ကလေးတွေက ဒီလူသတ်မှုမှာ လုံးဝမပါဘူး

ကျော်ခ
သေဒဏ်ပြစ်ဒဏ် ချမှတ်ခံထားရသည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း / Reuters
Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း (Koh Tao) လူသတ်မှုနှင့် ပတ်သက်၍ မြန်မာ နိုင်ငံသား နှစ်ဦးဘက်မှ တင်ပြထားသော နောက်ဆုံး အယူခံကို ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံး (High Court) က ယခင်သေဒဏ် အတိုင်း ယနေ့ အမိန့် ချလိုက်သည်။

လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ သေဒဏ်ချမှတ်ခံထားရသော ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့၏ ရှေ့နေများက စာမျက်နှာ ၃၁၉ မျက်နှာ ပါရှိသော နောက်ဆုံး အယူခံလျှောက်ထားမှုအား ဗဟိုတရားရုံး က ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့တွင် လက်ခံ စစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို့ အမိန့်ချလိုက်ခြင်း ဖြစ်သည်။

ထိုအယူခံထဲတွင် မြန်မာ ၂ ဦး သေဒဏ်ချမှတ်ခံရသည့် အမှုသည် မူလကတည်းက ပီပြင်ခိုင်လုံသော အထောက်အထားများ မရှိခြင်း၊ လူသတ်လက်နက်တွင် မျိုးဗီဇ (DNA) မတွေ့ရှိ ခြင်း၊ အဓမ္မပြုကျင့် ခံထားရသော အမျိုးသမီး၏ အဝတ်အစားများကို DNA စစ်ဆေးထားမှု မရှိခြင်း စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

လိပ်ကျွန်း အမှုနှင့် ပတ်သက်ပြီး ဗဟိုတရားရုံးက အမိန့်ချမှတ်လိုက်မှု အပေါ် သဘောထား၊ ရှေ့ဆက်လုပ်ဆောင်မည့် အခြေအနေများနှင့် ပတ်သက်၍ အမှုစဖြစ်စဉ်ကနေ ယနေ့ရုံးချိန်း အထိ လိုက်ပါဆောင်ရွက်ပေးနေသည့် ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့တည်ထောင်သူ ဦးထူးချစ် ကို ဧရာဝတီ သတင်းထောက်ချုပ် ကျော်ခ က မေးမြန်းထားသည်။

မေး ။ ။ အရင်ဆုံး ဒီနေ့တရားရုံးဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဖြေပေးပါဦး။

ဖြေ ။ ။ အဓိကကတော့ အခုဗဟိုတရားရုံးကို တင်ထားတဲ့ အယူခံက ရှူံးတယ်ပေါ့။ ရှူံးတယ် ဆိုတာက အရင်တရားရုံးမှာ ဆုံးဖြတ်ထားတဲ့ အတိုင်းပဲ သေဒဏ်ပေါ့။ ကြားနာမှုကိုတော့ မနက် ၁၀ နာရီကနေပြီး နေ့လည် တနာရီလောက်ထိလုပ်တယ်။ ဗွီဒီယို နဲ့လှမ်းခေါ်ပြီးတော့ ဘာသာပြန်ကနေတဆင့် ကလေးတွေ (ဝင်းဇော်ထွန်းနှင့် ဇော်လင်း) ကို ရှင်းပြတာရှိပါတယ်။

မေး ။ ။ ဒီနေ့ အမိန့်မချခင်အထိ ဦးထူးချစ်တို့ဘက်က ဘယ်လိုမျှော်လင့်ထားလဲ။

ဖြေ ။ ။ ကျနော်တို့ရဲ့ ထိုင်းရှေ့နေကလည်း ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံတကာ တရားစီရင်ရေး ထုံးတမ်းတွေကို ကျင့်ကြံလိမ့်မယ်လို့ မျှော်လင့်ထားတယ်တဲ့ ဒါပေမယ့် အခုလက်ရှိတော့ အဲလိုမျိုးဖြစ်မလာဘဲ သေဒဏ်ပဲ ထပ်ပေးတယ်ဆိုတော့ သူတို့အနေနဲ့ အင်မတန်မှ အံ့သြတယ်ဆိုပြီး ပြောလာတာရှိပါတယ်။

ကျနော်တို့အနေနဲ့ကလည်း နဂိုကတည်းက ဒီကလေးတွေ စဖြစ်ကတည်းက ယုံယုံကြည်ကြည်နဲ့ လုပ်ခဲ့တာပါ။ ကလေးတွေက ဒီလူသတ်မှုမှာ လုံးဝမပါဘူးဆိုတာ ယုံကြည်တော့ တစုံတရာများ လုံးဝကြီး သေဒဏ်မဟုတ်တောင်မှ တခြားလျှော့ရက်တွေများ ရမလားဆိုတဲ့ ဟာမျိုးပေါ့။ မျှော်လင့်ချက်ရှိတယ်။ သေဒဏ်ကနေ တသက်တကျွန်း၊ ဒါမှမဟုတ် နှစ်ရှည် ဖြစ်မလားမျှော်လင့်တယ်။ အခုလိုမျိုးသေဒဏ်ချလိုက်တာကိုတော့ တော်တော်လေး အံ့သြပါတယ်။

သေဒဏ်ပြစ်ဒဏ် ချမှတ်ခံထားရသည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း (ဓာတ်ပုံ – Reuters)

မေး ။ ။ နောက်ဆုံးတင်ထားတဲ့ အယူခံအချက်တွေထဲမှာ အဓိက ဘယ်လိုအချက်တွေ ပါလဲဗျ။

ဖြေ ။ ။ ဒီအမှုကို အဓိကလိုက်တာကတော့ ထိုင်းရှေ့နေပေါ့။ ရှေ့နေတွေ ပြောတဲ့စကားကိုပဲ ပြန်ကိုးကားပြောရမှာပေါ့။ အဓိကကတော့ DNA ကိစ္စပေါ့။ မျိုးရိုးဗီဇနဲ့ ပတ်သက်ပြီးတော့ သူတို့ သေချာပြင်ဆင်တယ်။ နိုင်ငံတကာ DNA ပညာရှင်တွေနဲ့ သူတို့တိုင်ပင်ပြီးတော့ ပြင်ဆင်ပြီးတော့ တင်လိုက်တယ်လို့ ကျနော်တို့ကနားလည်တယ်။ ဘာလို့လဲဆိုတော့ ဒီ DNA နဲ့ပတ်သက်ပြီးတော့ သူတို့က သေဒဏ်ချခဲ့တာဆိုတော့လေ။ DNA စစ်တဲ့ပုံစံ စနစ်မကျဘူးဆိုတာမျိုးပေါ့။ DNA လုပ်ထုံးလုပ်နည်း အကိုးအကားနဲ့ တင်လိုက်တယ်လို့ ကျနော်တို့နားလည်တယ်။

မေး ။ ။ နောက်ဆုံး အယူခံက ရှူံးသွားပြီဆိုတော့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ၂ ဦးလွတ်မြောက်ရေး အတွက် ဘာတွေထပ်ပြင်ဆင်ထားတာရှိမလဲဗျ။

ဖြေ ။ ။ ဒီနေ့ကစပြီးတော့ ရက် ၆၀ အတွင်းမှာ ထိုင်းနိုင်ငံသားတွေနည်းတူ အခွင့်အရေးအရ ထိုင်းဘုရင်မင်းမြတ်ဆီ အသနားခံစာတင်ဖို့ဆိုတဲ့ အခွင့်အရေး တချက်တော့ ကျန်သေးတယ်။ အဲဒီ အသနားခံစာ တင်ဖို့ အခုလည်း ကျနော်ထိုင်းရှေ့နေတွေနဲ့ တွေ့ပြီးပြန်လာတာဆိုတော့ သူတို့ အကြံပေးတာကတော့ အခုသေဒဏ်ပေးခံရတဲ့ ၂ ယောက်ထက်၊ သူတို့ မိသားစုတွေထက် စာလို့ရှိရင် မြန်မာအစိုးရက သူတို့ရဲ့ ကိုယ်စား ထိုင်းဘုရင်မင်းမြတ်ဆီမှာ အသနားခံစာ တင်လို့ ရှိရင် ပိုထိရောက်မယ်။ ပိုလည်းအကျိုးရလဒ် ရှိနိုင်တယ်လို့ သူတို့အနေနဲ့ အကြံပြုတယ်။

ဒီနေ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံမှူးကြီး တယောက်လည်း လာတာတွေ့တော့ ဇော်လင်းကလည်း မြန်မာ အစိုးရအနေနဲ့ သူတို့ကတကယ် မသတ်ခဲ့ဘူး။ မြန်မာအစိုးရနေနဲ့ ကူညီပေးပါဦးဆိုပြီးတော့ ပြောလိုက်တယ်။ သံမှူးကြီးကလည်း ဟုတ်ကဲ့ပါ။ ကျနော်လည်း တတ်နိုင်သလောက် ကူညီမယ် ဆိုပြီးတော့ ပြောသံကြားတယ်။

ဆိုတော့ ကျနော်တို့အနေနဲ့ကတော့ ပြည်ထောင်စုအစိုးရအနေနဲ့ ဒီကိစ္စကို နိုင်ငံတော် အနေနဲ့ ထိုင်းဘုရင်မင်းမြတ်ဆီမှာ အသနားခံစာ တင်ပေးဖို့ ကျနော်တို့ အနေနဲ့ မေတ္တာရပ်ခံစာ ပေးပို့သွားဖို့ ပြင်ဆင်ထားပါတယ်။

မေး ။ ။ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့ ကျန်းမာရေး အခြေအနေကဘယ်လိုရှိလဲ။ သေဒဏ်အမိန့် ထပ်ချလိုက်တဲ့ အပေါ်မှာရော သူတို့ ဘယ်လိုဖြစ်သွားလဲ။

ဖြေ ။ ။ စစပိုင်း တွေ့လိုက်တဲ့ အချိန်မှာ ရုပ်ပိုင်းဆိုင်ရာကြည့်လိုက်တော့ သူတို့ ကျန်းမာရေး ကောင်းတယ်။ နောက်ဆုံး အမိန့်ချပြီးတဲ့ အချိန်မှာ စိတ်ထိခိုက်သွားတဲ့ပုံမြင်လိုက်ရတယ်။ ဥပမာ ဇော်လင်းကနေ တရားသူကြီးကို လှမ်းမေးတယ်။ ကျနော်တို့ကို ဆေးထိုးသတ်မှာလား ဆိုတဲ့ ဟာမျိုး ဖြစ်တယ်။ နောက်တခုက ဇော်လင်းကပဲ သံမှူးကြီးကို ကျနော်တို့ တကယ် မသတ်ခဲ့ဘူး။ ကျနော်တို့ကို အစိုးရအနေနဲ့ ကူညီပါဆိုတာ ပြောလိုက်တာ ကြားတယ်။

နောက်တော့မှ ကျနော့်ကို မှာတယ်။ ဦးလေး ကျနော်တို့ အမေတွေကို ပြောလိုက်ပါ။ ကျနော်တို့ ဘာမှမဖြစ်ပါဘူး။ ကျန်းမာရေး ဂရုစိုက်ပြီးတော့ ကောင်းကောင်းနေဖို့ဆိုတဲ့ဟာမျိုးတွေကို ကျနော်က တဆင့် အပြောခိုင်းလိုက်တယ်။

သေဒဏ်ပြစ်ဒဏ် ချမှတ်ခံထားရသည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း (ဓာတ်ပုံ – Reuters)

မေး ။ ။ အယူခံရှူံးနိမ့်သွားတဲ့ အပေါ်မှာ ဘာများပြောချင်လဲ။

ဖြေ ။ ။ စဖြစ်ကတည်းကိုက ကလေးတွေက မသတ်ခဲ့ဘဲနဲ့ ပြီးခဲ့တဲ့ အစိုးရတုန်းကတော့ တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်း ပံ့ပိုးတာ ရှိတယ်ဗျ။ လက်ရှိ အစိုးရလက်ထက်မှာကြတော့ ပြည်ထောင်စု အဆင့်ကနေပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ မရှိသလောက်ဖြစ်တယ်။

ဆိုလိုချင်တာကတော့ ကျနော်တို့ မြန်မာ အစိုးရဘက်ကလည်း စိတ်ဝင်စားမှု အားနည်းနေတာ ကလည်း ကလေးတွေကို အခုလိုမျိုး လက်လွတ်စပယ် အတင်းချလိုက်တာများ ဖြစ်နိုင်မလားပေါ့။ ဒါကတော့ ကျနော်တို့ အနေနဲ့ စဉ်းစားမိတာပါ။

ဒါကြောင့်မလို့ လိပ်ကျွန်းလူသတ်မှု သေဒဏ်ပေးခံရတာကို နမူနာယူပြီးတော့ မြန်မာအစိုးရအနေနဲ့ နိုင်ငံခြားတွေမှာ သွားရောက် လုပ်ကိုင်စားသောက်နေတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို စံနစ်တကျ အကာအကွယ်ပေးဖို့ လိုပြီလို့ ကျနော့် အနေနဲ့ ပြောချင်ပါတယ်။

You may also like these stories:

လိပ်ကျွန်းအမှု နောက်ဆုံး အယူခံ ရှူံးနိမ့်၊ ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံမည်

ထိုင်း လိပ်ကျွန်း လူသတ်မှု တရားမျှတမှုနှင့် အဆုံးသတ်နိုင်မလား

လိပ်ကျွန်း လူသတ်မှု သေဒဏ်ကျသူများ အယူခံ ရလဒ် စောင့်ရင်း ထိတ်လန့်တုန်လှုပ်နေ

နောင်း လူသတ်မှုမှ စွပ်စွဲခံရသူ မြန်မာများ အယူခံနိုင်၍ ပြန်လည်လွတ်မြောက်

လိပ်ကျွန်းလူသတ်မှု သေဒဏ်ကျ ၂ ဦး လွတ်မြောက်ရေး မျှော်လင့်ဆဲ

Did you find apk for android? You can find new Free Android Games and apps.
Loading