''ကျနော်တို့ပါတီ နိုင်ရမယ်။ ပါတီကြီး ၂ ခု စလုံးကို နိုင်ရမယ်''

ဧရာဝတီ
ကချင်ပြည်နယ် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဒေါက်တာမနန်တူးဂျာ / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ကချင် ဒီမိုကရက်တစ် ပါတီ (KDP)၊ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ (KSDP)၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကချင်ပြည်နယ် (UDPKS) တို့မှ ခေါင်းဆောင်များက သြဂုတ်လတွင် ပေါင်းစည်းပြီး တပါတီတည်း ဖွဲ့စည်းရန် သဘောတူခဲ့သည်။ ယင်းပါတီကို ကချင်ပြည်နယ် ပြည်သူ့ပါတီဟု အမည်ပေးခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည်။

လက်ရှိအချိန်တွင် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်လည်း ၎င်းအနေဖြင့် ပါဝင်ပတ်သက်နေပြီး ကချင်ပြည်နယ် ပြည်သူ့ပါတီ၏ ဥက္ကဋ္ဌ တာဝန်ကို ယူထားသူ ဒေါက်တာ မနန်တူးဂျာကို မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပါအဝင် ကချင်ပြည်နယ်၏ သယံဇာတများအကြောင်း၊ လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုများ၊ မျှော်လင့်ချက်များနှင့် ပတ်သက်၍ ဧရာဝတီ မြန်မာပိုင်းမှ အကြီးတန်း အယ်ဒီတာ ရဲနည်နှင့် အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်တို့က တွေ့ဆုံမေးမြန်း ထားပါသည်။

မေး။     ။ ဆရာ့အနေနဲ့ အခုလတ်တလော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာလည်း ပါဝင်ပတ်သက်နေတော့ အခုလက်ရှိ ကချင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး အခြေအနေအပေါ်မှာ ဆရာ့ရဲ့ သုံးသပ်ချက်လေးကို ကြားပါရစေ။

ဖြေ။     ။ ဟုတ်ကဲ့၊ ကချင်ပြည်နယ်တွင်းမှာ တပ်မတော်က တဖက်သတ် အပစ်အခတ် ရပ်စဲထားတဲ့ နောက်ပိုင်းကတည်းက တိုက်ပွဲတော့ မဖြစ်တော့ဘူးဗျ။ တကယ့် အပစ်အခတ်ရပ်စဲရေး အစစ်အမှန်တော့ မရသေးဘူး။ အခု ဆက်လက် ဆွေးနွေးနေကြတယ်၊ ကြိုးစားနေကြတယ်။ အခု အချိန်အခါမှာတော့ သူတို့က Bilateral cease fire ကို လက်မှတ်ရေးထိုးအောင် ကြိုးစားနေကြတာပေါ့လေ။ ရှေ့က တပ်မတော်နဲ့ NRPC ပေါ့နော်၊ KIA က တွေ့ဆုံဆွေးနွေးပွဲမှာ Bilateral လက်မှတ် ရေးထိုးနိုင်ရေးကို ကြိုးစားနေတာ အခု အထမမြောက်သေးပါဘူး။ ဆွေးနွေးနေကြတုန်းပါပဲ။ အလားအလာတော့ ကောင်းတယ် ယူဆပါတယ်။ လက်မှတ် ရေးထိုးပြီးပြီဆိုရင်တော့ ကချင် ပြည်နယ်တွင်းမှာတော့ အခိုင်အမာ အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာမှာပါ။ အခုအချိန်မှာတော့ အခိုင်အမာ အပစ်အခတ် ရပ်စဲရေးအတွက် အာမခံချက် မရှိသေးပါဘူး ခင်ဗျ။

မေး။     ။ ကျနော်တို့ အခု လတ်တလော သတင်းကောင်းလေးတွေ စကြားရပါတယ်။ စစ်ရှောင် ဒုက္ခသည် တချို့ဆို စပြီးတော့ သူတို့နေရပ်ကို ပြန်နိုင်နေပြီဆိုတဲ့ သတင်းလေးတွေ ကြားရတဲ့အခါမှာကျတော့ အဲဒီကနေပြီးတော့မှ ထပ်ပြီးတော့ သတင်းကောင်းတွေ၊ မျှော်လင့်စရာတွေ ပေါ်ထွက်လာနိုင်မယ်လို့ ထင်လား။

ဖြေ။     ။ ဟုတ်ကဲ့ ကျနော်ထင်ပါတယ်။ ထင်တယ်ဆိုတာက စစ်ရှောင်၊ စစ်ဘေးဒုက္ခသည်တွေ မိမိ ဌာနေ ပြန်နိုင်ရေးပေါ့နော်။ Program ချမှတ်ရေး သူတို့ လုပ်ဆောင်နေပါတယ်။ အဲဒီမှာက အဓိကကျတာက တပ်မတော်နဲ့ အစိုးရအဖွဲ့၊ နောက်ပြီးတော့ KIO၊ တတိယ အင်အားစုလို့ ပြောရမှာပေါ့ ဘာသာရေး ခေါင်းဆောင်တွေနဲ့ အရပ်ဘက်ပုဂ္ဂိုလ်တွေ ပါပြီးတော့မှ ၃ ဖွဲ့ပြိုင်တူ ကြိုးစားနေကြတာပေါ့နော်။ အဲဒီ ၃ ဖွဲ့ ဒီ ဆွေးနွေးပွဲမှာ စစ်ရှောင်စစ်ပြေးတွေကို နေရာပြန်ချဖို့ စီစဉ်နေတာ ၃ လ၊ ၄ လ နီးပါလောက် ရှိပါပြီ။ တချို့တော့ ပြန်လို့ရနေပါပြီ။ နေရာချထားပြီးပြီ။ မြစ်ကြီးနား – ဗန်းမော် ကားလမ်းဘက်က နမ့်ဆန်ယန်ဘက်မှာလေ။ အားလုံးပေါင်း အိမ်ထောင် ၅၀ ဝန်းကျင်လောက် နေရာပြန်လည် ချထားပေးပြီးပါပြီ။ ဆက်လက်လည်း လုပ်ဆောင် သွားဦးမှာပါ။ အစကတည်းက သေချာ သဘောထား ဆုံးဖြတ် ထားပြီးတော့၊ စိတ်ပိုင်းဖြတ် ပြီးတော့ စလုပ်လာတာလို့ ကျနော် ယူဆပါတယ်။ ဒါကြောင့်မို့လို့ ဒါ နောက်ဆုံးမှာတော့ အောင်မြင်မှု ရှိမယ်လို့ တပ်မတော် ကလည်း စစ်ပြေးဒုက္ခသည်တွေ ပြန်နိုင်ရေးကို တော်တော်လေး စိတ်ဝင်တစားပေါ့၊ သူ ကြိုးစားလာတာ ရှိတယ်။

KIA ကလည်း ဒါ အထူးအလေးထားပြီး စဉ်းစားပါတယ်။ အရေးကြီးတဲ့ အချက်တခု အနေနဲ့ သူတို့မှာ Policy ရှိပါတယ်။ နောက် အရပ်ဘက်က ဆိုရင် ပြောစရာမရှိပါဘူး။ ဒါပေမယ့် မြင်နေတွေ့နေရတာ စိတ်မချမ်းသာဘူးလေ၊ ဒုက္ခသည်စခန်းတွေမှာ။ အမြန် ပြန်စေချင်တာပေါ့။ ဆန္ဒတူ၊ အလိုတူတော့ ရှိကြပါတယ်။ အဲဒီမှာ ဘာခံနေသလဲ ဆိုရင် ခုနပြောတဲ့ KIA နဲ့ တပ်မတော် အကြားမှာ အပစ်အခတ်ရပ်စဲရေး ခိုင်မာတဲ့ သဘောတူစာချုပ် မချုပ်နိုင်သေးတဲ့ အတွက်ကြောင့် လုပ်ငန်းစဉ် ကတော့ မမြန်ဆန်ဘူးပေါ့ဗျာ။ သိပ်ပြီးတော့ ခရီးမရောက်သေးဘူး ပေါ့ဗျာ။ အဲဒါတော့ရှိတယ်။ ဒါပေမယ့် ဒါဖြစ်လာမယ်လို့ ကျနော်က ခံယူတယ်။

ဘာကြောင့်လဲဆိုရင် တခါပြန်ခိုင်းပြီးမှ ပြန်ပြေးရတာမျိုး ဆိုရင် ဒါမဖြစ်သင့်ဘူးလေ။ တပ်မတော်နဲ့လည်း မဖြစ်စေသင့်ပါဘူး။ ဒါမျိုး ဖြစ်ရမယ်ဆိုရင် ဘာကြောင့် အစကတည်းက ပြန်ခိုင်းသလဲ။ အစိုးရက ရှိတဲ့အတွက်ကြောင့်၊ သူတို့လူကြီးတွေကလည်း စစ်ဘေး ဒုက္ခသည်အပေါ် စာနာထောက်ထားမှုနဲ့ တကယ် ပြန်စေချင်တဲ့ဆန္ဒ သဘောထား စေတနာအပြည့်နဲ့ အစီအစဉ်ကို စရေးလာတယ်၊ စပြီး အကောင်အထည် ဖော်လာတယ်လို့ ကျနော်မြင်တယ်။ ဒါပေမယ့် ဒါကတော့ တဖြည်းဖြည်းနဲ့ အောင်မြင်မှု ရရှိလာမယ်လို့ ကျနော်ယူဆတယ်ဗျ။

မြစ်ကြီးနားမြို့က ကချင်ပြည်နယ် ပြည်သူ့ပါတီ ရုံးချုပ်/ဧရာဝတီ

မေး။     ။ အခု Bilateral ထိုးနိုင်မယ့်အရေး ပြန်ကြည့်လိုက်မယ်ဆိုရင် KIA တခုတည်း မဟုတ်တော့ဘဲနဲ့ KIA က မြောက်ပိုင်း မဟာမိတ်ဆိုပြီးတော့ AA ရယ်၊ ကိုးကန့်အဖွဲ့တွေရယ်၊ နောက်ပြီးတော့ ပလောင်အဖွဲ့တွေနဲ့ပါ စစ်ရေး မဟာမိတ် ဖြစ်နေတဲ့အခါကျတော့ မြောက်ပိုင်း မဟာမိတ်ထဲမှာ ပါတဲ့ ၃ ဖွဲ့နဲ့က စစ်ရေး ဆက်တင်းမာနေတဲ့အခါမှာ KIA နဲ့ ထိုးနိုင်ဖို့အရေး အခုအခံဖြစ်နေတယ်လို့ရော ပြောလို့ မရနိုင်ဘူးလား။

 ဖြေ။     ။ နည်းနည်း အနှောင့်အယှက်တော့ ဖြစ်တယ်။ အစိုးရဘက်ကလည်းပဲ KIO အပါ ဒီ ၄ ဖွဲ့စလုံးနဲ့ Bilateral ထိုးဖို့ သဘောတူတယ်။ ဒါပေမယ့် ဆွေးနွေးတဲ့ နေရာမှာ ခရီးမရောက်နိုင်သေးဘူး ပေါ့လေ။ အဲဒီအချိန်အခါမှာ တိုက်ပွဲလေးတွေ ပြန်ပေါ်လာတယ်။ အဲဒီအခါကျတော့ စိုးရိမ်တာပေါ့ဗျာ။ လူတိုင်းစိုးရိမ်တာပေါ့။ ဒါပေမယ့် သူတို့က တကယ် စိတ်ပ်ိုင်းဖြတ်ပြီးမှတော့ Bilateral ရေးထိုးနိုင်အောင် ဆွေးနွေးလာတာ ဖြစ်တဲ့အတွက်ကြောင့် နောက်ဆုံးမှာ အောင်မြင်မှုရရှိမယ်လို့ ယူဆပါတယ်။

KIO အတွက်ကတော့ ခုနပြောတာ ဟုတ်ပါတယ်။ KIO နဲ့ တပ်မတော်နဲ့ကတော့ အခု ဒီအတောအတွင်းမှာ ပြဿနာ မရှိပါဘူး။ ထိုးမယ်ဆို ထိုးနိုင်တယ်။ KIO နဲ့က ဘယ်နေရာမဆို နေရာမရွေး တွေ့နိုင်တယ်။ ဟို ၃ ဖွဲ့နဲ့ကတော့ နေရာနည်းနည်း ရွေးတယ်လေ။ အဲဒီအပေါ်မှာ နည်းနည်းပြောချင်တာက အချိန်က ယူရတာ ဖြစ်တာကိုး။ အဲဒီမှာ ပြောရမယ်ဆိုရင်၊ တဖွဲ့ချင်းစီ ခွဲပြီးကြည့်မယ် ဆိုရင်တော့ KIO လက်မှတ် ရေးထိုးရေး အတွက် စုပေါင်းပြီး လုပ်တဲ့အပိုင်းအခြား ရောက်လာတဲ့ အခါကျတော့ နည်းနည်းလေး အဟန့်အတား လေးတော့ ရှိတယ်လို့ မြင်ရတာပေါ့လေ။ ဒါ ဟုတ်ပါတယ်။

 မေး။     ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပေါ့၊ သမ္မတ ဦးသိန်းစိန် လက်ထက်ကလည်း လုပ်ခဲ့တယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ လက်ထက်ကျတော့လည်း ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ဆိုပြီးတော့လည်း လုပ်ခဲ့တဲ့အခါမှာ ကျတော့ အခုဟာက ၂၀၂၀ ဆိုရင် NLD အစိုးရသက်တမ်း ကုန်ပြီပေါ့။ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင် ငြိမ်းချမ်းရေး အလားအလာ ဘယ်လောက်ထိ ရောက်နိုင်မလဲ။

ဖြေ။     ။ ကျနော်တို့က အဲဒါကို စိတ်ပူနေတာကို အခုက ဒီနှစ်မကုန်ခင် ပင်လုံညီလာခံ ထပ်ကျင်းပဖို့ ရည်ရွယ်ချက်တော့ ရှိတယ်။ အစိုးရမှာလည်း ရှိတယ်။ ဒီဟာက လက်တွေ့မှာ ကျတော့ သိပ်ပြီး ပုံစံမလာဘူး။ မလာဘူး ဆိုတာက ဒီအပစ်အခတ် ရပ်စဲရေးအဖွဲ့ထဲက တချို့က KNU နဲ့ RCSS၊ သူတို့က နောက်ဆုတ်တဲ့ သဘော နည်းနည်းပြတယ်။ အခုက ပြန်ဆွေးနွေးလာတဲ့ အခါကျတော့ ဒီဆွေးနွေးပွဲကို တက်ဖို့ အလားအလာ အများကြီး ကောင်းလာတာပေါ့။ သူတို့ဆက်ပြီး ညှိနှိုင်းဖို့ဆိုတာ ရှိသေးတာကိုး။

တဖက်မှာကျတော့ All inclusive ဖြစ်စေချင်ကြတာပေါ့။ အားလုံးပါဝင်ရေး၊ ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး ပါဝင်မှ ညီလာခံက ပိုပြီး အောင်မြင်ဖို့ ရှိတယ်ဆိုတဲ့ ခံယူချက် ရှိတဲ့အခါကျတော့ မြောက်ဘက်အဖွဲ့က ပြန်ပါလာရော။ မြောက်ဘက် အဖွဲ့မှာ ခုနက ပြောတဲ့ အပစ်အခတ်ရပ်စဲရေး (NCA) လည်း မထိုးသေးဘူး။ ဒီ Bilateral လည်း ထိုးပြီးတော့မှ သူတို့က ညီလာခံ တက်ခွင့်ပြုမလား ဆိုတာကတော့ မပြောတတ်သေးဘူး။ Bilateral မထိုးနိုင်သေးတဲ့ အချိန်အခါ ဖြစ်နေတဲ့အခါကျတော့ ညီလာခံမှာ အားလုံးပါဝင်ရေး၊ All inclusive ပုံစံနဲ့ ညီလာခံ ကျင်းပဖို့ ဆိုတာက နည်းနည်း အလှမ်းဝေးနေတဲ့ သဘောရှိတယ်။ ဒါပေမယ့် ဒါ ကြိုးစားနေပါတယ်။ ဒီနှစ်မကုန်ခင်၊ ဒါမှမဟုတ် နောက်နှစ် နှစ်ဆန်းပိုင်းမှာတော့ ၂၁ ရာစု စတုတ္ထ ပင်လုံညီလာခံ ကျင်းပနိုင်အောင် ဆိုပြီးတော့မှ ကြိုးစားနေပါတယ်။ အစိုးရရော နောက် တပ်ရော အားလုံးပေါ့နော်။ ဆန္ဒတော့ ရှိကြပါတယ်။

ဒါကြောင့်မို့ ဒါကိုလိုအပ်တာတွေ တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီး ပြေလည်သွားရင်တော့ ဆက်လက် ကျင်းပနိုင်ပါတယ်။ အဲဒါမှ မပြေလည်ဘူး ဆိုရင်တော့ ဒီနှစ်ကုန်ပိုင်းမှာလည်း မကျင်းပနိုင်ဘူး၊ နောက်နှစ်ဦးပိုင်း မှာလည်း မကျင်းပနိုင်ဘူး ဆိုရင်တော့ ရွေးကောက်ပွဲနဲ့ နီးကပ်သွားတဲ့ အခါကျတော့ ညီလာခံ ကျင်းပဖို့ အခက်အခဲ ပိုရှိပါတယ်။ ဒါကြောင့်မို့ နှစ်ကုန်ပိုင်း၊ ဒါမှမဟုတ် နောက်နှစ် နှစ်ဆန်းပိုင်းမှာ ကျင်းပဖို့ အရေးကြီးပါတယ်။

မေး။     ။ ၂၀၂၀ ရွေးကောက်ပွဲဆိုတော့ ဆရာတို့လည်း အခုသိပ်မကြာသေးခင်က ကချင် ပါတီတွေ ပေါင်းပြီးတော့ ကချင်ပြည်နယ် ပြည်သူ့ပါတီ ဆိုပြီးတော့ ဖွဲ့လိုက်တယ်။ ဆရာ့အနေနဲ့ ဥက္ကဋ္ဌလည်း ဖြစ်တော့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီရဲ့ ပြင်ဆင်မှုတွေ ရှင်းပြပေးပါ။

ဖြေ။     ။ ကျနော်တို့က အခု ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်မှာ နေရာများများ ရရှိအောင်ပေါ့နော်၊ ကျနော်တို့ ကြိုးစားမယ်။ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းလာနိုင်ရင်လည်း ကျနော်တို့ပါတီက တချို့ ပါဝင်သွားနိုင်အောင် ပေါ့လေ၊ အဲဒီလို မျှော်မှန်းချက်၊ ရည်ရွယ်ချက်နဲ့ ကြိုးစားနေပါတယ်။ ကြိုးစားနေတယ် ဆိုတဲ့နေရာမှာ အဓိကကတော့ ကျနော်တို့ပါတီရဲ့ ရပ်တည်ချက် ခ်ိုင်မာတောင့်တင်းဖို့ လိုအပ်တာပေါ့။

အခု ကျနော်တို့က မြို့နယ် ကော်မတီအလိုက် လိုက်လံ ဖွင့်လှစ်ခဲ့တယ်။ ဆိုင်းဘုတ်တင်၊ ရုံးဖွင့်တာတွေ လုပ်ခဲ့တယ်။ မြို့နယ်တွေအားလုံး လုပ်ဆောင်နိုင်ပြီ ဆိုရင်တော့ အဋ္ဌမအကြိမ် ပါတီညီလာခံ ကျင်းပပြီးတော့မှ အဲဒီမှာ ရွေးချယ်တင်မြှောက်ပွဲတွေလည်း လုပ်မယ်၊ Policy တွေကိုလည်း အခိုင်အမာ အတည်ပြုထားမယ်၊ ရွေးကောက်ပွဲအတွက် ရေးဆွဲတဲ့ မဟာဗျူဟာလည်း အတည်ပြု ထားပြီးတော့မှ ညီလာခံနောက်ပိုင်း ကျရင် ပြန်ပေးဆင်းမယ်ပေါ့။ အဲဒီလို ရည်ရွယ်ချက်ရှိပါတယ်။ အဓိကကတော့ ကျနော်တို့က လူထုရဲ့ ယုံကြည်မှု ရရှိအောင်ပါ။ လူထုရဲ့ ယုံကြည်ထောက်ခံမှု မရရှိနိုင်ရင်တော့ ဘယ်လိုမှ မအောင်မြင်နိုင်ဘူး။

ကျနော်တို့ပါတီက အခုကတော့ လူထုရဲ့သဘောထား ဆန္ဒအလျှောက် ပူးပေါင်းထားတဲ့ ပါတီဖြစ်တဲ့ အခါကျတော့ လူထုကတော့ ထောက်ခံပါတယ်၊ လက်ခုပ် လက်ဝါး တီးပေးကြပါတယ်။ ဒါပေမယ့် ကျနော်တို့ပါတီ အဖွဲ့ကနေလည်း အများကြီး ကြိုးစားရပါဦးမယ်။ အောင်အောင်မြင်မြင် ဖြစ်နိုင်ဖို့ဆိုရင်လည်း ပါတီတွေရဲ့ လုပ်ဆောင်ချက်က အရေးကြီးပါတယ်။ လူထုဆက်ပြီး ထောက်ခံအားပေး သွားနိုင်အောင် ကျနော်တို့ လုပ်ဆောင်ရဦးမယ်။

အထူးသဖြင့် နည်းနာပေါ့၊ Strategy ကို ကောင်းကောင်း ရေးဆွဲသွားမှ လူထုနဲ့ တသားတည်းဖြစ်အောင်၊ လူထုရဲ့ ယုံကြည်မှုပိုပြီး ရရှိအောင် ကျနော်တို့ ကြိုးစားသွားမှာဖြစ်တယ်။ အဲဒီမှာ ကျနော်တို့ ရိုးသား ဖြောင့်မတ်တဲ့ နိုင်ငံရေးသမားများ ပုံစံနဲ့သွားမှာပါ။ ငွေပေး၊ ငွေပစ်ပေးပြီးတော့မှ မဲဆွယ်တာမျိုး ကျနော်တို့ မလုပ်ပါဘူး။ ကူညီသင့်တာ ကူညီပါမယ်။ မဲဝယ်တဲ့ ပုံစံမျိုး ကျနော်တို့ မလုပ်ပါဘူး။ ဖျားနာတဲ့သူ ရှိရင် ကူညီမယ်။ ကလေးသူငယ်တွေ ကိုလည်း ကျနော်တို့ ထောက်ပံ့တာတွေ ရှိမယ်။ ဒါပေမယ့် ရော့ ၁ သောင်း၊ နှစ်သောင်း၊ ဒါ မဲထည့်ရမယ်နော် ဆိုတာမျိုး ကျနော်တို့မလုပ်ပါဘူး။ ဒါ ညစ်ပတ်တဲ့ နိုင်ငံရေးသမားတွေသာ လုပ်တာ၊ ဒါမျိုးတော့ မလုပ်ပါဘူး။

နောက်တချက်၊ ညစ်ပတ်မှ မဲနိုင်မယ်ဆိုတဲ့ ခံယူချက် ကျနော်လက်မခံပါဘူး။ တချို့က ဘယ်လို လုပ်လုပ် နိုင်ရင်ပြီးရော ဆိုတဲ့ ညစ်ပတ်တဲ့ နိုင်ငံရေးသမားတွေလည်း ရှိတယ်။ ဒီလို အကျင့်ပျက်နေတဲ့၊ နည်းလမ်းမမှန်တဲ့၊ ခံယူချက် မကောင်းတဲ့ နိုင်ငံရေးသမားတွေက လွှမ်းမိုးနေမယ် ဆိုရင်တော့ ကျနော်တို့ မြန်မာနိုင်ငံက ဘယ်တော့မှ မတိုးတက်နိုင်ဘူး။ ဒါကြောင့် ကျနော်တို့ပါတီက နည်းလမ်းမှန်ကန်စွာနဲ့ ရိုးသား ဖြောင့်မတ်စွာနဲ့ ပြည်သူတွေကို အလုပ်အကျွေးပြုမယ့် ပြည်သူရဲ့ သားသမီးအရင်းအချာလို ကျနော်တို့ လုပ်ဆောင်သွားမှာ ဖြစ်တယ်။

ဒါကြောင့် ကျနော်တို့ Slogan က ဘာလဲဆိုရင် ပြည်သူကို အလုပ်အကျွေးပြုမယ်၊ ပြည်သူရဲ့ အလုပ်အကျွေး ခံဖို့ ပါတီမဟုတ်ဘူး။ To serve ပဲပေါ့ Not to be reserve ပဲပေါ့။ ဒါ ကျနော်တို့ ပါတီရဲ့ ခံယူချက်ဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့ ရိုးရိုးမှန်မှန်ကန်ကန် လုပ်သွားမယ်ဆိုရင်တော့ လူထု ထောက်ခံမှုရမှာပါ။ ဒီ ပြည်နယ် လွှတ်တော်မှာ မဲအများဆုံး ရနိုင်တယ်။ လွှတ်တော်ကို ကျနော်တို့က ထိန်းချုပ်မယ်။ ပြီးရင်တော့ အခု ပုဒ်မ ၂၆၁ (ခ) မပြင်နိုင်လို့ ဝန်ကြီးချုပ်ကို သမ္မတက ခိုင်းတယ်ဆိုရင်လည်း ဒီသမ္မတ ရွေးကောက် တင်မြှောက် ပြီးတော့မှ ဖွဲ့စည်းတာကို လွှတ်တော်က ပြန်ပြီးထိန်းနိုင်အောင် ကျနော်တို့လုပ်မယ်။ ဒါမှမဟုတ် ၂၆၁ (ခ) ကို ပြင်နိုင်တယ် ဆိုရင်တော့ ဝန်ကြီးချုပ်လည်း ဖြစ်နိုင်အောင်ပေါ့၊ ကျနော်တို့ ကြိုးစားပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ်ဆိုတာ ကျနော်ပြောချင်ပါတယ်။

ပါတီဆိုင်းပုဒ်သစ် ရေးဆွဲနေစဉ်/ဧရာဝတီ

မေး။     ။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြည့်မယ်ဆိုရင် ဆရာတို့ ကချင်ပါတီရဲ့ ကိုယ်စားလှယ်တွေက NLD နဲ့ ယှဉ်ရတဲ့အခါမှာ မဲကွဲပြီးတော့ ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ်တွေက အနိုင်ရခဲ့တယ် ဆိုတဲ့ ယူဆတွေ ရှိတဲ့အခါကျတော့ ၂၀၂၀ မှာ ဒီပုံစံမျိုး ပြန်ဖြစ်နိုင်မယ့် အလားအလာမျိုး စိုးရိမ်စရာ မရှိဘူးလား။

ဖြေ။     ။ ကျနော်တို့က ဒါတွေက သူ့ကံကြမ္မာ၊ ကိုယ့်ကံကြမ္မာပါပဲ။ ကိုယ်နိုင်ဖို့ အရေးကြီးတယ်။ ဟိုလူ့ငဲ့ညှာ ဒီလူ့ငဲ့ညှာ၊ ဟိုပါတီငဲ့ညှာ၊ ဒီပါတီငဲ့ညှာနဲ့ သွားလို့မရဘူး။ ကျနော်တို့နိုင်ရမယ်၊ ကျနော်တို့ပါတီ နိုင်ရမယ်။ ပါတီကြီး ၂ ခု စလုံးကို နိုင်ရမယ်။ ဒါ ကျနော်တို့ရဲ့ ခံယူချက်ပဲ။

မေး။     ။ ခုနတုန်းက ပြောတဲ့အထဲမှာ ၂၆၁ ကိစ္စပေါ့။ တပ်မတော်ရဲ့ ၂၅ ရာခိုင်နှုန်းက ပြည်ထောင်စုမှာ မကတော့ဘဲ၊ ပြည်နယ်တွေ တိုင်းတွေမှာပါ ပိုပြီးတော့ ပါဝင်ပတ်သက်မှု ရှိလာမယ်၊ တပ်မတော်ရဲ့ သြဇာဟာ ပြည်နယ်တွေ၊ တိုင်းတွေအထိ ပိုပြီး သက်ရောက်မယ် ဆိုတဲ့ စိုးရိမ်ချက်တွေ ရှိတယ်။ အဲဒီအပေါ်မှာ ဆရာ့ရဲ့ ထင်မြင်ချက်ကို သိချင်ပါတယ်။

ဖြေ။     ။ ကျနော်တော့ ဒီကိစ္စ မစိုးရိမ်ဘူးပေါ့။ အဲဒီတော့ ဒီမိုကရေစီ ကျဖို့ အရေးကြီးတယ်။ ဒီမိုကရေစီ ကျဖို့ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ ဒါမပြင်ဘူးဆိုတာ ဒီမိုကရေစီကို မလေးစားတာပဲ၊ လက်မခံတာပဲ။ ဒါပြင်သာ ပြင်လိုက်ပါ။ ၂၅ ရာခိုင်နှုန်းကြောင့် ဘာညာဆိုတာ ထည့်နေစရာ မလိုဘူး။ ပြောမယ်ဆိုရင် ၂၅ ရာခိုင်နှုန်း ပြဿနာ ရှိပေမယ့် ကိုယ်က မဲအများစုနိုင်နေရင် ကိုယ်ဝန်ကြီးချုပ် ခန့်နိုင်တာပဲ။ အခု NLD ကလည်း ဝန်ကြီးချုပ် ခန့်နေတာပဲ။ သူတို့အများစု နိုင်တော့ သူတို့ဝန်ကြီးချုပ် ခန့်နိုင်တာပေါ့။

ကျနော်တို့ ဒီလို မဲအများဆုံး နိုင်ဖို့ပဲ အရေးကြီးပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ၂၅ ရှိလည်း နိုင်အောင် လုပ်လို့ရပါတယ်။ တွေးကြည့်တဲ့ အခါကျရင် နိုင်နိုင်တဲ့ အနေအထား ရှိတယ်။ ဒါကြောင့်မို့ ၂၅ ကို ကျနော်တို့ မစိုးရိမ်ပါဘူး။ စိုးရိမ်တာက ၂၆၁ မပြင်မှာဘဲ စိုးရိမ်တယ်။ ဒါပြင်စေချင်တယ်၊ ကျနော်တို့က။

မေး။     ။ ကချင်ပြည်နယ်မှာက လူမျိုးပေါင်းစုံ၊ ကချင်၊ လီဆူး၊ ရှမ်း၊ ဗမာ အကုန်လုံး ပေါင်းစုံရှိတဲ့အခါမှာ ကျတော့ လူမျိုးပေါင်းစုံ မဲဆန္ဒရှင်တွေ ဆီက မဲရဖို့အတွက်ကို ဆရာတို့ဘက်က ဘာတွေများ သူတို့ကို ကမ်းလှမ်းနိုင်လဲ ဆရာ။

ဖြေ။     ။ ကျနော်တို့က ကချင်ပြည်နယ်သား အားလုံးနဲ့ ဆိုင်တဲ့ပါတီ၊ အားလုံးပါဝင်နိုင်တဲ့ ပါတီဖြစ်တယ်။ ဒါကြောင့်မို့ နည်းနာ ချသွားတဲ့အခါမှာ ကချင်မဟုတ်သူတွေလည်း လက်ခံရတဲ့၊ ကချင် မဟုတ်သူတွေလည်း ပါနေတဲ့ နည်းနာ ဖြစ်ရမယ်။ ဒါကို ကချင်မဟုတ်ဘူးလို့ ခွဲခြားစရာ မလို၊ ကချင်ပြည်နယ်သား အားလုံး ထည့်နိုင်မယ့် မဲပုံးဖြစ်သွားမယ်။ ဒါမျိုး ကျနော်တို့ သွားရမှာပဲ။ ကချင်ပြည်နယ်အတွက် အားလုံးအကျိုးအတွက် ဟုတ်ပြီဆို သူတို့ မဲထည့်မှာပဲ။ ခွဲခြားနေမယ် ဆိုရင်တော့ မရနိုင်ဘူး။ မဲလျော့သွားမှာပဲ။ အဓိကကတော့ Policy တွေ အရေးကြီးတယ်။ Policy မှာ ပြည်နယ်သား အားလုံးနဲ့ဆိုင်တဲ့ Policy ဖြစ်ရမယ်။ ပြည်နယ်သားအားလုံး ပါဝင်ရမယ်။ နည်းနာမှာ ဆိုရင်လည်း အားလုံးနဲ့ဆိုင်တဲ့ နည်းနာတွေ ချမှတ်သွားမယ်ဆိုရင် အားလုံးဝိုင်းပြီး ထည့်ကြမှာပဲ။ အဲဒီလိုဆို ကချင်ပြည်နယ် မဲပုံးမှာ ပါတီက မပြည့်စရာ အကြောင်းမရှိပါဘူး။

ပါတီဆိုင်းပုဒ်သစ် ရေးဆွဲနေစဉ်/ဧရာဝတီ

မေး။     ။ ကြံ့ခိုင်ရေးပါတီက တိုင်းရင်းသားပါတီတွေကို မဟာမိတ်ဖွဲ့ဖို့ ပြောပြီး သူတို့နိုင်ရင် ပြည်နယ် ဝန်ကြီးနေရာ ပေးမယ်ဆိုတာမျိုး စည်းရုံးတာမျိုးပေါ့။ တကယ်လို့ ရှိလာရင် ဆရာတို့ ရပ်တည်ချက်နဲ့ သဘောထား ဘယ်လိုမျိုးရှိလဲ။

ဖြေ။     ။ ဒီဟာက ကျနော်တို့လည်း ကြားပါတယ်။ ပြောရမယ် ဆိုလို့ရှိရင် ပါတီကြီးတွေနဲ့ သဟဇာတ သွားမယ်၊ ပေါင်းလုပ်နိုင်တဲ့ဟာ ပေါင်းလုပ်မှာပဲ။ တူတာတွဲလုပ်၊ မတူတာခွဲလုပ်၊ ဒီလိုပုံစံမျိုး သွားမယ်။ သူတို့က စေတနာနဲ့ ပြောတာလည်း ဖြစ်နိုင်တာပေါ့။ မဲနိုင်လို့ရှိရင်တော့ ကချင်ပြည်နယ်က တိုင်းရင်းသား ပါတီကပဲ ဝန်ကြီးချုပ်ခန့်မယ် ဘာညာ ဆိုတာကတော့ စေတနာနဲ့ ပြောတာလည်း ဖြစ်နိုင်တယ်၊ စည်းရုံးတဲ့ သဘောလည်း ပါနိုင်တာပေါ့။ နိုင်ငံရေး ဖြစ်နေတာကိုး၊ ဒါကို ကျနော်ကတော့ အကောင်းဘက်က မြင်ပါတယ်။ လက်တွေ့ လုပ်ကြည့်မှ မြင်မှာလေ၊ အကောင်အထည် ဖော်ကြည့်မှ သိလာမှာပေါ့။ အမှန်တကယ် ပြောတာလား၊ အလုပ်သဘောအရ အတုအယောင် ပြောတာလားဆိုတာ စောင့်ကြည့်ရမှာပေါ့။

မေး။     ။ ကချင်ပြည်နယ် ပါတီအနေနဲ့ရော ဘယ်ပါတီတွေနဲ့ မဟာမိတ်ဖွဲ့ ဆက်ဆံနေထိုင်သွားဖို့ ရှိပါသလဲ။

ဖြေ။     ။ ကျနော်တို့တွေက ပါတီကြီးတွေရော၊ အခြားတိုင်းရင်းသား ပါတီတွေ နဲ့ရော မိတ်ဖက်သဘောနဲ့ပဲ သွားမှာပါ။ ဆက်ဆံမယ်၊ အမြင်ဖလှယ်မယ်။ မဟာမိတ် သဘောအထိတော့ ကျနော် မစဉ်းစားသေးဘူး။ အခု ဒီအဋ္ဌမ ညီလာခံမှာတော့ ထည့်သွင်း စဉ်းစားသွားမှာပေါ့။ အခုအချိန်မှာတော့ Policy ချမှတ်ထားတာ မရှိသေးပါဘူး။ နည်းနည်း စောသေးတယ်လို့ ကျနော်ယူဆတယ်။

မေး။     ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရော၊ ဖက်ဒရယ် ပြည်ထောင်စုမှာပါ Power sharing ၊ Resource sharing က အရေးကြီးတယ် ဆိုပြီးတော့ တော်တော်များများက ပြောကြတယ်ဆရာ။ ကချင်ပြည်နယ်ကိုယ်နှိုက် ကလည်း သယံဇာတ တော်တော်များများ ထွက်နေတဲ့ အခါကျတော့ ခုနတုန်းက Power sharing ၊ Resource sharing ဘယ်တော့လောက်များ ဖြစ်လာမယ်လို့ မျှော်လင့်နိုင်မလဲ။

ဖြေ။     ။ ဒါ တိုင်းပြည်အုပ်ချုပ်တဲ့ စနစ်ပြောင်းပြီးမှ ဖြစ်တာ ။ အခုက တပြည်ထောင်စနစ်။ တပြည်ထောင် စနစ်နဲ့ ဒါ လုပ်လို့မရဘူး။ အခုက Power sharing လည်း မရှိဘူး ၊ Resource sharing လည်း မရှိဘူး။ ပြောသာပြောနေတာ၊ ၂၁ ရာစု ပြည်ထောင်စုလွှတ်တော် ပင်လုံညီလာခံမှာ စည်းမျဉ်းစည်းကမ်း ချမှတ်နေတာ တပိုင်းတစနဲ့ ရပ်သွားတာကိုး။ ဒါတွေက ဘယ်အချိန်ဖြစ်လာမလဲ ဆိုရင် နိုင်ငံရေးစနစ် ပြောင်းပြီးရင် ဖြစ်လာမယ်။ အဲဒီစနစ်က ဘာလဲဆိုရင်၊ ဖက်ဒရယ် ဒီမိုကရေစီ စနစ် ကျင့်သုံးပြီဆိုရင်တော့ ခုန ပြောတာတွေ အားလုံး အဆင်ပြေ သွားလိမ့်မယ်။

အခုအချိန်ခါမှာတော့ ဒါ မဖြစ်နိုင်သေးဘူး။ ဖြစ်နိုင်အောင်လည်း ကြိုးစားရမှာဆိုတော့ အခုက စနစ်က မပြောင်းနိုင်သေးဘူး။ တပြည်ထောင် စနစ်ပုံစံ သွားနေသေးတယ် ဆိုရင်တော့ ကျနော်တို့သွားနေတာ  ဖက်ဒရယ်ကို သွားနေတာ။ ဒါတွေက အခုကနေစပြီးတော့ လေ့ကျင့်သွားရမှာ။ လုပ်နိုင်သလောက်ကို စပြီး လုပ်ဆောင်သွားရမယ်။ ပြောင်းလဲမှာကို လက်ပိုက်ပြီးတော့မှ စောင့်နေလို့တော့ မရဘူး။ စပြီးတော့လုပ်မယ်၊ နည်းနာ ပိုင်းမှာလည်း စပြီး လုပ်ဆောင်သင့်တာ လုပ်ဆောင်ရမယ်ဆိုတဲ့ ပုံစံနဲ့ သွားရမယ်။ ဒါမျိုးတွေနဲ့သွားရင် တနေ့မဟုတ် တနေ့တော့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာမယ်။

မေး။     ။ နောက်တခု မေးချင်တာက တနိုင်းမှာက သယံဇာတ ထွက်တဲ့ဒေသတွေမှာ ရှိတဲ့ လူတွေက တိုက်ပွဲဖြစ်တော့ ဖယ်ထုတ် ခံထားရတယ်၊ ပြေးရတယ်။ ဒီနေ့အထိလည်း သူတို့မပြန်ရဘူးပေါ့။ သယံဇာတရဲ့ အကျိုးကိုလည်း ခံစားပိုင်ခွင့် မရှိဘူး။ ဒါပေမယ့် အခု အိမ်ပြန်ရဖို့ကလည်း မရေရာဘူးဆိုတော့ အနာဂတ်မှာရော သယံဇာတနဲ့ ပတ်သက်ပြီးတော့ ဒေသခံတွေရဲ့ ရပိုင်ခွင့်၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ ပါတီရဲ့ ရပ်တည်ချက်က ဘယ်လိုများရှိလဲ။

ဖြေ။     ။ တိုက်ပွဲတွေ ဖြစ်နေတော့ တရားဥပဒေ စိုးမိုးရေးမရှိဘူး။ ငြိမ်းချမ်းရေးရပြီး တရားဥပဒေ စိုးမိုးရေးရှိတယ်ဆို ဒါလုပ်လို့ရတယ်။ လုပ်ခွင့်တွေ အများကြီးပေါ်မယ်။ အခုအချိန်က မငြိမ်းချမ်းသေးတဲ့ ကာလဆိုတော့ ဒီလိုပဲဖြစ်နေမှာပဲ။ ပြည်သူတွေက လွတ်လွတ်လပ်လပ် မလုပ်စားနိုင်ဘူးပေါ့။ တရားဥပဒေ စိုးမိုးရေးကလည်း မရှိတော့ စီးပွားရေး လုပ်တယ်ဆိုပြီးတော့ ဟိုလုပ်ဒီလုပ်တွေ ဖြစ်နေတာပေါ့။ တပ်မတော် ကလည်း တမျိုးထင်၊ ဟိုကလည်း တမျိုးထင်။ အဲဒါကြောင့်မို့ အနှောင့်အယှက် အဟန့်အတားတွေ ပေါ်လာတာပေါ့။ တကယ့် ငြိမ်းချမ်းရေးရှိပြီး တရားဥပဒေ စိုးမိုးရေး ကောင်းကောင်း ရှိရင်တော့ လုပ်ကြပါ။

မေး။     ။ ငြိမ်းချမ်းရေး ဆိုတဲ့စကားစုကို ဘယ်လိုအဓိပ္ပာယ် ဖွင့်ဆိုချင်လဲ။

ဖြေ။     ။ ငြိမ်းချမ်းရေးဆိုတာက တကယ် လုပ်ပိုင်ခွင့် အပြည့်အဝရှိရမယ်။ တချို့က အပစ်အခတ် ရပ်တယ် ဆိုတာ ငြိမ်းချမ်းရေးရပြီလို့ ထင်ကြတယ်။ တကယ်တော့ အဲဒါမဟုတ်ဘူး။ အပစ်အခတ် ရပ်တယ်ဆိုတာက တည်ငြိမ်မှုတော့ ရှိတာပေါ့။ Stability တော့ ရတယ်၊ ဒါပေမယ့် Peace မရသေးဘူး။ Peace ဆိုတာက တကယ်တော့ သူတို့ရဲ့စိတ်နှလုံးသားထဲမှာ ကျေကျေနပ်နပ်နဲ့ တကယ် လက်ခံဖို့လိုတယ်။ နိုင်ငံရေး အခွင့်အရေး ကောင်းကောင်း ရဖို့လိုတယ်။ ကိုယ်လိုချင်တဲ့ နိုင်ငံရေး အခွင့်အရေးရပြီဆိုရင် စိတ်အေး လက်အေးနဲ့ နေနိုင်ပြီ။ အပြင်သားပဲ ငြိမ်းချမ်းလို့မရဘူး၊ အတွင်းသားလည်း ငြိမ်းချမ်းမှ ဒါငြိမ်းချမ်းရေး အစစ်အမှန်ပဲ။

အခုက နိုင်ငံရေး အခွင့်အရေး မရသေးဘူး၊ အပစ်အခတ် ရပ်တာပဲသက်သက်ဆို ဒါ ငြိမ်းချမ်းရေးလို့ ခေါ်လို့မရပါဘူး။ ဒေသ တည်ငြိမ်ရေးပဲ ခေါ်လို့ရပါတယ်။ ငြ်ိမ်းချမ်းရေးရဲ့အဓိပ္ပာယ်က ခန္ဓာကိုယ်အတွက်ရော၊ စိတ်နှလုံး အတွက်ရော လွတ်လပ် ငြိမ်းချမ်းတယ်ဆိုတာကို လူတွေက ခံစားနိုင်ရမယ်။ ခံစားနိုင်ပြီဆိုရင်တော့ မို Policy ချမှတ်မယ်၊ စနစ်တွေပြင်ရမယ်၊ အားလုံး ညီတူညီမျှဖြစ်တဲ့ တန်းတူညီမျှဖြစ်တဲ့ ဒါတွေအားလုံး လုပ်ဆောင်နိုင်ပြီ ဆိုရင်တော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရမယ်။ ဒါပဲ ငြိမ်းချမ်းရေးလို့ ခေါ်လို့ရတယ်။ ဒါပေမယ့် တချို့က လွဲနေတယ်၊ အပစ်အခတ်ရပ်ပြီဆို ငြိမ်းချမ်းရေး ရပြီလေလို့ ပြောကြတယ်။ ကျနော်တို့ အဲဒါ လက်မခံဘူး။

အဓိကပြဿနာက ဘာလဲဆိုရင် နိုင်ငံရေးပြဿနာ။ တိုင်းပြည် အုပ်ချုပ်တဲ့စနစ် ပြင်ဖို့ ပြဿနာ။ ဒါပြင်လိုက်၊ နိုင်ငံရေး ပြဿနာဖြေရှင်းလိုက်၊ ဒါဆို ငြိမ်းချမ်းရေးရပြီ။ အဲဒါ မလုပ်နိုင်မချင်း ငြိမ်းချမ်းရေး မရနိုင်ဘူး။

You may also like these stories:

NLD အနေနဲ့ တိုင်းရင်းသား ပြည်သူတွေဆီကနေ မဲရဖို့ အခွင့်အလမ်းနည်းပါတယ်

“သယံဇာတနဲ့ ပတ်သက်ရင် ဌာနေတိုင်းရင်းသားတွေ အတွက် စဉ်းစားပေးပါ”

ဒေသခံတွေ စိုးရိမ်သလို မဟုတ်ဘူးလို့ ဆိုတဲ့ ကချင် သယံဇာတ ဝန်ကြီး

Did you find apk for android? You can find new Free Android Games and apps.
Loading