ဘုရားဖူးကုမ္ပဏီ အယောင်ဆောင်၍ အိန္ဒိယသို့ ရွှေမှောင်ခိုလုပ်သည့် ကုမ္ပဏီများမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းတွင် ပို၍ များ လာသောကြောင့် မြန်မာ ခရီးသည်များကို အိန္ဒိယနိုင်ငံ လေဆိပ်များတွင် အခြားသောနိုင်ငံများ၏ ခရီးသည်များထက် ပို၍ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိနေသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်ကလည်း အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီအင်ဒရာဂန္ဓီ နိုင်ငံ တကာ လေဆိပ်တွင် မြန်မာအမျိုးသမီး ၂ ဦးကို အိန္ဒိယ ရူပီး ၁ ကုဋေကျော်တန်ဖိုးရှိ ရွှေများ မှောင်ခိုတင်သွင်းသည်ဟု စွပ်စွဲပြီး ဖမ်းဆီး လိုက် ကြောင်း နိုင်ငံတကာ သတင်းများ အရ သိရသည်။
ယင်းကြောင့် နိုင်ငံ၏ ပုံရိပ်ကျဆင်းခြင်းနှင့် ဘုရားဖူးဈေးကွက်မှာ ရွှေမှောင်ခို ဈေးကွက်ကြီးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ကြီး ထွားလာနိုင်သဖြင့် ယခု ၂၀၁၉-၂၀၂၀ ခရီးသွားရာသီတွင် ဘုရားဖူး ခရီးသွားကုမ္ပဏီ အယောင်ဆောင်၍ ရွှေမှောင်ခို သယ် ခြင်းများ မဖြစ်ပွားစေရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနတို့နှင့် ညိုနှိုင်းဆောင်ရွက် သွားမည်ဟု သတင်းမီဒီယာများသို့ ပြောကြားထားသည်။
ဗုဒ္ဓဂါယာခရီးစဉ်သည် ပုံမှန်အားဖြင့် ၁၅ ရက်ကြာမြင့်ပြီး ကျပ် ၁၂ သိန်းခွဲခန့် ကုန်ကျသော်လည်း ခရီးသွား ဝန်ဆောင်မှု ကုမ္ပဏီအချို့သည် ကျပ် ၁၀ သိန်းခန့်ဖြင့် ဈေးနှုန်း လျှော့ချပေးပြီး ဘုရားဖူး ခရီးသည်ကို ကုန်ကူးမည့် ရွှေများ ဝတ်ဆင်၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ ဗုဒ္ဓဂါယာ ဘုရားဖူးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်ကို ဧရာ ဝတီ သတင်းထောက် မျိုးပပစန်းမှ တွေ့ဆုံ မေးမြန်းထားသည်။
မေး။ ။ ဘုရားဖူး ခရီးသွားရာသီနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ။ မြန်မာနိုင်ငံကနေ ဗုဒ္ဓဂါယာကို သွားတဲ့ ခရီးသွားဦးရေက ၁ နှစ်ကို ပျမ်းမျှ ဘယ်နှစ်ဦးလောက် ရှိပါသလဲ။
ဖြေ။ ။ ဗုဒ္ဓဂါယာ ဘုရားဖူးခရီးသွားကာလက နှစ်စဉ် အောက်တိုဘာလကနေပြီးတော့ ဧပြီလ အထိ ဖြစ်ပါတယ်။ ဘုရားဖူး အများစုက အိန္ဒိယသံရုံးက ဗီဇာယူပြီး သွားကြရပါတယ်။ အိန္ဒိယသံရုံး ဗီဇာ ဌာနရဲ့ စာရင်းများအရ ၂၀၁၇-၂၀၁၈ ရာသီမှာ ခရီးသည် ၃ သောင်းလောက် သွားခဲ့ပြီး၊ ၂၀၁၈-၂၀၁၉ ဘုရားဖူးရာသီမှာတော့ ခရီးသည် ၄ သောင်းခန့် သွားခဲ့ပါတယ်။ ဘုရားဖူးတွေ တိုးလာတဲ့ သဘောပါ။ အခု ၂၀၁၉-၂၀၂၀ မှာဆိုရင် ပိုသွားကြမှာပါ။
ဘာကြောင့်လဲဆိုတော့ လေကြောင်းလိုင်းတွေ ပိုတိုးလာပါပြီ။ အခု Air India (AI) , Myanmar Airways International (MAI),Myanmar National Airlines (MNA) တို့အပြင် Indigo လို Budget Airline တွေပါ ပျံသန်းပြေးဆွဲနေပြီ ဖြစ်လို့ ဘုရားဖူးခရီးသည်တွေ ပိုတိုးလာလိမ့်မယ်လို့ ခန့်မှန်းပါတယ်။
ဒီလိုပေါ်လာတဲ့အခါ ဈေးနှုန်းတွေ ချလာကြပြီ။ အရင်တုန်းကဆို လူတယောက်ကို အမေရိကန်ဒေါ်လာ ၃၈၅ ဒေါ်လာ ကျ တယ်။ အခုဆိုရင် ဒေါ်လာ ၃၀၈ ဒေါ်လာ ဖြစ်သွားပြီ။ ဒီနှုန်းတွေ ကျလာပြီဆို တော့ ခရီးသည်တွေက ဈေးသက်သက်သာ သာနဲ့ ပိုပြီးတော့ သွားနိုင်မှာ ဖြစ်တဲ့အတွက် ဗုဒ္ဓဂါယာ ခရီးကတော့ ပိုပြီးတော့ လူများလာဦးမှာပဲ။
မေး။ ။ အခုနောက်ပိုင်းမှာ အိန္ဒိယနိုင်ငံ လေဆိပ်မှာလည်း မြန်မာဘုရားဖူးတွေက ရွှေပိုဝတ်လာလို့ ဖမ်းတာတွေ တွေ့လာ ရတယ်၊ ဒါက နိုင်ငံရဲ့ ပုံရိပ်လည်း ကျစေတယ်ဆိုတော့ ကော်မတီ အနေနဲ့ ဘယ်လိုပြင်ဆင်မှုတွေနဲ့ တားဆီး သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ ဗုဒ္ဓဂါယာ ဘုရားဖူးသွားရင်းနဲ့ ရွှေသယ်လာတာ ရှိလာပါပြီ။ ဒါဟာ သာသနာကို အင်မတန်မှ ညစ်နွမ်းစေပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်။ ကော်မတီ အနေနဲ့လည်း ထိခိုက် သလို သက်ဆိုင်ရာ တဦးချင်း တဖွဲ့ချင်း ကုမ္ပဏီတွေ အားလုံးကို ထိခိုက်တဲ့ ကိစ္စပါ။ သတင်းတွေ လည်း ကြားနေရပါတယ်။ အိန္ဒိယဘက်မှာ အဖမ်းခံရတာတွေ လည်း ရှိလာတော့ ရွှေကုန် မကူးရအောင်လို့ ပိုမို သတိပေး တားမြစ်နေပါတယ်။
စည်းမျည်းစည်းကမ်းကို အားလုံးလိုက်နာအောင် ဆော်သြနေပါတယ်။ ဒီနေရာမှာ ကျနော်တို့က ဘုရားဖူးသွားမယ့် ခရီး သည် အသစ်တွေကို အသိပေးချင်ပါတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဂါယာ ဘုရားဖူး ပို့ဆောင်တဲ့ အဖွဲ့တွေ အများကြီး ရှိပါတယ်။
ဒါပေမယ့် အထူးသဖြင့် ရန်ကုန်ထက်စာရင် နယ်တွေကို ဆင်းပြီးတော့ ဘုရားဖူးလိုက်ဖို့ စည်းရုံးတဲ့ တချို့အဖွဲ့တွေမှာ “ကျနော်တို့ ဈေးလျှော့ပေးမယ်။ ဒီရွှေထည်လေး ဝတ်သွားပါ” ဆိုပြီး ချဉ်းကပ်တဲ့ အဖွဲ့တွေနဲ့ ဆိုရင် လုံး၀ မလိုက်ပါနဲ့ လို့ သတိပေးချင်ပါတယ်။ အင်မတန် အန္တရာယ်ကြီးလို့ပါ။
ဒီရွှေကိစ္စက ကျနော်တို့ ဗုဒ္ဓဂါယာ ဘုရားဖူး ခရီးသွားလောကမှာ လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ် လောက် တုန်းက အထိ မရှိသ လောက်ပါ။ ဒါပေမယ့် အခုချိန်မှာ ဆက်တိုက် နီးပါးတွေ ဖြစ်လာနေပါပြီ။ ဂါယာ လေဆိပ်မှာ တရားမဝင် ရွှေသယ်ယူတာ တွေမိလို့ အဖမ်းခံလိုက်ရတယ် ဆိုတာတွေ ပြန်ကြားနေရပြီး ဗုဒ္ဓဂါယာလေဆိပ်မှာ မြန်မာ ဘုရားဖူးလေယာဉ် ဆိုက်ရင် စစ် ဆေးမှုတွေ ပိုပြီးတော့ တင်းကြပ်လာ ပါပြီ။
အဲဒီတော့ ဗုဒ္ဓဂါယာကို ဗန်းပြပြီး ရွှေကုန်ကူးတဲ့ လူတွေကြောင့် မှန်မှန်ကန်ကန် ဘုရားဖူး ကုသိုလ်ယူ ဖို့သွားတဲ့ အဖွဲ့တွေ၊ ခရီးသည်တွေ၊ လူကြီးသူမတွေ အားလုံး ထိခိုက်နေရတာပေါ့။ ဒါတွေမဖြစ်အောင် ဝိုင်းလုပ်ကြရမှာပါ။ သက်ဆိုင်ရာ ဝန်ကြီး ဌာနများနဲ့ ညိုနှိုင်းပြီး လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။
မေး။ ။ စောစောကပြောတဲ့ ဒီနှစ်ပိုင်းမှာ အခုလို သယ်တာတွေ ပိုများလာတယ်ပေါ့နော်။ ဒါက ဘယ်လိုအကြောင်း အချက် တွေကြောင့် ပိုများလာတယ်လို့ ပြောလို့ ရတာပါလဲ။
ဖြေ။ ။ အိန္ဒိယနိုင်ငံရဲ့ ရွှေဈေးနဲ့ မြန်မာနိုင်ငံရဲ့ ရွှေဈေးက ကွာတယ်လေ။ အိန္ဒိယနိုင်ငံ ဗာရာဏသီလို နေရာ၊ ဂါယာလို နေရာတွေမှာ ရွှေတွေ လိုက်ကောက်တဲ့ သူတွေ ရှိပါတယ်။ အဲဒီလူတွေက အမြတ်ပေး ပြီး ဝယ်တယ်။ ရွှေ ၁ ကျပ်သားကို ဒေါ်လာ ၅၀ လောက် အမြတ်ပေးပြီး ဝယ်နေတာပါ။ ဒီလိုမျိုးတွေ ကြောင့် အခုအချိန်မှာ သယ်တာတွေ ပိုများလာပါတယ်။
အခေါက်ရွှေက ဟိုဘက်မှာ ပိုပြီး ဈေးတန်းဝင်တော့ တချို့ခရီးသည်တွေကို ပေးဝတ်တာမျိုးတွေ ရှိပါ တယ်။ ဝတ်ခိုင်းပြီး ဈေးလျှော့ပေးလိုက်တာပေါ့။ ဟိုဘက် လေဆိပ် အကောက်ခွန်က လွတ်သွား ရင် ပြန်ချွတ်ရောင်းစားပြီး ဒေါ်လာတွေ ပြန် သွင်းလာတယ်။ ဒီလို အကြောင်းအချက်တွေက ကြီးကျယ်လာတော့ အခုလို တားဆီးနေရတာပါ။
မေး။ ။ ရွှေမှောင်ခိုလုပ်တဲ့ ဘုရားဖူး ကုမ္ပဏီတွေကို အရေးယူဆောင်ရွက်ဖို့ ကော်မတီ အနေနဲ့ ဘယ်လိုမျိုး ဆောင်ရွက် သွားမလဲ။
ဖြေ။ ။ ၂၀၁၉- ၂၀၂၀ ဘုရားဖူးရာသီမှာ လုပ်မှာပါ။ ဘယ်လိုလုပ်သွားမလဲ ဆိုရင် ကျနော်တို့ လုပ်ငန်း ကော်မတီကနေ ရွှေကုန်ကူးတဲ့ သူတွေမိရင် ထုတ်ပယ်မှာပါ။ နောက်ပြီး ကျနော်တို့ရဲ့ မိတ်ဖက်ညီနောင် အသင်းဖြစ်တဲ့ မြန်မာနိုင်ငံ ခရီး သွား လုပ်ငန်းရှင်များ အသင်း(UMTA) နဲ့ သက်ဆိုင်ရာဌာနတွေကို ဆက်လက် အကြောင်းကြားပြီး အရေးယူစေမှာလည်း ဖြစ်တယ်။
သက်ဆိုင်ရာ ဝန်ကြီး ဌာနများဖြစ်ကြတဲ့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွား၊ ဘဏ္ဍာခွန်နှင့် ပြည်ထဲရေး ဝန်ကြီးဌာနများသို့ သတင်းပေးပို့ အစီရင်ခံပြီး ဆောင်ရွက်မှာ ဖြစ်တယ်။ နောက်ပြီးတော့ လုပ်ငန်းညိုနှိုင်း ပူး ပေါင်း ဆောင်ရွက်မှုတွေကတော့ မြန်မာနိုင်ငံ လေဆိပ် အကောက်ခွန်၊ အိန္ဒိယနိုင်ငံ လေဆိပ်အကောက်ခွန်နဲ့ အိန္ဒိယ သံရုံးတို့ပဲ ဖြစ်ပါ တယ်။
မေး။ ။ အခုလာမယ့် ခရီးသွားရာသီမှာ အခုလိုမျိုး ဘုရားဖူးတွေက တဆင့် ရွှေမှောင်ခိုသယ်တာ မျိုးတွေ မဖြစ်အောင် ဘယ်လိုမျိုး ကြိုတင် ပြင်ဆင်မှုတွေ လုပ်သွားမလဲ။
ဖြေ။ ။ ကျနော်တို့ ဒါက တကယ် အရေးကြီးတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ ဒါကို ထဲထဲဝင်ဝင် လုပ်မယ်လို့ ဆုံးဖြတ် ထားတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ပြီးတော့ ကျနော်တို့ ဒါကို ကိုင်တွယ်ဖို့ လုပ်နေပါတယ်။ ဒါကြောင့် ဒီနှစ်မှာ ရာသီမစခင်မှာ ထပ်ပြီး နှစ်ဖက် ဆွေးနွေးဖို့တွေ ရှိပါတယ်။
မေး။ ။ ဗုဒ္ဓဂါယာဘုရားဖူး လုပ်ငန်း ကော်မတီမှာ အသင်းဝင်ထားတာ ဘယ်လောက် ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့အသင်းမှာ အသင်းဝင်ထားတာ ၇၆ ဖွဲ့ ရှိပါတယ်။ တကယ်တမ်း သွားနေတာက အဖွဲ့ ၂၀၀ ကျော် ရှိပါ တယ်။ ၇၆ ဖွဲ့က တရားဝင် လုပ်ငန်းလိုင်စင်တွေ ရှိတယ်။ ပြည်ပ ခရီးသွားဝန် ဆောင်မှု လိုင်စင်တွေ ရှိတယ်။ Tour လိုင်စင် တွေ ရှိတယ်။ အခွန်လည်း မှန်မှန်ဆောင်နေတယ်။ ဒီလိုပုဂ္ဂိုလ်တွေက တရားဝင် ၇၆ ဖွဲ့ ရှိတယ်။
တခြား ဘာလိုင်စင်မှမရှိဘဲ သွားနေတဲ့ အဖွဲ့တွေ အများကြီးပဲ။ အဲဒီတော့ စုစုပေါင်းဆိုရင် ၂၀၀ ကျော်လောက် ရှိတယ်။ ဒါကိုလည်း ကျနော်တို့က ညီညီညွှတ်ညွှတ်နဲ့ စုစည်းပြီးတော့ စနစ်တကျ ဖြစ်အောင် အစိုးရနဲ့ ညိုနှိုင်းပြီး တည်ဆောက်ချင် တယ်ဗျ။
မေး။ ။ တခြား ဖြည့်စွက်ပြီး ဘာများ ပြောချင်ပါသေးလဲရှင့်။
ဖြေ။ ။ ဒီရွှေကိစ္စတွေက ပို့ဆောင်ပေးတဲ့ ကုမ္ပဏီ၊ အဖွဲ့တွေမှာ တာဝန်အကြီးကြီး ရှိပါတယ်။ ကိုယ့်အဖွဲ့ကိုယ် ခရီးသည်ကို ဥပဒေနဲ့ ငြိစွန်းတဲ့ ရွှေတွေ မသယ်ရဘူး၊ မဝတ်ကြစေဖို့ သေသေချာချာ ရှင်းပြထားစေချင်ပါတယ်။ အိန္ဒိယ အကောက်ခွန် ဥပဒေ အရ လူ ၁ ဦးကို ရွှေ ၃၀ ဂရမ်ပဲ ဝတ်ခွင့်ရှိပါ တယ်။ မြန်မာအတိုင်းအတာနဲ့ ပြောမယ်ဆိုရင် ၁ ဒသမ ၈ ကျပ်သား လောက်ပဲရှိတယ်။ ၂ ကျပ်သား တောင် မပြည့်ပါဘူး။ အများစုက မသိလို့ ဝတ်သွားတာတွေလည်း ရှိပါတယ်။
သတ်မှတ် ပမာဏထက် ပိုဝတ်ခဲ့ရင် အိန္ဒိယ အကောက်ခွန်ဥပဒေနဲ့ ငြိနေမှာ ဖြစ်တယ်ဆိုတာ မသွားခင်ကတည်းက ဘုရားဖူး အဖွဲ့တွေက ခရီးသည်ကို ကြိုတင် ရှင်းပြပေးရမှာ ဖြစ်တယ်။
နောက်တချက်က ကျနော်တို့ ရန်ကုန်လေဆိပ် အကောက်ခွန်နဲ့ ဂါယာလေဆိပ် အကောက်ခွန်တွေရဲ့ စည်းမျည်းတွေမှာ နှစ်နိုင်ငံ စံနှုန်းတွေက ကွဲပြားနေတာတွေ ရှိပါတယ်။ မြန်မာပြည်က နိုင်ငံခြားထွက် မယ့် ခရီးသည်တဦးက ရန်ကုန်လေဆိပ် အကောက်ခွန် ဥပဒေအရ ကျပ်သိန်း ၁၀၀ အောက် လက်ဝတ် ရတနာ တန်ဆင်ဆာ ဝတ်ဆင်ပြီး ထွက်နိုင်တယ်။ ဒါပေမယ့် ဘယ်လို လက်ဝတ်ရတနာတွေ ဝတ်ဆင် သွားတယ် ဆိုတာ အသေးစိတ် တင်ပြရပြီး ပြန်လာတဲ့အခါ ဒါတွေကို တပါတည်း ပြန်လည် ယူဆောင် လာရမယ်လို့ မြန်မာ အကောက်ခွန်မှာ ဝန်ခံကတိ ထားခဲ့ရတယ်။
အိန္ဒိယနိုင်ငံ အကောက်ခွန်မှာက အမျိုးသား ဆိုရင် ရူပီး ၅ သောင်း (မြန်မာငွေ ကျပ် ၁၁ သိန်းခန့်)၊ အမျိုးသမီးဆိုရင် ရူပီး ၁ သိန်း (မြန်မာငွေ ကျပ် ၂၂ သိန်းခန့်)နဲ့ ညီမျှတဲ့ တဆင်ဆာ လက်ဝတ်ရတနာ ပမာဏခန့် ဝတ်ဆင်ခွင့် ရှိတယ်။ ရွှေတုံး၊ အပြား၊ အခဲ၊ အချောင်းနဲ့ အခေါက်ရွှေတွေ ကတော့ လုံး၀ သယ်ဆောင်ခွင့် မပြုထားတာပါ။
အခုလို အိန္ဒိယ အကောက်ခွန်ဥပဒေအရ သတ်မှတ်ထားတဲ့ ပမာဏတွေကို မသိကြဘဲ ပိုဝတ်သွားတဲ့ ဘုရားဖူးတွေဟာ ဂါယာလေဆိပ်မှာ ပြဿနာတက်တော့တာပါပဲ။ ဒုက္ခရောက်၊ ကြန့်ကြာ အမျိုးမျိုး အစစ်အဆေးတွေခံရပြီး ငွေဒဏ်တွေ များစွာ ဆောင်ခိုင်းတာတွေ ရှိခဲ့ပါတယ်။ ဒီလိုမျိုးတွေ မဖြစ် အောင် ကျနော်တို့တွေက ပြောပေးရပါမယ်။ သက်ဆိုင်ရာ ဘုရားဖူး ကုမ္ပဏီတိုင်းမှာလည်း တာဝန် ရှိပါတယ်။
ဘုရားဖူး မထွက်ခင်မှာ နှစ်နိုင်ငံ အကောက်ခွန် ဥပဒေ မတူညီတာတွေကို ခရီးသည်တွေကို သေချာ ရှင်းပြပေးနိုင်ရမယ်။ ရွှေဆိုလည်း ၃၀ ဂရမ် (၁ ဒသမ ၈ ကျပ်သား) သာ ဝတ်ခွင့်ရှိတာ အသိပေးထား ရမယ်။ ဒါမှ ဂါယာလေဆိပ်မှာ လွယ်လွယ် ကူကူ ဒုက္ခကင်းကင်းနဲ့ ဖြတ်သန်းသွားလာနိုင်မှာ ဖြစ်ပါတယ်လို့ ပြောကြားလိုပါတယ်။
You may also like these stories:
ရွှေမှောင်ခိုလုပ်သည့် ခရီးသွားကုမ္ပဏီများ အရေးယူပေးရန် တင်ပြမည်
ဗုဒ္ဓဂါယာကို ကမ္ဘာ့အဆင့်အတန်းမီ နေရာဖြစ်လာအောင် ဆောင်ရွက်နေတဲ့ အိန္ဒိယအစိုးရ