နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မြတ်အား ၁၉၈၁ ခုနှစ်က ကမ္ဘာ့ကုလသမဂ္ဂ က ဆုံးဖြတ်ချက် ချမှတ်၍ စတင် ဆင်နွှဲ လာခဲ့သည်။ ထိုသို့ ဆင်နွဲှလာရင်းမှ ၂၀၀၁ ခုနှစ်သို့ ရောက်သောအခါ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် အမှတ် ၅၅/၂၈၂ ကို ချမှတ်၍ စက်တင်ဘာလ ၂၁ ရက်နေ့အား အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မြတ်ကြီး အဖြစ် အတည်ပြုခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ငြိမ်းချမ်းရေးကဏ္ဍသည် အမျိုးသမီးများအတွက် မည်မျှ လိုအပ်သလဲ၊ အရေးပါသလဲ စသည်တို့ အပေါ် မြန်မာနိုင်ငံရှိ နယ်ပယ် အသီးသီးမှ အမျိုးသမီးများကို ဧရာဝတီ သတင်းထောက် လဲ့လဲ့က ဆက်သွယ် မေးမြန်းထားပါသည်။
နော်ဆဲဆဲ (အမျိုးသမီးများအဖွဲ့ချုပ်)
ကျမတို့ မြန်မာနိုင်ငံကို ပြန်လည်ပြီးတော့ စိစစ်ဖို့ လိုတယ်။ ငြိမ်းချမ်းရေးလုပ်တာ ဘယ်သူ့ အတွက် လဲပေါ့။ ကျမတို့ တဦးတယောက်အတွက် ဒါမှမဟုတ် ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူလူထု အတွက်လား ပေါ့။ အခုကျမတို့ ပြည်သူလူထုက တကယ့် ရိုးရိုးသားသားပဲ ငြိမ်းချမ်းရေးကို လိုလား တယ်။ ဒါပေမယ့် တဖက် မှာလည်း ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ တာဝန်ရှိသူတွေလည်း လုပ်နေကြ တယ်။
ဒါတွေက အဓိက ကြည့် ရမယ်ဆိုရင်တော့ ကျမတို့ နိုင်ငံရေး ပြုပြင် ပြောင်းလဲချင်တဲ့ဆန္ဒ၊ လူထုတွေ ရဲ့ဘဝ ပြန်လည် တည်ဆောက်တာ တို့၊ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်တာတို့ ဒါတွေ လုပ်ချင်တဲ့ စိတ်ဆန္ဒရှိဖို့ လိုတယ်။ အဲဒါမှလည်း ကျမတို့က နှစ်ဖက်လုံး လိုအပ်ချက်ပေါ့။
တဖက်မှာလည်း တာဝန်ရှိသူတွေရဲ့ လိုအပ်ချက် အပါအဝင် တဖက်မှာလည်း လူထုတွေရဲ့ လိုအပ်ချက် ကျမတို့ ညီတူညီမျှ ခံစားနိုင်မှာဖြစ်တယ်။ ဆိုတော့ တဖက်က လုပ်နေပြီးတော့ တဖက်က စစ်ပဋိပက္ခ တွေနဲ့ ဆိုးကျိုးတွေနဲ့ အမြဲတမ်း ရင်ဆိုင်နေရမယ်ဆိုရင်တော့ ဒီငြိမ်းချမ်းရေးက ဘယ်တော့မှ ဖြစ်လာ မှာမဟုတ်ဘူး။ ရနိုင်မှာ မဟုတ်ဘူး။
ကျမတို့ကတော့ တစိုက်မတ်မတ် တောင်းဆိုနေတဲ့ တိုင်းရင်းသား တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် ပေါ့။ ဘယ် တိုင်းရင်းသားမဆို သူ့အခွင့်အရေးနဲ့ သူပြဌာန်းခွင့်နဲ့ နေချင်တယ်။ ဘာလို့လဲဆိုတော့ ကျမတို့မှာလည်း မတူ ကွဲပြားတဲ့ ယဉ်ကျေးမှုတွေ စတာတွေကို ကိုယ်တိုင် လုပ်ပိုင်ခွင့်ရတာမျိုး ဖြစ်ချင်တယ်။
ကျမတို့အမြင် အရ ပြောရမယ်ဆိုရင် အစိုးရက တိုင်းရင်းသား အခွင့်အရေးပေးဖို့ ဝန်လေးနေတယ်။ အဲဒါအပြင် ကန့်သတ်တာတွေ၊ ပိတ်ပင်တာတွေ လုပ်လာတာကို တွေ့ရတယ်။
ဒါကြောင့် တဖက်ကလိုချင်ပြီး တဖက်က မလိုချင်လို့လည်း မဖြစ်ဘူး။ အဲဒီတော့ ညှိနှိုင်း ဆွေးနွေးသူ တိုင်းမှာ အဓိကက ပြည်သူလူထုတွေ အတွက် ရပ်တည်တာလား။ ဘယ်သူ့အတွက် ရပ်တည်တာလဲ ဆိုတာ ကျမတို့ ကိုယ်တိုင် ပြန်စဉ်းစားဖို့လိုမယ်။ ပြီးရင် ပြုပြင်ပြောင်းလဲချင်တဲ့ နိုင်ငံရေးဆန္ဒ အပြည့်အဝရှိဖို့လိုတယ်။
ချယ်ရီဇာဟောင် (လူ့အခွင့်အရေးလှုပ်ရှားသူ)
ငြိမ်းချမ်းရေးဆိုရင် အဓိပ္ပါယ်ဖွင့်ဆိုမှုတွေက အရမ်းကို ကွာနေတယ်။ အစိုးရဘက်ကို ကျမတို့ သုံးသပ်ကြည့် ရသလောက် ဆိုရင် သူတို့လိုချင်တဲ့ ငြိမ်းချမ်းရေးက လက်နက်ချရမယ်။ သေနတ်သံ မကြားရရင် ငြိမ်းချမ်းရေး ပေါ့။ ဒါကလည်း ဟုတ်ပါ တယ်။
ဒါပေမယ့် တိုင်းရင်းသားဒေသတွေမှာ ရှိနေတဲ့ ငြိမ်းချမ်းရေး ဆိုတာက သူတို့ရဲ့ ဒေသတွေမှာ အကြောက်တရား ကင်းမဲ့ပြီးတော့မှ အပူအပင်ကင်းမဲ့တဲ့ ဘဝမျိုးကို လိုချင်တာ။ ကျောင်းသွားရင် ဘာမှ ကြောက်စရာမလိုဘူး။ တောင်ယာသွားရင် ဘာမှ ကြောက်စရာ မလိုဘူး။ ဘယ်တပ်ကိုမှ ကြောက်စရာ မလိုဘူး။ နောက်ကျေးရွာ ရပ်ကွက်တွေထဲမှာ ပြစ်မှုကင်းမဲ့နေတဲ့ သာယာဝ ပြောနေတာ မျိုးကို ငြိမ်းချမ်းရေးလို့ မြင်တာမျိုး ရှိတယ်။
ဒီဟာပေါ်မှာ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေက မတူညီကြဘူးနဲ့တူတယ်။ ဆိုတော့ ကျမထင်တယ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မှာလည်း ငြိမ်းချမ်းရေးမှ မဟုတ်ဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ဖယ်ဒရယ် စတာတွေမှာ လည်း တဖွဲ့နဲ့ တဖွဲ့ အဓိပ္ပါယ်ဖွင့် ဆိုချက် မတူတာက ပြဿနာ ဖြစ်နေတယ်လို့ မြင်တယ်။
ကျမတို့ လိုလားနေတဲ့ ငြိမ်းချမ်းရေးပုံသဏ္ဍန်က နိုင်ငံရေးအရ တန်းတူညီမျှမှု ရှိရမယ်။ ကိုယ်ရဲ့ ပြည်နယ်၊ ကိုယ် ရဲ့တိုင်း၊ ကိုယ့်အဝတ်အစားတွေမှာ ပြောရေးဆိုခွင့် ရာနှုန်းပြည့် ရှိရမယ်။ ဒါက ပင်လုံစာချုပ်မှာလည်း ပြဌာန်း ထားတဲ့အရာတွေ ဖြစ်တယ်။ ဒါကို လိုချင်တာပါ။
ဒါကို မရရှိတဲ့ အတွက်ကြောင့်မို့ တိုက်ပွဲတွေ ဖြစ်ကြတယ်။ ရန်ဖြစ်ကြတယ်။ ရန်မဖြစ်အောင် နိုင်ငံရေးပြဿနာကို ဖြေရှင်း နိုင်ရင် ငြိမ်းချမ်းရေး ရမယ်။ ထိုနည်းလည်း ကောင်းပဲ နိုင်ငံရေး တန်းတူညီမျှမှုအပြင် တရားမျှတတဲ့ စီးပွားဆိုင်ရာ ပေါ့။ အခုကြည့်မယ်ဆိုရင် အရင်းရှင် စီးပွားရေး ပိုင်ရှင်တွေက ပြည်မက လူတွေဖြစ်တယ်။ ဒါကိုလည်း တိုင်းရင်းသားတွေက ထည့်စဉ်းစားတာ ရှိတယ်။ ဒါတွေကို ဖြေရှင်းနိုင်မယ်ဆိုရင် အလိုလိုနေရင်း ငြိမ်းချမ်းလာလိမ့်မယ်လို့ ကျမတို့ဘက်ကတော့ မြင်တယ်။
လွေးပိုးငယ်(တအာင်းအမျိုးသမီးအဖွဲ့(TWO)
ရှမ်းပြည်မြောက်ပိုင်းမှာ ဆိုလို့ရှိရင် တပ်မတော်ရဲ့ တပ်စခန်းတွေကို မတိုးချဲ့ဘူး။ မသွားဘူးဆိုရင် တိုက်ပွဲဖြစ် စရာ အကြောင်းမရှိဘူး။ အဲဒီလိုမျိုး ဖြစ်တဲ့အခါမှာ ဒါတွေက ငြိမ်းချမ်းရေး လုပ်ပြီဆိုရင် ယုံကြည်မှု တည်ဆောက်ချင်တယ် ဆိုရင် အလိုအလျှောက်ကို ဒါတွေက လိုက်လျောပြီးတော့မှ သဘောတူညီ ပေးရမယ့် ကိစ္စ ဖြစ်တယ်။ သူတို့ပြောတဲ့ ဖယ်ဒရယ်ရဲ့ စိတ်ဆန္ဒဆိုတာ ဘာကို ပြောတာလဲလို့ ကျမကတော့ မေးခွန်း မေးချင်တယ်။
ဒီလိုငြိမ်းချမ်းရေး လုပ်နေတဲ့အချိန် ဆွေးနွေးတဲ့နေ့မှာတောင်မှ တိုက်ပွဲက ဖြစ်နေတယ်ဆိုတာ ဘာအဓိပ္ပါယ် ရှိလဲ။ ဟန်ပြ လုပ်နေတာလားပေါ့။ အခုကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း ရေးနေ့မှာ အမျိုးသမီးထုတွေ အနေနဲ့ ပြန်ပြောရမှာက ဘယ်တိုက်ပွဲမဆို၊ ဘယ်ပဋိပက္ခမဆို အဓိကက အမျိုးသမီးတွေနဲ့ ကလေးတွေ ခံရတာ ဖြစ်တယ်။ ဒါပေမယ့် တခုခု ဆုံးဖြတ်ချက်ချလိုက်ပြီ၊ တခုခု လုပ်လိုက်ပြီဆိုရင် အမျိုးသမီးတွေ အတွက်ဆိုပြီး ထည့်သွင်းထားတာ မရှိဘူး။ အဲဒါက မဖြစ်သင့်ဘူး။
အဲဒါကြောင့် ကျမတို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးအဖြေကို ဝိုင်းဝန်းရှာတဲ့အခါမှာ အမျိုးသမီးရော၊ အမျိုးသားပါ ကိုယ်စား ပြုမှုတွေ ပါရမယ်။ အဲဒီလိုတွေ ပါဝင်နိုင်ဖို့ ကျမတို့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးဖိုရမ်တွေ ကျင်းပရတာ ဖြစ်တယ်။
အဓိကက ယူဆတဲ့ အခြေခံမှုတွေပေါ်မှာ ယူဆချက်တွေ ကွဲလွဲနေတယ်လို့ မြင်ပါတယ်။ ဥပမာ ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေ လိုလားတဲ့ ဖယ်ဒရယ် ဆိုတာက သူ့ဒေသမှာ သူ့နေရာမှာ သူရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိပြီး တော့မှ တကယ့် အခြေခံ လူ့အခွင့်အရေးတွေ အပြည့်အဝရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လိုချင်တယ်။ ဒါပေမယ့် ဒီဘက်က တပ်မတော်နဲ့ အစိုးရ နားလည်တဲ့ ဖယ်ဒရယ် ဆိုတာက ဘယ်လိုပုံစံလည်းဆိုတာ တိတိကျကျ မသိနေဘူး။ အဲဒီလို ယူဆချက်တွေ ကွဲလွဲတော့ မဖြစ်သင့် မဖြစ်ထိုက်တာတွေ ဖြစ်လာတယ်။
ကျမတို့နိုင်ငံ ငြိမ်းချမ်းဖို့အတွက်ဆိုရင် ဒီအမျိုးသမီးတွေ ငြိမ်ချမ်းရေး အဖြေရှာတဲ့အခါမှာ အမျိုးသမီး၊ အမျိုးသား ဘက်ပေါင်းစုံက ပါဝင်ဖို့ လိုအပ်တယ်ဆိုတာ ပြောချင်တယ်။
တိုင်းရင်းသားတွေ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးဆိုတာ လက်နက်ချရုံနဲ့ လိုအပ်တယ်လို့ မပြောဘူး။ ဒါပေမယ့် နိုင်ငံတော်က တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ရပ် လိုက်တယ်ဆိုရင်တော့ ပိုပြီးကောင်း တယ်။ အပစ်ရပ်ပြီး တော့မှ အားလုံးကို စားပွဲဝိုင်းထဲမှာ ပါလာဖို့ကို ပိုပြီးတော့မှ လိုလားကြတယ်။
တိုင်းရင်းသားတွေ ခံယူတာက ငြိမ်းချမ်းရေး ဆိုတာက သေနတ်သံ မထွက်ရုံနဲ့ ငြိမ်းချမ်းရေး ရပြီလား မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးလို့ ဆိုတဲ့နေရာမှာ ဖြစ်စဉ်ကြီးကို နလန်ပြန်ထ နိုင်အောင် လုပ်ပေးဖို့ အတွက် လိုအပ်ပါတယ်။ အနာဂတ်မှာ ဘယ်လို လုပ်မလဲဆိုတာကို ပိုပြီး စဉ်းစားစေလိုတယ်။ အဲဒီလို အဖြေကို ပိုလိုချင်တယ်။
နန်းဇင်နွယ် (ပအို့ဝ်အမျိုးသမီးသမဂ္ဂ)
ကျမတို့ကတော့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို နှစ်စဉ်နှစ်တိုင်းတော့ ကျင်းပနေတာပဲ။ သို့ပေမယ့် ဒါက ကျမတို့ရဲ့ လက်ရှိ မြန်မာနိုင်ငံ အနေအထားအရဆိုရင် ကျမတို့က မငြိမ်းချမ်းသေး ဘူးလို့ ပြောလို့ရတယ်။
ကျမ နေထိုင်တဲ့ တောင်ကြီးမှာ စစ်ပွဲတေ ွမဖြစ်ဘူးဆိုပေမယ့် ကျမတို့ အမျိုးသမီးထု အနေနဲ့က အမြန်ဆုံး စစ်ပွဲကြီး ကို ရပ်တန့် စေချင်ပြီ။ ပြီးတော့ ကျမတို့ မြန်မာပြည်ရဲ့ တကယ် ရေရှည်အနာဂတ် ကို ပိုပြီး ငြိမ်းချမ်းဖို့ မျှော်လင့် တယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ် အနေအထားတွေက အလုပ်မဖြစ်ဘူး။
ဘာဖြစ်လို့လဲ ဆိုတော့ ဒါက တဦးတယောက်ချင်းစီမှာလည်း အများကြီး မူတည်တယ်။ ကျမတို့ လူတဦးတယောက်ချင်းစီ က ငြိမ်းချမ်းရေးကို ဘယ်လောက်အထိ လိုလားလဲ။ သူတို့ရဲ့စိတ်တွင်းက ဘယ်လောက်အထိ ငြိမ်းချမ်းနေလဲဆိုတဲ့ အပေါ်မှာ အများကြီးမူတည်တယ်။
အခုငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေမှာတော့ သူတို့စဉ်းစားချက်က သပ်သပ် ရှိပါ လိမ့်မယ်။ သူတို့တွေမှာလည်း တကယ်တမ်း စဉ်းစားချက်နဲ့ ပြည်သူလူထုတွေရဲ့ ခံစားချက်က ထင်ဟပ်မှု မရှိတဲ့ အနေအထား ဖြစ်နေတယ်။ ဘာလို့လည်းဆိုတော့ စစ်တပ်ဆိုရင်လည်း သူရဲ့အကျိုး စီးပွားကို ကြည့် တယ်။ ဒီလိုပဲ တခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက သူတို့ရဲ့ပင်ကိုယ် အကျိုးစီးပွား တွေကို ကြည့်တယ်။
ကျမတို့ရဲ့ ပြည်သူလူထုတွေရဲ့လုံခြုံရေး၊ ငြိမ်းချမ်းရေးကို မစဉ်းစား ပေးနိုင်တဲ့ အနေ အထား တွေ အများကြီးရှိတယ်။ အဓိက လူတွေက အကျိုးစီးပွားတွေကို ရှေ့တန်းတင်ပြီး နိုင်ငံရေး ကစားတဲ့ အခါမှာ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးမှာ အမှန်တကယ် အခက်အခဲဖြစ်တဲ့ အနေအထားမျိုး ဖြစ်တယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကျမကတော့ အမြန်ဆုံးကို ရပ်တန့်စေချင်တယ်။
နန်းခမ်းအွန် (စွမ်းအမျိုးသမီးအဖွဲ့အစည်း)
အစိုးရ သွားနေတဲ့ ငြိမ်းချမ်းရေးနဲ့ ကျမတို့ လိုချင်တဲ့ ငြိမ်းချမ်းရေးက မတူဘူး ဖြစ်နေတယ်။ အခု အစိုးရသွားနေ တာက NCA ထိုးဖို့အဆင့်ကိုပဲ ရောက်အောင် သွားနေကြတယ်။ တကယ် ကျမတို့ လိုချင်နေတဲ့ ငြိမ်းချမ်းရေးက တကယ်တမ်း တန်းတူညီမျှမှု ရဖို့၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရဖို့ ဆိုတာတွေ ကို ဦးတည်ပြီးတော့ ဆွေးနွေးနေ တယ်ပေါ့။
အဲဒီလို သဘောထား ထင်မြင်ချက်တွေ ကွဲလွဲနေတဲ့အတွက် ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်လို့ မြင်တယ်။
တိုင်းရင်းသားတွေ အနေနဲ့ အဓိက လိုချင်နေတာက စစ်မဖြစ်ဖို့ပါပဲ။ တိုင်းရင်းသားတွေ အမြင်မှာ အမြဲစစ်ဘေး ရှောင်နေရတယ် ဆိုတော့ အခက်အခဲတွေ အများကြီး ကြုံတွေ့ရတယ်။ စိန်ခေါ်မှုတွေ အများကြီး ကြုံတွေရတယ်။ မလုံခြုံမှုတွေ ရှိနေတယ်။ နောက်ပြီး တိုင်းရင်းသားနယ်မြေမှာရှိတဲ့ ပြည်သူတွေအတွက်က တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်စေချင်တယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ လည်း သဘောထားကြီးကြီးနဲ့ စိတ်ဆန္ဒရှိရှိနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင် စေချင်ပါတယ်။
နော်ဖော်ဖွေး(ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ)
အခု ကျမတို့ တိုင်းရင်းသားတွေ လိုချင်နေတဲ့ ငြိမ်းချမ်းရေးနဲ့ အစိုးရလိုချင်တဲ့ ငြိမ်းချမ်းရေးက နည်း နည်းကွာ ခြားတာ တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ကျမတို့ တိုင်းရင်းသား ဒေသအသီးသီး မှာ ဖြစ်ပျက်နေတဲ့ တကယ်တမ်း ကျမတို့ သွားချင်နေတာက ဖယ်ဒရယ် သွားချင်ပါတယ်။ ဒါပေမယ့် အခု ဒီတပ်မတော်ဘက်က အပစ်အခတ် ရပ်စဲတယ်။ ငြိမ်းချမ်းရေးယူဖို့ အကြိမ်ကြိမ် လုပ်ပေမယ့် လည်း ဒီအကြိမ်ကြိမ်က မအောင်မြင်ဘူး ဖြစ်နေတယ်။ ဒီလို ထိုးစစ်တွေ ဆင်နေမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးက လွယ်လွယ်နဲ့ မရနိုင်ဘူးလို့ မြင်ပါတယ်။
ကျမတို့ကတော့ ဖယ်ဒရက် အစစ်အမှန် လိုချင်တယ်။ ပြည်သူတွေ အသက်အိုးအိမ်က အစ ကာကွယ်ပေးတဲ့ လုံခြုံစိတ်ချတဲ့ ဖယ်ဒရက်မျိုး လိုချင်ပါတယ်။ ဘာလို့လည်းဆိုတော့ စစ်ဖြစ်လာရင် အမျိုးသမီးတွေ သာမက ကိုယ်ဝန်ဆောင်တွေ၊ အသက်အရွယ်ကြီးတဲ့သူတွေ ပိုမိုခံစားကြရတယ်။
တလောက ရှမ်းမြောက်မှာဆို မိသားစုတစု သေသွားတဲ့အဖြစ်က သာဓကပါပဲ။ နောက်စစ်ဖြစ်ရင် ကျမတို့မိန်းကလေးတွေက လိင်ပိုင်းဆိုင်ရာ စော်ကားမှု မကြာခဏကြုံကြရတယ်။ ဒီအတွက်လည်း တရားမျှတမှု တခါမှ မရခဲ့ပါဘူး။
You may also like these stories:
အမျိုးသမီးတွေသာ မငြိမ်းချမ်းဘူး ဆိုရင် စစ်မှန်တဲ့ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်ဘူး
အမျိုးသမီးဖြစ်လို့ဆိုပြီး နောက်ကျကျန်ခဲ့တဲ့ အရာတွေ အများကြီးရှိတယ်
ကျား၊ မ တန်းတူရေး လုပ်ဆောင်ရာတွင် ရန်သူကဲ့သို့ မမြင်ရန် အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြော