မျဉ်းပြိုင်မသွားဘဲနဲ့ ဆုံရပ်တခုကို  ဦးတည်သွားသင့်တယ် 

ငြိမ်းငြိမ်း
KNU အထွေထွေ အတွင်းရေးမှူး ဖဒိုစောတာဒိုးမူး / ငြိမ်းငြိမ်း / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ရပ်တည်ချက် သဘောထား၊ စိန်ခေါ်မှုတွေအကြောင်း KNU အထွေထွေ အတွင်းရေးမှူး ဖဒိုစောတာဒိုးမူးနှင့် ဧရာဝတီသတင်းဌာန တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နှုတ်ဖော်ပြပါသည်။

မေး။ NLD အစိုးရလက်ထက်မှာ ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် တွေကို ပြန်လည်သုံးသပ်သင့်တယ်ဆိုပြီး အဆိုပြုထားတာ ရှိတယ်။ အဲဒီလို သုံးသပ်မှုတွေ ကလည်း ဒီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်းကြား မှာရော အစိုးရနဲ့ ရော လုပ်ဖို့လို့ တစိုက်မတ်မတ်ပြောနေတာ ဖြစ်တယ်။ KNU ကိုယ်တိုင်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကနေ ခဏ ရပ်ဆိုင်းထားခဲ့တာမျိုး ရှိခဲ့တယ်။ ဘာတွေက အဓိက ပြန်လည် သုံးသပ်ဖို့ လိုအပ်နေတာလဲ။

ဖြေ။ အဓိကက ပြန်လည်သုံးသပ်ပြီးတော့ ပြန်ပြီးတော့ ကျနော်တို့ တရားဝင်မှု ဖြစ်အောင် ပြန်လုပ်ရမယ့်အပိုင်း ၂ ပိုင်းရှိတယ်။ ပထမအပိုင်းကတော့ အပစ်ခတ်ရပ်စဲရေးပိုင်းမှာ အကောင်အထည်မဖော်နိုင်တဲ့ ကိစ္စတွေကို အကောင်အထည်ဖော်ဖို့။ ဘာလို့လဲဆို ကျနော်တို့ လက်မှတ်ထိုးပြီးပြီ။ commitment (ကတိကတဝတ်ပြု) လုပ်ထားပြီးပြီ။ အကောင်အထည်ဖော်မယ်။ အပစ်ခတ်ရပ်စဲရေး စာချုပ်တခုဟာ အကောင်အထည်ဖော်မှု မလုပ်နိုင်ရင် ဒီစာချုပ်က failed ဖြစ်ဖို့ပဲ (ပျက်ဖို့ပဲ) ရှိတာပေါ့။ အဲဒါကို အကောင်အထည်ဖော်နိုင်အောင် ကျနော်တို့ လုပ်ရမယ်။

အဲဒါ နံပါတ် ၁ အပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်တဲ့ NCA အပိုင်းတပိုင်း။ ဒုတိယ NCA ရဲ့ အရေးကြီးတဲ့အပိုင်းက နိုင်ငံရေးဆွေးနွေးတဲ့ အပိုင်း ဖြစ်ပါတယ်။

နိုင်ငံရေးဆွေးနွေးပိုင်းမှာလည်း ကျနော်တို့ framework (မူဘောင်) ကိုတော့ ရေးဆွဲထားတယ်။ ဒါပေမယ့် framework (နိုင်ငံရေးဆွေးနွေးမှု မူဘောင်) က နောက်ဆုံးက အစည်းဝေးတွေ ဘယ်လို ကျင်းပမလဲ ဆိုတဲ့ အဆင့်ပဲ ပါပြီးတော့ ဖယ်ဒရယ်ရောက်အောင် ဘယ်လိုဆွေးနွေးမလဲဆိုတဲ့ အချက်တွေ မပါတဲ့အတွက်ကြောင့် ကျနော်တို့ အဲဒီအပိုင်းကို ပြန်ပြီး ထည့်သွင်းပြီးတော့ အဲဒါကို လက်ခံခြင်း မခံခြင်းကို ခု ဆွေးနွေးနေတာပေါ့။ အခု နောက်ဆုံး တွေ့လိုက်တဲ့ (သြဂုတ်လ ၂၀) ပွဲမှာတော့ သူတို့ ဒီ အခြေခံကို လက်ခံတယ်။ အဲဒီတော့ ဒါကို ကျနော်တို့ ဆက်ပြီးတော့ အလွတ်သဘောတွေ ဆက်တွေ့ရဦးမယ်။

ဧပြီလ ၁၁ ရက်နေ့မှာ ကျနော်တို့ရဲ့ အဆင့်လေးဆင့်ပါတဲ့ ပရိုပိုဇယ်ကို NRPC ကို နေပြည်တော်မှာ ကျနော်တို့ ပေးခဲ့တာကိုး။ အဲတုန်းက အစိုးရဘက်က ဒါကို လက်ခံဆွေးနွေးပါမယ်ဆိုပြီးတော့ အထက်ကိုလည်း ဆက်လက်တင်ပြပါမယ်ဆိုပြီးတော့ ကျနော်တို့ ပြန်လာခဲ့တယ်။ နောက် ဇွန်လကျမှ  သူတို့ (အစိုးရ)ဘက်ကနေပြီးတော့ UPDJC အတွင်းရေးမှူး အလွတ်သဘော အစည်းအဝေးမှာ အဲဒီ ပြန်ပြီးတော့ အဆိုပြုချက် တင်လာတယ်။ ကျနော်ကလည်း UPDJC အတွင်းရေးမှူးတယောက်ပဲ။ အဲဒီ နေ့က ကျနော်တို့ အဖွဲ့အစည်းတွင်းမှာ အစည်းဝေးရှိနေတဲ့အတွက် ကျနော်မသွားနိုင်ဘူး။

အဲဒီ ပရိုပိုဇယ်ကလည်း EAOs တွေကနေတဆင့် ကျနော်တို့ဆီ ရောက်လာတယ်။ ရောက်လာတော့ အဲဒါကို ကျနော်တို့ မေးတာပေါ့နော်။ ဒီဟာက ကျနော်တို့ အပေါ်မှာ ပြန်ပေးတဲ့ ကောင်တာ ပရိုပိုဇယ်လားပေါ့။ သူတို့ (အစိုးရ) ကတော့ ဟုတ်ပါတယ်တဲ့။ ခင်ဗျားတို့ရဲ့ ပရိုပိုဇယ်အပေါ်မှာပဲ အခြေခံပြီး စဉ်းစားတာ ဖြစ်ပါတယ်တဲ့။

ဒါပေမယ့် ကျနော်တို့ သွားလိုတဲ့ အခြေခံကတော့ ဒီ ဖယ်ဒရယ်ကိုရောက်ရှိအောင် ချီတက်တဲ့လမ်းကြောင်းကို ရှင်းရှင်းလင်းလင်းလေး ဖော်ပြထားတာပေါ့။ ဒါပေမယ့် သူတို့ ပရိုပိုဇယ်မှာတော့ သိပ်ပြီးတော့ ရှင်းရှင်းလင်းလင်း မရှိဘူး။ UPC (ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပဖို့) သွားဖို့လောက်ပဲ ဦးတည်တဲ့ သဘောမျိုးကို မြင်ရတယ်။ ကျနော်တို့ကတော့ UPC တပွဲတင်မကဘဲနဲ့ UPC ပေါင်းများစွာကို ကျော်ဖြတ်ပြီး တကယ့် စစ်မှန်တဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို ထူထောင်နိုင်ဖို့အတွက် ကျနော်တို့က လမ်းခင်းထားတဲ့ အပိုင်းတွေကို ခု ကျနော်တို့ ဆွေးနွေးဖို့ ရှိပါတယ်။

မေး။ KNU ကနေ နိုင်ငံရေးဆွေးနွေးမှုတွေကနေ ခဏရပ်ထားမယ်ဆိုပြီး ကြေငြာတဲ့ အောက်တိုဘာလကုန်ပိုင်းကစပြီး ဆိုရင် ဒီအလွတ်သဘောဆွေးနွေးမှုတွေကို ဖဒိုစောတာဒိုမူးကပဲ အများဆုံး ဦးဆောင်ပြီးဆွေးနွေးတာ တွေ့ရတယ်။ ဒီ ၁၀ လလောက် ဆွေးနွေးမှုကနေ တဆင့် ဘာရတယ်လို့ အတိုချုပ်ပြောလို့ရမလဲ။

ဖြေ။ အကျဉ်းချုပ်ပြောရမယ်ဆိုရင် ကျနော်တို့ မျှော်မှန်းတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ပုံဖော်နိုင်တဲ့ ဒီဖယ်ဒရယ် တည်ဆောက်ရေးဆိုင်ရာ မူဘောင်တခုကို ကျနော်တို့ ဆွေးနွေးနိုင်ဖို့အတွက် သဘောထား ကျတယ်လို့ပဲ ကျနော်တို့ ပြောလို့ရပါတယ်။

မေး။ KNU နဲ့ တပ်မတော်နဲ့ ထိတွေ့တိုက်ပွဲဖြစ်တာတွေ အောက်ခြေမှာ တပ်မဟာ ၅ ဒေသမှာ ကျမတို့ ကြားနေရတဲ့ သတင်းတွေရှိတယ်။ အဲဒီဒေသက ခုလက်ရှိ အခြေအနေလေးတွေကို ရှင်းပြပေးပါဦး။

ဖြေ။ ဟုတ်ကဲ့။ တပ်မဟာ ၅ (ကရင်ပြည်နယ် ဖာပွန်ခရိုင်) တင်မကပါဘူး။ ခု တပ်မဟာ ၃ (ပဲခူးတိုင်း) မှာပါ ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ၂ လလောက်အတွင်းမှာပဲ စခန်းအသစ် ၅ ခု ထပ်ပြီးတော့ တိုးလာပါတယ်။ အဲဒါက တပ်မဟာ ၅ မှာ လမ်းဖောက်တဲ့ ကိစ္စ ရပ်သွားပြီးတော့ ဒီ တပ်မဟာ ၃ မှာ လမ်းဖောက်တာ ပြန်လုပ်ပြန်ရော။ အဲဒီတော့ ပြန်လုပ်တဲ့အတွက်ကြောင့် ကျနော်တို့ အောက်ခြေကလည်း အဲဒါကို ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်ရင်းနဲ့ အဲဒါကို နောက်ဆုံး ထိတွေ့မှုလေးတွေ ကြိုကြားကြိုကြားတော့ ဖြစ်တာ ရှိတယ်။ ဒါပေမယ့် နှစ်ဖက်ကတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ထိန်းထားကြပါတယ်။

အခု ကျောက်ကြီးကနေ အရှေ့ရိုးမတောင်ကြောကိုတက်လိုက်ရင် မူသယ်ဆိုတဲ့ လမ်း ရှိတယ်။ မူသယ်ကနေ ဆက်သွားရင် တပ်မဟာ ၅ ဂွင်ထဲ ဝင်သွားတယ်။ ကျနော်တို့ တပ်မဟာ ၅ နဲ့ တပ်မဟာ ၃ နဲ့က KNU ရဲ့ နယ်နိမိတ်အရဆိုရင် နယ်နိမိတ်ချင်း ဆက်စပ် နေတယ်။ တပ်မဟာ ၃ ကျော်သွားရင် တပ်မဟာ ၅ ထဲ ရောက်သွားတယ်။ ကားလမ်းဖောက်တဲ့ နေရာက တပ်မဟာ ၅ အထဲကို ရောက်သွားတာပေါ့။

အခုကတော့ ဒီ ကျောက်ကြီးကနေ စထွက်တာနဲ့ (ပဲခူးရိုးမ) တောင်ပေါ်တက်တာနဲ့ အဲဒီလမ်းကြီးကို စပြီး သူတို့က ပြန်လုပ်တယ်။ ပြန်လုပ်တော့ ကျနော်တို့ NCA အရဆိုရင်လည်း ပြောရမယ်ဆိုရင် ဒါက ညှိနှိုင်းဆောင်ရွက်ရမယ်ဆိုတဲ့ အခြေခံရှိတယ်။ အဲဒါကို ညှိနှိုင်းဆောင်ရွက်မှု မရှိဘဲနဲ့ အကြောင်းကြားတဲ့ အဆင့်လောက်ပဲ ဖြစ်တော့ အဲဒါကိုလည်း ကျနော်တို့ဘက်က ကန့်ကွက်ထားတာ ရှိတယ်။

သူတို့ဘက်က ဒါကတော့ ဖွံ့ဖြိုးရေးကို အခြေခံပြီးလုပ်ပါတယ် ပြောတယ်။ ဖွံ့ဖြိုးရေးဆိုရင် ဒါက စစ်တပ်နဲ့ မဆိုင်ဘူး။ အစိုးရက လုပ်ရမှာ။ ဒါပေမယ့် အစိုးရ တကယ်လုပ်တယ် ဆိုရင်လည်း ပြည်သူလူထုရဲ့ သဘောတူညီချက်နဲ့ အထူးသဖြင့် အပစ်ခတ်ရပ်စဲရေး နယ်မြေ ဖြစ်တဲ့ အတွက်ကြောင့် သေချာညှိနှိုင်းတိုင်ပင်မှု ရှိဖို့ လိုတယ်။

အဲဒီအခြေခံတွေ မရှိဘဲနဲ့ လုပ်နေတဲ့အတွက်ကြောင့် အခု အောက်ခြေမှာတော့ ဒါနဲ့ပတ်သက်လို့ ဝိဝါဒ ကွဲပြားနေတယ်။ အခု သူတို့ အင်အားတိုးချဲ့တာတွေ ကျနော်တို့ ကြုံနေရတယ်။ ဒါကြောင့် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲတွေ အမြန်ဆုံး ဖြစ်နိုင်အောင် ကြိုးစားနေတာ ရှိတယ်။ အခုထိတော့ မဖြစ်သေးပါဘူး။

မေး။ ၂၀၁၈ မှာ KNU တပ်ဖွဲ့ဝင်တွေနဲ့ အစိုးရတပ်တွေ ဒီလိုလမ်းတွေ ဖောက်တဲ့အပေါ် တိုက်ပွဲဖြစ်တော့ ဒေသခံတွေ ပြေးရတယ်။ ပြန်ပြီးတော့ စစ်ရှောင် ဖြစ်ရတယ်။ အခု လက်ရှိ ဒေသခံတွေရဲ့ လုံခြုံရေးကို KNU အဖွဲ့အစည်းအနေနဲ့ တာဝန်ယူထားတာ ရှိလား။

ဖြေ။ ရှိပါတယ်။ အဲဒီလမ်း ဖောက်တဲ့အတွက်ကြောင့် ပထမဆုံး နစ်နာမှုက သူတို့ မြေယာတွေပေါ့နော်။ ဘေးမှာ ရှိတဲ့ခြံတွေဘာတွေ ထိုးသွားတာ ဖြစ်ပေမယ့် နောက်ပိုင်း နှစ်ဖက်က ဒီ ညှိနှိုင်းနိုင်တဲ့အနေအထားက မရတော့ နောက်ဆုံး အောက်ခြေမှာ တိုက်ခိုက်မှုလေးတွေ နည်းနည်းပါးပါး ဖြစ်လာတာ ရှိပါတယ်။ အဲဒါကို သူတို့ကို အခု NCA-IDP (အန်စီအေ စစ်ဘေးရှောင်) လို့ ခေါ်နေကြတယ်။ အဲဒါ ပြီးခဲ့တဲ့ ၂ လလောက်ကတည်းက ကျောက်ကြီးမှာ။ မူသယ်ဂွင်မှာ ဖြစ်သွားတာ။ NCA-IDP ဆိုတော့လည်း အဲဒါ သိပ်တော့လည်း မကောင်းဘူးပေါ့နော်။

မေး။ NCA စစ်ဘေးရှောင်ဆိုတာနည်းနည်း တိတိပပ ဖြေပေးပါလား။ ဘယ်ဒေသက လူတွေ ဒီလိုဒုက္ခ ခံစားနေရတာလဲ။

ဖြေ။ မူသယ်ဂွင်ကလို့ ပြောလို့ရတယ်။ အဲဒီမှာ ရွာလေးတွေ ၂-၃ ရွာ ရှိတယ်။ အဲဒီရွာမှာ လူဦးရေက ၄ ရာလောက်ရှိမယ်။ သူတို့ကတော့ ပြောင်းရွှေ့ကုန်ပြီ။ ကြောက်ပြီးတော့။ မူသယ်ဆိုတာက KNU ရဲ့  administration (အုပ်ချုပ်ရေးအပိုင်) ထဲမှာဆို ကျေးရွာအုပ်စု။ မူသယ်ကျေးနယ် ပေါ့။ သူက ကျောက်ကြီး အရှေ့ဘက် တောင်ပေါ်မှာ ရွာရှိတယ်။ အဲ့ရွာတဝိုက်မှာ ရွာတွေရှိတယ်။ အဲဒီ ကားလမ်းက အဲဒီမူသယ်ကို ဖြတ်ရတယ်။ အဲဒီနေရာမှာ ရွာလေးတွေ ရှိတယ်။ မူသယ်ထဲက တချို့နဲ့ အဲ့ရွာလေးတွေက ရှောင်သွားကြတာ ဖြစ်တယ်။ နဂိုကလည်း အဲ့ဒီရွာလေးတွေက ဒီလို စစ်အတွေ့အကြုံတွေ ရှိနေကြတော့  ဖြစ်မယ်ဆိုရင် သူတို အခုလိုမျိုး ဖြစ်တဲ့အခါကျရင် သူတို့ ရှောင်သွားကြတယ်။

မေး။ အဓိက NCA လက်မှတ်ထိုးလိုက်တယ်ဆိုတာ ပြည်သူလူထုတွေရဲ့ ဘ၀ ငြိမ်းချမ်းရေး အသီးအပွင့်တွေ ခံစားရဖို့ ဆိုပြီး ပြောကြတယ်။ တကယ်တမ်း အခုလို ဒုက္ခသည်တွေ တောင် ပြန်ဖြစ်နေရတယ်ဆိုတော့ ဒီအပေါ် ဖဒို့အနေနဲ့ ဘယ်လိုမျိုး ပြောချင်လဲ။

ဖြေ။ ပထမဆုံး ပြောချင်တာက အားမလို အားမရ ဖြစ်တယ်။ စိတ်မကောင်းဖြစ်တာ ပေါ့နော်။ နောက်ပြီးတော့ တဖက်မှာလည်း NCA ကို အတူ အကောင်အထည်ဖော်ဖို့ သန္နိဌာန်ချပြီးတော့ လက်မှတ်ရေးထိုးထားပြီးတော့ တကယ်တမ်း ကျတော့ ဆွေးနွေးရမယ့် အပိုင်းတွေ မဆွေးနွေးရဘဲ ဒီလိုမျိုး လိပ်ခဲတည်းလည်း ဖြစ်ပြီးတော့ နောက်ဆုံး သူတို့ မတူညီတဲ့ပုံစံနဲ့ အဓိပ္ပါယ်ဖော်နေတဲ့ အပိုင်းတွေကလည်း ဒါတွေက အများကြီးကို ဒီ ယုံကြည်မှု တည်ဆောက်မှု အပိုင်းမှာတော့ တော်တော်ကို ထိခိုက်ပါတယ်။

အထူးသဖြင့် အောက်ခြေပိုင်းကို ပြန်ထိန်းရတာ တော်တော်ခက်ပါတယ်။ ဒါပေမယ့် အောက်ခြေ ရဲဘော်တွေကတော့ လိုက်နာကြပါတယ်။ ကြိုးစားပြီးတော့တော့ ထိန်းကြပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်က ကြိုးစားပြီးတော့ ထိန်းပြီးတော့ တဖက်မှာ ဆွေးနွေးပွဲတွေ ဖြစ်အောင် ကြိုးစားနေတဲ့ အဆင့်ရှိပါတယ်။ ဒါကြောင့် ခုနက ပြောတဲ့ အဆင့် လေးဆင့်ဆိုတာမှာ အပစ်ခတ်ရပ်စဲရေး ခိုင်မာရေးဆိုတာ အရမ်းအရေးကြီးတယ် ဆိုတာ အဲဒါကို ပြောချင်တယ်။

မေး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ အပစ်ရပ် ၁၀ ဖွဲ့ထဲမှာ KNU ကို အစိုးရကလည်း ဘာဖြစ်ဖြစ် အလေးထားတယ်။ KNU ဥက္ကဋ္ဌကြီး စောမူတူးစေးဖိုးနဲ့ ဆိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အမြဲ တွေ့ဆုံတာရှိတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အားလုံးက စောင့်ကြည့်နေကြတာပေါ့နော်။ KNU ဘာပြောလဲ။ ဘာဖြစ်လဲဆိုတာ။ KNU ရဲ့ ဆုံးဖြတ်ချက်တွေ အကုန်လုံးက ဒီဘက်မှာ သက်ရောက်မှု ရှိသလို ဖြစ်တယ်။ KNU ကရော မြန်မာတပြည်လုံးမှာ ငြိမ်းချမ်းရေးဖြစ်စဉ် ဖြစ်ဖို့အတွက် ဘယ်လို အခန်းကဏ္ဍကနေ ရှိနေတယ်လို့ ကိုယ့်ကိုယ်ကို ယူဆထားလဲ။

ဖြေ။ ကျနော်တို့ကတော့ ရှင်းရှင်းပြောရင် ကျနော်တို့ရဲ့ KNU ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲမှာလည်း ပြောထားတာ ရှိပါတယ်။ ကျနော်တို့ရဲ့  နိုင်ငံရေး ရည်မှန်းချက်က ကရင် တမျိုးသားလုံးနဲ့ တိုင်းရင်းသားတွေ အားလုံး ဒီမိုကရေစီနဲ့ ဖယ်ဒရယ် အခွင့်အရေးကို ခံစားခွင့်ရှိရမယ် ပြောတာကို။ အဲဒီတော့ ကျနော်တို့ ကရင်လူမျိုးတွေကလည်း မြန်မာပြည် တနံတလျား  အထူးသဖြင့် မြန်မာပြည် အောက်ပိုင်းမှာ နေရာတိုင်းမှာလိုလို ရှိနေတဲ့အခါ ကျတော့ ကျနော်တို့ ကရင်လူမျိုးတွေရဲ့ နိုင်ငံရေး ရည်မှန်းချက်နဲ့ မြန်မာလူထုရဲ့ နိုင်ငံရေး ရည်မှန်းချက်က တထပ်တည်း ဖြစ်ပါတယ်။

အဲဒီတော့ ဒီအခြေခံပေါ်မှာ မူတည်ပြီး ကျနော်တို့ အားလုံး အတူတကွ လုပ်ဖို့ လိုပါတယ်။

အဲဒီအတွက်ကြောင့် ကျနော်တို့ အနေနဲ့ကတော့ ကျနော်တို့ ဒီနိုင်ငံပြန်လည်တည်ဆောက် ရေးမှာ ကရင်လူမျိုးတွေအနေနဲ့ KNU အနေနဲ့ တတပ်တအားနဲ့ အဓိက အရေးပါတဲ့နေရာ မှာ ပါဝင်လုပ်ဆောင်နိုင်တယ်ဆိုတာကိုတော့ ကျနော်တို့ ဂုဏ်ယူနိုင်သလို တဖက်မှာလည်း တော်တော်တော့ ပင်ပန်းပါတယ်။ သိပ်တော့လည်း လွယ်တဲ့အလုပ်မဟုတ်ဘူး။ ဆိုတော့ ဒီဟာအပေါ်မှာလည်း ကျနော်တို့ ကြိုးကြိုးစားစားနဲ့ သန္နိဌာန်ချပြီး လုပ်တဲ့ရည်မှန်းချက်ကတော့ ကျနော်တို့ အားလုံးမှာ ရှိကြပါတယ်။

မေး။ KNU အဖွဲ့အစည်းရဲ့ အထွေထွေ အတွင်းရေးမှူးအနေနဲ့ တာဝန်ယူနေတဲ့ တလျှောက် ကိုယ့်ကြုံရတဲ့ အဓိကစိန်ခေါ်မှု အခက်အခဲက ဘာလို့ ပြောနိုင်မလဲ။

ဖြေ။ စိန်ခေါ်မှု အခက်အခဲက အဓိကကတော့ ကျနော်တို့ ဒီ တွေးခေါ်မှု ပိုင်းဆိုင်ရာမှာ ကျနော်တို့ မတူညီတဲ့အပိုင်း၊ ညှိနှိုင်းတဲ့အပိုင်းမှာ အရမ်းစိန်ခေါ်မှု ရှိပါတယ်။ ဒါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရယ်လို့ ဖြစ်လာတဲ့အခါ နိုင်ငံတကာမှာလည်း ဒီလိုမျိုးပဲ။ သူတို့ peace process (ငြိမ်းချမ်းရေးဖြစ်စဉ်) တွေမှာ တွေ့ရတာ ရှိပါတယ်။ တကယ်တမ်း peace process (ငြိမ်းချမ်းရေးဖြစ်စဉ်) တွေ ကြုံလာတဲ့အခါကျရင် ဒီ ဖြစ်ပေါ်လာတဲ့ အနေအထားမှာ အချင်းချင်းမှာ ပြန်ပြီးညှိနှိုင်းရတဲ့အပိုင်းတွေက အရမ်းကို stress (ဖိအား) ဖြစ်ပါတယ်။ တဖက်မှာလည်း အစိုးရနဲ့ ကျနော်တို့ ညှိနှိုင်းတဲ့အပိုင်းမှာလည်း stress (ဖိအား) က ရှိတယ်။ ဒါတွေက စိန်ခေါ်မှုတွေပဲ။ ဒါတွေက ကျော်လွှားဖို့ပါပဲ။

မေး။ NCA အရပဲ ဒေသခံတွေ နေရပ် ပြန်မယ်ဆိုရင် ဒေသခံတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး၊ နောက် နေရေးထိုင်ရေးပေါ့။ အဲလို ကိစတွေကို စီစဉ် ဆောင်ရွက်ပေးရမယ့် ကဏ္ဍတွေပါတယ်ဆိုတာ သိထားတယ်။ ဒေသခံတွေမှာပဲ ခုနက ဖဒို ပြောသွားတဲ့ထဲမှာ ပါသလို ဒီလို စစ်ပွဲတွေ ထပ်ထပ်ဖြစ်လာတဲ့အတွက်ကြောင့် သူတို့ ရှောင်ပြေးနေရတယ် ဆိုရင် သူတို့ရဲ့ မြေယာအပြင် ရပ်တည်ရေး။ နေရေးထိုင်ရေး စားသောက်ရေး အတွက် ဘယ်လို KNU က ဘယ်လို စနစ်တွေနဲ့ ထောက်ပံ့ပေးတာရှိလဲ။

ဖြေ။ ကျနော်တို့ KNU မှာ မြေယာခွဲဝေသုံးစွဲမှုဆိုင်ရာ မူဝါဒ ရှိပါတယ်။ ဒီမူဝါဒကို အခြေခံပြီးတော့လည်း ကျနော်တို့ အစိုးရ နဲ့ ညှိနှိုင်းဆွေးနွေးတဲ့အခါ ဒါကို ကိုင်ပြီး ကျနော်တို့ ကြိုးစားညှိနှိုင်းနေတာပေါ့နော်။  ဒါပေမယ့် တကယ်တမ်းကျတော့ ကျနော်တို့ နယ်မြေထဲမှာ ဒီစီမံခန့်ခွဲမှုက ပြသနာ မရှိပေမယ့် တကယ်တမ်း ဒီကိစ္စကို အစိုးရနဲ့ ထိစပ်နယ်မြေတို့ အဲလို အပိုင်းတွေမှာတော့ အများကြီး စိန်ခေါ်မှုတွေ ရှိပါတယ်။

အထူးသဖြင့် အခု ကျနော်တို့ ဘာရင်ဆိုင်ရလဲဆိုတော့ ပဲခူးတိုင်းဘက်မှာပဲ သတင်းတွေ တက်လာတာရှိတယ်။ ကျနော်တို့ ပြည်သူလူထုရဲ့ စားကျက်မြေပေါ့။ ဘိုးစဉ်ဘောင်ဆက် စားကျက်မြေအဖြစ် ထားတဲ့နေရာတွေကို  ဒီ သက်ဆိုင်ရာအာဏာပိုင်တွေကနေပြီးတော့ ခွဲစိတ်ပြီး တခြားရွာလူထုတွေကို ပြန်ပြီး ခွဲဝေပေးတဲ့ဟာ ပြန်ကြားရတော့ ဒါတွေက ရှင်းရှင်းပြောရရင် တဖက်ကမှာ သူတို့ မတည်ငြိမ်သေးတဲ့ကာလ။ NCA အရ ကျနော်တို့ ဘယ်လိုမှ အဖြေမရှာနိုင်သေးတဲ့ကာလမှာ ဒီဟာတွေ ဝင်ပြီးတော့ လုပ်တာတွေ ကတော့ တော်တော်ကြီးကို ဆိုးဝါးပါတယ်။

ဒီလိုကိစ္စနဲ့ပတ်သက်လို့လည်း ဒါက ရှင်းရှင်းပြောရင် ၂၀၁၈ ခုနှစ် မြေယာပြင်ဆင်ရေး ဥပဒေ နဲ့လည်း တိုက်ရိုက်သွားပတ်သက်တာပေါ့နော်။ ဒီလိုကိစ္စ တွေကိုလည်း ကျနော်တို့က အစိုးရကို ဆွေးနွေးဖို့ တောင်းဆိုထားပါတယ်။ ဥပမာအားဖြင့် ဒါက အစိုးရတို့ လွှတ်တော်တို့ရဲ့တာဝန်ခံမှု အပိုင်းကို ပြန်ပြီးတော့ ထောက်ပြရမှာ ဖြစ်ပါတယ်။

ဆိုလိုချင်တာက တတိယအကြိမ် ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးရဲ့ မြေယာကဏ္ဍ ကနေ ထွက်လာတဲ့ အချက် ၁ ချက်ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ မြေယာကို ပြည်သူလူထုက ပိုင်ဆိုင်ခွင့်နဲ့ စီမံခန့်ခွဲခွင့်ဆိုတဲ့ဟာ။ အဲဒီ right (အခွင့်အရေး) ကို (လူထုကို) ပေးထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် အခု ၂၀၁၈ မြေယာပြင်ဆင်ရေး ဥပဒေထွက်လာတဲ့အခါကျတော့ အဲဒီဥပဒေက ပြောတာက မြေယာတွေ အကုန်လုံး မှတ်ပုံတင်ရမယ်။ မှတ်ပုံမတင်ဘူးဆိုရင် အကုန်လုံး သိမ်းမယ်ဆိုတဲ့ ပုံစံဆိုတော့  မြေယာက အစိုးရလက်ထဲရောက်သွားပြီး၊ အကုန်လုံး စီမံခန့်ခွဲမှုက အစိုးရနဲ့ပဲ ဆိုင်တယ်ဆိုတာ ဖြစ်သွားတယ်။ ဆိုတော့ ဒီလိုမျိုး ကွဲလွဲနေတဲ့ကိစ္စမျိုးတွေက ဒီလိုကာလမှာ ဆိုင်းငံ့ထားသင့်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက ဘယ်ဟာကို သွားဖော်ပြလဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေ အစိုးရ ကိုယ်စားလှယ်တွေ တပ်မတော်ကိုယ်စားလှယ်တွေ UPC ဆွေးနွေးပွဲတွေမှာ ပါရဲ့သားနဲ့ သူတို့ အင်စတီကျူးရှင်းတွေက သူတို့ရဲ့ ပါဝင်မှုကို တာဝန်မခံတာလား ဆိုတဲ့အထိ ကျနော်တို့က သွားတွေးမိတယ်။

ဒါကြောင့် ဒီကိစ္စတွေက ကျနော်တို့ အစိုးရတရပ်ရဲ့ လုပ်ငန်းဆောင်တာအရ လုပ်နေတယ် ဆိုပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဒီလွှတ်တော်တို့ အစိုးရတို့ရဲ့ ရည်မှန်းသွားတဲ့ ဦးတည်ချက် လားရာတွေက ဆုံမှတ်တခုတော့ ရှိသင့်တယ်။ မျဉ်းပြိုင်သွားနေလို့ မရဘူး ပေါ့နော်။ ဒါကြောင့် ဒီလိုအခြေအနေတွေက ကျနော်တို့ ပြန်ပြီးတော့ ပြင်ဆင်သင့်တယ်။ ဒါကြောင့် ကျနော်တို့ ခုနက ပြန်ပြီးတော့ လမ်းကြောင်းပြန်တည့်အောင် ပြုလုပ်တဲ့ အပိုင်းမှာ ဒီလို အချက်တွေကိုလည်း ထည့်သွင်းပြီး အစိုးရနဲ့ဆွေးနွေးဖို့ တောင်းဆိုထားတာ ရှိပါတယ်။

မေး။ ခုနက ရှင်းပြခဲ့သလို မြေယာကိစ္စပဲ ဖြစ်ဖြစ်၊ လူထုရပ်တည်ရေးကိစ္စပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးနဲ့ တိုက်ရိုက် ဆက်စပ်တယ်လို့ နားလည်တယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အတွက်ဆိုရင် သွားနေတဲ့ လမ်းကြောင်းက NCA လမ်းကြောင်း၊ နောက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံလုပ်ဖို့ ပြောကြတာရှိတယ်။ NLD အစိုးရလက်ထက်ဆိုလို့ရှိရင်လည်း တနှစ်ကျော်လေးပဲ အချိန်ရှိတော့တာဆိုတော့ တနှစ်ကျော်အတွင်းမှာ ဒီဟာတွေ အကောင်အထည်ဖော်နိုင်ဖို့ KNU ကရော ဘယ်လောက် မျှော်လင့်ထားလဲ။

ဖြေ။ ကျနော်တို့ မျှော်လင့်တာကတော့ ဒီလိုမျိုး ကြီးကြီးမားမား အကောင်အထည်ဖော်မှု ဆိုတာထက် အခု ကျနော်တို့ ကြိုးစားပြီး ပြင်ဆင်နေတာက ၂၀၂၀ မတိုင်ခင် ကျနော်တို့ ဘာရသင့်သလဲ။ အားလုံးကြားမှာ ဆွေးနွေးဖို့လိုတယ်။

ပြီးရင် ၂၀၂၀ အလွန်မှာ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လို တည်တည်ငြိမ်ငြိမ်နဲ့ ရှင်းရှင်းလင်းလင်းနဲ့ မှန်မှန်ကန်ကန်နဲ့  တရားမျှတမှုရှိစွာနဲ့ သွားမလဲဆိုတဲ့ဟာကို ကျနော်တို့ ဆွေးနွေးနေတယ်။ အဲဒါက ဖောင်ဒေးရှင်း ဖြစ်တယ်။ အဲဒီတော့ ဒီအချိန်မှာ ဒီဖောင်ဒေးရှင်းကိုပဲ ရအောင် ဆွေးနွေးရယူတာက ကျနော်တို့ constitution (ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ) လေး တခုလေး ၂ ခုလေး ပြင်တာထက် ပိုတန်ဖိုးရှိပါတယ်။ အနာဂတ် ဖယ်ဒရယ်နိုင်ငံ တည်ဆောက်ဖို့အတွက် ကျနော်တို့ ဖောင်ဒေးရှင်း ချလိုက်တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီအယူအဆကိုလည်း အစိုးရနဲ့ တပ်မတော်တို့ကို ကျနော်တို့ ပေးထားတာ ဖြစ်တယ်။ ကျနော်တို့ သူတို့ကို ရှင်းပြထားပြီးပြီ။ သူတို့လည်း အတိုင်းတာ တခုအထိ လက်ခံထားပြီးပြီ။ လက်ခံဆွေးနွေးဖို့လည်း လက်ခံပြီးဖြစ်တဲ့အတွက် ဒီကာလထဲမှာ ဒီအခြေခံကို ဆွေးနွေးလို့ ရတယ်ဆိုရင် ရှေ့ဆက် ကျနော်တို့ နိုင်ငံကတဆင့်ချင်း တဆင့်ချင်း တည်ငြိမ်ပြီး တိုးတက်သွားမယ့် အနေထား ပြန်လည်ပြီး သင့်မြတ်လာနိုင်မယ့်အနေအထားကို ဦးတည်ပြီး ဒီပရိုပိုဇယ်ကို ပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒါလေးကိုပဲ ကျနော်တို့ ရအောင် ဝိုင်းပြီး ကြိုးပမ်းနိုင်တယ်ဆိုရင် တကယ်ကို ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပြီးတော့ တည်ငြိမ်တဲ့ အနာဂတ်ကို တဆင့်ချင်း ဆက်သွားနိုင်မယ်ဆိုတာကို ကျနော်တို့ မျှော်လင့်တာပေါ့။

မေး။ နောက်တခုက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ နှောင့်နှေးသွားတဲ့အတွက်ကြောင့်မို့ NLD အစိုးရက ငြိမ်းချမ်းရေးဖြစ်စဉ်ထက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဘက်ကို ပိုပြီးတော့တွန်းအားပေးသွားတယ်။ စီးပွားရေးဘက်ကို ပိုပြီးတွန်းအားပေးသွားတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့ အဖွဲ့တခုအနေနဲ့ KNU အနေနဲ့ ဒီအပေါ်မှာ ဘယ်လိုမျိုး သုံးသပ်မိလဲ။

ဖြေ။ ကျနော်တို့ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကတော့ ပြင်ဆင်မှုတိုင်းကို ကျနော်တို့ အားပေးပါတယ်။ ထောက်ခံပါတယ်။ ပြင်ဆင်ရမယ့်ကိစ္စလေ။ ကျနော်တို့လည်း လွှတ်တော်ပြင်ပ လမ်းကြောင်းကနေ ပြင်ဆင်နေတာကိုး။ ဒါပေမယ့် အစိုးရတစ်ရပ်အနေနဲ့ လွှတ်တော်တွင်းမှာ ပြင်ဆင်ရမယ့် ကိစ္စ ရှိသလို လွှတ်တော်ပြင်ပမှာ ပြင်ဆင်ရမယ့် ငြိမ်းချမ်းရေးလမ်းကြောင်းကလည်း ပြင်ဆင်ရမယ့် တာဝန်ရှိပါတယ်။

ပိုပြီးအရေးကြီးတာက လွှတ်တော်တွင်းက ပြင်တဲ့ပရောဆက်နဲ့ လွှတ်တော်ပြင်ပ ပရောဆက်က မျဉ်းပြိုင်မသွားဘဲနဲ့ ဆုံရပ်တခုကို  ဦးတည်သွားသင့်တယ်ဆိုတာ ပိုအရေးကြီးပါတယ်။

မေး။ ညှိနှိုင်းဆွေးနွေးပွဲတွေမှာ ကိုယ်က နဖူးတွေ့ ဒူးတွေ့ ဆွေးနွေးတဲ့သူ တယောက်အနေနဲ့ NLD အစိုးရဘက်က ဖြစ်စေ တပ်မတော်ဘက်က ဖြစ်စေ ကိုယ့်ရဲ့ တိုင်းရင်းသား လူနည်းစုတွေရဲ့ ပြောဆိုချက် တင်ပြချက်တွေ ခံစားချက်တွေကို သူတို့ နားလည်တယ်လို့ ယူဆလား။

ဖြေ။ ကျနော်ကတော့ နားလည်တယ်ဆိုတာထက် စိတ်ဝင်စားဖို့ ပိုမျှော်လင့်တယ်။ စိတ်ဝင်စားရင် တော့ နားလည်လာမှာပေါ့။ အခု ဖြစ်ပေါ်နေတဲ့ အခင်းအကျင်းတွေကို ကြည့်မယ်ဆိုရင်တော့ စိတ်ဝင်စားပုံမပေါ်ဘူးလို့ပဲ မှတ်ချက်ပေးရမှာပဲလေ။

အနီးကပ်ဆုံးပြောရမယ်ဆိုရင် ကျနော်တို့ ကရင်အာဇာနည်နေ့ အခန်းအနား။ ဒါပေမယ့် နိုင်ငံတော်ရဲ့ ပေါ်လစီတော့မဟုတ်ဘူးလို့တော့ ကျနော် မျှော်လင့်တာပေါ့နော်။ ဆိုတော့ NCA ထဲမှာ ပြောထားတယ်။ NCA ထဲမှာ ကျနော်တို့ ၃ နေရာလောက်မှာကို ပြောထားတယ်။ မတူညီတဲ့ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းတွေကို ကျနော်တို့ လက်ခံပြီးတော့ unity and diversity (မတူကွဲပြားမှုကြားက ညီညွတ်မှု) ပေါ့နော် ပြောထားတယ်။

တိုင်းရင်းသားတွေရဲ့ မတူကွဲပြားမှုကို အခြေခံတဲ့ ဒီနိုင်ငံကို ဒီလိုမျိုး ဆက်ပြီးတော့ စည်းလုံးညီညွတ်မှုကို အခြေခံတဲ့ ညီညွတ်မှုနဲ့ တည်ဆောက်ချင်တယ်ဆိုရင် အသိအမှတ်ပြုမှုတွေကို ကျနော်တို့ အလေးထားဖို့ လိုတယ်လေ။ ဒါက ကိုယ့်ဟာ မဟုတ်လို့ ကန့်ကွက်တယ်ဆိုတာမျိုးကတော့ မဖြစ်သင့်ဘူး။ အဲလို ဖြစ်တာတွေက တဖက်မှာလည်း အစိုးရ အဆင့်ဆင့်တွေရဲ့ တာဝန်ခံမှု အပိုင်းမှာတော့ အားနည်းတယ်လို့ ထောက်ပြရမယ်။

ရှင်းရှင်းပြောရင် NCA ကို လက်မှတ်ရေးထိုးထားတဲ့နေရာမှာ အင်စတီကျူးရှင်းတွေရဲ့ ကိုယ်စားပြု ခေါင်းဆောင်တွေ လက်မှတ်ထိုးခဲ့ကြတာကိုး။ လက်မှတ်ထိုးထားတဲ့အတွက် ကြောင့် NLD အစိုးရလက်ထက်မှာ နေပြည်တော်အဆင့်ကနေပြီးတော့ NRPC (အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးစင်တာ) ရှိတယ်။ သူတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ မူဝါဒသက်ရောက်မှုက အောက်ခြေကို မရောက်ဘူး။ အဲဒီအတွက်ကြောင့် အောက်ခြေက လူတွေကလည်း သူတို့မှာ ရှိထားတဲ့ အနေအထားပေါ် မူတည်ပြီးတော့ပဲ သွားနေတဲ့အခါကျတော့ ဒီကွာဟချက်တွေက ကျနော်တို့ ခုနက ကရင်အာဇာနည်နေ့ အခန်းအနားကျင်းပတဲ့ဟာတွေကို သွားပြီးတော့ သက်ရောက်သလားဆိုတာ ကျနော်တို့ အဲလိုပဲ အကောင်းဘက်က ဖြည့်စွက်ပီး တွေးတာပေါ့ဗျာ။

ဆက်စပ်ဖတ်ရှုရန် –

တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေး အစွမ်းကုန်ကြိုးပမ်းမည်ဟု မြောက်ပိုင်းသုံးဖွဲ့ပြော

လက်နက်ကိုင်တွေကြားမှာ ရွာသူကြီး ဖြစ်ရတဲ့ ဒုက္ခ

တိုင်းရင်းသား လက်နက်ကိုင် တိုက်ခိုက်မှု က တရုတ် BRI စီမံကိန်းများအပေါ် အရိပ်မိုးနေ

Did you find apk for android? You can find new Free Android Games and apps.
Loading