ဥပဒေအရ ကင်းလွတ်ခွင့် မပေးနိုင်ဘူးဆိုတဲ့ ရဲမှူးကြီး သက်နောင်နှင့် တွေ့ဆုံခြင်း

ထက်ခေါင်လင်း
တရုတ် နိုင်ငံသားများနှင့် အဓမ္မ ထိမ်းမြား လက်ထပ်ခံရသည့် လူကုန်ကူးမှုမှာ အများဆုံးနေ / Reuters
Want create site? Find Free WordPress Themes and plugins.

သန်လျင်မြို့နယ်မှာ စက်တင်ဘာ ၂ ရက်နေ့က ရန်ကုန်တိုင်း လူကုန်တား ရဲတပ်ဖွဲ့ဝင်တချို့နဲ့ အရပ်ဘက် ပြည်သူတွေ စုပေါင်းပြီးတော့ လူကုန်ကူးနေကြတဲ့သူတွေကို ဖမ်းဆီးလိုက်ပါတယ်။

အဲဒီလို ဖမ်းဆီးတဲ့အခါမှာလည်း သန်လျင်မြို့နယ် ရဲစခန်းကိုပင် အသိပေးခြင်း မရှိဘဲ စုပေါင်းကာ မိမိတို့အဖွဲ့ထဲက အမျိုးသမီးတဦးကိုပင် အယောင်ပြ ချိတ်ဆက်ခိုင်းပြီး ဖမ်းဆီး ရမိအောင် လုပ်ခဲ့ကြတာကို တွေ့ရတယ်။

အဲဒီလို လူကုန်ကူးမှုဖြစ်စဉ်တွေမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုက ဘယ်လောက်အထိ အရေးကြီးလဲ၊ လက်ရှိ လူကုန်တား ရဲတပ်ဖွဲ့တွေမှာရော ဘာတွေ အခက်အခဲ ရှိနေလဲ ဆိုတာကို ပြည်ထဲရေး ဝန်ကြီးဌာန၊ လူကုန်တား ရဲတပ်ဖွဲ့က ပြောရေးဆိုခွင့် ရှိသူ ရဲမှူးကြီး သက်နောင်ကို ဧရာဝတီ သတင်းဌာနက အကြီးတန်း သတင်းထောက် ထက်ခေါင်လင်းက ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

မေး။ ။ လူကုန်ကူးမှုတွေကို တိုက်ဖျက်တဲ့နေရာမှာ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုက တကယ်ပဲ အရေးပါတယ်လို့ ယူဆလား။

ဖြေ။ ။ ယူဆရုံတင်မကဘူး။ ဒါက အမှန်အကန်ပဲ။ အရပ်ဘက် အဖွဲ့အစည်း ဆိုတာက ကျနော်တို့ သတင်း စတင်ရရှိခြင်း အရပ်သုံးစကား ပြောရရင် သတင်းပေးပေါ့ဗျာ။ ဒါပေမယ့် အဲဒီ သတင်းပေး ဆိုတာ ကျနော်တို့ ရဲတပ်ဖွဲ့က တည်ဆောက် ထားတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။

ဒီသတင်းပေးတွေက ဘယ်သူတွေဆိုတာ ကျနော်တို့ ပြောလို့တော့ မဖြစ်ဘူး။ ဒီလူဟာ သာမန် လူတန်းစား တယောက်ပဲ ဖြစ်တယ်။ ဒါပေမယ့် သူ တတ်သလို Viber ကနေ သတင်းပေး နေတာတွေ ရှိတယ်။ အစပိုင်းက ဘယ်ကူ ပေးနေတယ် ကျနော်တို့လည်း မသိဘူး။

တခါတလေ ကျနော်တို့ လုပ်ငန်းပိုင်းမှာ သတင်းမှား ပေးတာတို့၊ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကနေ မယုံမရဲနဲ့ လုပ်ခဲ့ရတာ တွေ ရှိတယ်။ နောက်ပိုင်းမှာ သူ့သတင်းပေးမှုတွေက မှန်ကန်မှုတွေ ရှိလာ တယ်။

ကျနော်ပြောချင်တာက အရပ်ဘက် အဖွဲ့အစည်းလို့ ပြောတဲ့နေရမှာ တာဝန်သိ ပြည်သူက နေပြီးတော့ မှ တာဝန်သိသိနဲ့ သူ့အလုပ် သူလုပ်နေတဲ့ ကြားထဲ ကနေ လူကုန်ကူးမှုကို သူက စိတ်ဝင်တစားနဲ့ မျက်ခြေမပြတ်ကြည့်ပြီး သတင်းပေးတဲ့ အတွက်ကြောင့် ကျနော်တို့ သတင်းရရှိတာ ဖြစ်တယ်။

ကျနော်တို့ အမြဲ တိုက်တွန်းနေသလို တကမ္ဘာလုံး ပြောနေကြတဲ့ အဖြစ်မှန်တွေနဲ့ ကြည့်ရင် လူကုန် ကူးမှု တိုက်ဖျက်ဖို့ရာမှာ လူတိုင်း လူတိုင်းရဲ့ တာဝန်သိစွာ ပူးပေါင်းဆောင်ရွက်မှုက ဒီအချက်နဲ့ ပေါ် လွင်နေတယ်။ ဒီလိုမျိုး အဖွဲ့အစည်းတွေ ပါဝင်လာခြင်းဟာ ကျနော်တို့က အများကြီး ကြိုဆိုတယ်။ ကျေးဇူးလည်းတင်တယ်။ ကောင်းလည်းကောင်းတယ်။

မေး။ ။ ဒါပေမယ့် လူကုန်ကူးမှုတွေကို တရားစွဲတဲ့ဆီမှာ ကျနော်တို့ စောင့်ကြည့်လေ့လာသမျှ ဂိုဏ်း အလိုက် ရှိတယ်လို့ ဆိုပေမယ့် တကယ်တမ်း ဖမ်းမိတဲ့အခါ လူစုပေးတဲ့သူတွေလောက်ပဲ မိတယ်။ နောက်ကွယ်က ငွေထုတ်ပေးတဲ့သူ၊ ဦးဆောင်ခိုင်းစေတဲ့ သူတွေကို ဖမ်းမမိတာ များတယ်။ အဲဒါက ဘယ်လိုဖြစ်နေလို့လဲ။

ဖြေ။ ။ လူကုန်ကူးမှုမှာ ကွန်ရက်လို့ ပြောကြတယ်။ ဥပဒေအရ ၃ ဦး အထက်က ဂိုဏ်းဖွဲ့ ကျူးလွန် ခြင်းဖြစ်တယ်။ ပြစ်ဒဏ်က ၂ ဆဖြစ်တယ်။ ဘာကြောင့်လဲဆိုတာ ကျနော်တို့ လက်ရှိ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အခြေအနေပဲ။

သေချာတာက ဖမ်းလိုက်တဲ့ဆီမှာ ကိုင်းဖျားကိုင်းနားလို့ ပြောလို့မရတဲ့ သူတွေက များပါတယ်။ အကုန်လုံးက ပူးပေါင်း ဆောင်ရွက်ကြတယ်။ အဲဒီမှာ အခက်အခဲဖြစ်တာက တကယ့်ဆိုက်တွေက တရုတ်ပြည်ထဲမှာ။ တရုတ်နဲ့ အိမ်ထောင်ပြု ထားတဲ့ အမျိုးသမီးတွေ များတယ်။

ကျနော်တို့လုပ်ဆောင်ချက်မှာ ရဲတပ်ဖွဲ့ အချင်းချင်းတော့ နားလည် သဘောပေါက်ကြတယ်။ ဥပမာ သက်နောင်ဆိုတဲ့ နာမည်ပြောတာနဲ့ ဘယ်လိုမှ ရှာလို့ရမှာ မဟုတ်ဘူး။ ဒါတွေကို သိတဲ့အတွက်ကြောင့် အတတ်နိုင်ဆုံး ဓာတ်ပုံ၊ ဖုန်းနံပတ်၊ လိပ်စာတို့ ရှာဖွေတောင်းခံပြီးတော့ ဖမ်းဆီးပေးဖို့ တောင်းခံခဲ့တဲ့ အကြိမ်ပေါင်း မနည်းပါဘူး။

အဲဒီမှာလည်း နိုင်ငံ ၂ ခုရဲ့ အမြင်ကွာခြားချက်တွေ ရှိတယ်။ ကျနော်တို့ဘက်က ပြောနေတဲ့ အဓမ္မ ထိမ်းမြားလက်ထပ်တဲ့ ဖြစ်စဉ်တွေအပေါ်မှာ သူတို့ဘက်အမြင်က ဒါဟာ မင်္ဂလာဆောင် စရိတ်တင်ပြီး လက်ထပ်တာပဲလို့။ အခုနောက်ပိုင်း သူတို့ နိုင်ငံသားကိုတောင် လိမ်လည် လက်ထပ်ပါတယ်ဆိုတဲ့ စကားကို တခါကြားလိုက်ရသေးတယ်။

ကျနော်တို့ ဥပဒေဟာ နိုင်ငံတကာ စံနှုန်းနဲ့ ကိုက်ညီအောင် အတတ်နိုင်ဆုံး ရေးဆွဲ ထားတာဖြစ်တယ်။ လတ်တလော ဥပဒေမှာ အဓမ္မ ထိမ်းမြားလက်ထပ်ခြင်းဆိုတာကို အဓိပ္ပါယ် မဖွင့်ရသေးပေမယ့် အခြား နည်းလမ်းနဲ့ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်းဆိုတဲ့ အချက်ပါတယ်။

မြေပြင်မှာလည်း အမှန်တကယ် ချစ်ကြိုက် လက်ထပ်သွားတာ မဟုတ်ဘူး။ ရန်ကုန်မှာ လာပြီး လက်ထပ်တာတောင်မှ ၃ ရက်လောက် အတွင်း လာပြီး လက်ထပ်သွားတယ်။

တရုတ်ပြည်ကို ရောက်တဲ့အခါ မယားမှတ်မှတ်နဲ့ ကောင်းကောင်းနေရတဲ့ ရာခိုင်နှုန်းက တော်တော်ကြီး ကို နည်းပြီးတော့ လူကို တိရိစ္ဆာန်လို၊ ကုန်ပစ္စည်းလို တယောက်ပြီး တယောက် လာကြည့်ပြီးတော့ ဟိုလူကကြိုက်တယ်၊ ဒီလိုက မကြိုက်ဘူး ဆိုတဲ့ အခြေအနေမျိုးတွေ၊ ညှင်းပန်း နှိပ်စက်ခံရတာတွေ၊ လက်ဆင့်ကမ်း လွှဲပြောင်း ရောင်းချခံရတာတွေ ရှိနေတဲ့ အတွက်ကြောင့် ဒီလိုမျိုး လက်ထပ်တာကို ကျနော်တို့က လူကုန်ကူးမှုအဖြစ် သတ်မှတ်တယ်။ အရေးယူတယ်။

တဖက်နိုင်ငံဘက်က ဒီလောက်အထိ ထဲထဲဝင်ဝင် မသတ်မှတ်ဘူး။ အခုနောက်ပိုင်းမှာတော့ သူတို့ ဘက်ကလည်း နိုင်ငံ တကာ ဖိအားတွေ များတဲ့အတွက်ကြောင့် လုပ်လာတယ်။ ဒီလိုမျိုး ဖြစ်စဉ်တွေ ကြုံနေရတာ မြန်မာတနိုင်ငံထဲ မဟုတ်ဘူး။ မြန်မာ၊ ဗီယက်နမ်၊ လာအို၊ ပါကစ္စတန်၊ အင်ဒိုနီးရှား စတာတွေပါ ကြုံနေရတယ်။

အဲ့ဒါကြောင့် သူတို့နိုင်ငံတွေဘက်ကလည်း ဒီလိုဖြစ်စဉ်တွေမှာ ဖိဖိစီးစီး ဖြစ်လာမယ်လို့ ကျနော်တို့က မျှော်လင့်တယ်။

အဓိက ကျနော်ပြောချင်တာက မြန်မာပြည်တွင်းထဲက တရားခံတွေကို မရ၊ ရအောင် ဖော်ထုတ်ဖမ်းဆီး နိုင်ပေမယ့် တရုတ်နိုင်ငံဘက်ခြမ်းမှာ ရှိနေတဲ့ တရားခံတွေကို ကျနော်တို့ ဖမ်းဆီးဖို့ ရာမှာ ကန့်သတ် ချက်တွေရှိတယ်။

မေး။ ။ လူကုန်ကူးမှု တချို့မှာ တရုတ်မယား အဖြစ် လုပ်ရမယ်ဆိုတာကို သိလျက်နဲ့ လိုက်သွားတဲ့ ဖြစ်စဉ်တွေ တွေ့လာရတယ်။ အဲဒီ အပေါ်မှာရော ဘယ်လို သုံးသပ်လဲ။

ဖြေ။ ။ ဥပဒေမှာ ဘာကို ဖော်ပြထားလဲဆိုတော့ ဘဝရပ်တည်ရန် ခက်ခဲသော အခြေအနေကို အသုံးချ ခြင်း ဆိုတာ အချက်တချက် ဖြစ်တယ်။ သဘောတူပါတယ်၊ တရုတ်နဲ့ယူပါ့မယ်ဆိုပြီး လိုက်သွားတဲ့ မိန်းကလေးတိုင်းသည် ကိုယ် မမြင်ဖူးတဲ့သူနဲ့ ပေါင်းသင်းဖို့ဆိုတာ ဘာကြောင့်လဲ။

မြန်မာဓလေ့မှာ ၃ နှစ် ၃ မိုး လေ့လာပြီးမှ လက်ထပ်ကြတဲ့ သူတွေတောင်မှ အဆင်မပြေဘဲ မျက်ရည် သုတ်ရတဲ့ ဖြစ်စဉ်တွေ အများကြီး ရှိတယ်။ ဒီလို ယဉ်ကျေးမှုရှိတဲ့ မြန်မာ မိန်းကလေးတွေ ဘာကြောင့် မို့လို့ ပိုက်ဆံ သိန်း ၂၀ ရမယ်ဆိုတာနဲ့ တရုတ်နဲ့ လက်ထပ်မယ်ဆိုပြီး လိုက်ပါသလဲဆိုတာ စားဝတ်နေ ရေးကြောင့်လို့ ပြောရမယ်။

တလုံးတခဲထဲ သိန်း ၂၀၊ သိန်း ၃၀ ရမယ့်ဟာကို သူတို့ မျှော်မှန်းမှာပေါ့။ မြေပြင်မှာ ဘယ်လောက် ပေါက်တယ်ဆိုတာ ကျနော်မပြောတော့ဘူး။ ဟိုဘက်မှာ အသက် ၂၀၊ ၁၈ နှစ်လောက်တွေဆို ကျပ် သိန်း ၂၀၀၊ ၂၅၀ လောက် ရနေပြီ။ ဒါပေမယ့် တကယ် သူတို့ရတာက သိန်း ၂၀၊ ၃၀ လောက်ပဲ။

ဘဝရပ်တည်ဖို့ ခက်ခဲတဲ့ အခြေအနေပေါ် အသုံးချပြီးတော့ စည်းရုံးခေါ်ဆောင်တာ ဖြစ်တဲ့အတွက် သဘောတူ လိုက်ပါ သွားတဲ့ မိန်းကလေးတွေကို အပြစ်မမြင်ဘူး။ သို့သော် အားမလို အားမရ ဖြစ်မိတယ်။

၂၀၀၆၊ ၂၀၀၇၊ ၂၀၀၈ ခုနှစ် ကာလတွေတုန်းက တရုတ်နိုင်ငံသားနဲ့ လက်ထပ်ဖို့ ခေါ်ဆောင်ခံရတာက ပြည့်တန်ဆာလုပ်နေသူတွေ၊ အသက် ၃၀ နဲ့ အထက် ရှိတဲ့သူတွေ ကိုတောင်မှ နယ်စပ်မှာ အလုပ်လုပ် မယ်လို့ စည်းရုံးပြီး ခေါ်ရတာ။ ဒါတောင် ခက်ခက်ခဲခဲ စည်းရုံးရတာ။

အခုကြတော့ အသက် ၁၇၊ ၁၈ လေးတွေ၊ အရွယ်ကောင်းလေးတွေက တရုတ်နဲ့ ယူရမယ်ဆိုတာ သိသိလျက်နဲ့ လိုက်ပါသွားတဲ့အတွက် ဘဝရဲ့ အခက်အခဲကို ဖြေရှင်းတာမှာ ဒါဟာ နည်းလမ်းမှန်တဲ့ ဖြေရှင်းတာ မဟုတ်ဘူး။ သို့သော် သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဆိုတဲ့ စကားရပ်ကိုက ဥပဒေမှာ ပါပြီးသား။ အဲဒီအတွက် ကျနော်တို့ကတော့ ဥပဒေအရ ကင်းလွတ်ခွင့် မပေးနိုင်ဘူး။

မေး။ ။ အခု ရန်ကုန်က မြောက်ပိုင်းခရိုင် တရားရုံးမှာ တရုတ်နိုင်ငံသားတွေနဲ့ မြန်မာ မိန်းကလေးတွေ ကို တရားဝင် လက်ထပ်ပေးနေတယ်။ ပြီးတော့ တရုတ်ပြည်ကို ခေါ်သွားနေတယ်။ အဲဒီလို လုပ်နေတာ က လူကုန်ကူးမှု တိုက်ဖျက်ရေး အပေါ်မှာ ဘယ်လောက်အထိ အခက်အခဲ တွေ့စေလဲ။

ဖြေ။ ။ ဟိုတုန်းက နိုင်ငံခြားသားနဲ့ ထိမ်းမြား လက်ထပ်ခွင့်ကို တားမြစ်ခဲ့တယ်။ ၂၀၁၂ ခုနှစ်မှာ တကယ် ချစ်ကြိုက်တဲ့ သူတွေအတွက် အခက်အခဲ ရှိပုံရလို့ ညွှန်ကြားချက်တစောင်နဲ့ ခွင့်ပြုခဲ့တယ်။ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးနဲ့ ဗုဒ္ဓဘာသာ နိုင်ငံခြားသားတို့ကို ခွင့်ပြုခဲ့တယ်။

အဲ့ဒီလို ခွင့်ပြုခဲ့လို့ အခုနောက်ပိုင်း လုပ်လာကြတာတွေက ဥပဒေ မူဘောင်ထဲကနေ လက်တလုံးကြား လုပ်လာကြတာ။ တရားရုံးသွား ကျမ်းကျိန်တယ်၊ လက်ထပ်တယ်။ လေယာဉ်နဲ့ တရားဝင် နိုင်ငံကူး လက်မှတ်နဲ့ ခေါ်သွားကြတယ်။ အဲဒီမှာ ကျနော်တု့ိအတွက် ပိုခက်ခဲတယ်။ အသက်အရွယ်ရပြီးသား တရားဝင် နိုင်ငံကူးလက်မှတ်နဲ့ လေယာဉ်နဲ့ ထွက်သွားတာကို တားမြစ်ဖို့ ကျနော်တို့ ခက်ခဲတယ်။

အဲဒီမှာ ကျနော်တို့ တွေ့ရတာက လေဆိပ်ရောက်ပြီးမှ မလိုက်နိုင်တာတို့၊ ငိုနေတဲ့ မိန်းကလေးတို့ တွေ့ရတယ်။ နောက် ဟိုဘက်ရောက်ပြီး ဒုက္ခအကြီးအကျယ် ရောက်တော့မှ အွန်လိုင်းကနေ ကျနော်တို့ဆီ ဆက်သွယ်လာပြီး သူ့ကို နှိပ်စက် နေတယ်၊ ညှဉ်းပန်းနေတယ်လို့ အကူညီတောင်းတဲ့ ဖြစ်စဉ်တွေလည်း တွေ့လာရတယ်။

အဲဒီတော့ တချို့ဖြစ်စဉ်တွေမှာ သူတို့ ဒီလိုတရားဝင် ထိမ်းမြား လက်ထပ်သွားတာတောင်မှ လူကုန်ကူး မှုပြဌာန်းချက်တွေနဲ့ ငြိစွန်းတာတွေ ဖြစ်လာတယ်။ ကျနော်တို့က အဲဒီလိုတွေကြောင့် အတတ်နိုင်ဆုံး တားမြစ်တာတွေ၊ ပညာပေးတာတွေ ဆောင်ရွက်ရတယ်။ ပေါ်ပေါက်ခဲ့ရင် အရေးယူတယ်။

မေး။ ။ တရုတ်ပြည်ကို မြန်မာမိန်းကလေးတွေ ရောက်သွားပြီဆိုတဲ့ သတင်းတွေ ရပေမယ့် တရုတ် ပြည်အထိ လိုက် ကယ်ဆယ်ဖို့ရာမှာ ဘာတွေ အခက်အခဲရှိလဲ။ ဟိုရောက်သွားတဲ့ သူမှာလည်း ဘာသာ စကား ကျွမ်းကျင်မှုကစပြီး တရုတ်ပြည်ရဲ့ နယ်မြေကျယ်ဝန်းမှုတွေကလည်း အများကြီးဆိုတော့။

ဖြေ။ ။ အများကြီးပဲဗျ။ ဘာလို့လဲဆိုတော့ တရုတ်မပြောနဲ့၊ ရန်ကုန်မှာတောင်မှ ကိုယ် ဘယ်နားရောက် နေလဲဆိုတာ မသိတဲ့သူကို ရှာဖို့ အခက်အခဲ အများကြီးပဲ။ ကျနော်တို့ဘက်က ကျနော်တို့ဆီကို ကယ် ဖို့ ဆက်သွယ်လာတဲ့သူကို ရှာဖွေတဲ့ နည်းပညာတော့ မပြောချင်ဘူး။

တချို့ လူကုန်ကူး ဖြစ်စဉ်တွေမှာ လူကုန်ကူးကြတဲ့ သူတွေက တချိန်က လူကုန်ကူးခံရပြီးတော့မှ ဒီပြန် ရောက်လာတဲ့ သူတွေလည်း ပါဝင်နေတာကို တွေ့ရတယ်။ အဲဒီလို ဖြစ်ရတဲ့ အကြောင်းအရင်းတွေ က ဘာတွေလဲ။

ရှိပါတယ်။ သူကိုယ်တိုင်က တချိန်တုန်းက လူကုန်ကူး ခံခဲ့ရတဲ့သူ။ ကံကောင်းစွာနဲ့ သူ ဟိုမှာ အဆင် ပြေခဲ့တယ်။ တချို့ ကြတော့ အဆင်မပြေဘူး။ ထွက်ပြေးရင်ပြေးမယ်။ ဒါမှမဟုတ် နောက် တယောက် ဆီကို လက်ဆင့်ကမ်း ရောင်းချခြင်း ခံရင် ခံရမယ်။ အဲဒီလိုမဟုတ်ပဲ ထွက်ပြေးရင်း တခြား တယောက်နဲ့ ပေါင်းသင်းလိုက်ရတာလည်း ရှိမယ်။

အဲဒီလိုလူတွေက သူအဆင်ပြေတယ်၊ အိမ်ကို ထောက်ပံ့ပေးနိုင်တယ် ဆိုတာနဲ့ ပြန်လာပြီး သူ့ ပတ်ဝန်း ကျင်က လူတွေကို သူ့ကိုယ်သူ ပြပြီးသော် လည်းကောင်း၊ အလုပ်အကိုင်ကို ဗန်းပြပြီး သော်လည်း ကောင်း စည်းရုံးတာတွေရှိတယ်။ ဥပဒေမှာက လူကုန်ကူးခံခြင်း နောက်ဆက်တွဲ အကျိုးဆက်ကြောင့် မို့ ဖြစ်ပေါ်လာတဲ့ အမှုအခင်းတွေကို အရေးယူသင့်၊ မသင့်ကို ဗဟိုအဖွဲ့က စိစစ်ရမယ်ဆိုတာ ပါတယ်။

ဥပမာ လူကုန်ကူးခံရတဲ့အချိန်မှာ သူက ဓားနဲ့ ထိုးလိုက်တယ်။ ထွက်ပြေးဖို့ ကြိုးစားရင်း သူဟာ ပြစ်မှု တခုခုကို ကျူးလွန် လိုက်တယ်ဆိုရင် နိုင်ငံတကာ ပြဌာန်းချက်အရရော ပြည်တွင်း ပြဌာန်းချက် အရရော ဒါဟာ ပြစ်မှု မမြောက်ဘူး။

ဒါပေမယ့် အခု ဒီလို ကျူးလွန်လာကြတဲ့ သူတွေကြတော့ လူကုန်ကူးခံရတဲ့သူတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက် မဟုတ်ဘူး။ သက်သက်ကြီး ဖြစ်နေတယ်။ အဲဒီအတွက် ဒီလိုအမှုတွေကိုလည်း အရေးယူ တယ်။ ဖမ်းဆီး ထောင်ချတယ်။

မေး။ ။ သန်လျင်က စက်တင်ဘာ ၂ ရက်နေ့မှာ ဖမ်းလိုက်တဲ့ ဖြစ်စဉ်ကို ကြည့်ရင် နယ်မြေရဲစခန်းက ရဲတွေမပါဘူး။ အရပ်ဘက် အဖွဲ့အစည်းက လူတွေကိုယ်တိုင်က သန်လျင်မြို့နယ် ရဲစခန်းနဲ့ ချိတ်ဆက် တာ မတွေ့ရဘူး။ နယ်မြေရဲစခန်းတွေ အပေါ်မှာ အဲဒီလို လူကုန်ကူးမှုနဲ့ ပတ်သက်လာရင် သတင်းပေး တာ၊ တိုင်ကြားတာတွေက တအားနည်းတယ်။ မယုံကြည်ကြတဲ့ သဘောမျိုး တွေ့ရတယ်။ အဲဒီဟာက ဘာ့ကြောင့် ဖြစ်ရတယ်လို့ သုံးသပ်လဲ။

ဖြေ။ ။ အဲဒီမေးခွန်းကို ကျနော်မဖြေချင်ဘူး။ ဒါပေမယ့် ပြောလိုတာက ကျနော်တို့က လုပ်ငန်းသဘော သဘာဝ မတူကြဘူး။ နောက်ပြီး လူကုန်ကူးမှုနဲ့ ပတ်သက်လာရင် ကျနော်တို့ဆီကို တိုက်ရိုက် သတင်းပေးတာက ပိုအဆင်ပြေတယ်။

ဟိုတုန်းက အရပ်သား ကာယကံရှင်ဖြစ်တဲ့ လူကုန်ကူးခံရသူ ကိုယ်တိုင်က တရားလိုလုပ်တာ။ အခုနောက်ပိုင်းမှာ လူကုန်ကူးမှုကို ကျနော်တို့တပ်ဖွဲ့က တရားလို လုပ်တယ်။ အဲဒီအတွက် ကျနော်တို့ ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် အမှု ပြီးပြတ်သွားအောင်၊ သက်သေတွေ စုံလင်အောင်၊ တရားခံ ဖမ်းဆီးရမိအောင် ဆောင်ရွက်တယ်။

ကျနော်တို့က လူကုန်ကူးမှု တခုထဲကို ကိုင်တာ။ နယ်မြေရဲတပ်ဖွဲ့ကြတော့ အမှုပေါင်းများစွာကို ကိုင်ရတာ။ အဲဒီအတွက် ကျနော်တို့ တပ်ဖွဲ့ဝင်တွေက ကိုယ်ကိုင်တွယ်ရတဲ့ အမှုကို အလုံးစုံ လိုက်ပါ ဆောင်ရွက်ပေးတယ်။

အဲဒီအတွက် ပြည်သူ တွေက ကျနော်တို့ အပေါ်မှာ ပိုပြီး ယုံကြည်မှု ရှိတယ်လို့ပဲ ယူဆတယ်။ တခြားတပ်ဖွဲ့နဲ့ ပတ်သက်တဲ့ ဟာကိုတော့ ကျနော် မပြောလိုပါဘူး။

Did you find apk for android? You can find new Free Android Games and apps.
Loading