ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention-KBC) ဥက္ကဋ္ဌ သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ၎င်းအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်များနှင့် ပတ်သက်ပြီး အရေးယူပေးပါရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တရားရုံးသို့ ဦးတိုက်လျှောက်ထား တိုင်ကြားခဲ့သော်လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှုကို ပြန်လည်ရုပ်သိမ်းခိုင်းခဲ့သည်။ ယင်းနောက် ဒေါက်တာ ခလမ်ဆမ်ဆွန်နှင့် အဖွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၁၂ ရက်၊ မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ခေါ်ယူတွေ့ဆုံခဲ့သည်။
အမှုပြန်လည် ရုပ်သိမ်းအပြီး နောက်တရက် စက်တင်ဘာ ၁၀ ရက်တွင် ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားရှိ KBC ရုံးချုပ်၌ ဒေါက်တာ ခလမ်ဆမ်ဆွန်က ငြိမ်းချမ်းရေးနှင့် ဒုက္ခသည် နေရပ်ပြန်ရေး အပါအဝင် ဧရာဝတီ မြန်မာပိုင်း အကြီးတန်း အယ်ဒီတာ ရဲနည်၏ မေးမြန်းချက်များကို ရှင်းလင်းဖြေဆိုခဲ့သည်။
မေး။ ။ အခုဆရာ့အမှုကို တပ်မတော်ကနေပြီးတော့ ရုပ်သိမ်းသွားတာပေါ့။ ဒီရုပ်သိမ်းသွားတဲ့ အမှုကလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကနေ ပြီးတော့ နှုတ်မိန့်နဲ့ တခါတည်း အမိန့်ပေးတဲ့ အတွက်ကြောင့်မို့ ပြန်ရုပ်သိမ်းသွားတယ်လို့ သိရပါတယ် ဆရာ။ ဆိုတော့ အဲဒီ အမှုသွား အမှုလာပေါ်မှာ ဆရာ့ရဲ့ သဘောထားလေး သိပါရစေ။
ဖြေ။ ။ ကျနော်လည်း ဒီလိုရုပ်သိမ်းသွားတာကို ကြိုဆိုကြောင်း ပြောချင်တာပေါ့။ ကျနော်တို့က ဒီ ၉ ရက်နေ့မှာ ဘာပုဒ်မနဲ့ စွဲမယ်ဆိုတဲ့ကိစ္စကို စောင့်နေတာပေါ့။ ဒါပေမယ့် အဲဒီ ၈ ရက်နေ့မှာပဲ ကျနော်တို့ ဒီ PCG ကနေတဆင့် ကျနော်တို့ NRPC ကဦးဇော်ဌေးတို့ ဆက်သွယ်လာပြီးမှ ဒီကိစ္စကို ရုပ်သိမ်းအောင် ကျနော်တို့ လုပ်ဆောင်ဖို့ ဒီပြောဆိုမှုတွေ ရှိခဲ့တယ်။ ဒါပေမယ့် အဲဒီညကတော့ ကျနော်တို့ မသေချာသေးဘူးပေါ့။ ဒါပေမယ့် ၉ ရက်နေ့မနက်မှာ အဲဒီရုံးဖွင့်ချိန်၊ ရုံးဖွင့်ခါနီးမှာပေါ့ ဒီ PCG ကနေတဆင့် ဒီအမှုကိုရုပ်သိမ်းပြီဆိုတဲ့ အကြောင်းကို ကြားလာတော့ ကျနော်တို့လည်း ကြိုဆိုပါတယ်။ ပြီးရင် တရားရုံးကလည်း တရားလို ဒုတိယဗိုလ်မှူးကြီး သန်းထိုက်က တရားရုံးမှာ လာပြီးမှ ဒီအမှုကို ရုပ်သိမ်းသွားတယ်ဆိုတာကို တရားဝင် မြို့နယ် ပြန်ကြားရေး အရာရှိက သတင်းစာရှင်းလင်းပွဲနဲ့ မီဒီယာတွေကို ပြောခဲ့ပြီဆိုတော့ ကျနော်တို့ကလည်း အဲဒါကို Refer လုပ်ပြီးမှ ထုတ်ပြန်ကြေညာချက် လုပ်ခဲ့ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီးမှတော့ ကျနော်ဒီလိုဆွဲမလား ဆိုပြီးမှ ပြင်ဆင်နေတဲ့အချိန်မှာ ရုပ်သိမ်းသွားတာ ဆိုတော့ ကျနော်တို့ကလည်း ကျနော့်အနေနဲ့ရော ကျနော်တို့ ကချင်နှစ်ခြင်းအဖွဲ့ချုပ် ကရော၊ နောက် ကချင်လူထု အားလုံးကပါ ကြိုဆိုတယ် ဆိုတာကတော့ ဒီလိုပြောချင်ပါတယ်။
မေး။ ။ ဆရာ့အနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ခဲ့ရင်ရော ဆရာ့အနေနဲ့ ဘာသတင်းစကားများ သူ့အတွက် သယ်သွားမှာလဲ ဆရာ။
ဖြေ။ ။ ဟုတ်ကဲ့ ကျနော်တွေ့ဖို့တော့ အစီအစဉ်ရှိပါတယ်။ ကျနော်တွေ့ခဲ့ရင်လည်း ကျနော်တို့ဒီကိစ္စကို ကြိုဆိုတယ်ဆိုတဲ့ အကြောင်းပေါ့၊ နောက်ပြီး ပြည်သူနဲ့တပ်မတော် ဆက်ဆံရေးမှာ တပ်မတော်ဘက်ကနေ အမြဲတမ်း နားလည်သဘောပေါက်ပြီးမှ ပြည်သူတို့ရဲ့ ယုံကြည်မှုကို တည်ဆောက်ဖို့ လိုတဲ့အကြောင်း မြန်မာပြည် ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်တဲ့ နေရာမှာလည်း ဒီတပ်မတော်ရဲ့ ကဏ္ဍကို ပြန်စဉ်းစား ပြီးမှ တပ်မတော်က အစိုးရကို ပံ့ပိုးဖို့လိုတဲ့အကြောင်း၊ သိက္ခာရှိတဲ့ တပ်မတော်ကြီးတစ်ခုကို မြန်မာ့ပြည်မှာ ရှိစေချင်တဲ့အကြောင်း ပြောဖို့တော့ စဉ်းစားထားပါတယ်။
မေး။ ။ ဇူလိုင်လမှာ အိမ်ဖြူတော်ကို သွားပြီးတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန်နဲ့ တွေ့ဆုံပြီးတော့ တင်ပြခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး စွဲတာဆိုတော့ ဒေါ်နယ်ထရန့်နဲ့ တွေ့တဲ့အချိန်မှာ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် သဘောထား၊ ရခဲ့တဲ့ အကြောင်းအရာတွေ အပေါ်မှာ သူကဘယ်လောက်ထိ စိတ်ပါဝင်စားမှု ရှိတယ်လို့ ဆရာ့အနေနဲ့ မြင်မိလဲ။
ဖြေ။ ။ ဒါ ဒုတိယအကြိမ် Religious conference ပေါ့။ ဒီ Religious conference မှာ နိုင်ငံ ၇၀ လောက် တက်ရောက်ခဲ့ပါတယ်။ ဒီနေရာမှာ အထူးသတင်းကတော့ ဒီစစ်အစိုးရ၊ စစ်အာဏာရှင် အုပ်ချုပ်တဲ့ တိုင်းပြည်က ပုဂ္ဂိုလ်တွေ လာတက်တာ များပါတယ်။ သူတို့ကိုတော့ စဗိုက်ဘာ လို့ခေါ်တာပေါ့။ စဗိုက်ဘာတွေ လာတက်တဲ့ အချိန်မှာ သူတို့ ပြောဆိုချက်တွေအပေါ်မှာ သူတို့ ဘယ်လို လွတ်မြောက်လာတယ် ဆိုတာကိုတော့ ပြောပါတယ်။
ဒီနေရာမှာ ကျနော်တို့ကလည်း တက်ရောက်ပြီးမှ သမ္မတနဲ့ တွေ့ဆုံတဲ့နေရာမှာ အမှန်ဆို ကျနော်ကတော့ မိတ်ဆက်ခံရတဲ့ သူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီပုဂ္ဂိုလ်တွေနဲ့ ရောယောင်ပြီးမှ ကျနော် ပါသွားခဲ့ပြီးမှ အားလုံးရဲ့ ကိုယ်စား စကားပြောဖို့ သူတို့ရွေးချယ်ခဲ့တာ ကိုလည်း ကျနော်ကတော့ နားမလည်ဘူးပေါ့။ ကျနော်ကတော့ အဲဒီလို မစီစဉ်ခဲ့ဘူး။ အဲဒီလို ပြောတဲ့အပေါ်မှာ ကျနော်ရဲ့ ထင်မြင်ယူဆချက်ပေါ့၊ အမေရိကန်က မြန်မာပြည်ကို ဒီမိုကရေစီနိုင်ငံ အမြန်ဖြစ်စေချင်တဲ့ ဆန္ဒတွေ အများကြီးရှိတယ် ဆိုတာ ကျနော် တွေ့ရတယ်။ အမြန်ဖြစ်မှ ငြိမ်းချမ်းသာယာပြီး တရားမျှတတဲ့ ပြည်ထောင်စုကြီးကို ဖြစ်စေချင်တဲ့သဘော သူတို့ဆီမှာ ရှိတယ်လို့ ကျနော် အဲဒီလိုပဲမြင်မိတယ်။
ပြီးရင် ကျနော့်ရဲ့ ဒီအမှုကိစ္စမှာလည်း အမြဲတမ်း အဆင်ပြေအောင်၊ ဒီအမှုကို ရုပ်သိမ်းအောင်ဆိုတဲ့ တွန်းအားတွေ တော်တော်ပေးတယ် ဆိုတာ ကျနော် ကြားသိရတယ်ဆိုတော့ ကျနော်နဲ့တွေ့ဆုံပြီး ကျနော် ပြောခဲ့တဲ့ ပြောဆိုချက်အပေါ်မှာ အမေရိကန်နိုင်ငံရဲ့ သဘောထားကတော့ ရှင်းရှင်းပြောရမယ်ဆိုရင် မြန်မာပြည်ကြီးကို ဒီမိုကရေစီ နိုင်ငံတော်ကြီး ပီပီပြင်ပြင်ဖြစ်ဖို့ ဆန္ဒရှိတယ်လို့ ကျနော်အဲဒီလိုပဲ ထင်မြင်ပါတယ်။
မေး။ ။ အခုမေးခွန်းကတော့ ဆရာတို့ တလျှောက်လုံး တစိုက်မတ်မတ် နှစ်မြှုပ်ပြီးလုပ်ခဲ့တဲ့ IDP တွေ ကိုယ့်နေရပ် ပြန်ရေးပေါ့။ ပြန်လည် ထူထောင်ရေး ကိစ္စပေါ့ဆရာရယ်။ အဲဒါလေးနဲ့ ပတ်သက်ပြီး မေးပါရစေ။ အခု ကျနော်တို့ ကြားရသလောက် ဆိုရင် ၂၀၀၈ ဒီဇင်ဘာမှာ တပ်မတော်အနေနဲ့ အပစ်အခတ် ရပ်စဲရေးကို ကြေညာပြီးတဲ့ နောက်ပိုင်းမှာ ဒီ ဒုက္ခသည်တွေကို နမ်စန်ရန် ဘက်မှာ စပြီးပြန်တယ်ဆိုတဲ့ သတင်းတွေ ကြားရပါတယ်။ နောက်ပိုင်းမှာတော့ အဲဒါပဲ ကြားရပြီးတော့ ဆက်တိုက် မဖြစ်လာတဲ့ကိစ္စက ဘာတွေများ အခက်အခဲရှိလို့လဲ ဆရာ။
ဖြေ။ ။ အခက်အခဲ အများကြီး ရှိပါတယ်။ နမ်စန်ရန် ပြန်တဲ့ ကိစ္စကလည်း International Principle အရဆိုရင် ဒါလုံခြုံစွာ နေရပ်ပြန်တာတော့ မဟုတ်ပါဘူး။ လုံခြုံမှု မရှိဘူး။ နောက်ပြီး ဒီ နမ်စန်ရန်က တကယ့်စစ်ဆင်ရေး နယ်မြေဖြစ်ပါတယ်။ အဲဒီလို ပြန်တဲ့အချိန်မှာ အခုပြန်တဲ့ ကိစ္စမှာလည်း ခုနပြောတဲ့ အတိုင်းပဲ အိမ်ထောင်ကစု ၇၀ လောက်ပဲ ရှိသေးတယ်။ ထောင်ချီပြီးမှ နေတဲ့ရွာမှာ အဲဒီလောက်ပဲ ပြန်တယ်ဆိုတော့ အားလုံး မပြန်နိုင်သေးဘူး။ ဘာကြောင့် အဲဒီလို ဖြစ်သလဲဆိုတော့ ကျနော်တို့ ဒီနေရပ်ပြန်ရေးမှာ တချို့ကတော့ ကိုယ့်ရဲ့ အိမ်မြေနေရာတွေကို သူများတွေ ယူသွားမှာ ကြောက်တဲ့လူတွေ ရှိတယ်။ နောက်ပြီး ဒီ ဒုက္ခသည် စခန်းတွေမှာ အဆင်မပြေမှုတွေရှိတော့ တယောက်စ၊ နှစ်ယောက်စ ပြန်ချင်တဲ့သူ အပေါ်မှာ မူတည်ပြီးမှ သူတို့က သက်ဆိုင်ရာ တပ်မတော် မြောက်ပိုင်းတိုင်းကို စာတင်တယ်။ စာတင်ပြီးမှ တပ်မတော်ရဲ့ အစီအစဉ်အရ သူတို့နေရပ်ပြန်တဲ့ အစီအစဉ်ဖြစ်တယ်။
ဒီလိုနေရာမျိုးမှာ ကျနော်တို့ခု KHCC ရဲ့ ပါဝင်မှုတော့မရှိသေးဘူး။ KHCC က ခုန IDP နေရပ်ပြန်ရေးမှာ NRPC နဲ့ တွေ့ပြီးမှ၊ ကျနော်တို့နဲ့ လည်းတွေ့ပြီးမှ နှစ်ဖက်ရဲ့ သဘောတူညီချက် အပေါ်မှာ ကျနော်တို့က ဆောင်ရွက်ဖို့ ရှိတယ်။ ဒီနမ်စန်ရန်ရဲ့ အရေးကတော့ အားလုံး ပါဝင်ခြင်း မရှိသေးတဲ့ အတွက်ကြောင့်မို့လို့ မအောင်မြင်ဘူးလို့ ဆိုရမှာပဲ။ အဲဒီလိုမျိုး နောက်တခါမဖြစ်အောင် KHCC က တကယ့်လုံခြုံစိတ်ချစွာ နေရပ်ပြန်ရေးကို ဦးထိပ်ထား ပြီးမှ၊ Focus လုပ်ပြီးမှ ကျနော်တို့ ဆက်လက် ဆောင်ရွက်ဖို့ရှိတယ်လို့ ပြောချင်ပါတယ်။
မေး။ ။ ဆရာပြောတဲ့အတိုင်း ဆိုရင် KIA နဲ့၊ တပ်မတော်နဲ့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု လက်မှတ် ထိုးတဲ့ နောက်ပိုင်းကျမှ ဖြစ်မယ့်သဘောမျိုးပေါ့။ လက်မှတ် ထိုးဖို့ရော ဆရာတို့ဘက်က မျှော်လင့်ချက် ရှိပါသလား။
ဖြေ။ ။ ရှိပါတယ်။ အခု ဒီနမ်စန်ရန် ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ NRPC နဲ့ Working Committee လုပ်ငန်း ဖော်ဆောင်ရေး ဆိုပြီးတော့ ဖွဲ့တယ်။ အဲဒီ လုပ်ငန်းဖော်ဆောင်ရေးနဲ့ NRPC ရဲ့ နောက်မှာ နေရပ် ပြန်ရေးကို ရှေ့ပြေးအနေနဲ့ ၁၇ ရွာ ပြန်ဖို့ ကျနော်တို့ အစီအစဉ် လုပ်တဲ့နေရာမှာ ကျနော်တို့က အားလုံး ပြန်နိုင်တဲ့ကိစ္စ မဟုတ်ဘူး ဖြစ်နေတယ်။ ဥပမာ – ရွာတရွာက ၁၀ အိမ်ထောင်လောက်၊ ၁၅ အိမ်ထောင်လောက် ပြီးရင် IDP ဆိုတာကတော့ အစိုးရနယ်မြေမှာ ရှိသလို၊ တဖက် တရုတ်နယ်စပ် နယ်မြေမှာလည်း ရှိတယ် ဆိုတော့ ကျနော်တို့က ၂ ဖက်ကို အတူပြန်စေချင်တယ်။
ကျနော်တို့ KIA နဲ့ဆွေးနွေးတဲ့အချိန်မှာ ခုန လက်မှတ်ထိုးဖို့ကိစ္စ ပေါ်လာတယ်။ KIA က ဘာကို ဆုံးဖြတ်လဲဆိုတော့ အားလုံးအမြန်ပြန်ရေး အတွက် လုပ်ရအောင်၊ အဲဒီလို ၁၀ အိမ်ထောင်၊ ၁၅ အိမ်ထောင်ပဲ ပြန်မယ်ဆိုရင်တော့ မဖြစ်ဘူး၊ ပြီးရင် ပြန်လည်း ၂ ဖက်စလုံး ဘက်က ပြန်ရမယ်။ အဲဒီလို ၂ ဖက်က IDP တွေ ပြန်ရရေးနဲ့ စောလျှင်စွာ ဆောင်ရွက်နိုင်ဖို့၊ လုံခြုံစွာ ပြန်နိုင်ရေးအတွက် အဓိကကတော့ သူတို့ KIO နဲ့ တပ်မတော်နဲ့ နှစ်ဦးနှစ်ဖက် အပစ်ရပ်လက်မှတ် ထိုးဖို့လိုတယ်။ KIO ဘက်ကတော့ ဒါကို သူ့အဖို့ အဆင်သင့် ဖြစ်တယ်။ တပ်မတော်ဘက်က တင်ပြပြီးမှ ဘယ်လို ထိုးမယ်ဆိုတာတော့ မသိဘူး။ ဒါပေမယ့် ကျနော်တို့ KHCC နဲ့ KIO နဲ့ ဆွေးနွေးမှုအရတော့ လက်မှတ် ထိုးပြီးမှ ပထမ ဆောင်ရွက်မှုကတော့ IDP တွေရဲ့ အားလုံး ပြန်ရေးကို လုပ်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်တော့ ချထားတယ်။
ဒီအပေါ်မှာ တပ်မတော်ဘက်က စဉ်းစားပြီးမှ KIO နဲ့ မဟာမိတ်တွေ အားလုံးပေါင်းပြီးမှ လက်မှတ် ထိုးမယ်ဆိုရင်တော့ ဒါကို ချက်ချင်း ဆောင်ရွက်လို့ ရနိုင်တယ်လို့ ထင်ပါတယ်။ ဖြစ်နိုင်တာ မဖြစ်နိုင်တာ ကတော့ သူတို့ရဲ့ လုပ်ဆောင်ချက်အပေါ် မူတည်မှာ ဖြစ်ပါတယ်။
မေး။ ။ တနိုင်းဒေသကို ကျနော်တို့ မကြာသေးခင်က ဆရာနဲ့မတွေ့ခင် ရက်ပိုင်းအတွင်းက သွားခဲ့တယ်။ အဲဒီမှာ IDP တွေ နေရပ်ပြန်ရေး ကိစ္စပေါ့ဆရာ။ ကျနော်တို့ စုံစမ်းကြည့်တာကတော့ အစိုးရဘက်က နေပြီးတော့ ကျနော်တို့ကို ပြောတဲ့အတိုင်း ဆိုရင် ဒီနေရပ်ပြန်ရေးကို သူတို့မလုပ်တော့ဘဲ၊ တခြားနေရာမှာ နေရာ ချထားပြီးတော့ ပြန်လည် ထူထောင်ရေး လုပ်မယ်ဆိုတဲ့ သဘောမျိုး ပြောတာရှိပါတယ် ဆရာ။ ဆရာတို့နဲ့ အစိုးရနဲ့ရော ဘယ်လို ပူးပေါင်း ဆောင်ရွက်မှုတွေရှိပါသလဲ။
ဖြေ။ ။ အဲဒီ တနိုင်းကိစ္စတွေ ကျနော်တို့ KHCC နဲ့ အစိုးရနဲ့ ဆွေးနွေးမှု ဘာမှမရှိသေးဘူး။ ကျနော် ထင်တာ ကတော့ အဲဒါက အစိုးရဘက်ကနေ သူတို့တဖက်သတ် စီစဉ်တာ ဖြစ်နိုင်တယ်။ အခု ကျနော်တို့ နေရပ်ပြန်ရေး ဆွေးနွေးတဲ့ အထဲမှာ တနိုင်း မပါသေးဘူး။ သူတို့အစိုးရဘက်က သပ်သပ် စီစဉ်တာပဲ ရှိတယ်ဆိုတော့ ကျနော်တို့ မသိနိုင်သေးဘူး။ ဒါပေမယ့် ကျနော်တို့ သိတယ်၊ တနိုင်းဘက်မှာ Resettlement (ပြန်လည်နေရာ ချထားရေး) ကို လုပ်ချင်တယ်။ အစိုးရလုပ်တဲ့ နေရာမှာ IDP တွေက မနေချင်ဘူး။ သူတို့ အဆင်မချောဘူး။ ဒီလို နေရာမျိုးမှာ နေရပ်ပြန်ရေးနဲ့ Resettlement မှာ ကျနော့်အမြင်ကတော့ အစိုးရက သပ်သပ် မလုပ်ဘဲနဲ့ ဒေသခံ ဘာသာရေး အဖွဲ့အစည်းတွေ၊ နောက်ပြီး ဒေသခံ NGO တွေပေါ့၊ အထူးသဖြင့် CSO တွေနဲ့ လုပ်မှသာလျှင် အောင်မြင်မယ်လို့ ကျနော်ကတော့ ယုံကြည်တယ်။
မေး။ ။ နောက်တခုက ဆရာတို့ ဒီ KBC ဆိုရင် ကချင်ပြည်နယ် တဝှမ်းလုံးမှာသာမက တခြား ကချင် လူထုတွေရှိတဲ့ ဒေသတွေမှာပါ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်ပြီးတော့ ဖော်ထုတ် ကိုင်တွယ်တဲ့ နေရာမှာ ဆရာတို့က အရမ်း ရှေ့တန်း ရောက်တာတွေ့ရတယ်။ ဦးသိန်းစိန်လက်ထက်မှာ ရှိတဲ့ကာလနဲ့ အခု ဒီဘက် NLD အစိုးရ လက်ထက်ကာလ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေက ဘယ်လိုကွာခြားမှု ရှိလဲ။
ဖြေ။ ။ သမ္မတ ဦးသိန်းစိန် လက်ထက်မှာတော့ ကျနော်ထင်တယ်၊ ကျနော်တို့ KBC ကနေ တစိုက်မတ်မတ် ပါဝင်ခဲ့တဲ့ ကိစ္စတွေက အထင်ရှားဆုံးကတော့ ၃ ခုရှိတာပေါ့။ လူသိရှင်ကြား ဥပမာ ဆိုရရင် ၂၀၁၂ ခုနှစ် တုန်းက ဂျန်မိုင်ဂေါင်း IDP က ဘရန်ရှောင် ကိစ္စ၊ တော်ဖုုံးရန်က ၇၃ နှစ်အရွယ် မိုဖုံလု အဓမ္မ ကျင့်ဖို့ ကြံရွယ်ခံရတဲ့ ကိစ္စတွေ၊ ပြီးရင် ၂၀၁၅ ဇန်နဝါရီလမှာ သတ်ဖြတ် အဓမ္မကျင့်ခံရတဲ့ ဆရာမတွေ။ ဒါတွေက အမှန်တော့ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ကျနော်တို့ ပါဝင်လှုပ်ရှားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်ပြီးမှ ထင်ရှားတဲ့ လှုပ်ရှားမှုတွေ ဖြစ်တယ်။
ဒီဘက်မှာကျတော့ ကျနော်တို့ အဲဒီလောက် လူထုပါဝင်လာအောင် လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်မှုတော့ မရှိခဲ့ဘူး။ ဒါပေမယ့် တင်ပြခဲ့တဲ့ အရာတွေတော့ ရှိတာပေါ့။ ဥပမာ – မုန်းကိုးက သင်းအုပ် ဓမ္မဆရာ တယောက်နဲ့ အသင်းတော် လူကြီးတယောက်ရဲ့ ကိစ္စတွေမှာကျတော့ ကျနော်တို့ နိုင်ငံတကာကို စာရေးတာတို့၊ သမ္မတကို စာရေးတာတို့ အဲဒါတွေရှိခဲ့တာပေါ့။ ဒီအပိုင်းမှာတော့ နည်းတယ် ပြောရမှာပေါ့။ ဟို အပိုင်းမှာတော့ ၃ ခုဆိုတာတော့ ကျနော်တို့ KBC လူထုအားလုံး ပါဝင်တဲ့ လှုပ်ရှားမှုလို့ ပြောလို့ရတယ်။
မေး။ ။ လူ့အခွင့်အရေး ကိစ္စတခုတည်းတော့ မဟုတ်ဘူးပေါ့ ဆရာရယ်။ နောက်အဲဒီလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပါအဝင် နောက်ထပ်နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီးတော့ ဆရာအခု လက်ရှိ NLD အစိုးရရဲ့ Performance၊ လုပ်ဆောင်ချက်၊ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီးတော့ အားရ ကျေနပ်မှုရှိပါသလား။
ဖြေ။ ။ ပြောရရင်တော့ ကျနော်တို့တော့ မျှော်လင့်တာပေါ့နော်။ ဒီ NLD အစိုးရကတော့ ဘာပဲပြောပြော ပြောင်းလဲဖို့ တခုခုပေါ့၊ သူတို့လည်း ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ခေါင်းစဉ်နဲ့ အစိုးရလုပ်လာတဲ့ အချိန်မှာ ပြောင်းလဲမှုတွေတော့ မြင်ချင်တာပေါ့။ ဒါပေမယ့် ကျနော်ထင်တယ်၊ သူတို့လည်း ၂၀၀၈ အခြေခံဥပဒေအရ ခက်ခဲမှုတွေလည်း ရှိလိမ့်မယ်။ ပြီးရင် ကျနော်တို့ ဒီလို တိုင်းရင်းသား ဒေသတွေမှာ၊ လက်နက်ကိုင် တော်လှန်ရေး ရှိတဲ့ ဒေသတွေမှာကျတော့ လုံခြုံရေးအရ စစ်တပ်ရဲ့ကဏ္ဍ ကလည်း ရှိသေးတယ်ဆိုတော့ သိပ်ပြီးတော့ လုပ်ဆောင်မှုကို ထူးထူးခြားခြား မတွေ့ရသေးဘူးပေါ့။ ဒါပေမယ့်လည်း ကချင်ပြည်နယ်မှာ ဆိုရင်တော့ ကချင်ပြည်နယ် အစိုးရက၊ ဥပမာ – မြစ်ကြီးနားမှာ လမ်းတွေတိုးချဲ့ပြီး ဆောင်ရွက်နေတာ ကျတော့ တမျိုးပေါ့။ ပြောင်းလဲမှုအနေနဲ့ တွေ့မြင်နိုင်တာပေါ့။ ဒါပေမယ့် အားလုံးခြုံငုံပြီးမှ အများကြီး တွေ့ရသလား ဆိုတော့ ပြောလို့တော့ မရသေးဘူးပေါ့။
အုပ်ချုပ်မှု ကဏ္ဍတွေမှာကျတော့ ကျနော်ထင်တာတော့ ပြောင်းလဲမှုမရှိပါဘူး ။ စီးပွားရေးတို့၊ လူမှုရေးအရ တွေမှာ ကျတော့ တိုးတက်မှုတွေကို နည်းနည်းပါးပါးတော့ ထောက်ပြလို့ရတာပေါ့။ အုပ်ချုပ်မှု ဆိုတဲ့နေရာမှာ ကျနော် ပြောလိုတာကတော့၊ ဥပမာ – ကျောက်မျက် ရတနာပြပွဲ ကိစ္စတွေဘာတွေ ကျတော့ ဗဟိုကပဲ ချုပ်ကိုင်မှုတွေ ရှိတော့ တိုင်းရင်းသား အနေနဲ့ ကျောက်မျက် ပြပွဲတွေမှာ ဘာမှ လုပ်လို့မရတာတွေ ရှိတာပေါ့။ အဲဒါတွေကိုတော့ ကျနော်တို့ အရင်ကထက် သိပ်ပြီး ထူးခြားမှုမရှိဘူး ဆိုတာ ပြောလို့ရပါတယ်။
မေး။ ။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဟာ တိုက်ရိုက်ပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ သက်ဆိုင်တယ်လို့ တိုင်းရင်သားတွေဘက်က တင်ပြချက်ရှိတယ်။ ဒီ ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မှုက ခုနတုန်းက ဆရာပြောတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဘယ်လို ဆက်စပ်မှုရှိမလဲ။
ဖြေ။ ။ ကျနော် လေ့လာရသလောက်တော့ ၂၀၀၈ အခြေခံဥပဒေကတော့ ပြောရမယ်ဆိုရင် အခု ကျနော်တို့အားလုံး ပြောနေတဲ့ အတိုင်းပဲ တပ်မတော်ရဲ့ ကဏ္ဍပေါ့နော်၊ ဒါကို စဉ်းစားဖို့ လိုမယ်ဆိုတဲ့ အကြောင်းတွေပေါ့။ မြန်မာပြည်က လူတိုင်းပြောနေတဲ့ စကားတွေပေါ့နော်။ ပြည်ထောင်စုကြီးကို ပေါ်ပေါက်လာတဲ့ အချိန်မှာတော့ တိုင်းရင်သား ပြည်နယ်ထဲက ကဏ္ဍတွေက တော်တော် စုံစုံလင်လင်ပေါ့၊ ကျယ်ကျယ်ပြန့်ပြန့်ပါဖို့လိုတာပေါ့။ အဲဒါကြောင့်မို့ အဲဒီမှာလည်း တိုင်းရင်းသား ဒေသတွေရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ပြဋ္ဌန်းခွင့် အဲဒါတွေလည်း ၂၀၀၈ ထဲမှာ ပိုပြီးမှ စုံလင်စွာ ပါဖို့လိုတာပေါ့။ အဲဒါနဲ့ ဆက်နွှယ်နေတယ်လို့ ကျနော်ပြောချင်ပါတယ်။
မေး။ ။ အခု နေပြည်တော် လွှတ်တော်မှာ ဆိုရင်လည်း NLD အစိုးရအနေနဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုပြီးတော့ သူတို့လည်း လှုပ်ရှားတယ်။ ဒါပေမယ့် တဖက်ကကျတော့ တပ်မတော်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကကျတော့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကိုပဲ ဇောင်းပေးချင်တယ်။ ပုဒ်မ ၂၆၁ ရဲ့ သဘော သဘာဝကလည်း တိုင်းရင်းသား ဒေသတွေကို ပိုပြီးတော့ ကိုယ်ပိုင် ပြဋ္ဌာန်းနိုင်တဲ့ အာမခံချက်တွေ ပါနေတော့ ဒီပုဒ်မ ၂၆၁ ပြင်ဆင်ရေးကိုရော ဆရာ့အနေနဲ့ ဘယ်လိုမြင်မိပါသလဲ။
ဖြေ။ ။ ကျနော်တို့ ဒီဥပဒေပိုင်းဆိုင်ရာ ကျတော့ သိပ် လက်လှမ်းမမီဘူးပေါ့။ ဒါပေမယ့် အခုကျနော် သိရသလောက်တော့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဒီလို လက်နက်ကိုင် တော်လှန်ရခြင်းကတော့ ကိုယ့်ရဲ့ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပြဋ္ဌာန်းခွင့်ကို ပို၍မှဦးတည်တယ်ဆိုတော့ ဒါသူတို့ရဲ့ လက်နက်ကိုင် တိုင်ရင်းသား ပြောဆိုချက် အပေါ်မှာတော့ သူတို့က ၂၀၀၈ အခြေခံဥပဒေတွေရဲ့ အပေါ်မှာ သိပ်အားမရ ဘူးပေါ့။ ဥပမာ – KIO ဆိုရင်လည်း ၂၀၀၈ အခြေခံဥပဒေအရ ဖက်ဒရယ်ကိုဘယ်လို ဖော်ဆောင်ရမလဲဆိုတာ သူတို့ဟာသူတို့ ဖက်ဒရယ် မူကို ရေးနေတာတွေရှိတယ်။ ထိုနည်းတူ ချင်းတို့၊ ကရင်တို့လည်း သူ့ဟာသူ ရေးနေတာတွေ ရှိတယ်။ နောက်ပြီးမှ သူတို့ တိုင်းရင်းသား ပေါင်းစုံကလည်း ဖက်ဒရယ်မူကို ရေးနေတာတွေ ရှိတယ် ဆိုတော့ အဲဒီဘက် ပိုင်းမှာ ကျနော်ကတော့ နားတော့မလည်ဘူး။ ရေးနေတယ်ဆိုတာ ကြားနေ ကတည်းက ဒါမပြည့်စုံသေးဘူး ဆိုတော့ နားလည်ပေးရတာပေါ့။
မေး။ ။ လူမှုဘဝ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ နေ့စဉ်ကြုံတွေ့ နေရတာကိုပဲ ပြန်လှည့်ရအောင် ဆရာ။ အဲဒါက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါ။ မြစ်ဆုံစီမံကိန်းလိုမျိုး၊ နောက်ပြီးတော့ သယံဇာတ တူးဖော်ရေး ကိစ္စတွေမှာ လိုမျိုးကအစ နောက်ဆုံး တစ်ရှူး ငှက်ပျော စိုက်ပျိုးရေးခြံတွေပေါ့။ အခု ကျနော်တို့ လမ်းတလျှောက်မှာလည်း မြင်ခဲ့ရတာပေါ့။ ကချင်ပြည်နယ် ဖွံ့ဖြိုးရေးမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုက ဘယ်လောက် အရေးကြီးလဲ။
ဖြေ။ ။ ကျနော်တို့ ကချင်ပြည်နယ် ဒေသမှာ တရုတ်နဲ့တော့ စီးပွားရေးဘက်မှာ ကွာဟလို့တော့ မရဘူး။ ပူးတော့ ပူးပေါင်းရမယ်၊ ဆောင်ရွက်ရမယ်။ ဒါပေမယ့် ဒီပူးပေါင်း ဆောင်ရွက်တယ် ဆိုတဲ့နေရာမှာလည်း ကျနော်တို့ ကတော့ သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ပူးပေါင်းတာမျိုး မဟုတ်ဘဲနဲ့ Partnership ပေါ့၊ MOU ထိုးပြီးမှ ကိုယ့်ရဲ့ ကဏ္ဍကိုလည်း၊ ကိုယ့် Authority ၊ ကိုယ့်ရဲ့ ဂုဏ်သိက္ခာ မကျဆင်းအောင် တရုတ်နဲ့ ပူးပေါင်းဖို့ လိုမယ်ထင်တယ်။ ဒါပေမယ့် အခု တစ်ရှူးငှက်ပျောတွေ၊ တခြား သယံဇာတပစ္စည်းတွေ အခု လောလောဆယ် အထိတော့ ကျနော်တို့ တွေ့ရသလောက် သူတို့ရဲ့ လွှမ်းမိုးမှုကများတယ်။ များတယ်ဆိုတော့ ကြောက်စရာတော့ ကောင်းတာပေါ့။ ကျနော်တို့ အသင်းတော်တွေ အနေနဲ့လည်း အမြဲတမ်း အမြင်ဖွင့်ပြီးမှ အခုဆိုရင်ကျနော်တို့ Community forest တို့လို၊ ဒါမျိုးတွေကိုကျနော်တို့ ဓာတုဆေးဝါးနဲ့ ပတ်သက်ပြီးမှ ကာကွယ်တာမျိုး အမြင်ဖွင့်တယ်။ လုပ်နေတာတွေကို ကာကွယ်ဖို့ပဲ။ အခု အတိုချုပ် ပြောရမယ်ဆိုရင်တော့ စီးပွားရေး ကတော့ ကျနော်တို့ ဒီပြည်နယ်တွေကတော့ သပ်သပ်စီ နေလို့တော့မရဘူး။ ပူးပေါင်း ဆောင်ရွက် ဖို့တော့ လိုတယ်။ ကျနော်တို့ Policy နဲ့ သူတို့ရဲ့ Policy အရ ပူးပေါင်းပြီး သွားနိုင်ရင်တော့ အကောင်းဆုံးပဲ။ လွှမ်းခြုံမှု၊ လွှမ်းမိုးမှုမရှိအောင် လုပ်တော့လုပ်ရမယ်။
မေး။ ။ ဟုတ်ကဲ့၊ ဆရာ့ကို သိပ် မကြာသေးခင်ကလည်း တရုတ်ကနေပြီးတော့ ဖိတ်ခေါ်ပြီးတော့လည်း တွေ့ဆုံတယ်လို့ ကြားရတယ်။ တရုတ်ရဲ့ သဘောထားကိုရော ဆရာ့အနေနဲ့ ဘယ်လိုမြင်မိလဲဆရာ။
ဖြေ။ ။ တရုတ်ရဲ့ သဘောထားကတော့ နယ်စပ်မှာပေါ့နော်၊ နယ်စပ်ဘက်မှာ ကျနော်က ယူနန်နဲ့ နီးတယ်ဆိုတော့ ယူနန်ရဲ့ အုပ်ချုပ်မှုတွေ သူတို့ရဲ့ ပြောပြချက်အရတော့ မြန်မာပြည်ကို သူတို့က ကူညီချင်တဲ့ သဘောနဲ့ ဆောင်ရွက်ခြင်းဖြစ်တယ် ဆိုတာတော့ အမြဲတမ်းပြောတယ်။ သူတို့ အမြတ်မလိုဘူးပေါ့။ မြန်မာပြည်ကို သူတို့ စီးပွားရေး တိုးတက်စေချင်တော့ ပါဝင်တယ်ဆိုတာ သူတို့ရဲ့ ပြောဆိုချက်က အမြဲတမ်း ကြားနေရတယ်။ ပြီးရင် One Belt One Raod တွေ၊ မြစ်ဆုံစီမံကိန်းတွေ ကျတော့ ပေကျင်းအစိုးရရဲ့ မဟာ စီမံကိန်း ဆိုတော့ သူတို့ကတော့ မရမနေ ဖော်ဆောင်ဖို့တော့ အမြဲတမ်းပြောတယ်။ ဒါ အားလုံးကတော့ ကျနော်တို့ မြန်မာပြည်မှာရှိတဲ့ လူထုကို တိုးတက်စေချင်တဲ့ သဘောပေါ့။ သူတို့ပြောတာတော့ အမြဲတမ်း အခု ၂၀၂၀ ဆိုရင် တရုတ်ပြည်နယ်စပ်မှာ ဆင်းရဲသား စီမံကိန်းက သူတို့လုပ်နေတယ် ဆိုတာတွေ ပြောတာပေါ့။ ကျနော် ထင်တာတော့ ဒီနယ်စပ်မှာနေတဲ့ ကျနော်တို့ရဲ့ နားလည်တာကတော့ သူတို့ရဲ့ Policy တော်တော်တော့ မြင့်တယ်။ ပြီးမှ သူတို့လုပ်မယ့်အရာကို ဖြစ်အောင် လုပ်မယ်ဆိုတာကို ဆန္ဒ ပြင်းပြတယ် ဆိုတာတော့ နားလည်ရတယ်။
မေး။ ။ နောက်တခုက မူးယစ်ဆေးဝါး ကိစ္စပေါ့ဆရာ။ ကချင်ပြည်နယ်မှာ လူငယ် တော်တော်များများသည် မူးယစ်ဆေးဝါး ခြိမ်းခြောက်မှု အန္တရာယ် ဆိုပြီး ကြားနေရတယ် ဆရာ။ အဲဒါဆိုတော့ ဒီမူးယစ်ဆေးဝါး အန္တရာယ်နဲ့ ပတ်သက်ပြီးတော့ လူငယ်တွေကို ပြောစရာ ဘာများရှိမလဲဆရာ။
ဖြေ။ ။ မူးယစ်ဆေးဝါးကတော့ ကျနော်တို့ ကချင်ပြည်မှာ တခြား တိုင်းရင်းသားတွေတော့ မပြောလိုဘူးပေါ့။ ကချင်တွေမှာ ဆိုရင် ကျနော်ထင်တာ၊ အိမ်ထောင်တိုင်းမှာ၊ ဆယ်အိမ်ထောင်တိုင်းမှာ တယောက် လောက်ကတော့ ဒါမျိုးပြဿနာနဲ့ ရင်ဆိုင်ရတဲ့ မိသားစုတွေများတယ်။ မူးယစ်ဆေးဝါးကို အားလုံးက နာကြည်း နေကြတယ်။ ဒါကြောင့်မို့ ကျနော်တို့ လွန်ခဲ့တဲ့ ၃၊ ၄ နှစ်လောက်က လူထု လှုပ်ရှားမှုတွေ လုပ်လာတယ်။ ပတ်ဂျစန် ဆိုတာ။ ဒါပေမယ့် ကျနော်တို့က နည်းစနစ်တွေမသိတော့ နည်းနည်း အကြမ်းဖက်တဲ့အသွင်ကို ဆောင်တာတွေ ရှိတော့ နိုင်ငံတကာက ဒါမျိုးကို အမြင်တမျိုး ပြောင်းသွားတာပေါ့။ ဒါပေမယ့် ဒီလိုမျိုးကို လူထု လှုပ်ရှားမှုအနေနဲ့ မူးယစ်ဆေးဝါးကို ကာကွယ်တာတော့ စေတနာအမှန်ပဲ။
ဘာကြောင့် ဒါကို စပြောရလဲ ဆိုတော့ ဒီ ပတ်ဂျစန်က ဘိန်းခုတ်ထွင် ရှင်းလင်းရေးကို အရင်စလုပ်တယ်၊ လုပ်တော့ တော်တော်ကို ပြတ်သွားတယ်။ ဒါပေမယ့် နောက် ကျနော်တို့က နယ်စပ်မှာရှိတဲ့ နယ်စပ်တပ်တွေနဲ့ ပြဿနာတွေလည်း ဖြစ်ခဲ့ဘူးတယ်။ အခုကတော့ သီးခြားစီ တရားဝင် လုပ်လိုက်တော့ အစိုးရ ဌာနဆိုင်ရာလည်း ပါဝင်လာတယ်၊ နယ်ခြားစောင့် တပ်တွေလည်း ပါဝင်လာတယ် ဆိုတော့ ကျနော်တို့ လူထုရဲ့ လှုပ်ရှားမှုက နည်းနည်း အားပျော့သွားတယ်။ အားပျော့သွားတော့ အခုပိုပြီးတော့ ရောင်းဝယ်မှုတွေ၊ စိုက်ပျိုး မှုတွေက များလာတယ်။
လူငယ်တွေက အခုပိုပြီးမှ သုံးစွဲလာတယ်။ နောက်ပြီး ကျနော် ကြားတာတော့ အခုသူတို့ ဥပဒေကို အတည်ပြုပြီလားတော့ မသိဘူး။ သောက်သုံးတဲ့ သူတွေကို မဖမ်းဖို့အတွက်၊ အဲဒါတော့ အန္တရာယ် အကြီးဆုံးပဲ။ သောက်သုံးတဲ့ သူတွေကို ဖမ်းဆီးခြင်း မလုပ်ဘူးဆိုရင်တော့ ကျနော်တို့ ဒီဒေသမှာ မူးယစ်ဆေးဝါး ပိုပြီးတော့မှ သုံးမှုကို ဖွင့်ပေးလိုက်သလို ဖြစ်နေတယ်။ ကျနော်တို့ လူငယ်တွေကို ပြောချင်တာကတော့ ကိုယ့်ဘဝ ပန်းတိုင်ကို၊ ကိုယ့်ရဲ့ တန်ဖိုးကို မြင့်စေချင်တာပေါ့။ မူးယစ်ဆေးဝါးကြောင့် ဘဝ မပျက်စေချင်ဘူး ပေါ့နော်။ အိမ်ထောင် မိဘတွေကို ဒုက္ခမရောက် စေချင်ဘူး။ အထူးသဖြင့်တော့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခ မရောက် စေချင်ဘူးပေါ့။ မူးယစ်ဆေးဝါးက နေ့စဉ်တွေမှာ တွန်းလှန်နေရမယ့် အကြီးဆုံးသော ပြဿနာတခု ဖြစ်တယ်။ အထူးသဖြင့် အခု ရာမ တက်ဘလက် တွေလို မက်သမ်ဖက်တမင်း တွေက ပိုရနိုင်တယ်ဆိုတော့ ပိုပြီးမှ စိုးရိမ်စရာတော့ ကောင်းပါတယ်။
ကျနော်တို့ အသင်းတော် တိုင်းမှာလည်း၊ ဘာသာရေး အဖွဲ့အစည်း တိုင်းမှာလည်း ပြုပြင်တဲ့ကျောင်းတွေ၊ စခန်းတွေ ရှိပါတယ်။ ကျနော်တို့လည်း ကျနော်တို့ တတ်နိုင်သလောက် လုပ်နေတယ်။ လူငယ်တွေကိုတော့ ကျနော်တို့ဒါကို အထူး ရှောင်ရှားဖို့တော့ပြောချင်တာပေါ့။
မေး။ ။ ဆရာတို့၊ ကျနော်တို့ တလျှောက်လုံး၊ တသက်တာလုံး ပြည်တွင်းစစ်နဲ့ နေခဲ့ရတာပေါ့ ဆရာ။ အခု ကြားနေရတာက ပင်လုံညီလာခံကပါ အစ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး၊ နောက်ပြီး ဖက်ဒရယ် ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေး၊ အကုန်လုံး ငြိမ်းချမ်းရေးနဲ့ ပတ်သက်နေတဲ့ အခါမှာ ဆရာ့အနေနဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုမျိုး အဓိပ္ပာယ်ဖွင့်ဆိုချင်လဲ ဆရာ။
ဖြေ။ ။ ကျနော်ကတော့ မြန်မာပြည်မှာ ငြိမ်းချမ်းရေး ဆိုတာတော့ စကားတောင် သေချာ နားမလည်ဘူး၊ ကျနော် အတွက်ကတော့ အဓိပ္ပာယ်ကို နားမလည်တော့ဘူး။ အမြဲတမ်း ငြိမ်းချမ်းရေးပြောပြီးမှ တိုင်းပြည် တည်ဆောက် လာတာလည်း မနည်းတော့ဘူးလေ၊ နှစ် ၅၀၊ ၆၀ ရှိလာပြီ။ အခုထိလည်း မငြိမ်းချမ်းသေးဘူး ဆိုတော့ အထူးသဖြင့် ကျနော်တို့ တိုင်းရင်းသား ဒေသတွေမှာ နေတဲ့လူအတွက်ဆိုရင် တခါတလေ ငြိမ်းချမ်းရေး ဆိုတာကို ကြောက်သလို ခံစားရတာပေါ့။ ငြိမ်းချမ်းရေး ဆွေးနွေးပြီဆိုရင် တိုက်ပွဲဖြစ်လာတယ်၊ စစ်ရှောင် များလာတယ်။
ကျနော် တကယ် နားလည်တာကတော့ ငြိမ်းချမ်းရေး ပြောတာထက် တရား မျှတရေးကို ပိုပြီးမှ အာရုံစိုက်သွားရင်တော့ ကျနော်ထင်တယ် ပြေလည်နိုင်မယ်လို့။ နောက်တချက် ကတော့ ကျနော့် အမြင်ပေါ့လေ၊ အခု နိုင်ငံတကာရဲ့ ဖိအားတွေကတော့ အမြဲတမ်း EU တို့၊ American တို့ အနောက် အုပ်စုတွေကတော့ အရင်းနှီးတွေ အများကြီးထည့်ပြီးမှ မြန်မာနိုင်ငံ ငြိမ်းချမ်းပါစေဆိုတဲ့ Peace ရဖို့အတွက် သူတို့က အချိန်ကုန်၊ လူကုန်၊ ငွေကုန်ခံပြီးမှ လာပြီးမှ ရင်းနှစ်မြှုပ်နှံကြတယ်။ ဒါပေမယ့် သူတို့ကအမြဲတမ်း ၄နှစ်၊ ၅ နှစ် လုပ်ပြီးမှ ပြန်သွားမယ့် အချိန်မှာ သူတို့တွေ အဆုံးသတ်မှာတော့ တိုးတက်မှုမရှိဘူးဆိုတာ ကောက်ချက် ချသွားကြတယ်။
ကျနော်လည်း အဲဒီလိုမျိုး မှတ်ချက်ချသွားတဲ့ ဒီလို ခေါင်းဆောင် ၃ ယောက်နဲ့ကြုံဖူးတယ်။ Peace က အလုပ်မဖြစ်ဘူး ဖြစ်နေတယ်။ တကယ်တော့ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ စိတ်ထဲမှာပေါ့၊ နိုင်ငံတော် အစိုးရတို့၊ တပ်မတော်တို့က တကယ်တမ်းပဲ ငြိမ်းချမ်းရေးကို လိုချင်သလား၊ ဟန်ဆောင်ပြီးမှပဲ ပြောနေသလားပေါ့။ တခါတလေ အစည်းအဝေးတွေမှာ သွားတက်တယ်။ ဘာသာရေးနဲ့ ငြိမ်းချမ်းရေးဆိုပြီးမှ ကျနော် သွားတက်ဖူးတယ်။ သက်ဆိုင်တဲ့ လူကြီးတွေကတော့ ဓာတ်ပုံရိုက်ပြီး ပြန်သွားတယ်။ ဘာမှ မဟုတ်တဲ့ သူတွေ ဆွေးနွေးနေကြတယ်။ ဘာအဖြေမှလည်း မရဘူးလေ။ ကျနော်တို့ KIO လည်း ပြောတယ်၊ ငြိမ်းချမ်းရေး ဆွေးနွေးတယ်၊ ဓာတ်ပုံရိုက်ပြီး ပြန်လာတယ်၊ သောက်လိုက် စားလိုက်နဲ့ ၈ နှစ် ရှိလာပြီ။
တကယ်ပဲ လုပ်ဆောင်မယ်ဆိုရင် ကျနော်ထင်တာတော့ နှစ်ဖက်စလုံးပေါ့၊ သတ္တိရှိရှိ ဆက်လုပ်မှုတွေ ရှိဖို့လိုတာပေါ့။ ဒါတွေတော့ ကျနော်တို့ မယူတော့ဘူး၊ မလုပ်တော့ဘူး၊ ဒီကဏ္ဍမှာ ကျနော်မပါတော့ဘူး ဆိုတဲ့ ပြတ်သားမှုပဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်မယ်။ ကိုယ့်ဟာကိုယ် ဝန်ကြီးဌာနကို ငါတို့မယူထားရင် ငြိမ်းချမ်းရေး မရနိုင်ဘူးဆိုတဲ့ စိတ်နဲ့တော့ ငြိမ်းချမ်းရေး မဖြစ်နိုင်ဘူး။ ဒီကဏ္ဍမှာလည်း ကျနော့်အနေနဲ့တော့ ငြိမ်းချမ်းရေးဆိုတာ တကယ်တမ်းတော့ စွန့်လွှတ်မှုနဲ့ အနစ်နာခံမှု မရှိဘဲနဲ့ကို မရနိုင်ဘူး။
ကျနော်က ခရစ်ယာန် သဘောတရားနဲ့ ပြောမယ်ဆိုရင်တော့ ဂျီးဇက်စ်ဟာ နောက်ဆုံး အသေခံပြီးမှ ငြိမ်းချမ်းရေး အတွက် လုပ်ခဲ့ရတာပေါ့။ အားလုံးက နှစ်ဖက် အစိုးရနဲ့ လက်နက်ကိုင်တွေ၊ အားလုံးက စွန့်လွှတ်မှု မရှိရင်တော့ ဥပမာ- ကျနော်တို့ ကချင်ပြည်နယ်ဆို ၆၂ နှစ်၊ ကရင်ဆို ၇၂ နှစ် ဘာမှလည်း ရေရေရာရာ မရှိဘူး။ လူထုက ဒုက္ခရောက်တယ်။ ကျနော်တို့က ဒီတိုက်ပွဲ၊ ပြည်တွင်းစစ် ကြာလာလေ လက်နက်ကိုင်တွေက အာဏာရလေ၊ ချမ်းသာလေပဲ။ ပြည်သူလူထုပဲ ဆင်းရဲဒုက္ခ ရောက်နေတယ် ဆိုတာတော့ ကမာ္ဘ့သမိုင်းပဲ။ ဘယ် တိုင်းပြည်မှာ မဆို ပြည်တွင်းစစ် ဖြစ်တဲ့နိုင်ငံက ခေါင်းဆောင်တွေပဲ အခွင့်အရေးရှိတယ်။ တခါတလေများ ဒီလိုပဲ လုပ်ဆောင်နေသလား ပေါ့နော်။ ဒါ မေးခွန်း ဖြစ်လာတယ်။
တကယ်တမ်း ငြိမ်းချမ်းလိုပြီ ဆိုရင်တော့ စွန့်လွှတ်မှုနဲ့ အနစ်နာခံမှုရှိဖို့၊ ဥပမာ- နုတ်ထွက်သင့် နုတ်ထွက်ပေါ့ဗျာ။ ကျနော် ရှိနေလို့ တိုင်းပြည်က မငြိမ်းချမ်းဘူးဆိုရင် ကျနော်နုတ်ထွက်တယ်။ အဲဒါမျိုးတော့ ဖြစ်စေချင်တာပေါ့။ လက်နက်ကိုင် တော်လှန်ရေးကိုလည်း အဲဒီလိုပဲပေါ့။ ငါ ခေါင်းဆောင် လုပ်နေတဲ့အချိန် ငြိမ်ချမ်းရေး မရနိုင်ဘူးဆိုရင် နုတ်ထွက်ပေါ့။ ဖြစ်နိုင်တဲ့သူကို ပြန်ခန့်ပေါ့။ အဲဒါမျိုးတွေ ဖြစ်စေချင်တာပေါ့။ အခုက လုပ်နေတဲ့သူတွေ လုပ်နေပြီးမှ ဘာမှ အရေမရ အဖတ်မရ၊ နှစ်ပဲ ရှည်နေမယ် ဆိုရင်တော့ လူထုတော့ ဒုက္ခရောက်ပြီးမှ အဲဒီမှာပါတဲ့ ခေါင်းဆောင်ပိုင်းကတော့ ပိုပြီးမှ အခွင့်အရေးရပြီး ဆက်လက် ထိန်းသိမ်းမယ် ဆိုရင်တော့ အင်မတန်မှ အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်ချက်၊ သို့မဟုတ် အဓွန့်ရှည်တဲ့ အခွင့်အရေး ယူတွေပဲ ဖြစ်သွားမယ်လို့၊ အဲဒီလိုပဲ ခံယူပါတယ်။
ဆက်စပ်ဖတ်ရှုရန်
စစ်ဘေးရှောင်အရေး မြစ်ကြီးနားတွင် ဆန္ဒပြ တောင်းဆို
နမ့်ဆန် တိုက်ပွဲကြား ဒေသခံ ၁၀၀၀ ကျော် တိမ်းရှောင်နေရ
ရှမ်းမြောက်တိုက်ပွဲများ၌ ပြည်သူကို ပစ်မှတ်ထားမှု ရပ်တန့်ရန် အရပ်ဖက်အဖွဲ့များ တောင်းဆို
နော်အုန်းလှအား အမြန်ဆုံးလွှတ်ပေးရေး UNA တောင်းဆို