲ မဟုတ်ဘဲ မတော်တဆ ထိခိုက်မှု ကြီးကြီးမားမား ဖြစ်ထားတယ်ဆိုရင် လူတယောက်ထက် ပိုတယ်ဆိုရင် အဲဒီလိုဖြစ်ရင် ရဲနဲ့ ဆိုင်တဲ့ ကိစ္စပါ။ ကျနော်တို့က လူနာကို ဆွဲထုတ်တဲ့ အခါမှာ သေသွားတဲ့ သူဆိုရင် အေးအေးဆေးဆေးပါပဲ။ သူ့အတွက် ကျနော်တို့ ဘာမှ ဆက်လုပ်လို့ မရဘူး။ အသက်ရှိသေးတယ်ဆိုရင်တော့ အသက် ရှင်လိုရှင်ငြား ဆွဲထုတ်ကြပါတယ်။ ရအောင် ယူကြပါတယ်။
အရင်က ဖုန်းတွေ မပေါ်သေးတုန်းကဆိုရင် ကင်မရာလေးနဲ့ အခင်းဖြစ်တဲ့ ပုံကို အမြန်ရိုက်ရပါတယ်။ နောက်ပိုင်း အမှု ခင်းမှာ အငြင်းပွားရင် သက်သေ အထောက်အကူဖြစ်အောင်လို့ပါ။ အခုလည်းပဲ ကိုထွန်းမြင့်တို့ ဝင်သွားတာက Dead Body သွားကောက်တာ မဟုတ်ဘူးဗျ။ ဒါကို လူတွေသိဖို့ လိုတယ်ဗျ။ မလုပ်ဘူးတဲ့ လူတွေနားလည်ဖို့ လိုတယ်ဗျ။ အကယ်၍ ဒဏ်ရာရနေတဲ့လူ ရှိရင်ဆိုတဲ့ စိတ်စေတနာနဲ့ ဝင်တာဗျ။ ဟိုမှာ ဆီဆိုင်ကြီး မီးလောင်နေတယ်။ သူသွားလို့ ဘာလုပ်နိုင်မလဲဗျာ။ လောင်နေတာက အိမ်မဟုတ်ဘူး။ ပေါက်ကွဲပြီး အကုန်လောင်သွားနိုင်တယ်။
ဆီဆိုင်ရဲ့ အကျိုးစီးပွား၊ အနားမှာလည်း အိမ်တွေ နည်းနည်းပါးပါး ရှိပါတယ်။ သို့သော် ဆီဆိုင်ကြီး မီးလောင် ပြာကျ သွားလို့ ပိုင်ရှင်က နစ်နာဆုံးရှုံးမှု ပါ။ လူ့အသက် မဟုတ်ပါဘူး။ ကိုထွန်းမြင့် ဝင်သွားတာကတော့ ဒဏ်ရာရတဲ့ လူ ရှိနိုင် တယ်လို့ ယူဆပြီး ဝင်ဟန်တူပါတယ်။ ပြောကြတဲ့ အခါမှာ လုပ်ဖူးတဲ့ သူနဲ့ မလုပ်ဘူးတဲ့သူ၊ အတွေ့အကြုံရှိတဲ့ သူနဲ့ မရှိ တဲ့သူ ချင့်ချိန်ပြီး စဉ်းစားဖို့တော့ လိုပါတယ်ဗျ။
မေး။ ။ အရပ်ဘက် အဖွဲ့တွေက တိုက်ပွဲဖြစ်နေချိန် ဝင်ရောက် ကယ်ဆယ်တဲ့ အထဲမှာ တပ်မတော် တပ်ဖွဲ့ဝင်တွေ ရဲ တပ်ဖွဲ့ဝင်တွေ ဝင်ကယ်တာမျိုး တွေ့ရတယ်။ ဒီအပေါ်မှာလည်း ဝေဖန်ကြတာ ရှိတယ်။ တပ်က ထိခိုက်တဲ့ သူတွေက တပ်ရဲ့ ဆေးအဖွဲ့က လုပ်ရမယ့် အလုပ်မဟုတ်ဘူးလား ဆိုတာမျိုးပေါ့။
ဖြေ။ ။ ဒါကတော့ ခက်ပါတယ်ဗျ။ တပ်မတော်ဆိုတာ နိုင်ငံတော်ရဲ့ တခုတည်းသော အကာအကွယ် ယူထားတဲ့ အဖွဲ့ အစည်းကြီး တခုဖြစ်တယ်။ အဲဒီ အဖွဲ့အစည်းကြီးမှာ ကျနော်တို့ နိုင်ငံရေးအရ၊ လူမျိုးရေး အရ ဖြစ်နေတဲ့ လက်နက် ကိုင် အဖွဲ့အစည်းတွေနဲ့ ပစ်ကြတဲ့အခါ ကျနော့် ခံယူချက်နဲ့ ကျနော်ကတော့ ခပ်ရှင်းရှင်းပြတ်ပြတ်ပဲ ရပ်တည်ထား ပါတယ်။ လူသားတယောက် အနေနဲ့ပဲ ဆက်ဆံပါတယ်။ နောက်တခုက နိုင်ငံသားပေါ့။ တချို့ လုံခြုံရေး တပ်ဖွဲ့တွေ တပ်မတော် ဘက် ဆိုင်ရာကို ပြောပါတယ်။
တိုက်ပွဲဖြစ်တဲ့အချိန် ဆွဲထုတ်တာကိုတော့ ကျနော်တို့ မသွားပါဘူး။ သို့သော် တိုက်ပွဲပြီးသွားပြီ၊ ငြိမ်းအေးသွားပြီ ဆိုရင် တော့ ရွာသားတွေများ ဒဏ်ရာ ရသလား သွားပါတယ်။ အကူအညီတောင်းရင်လည်း သွားပါတယ်။ အဲဒီမှာ သူသည် TNLA ကလား၊ SSPP ကလား၊ KIA ကလား ဆိုတာကို စစ်ကြောရေးမေးဖို့ ကျနော်တို့မှာ တာဝန် မရှိပါဘူး။ သူသည် နိုင်ငံသားတယောက် ဖြစ်တယ်။ ရွာသားတယောက် ဖြစ်တဲ့အတွက် ထိခိုက်နာကျင်နေတဲ့ လူတယောက် အသက်ကို ကယ်တာပဲ ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။
ထို့အတူ တပ်မတော်ဘက်က ထိခိုက်ဒဏ်ရာ ရထားရင်လည်း ကူညီပေးပါဦးဆို ကျနော်တို့ သွားကူညီ ကြပါတယ်။ လူသားတယောက် အနေနဲ့ပဲ ကူညီကြတာ ဖြစ်ပါတယ်။ စစ်ပွဲတွေအတွက် စစ်တိုက်ဖို့အတွက် ကျနော်တို့ အားမပေး ပါဘူး။ စစ်ကြောင့် ဖြစ်လာတဲ့ ထိခိုက်မှု တွေကိုတော့ ကျနော်တို့က နိုင်ငံသားတွေဖြစ်လို့ သွားရောက် ကူညီခြင်း ဖြစ်ပါ တယ်။ အဲဒါကိုတော့ နားလည်အောင် ပေါ်လွင်အောင်လည်း ရပ်တည်နေပါတယ်။ ကျနော်တို့ တွေ့ကြုံခဲ့တဲ့ အချိန် တွေ မှာ နေ့ရော ညရော ညသန်းခေါင်ရော ဆောင်ရွက်ပေးနေတဲ့ အချိန်မှာ အနှောင့် အယှက် မရှိခဲ့ပါဘူး။ ကျနော်တို့ လူနာ သွားသယ်တဲ့ လမ်းတွေမှာဆိုလည်း ရှိတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် တားဆီးတာ စစ်ဆေးတာ လှမ်းပစ် တာမျိုး မခံရပါဘူး။ ကျနော်ဆို ၁၉ နှစ် ရှိပါပြီ။
ကျနော် ပြောချင်တာ ဒဏ်ရာ ရနေတယ်။ ဘာ့ကြောင့်ပဲဒဏ်ရာ ရရ ရွာသား၊ ရွာသူလည်း ဖြစ်မယ်။ ကျန်တဲ့ လက် နက်ကိုင်လည်း ဖြစ်နိုင်တာပဲ။ စစ်တိုက်ဖို့တော့ ကျနော်တို့ အားမပေးဘူး။ ဘယ်အိမ်မှာ ဘယ်တောင်မှာ ဆိုတာတွေ ကျနော်တို့ မပြောပါဘူး။ လူသားချင်း စာနာမှု အရပဲ ကျနော်တို့ ဆောင်ရွက်ပေးပါတယ်။ အဲဒီလို ရပ်တည်ပြီး လုပ် တာတောင်မှ ကျနော်တို့မှာ ကိုယ့်နယ်မြေ လုံခြုံတဲ့ နယ်မြေရောက်မှ သက်ပြင်းချနိုင်တာပါ။ ဒီလိုပဲကျနော်တို့ ဖြတ် သန်းပါတယ်။
မေး။ ။ ဒီတခေါက် ရှမ်းမြောက်တိုက်ပွဲမှာ အရပ်ဘက်ကူညီရေးကား ၂ စင်း အပစ်ခံရတယ်။ မေတ္တာရှင်နဲ့ လားရှိုး အသင်း ၂ ကားပေါ့နော်။ အဲဒီမှာ ဝေဖန်ကြတာတွေလည်း တွေ့ရတယ်။ အရပ်ဘက် ကယ်ဆယ်ရေးကားတွေမှာ စစ်သား တွေ ပါလာတာမျိုးတွေ အရင်က ရှိဖူးတယ် ဆိုတာမျိုးပေါ့။ ဒီအပေါ်မှာရော ဘာများ မှတ်ချက်ပြုချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ မြို့ပေါ်မှာ ထင်ရှားတဲ့ လူမှုရေးအဖွဲ့တွေ တကယ်ပဲ ကူညီနေတဲ့ အဖွဲ့တွေ ရှိပါတယ်။ ကျနော် တိတိ ကျကျ ပြောနိုင်တာက ကျနော်တို့သည် လွတ်လပ်သော အဖွဲ့အစည်းများ ဖြစ်ပါတယ်။ ဒေသမှာ စေတနာနဲ့ ဝါသနာ နဲ့ ကူညီနေတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ အခါမှာ ကျနော်တို့ကိုတော့ မြို့ပေါ်မှာ ရှိတဲ့ တပ်မတော်က အမိန့် အာဏာ သို့တည်း မဟုတ် အတင်းအကျပ် လက်နက်သယ်တာတို့ လူသယ်ပေးတာတို့ကို သူတို့ မလုပ်ပါဘူး ခင်ဗျ။
ကျနော်တို့ အဆက်အသွယ်တွေ ရှိပါတယ်။ မူဆယ်ထိ တကြောလုံးမှာဆိုရင် ကျနော်တို့သိပါတယ်။ ကျနော်တို့ အဖွဲ့ အစည်းတွေ အားလုံးက ဒီအလုပ်ကို မလုပ်ပါဘူးခင်ဗျ။ လူနာဆိုရင်တော့ ကျနော်တို့ တင်လာပါတယ်။ စစ်ရှောင်တွေ ဆိုရင်တော့ ကျနော်တို့ သယ်လာပါတယ်။ ဒါတွေကို စစ်တိုက်ဖို့ အတွက် ပို့ပေးတယ်ဆိုတဲ့ ဟာကတော့ လော်ဘီ လုပ် တာပါ။ သို့သော် မသိနိုင်တဲ့ အကြောင်းအရာကလည်း ရှိပါတယ်။
အခုက ပရဟိတလုပ်ငန်းဆိုတာ တိုင်းပြည်မှာ အင်မတန် ကျယ်ပြန့်သွားပြီ ပေါ့ဗျာ။ ကျယ်ပြန့်သွားတော့ တချို့ရွာတွေ မှာလည်း ကားလေးတွေ ရှိတယ်။ ကားကလည်း လိုင်စင်မဲ့ ကားလေးတွေကို အလွယ်တကူ သုံးလို့ ရတာ ရှိတော့ သူတို့ လုပ်ပေးတာ ရှိပါတယ်။ အဲဒီလို အင်အားနည်းတဲ့ ရွာကကားတွေ အကြောက်အလန့် ရှိလို့ ငါတို့ကို လိုက်ပို့ကွာ ဆိုတာ မျိုးနဲ့ ဒီလိုများ ဖြစ်ဖူးသလားတော့ မပြောတတ်ပါဘူး။ အတိအကျ ကျနော် မသိပါဘူး။
လုံးဝချည်း အာမခံလားဆိုတဲ့ အချက်ကို ပြောရရင်တော့ ကျနော် အဲဒီအပိုင်းကို မသိတော့ ပြောလို့မရပါဘူး။ ကျနော် သိတာကတော့ နောင်ချိုကနေ မူဆယ်ထိ ရှိတဲ့ လူမှုရေး အသင်းအဖွဲ့တွေ အားလုံးနဲ့ ကျနော်နဲ့ အဆက်အသွယ်၊ ချိတ် ဆက်မှု ရှိပါတယ်။ ကျနော်တို့ အားလုံးဟာ တသဘောတည်းပါ။ အဲဒီအပေါ်မှာတော့ ကျနော်တို့ ပြင်းပြင်း ထန်ထန် မာမာချာချာ ရပ်တည်ပါတယ်။ မလုပ်ပါဘူးဗျ။ အဲဒါကိုလည်း သိစေချင်ပါတယ်။
မေး။ ။ အပစ်အခတ်တွေ ကြားထဲမှာ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ ပရဟိတသမားတွေ အနေနဲ့ရော ကူညီကယ် ဆယ်ရေး လုပ်ရတာ စိန်ခေါ်မှုက ဘာတွေရှိလဲ။
ဖြေ။ ။ ပထမဆုံးကတော့ ကိုယ့်လုံခြုံရေးပေါ့ဗျာ။ ဘယ်က ဝင်လာမယ်မှန်း မသိတဲ့ ကျည်ဆန်ပေါ့ဗျာ။ ကျည်ဆန်က ထားလိုက်ပါ။ အမြှောက်လို ဗုံးဆန်လိုဟာမျိုးတွေများ ပစ်လိုက်မလား ဆိုတာတွေ မိုင်း၊ ကျနော်တို့ မောင်းသွားတဲ့ လမ်းတလျှောက်မှာ မိုင်းများ ထိမလား ဆိုတာတွေက ကျနော်တို့ အတွက် စွန့်စားမှု လုပ်ရပါတယ်။ ကျနော်တို့ လမ်း ကြောင်း တခု ထွက်တယ် ဆိုရင် ကိုယ့်ဧရိယာထဲကိုယ် ပြန်ရောက်မှ သက်ပြင်း ချနိုင်တာပါ။ ဆိုတော့ ဒါကတွေက ကျနော်တို့ရဲ့စိန်ခေါ်မှုတွေပါ။
နောက် ကျနော်တို့ သွားတယ်ဆိုရင် ဒီလုပ်ငန်းတွေမှာ ဘယ်ကမှ ကျနော်တို့ကို ကူညီထောက်ပံ့တဲ့ ရန်ပုံငွေ မရပါဘူး။ ဒီလမ်းကြောင်းမှာ ဆီဖိုးကအစ၊ ကျနော်တို့ အသင်းက ကလေးတွေ ထမင်းစားဖို့ စားရေးသောက်ရေး၊ ရေ ကလေး ဝယ် သောက်တာက အစ ကိုယ့်စရိတ်ပါပဲ။ ကလေးတွေလည်း ထမင်းငတ်ကြပါတယ်။ သူတို့တွေ ပြန်မလာ မချင်းကို ကျနော် တို့ က လူမှုရေးအသင်း၊ ကယ်ဆယ်ရေးအသင်း ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တံဆိပ်ကြီးနဲ့ ကျနော်တို့က ချည်း မပြီးပါဘူး။
ကျနော်တို့ တကယ်လုပ်နေရတဲ့အခါမှာ လုပ်ပေးနေတဲ့ လူတွေရှိတာကိုပဲ ကျနော်က ကျေးဇူးတင်နေရတာပါ။ ဒါကို မသိသေးတဲ့ အတွေးတိမ်တဲ့ သူတွေ ပြောချင်ရာ ပြောနေတဲ့ သူတွေကို ဒါလေး ပြောချင်ပါတယ်။ ကျနော်တို့မှာ အသက် ကိုပေါင်ပြီး သွားရတာ အများကြီးပါဗျ။
မေး။ ။ အန်ကယ် ခုန သုံးနှုန်းသွားတဲ့ အသုံးအနှုန်းတခုအပေါ် မေးချင်ပါတယ်။ ရန်သူ ဆိုတဲ့ အသုံးအနှုန်းပါ။ ဒီအသုံး အနှုန်းက လူမှုကွန်ရက်မှာလည်း ပျံ့နေတာ တွေ့ရတယ်။ ကယ်ဆယ်ရေး ကားတစီးပေါ်မှာ ရန်သူ့တပ်ဖွဲ့တွေ ရှိသေး လား ဆိုတဲ့ မေးတဲ့ အသံပေါ့။ အဲဒီအပေါ်မှာ ကယ်ဆယ်ရေး အရပ်ဘက်ကားက ပစ်ခံရမှာပေါ့။ အဲဒီလိုမျိုး ရပ်တည် ချက် သုံးနှုန်းတာမျိုး ဆိုတာလေ။ ဒီရန်သူဆိုတဲ့ စကားလုံး ဘာလို့သုံးတာလဲ။ ခံယူချက်က ဘယ်လိုမျိုးလဲ။
ဖြေ။ ။ ရန်သူဆိုတဲ့ စကားလုံးလေးကို ဘာ့ကြောင့်ပြောလဲ။ ဒီစကားလုံးလေးပေါ် ဘာ့ကြောင့် ဝေဖန်ကြသလဲ။ အဲဒါ ဆို ကျနော်တို့ ချစ်သူလို့ ပြန်ပြောမယ်လေ။ ဒါဆို ကျနော်တို့ တပ်မတော်ကို ချစ်သလား မေးချင်တယ်။ စစ်ဖြစ်နေတဲ့ သူတွေ က ပြည်သူတွေရဲ့ ရန်သူတွေပဲ။ မဖြစ်စေချင်ပါဘူး။ ကျနော်တို့က အမြဲတမ်း ပြောလေ့ရှိတာက ပြည်သူတွေ နေထိုင်တဲ့ ရပ်ရွာတွေကို ထိခိုက်နစ်နာမှု မရှိအောင် သူတို့ စစ်ရေးဆောင်ရွက်ပေးမယ် ဆိုရင် မကောင်းဘူးလားဗျာ။
ပြည်သူတွေနေတဲ့ အထဲမှာ ထိခိုက်မှုတွေ ရှိတယ်။ တိုက်ပွဲတွေ ဖြစ်ကြတယ်။ ဗုံးတွေ ကျတယ်။ သေကြေ ကြတယ်။ လမ်းတံတားတွေ ပျက်တယ် ဆိုတာက ကျနော်တို့ ချစ်သူလား။ အဲဒီတော့ ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေ အေးအေး ချမ်းချမ်းနဲ့ စိတ်နှလုံး ပျော်ပျော်နဲ့ နေချင်ကြပါတယ်။ နောက်တခုက ဥပဒေ ဆိုတာ ရှိထားပါတယ်။ ကျနော်တို့ ဘယ် ဥပဒေကို လိုက်နာရမှာလဲ။ ကျနော်တို့ တဖက်က လက်နက်ကိုင် အဖွဲ့အစည်းလို့ ပြောပါတယ်။
ဒီစကားလုံး မပေါ်ခင်မှာ ရှေးနှစ်ပေါင်းများစွာက သောင်းကျန်းသူ ဆိုတာ ပေါ်ခဲ့တယ်။ ကျနော်တို့ နိုင်ငံတနိုင်ငံလုံးက သောင်းကျန်းသူလို့ ပြောတယ်။ အဲဒီ အရှေ့မှာ သူပုန်လို့ ပြောတယ်။ ဒီနောက်ပိုင်းမှာ ခေတ်စနစ်အရ ယဉ်ကျေးမှုအရ လက်နက်ကိုင် အဖွဲ့အစည်းလို့ ပြောလာတယ်။ အဲဒီ လက်နက်ကိုင် အဖွဲ့အစည်းက လူတွေကလည်း လူမျိုးရေးနဲ့ နိုင်ငံရေး အပေါ် အခြေခံပြီး ဖြစ်လာတာပါ။
ကျနော်တို့ ပြည်သူတွေရဲ့ဆန္ဒကတော့ လက်နက်ကိုင်ပြီး နိုင်ငံရေးနည်းကို ဖြေရှင်းမယ့်အစား တကယ့်နိုင်ငံရေး စားပွဲ ဝိုင်းတွေ လုပ်စေချင်ပါတယ်။ အဲဒါဆို ပြည်သူထဲမှာ မိုင်းမထိဘူး။ မိုင်းမကွဲတော့ဘူးပေါ့ဗျာ။ ဒါအနိမ့်ဆုံး ပြောတာပါ။ တကယ်တမ်း သွားတဲ့အပေါ်မှာ Live လွှင့်ပြီး သွားတဲ့ အချိန်မှာ ဒီလိုပြောလိုက်တာ သတိ လက်လွတ်ပြောလိုက် တာ ပါ။ ကျနော်တို့ဆို ဆင်ခြင်ပြီး ပြောရပါတယ်။ ကျနော်တို့မှာ လက်နက်ကိုင်အဖွဲ့အစည်း အကြီး အကဲများနဲ့ ချစ်ခင် ရင်းနှီးစွာ လေးစားစွာ ယုံကြည်စွာ ဆက်ဆံပါတယ်။
ငြိမ်းချမ်းရေး အတွက် ပြောနေကြတဲ့ လူအချင်းချင်းမှာ လက်နက်ကိုင်တွေက ပြောနေကြတာပါ။ လက်နက်ကိုင်ပြီး ပြောနေတဲ့ တဖက်မှာလည်း ယုံကြည်ဖို့ ခက်နေတယ်။ တဖက်မှာလည်း မယုံကြည်နိုင်ဘူး ပြောနေတယ်။ ကျနော်တို့ ပြည်သူက အလယ်မှာပါ။
လက်နက်ကိုင်ထားတဲ့ အချင်းချင်း ပြောနေတဲ့ ကြားထဲမှာ အဆင်မပြေရင် ပြည်သူ ခံရပါတယ်။ ကျနော်တို့သည် စစ်ပွဲ တွေကို မလိုချင်ပါဘူး။ Live လွှင့်ပြီး ပြောမိတဲ့ကလေးကတော့ သူ့အနေနဲ့ ပြည်သူတွေဘက်ကနေ ရန်သူဆိုတာ ပြော မိတာပါ။ သူ့အမြင်သည်လည်း ဖြစ်စဉ် တခုခုကို တွေ့လိုက်ရင် သူ့အမြင် ပြောင်းသွားနိုင်ပါတယ်။ ဒီအသုံးအနှုန်း လေး ပေါ်မှာတော့ မှားသွားတယ်လို့ ကျနော်လည်း ပြောချင်ပါတယ်။
မေး။ ။ အပစ်အခတ် ရပ်စဲရေး အတွက်ရော ဘာများ တိုက်တွန်းချင်လဲ။
ဖြေ။ ။ ကျနော်တို့မှာက တိုက်တွန်းတယ်ဆိုတာလေးပဲ တတ်နိုင်တာပါ။ တဖက် လက်နက်ကိုင် အဖွဲ့အစည်းများ ကလည်း လက်နက်ကိုင် အားလုံးကလည်း ကိုယ့်လိုဘ လေးတွေကို လျှော့ချပေးပါ။ ကျနော်တို့ရဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းကြီးကလည်း နားလည်မှုနဲ့ တတ်နိုင်သမျှ လိုက်လျောစေချင်တယ်။
စစ်ရေးအရ ပြောမယ်ဆိုရင် ရှိခဲ့ဖူးတယ်။ တပ်မတော်သားတွေ ပိုနားလည်ပါတယ်။ နှစ်ဖက်ရင်ဆိုင်ထားတဲ့ စခန်းတွေ နယ်မြေတွေမှာ စစ်ပွဲတွေငြိမ်နေတယ်ဆိုရင် တဖက်နဲ့ တဖက် ဟင်းတောင်လဲ စားကြတယ်ဗျ။ ကျနော်တို့သည် လက် နက်ကိုင်ပြီး ဆွေးနွေးနေကြတဲ့ နှစ်ဖက် မပြေလည်တာသည် ပြည်သူပြည်သားက ကြားညပ်ပါတယ်။ တဖက်နဲ့ တ ဖက် ပြေလည်ပြီး ဟင်းချင်းလဲစားနိုင်တဲ့ အဆင့်ထိ ရောက်အောင် ကြိုးစားပေးဖို့ ကျနော်တို့က ပြည်သူများ ကိုယ်စား မေတ္တာ ရပ်ခံ တောင်းပန်ချင်ပါတယ်။ ။