တနိုင်းဒေသတွင်း မှော်နယ်မြေများအနီးရှိ ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ ၅၀၀၀ နီးပါး ရှိနေပြီး တနိုင်းမြို့နှင့် မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင် စခန်းများတွင် ခိုလှုံနေရဆဲ ဖြစ်သည်။
တနိုင်းမြို့နယ်တွင် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ၏ တပ်ရင်း ၁၄ ဌာနချုပ် အခြေစိုက်ပြီး ဖြန့်ကျက် လှုပ်ရှားထားစဉ်က ပယင်းနှင့် ရွှေမှော်များကို ဖွင့်လှစ်ပြီး အခွန်အခကြေးငွေ ကောက်ကာ စီးပွားရေး လုပ်ငန်းရှင်များ၊ လက်လုပ်လက်စား သမားများကို တူးဖော်ခွင့် ပေးထားသည်။
တပ်မတော်က ၂၀၁၇ ခုနှစ်၊ ဇွန်လ ပထမပတ်တွင် KIA ၏ တရားမဝင် လုပ်ကွက်များမှာ နှစ်စဉ် ကျပ် သိန်းပေါင်း ၂၈၀၀၀ ခန့် ဝင်ငွေရနေသဖြင့် နိုင်ငံဘဏ္ဍာ ဆုံးရှုံးပြီး သဘာဝပတ်ဝန်းကျင်လည်း ပျက်စီးသည်ဟုဆိုကာ မှော်လုပ်သားများနှင့် မှော်အနီး နေထိုင်ကြသူ အားလုံး ထွက်ခွာရန် ရဟတ်ယာဉ်မှ စာကြဲချပြီး KIA ကို တိုက်ခိုက်ကာ ပယင်း၊ ရွှေမှော် နယ်မြေများကို သိမ်းယူခဲ့သည်။
၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် တနိုင်းဒေသတွင်း တိုက်ပွဲများ ငြိမ်သက် သွားသော်လည်း စစ်ဘေးရှောင် ဒုက္ခသည် ဌာနေတိုင်းရင်းသားများမှာ ယနေ့အထိ နေရပ်ပြန်နိုင်ခြင်း မရှိသေးပါ။
နေရပ် မပြန်နိုင်သေးခင် တပ်မတော် လုံခြုံရေး ယူထားသည့် နာမည်ကြီး ပယင်းမှော် နမ်ဗျူ၊ နမ်ခမ်၊ ဇီးဖြူကုန်း၊ ညောင်ပင်ကုန်း စသည့် မှော်များတွင် စီးပွားရေးသမားတချို့ ဆက်လက် တူးဖော်ခွင့် ရနေကြောင်း သတင်းများ ပြန့်နေသဖြင့် ၎င်းတို့ မြေကွက်များ၊ လယ်ယာများ တူးဖော်ခံလိုက်ရပြီး အိုးအိမ်များ ပျောက်သွားမည်ကို စစ်ဘေးရှောင် ဒုက္ခသည်များက စိုးရိမ်နေကြသည်။
တဖက်တွင်လည်း ကချင်ပြည်နယ် အစိုးရဘက်မှ ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်အရ တနိုင်းမြို့နယ်တွင် ပယင်း လက်လုပ်လက်စား တူးဖော်နိုင်မည့် တရားဝင်လုပ်ကွက်များ ချရန် အကွက်ရိုက်မည့် အသံများ ကြားနေသဖြင့် လက်မခံနိုင်ကြောင်းနှင့် စိုးရိမ်မှုများ ရှိကြောင်း စစ်ဘေးရှောင်များ အကြားတွင် ပြောဆိုမှုများလည်း ရှိနေသည်။
အထက်ပါ အခြေအနေများနှင့် ပတ်သတ်၍ ဧရာဝတီအကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ကချင်ပြည်နယ်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးဒါရှီလဆိုင်း နှင့် ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ လက်လုပ်လက်စား လုပ်ကွက်ချပေးမယ့် နေရာတွေကရော ဘယ်အစိတ်အပိုင်းတွေ ဖြစ်မလဲ။ စစ်ဘေးရှောင် တချို့က သူတို့ နေရာတွေပါ ကုန်တော့မယ်ဆိုပြီး စိုးရိမ်မှုနဲ့ ပြောကြတာရှိတယ်။ ပြောပြပါဦးရှင့်။
ဖြေ။ ။ ဒါ ပြည်ထောင်စုကနေ ဧရိယာ သတ်မှတ်ပေးတာပါ။ သူတို့ ပြောတဲ့ နွယ်ဂျီဘုမ်၊ ထန်းပလား၊ နမ်ဗျူဆိုတဲ့ နေရာဒေသတွေပေါ့။ သို့သော် သူတို့ နေရာ ပါတယ်၊ မပါဘူးဆိုတာ ကျနော်တို့က ဘာမှတောင် မလုပ်ရသေးတဲ့ အနေအထားပေါ်မှာ အဲဒီလို ပြောတာက သူတို့ နေရာဆိုတာလည်း သူတို့ အနေနဲ့ တိတိကျကျ ပြဖို့လည်း လိုတယ်လေ။ အခု ကျနော်တို့ ပြည်ထောင်စုက သတ်မှတ်ပေးတဲ့ နေရာတွေက ယခင့်ယခင်ရော၊ အခုရော ပြောနေတဲ့ အချိန်အထိက တရားမဝင်ခိုးတူးနေကြတဲ့ သူတွေ နေတဲ့ နေရာတွေပါ။
ရွာတို့ ဘာတို့ ဆိုတာက ကျနော်တို့ကလည်း ထမင်းစားတဲ့ လူတွေလေနော်။ ကိုယ့်ပြည်သူတွေရဲ့ အိုးအိမ် စည်းစိမ် ပျက်ပြားအောင်တော့ မလုပ်ပါဘူး။ သူတို့အနေနဲ့က ဒါက ရွာဖြစ်တယ်။ ဒါက ကျနော်တို့ခြံ ဖြစ်တယ်ဆိုရင် ကျနော်တို့က ရှောင်သွားမှာပဲလေ။
အခု အကွက်ရိုက်မယ့် နေရာမှာလည်း သူတို့ကိုယ်တိုင် ပါရမှာလေ။ သူတို့ ကိုယ်တိုင် ပါရမယ်။ အဓိက မြို့နယ် အုပ်ချုပ်ရေးမှူးက အကွက်ရိုက် အဖွဲ့ခေါင်းဆောင်၊ အဲဒီမှာရှိတဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့တတွေ ကလည်း အဲဒီမှာ ပါမယ်။ နောက်အဲဒီမှာ ရှိတဲ့ ရပ်မိရပ်ဖတွေက ပုဂ္ဂိုလ်တွေကိုလည်း ထည့်ဝင် ထားတယ်လေ။ အဲဒီမှာ သူတို့ကိုယ်တိုင်ရိုက်ရမှာ၊ သူတို့ ကိုယ်တိုင် လုပ်မှာ ဖြစ်တဲ့ အတွက်ကြောင့် ရွာတွေကို ရိုက်ရင်တော့ မပြောတတ်တော့ဘူး လေဗျာ။ အဲဒါလေးပါ။ သူတို့က နည်းနည်း နားလည်မှုလေး လွဲနေလို့ပါ။
မေး။ ။ နောက်တခု သိချင်ပါတယ်။ ပထမပိုင်းမှာ KIA က တရားမဝင် လုပ်နေတယ်ဆိုပြီး တပ်မတော်က ဝင်တိုက်တယ်။ တပ်မတော်က တိုက်ပြီးနောက် ဘယ်နေရာ၊ ဘယ်နယ်မြေတွေကတော့ သယံဇာတရဲ့ စီမံခန့်ခွဲမှု အောက်ကို ရောက်လာပြီလဲ ဆိုတာ ပြောပြပါဦးရှင့်။
ဖြေ။ ။ သူ (တပ်မတော်) ကတော့ ကျနော်တို့ကို အပ်တယ်ရယ်လို့ မရှိပါဘူး။ တင်ပြလာတဲ့ အပေါ်မှာ နဂိုက ပြည်ထောင်စုက စီမံခန့်ခွဲရတဲ့ နေရာတွေပါ။ ဒီဘက်နောက်ပိုင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ဇယား (၂) ကို ၂၀၁၅ မှာ ပြင်ဆင်ချက်အရက အသေးစား၊ လက်လုပ်လက်စားက တိုင်းဒေသကြီး၊ ပြည်နယ်က စီမံခန့်ခွဲခွင့် ပေါ့နော်။ အဲဒီမှာ ကျနော်တို့သက်ဆိုင်တဲ့ သူတွေက တင်ပြတော့ ဘယ်နေရာ ဘယ်လောက် ကတော့ အသေးစားနဲ့ လက်လုပ်လက်စားကို ချပေးဖို့အတွက် တင်ပြတဲ့ အပေါ်မှာ သေချာ စိစစ်တော့ ချထားပေးလို့ ရတဲ့အပေါ်မှာ ဒီနေရာကတော့ တိုင်းဒေသကြီး၊ ပြည်နယ်က စိစစ်ဆောင်ရွက်ရန် ဆိုပြီးတော့ အစောက ကျနော်တို့ပြောတဲ့ နွယ်ဂျီဘုမ်၊ ထန်းပလား၊ နမ်ဗျူဆိုတဲ့ ဧရိယာ ၃ နေရာမှာ
၆၉၀၁၈.၉၅ ဧက က သူတို့ သတ်မှတ်ပေးတာလေ။ အဲဒီနေရာပဲ သတ်မှတ် ထားပေးတာ ရှိပါတယ်။ နောက် ရှင်ဗွေယန် ဘက်မှာက ရွှေလုပ်ကွက် သတ်မှတ်ပေးထားတာ ရှိပါတယ်။
မေး။ ။ ဒါဆိုရင် ပယင်းနဲ့ ရွှေမှော်တွေက သယံဇာတအောက် ဝန်ကြီးတို့ လက်အောက်ထဲမှာပဲ ရှိပြီလို့ ပြောလို့ ရမှာပေါ့နော်။ တပ်မတော်ရဲ့ ထိန်းချုပ်မှုနဲ့က မဆိုင်တော့ဘူးလား။ အဲဒီလို ပြောလို့ ရမလား။
ဖြေ။ ။ တပ်မတော်နဲ့ မဆိုင်ဘူးဆိုတာကတော့ မရှိဘူးပေါ့ဗျာ။ တပ်မတော်ဆိုတာက နယ်မြေ လုံခြုံရေးကို သူထမ်းဆောင်ရတဲ့ အဖွဲ့အစည်း၊ နိုင်ငံရဲ့ လုံခြုံရေးပိုင်းကို တာဝန်ယူရတဲ့ အဖွဲ့ဆိုတော့ သူတို့ အနေနဲ့က နယ်မြေ လုံခြုံရေးအတွက်က ကျနော်တို့ကို ချထားပေးရင်လည်း နယ်မြေလုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ သူတို့ တာဝန်ဆက်ယူပေးရမှာတွေ ရှိပါတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီမှာ ရှိတဲ့ ပြည်သူတွေ အတွက်ရော လုံခြုံရေးပိုင်းဆိုင်ရာတွေ အဲဒီလို ရှိပါတယ်။
မေး။ ။ နောက်တခုက ကျမတို့ တနိုင်းကို ရောက်တဲ့ အခါမှာ ဒေသခံတွေဆီက ကြားရတာက တပ်မတော်က နယ်မြေ စိုးမိုးထားတဲ့ မှော်နယ်မြေတွေမှာ စီးပွားရေး လုပ်ငန်းရှင်တွေ ပြည်သူ့စစ်တွေက ခိုးတူးခွင့် ပေးထားတယ် ဆိုတာမျိုးပေါ့။ KIA ဘက်ကလည်း အလားတူ စွပ်စွဲထားချက်တွေ ရှိပါတယ်။ ဒီတော့ ဒီနယ်မြေထဲမှာ ဘာတွေဖြစ်နေလဲ။ ဝန်ကြီး ပြောပြပါဦး။
ဖြေ။ ။ အဲဒါတွေကတော့ ဒေသခံတွေ ပြောပြချက်ပေါ့နော်။ ကျနော်တို့ကတော့ မျက်မြင်ကိုယ်တွေ့တော့ မရှိပါဘူး။ ဒေသခံတွေ ပြောပြချက်အရတော့ အဲဒီဒေသမှာ အဲဒီလိုဆောင်ရွက် နေကြတယ်ဆိုတာတော့ ကြားရတယ်။ အဲဒါလေးကတော့ ရှိတယ်ဆိုတာ ဒေသခံတွေ ပြောပြချက် အရပါ။ နောက် အဲဒီမှာပဲ တရားမဝင် လုပ်နေတဲ့ တချို့လူတွေကလည်း ဒီရွာထဲမှာ လာပြီး ဈေးဝယ် ဘာညာ လုပ်တော့ ပြောတာတွေ ရှိပါတယ်။
မေး။ ။ လက်ရှိမှာ မှော်နယ်မြေတွေထဲကို ကချင်ပြည်နယ် အစိုးရအဖွဲ့ဘက်ကရော ဝင်ထွက် သွားလာတာမျိုး လုပ်လို့ ရပြီလား။ သွားစစ်ဆေးတာ မျိုးတို့ ကြည့်ရှုတာမျိုးတို့ပေါ့။
ဖြေ။ ။ တချို့နေရာတွေက ရတယ်၊ တချို့နေရာတွေက မရဘူး။ နွယ်ဂျီဘုမ်တို့ ဘာတို့ဆို တပ်မတော်က စာနဲ့ ပြန်အကြောင်းကြားတာ ရှိပါတယ်။ အဲဒီနေရာတွေက နယ်မြေလုံခြုံရေး အခြေအနေ မကောင်းမွန်တဲ့ အတွက် အဲဒီနေရာတွေကို မချထားပေးသင့်ကြောင်း ဆိုပြီး စာနဲ့ တင်ထားတာ ရှိပါတယ်။ သို့သော် ကျနော်တို့ အနေနဲ့ကတော့ ပြည်သူလူထု အလုပ်အကိုင် ရရှိရေးကို ဦးတည်တာ ဖြစ်တဲ့ အတွက်ကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုကလည်း ကျနော်တို့ကို ဆောင်ရွက်ခွင့် ပြုထားတဲ့ အတွက်ကြောင့် ကျနော်တို့က ဆောင်ရွက်ဖို့ ရှိတဲ့အကြောင်း၊ လိုအပ်တဲ့ အကူအညီတွေ ကူညီပေးဖို့ သူတို့ကို အကြောင်း ပြန်ထားပါတယ်။ အကယ်၍ ကျနော်တို့ကို မဖြစ်ချင်ဘူးဆိုရင် ပြည်ထောင်စုကို ဆက်လက်ပြီးမှ တင်သွားဖို့ တပ်မတော်ကို အကြောင်းပြန်ထားတာ ရှိပါတယ်။
မေး။ ။ လက်ရှိမှာ သူတို့ မြေတွေပြန်မရတော့ဘူးလား ဆိုပြီး မှန်မမှန်မသိရတဲ့ သတင်းတွေကြားထဲမှာ စိုးရိမ်မှု ရှိနေတဲ့ ဒေသခံတွေရဲ့ နေရပ်ပြန်ရေး၊ ပြန်လည် နေရာချထားရေးနဲ့ တရားဝင်လုပ်ကွက်တွေ အစိုးရ ဘက်က ချထားရေး ကိစ္စ ၂ ခုမှာ နှစ်ဖက်စလုံးက ဘက်မျှမှု ရှိအောင် ဝန်ကြီးတို့ ဘယ်လို ဆောင်ရွက်ဖို့ ရှိပါသလဲ။
ဖြေ။ ။ အဓိက ကတော့ ကျနော်တို့က လက်လုပ်လက်စားဆိုတဲ့ လုပ်ငန်းကကျတော့ အခြေခံ လူတန်းစား တွေကို ဦးစားပေးတဲ့ လုပ်ငန်းစဉ် ဖြစ်တာပေါ့။ ဆိုတော့၊ IDPs တွေထဲမှာလည်း အဲဒီမှာ သွားလုပ်နေတဲ့ လူတွေ ရှိကြပါတယ်။ ဆိုတော့၊ သူတို့ လုပ်နေတဲ့ ကဏ္ဍတွေဟာ တရားမဝင် လုပ်နေကြတာ ဖြစ်တော့ ကျနော်တို့ အစိုးရကနေ တွေ့ရှိတာမျိုးတွေ ဖြစ်လာပြီဆိုရင် အရေးယူမှုတွေ ခံရမှာကို ကျနော်တို့က မဖြစ်စေချင်ဘူး။ ဒီအတွက်ကြောင့် သူတို့ အနေနဲ့ ဂုဏ်သိက္ခာရှိစွာ သူတို့ အနေနဲ့ တရားဝင် လုပ်ကိုင်ခွင့် ရရှိရေးကို ကျနော်တို့က ဦးတည်တာပါ။ ခုနပြောသလိုပဲ သူတို့ စိုးရိမ်နေတဲ့ ကဏ္ဍ လေးတွေကတော့ သူတို့စိုးရိမ်တဲ့ အပေါ်မှာ ကျနော်တို့ ထူးထူးခြားခြား ဘာမှ မပြောလိုပါဘူး။ သို့သော် အဲဒီနေရာမှာ လူတွေအားလုံးက IDPs လည်း ပါတာပဲ။ အဲဒီမှာ ရှိတဲ့ လူတွေလည်း လုပ်စား ကိုင်စား နေကြတာပဲ။ အခြားအခြားသော တိုင်းဒေသကြီး၊ ပြည်နယ်ကလည်း လာရောက် လုပ်ကိုင်စားသောက် ကြတာ။
လုပ်ကိုင်စားသောက်နေကြတဲ့ အားလုံးသော ပုဂ္ဂိုလ်တွေဟာ တရားမဝင် လုပ်နေကြတာ ဖြစ်တယ်။ ဆိုတော့၊ ဒီဥစ္စာတွေကို ခြုံငုံလိုက်ရင် ဒီပုံစံ ဆက်သွားမယ်ဆိုရင် ပတ်ဝန်းကျင် ပျက်စီးမှုနဲ့ ပတ်သက်ပြီး ဒီလောက် အတိုင်းအတာ ပျက်စီးနေတယ်ဆိုတဲ့ Data အချက်အလက်ကို ကျနော်တို့ မရနိုင်တဲ့ အတွက် ဒီလို အချက်တွေ မရရင် ပတ်ဝန်းကျင် ထိန်းသိမ်းမှုပိုင်းဆိုင်ရာမှာ ကျနော်တို့အနေနဲ့ အားနည်းမယ်။
ဒီအတွက်ကြောင့် ကျနော်တို့က တရားဝင် ချပေးလိုက်မယ်ဆိုရင် ကျနော်တို့က တရားဝင် ဘယ်လောက် ချထားပေးတယ်။ အဲဒီနေရာမှာ လုပ်ကွက် ဘယ်လောက် ရှိတယ် ဆိုတာကို တိကျတဲ့ Data တွေ ကျနော်တို့ ရရှိလာမယ်။ အဲဒီလို ရရှိတဲ့ အချိန်ကျတော့ ကျနော်တို့ရဲ့ ပျက်စီးတဲ့ ပတ်ဝန်းကျင်ကို ဘယ်လို ထိန်းသိမ်းမယ် ဆိုတဲ့ဟာကို ကျနော်တို့အနေနဲ့ ဆောင်ရွက်နိုင်မှာပေါ့နော်။ အဲဒီ ရည်ရွယ်ချက်တွေ အားလုံး ပေါင်းစပ်ပြီးမှ ဒါတွေကို ကျနော်တို့အနေနဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်။
ဒေသခံတွေ ဘက်က ပြောသလို အဲဒီနေရာတွေက လူတွေတူးနေတယ်။ ဟုတ်တယ်။ အခုလည်း သူတို့ တူးနေတာပဲ။ တူးနေတဲ့ အထဲမှာ သူတို့ IDPs က လူတွေလည်း ပါတာပဲ။ ဒီဥစ္စာကို ကျနော်တို့က ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေ လွဲမှားစွာ ဆောင်ရွက်နေတဲ့ အနေအထားတွေကို တည့်မတ်ပေးရမယ့် တာဝန်က သူတို့ကိုယ်တိုင် ရွေးချယ်ထားတဲ့ အစိုးရတွေ ကိုယ်တိုင် ဖြစ်တယ်ဆိုတော့ အဓိကကတော့ သူတို့အနေနဲ့ သိရှိနားလည်သွားမယ် ဆိုရင် ဒါက အောင်မြင်လာမှာပါ။ သူတို့အတွက်လည်း အကောင်းဆုံး ဖြစ်လာမှာပေါ့။
မေး။ ။ စစ်ဘေးရှောင်တွေရဲ့ နေရပ်ရင်းရွာတွေနဲ့ မှော်နယ်မြေတွေက နီးလွန်းတော့ သူတို့ရဲ့ နေရပ်ရင်း ရွာတွေမှာရော ပြန်လည် နေရာချထားရေး လုပ်နိုင်မယ့် အခြေအနေ ရှိပါသလား။ ဒါမှမဟုတ် နေရာသစ် တခုမှာများ ဖြစ်သွားမလား။
ဖြေ။ ။ အဲဒါကတော့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို လုပ်နေတဲ့ ပြည်ထောင်စုအဖွဲ့ဝင်တွေ ရှိပါတယ်။ သူတို့က နဂိုကလည်း အဲဒီအနီးအနားမှာ နေကြတာကိုး။ အနီးအနားမှာ နေကြတော့ ဆောင်ရွက် ရမယ့် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဒီနေရာမှာတော့ ရွာကို တည်ပေးမယ် ဆိုရင် သူတို့ အနေနဲ့ သယံဇာတ၊ ပယင်းတွေ၊ ရွှေတွေကို တူးဖော်ပြီးမှ ဖြစ်လာမယ့် ပတ်ဝန်းကျင် ထိခိုက်မှုပိုင်း ဆိုင်ရာတွေ ကြုံလာနိုင်တယ်။ မကြုံနိုင်ဘူးဆိုတဲ့ အပေါ်မှာ ဆန်းစစ်ကြမှာပါ။
အဲဒီလို မဟုတ်ဘူးဆိုရင် သူတို့လည်း အဲဒီဒေသမှာ နေကြတဲ့ အနေအထားဟာ လယ်ယာကိုင်းကျွန်း လုပ်တဲ့ လူထက်ကို ပယင်းတွေ၊ ရွှေတွေ ရှာဖွေတဲ့ လူတွေက ပိုများနေတာလေ။ အဲဒီအပေါ်မှာ သေသေချာချာ ဆန်းစစ်ထားမှု တွေလည်း ရှိပါတယ်။ အဲဒီ ဆန်းစစ်ထားမှုတွေက ဒေသခံတွေ စိုးရိမ်နေတဲ့ ပုဂ္ဂိုလ်တွေ အတွက်ကို အထူးပြုပြီးမှ ဆန်းစစ် ထားတာတွေရှိတော့ သူတို့ ဒေသခံတွေ စိုးရိမ်သလိုတော့ မဟုတ်ဘူးလို့ ကျနော်တို့ သိရှိရတဲ့ အနေအထားတွေ ရှိတာကို ပြောပြခြင်း ဖြစ်ပါတယ်။
မေး။ ။ တနိုင်းမှာရှိတဲ့ လုပ်ကွက်တွေက တရားဝင် ဥပဒေအရလည်း ဖြစ်လာမယ်။ ဒေသခံတွေလည်း အလုပ်အကိုင်အခွင့်အလမ်း ရလာမယ်။ သယံဇာတထွက်ဖြစ်တဲ့ ပယင်းနဲ့ ရွှေမှော်တွေ ပွင့်လင်းမြင်သာမှု ရှိရှိ ဖြစ်ဖို့ဆိုရင် အချိန် ဘယ်လောက်ကြာရင် ဖြစ်လာနိုင်မလဲ။
ဖြေ။ ။ အမှန်က လွန်ခဲ့တဲ့ အပတ်တွေမှာ သူတို့အနေနဲ့ Complain တွေ မတက်ဘူးဆိုရင် ကျနော်တို့က ဒီ အောက်တိုဘာလလောက်မှာ ချထားပေးနိုင်မယ်လို့ တွေးတာ။ ဘာလို့ဆိုတော့ အခု သူတို့က Complain တွေ အမျိုးမျိုး တက်တော့ အဲဒီမှာရှိတဲ့ အကွက်ရိုက်အဖွဲ့ ခေါင်းဆောင်က မြို့နယ် အုပ်ချုပ်ရေးမှူး ကလည်း မလုပ်ရဲဘူး။ သွားမလုပ်ရဲတဲ့ အချိန်ကျတော့ အခုက အကွက်ကို မရိုက်နိုင်သေးတဲ့ အချိန်ကျတော့ မူလက မျှော်မှန်းထားတဲ့ အချိန်ကာလ တွေကတော့ မလုပ်နိုင်ဘူး။
ဘာကြောင့် ပြောလဲ ဆိုတော့ အကွက်ရိုက်တာက အနည်းဆုံး တလလောက်တော့ အချိန်ပေးရမယ်။ အဲဒီတလလောက် အကွက်ရိုက်ပြီးရင် ပြည်နယ်လုပ်ကွက် စိစစ်ချထားပေးရေး အဖွဲ့ကို တင်လာရင် ပြည်နယ်လုပ်ကွက် စိစစ် ချထားပေးရေးအဖွဲ့က ပြည်နယ်အစိုးရကို လုပ်ငန်းစဉ် တင်ပြမယ်။ ပြည်နယ်အစိုးရကနေ ဒါနဲ့ ပတ်သက်ပြီး အချိန်နဲ့ တပြေးညီ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက် ဆောင်ရွက်ပါဆိုရင် ခွင့်ပြုပေးရင် ကျနော်တို့က တရားဝင် သတင်းစာတို့ TV တို့မှာ အဆိုပြုလွှာ လျှောက်ထားနိုင်ပြီဆိုတာကို ကမ်းလှမ်းပေးရတယ်။ လျှောက်ထားလာတဲ့ အဆိုပြုလွှာကို ကျနော်တို့က စိစစ်ရမယ်ဆိုရင် အနည်းဆုံး ၁၅ ရက်လောက်တော့ ကြာမယ်။ သူတို့ လျှောက်လာမှာကိုလည်း ကျနော်တို့က အနည်းဆုံး ကြေညာပေးရမှာက ၁၅ ရက်၊ ရက် ၂၀ ကြာမယ်။
ကြေညာပေးပြီးရင် ကျနော်တို့က လျှောက်လွှာစိစစ်တာ ၁၅ ရက်နဲ့ဆိုရင် ရက်ပေါင်း ၄၅ ရက်ပေါ့။ နဂို တိုင်းတာ တာက ၁ လ ကြာမယ်ဆိုရင် အနည်းဆုံး ၂ လခွဲကြာမယ်။ ၂ လခွဲမှ ဆိုတော့ ကျနော်တို့ မူလက သတ်မှတ်ထားတဲ့ အောက်တိုဘာလက ချထားပေးဖို့ မျှော်မှန်းထားတာက မဖြစ်နိုင်တော့ဘူး။ အခု ကျနော်တို့ နောက်ထပ် ပြန်လုပ်မယ်ဆိုရင် ဒီဇင်ဘာလလောက်မှာပဲ သွားဖြစ်နိုင်မယ်။
မေး။ ။ တနိုင်းဒေသမှာ လုပ်ကွက်အတွက် တရားဝင်ဖြစ်ဖို့ ဆောင်ရွက်ရတဲ့ အခြေအနေမှာ တဖက်မှာ ဒေသခံ တွေကလည်း စစ်ဘေးရှောင်တွေ အဖြစ် ရှိနေတော့ လုပ်ငန်းပိုင်းမှာ လုပ်ကိုင်ရတာ အစိုးရ အဖွဲ့ဘက်က ဘယ်လို စိန်ခေါ်မှုတွေရှိလဲ။
ဖြေ။ ။ အဓိကကတော့ အတ္တပေါ့။ ဒေသခံတွေကလည်း သူတို့ရဲ့ အစွဲ၊ အဲဒီအထဲမှာ ဒေသခံလို့ပြောတဲ့ အထဲမှာလည်း ကျနော်တို့ ကြားရတဲ့ အနေအထားမှာ ဒေသခံတွေက အဲဒီလောက်ကြီး မဟုတ်ဘူး။ ပွင့်ပွင့် လင်းလင်း ပြောမယ်ဆိုရင် ကျနော်တို့လည်း နိုင်ငံရေးသမားပဲ။ အခုက ၂၀၂၀ လည်း နီးလာပြီ ဆိုတော့ အားလုံးက သူသူငါငါက ဒီအပေါ်မှာ အခြေခံပြီး အစိုးရ ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေကို ကပ်ဖဲ့ရပ်ဖဲ့ လုပ်ချင်တဲ့ အစုအဖွဲ့တွေက တချို့သော ဒေသခံတွေကို အကျိုးအကြောင်းတွေ ပြောပြတော့ တချို့သော ဒေသခံ တွေကလည်း ထင်ယောင်ထင်မှားနဲ့ အသိပိုင်းဆိုင်ရာမှာ အဲဒီလို ဖြစ်တော့ ဒါကတော့ ကျနော်တို့ရဲ့ အကြီးမားဆုံးသော စိန်ခေါ်မှုပေါ့။ အတ္တဆိုတဲ့ ပုံစံမျိုးတွေက အကြီးမားဆုံး စိန်ခေါ်မှုပါ။
မေး။ ။ ဖြည့်စွက် ပြောချင်တာရှိရင် ပြောပြပေးပါဦး။
ဖြေ။ ။ ကျနော်တို့ကတော့ ဘာပဲဖြစ်ဖြစ် ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အတိုင်းပဲ နဂိုမူလက ကျနော်တို့ တရားမဝင် လုပ်ငန်းတွေနဲ့ ဆောင်ရွက်နေတဲ့ အနေအထားပေါ်မှာ ဒီနေ့ တရားဝင်လုပ်ခွင့် ပေးလာမယ့် အပေါ်မှာ ပြောင်းလဲချိန် တန်ပြီဆိုတဲ့အတိုင်း တရားဝင်အဖြစ် ဆောင်ရွက်မယ့် လုပ်ငန်းတွေပေါ်မှာ ပူးပေါင်းဆောင်ရွက် စေလိုတယ်။ အဲဒီ ပြောင်းလဲမှုကလည်း ပြည်သူတွေ ပူးပေါင်းပါဝင်ပေးမှပါ။
အဲဒီလို မဟုတ်ရင် ကျနော်တို့က ဘယ်လောက်ပဲ သွားချင်သွားချင် ပြည်သူတွေက အခုလို လုပ်နေရင် အခြေအနေတွေက မနှောင့်နှေးသင့်ဘဲ၊ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်လာမယ်ဆိုရင် အဓိက ဆုံးရှုံးမှာက ဒေသခံတွေပဲ။ ဒေသခံတွေ ဆုံးရှုံးမှု ရှိမယ့် အပေါ်မှာ ကျနော်တို့က မလိုလားဘူး၊ မဖြစ်စေချင်ဘူး။ ဒီအတွက် ဒေသခံ တွေက အစိုးရ ဖော်ဆောင်မယ့် လုပ်ငန်းစဉ်တွေမှာ မိမိတို့ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်ပေးကြပါလို့ ပြောချင်ပါတယ်။
You may also like these stories:
“သယံဇာတနဲ့ ပတ်သက်ရင် ဌာနေတိုင်းရင်းသားတွေ အတွက် စဉ်းစားပေးပါ”
”စွန့်လွှတ်အနစ်နာ မခံဘဲ ငြိမ်းချမ်းရေး မရဘူး”
မြောက်ပိုင်းမဟာမိတ်နှင့် အစိုးရ အချက် ၇ ချက် သဘောတူညီမှုရ