ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် မြောက်ပိုင်းမဟာ မိတ်သုံးဖွဲ့ ဖြစ်သည့် ပလောင်(တအန်း)အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နှင့် ရက္ခိုင်စစ်တပ်(AA) တို့နှင့် တပ်မတော်ကြား သြဂုတ်လ ၁၅ ရက်မှ ယနေ့ အချိန်အထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
အဆိုပါ တိုက်ပွဲများကြောင့် အရပ်သား ပြည်သူ အနည်းဆုံး ၈ ဦး သေဆုံးခဲ့ပြီး ဒေသခံ ၅၀၀၀ ကျော် တိုက်ပွဲရှောင်နေကြရ ကြောင်း အရပ်ဘက် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ အရ သိရသည်။
သြဂုတ်လ ၃၁ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ကွတ်ခိုင်မြို့နယ်၊ မော် ဟစ်ကျေးရွာ အတွင်းသို့ လက်နက်ကြီး ၃ လုံး ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် ၄ လသားအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြသည်။
ထိုသို့ အရပ်သားများ ထိခိုက်သေဆုံးမှုများကြောင့် အရပ်ဘက် အဖွဲ့အစည်းပေါင်း၂၆ ဖွဲ့က လက်နက်ကိုင်ထားသူများ အနေဖြင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနှင့် နိုင်ငံ သားများကို အကာအကွယ်ပေးထားသော မြန်မာ့ ဥပဒေများကို ချိုးဖောက်နေကြောင်း ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁ ရက်က ထုတ်ပြန်ခဲ့ကြသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်တချို့ကို ဧရာဝတီမှာ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက ဆက်သွယ်မေးမြန်းထား ပါသည်။
ဦးဟောင်းဒေါင်း
လားရှိုးမေတ္တာ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း-တာဝန်ခံ
ကျနော်တို့ကတော့ စစ်နဲ့ ပတ်သက်တဲ့ဟာတော့ မသိဘူးပေါ့နော်။ ကျနော်တို့သိတာတော့ လူသားချင်း စာနာထောက်ထား မှုအနေနဲ့ ကျနော်တို့က အဓိက ပြောတာဖြစ်ပါတယ်။ အဓိကတော့ ပြည်သူအနေနဲ့ ကျနော်တို့ အရပ်သား ပြည်သူ၊ ကျေး ရွာ၊ ရပ်ကွက်မှာ တိုက်ပွဲဖြစ်တဲ့ ကိစ္စက လုံးဝ အများပြည်သူကို ထိခိုက်နစ်နာစေတဲ့၊ အသက် အိုးအိမ်ကို ပျက်စီးစေနိုင်တဲ့ ကိစ္စဖြစ်နေတော့ ဒါကိုတော့ လုံးဝ မလုပ်သင့်ဘူးလို့ မြင်တယ်။
ဒါကြောင့် အများပြည်သူ ရပ်ကွက်၊ ကျေးရွာအနီးမှာ လုံးဝ တိုက်ပွဲ မဖြစ်ဖို့ လက်နက်ကိုင်ထားသူများ ရှောင်ကြဉ်ပေးဖို့ တာ ဝန်ရှိတယ်လို့ ကျနော်တော့ မြင်ပါတယ်။ အစိုးရ တပ်မတော်အနေနဲ့လည်း ကျနော်တို့ ပြည်သူ/သားတွေကို ထိခိုက်နစ်နာ စေတဲ့ဟာမျိုးကိုတော့ မလုပ်သင့်ဘူးလို့ မြင်တယ်။ တဖက်က တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း ကျနော်တို့ရဲ့ ကျေးရွာနဲ့ အပြစ်မဲ့တဲ့ အရပ်သားတွေကိုတော့ ထိခိုက်လာနိုင်တဲ့ လုပ်ရပ်မျိုးတော့ မလုပ်ဖို့ အဓိက ပြောချင်ပါတယ်။
ဘောက်ခေါန်း
ပြောခွင့်ရပုဂ္ဂိုလ်
ရှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်း စာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (HST-NSS)
ကျမ အမြင်ကတော့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ လူထုတွေရှိတဲ့ နေရာဘက်ကို လက်နက်ကြီးတွေ ကျတဲ့အတွက်ကြောင့်မို့လို့ လူထု နစ်နာခဲ့တယ်၊ သေဆုံးခဲ့ရတယ်၊ အနာတရတွေ ဖြစ်ခဲ့ရတယ်။ ပြီးရင် အဆောက်အအုံတွေ၊ တိရစ္ဆာန်တွေ ထိခိုက် ခဲ့တယ်ပေါ့နော်။ အဲဒါက ပရမ်းပတာ ဖြစ်လို့၊ အဲဒါ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ပြောလို့ရတာပေါ့နော်။
ပြောမယ်ဆိုရင် ကွတ်ခိုင်မြို့နဲ့ ဆိုရင် အခု ကျတဲ့နေရာက ရပ်ကွက်(၂) ဧရိယာဖြစ်တယ်။ မော်ဟစ်ကျေးရွာ ဆိုတဲ့ ကျေးရွာ က ဟိုတောင်ပေါ်မှာ ကွတ်ခိုင်ကနေ အရှေ့ဘက်ကို ၈ မိုင်- ၇ မိုင်လောက် ဝေးတဲ့ရွာကနေပြီးတော့ စုစည်းခဲ့တယ်။ ၁၉၉၇ လောက်ပေါ့။ စုစည်းပြီး ကွတ်ခိုင်မြို့ ရပ်ကွက်(၂)ဆိုပြီးတော့ လာနေတယ်ပေါ့လေ။ အဲဒါကြောင့် ဒီမြို့ပေါ်လို့ ပြောလို့ရ တာပေါ့နော်။ အဲဒီနေရာမှာ လက်နက်ကြီးနဲ့ ပစ်တယ်ဆိုတာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်။ မပစ်သင့်တဲ့ နေရာကို ပစ်လိုက်တော့ တခါတည်း ၅ ယောက် သေဆုံးခဲ့ရတယ်။ ၈ ယောက် ထိတာ ၅ ယောက်က အသက်ဆုံးရှုံးခဲ့ရတယ်။ ဒါတွေက မဖြစ်သင့်တဲ့အရာတွေ ဖြစ်ပါတယ်။
အဲဒါကြောင့်မို့လို့ လူထုတွေက အရမ်း ကြောက်နေကြရတယ်။ ကျောင်းတွေလည်း ပိတ်ထားရတယ်၊ ကလေးတွေကလည်း အမြဲ စိုးရိမ်ပူပန်နေရတယ်။ မိဘတွေကလည်း အချိန်တိုင်း စိုးရိမ်ပူပန်နေရတယ်။ အဲဒီလို အခြေအနေ ရှိတယ်ပေါ့လေ။ ဖမ်းဆီးခံရတာတွေ ဖြစ်နေတော့ ပြည်သူတွေလည်း အပြင်ကို သွားလာမှု မလုပ်ရဲဘဲ ဖြစ်လာတယ်။ အခု စုစုစည်းစည်း လုံခြုံတယ်လို့ ထင်တဲ့ နေရာမှာ ဝိုင်းပြီး နေနေရတယ်။ အဲဒါကြောင့် ဒီလို အခြေအနေမျိုးတွေ လုံးဝ မဖြစ်စေချင်ဘူး။
စိုင်းနော်ဆိုင်း
မြန်မာနိုင်ငံလုံး ဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် (TYN)
ကျနော့် အမြင်ဆိုရင်တော့ ပြည်သူလူထုတွေ လုံးဝ မထိခိုက်တာတော့ အကောင်းဆုံးပေါ့ဗျာ။ ကျနော် ထင်တယ်၊ ပစ်မှတ် က မမှန်တာလား ပေါ့နော်။
အထူးသဖြင့်တော့ ဘယ်လက်နက်ကိုင်မဆို ပြောချင်တာကတော့ ပြည်သူလူထုရှိတဲ့ နေရာတော့ ရှောင်ပေးပါ။ ပြည်သူ လူထု မထိခိုက်၊ မနစ်နာအောင် အကောင်းဆုံး နည်းလမ်းနဲ့ အဖြေရှာကြဖို့ ကျနော်တို့ ဖြစ်စေချင်ပါတယ်။
မမိုင်းမိုင်း
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ
ပြည်သူအပေါ်မှာ ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လက်နက်ကိုင် အဖွဲ့ကိုမဆို၊ သေနတ်ကိုင်ထားတဲ့ အဖွဲ့ အားလုံးကို ပြောချင်တယ်။ သူတို့တွေက များသောအားဖြင့် ပြည်သူတွေကို ဗဟိုပြုပြီးမှ တိုက် ခိုက်တာတွေ မလုပ်ဖို့အတွက် ကျမတို့ တောက်လျှောက်လည်း ပြောနေတယ်။ ဒါပေမယ့် အခုချိန်ထိ ဒါကို လိုက်နာမှု ဘယ်သူမှ မရှိသေးဘူး။
အဲဒီတော့ ကျမတို့က ဘာလိုချင်လဲ ဆိုတော့ အခုလို ခံရတဲ့လူတွေအတွက် တရားမျှတမှု လိုလားတယ်။ သူတို့ကျတော့ နိုင်ငံသိ၊ ကမ္ဘာသိဖြစ်သွားတာပေါ့နော်။ လူအများကြီး ကလေးပါ ဆုံးသွားတဲ့အတွက်ကြောင့်မို့လို့ နိုင်ငံသိ၊ ကမ္ဘာသိ ဖြစ် သွားတယ်။ ဒါပေမယ့် လူမသိ သူမသိဖြစ်နေတဲ့ အရာတွေ အများကြီး ရှိသေးတယ်။ ကျမတို့ ရထားတဲ့ သတင်း အရ ပေါ့လေ။
အခု ဒီတိုက်ပွဲမှာပဲ နောင်ရွှေရွာက ကျမတို့ ဒေသအခေါ်က ဆွံ့အ နားမကြား မသန်စွမ်းတယောက်ကို သူတို့ (တပ်မ တော်) က မသင်္ကာမှုနဲ့ ဖမ်းသွားတယ်။ လက်မှာတွေ ကြိုးတုပ် ထားတယ်။ လည်ပင်းမှာလည်း ကြိုးတုပ်ထားတယ်။ ခြေ ထောက်မှာတွေ ကြိုးတုပ်ထားတယ်။ ဒီဒဏ်ရာတွေက အခုထိ ရှိတုန်းပဲ။ သူ့ကို ပလောင် စစ်သားဆိုပြီးမှ ခေါ်သွားတယ်။ စကားမပြောတတ်တော့ မပြောတာ ကောင်းလား ဆိုပြီးတော့ သူ့ကို ထုထုထောင်းထောင်းတွေ လုပ်တယ်၊ ပါးတွေ ရိုက် တယ်။
နောက်ဆုံး ကွတ်ခိုင် အခြေစိုက်ဗျူဟာကို ရောက်သွားတယ်။ အဲဒီကို ရောက်သွားတော့ လူကြီးတွေက အာမခံနဲ့ သွားခေါ် ထုတ်တယ်။ သူက မသန်စွမ်းတယောက်၊ အကြားအာရုံ မသန်စွမ်းတယောက် ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဘာမှ စစ်သားလည်း မဟုတ်ပါဘူးဆိုတဲ့အကြောင်းကို အာမခံပြီး ပြန်ခေါ်သွားတယ်။ အခုချိန်မှာတော့ သူက တိုက်ပွဲရှောင် စခန်း မှာ ရောက်နေတယ်။
ကျမ ပြောချင်တာက ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုတွေက လက်နက်ကြီးကျလို့ ကလေးတွေ သေသွားလို့သာ လူ သိတာ၊ လူမသိ သူမသိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီး ဖြစ်နေတယ်။ အဲဒါကို ဘယ်တာဝန်ရှိတဲ့လူကမှ အခု ချိန်ထိ တာဝန်ယူ ဖြေရှင်းပေးတာ တခုမှ မရှိသေးဘူး။ ပြောတာကိုလည်း များသောအားဖြင့် နားမထောင်ကြဘူး။
အဲဒီအတွက်ကြောင့်မို့လို့ ပြည်သူတွေနဲ့ ကင်းကွာပြီးတော့မှ လက်နက်ကိုင်နိုင်တယ်ဆိုရင် လုပ်ကြပါ။ ပြည်သူတွေနဲ့ ကင်း ကွာပြီးတော့ မလုပ်နိုင်သရွေ့တော့ ပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တာမျိုးတွေ၊ ပရမ်းပတာ လက်နက် ကြီး ပစ်တာမျိုးတွေ ပြည်သူတွေ ထိခိုက်မယ့်ဟာမျိုးတွေ မလုပ်ကြပါနဲ့ဆိုတဲ့ အကြောင်းကို ပိုပြီးတော့ ပြောချင်ပါတယ်။