သတင်းမီဒီယာကို မိမိကလေးစစ်သားဘဝ တွေ့ကြုံခဲ့ရတာတွေကို ထုတ်ဖော် ပြောဆိုခဲ့တဲ့အတွက် တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ် ၂ နှစ်ခွဲ ချခံခဲ့ရတဲ့ ကလေးစစ်သား ဟောင်း ကိုအောင်ကိုထွေး တယောက် စက်တင်ဘာ ၆ ရက်နေ့က လွတ်မြောက်လာပါတယ်။
ကိုအောင်ကိုထွေးဟာ အသက် ၁၄ နှစ် အရွယ်ထဲက ကလေး စစ်သား အဖြစ် အတင်းအဓမ္မ စုဆောင်းခံခဲ့ရပြီး တပ်မတော် က ထွက်ပြေးစဉ် လူသတ်မှုဖြင့် သေဒဏ် အပြစ်ပေး ခံခဲ့ရသူ ဖြစ်ပါတယ်။ အဲဒီနောက် ၂ဝ၁၀ ခုနှစ်မှာ ထောင် ၁ဝနှစ် ဆိုပြီး ပြစ်ဒဏ် လျော့ပေါ့ ပေးတာကြောင့် ၂ဝ၁၇ ခုနှစ်မှာ ထောင်ကနေ လွတ်မြောက် လာခဲ့ပါတယ်။
လွတ်မြောက်ပြီး မကြာခင်မှာ သူဟာ စစ်တပ်နဲ့ ပတ်သက်ပြီး သူ့ဘဝအကြောင်းကို ထုတ်ဖော် ပြောဆိုခဲ့တာကြောင့် ဒုတိယ အကြိမ် ထောင်ကျခဲ့ပါတယ်။
သူ့ကို ဒုတိယအကြိမ် ထောင်ကျခဲ့တဲ့ကိစ္စအပေါ် အမြင် သဘောထားများ၊ လွတ်လပ် စွာ ထုတ်ဖော် ပြောဆိုခွင့်များ၊ ထောင် ၂ ကြိမ် ကျခံရမှုတွင် အကျဉ်းထောင်တွင်း အခြေအနေ ကွာခြားချက်များ၊ သူတာဝန် ထမ်းဆောင် ခဲ့ဖူးသည့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသက တိုက်ပွဲများ အပေါ် အမြင်သဘောထားများကို ဧရာဝတီ သတင်းဌာန အကြီးတန်းသတင်းထောက် ထက်ခေါင်လင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ကိုအောင်ကိုထွေး အခု ထောင်ကနေ ပြန်လွတ်လာပြီ။ ကိုယ့်ကို နိုင်ငံတော် အကြည်ညိုပျက် စေမှုနဲ့ တရားစွဲ ထောင်ချခဲ့တဲ့အပေါ်မှာ ဘယ်လိုယူဆလဲ။
ဖြေ။ ။ ကျနော်ကတော့ မတရားခံခဲ့ရတယ်လို့ပဲ ပြောမယ်။ ငယ်စဉ်ထဲက တပ်မတော်က ဆွဲသွား တယ်။ သေဒဏ် ချ ခံခဲ့ရတယ်။ တောက်လျှောက် တိုင်စာတွေရော၊ သတင်းပို့ခဲ့တာတွေရော အချက် အလက်တွေ အားလုံး ကျနော်တို့မှာ မှတ်တမ်းရှိတယ်။ ဒါတွေ တင်ပြတယ်။ မရဘူး။
သေဒဏ်ကနေ လွတ်လာတဲ့ နောက်ပိုင်းမှာလည်း လွတ်လပ်သော အာရှအသံ(RFA) ကိုပြောတယ်။ ပြောတာလည်း ကိုယ်ခံစားခဲ့ရတဲ့ဟာကို ကိုယ်ပြောတာ။ ဒါလည်း အမှန်တရားပဲ။ သူတို့လည်း ဒါကို လက်ခံတယ်။ ဒါကို နိုင်ငံတော် အကြည်ညိုပျက်စေမှု( ၅ဝ၅/ခ ) မြောက်လားလို့ ကျနော်တော့ မေးခွန်း ထုတ်ချင်တယ်။ ကိုယ် အနိုင်ကျင့်ခံခဲ့ရတဲ့ ကိစ္စတွေကို ကျနော်တို့ နိုင်ငံမှာ ထုတ်ဖော် ပြောဆိုခွင့် မရှိတော့ဘူးလားလို့ မေးခွန်းတွေ ရှိလာတယ်။
မေး။ ။ အခု ပြစ်ဒဏ်က ကျခံခဲ့ရပြီးပြီ။ ကိုယ့်အကြောင်းကို ကိုယ်က မီဒီယာကိုပြောတာကိုပဲ ထပ်ပြီး တရားစွဲ ထောင်ချ တယ် ဆိုတော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဘယ်လို ယူဆလဲ။
ဖြေ။ ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာ အခြေအမြစ် ရှိရမယ်၊ မှန်ကန်ရမယ်၊ ကိုယ်ပြောတဲ့ စကားကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမယ်။ ကချင်ပြည်နယ်မှာလည်း လူငယ် ၂ ယောက်ကို ထောင်ချ တယ်။ ထောင်ထဲမှာဆိုလည်း ဒေါင်းမျိုး ဆက် သံချပ်အဖွဲ့ကလူတွေ၊ ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့က ကိုထင်ကျော်တို့လို လူတွေ၊ ကျနော့်အမှုကို လာဝန်းရံရင်း ထပ်မံ တရားစွဲဆိုခံရတဲ့ ကျနော့် အမ(မနေဇာ) လိုအမှုတွေက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိဘူးဆိုတာကို မီးမောင်းထိုးပြ နေတာပဲ။
မေး။ ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိတဲ့ အခြေအနေက ဘယ်သူ့ဆီမှာ တာဝန်ရှိလဲ။
ဖြေ။ ။ အဲဒီမှာ ၂ ပိုင်းရှိတယ်။ ကျနော်တို့ ဒွိဟ ဖြစ်စေတာက တချို့ဟာတွေက အစိုးရက စွဲတာ ရှိတယ်၊ တချို့ဟာတွေက တပ်မတော်က တိုက်ရိုက် စွဲဆိုတာ ရှိတယ်။ တာဝန်ရှိလဲ ဆိုရင်တော့ အရာရာတိုင်းက ကျနော်တို့ နိုင်ငံမှာ လူထုအစိုးရပဲ။ လူထုက မဲပေးပြီး ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရ၊ ဒါပေမယ့် ဒီအစိုးရကလည်း ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော်ကို သမ္မတရဲ့ လက်အောက်ကို မဆွဲသွင်းနိုင်ဘူး။
အဲဒီအတွက် ကျနော်တို့က ဘယ်သူ့မှာ တာဝန်ရှိလို့ရှိမှန်း၊ ဘယ်သူ့ကို အပြစ်တင်လို့ တင်ရမှန်း မသိဘူး။ ဒီလိုနဲ့ ပြည်သူ တွေက အမှန်တရားပြောတယ်။ ထောင်ထဲသွား ဆိုတာပဲ။ တိုက်ပွဲမတိုက်ဖို့ ပြောတဲ့သူတွေက ထောင်ထဲသွားပြီး တိုက်ပွဲ တိုက်နေတဲ့ သူတွေကိုကြတော့ ငြိမ်းချမ်းရေး ကမ်းလှမ်း တယ်။ အဲဒီဘက်ကို ငြိမ်းချမ်းရေး ကမ်းလှမ်းရင်လည်း ဒီဘက်မှ ဒီလိုတွေ လုပ်တာတွေကို ခွင့်ပြု ပေးရမယ်။
မေး။ ။ ကိုအောင်ကိုထွေးအနေနဲ့ ကလေးစစ်သားအဖြစ် တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့စဉ် အဲဒီလို ကလေးစစ်သား တွေ တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တာတွေကိုရော တွေ့ခဲ့ဖူးလား။
ဖြေ။ ။ ရှိခဲ့တယ်။ ကျနော်တို့ သင်တန်း တက်နေတဲ့အချိန်မှာတင် မိဘတယောက် လာခေါ်သွားတာကို ရှိခဲ့တယ်။ အဲဒီ ကလေးစစ်သားကလည်း ကံကောင်းစွာနဲ့ တပ်ခွဲဗိုလ်ကြီးရဲ့ အိမ်ကို လုပ်အားပေး ပါသွားတယ်။ အဲဒီ အိမ်က ကြိုးဖုန်းနဲ့ သူ့မိဘဆီကို ဖုန်းလှမ်းခိုးဆက်ပြီး အဆက်သွယ်ရလို့ ချက်ချင်း လာခေါ်သွားတယ်။ ယနေ့အချိန်ထိ ကလေးစစ်သားတွေ ရှိနေသေးတယ်။
ကျနော်က တဖက်ထဲ ပြောနေတာ မဟုတ်ဘူး။ ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ မှာလည်း ကလေးစစ်သား အသုံးပြုမှုတွေ ရှိနေတယ်။ မိဘရင်ခွင်ထဲကနေ ဒီကလေးတွေကို ဆွဲယူ သွားပြီး လူသတ်လက်နက်တွေ လက်ထဲပေးကာ စစ်မြေပြင်မှာ စစ်တိုက်ခိုင်းတယ်ဆိုတာ အင်မတန် ယုတ်ညံ့တဲ့အလုပ်ပဲ။
မေး။ ။ အခု တိုက်ပွဲဖြစ်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်တယ်။ ကိုအောင်ကိုထွေး တာဝန်ထမ်းဆောင်စဉ်က တိုက်ပွဲတွေ မရှိသေးဘူး။ အဲဒီအချိန်တုန်းက တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တပ်မတော်နဲ့ တိုင်းရင်းသား ပြည်သူတွေအားလုံးက ဘယ်လို ဆက်ဆံရေးတွေ ရှိခဲ့လဲ။
ဖြေ။ ။ အဲဒီအချိန် ၂၀၀၇-၂၀၀၈ ဝန်းကျင်တုန်းက ကျနော်တို့ ကိုးကန့်တွေနဲ့လည်း အတူတူသွား တယ်။ အတူတူစားတယ်။ ဟိုပန်မှာဆိုရင် အခု လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေတဲ့ ဦးကျင်ဝမ်းတို့ အိမ်တွေကို သွားတယ်။ ကိုယ့်ဦးလေး၊ ကိုယ့် ဘကြီးတွေလို သဘောထားပြီး နေခဲ့ကြတယ်။
ချစ်ချစ်ခင်ခင် နေခဲ့ကြတယ်။ တိုက်ပွဲလည်းမရှိဘူး။ ကျနော်တို့ နယ်မြေ လုံခြုံရေးဆိုပြီး မုံးကိုး၊ မုံးပေါ်၊ ဟိုပန်၊ လောက်ကိုင် စတဲ့ တခွင်လုံး ဘာမှမရှိခဲ့ဘူး။ အဓိက စစ်ရဲ့သဘောသဘာဝကို ပြောမယ်ဆိုရင် ကိုယ်ကျိုးအတွက် အကုန်လုံး အလုပ်လုပ်နေကြတာ။
မေး။ ။ ကိုယ်ကျိုး ဆိုတာက တိုင်းရင်းသား လက်နက်ကိုင်တွေရော တပ်မတော်ရော ၂ ဖက်လုံးကို ပြောတာလား။
ဖြေ။ ။ ကျနော်ပြောတာ ၂ ဖက်စလုံးကို ပြောတာ။ ရာစုနှစ် တဝက်လောက် ကျနော်တို့ နိုင်ငံမှာ တိုက်ပွဲတွေ ဖြစ်လာ တယ်။ တိုင်းရင်းသား ပြည်သူတွေ ထွက်ပြေးရတယ်။ တပ်မတော်မှာလည်း တပ်မတော်သားတွေ သေခဲ့ရတယ်။ တိုင်းရင်း သား လက်နက်ကိုင်တွေ ဘက်မှာလည်း သေရတာပဲ။
အဓိက နိုင်ရဲ့လား။ လက်ဆုပ်လက်ကိုင် တိုက်ပွဲ နိုင်ပါ တယ်ဆိုတာ မပြနိုင်ဘူး။ တိုက်လိုက်၊ ငြိမ်းချမ်းရေး လုပ်လိုက်၊ ဆွေးနွေးပွဲ လုပ်လိုက် ပြန်တိုက်လိုက်နဲ့။ သေချာ တယ်။ ရာစုနှစ်ဝက် လောက်ရှိတဲ့ ဒီစစ်က ၂ ဖက်စလုံးက လုံးဝ လိမ် နေတာပဲ။ ၂ ဖက်စလုံးရဲ့ စစ်ခေါင်းဆောင် တွေရဲ့ အကျိုးစီးပွားပဲ။ အောက်ခြေမှာ ရဲဘော်တွေ သေနေတယ်။ မိသားစုတွေ မုဆိုးမတွေ ဖြစ်ကြတယ်။ သူတို့တွေ ကြတော့ ချမ်းသာ နေကြတယ်။
မေး။ ။ အခု ထောင်က ထွက်လာပြီဆိုတော့ ကိုယ့်ဘဝလမ်းကြောင်းကို ဘာဆက်လုပ်မယ်လို့ စဉ်းစားထားလဲ။
ဖြေ။ ။ ကျနော် ရိုးသားတဲ့ စီးပွားရေး တခုလုပ်မယ်။ သူခိုးလိုလို၊ အာဏာ ရှိတဲ့သူကို ကပ်ပြီးမှ ပါမစ်လေးထုတ်တဲ့ စီးပွားရေးမျိုး ကျနော် မလုပ်ချင်ဘူး။ ကျနော်တို့ လူငယ်တွေဟာ ကိုယ့်လမ်းကိုယ် ဖောက်ရမယ့် အချိန်မှာ ထောင်ထဲမှာ သွားပြီး အချိန်ကုန်နေရတယ်။
စီးပွားရေးကောင်းမှ နိုင်ငံက ဖွံ့ဖြိုးတိုးတက်မှာ။ ကျနော်တို့ လူငယ်ထုရဲ့ ရပိုင်ခွင့်ကိုပဲ လိုချင်တယ်။ အခွင့်ထူးခံမျိုးလည်း မလိုချင်ဘူး။ ဒါပေမယ့် စီးပွားရေး မကောင်းလို့ ရှိရင်တော့ နိုင်ငံရေးကလည်း ကောင်းလာမှာမဟုတ်ဘူး။
မေး။ ။ စစ်အစိုးရလက်ထက် ကာလ ကလေးစစ်သား ဘဝကလည်း ထောင်ကျခဲ့တယ်။ မန္တလေး အိုးဘိုထောင်မှာပေါ့။ အခု ထွက်လာပြီးမှ တခါ ထပ်ထောင်ကျတယ်။ အဲဒီတော့ အရင်ကာလနဲ့ အခုကာလ ထောင်ထဲမှာ ဘာတွေ ကွာခြားသွားလဲ။
ဖြေ။ ။ ၂၀၀၈ ခုနှစ်လောက်မှာ ကျနော် ထောင်စ ကျတယ်။ အဲဒီ အချိန်ကတော့ ထောင်ထဲမှာ နည်းနည်း ကျပ်ကျပ်တည်းတည်း ဖြစ်တယ်။ ဒီဘက်ခေတ်မှာ ထောင်ဆိုတာ ဟိုဘက်နဲ့ သိပ်တော့ ကွာခြားတာမျိုး မရှိဘူးလို့ ဆိုနိုင်ပေမယ့် ဒီဘက်ခေတ်မှာ TV ကို လွတ်လွတ်လပ်လပ် ကြည့်လို့ရ တယ်။ သတင်းတွေ ရလာတယ်။ ထောင်ထဲမှာ စာတွေ ဖတ်လို့ ရလာတယ်။ လူတွေ မကောင်းတာကို ကောင်းအောင် ပြုပြင်ပေးလာတဲ့ နေရာတော့ ဖြစ်လာတယ်။
ဆိုးတာက လူဦးရေ ကျပ်တည်းမှုပဲ။ ၁ဝ ပေ ပတ်လည်လောက်ပဲ ရှိတဲ့ အခန်းထဲမှာ ၁ဝ ယောက်၊ ၁၁ ယောက် အိပ်ရတာ မျိုးတွေ ရှိတယ်။ တချို့အမှုတွေကို အာမခံထားပြီးတော့ အပြင်ကနေ ရင်ဆိုင်စေ ချင်တယ်။ ထောင်ထဲမှာ ၆ဝ ရာခိုင်နှုန်း လောက်က လူငယ်တွေချည်းပဲ။
မေး။ ။ ဟိုးအရင်တုန်းက ထောင်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီး ဖြစ်ခဲ့တယ်။ အခုရော အခြေအနေ ဘယ်လိုရှိနေသေးလဲ။
ဖြေ။ ။ အခုတော့ သိပ်မရှိတော့ပါဘူး။ တခါတလေတော့ ထိပ်တိုက်တွေ့မှုလေးတွေ ရှိပါတယ်။ ကျနော် လားရှိုးထောင် မှာတုန်းက ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုမင်းဇေယျာ၊ ဦးစိုးဟန်တို့နဲ့ နေခဲ့ရဖူးတယ်။
အရင်တုန်းက ကျနော်တို့ တောင်းတဲ့ဟာကို ရရင်ရ၊ မရရင် ချမယ်။ အခုကြတော့ အာဏာပိုင်အဖွဲ့ ဘက်ကလည်း သူတို့ အခက်အခဲကို ပြန်တင်ပြတယ်၊ အကျဉ်းသားတွေဘက်ကလည်း သူတို့အခက် အခဲကို တင်ပြတယ်။ အားလုံးဟာ မိသားစု လို ဖြစ်သွားတယ်။ အားလုံး ညှိနှိုင်းပြီးတော့ ထောင်ကို ဘယ်လိုကိုင်တွယ်ရမလဲပေါ့။
အခုက သူတို့မှာလည်း နီးရာဓား ကြောက်နေကြရတယ်။ အစိုးရကို ကြောက်ရမလိုလိုနဲ့။ ထောင်ကို ခေတ်အဆက်ဆက်က ရုပ်ဆိုး အကျည်း တန်အောင် နာမည်ဖျက်ခဲ့တဲ့ စစ်ထောက်လှမ်းရေး အဖွဲ့လိုမျိုး တွေကြောင့်ပဲ။
ထောင်ထဲ ဝင်ချင်တဲ့ အချိန်ဝင်၊ အကျဉ်းသားတွေကို ရိုက်ချင်သလိုရိုက်ခဲ့ကြတာ။ အခုက အားလုံး ညှိနှိုင်းပြီးတော့ အုပ်ချုပ် လာတယ်။ ထောင်တွေဆူတဲ့ အထဲမှာ အင်းစိန်ထောင် မပါခဲ့ဘူး။ ထောင်ပိုင်နဲ့ ကျနော်တို့ အားလုံး ဆွေးနွေးပြီး ထောင်ကို ထိန်းခဲ့တယ်။ အကျဉ်းဦးစီး အင်အားက ဘယ်လောက်မှ မရှိဘူး။ အားလုံးက နားလည်မှု၊ စေတနာ၊ မေတ္တာတွေနဲ့ ထိန်းသွားကြတာ။
မေး။ ။ ကိုအောင်ကိုထွေး ထောင်ထဲမှာ သတင်းတွေလည်း မပြတ်ခဲ့ဘူး။ အခု နောက်လာမယ့် ရွေးကောက်ပွဲကလည်း နီးလာပြီ။ အဲဒီတော့ မြန်မာနိုင်ငံရေးအနေနဲ့ ဘယ်လိုအကောင်းဘက်ကို သွားသင့်တယ်လို့ မြင်လဲ။
ဖြေ။ ။ ကျနော့် အထင်က ဒီ ၂ဝ၂ဝ ခုနှစ်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကပဲ နိုင်ဦးမှာပဲ။ ဘာလို့လဲဆိုတော့ ပြည်သူ မှာ ရွေးချယ်စရာမရှိဘူး။ ပြည်သူကနေ ယုံကြည်နိုင်လောက်တဲ့လူ မတွေ့သေးဘူး။ အခု နိုင်ထားတာရော ၂ဝ၂ဝ မှာ ထပ်နိုင်လည်း ပြည်သူကို လုပ်ပြဖို့တော့ လိုတယ်။
ပြည်သူရဲ့ ရင်ထဲက ခံစားချက်တွေ၊ မျှော်လင့်ချက်တွေကို တာဝန်ယူ၊ တာဝန်ခံမှုနဲ့ လုပ်ပြဖို့ လိုတယ်။ လွတ်လပ်စွာ ထုတ် ဖော် ပြောဆိုခွင့်တွေ ကျဆင်းနေတယ်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုလည်း မြန်မြန်ဆန်ဆန် ပြင်ဆင်ရမယ်။ ဖျက်သိမ်းလည်း မြန်မြန်ဖျက်သိမ်းဖို့ လိုတယ်။
ဒီဖွဲ့စည်းပုံက ကျနော်တို့ နိုင်ငံအတွက် တော်တော်အန္တရယ်ရှိတယ်။ ဒီဖွဲ့စည်းပုံနဲ့ ဘယ်အစိုးရပဲ အုပ်ချုပ်၊ ဘယ်လိုမှ ကောင်းကောင်း အုပ်ချုပ်လို့ရမှာ မဟုတ်ဘူး။
လက်ရှိ သက်တမ်းမှာ မပြင်ဆင်နိုင်ခဲ့ရင်တောင် နောက်သက်တမ်းမှာ အမြန်ဆုံး ပြင်ဆင်ပေးဖို့ တောင်းဆိုချင်တယ်။ နောက်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေရော၊ မြန်မာ့ တပ်မတော်ရော ကျနော်ပြောချင်တာက ချစ်ချစ်ခင်ခင် နေစေချင်တယ်။ ကျနော်သိပါတယ်။ ဒါဟာ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။
ကျနော်တို့ တိုင်းရင်းသားတွေဟာ ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်တာနဲ့အတူ အင်မတန်မှ ချစ်ခင်မြတ်နိုးကြ တယ်။ အဲဒီတော့ ပြည်သူ့မျက်နှာကို ကြည့်ပေးပါ။ ပြည်သူတွေဟာ ဆင်းရဲနေတယ်။
တိုင်းရင်းသားတွေ စစ်ဘေးရှောင်တွေ ဖြစ်နေတယ်။ အဲဒီစစ်ဘေးရှောင်တွေက ပြည်သူတွေပါ။ ရခိုင်လက်နက်ကိုင်ကဖြစ်ဖြစ်၊ တအာင်း လက်နက်ကိုင်ကဖြစ်ဖြစ်၊ တပ်မတော်သားတွေပဲဖြစ်ဖြစ် သေသွားတဲ့သူတွေကလည်း ပြည်သူတွေပါပဲ။