ကမ္ဘာ့ဘဏ် စီးပွားရေး ပညာရှင်နှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ပညာရှင် ဒေါက်တာ မင်းရဲပိုင်ဟိန်းကို စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း သြဂုတ် ၁၅ ရက်စွဲဖြင့် နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန် တက္ကသိုလ် တခုမှ ပါရဂူဘွဲ့ ရရှိခဲ့သည့် အသက် ၄၁ နှစ်အရွယ် ဒေါက်တာ မင်းရဲပိုင်ဟိန်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးအောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရတွင် အသက်အငယ်ဆုံး ဝန်ကြီး ဖြစ်လာသည်ဟုလည်း ဆိုနိုင်သည်။ ထို့အတွက်လည်း တော်တော်များများက ကြိုဆို ထောက်ခံလျက်ရှိသည်။
ယခုလို ခန့်အပ်လိုက်ခြင်းက အနာဂတ်တွင် လူငယ်/လူလတ် ပညာတတ်များကို ပိုမို နေရာပေးရန် လမ်းစ ဖြစ်လာမလား၊ NLD အနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လူငယ်/လူလတ် ပညာတတ်များဖြင့် ပိုမို ပွဲထုတ်လာနိုင်သလား၊ ဆုံးဖြတ်ချက်သည့် နေရာများတွင် လူငယ်များ ပိုမိုပါဝင်လာခြင်းဖြင့် မည်သို့သော အကျိုး သက်ရောက်မှုများ ရှိနိုင်မည်လဲ ဆိုသည်ကို နယ်ပယ်အသီးသီးတွင် ပါဝင် လုပ်ကိုင်နေသူများ၏ အမြင်ကို ဧရာဝတီ သတင်းထောက် ဇူးဇူး က ဆက်သွယ်မေးမြန်းထားသည်။
ကိုဇော်သူရိန်ထွန်း
မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီ အဖွဲ့ဝင်
ကျနော်တို့ နိုင်ငံမှာ လူငယ်ပညာတတ်တွေ နောက်ထပ်လည်း အများကြီး ကျန်သေးတယ်။ အစိုးရအဖွဲ့ ဝန်ကြီးတွေမှာ အခုလိုမျိုး ၇၀ ကျော် ၈၀ ကျော်တွေအစား အနည်းဆုံး ၃၀ ကျော် ၄၀ ကျော် လူငယ်တွေ နေရာပေးပြီးခန့်မှ ဒီအစိုးရ အဖွဲ့ရဲ့ စွမ်းဆောင်ရည် ပိုပြီးတက်လာမယ်လို့ ယုံကြည်တယ်။ အခု လူငယ် ပညာတတ်တဦးကို ဒုဝန်ကြီးအဆင့် ထိ နေရာပေးတာကို ကြိုဆိုတယ်။ နောက်ထပ်လည်း နောက်ရွေးကောက်ပွဲ ကာလမှာ အစိုးရသစ်ပြန်ဖွဲ့တဲ့ အခါမှာလည်း လူငယ်ရာခိုင်နှုန်း ဒီထက်ပိုပြီး များများခန့်ပေးဖို့ အစိုးရအဖွဲ့ကို အကြံပြုလိုပါတယ်။
အခု NLD အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ(ခြေ/ဥ) ပြင်ဆင်ရေးမှာ NLD က ပြင်ထားတဲ့ ၉၉ ချက်ထဲမှာ ဝန်ကြီးတွေရဲ့ အသက်ကို လက်ရှိထက် ၅ နှစ် လျှော့ထားတာ တွေ့တယ်။ NLD မှာ သူတို့အနေနဲ့ စဉ်းစားချက် ရှိနေပြီလို့ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် သုံးသပ်လို့ရတယ်။ လူငယ်တွေကို ကြိုဆိုချင်လို့ အခုဆိုရင် ခြေ/ဥ ပြင်ဆင်ရေးထဲမှာ အသက်ကန့်သတ်ချက်တွေ လျှော့တာ တွေ့ရတယ်။ ၂၀၂၀ မှာ ၂၀၁၅ ထက်တော့ လူငယ်ရာခိုင်နှုန်း ပိုပါလာနိုင်တယ်လို့ မှန်းဆလို့ရတယ်။
ဒါပေမယ့် တခုရှိတာက NLD ရဲ့ ခြေ/ဥ ပြင်ဆင်ရေးမှာ တိုင်းအဆင့် အသက် ကန့်သတ်ချက် လျှော့တာကျ မပါဘူး။ ဒီတော့ တိုင်းအဆင့်မှာ မျှော်မှန်းလို့ မရတော့တဲ့ အခြေအနေ ဖြစ်နေတယ်။ တိုင်းနဲ့ ပြည်နယ်အဆင့် အစိုးရက လူထုနဲ့ထိတွေ့မှု အများဆုံး။ လူထုရဲ့ လိုလားချက်ကို ဖော်ဆောင်ပေးဖို့ အဓိက တာဝန်ရှိတာကလည်း တိုင်း/ပြည်နယ် အဆင့်က။ တိုင်း/ပြည်နယ်အဆင့်မှာ ရာထူးကြီးကြီး ယူပြီး အသက်ကြီးကြီးတွေအစား လူငယ်တွေကို ပိုပြီးနေရာပေးနိုင်မှ ပိုပြီး ခြေစွမ်းတက်မှာပေါ့။ ဥပမာ ကျနော်တို့ စစ်ကိုင်း အစိုးရဆိုရင် အငယ်ဆုံးဆိုရင် စီမံ/ဘဏ္ဍာဝန်ကြီး။ အဲဒီတော့ ကျနော်တို့တိုင်းအစိုးရအဖွဲ့ထဲမှာ ခြေစွမ်းအပြနိုင်ဆုံးဆို သူပဲပေါ့။
လူငယ်ဖြစ်ခြင်းဟာ လုပ်နိုင်ကိုင်နိုင်တယ်။ ပြောရဲဆိုရဲတယ်။ မဟုတ်မခံ စိတ်တွေရှိကြတယ်။ လူငယ်တွေက တိုင်းအဆင့်မှာရော ပြည်ထောင်စုအဆင့်မှာရော အများကြီး ပါဝင်ဖို့ လိုပါတယ်။ NLD အနေနဲ့လည်း တိုင်းအဆင့်ကိုပါ စဉ်းစားဖို့ လိုပါတယ်။
လူငယ်တွေမှာ အတွေးအခေါ်သစ်တွေ ရှိတယ်။ ပြုပြင်ပြောင်းလဲလိုစိတ်က လူငယ်မှာ ပိုပြီးတော့ ကြီးမားတယ်။ လူကြီးတွေက သူတို့ရဲ့ စနစ်တခုထဲကို ရောက်သွားပြီဆိုရင် အဲဒီစနစ်ထဲမှာပဲ မျောပါသွားတာ များတယ်။ လူငယ်တွေကကျတော့ ဆုံးဖြတ်ချက် ချပိုင်ခွင့် ရှိတယ်ဆို ဒီစနစ်ရဲ့ အားနည်းချက် အားသာချက်တွေကို သုံးသပ်နိုင်မယ်။ ပြုပြင်ပြောင်းလဲရဲတဲ့ စိတ်ကကျ လူငယ်မှာ ပိုရှိတယ်။ လူကြီးတွေမှာ အဲဒီလောက် မရှိဘူး။ ဘာလို့ဆို လူကြီးတွေက comfort zone ထဲမှာ ရောက်သွားတာ များတယ်။
နောက်တခုက အင်္ဂလိပ်စာ တတ်ကျွမ်းမှု။ လူကြီးတွေထဲမှာ အင်္ဂလိပ်စာ အရမ်းတော်တဲ့သူတွေ ရှိပါတယ်။ ဒါပေမယ့် နောက်မျိုးဆက် လူငယ်တွေကကျတော့ အခုဆို ပုဂ္ဂလိက ပညာရေးစနစ်တွေ ဘာတွေ ရှိတယ်။ ပညာရေးစနစ် ကောင်းကောင်းနဲ့ ကြီးပြင်းလာတဲ့ လူငယ်တွေများလာတယ်။ အင်္ဂလိပ်စာ အထူးသဖြင့် နည်းပညာ သုံးစွဲမှုတွေ လူငယ်တွေမှာ အရန်သင့်ရှိနေပြီ။ တခုခု အချက်အလက်ဆို လူငယ်တွေက ရှာနိုင်တယ်။ ဖွေနိုင်တယ်။ ကိုးကားနိုင်တယ်။ အခု လူကြီးတွေမှာဆို ဖေ့စ်ဘုတ်မသုံးတဲ့ လူကြီးတွေတောင် အများကြီးရှိတယ်။ လူငယ်တွေက အင်္ဂလိပ်စာလည်း အားကောင်းနေသလို နည်းပညာလည်း ထိတွေ့ သုံးစွဲ နိုင်တယ်ဆိုတော့ လူငယ်တွေကို ဆုံးဖြတ်ချက်ချခွင့် ပေးလိုက်မယ်ဆိုရင် အဲဒီ ဝန်ကြီးဌာနဖြစ်စေ သက်ဆိုင်ရာ အစိုးရအဖွဲ့ဖြစ်စေ တော်တော်ကြီး ပါဖောမန့် စွမ်းဆောင်ရည် ကောင်းသွားမယ်လို့ ယုံကြည်ပါတယ်။
ဒေါက်တာမျိုးညွန့်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ
လူငယ်တွေကို ထိုက်တန်တဲ့ နေရာတွေမှာတာဝန်ပေးဖို့ အမြဲတမ်း မူဝါဒ ထားရှိပါတယ်။ ဒါပေမယ့် ဒီ တာဝန်ပေးခြင်းနဲ့ ပတ်သက်လို့တော့ အတိအကျကတော့ အုပ်ချုပ်ရေးပိုင်းကပဲ သိမှာပါ။ ကျနော်တို့ကတော့ ထောက်ခံပါတယ်။ ဒါပေမယ့် ဘယ်လို အချက်တွေကြောင့် ပိုပြီး သင့်လျော်တယ်ဆိုတာကတော့ အုပ်ချုပ်ရေးပိုင်းကပဲ သိနိုင်မယ့်ကိစ္စလို့ ပြောချင်ပါတယ်။
ကျနော်တို့ရဲ့ မူဝါဒအရ လူငယ် အမျိုးသမီး တိုင်းရင်းသားတွေဟာ အရည်အချင်းချင်း တူလို့ရှိရင် သူတို့က ဦးစားပေး ရွေးချယ်ရမယ်။ တာဝန်ပေးရမယ်ဆိုတာ မူဝါဒ ရှိပြီးသားပါ။ ကျနော်တို့က တိုက်တွန်းချင်ကတော့ လူငယ်တွေဟာ အများအားဖြင့် အတတ်ပညာပိုင်းမှာ ရှေ့လူကြီးတွေထက်ကို အများကြီး ပိုထူး ချွန်လာတယ်ဆိုတာ ကျနော်တို့ ငြင်းကွယ်စရာ မရှိပါဘူး။ သို့သော် ကျနော်တို့ နိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူလူထုနဲ့ ဆက်ဆံတဲ့အခါမှာ အရေးကြီးတဲ့ ဌာနလုပ်ငန်းတွေ ဆောင်ရွက်တဲ့ အခါမှာတော့ နိုင်ငံရေး ခံယူချက်ကလည်း အရေးကြီးပါတယ်လို့ ပြောချင်ပါတယ်။ နိုင်ငံရေး ခံယူချက်ကို သင်ကြားမှာကတော့ ပြည်သူတွေ အောက်ခြေ ပါတီဝင်တွေ ဖြစ်ပါတယ်။ အဲဒီတော့ အောက်ခြေပါတီဝင်နဲ့ ပြည်သူနဲ့ ထိစပ်မှုရှိအောင် နိုင်ငံရေး အတွေ့အကြုံ ကြွယ်ဝအောင် တချိန်တည်းမှာပဲ လုပ်ရင်း သူတို့ကို ပိုမိုပြီး တာဝန်ပေးအပ် လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။
လူငယ်တွေဟာ တက်ကြွတယ်။ သူတို့မှာ လုပ်နိုင်ကိုင်နိုင်စွမ်း ရှိတယ်။ နောက်ပြီး ခေတ်ပေါ်နည်းပညာတွေ သူတို့က ကြွယ်ဝကြပါတယ်။ ဒါပေမယ့် အရာရာမှာ အားနည်းချက် အားသာချက်ဆိုတာ ရှိပါတယ်။ သူတို့တွေက အလျင်စလို လုပ်မိတတ်တာ။ နှိုင်းယှဉ် ချင့်ချိန်ရမယ့်နေရာတွေမှာ စိတ်လိုက်မာန်ပါ ပြုမိတတ်တာ။ ဒီလို အားနည်းချက်တွေလည်း ရှိတတ်ပါတယ်။ အဲဒီတော့ အားသာချက်ကို ပိုကောင်းအောင်လုပ်မယ်။ အားနည်းချက်ကို ကျော်လွှားနိုင်အောင် လုပ်မယ်ဆိုရင် လူငယ်တွေအတွက် အများကြီး ကောင်းမွန်လာမယ်လို့ ကျနော် မျှော်လင့်ပါတယ်။
ကျနော်တို့ မူဝါဒကို ချထားပါတယ်။ အရည်အချင်းလည်းရှိတယ်။ ပြည်သူနဲ့လည်း နီးစပ်မှုရှိပြီး ပါတီမူဝါဒများကို အကောင်အထည်ဖော်နိုင်မယ့် လူငယ်များကို ကျနော်တို့ အမြဲတမ်း မျှော်လင့်နေပါတယ်။ ကြိုဆိုနေပါတယ်လို့ ပြောချင်ပါတယ်။
မသဉ္ဇာရွှန်းလဲ့ရည်
ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ စည်းရုံးလှုံ့ဆော်ရေးမှူး
အခုဆိုရင် နောက်တော့ကျနေပြီ။ တနှစ်ပဲကျန်တော့တဲ့ အချိန်မှာ တရားဝင် ရာထူးနဲ့ လုပ်ရမယ်ဆိုတော့ သူကြုံရမယ့် ဖိအားနဲ့ အချိန်ကလည်း မရှိတဲ့အခါမှာ သူ့ရဲ့ လုပ်ပိုင်ခွင့်ပိုင်းတွေ ပြည်သူလူထုက ကြည့်မယ့်အခါမှာ သူ့မှာ စိန်ခေါ်မှုတွေ အများကြီး ကြုံလာရနိုင်တယ်။ ဒါပေမယ့် ဒီလိုမျိုး ခန့်လိုက်တာဟာ ဘာပဲပြောပြော မရှိတာထက် စာရင် ကောင်းတယ်။ ကျမတို့က ကြိုဆိုတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ပြီးတော့ပဲ အခြားသော လူငယ် ပညာတတ် လူငယ် လူလတ်တွေ အများကြီးရှိနေတယ်။ အသက် ၄၀ ကျော်ရင်တော့ လူငယ်လို့ပြောလို့မရဘူးပေါ့။ ဒါပေမယ့် လူလတ်ပိုင်းတွေမှာ တကယ့်ပညာတတ်တွေ လုပ်နိုင်တဲ့ လူတွေ အများကြီးရှိတယ်ဆိုတာကို အစိုးရအနေနဲ့ မမေ့ထားဖို့ လိုပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ နောက်ပိုင်းမှာ ဘယ်သူတွေ အာဏာရလာမလဲတော့ မသိဘူး။ ဒါပေမယ့် လက်ရှိ အာဏာရ ပါတီဖြစ်စေ လက်ရှိ နိုင်ငံရေးပါတီ တော်တော်များများမှာ အခုနောက်ပိုင်း ကြုံလာရ ကြားလာရတာက လူငယ် ဆိုတဲ့ဟာကို ကျယ်ကျယ်လောင်လောင် ပြောလာကြတယ်။ လူငယ်တွေရဲ့ အသံဆိုတာမျိုး၊ လူငယ်တွေကို ထည့်သွင်း စဉ်းစားရမယ် ဆိုတာမျိုး ပိုပြီး ပြောလာတာ မြင်ရတော့ ကျမတို့ ကြိုဆိုတယ်။ လူငယ် လူလတ်တွေ အများကြီး လက်တွေ့နယ်ပယ်မှာ တကယ်ကို ထဲထဲဝင်ဝင် ဆောင်ရွက်နေတဲ့သူတွေ အများကြီးရှိတယ်။ တကယ်ကို ပံ့ပိုးတဲ့နေရာတွေမှာ ပါနေတယ်။ ဒါပေမယ့် လက်တွေ့ အကောင်အထည်ဖော်ပြီးတော့ ဆုံးဖြတ် ချက်ချတဲ့ နေရာတွေမှာတော့ လူငယ်တွေ မရှိဘူး။
နောက်ထပ် ကြုံရတဲ့ တခုက ဥပဒေတွေရဲ့ ကန့်သတ်ချက်တွေ။ အသက်အရွယ် ဘယ်လောက်ဖြစ်မှ ဝန်ကြီးဖြစ်ရမယ်။ သမ္မတဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေက လူငယ်တွေကို တိတိပပကို ကန့်သတ်ထားတယ်။ ကော်မရှင်တွေမှာ ဖြစ်ဖြစ် ကော်မတီတွေမှာ ဖြစ်ဖြစ် ပါဝင်ဖို့ဆိုရင် အသက်အရွယ်က အရင်ဆုံး ကန့်သတ်ထားတော့ အကယ်၍ တကယ့်လူငယ်တွေကို ထဲထဲဝင်ဝင် နေရာပေးချင်တယ်ဆိုရင် ဒီလို ဥပဒေ ကန့်သတ်ချက်တွေကို အရင်ဆုံး ပယ်ဖျက်ရမယ်။
လူငယ်တွေကို မဲပေးခွင့်ပေးရမယ်။ အခြေခံ ရပ်ကျေးရွေးကောက်ပွဲတွေမှာ တအိမ်တယောက်ပဲ မဲပေးခွင့်ရှိတယ်။ လူငယ်တိုင်းက မဲပေးလို့မရဘူး။ စည်ပင်ဆိုလည်း ရန်ကုန်မှာပဲ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရှိတယ်။ ကျန်တဲ့နေရာတွေမှာ မဲပေးလို့မရဘူး။ လူငယ်တွေက အခြေခံဖြစ်တဲ့ မဲပေးခွင့်တောင် မရနေဘူး။ ဒီတော့ ဝင်ရောက်ယှဉ်ပြိုင်တာမျိုး ဆုံးဖြတ်ချက်ချတဲ့ နေရာမျိုးမှာ ပါဝင်လာဖို့ဆိုတာ တော်တော်တော့ ဝေးသေးတယ် လို့ထင်တယ်။ တကယ် လူငယ်တွေကို နေရာပေးတယ်ဆိုရင်တော့ နေရာပေးတဲ့ ပါတီ ဖြစ်ခဲ့လျှင်တော့ ဒီဥပဒေတွေကို အရင်ဆုံး ပယ်ဖျက်ဖို့ သူတို့ စိတ်ဝင်စားမယ်လို့ မြင်တယ်။
လူငယ်တွေက အခုနောက်ပိုင်း သူတို့မွေးဖွားလာ ရှင်သန်လာတဲ့ အသိုင်းအဝိုင်းက လုံးဝ မတူတော့ပါဘူး။ နည်းပညာတွေ ဖွံ့ဖြိုးမှုရဲ့နောက်ဆက်တွဲမှာ မွေးဖွားလာတဲ့ အတွက်ကြောင့် သူတို့ရဲ့ အတွေးအခေါ် အယူအဆ အမြင်တွေ ဆန်းသစ်မှုတွေက ရှေ့က မျိုးဆက် စီနီယာတွေထက်စာရင် အများကြီး ပိုကောင်းတယ်လို့ ပြောလို့ရတယ်။ ထိတွေ့မှု ကမ္ဘာကြီးကို ပိုမြင်သာလာတဲ့ မျိုးဆက်တွေဖြစ်တယ်။ ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ အမြဲစဉ်ဆက်မပြတ် သိနေကြတဲ့ မျိုးဆက်ဖြစ်နေတာ တခု ရှိတယ်။ နောက်တခုက ခွန်အားအပြည့်ဖြစ်တဲ့ လူငယ်တွေ ဖြစ်တဲ့အတွက်ကြောင့် ဘယ်နေရာမဆို အချိန်မရွေး ထသွားထလာနိုင်တဲ့ ခွန်အားရော သတ္တိရော လုပ်နိုင်ကိုင်နိုင် လုပ်ရဲကိုင်ရဲဆိုတဲ့ အနေအထားမျိုးတွေလည်း အများကြီး ကြုံရတယ်။ သတ္တိအားဖြင့်ရော ရဲရင့်မှုအားဖြင့်ရော ခွန်အားအားဖြင့်ရော ဆန်းသစ်မှုအားဖြင့်ရော လူငယ်တွေက အများကြီး အားသာချက်ရှိတယ်။
ကျမတို့ နိုင်ငံမှာ လူငယ်က ၆၀ ရာခိုင်နှုန်းကျော်ရှိတယ်။ ဒီထဲက လူငယ် တဦးတယောက်သည် ဆုံးဖြတ်ချက် ချတဲ့နေရာမှာ ပါဝင်သွားတယ်ဆိုရင် မြန်မာပြည်ရဲ့ပြည်သူ တဝက်လောက်နီးပါးကို ကိုယ်စားပြုပြီး ပြောနေ ဆိုနေတယ်လို့ ယေဘူယျ သတ်မှတ်လို့ရတယ်။ ဒီအကြောင်းရာတွေကြောင့် လူငယ်တွေကို နေရာ ပိုပေးသင့်တယ်လို့ မြင်တယ်။
စိုင်းအောင်မြင့်ဦး
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရှမ်းတိုင်းရင်းသား လူငယ်တဦး
ဒါတောင်မှ တော်တော် နောက်ကျနေပြီ။ အမှန်ဆို NLD စတက်ကတည်းကမှ သူတို့ပြောနေတဲ့ ပြောင်းလဲချိန်တန် ပြီဆိုတာ အဲဒီကတည်း စတင်ပြီးတော့ ခန့်သင့်တယ်။ နည်းနည်းတောင် နောက်ကျနေပြီ။ ကျန်ရှိသက်တမ်း နည်း သွားပြီ။ အခုက အလားအလာတော့ ကောင်းပါတယ်။ ဘယ်ပါတီပဲ တက်တက် လူငယ်တွေကတော့ အမြဲတမ်း ပိုပြီး ထည့်ထားသင့်တယ်။ အခုဆို ဒီမိုကရေစီပါတီ ဘက်တော်သားတွေဆို တော်တော်လေး သဘောပေါက်ကြတယ်။ လူငယ်တွေရဲ့ လှုပ်ရှားမှုတွေဟာ တဟုန်ထိုးနဲ့ လုပ်ခဲ့တော့ သူတို့တွေ နားလည်ကြတယ်။
ကျနော်တို့ တိုင်းပြည်က လူငယ်တွေ တော်တော်များများက နိုင်ငံတော်တည်ဆောက်ရေး (State Building) တအား လုပ်ချင်ကြတယ်။ ဒါကြောင့် အခုလို ခန့်အပ်ခြင်းက ကောင်းပါတယ်။ ဒါပေမယ့် လူကြီးတွေနဲ့ ကွာဟမှုတော့ နည်းနည်းများမယ်။ လူကြီးတွေရဲ့ လက်ခံမှုက ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ စကားပြောမယ်။ ဖွဲ့စည်းပုံအရ ပြောရရင် သူ့ရဲ့ဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်မှာ တော်တော်အားနည်းမယ်လို့ ကျနော် မြင်တယ်။ ဒုဝန်ကြီးလောက်ထိ လုပ်ပိုင်ခွင့် ပေးထားမယ့် ဒီအောက်ခြေမှာ ဘယ်လောက်ထိ ပြောင်းလဲနိုင်သလဲပေါ့။ သူတို့ရဲ့ဗြူရိုကရေစီမှာ အရင်က တည်းကိုက ရှိနေပြီးသားက အဲဒီလောက်ထိ ပြောင်းလဲတာ မရှိဘူးလေ။ အချိန်တော့ ယူရမှာပေါ့။ လူငယ်တွေကို ထည့်တာတော့ အခုကတည်းက စထည့်ရင် ကောင်းတယ်။ ဒါကို အားပေးတယ်။ ထောက်ခံတယ်။ ဒီထက်မက လုပ်ဖို့ လည်း လိုတယ်လို့ မြင်ပါတယ်။
ရှမ်းပြည်မှာဆိုလည်း ရှမ်းပြည်က လူငယ်ဝန်ကြီးတွေ အများကြီး ပေါ်လာစေချင်တယ်။ ဘယ်သူပဲတက်တက်ပါ။ လူငယ်ဝန်ကြီးတွေကို ထည့်စေချင်တယ်။ ပြောင်းလဲချင်တဲ့၊ တိုင်းပြည်တည်ဆောက်မယ့် လူငယ်တွေ အများကြီး ရှိတာမို့ လူငယ်တွေကို ပိုမို ပါဝင်စေချင်တယ်။ ဥပမာ ရှမ်းပြည်နယ်ဆိုလည်း ရှမ်းပြည်နယ်ဖွား ဝန်ကြီးတွေ ပြည်နယ်သားဆို ပိုပြီး ခံစားချက် ပြင်းထန်မယ်။ ပိုပြီးတော့လည်း သူတို့ လုပ်ပိုင်ခွင့်ကို အကောင်းဆုံး ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်တာပေါ့။
ဘယ်နေရာမဆို လောလောဆယ် ဖြစ်နေတာ လူငယ်နဲ့ လူကြီးကြား သဟဇာတဖြစ်ရေးပေါ့။ ပြီးတော့ အောက်ခြေက လက်ခံတဲ့အပေါ်လည်း အများကြီး မူတည်တယ်။ ဥပမာ ကျနော်တို့ ဒီက လူငယ်တွေ တခုခုလုပ်ပြီဆို ငယ်ပါသေး တယ်ဆိုတာ ပြောကြတယ်။ ဒီလိုမျိုး ကွာဟမှုတွေအတွက် လူငယ် လူကြီး ထိတွေ့မှုကို အမြဲတမ်းလုပ်နိုင်တဲ့ နေရာလေးတခု လိုအပ်တယ်။ လူငယ် ပညာတတ်၊ အမြော်မြင်လည်းကြီးနေတယ်။ လူကြီးအနေနဲ့ လက်ခံနိုင်ဖို့ ဆိုတာလည်း သူ့ရဲ့ သမိုင်းကြောင်းအရပဲ အခက်အခဲရှိတယ်။ မဖြစ်နိုင်ပါဘူးဆိုတာတွေပဲ များတယ်။
ကျနော်တို့ လုပ်တဲ့မှန်သမျှမှာ ကြည့်လို့ရှိရင် ငယ်ပါသေးတယ်။ စီနီယာတွေ အများကြီး ကျန်ပါသေးတယ်။ စီနီယာတွေ ကို နေရာပေးပါ ဆိုတာမျိုးပေါ့။ ပြောင်းလဲလို့သာ အော်နေတာ မပြောင်းလဲချင်ကြဘူး။ လက်မခံချင်ကြဘူး။ လက်ခံရဖို့ ခက်နေတယ်။ ဒါကို အသိပညာပေးမှုဖြစ်ဖြစ်၊ တွေ့ဆုံမှုဖြစ်ဖြစ် မီဒီယာတွေမှာ လူငယ်လူကြီးရဲ့ ကွာဟမှုတွေ ကို ထောက်ပြ ဖြေလျှော့နိုင်မယ်ဆိုရင် ပိုပြီး နီးစပ်လာမယ်လို့မြင်တယ်။
လူကြီးတွေကလည်း သူ့ရဲ့ ဖြတ်သန်းမှု အများ ကြီးရှိတော့ သူ့ရဲ့တန်ဖိုးရှိသလို လူငယ်တွေကလည်း အနာဂတ်အတွက် ခြေလှမ်းလှမ်းထား ရမှာ ဖြစ်တယ်လို့ မြင်တယ်။ လူငယ်တွေဟာ ဖြစ်လာတဲ့ ပြဿနာကို တာဝန်ယူရဲတယ်။ ဖြေရှင်းရဲတယ်။ ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း ချပြနိုင်တဲ့ လူငယ်တွေဖြစ်တယ်။ ဒါကြောင့် ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ လူငယ်တွေ ပါဝင်ခွင့် ရာခိုင်နှုန်း မြင့်မြင့် ပေးစေချင်တယ်။
မကြည်ပြာ
ကျောက်တံတားမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
တချို့ဝန်ကြီးဌာနတွေက နည်းနည်းလေး နှေးနှေးကွေးကွေး လေးလေးလံလံ ဖြစ်နေတယ်လို့ ကိုယ့်စိတ်ထဲ မြင်တာပေါ့နော်။ ဘာကြောင့်ဆို ဝန်ကြီးတပါးက သူ့လက်အောက်မှာ တာဝန်ယူထားရတဲ့ ဦးစီးဌာနတွေ တအားများတယ်။ တချို့ အသက်အရမ်းကြီးတဲ့ အခါကျတော့ ဒီဟာတွေ အကုန်လုံးကို လိုက်ပြီး ကိုင်တွယ်နိုင်ဖို့ရန် သူတို့မှာ အခက်အခဲ ရှိနိုင်တယ်။ အခုလိုမျိုး ဒုဝန်ကြီးကို ပညာလည်းတတ်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်နိုင် ကိုင်နိုင်မယ့် ခေတ်အမြင်လည်းရှိမယ့် လူတယောက် ဒီလိုမျိုးဖြစ်လာတာ ကျမတို့ကတော့ အင်မတန် ကြိုဆိုပါတယ်။
သူနဲ့ ရင်းနှီးတယ် မဟုတ်သော်ငြားလည်း ပွဲတွေမှာ သူ့ရဲ့ ဆွေးနွေးချက်တွေ နားထောင် ပြောဆိုနေရတဲ့အပေါ်မှာ သူ့ရဲ့ စေတနာ တစိတ်တပိုင်းပေါ့ အကုန်လုံးတော့ မပြောတတ်သေးဘူး။ သူ့ရဲ့ တကယ်ကို လုပ်ချင်ကိုင်ချင်တဲ့ စေတနာ တစိတ်တပိုင်းလည်း မြင်ဖူးတယ်။ ဘာပဲဖြစ်ဖြစ် ဒါက ကောင်းတဲ့ အလားအလာလို့ မြင်ပါတယ်။
ဖြစ်သင့်တဲ့အပိုင်းက ကြည့်ရင် လူကြီးတွေက ထိန်းကြောင်းတဲ့အပိုင်းက သွားပြီး ဘောလုံးပွဲလိုပေါ့ လူကြီးတွေက မန်နေဂျာတွေအနေနဲ့ တကယ့် ရှေ့တန်းက ကန်မယ့်သူတွေကိုတော့ ဖျတ်ဖျတ်လတ်လတ် သွက်သွက် လက်လက် ခေတ်အမြင်လည်း ရှိမယ်။ ခေတ်အမြင်ရှိရုံနဲ့လည်း မရသေးဘူး။ နိုင်ငံရေးဆိုတာ တကယ့်ကို ပြည်သူကို ချစ်တတ်တဲ့ နိုင်ငံသူ/သား ကောင်းစေချင်တဲ့ စိတ်နှလုံးပါလာဖို့လည်း အရေးကြီးသေးတယ်။ အဲလိုမျိုး လူမျိုးလေးတွေနဲ့ တွဲတွဲပြီး အလုပ်လုပ်သွားမယ်ဆိုရင် အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန် ပိုပြီး လျင်လျင်မြန်မြန် သွားနိုင်မှာပေါ့။
အခုလည်း မလုပ်နိုင်ဘူးတော့ မဟုတ်ပေမယ့် အတိုင်းအတာတခုထိတော့ ဝန်ကြီးဌာနတွေ ပေါင်းလိုက်တာ ရှိတယ်။ ဒုဝန်ကြီးတွေ မရှိတဲ့အပေါ်မှာ တချို့ဝန်ကြီးဌာနတွေမှာ နည်းနည်း လိုအပ်တာလေးတွေ ရှိတာပေါ့။ အခု လေးငါးနှစ်ဆို ဘယ်လူငယ်တွေ လူငယ်တွေမဟုတ်ဘဲ လူကြီးထဲမှာလည်း ဘယ်သူတွေ လုပ်နိုင်တယ်ဆိုတာတော့ ပါတီကလည်း အထိုက်အလျောက် သိပြီးသား ဖြစ်မှာပါ။ ဒါမျိုးလေးတွေနဲ့အတူ ၂၀၂၀ ကျလို့ရှိရင် ပွဲထုတ်နိုင်မယ်ဆိုရင် ပိုအဆင်ပြေတာပေါ့။
ကျမတို့ နိုင်ငံမှာက တကယ် ပြောရမယ်ဆိုရင် အသက် ၃၀ ကျော်တွေဆိုတာ နိုင်ငံရေးနဲ့ တော်တော်ဝေးနေတဲ့ အခြေအနေထဲမှာ ရှိနေသေးတာ။ ဒီ ၃၀ နဲ့ ၄၀ ကြားက မျိုးဆက်တခုက ဟသွားတာ။ ဒီတော့ လူကြီးတွေ အနေနဲ့ကလည်း မြန်မာ့ နိုင်ငံရေးက အခုအချိန်ထိ ကောင်းနေပြီလားလို့ ပြောလို့ရှိရင် အခုချိန်ထိ ဖက်ဒရယ်ဖြစ်ဖို့ ကြိုးစားနေရတဲ့ အချိန်မှာ သူတို့တွေ အနေနဲ့က အတွေ့အကြုံပိုင်းပေါ့ အဲဒီတော့ သူတို့က စိတ်ပူပြီး နိုင်ငံရေးရဲ့ ဖက်ဒရယ် မဖြစ်သေးတဲ့ အပေါ်မှာ မြန်မာ့နိုင်ငံရေးထဲမှာ ပိုပြီး ထဲထဲဝင်ဝင် လုပ်ခဲ့တဲ့ လူကြီးတွေက ပိုပြီး အတွေ့အကြုံ အားဖြင့် ပိုအားကောင်းမယ် ဆိုတဲ့ အမြင်တခု ရှိတာပေါ့လေ။ ဒါကြောင့် ပါတီ တော်တော်များများမှာလည်း ကြည့်လိုက် ခေါင်းဆောင်တွေက လူကြီးတွေ အများကြီး ရှိနေတယ်။
လူငယ်တွေဆိုတဲ့ အခါမှာလည်း ၃၀၊ ၄၀ နဲ့ ၅၀ ပေါ့။ တချို့ကျတော့လည်း တောက်လျှောက် နိုင်ငံရေးမှာ ပါလာတဲ့သူ ရှိတယ်။ တချို့ကျတော့ နိုင်ငံတကာက ပညာတွေသင်ပြီး ပြန်လာတယ်။ နိုင်ငံအတွက် လုပ်ပေးချင်တယ်ဆိုတဲ့ လူမျိုးတွေ ရှိတယ်။ ပြည်သူအပေါ် တကယ် ချစ်တတ်တဲ့သူမှလည်း နိုင်ငံရေးက လုပ်ရတာ အဆင်ပြေတာ။ ဒီတိုင်း ဆို တော်တော်လေး ဖိအားများတဲ့ နေရာတွေဖြစ်တယ်။
အဲဒီအခါကျတော့ တော်ရုံ လုပ်ပေးချင်တယ်ဆိုတဲ့ စိတ်နဲ့ လည်း မရဘူး။ တကယ့်ကို ပြည်သူ လုပ်ပေးချင်တဲ့ စိတ်ရယ်။ ပညာအရည်အချင်းလေး တွေရယ် ပူးပေါင်းလာပြီး တက်တက်ကြွကြွနဲ့ ဆိုရင် ပိုပြီးအရွေ့က မြန်မြန် သွားနိုင်မယ်။ လူငယ် လူလတ်ပိုင်း တွေ စောစောက ပြောသလို နိုင်ငံခြားမှာ ပညာသင်ပြီး ပြန်လာတဲ့သူတွေရော နိုင်ငံရေးမှာ တောက်လျှောက် ပါလာပြီး တစိုက်မတ်မတ် သစ္စာရှိရှိနဲ့ လှုပ်ရှားခဲ့တဲ့သူတွေရော အကုန်လုံးက အတွဲညီညီနဲ့ သွားနိုင်မယ်ဆိုရင် ပိုအဆင်ပြေပါတယ်။
ဦးအောင်မျိုးမင်း
ညီမျှခြင်းမြန်မာ ဒါရိုက်တာ
အစိုးရအပိုင်းမှာ လူငယ်အရွယ်လေးတွေ ပါလာတာ ဝမ်းသာကြိုဆိုတယ်။ လူငယ်ဆိုတာက တချိန်ကျမှ တိုင်းပြည် အပ်ရမှာ မဟုတ်ဘူး။ အခုကတည်းက တိုင်းပြည်မှာ စီမံခန့်ခွဲတဲ့ နေရာတွေ ပေးဖို့ လိုအပ်တာ။ ရန်ကုန်တိုင်း စည်ပင် တုန်းကလည်း ကျနော်တို့ မျှော်လင့်ပေမယ့် မပါခဲ့ဘူး။ ဒါပေမယ့် အခုတယောက် ပါလာတဲ့အထဲမှာ လူငယ်တင် မကဘဲ သူ့ရဲ့ ပညာအရည်အချင်းနဲ့ အတွေ့အကြုံက တော်တော် အားကောင်းတာ ရှိတယ်။ နိုင်ငံတကာ ဝင်တိုးနိုင်မယ့် အနေအထားမျိုး ရှိနေတာ တွေ့တဲ့အတွက် ဝမ်းသာတယ်။ ဒါပေမယ့် လုပ်နိုင်တဲ့ နေရာမျိုးမှာ လူငယ်တယောက်တည်း နဲ့တော့ အစိုးရ ကောင်းမှာ မဟုတ်ဘူး။ လူကြီးတွေ ကိုယ်တိုင်က လူငယ်တွေ နေရာပေးဖို့ရယ်။ လူငယ်တွေရဲ့ အတွေးအမြင် အသိတွေက တခါတလေ လူကြီးတွေနဲ့ မတူဘူး။ အဲဒါကိုလည်း သူတို့အနေနဲ့ နားလည်သဘောပေါက်ပြီး တိုင်းပြည်ကောင်းကျိုးကို လုပ်ဆောင်ပေးမယ်ဆိုရင် လူငယ် များများ ပါလာလေ ကောင်းလေ ဖြစ်မှာပါ။
လူငယ်တွေ ပါလာရင်တော့ လူငယ်တွေ ကိုယ်တိုင်က ကြိုးစားချင်စိတ်ရှိမယ်။ ကျနော်တို့ တိုင်းပြည်မှာက အလုပ်လုပ်ချင်တဲ့စိတ်က တော်တော်အားနည်းတယ်။ အထူးသဖြင့် လူငယ်တွေကြားထဲမှာပေါ့ လုပ်ပေမယ့် လည်း နေရာပေးခံမထိဘူး။ အသိအမှတ်ပြုခံ မထိဘူးဆိုတဲ့ လူငယ်တွေရဲ့အသံကို အမြဲတမ်း ကြားရတယ်။ အဲဒီတော့ လူငယ်တယောက်အနေနဲ့ အခုလို နေရာတွေ ရလာတယ်ဆိုရင် ကြိုးစားချင်တဲ့ လူငယ်တွေက ကြိုးစားကြမှာပဲ။ နောက်ပြီး လူငယ်တွေက တယောက်ကိုတယောက် အတုယူပြီး လေ့လာကြတဲ့အတွက် အခုလိုမျိုး လူငယ်တွေ ပါလာရင် ရွေးကောက်ပွဲမှာ လူငယ်တွေ ပိုပြီးစိတ်ဝင်စားလာမှာ သေချာပါတယ်။
လူငယ်တွေ ပါလာခြင်းအားဖြင့် ခါးမပြတ်ဘူး။ အခု ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အမေစုဆိုလည်း အသက်တော်တော်ကြီးပြီ။ အစိုးရ ဝန်ကြီးအဖွဲ့မှာဆို အသက် ၇၀ ကျော် ၈၀ လောက်ထိတောင် ပါနေတာ ရှိတယ်။ အဲဒီတော့ သူတို့မှာ တိုင်းပြည်ကို လုပ်ပေးချင်တဲ့ ချစ်မြတ်နိုးတဲ့စိတ်က သံသယမရှိဘူး။ ဒါပေမယ့် တခါတလေ အတွေးအခေါ်ဟောင်းနဲ့ စနစ်ဟောင်းရဲ့ ဆွဲဆောင်မှုလို့ ပြောမလား။ အဲဒီရဲ့ လောင်းရိပ်အောက်က မလွတ်နိုင်တဲ့ အခါမှာ လူငယ်တွေက တခါတလေ ပိုပြီး တွေးမြင် လုပ်ကိုင်နိုင်တဲ့ဟာမျိုး အယူအဆ အသစ်တွေ ရှိလာနိုင်တဲ့ အတွက် လူငယ်တွေ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ပါဝင်လာခြင်းအားဖြင့် ပိုမို ကောင်းမွန်မှာပါ။
You may also like these stories:
အသစ်ခန့် ဒုဝန်ကြီး အသက်အငယ်ဆုံး အစိုးရအဖွဲ့ဝင် ဖြစ်လာ