အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တိုင်းရင်းသား ပြည်သူများနှင့် ယုံကြည်မှု တည်ဆောက်ရန်ဟုဆိုကာ စက် တင်ဘာလ တတိယပတ်က ကျင်းပသည့် ၎င်းတို့၏ ဒုတိယ ဗဟိုကော်မတီ၊ တတိယပုံမှန် အစည်းအဝေး အတွင်း တိုင်းရင်းသားရေးရာ ကော်မတီ တရပ်ကို ဖွဲ့စည်းလိုက်သည်။
တိုင်းရင်းသားရေးရာ ကော်မတီမှာ တိုင်းရင်းသားပါတီများနှင့် နိုင်ငံရေး ဆွေးနွေးရန် မဟုတ်ဘဲ လာမည့် ၂၀၂၀ ရွေး ကောက်ပွဲအတွက် တိုင်းရင်းသားလူထုနှင့် ယုံကြည်မှု တည်ဆောက်ရန် ဖြစ်ပြီး ကော်မတီတွင်း ပါတီမှ တိုင်းရင်းသား လူမျိုးများကို ရွေးချယ်၍ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
ကော်မတီ ဥက္ကဋ္ဌ အဖြစ် မြစ်ကြီးနားမြို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန့် က တာဝန်ယူပြီး ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်များအဖြစ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင် ထွေးမြင့်တို့ဖြင့် ပါဝင် ဖွဲ့စည်းထားသည်။
၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ အနိုင်ရပြီး အစိုးရဖွဲ့ပြီး နောက်ပိုင်း NLD ဦးဆောင်သည့် အစိုးရသည် ပြည် နယ်များတွင် တိုင်းရင်းသား လူမျိုးများအရေး ဆောင်ရွက်ရာတွင်လည်းကောင်း၊ ပြည်နယ်များတွင် ဖြစ်ပွားနေသည့် ပြဿနာ အသီးသီး ဖြေရှင်းရာတွင်လည်းကောင်း အားနည်းသည်ဟု ဝေဖန်ခံရမှုများ ရှိနေသည်။
ယခုအခါ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာသည့် အချိန်တွင် တိုင်းရင်းသားရေးရာ ကော်မတီ ဖွဲ့စည်းခြင်း အပေါ် တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသားအရေး လှုပ်ရှားနေကြသူများက မည်သို့ အမြင် သဘောထား ရှိကြသည်နှင့် ပတ်သက်၍ ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က မေးမြန်းထားသည်များကို စု စည်း ဖော်ပြလိုက်ပါသည်။
ဦးငိုင်ဆာ့
ဥက္ကဋ္ဌ
ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
သူတို့က လွှတ်တော်မှာလည်း အခြေခံဥပဒေ ပြင်ဆင်ဖို့ ကြိုးစားတာထက် ရွေးကောက်ပွဲမှာ မဲဆွယ်တဲ့ အခါမှာ အသုံးပြုလို့ ရအောင် လုပ်တယ်လို့ပဲ နံပါတ် ၁ အနေနဲ့ မြင်ပါတယ်။
နံပါတ်၂ ကတော့ အခြေခံဥပဒေ တကယ်ပြင်ချင်တယ်ဆိုရင် တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မှ ရမယ်။ အခုက တပ်မတော်က တိုင်းရင်းသားတွေ အတွက် ကောင်းတဲ့ ပုဒ်မ ၂၆၁ လိုမျိုး ပြင်ဆင်ချင်တာကိုကျ လက်မခံဘူး။ ဖက်ဒရယ်အော်ပြီးတော့ တိုင်းရင်းသားတွေအတွက် ဗဟိုအာဏာလျှော့ချပြီး တိုင်းရင်းသားတွေအတွက် ပထမ ခြေ လှမ်းကိုကျတော့ လက်မခံဘူး။
အဲဒီတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်တာတွေကိုလည်း ဟန်ပြလို့ပဲ မြင်တယ်။ ဒါက ရွေးကောက်ပွဲ နီးလာလို့ ငြိမ်းချမ်း ရေးကလည်း မကျင်းပနိုင်တော့ အဲဒီ အကြောင်းပြချက် တခုခုရအောင် တိုင်းရင်းသားရေးရာ ကော်မတီကို ကြိုးစား တယ်လို့ မြင်တယ်။
ပြင်ပ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့တာလည်း မဟုတ်ဘဲ သူတို့လူနဲ့ပဲ ပြန်ဖွဲ့တာဆိုတော့ အရင်က ဒီခေါင်းဆောင်တွေက တိုင်းရင်း သားအရေး လုံးဝ မစဉ်းစားခဲ့ဘူးလား။ အခုကျမှ ဘာစိတ်ကူးပေါက်ပြီး ထလုပ်လဲပေါ့။ ကျနော်တို့ကတော့ ဘာမှ သိပ်ပြီး မျှော်လင့်မထားပါဘူး။ ထိရောက်မယ်လည်း မထင်ပါဘူး။ လုပ်လည်း လုပ်နိုင်မယ် မထင်ပါဘူး။
အရင်တုန်းက ဦးသိန်းစိန်ခေတ်တုန်းကဆိုရင် တိုင်းရင်းသားပါတီတွေကို ခေါ်ပြီးတော့ ဘယ်လိုတွေ တိုင်းပြည်ကို ဖြစ် စေချင်သလဲ။ ဘာအကြံပေးမလဲဆိုတာ အကြံတောင်းတာတွေ ရှိတယ်လေ။ NLD ခေတ်မှာတော့ လုံးဝ မရှိဘူး။ ပါတီ အားလုံး မခေါ်နိုင်လည်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တိုင်ပင်တာလည်း မရှိဘူး။
နောက် တိုင်းရင်းသားဒေသတွေမှာ ဗိုလ်ချုပ်ကြေးရုပ်ကို စိုက်မယ်ဆိုတော့လည်း သက်ဆိုင်ရာ ဒေသခံ တိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း ညှိနှိုင်းတာ ဘာမှမရှိဘူး။ သူတို့ ဗဟိုဘက်က အမိန့်နဲ့ ဆောင်ရွက်ကြတာချည်းပဲလေ။ အခုထိကတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ NLD က ဆောင်ရွက်ပေးတယ် ဆိုတာ ဘာတခုမှကို မတွေ့ရ သေးဘူး။ ကျနော်တို့ကတော့ အမှန်တိုင်းပြောရင် လျစ်လျူရှုခံ ထားရတယ်လို့ပဲ မြင်တယ်။
လာမယ့်၂၀၂၀ မှာ ပြည်မဘက်မှာတော့ NLD က အများစု နိုင်ဦးမယ်လို့တော့ ယူဆတယ်လေ။ ကျနော်တို့လည်း ပြည်မဘက်မှာ နိုင်စေချင်ပါတယ်။ တိုင်း ၇ တိုင်းမှာ NLD ကို ရစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ NLD က အခုထိ တိုင်းရင်းသားတွေကို လျစ်လျူရှုထားပေမယ့် NLD ထက် ပိုပြီး စိတ်ချယုံကြည်ရမယ့် ပါတီကလည်း ပြည်မ ဘက်မှာ မပေါ်ပြန်ဘူးလေ။
မပေါ်သေးတော့ လောလောဆယ် မမျှော်လင့်ရဲသော်လည်း သူတို့ကိုပဲ ထပ်ပြီး မျှော်လင့်ချင်ပါသေးတယ်။ ပြည်နယ် တွေမှာတော့ တိုင်းရင်းသားပါတီတွေက အားကောင်းလာမယ် ထင်ပါတယ်။
အဲဒီတော့ ပြည်ထောင်စု အစိုးရဖွဲ့တဲ့အခါမှာ အပြန်အလှန် ညှိနှိုင်းမှုတော့ ရှိလိမ့်မယ်။ NLD ဟာ အခုထိ တိုင်းရင်း သားတွေကို လျစ်လျူရှုပုံထောက်တော့ NLD ဟာ တိုင်းရင်းသားနဲ့ မဟာမိတ်ဖွဲ့မှာ မဟုတ်ဘူးလို့လည်း ယူဆရတယ်။ သူက သူရရွှေမန်းနဲ့ပေါင်းပြီး လုပ်မလား၊ ကြံ့ခိုင်ရေးနဲ့ ပေါင်းပြီး လုပ်မလား။ တပ်မတော်နဲ့ပေါင်းပြီး လုပ်မလား။ ဒါပဲ ရှိ မှာပါ။ သူတို့ ခြေလှမ်းကို ကြည့်တာလေ။ တိုင်းရင်းသားတွေနဲ့ ပေါင်းစရာ မမြင်ပါဘူး။
အဲဒီတော့ ကျနော်တို့က ဒီမိုကရေစီအရေး အတွက်ဆိုရင်တော့ သူတို့ကို မျှော်လင့်ချင်တယ်။ ဒါပေမယ့် ဖက်ဒရယ် အရေး အတွက်ကတော့ သူတို့လည်း မျှော်လင့်လို့ မရဘူး။ ဘယ်လိုပဲဖြစ်ဖြစ်၂၀၂၀ မှာတော့ တပါတီတည်း အပြတ် အသတ် မဟုတ်ဘဲနဲ့ ညွန့်ပေါင်းသဘောတော့ ဖွဲ့ရလိမ့်မယ်လို့ ယူဆပါတယ်။
ဒေါက်တာတူးဂျာ
ဥက္ကဋ္ဌ
ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)
အဲဒီ့ ကော်မတီက တိုင်းရင်းသားပါတီတွေနဲ့ ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်သွားဖို့ဆိုရင်တော့ ကြိုဆိုပါတယ်။ ဒါမှမဟုတ် ဘဲ တိုင်းရင်းသား ကော်မတီဖွဲ့ပြီး NLD ထဲက တိုင်းရင်းသားတွေကိုပဲထည့်ပြီး မဲနိုင်အောင် စည်းရုံးခိုင်းမယ် ဆိုရင် တော့ တိုင်းရင်းသား ပါတီတွေနဲ့ မပတ်သက်သလို ဖြစ်သွားပါမယ်။
သူတို့က မဲနိုင်အောင် ကြိုးစားနေတာပဲ ရှိမှာပါ။ တိုင်းရင်းသား ပြည်သူတွေကို ချည်းကပ်ဖို့ သူတို့က တိုင်းရင်းသား ရေးရာ ကော်မတီ ဖွဲ့စည်းတာပေါ့။ ဒါပဲ ရှိတာပဲ။ မဲဆွယ်စည်းရုံးပြီး တိုင်းရင်းသား ပြည်သူတွေကို ချည်းကပ်ဖို့ Campaign Strategy လုပ်တဲ့သဘောပါ။ ဒါက NLD နဲ့ပဲ ဆိုင်မယ်ဆိုတဲ့ သဘောပေါ့။ တိုင်းရင်းသား ပါတီတွေနဲ့ ကျတော့ ဗဟိုနဲ့ပဲ ဆက်ဆံမယ်ဆိုတဲ့ သဘောကတော့ ကျနော်တို့ စောင့်ကြည့်မယ်လေ။ သူတို့ ဘယ်လိုလုပ်ဆောင် မယ်ဆိုတာ ကျနော်တို့ စောင့်ကြည့်မယ်လေ။
ခုနပြောသလို တိုင်းရင်းသားရေးရာ ကော်မတီဖွဲ့လာတာက ရွေးကောက်ပွဲကာလမှာ တိုင်းရင်းသား ပြည်သူတွေကို စည်းရုံးမယ်။ တိုင်းရင်းသားဒေသမှာ မဲများများ နိုင်အောင်လုပ်ဖို့ သက်သက်ဆိုရင်တော့ ကျနော်တို့ တိုင်းရင်းသား ပါတီတွေနဲ့ မသက်ဆိုင်ဘူးလို့ ယူဆတယ်။
NLD က သူတို့ တာဝန်ယူထားတဲ့ ကာလမှာ တိုင်းရင်းသားအရေး ဆိုပြီး သီးသန့် လုပ်ဆောင်တာကတော့ မတွေ့ရ မမြင်ရသလောက်ပါပဲ။ တိုင်းရင်းသားရေးရာ ဝန်ကြီးဆိုတာ ဖွဲ့စည်းထားပေမယ့်လည်း တိုင်းရင်းသားအရေး လှုပ်ရှားမှု တွေ သိပ်မတွေ့ရပါဘူး၊ အထူးတလည် လုပ်ဆောင်တာတွေကတော့ မရှိသလောက်ပါပဲလို့ ကျနော်က ယူဆပါတယ်။ အဲဒါကတော့ ကျနော့်အမြင်ပါ။ အများကလည်း ဒီလိုပဲ မြင်မှာပါ။
ကျနော်တို့ ပါတီကျတော့ တိုင်းရင်းသားရေးရာ ကော်မတီ သီးသန့် ဖွဲ့စည်းစရာ မလိုဘူး။ ကျနော်တို့ကို တိုင်းရင်းသား ပြည်သူတွေက ယုံကြည်လာအောင် ထောက်ခံလာအောင် ကြိုးစားဖို့ပဲ ရှိတယ်။ သူတို့ကို ဟောပြောမယ်၊ ချည်းကပ် မယ်၊ လက်တွေ့လည်း ပြမယ်။ ပါတီကြီးတွေကတော့ သူတို့နည်း၊ သူတို့ဟန်နဲ့ လုပ်ကြမှာပေါ့။ ကျနော်တို့ကလည်း ကျနော်တို့နည်း၊ ကျနော်တို့ဟန်နဲ့ လုပ်မှာပါ။
အဓိကကတော့ တိုင်းရင်းသား ပြည်သူတွေ ထောက်ခံလာဖို့ လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ ပိုပြီး လုပ်နိုင်တဲ့ ပါတီက မဲပိုနိုင်မှာပေါ့ဗျာ။ ဒါပဲ ကွာမှာပါ။ ကျနော်တို့ကတော့ ကျနော်တို့ ရည်မှန်းချက်၊ လုပ်ငန်းစဉ်နဲ့ ပတ်သက်တာတွေ မူဝါဒ တွေကို ပြည်သူတွေကို ချပြမယ်။ ပြည်သူတွေ လက်ခံလာအောင် ကြိုးစားပြီး ရှင်းပြမယ်။ ပြည်သူတွေ လက်ခံလာရင် ပြည်သူတွေ ထောက်ခံလာမယ်။ မဲရမယ်။ ကျနော်တို့ ရည်ရွယ်ချက်ကတော့ ဒါပါပဲ။
ဦးစောကြည်လင်း
အထွေထွေအတွင်းရေးမှူး
ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ (PSDP)
သူတို့ရဲ့ မူဝါဒတခု ပေါ်လာတာပေါ့။ အစကတော့ သူတို့က အဲဒါတွေ မပြောဘူး။ ရွေးကောက်ပွဲက နီးလာတော့ တိုင်း ရင်းသားတွေဘက်ကလည်း အသံတွေ ထွက်လာတော့ တိုင်းရင်းသားတွေဘက်ကလည်း စုပေါင်းပြီး အာဏာရ ပါတီ တွေ ဖြစ်အောင်လုပ်မယ့် အစီအစဉ်တွေလည်း သူတို့သိလာတော့ အခုလို လုပ်တာနေပါမယ်။ သူတို့က အစက ပြည် ထောင်စုပါတီပဲ ပြောထားတာလေ။ တိုင်းရင်းသားတွေ အတွက်လည်း ဒီလိုရှိပါတယ် ဆိုတာ ထုတ်လာတာနေမှာပါ။
ထုတ်လာတာက တိုင်းရင်းသားတွေရဲ့မဲကို ရနိုင်အောင်ပါ။ တိုင်းရင်းသားတွေကလည်း သူတို့အကြောင်းကို တော် တော်လေး သိနေပြီလေ။ သိနေတော့ NLD ကိုပဲ အားကိုးနေတယ်ဆိုရင် ဒီတိုင်း ဒုံရင်း ဒုံရင်းဖြစ်မယ်ဆိုတာကို သိ လာတော့ တိုင်းရင်းသားတွေ ဘက်ကလည်း တော်တော်လေးကို သဘောပေါက်လာကြပြီ။
သဘောပေါက်လာတော့ သူတို့ဘက်ကလည်း တခန်းတကဏ္ဍအနေနဲ့ တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ အရင် တုန်းက မရှိခဲ့တဲ့ ကော်မတီတခုကို အခု ဖွဲ့တာပေါ့။ ဗျူဟာတခုပေါ့ဗျာ။
သုံးသပ်ရရင်တော့ အများကြီးပေါ့ဗျာ။ NLD က ဘာပဲလုပ်လုပ်ပေါ့ဗျာ။ သူ့မှာ တိုင်းရင်းသားတွေ မရှိဘူးလားဆိုတော့ ရှိတယ်။ ဥပမာ ကရင်ပြည်နယ်မှာဆိုရင် NLD က အများစု ရတယ်ဆိုတော့ သူတို့က အစိုးရပေါ့ဗျာ။ အဲဒီမှာ ကရင် တွေလည်း ရှိပါတယ်။ အဲဒီကရင်တွေက ကရင်တိုင်းရင်းသားတွေရဲ့အရေးအရာကိစ္စတွေ၊ ကရင့်ရေးရာကိစ္စတွေ လုပ်ချင်ကိုင်ချင်ရင် သူတို့ စိတ်ထဲ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် ဘာပဲလုပ်လုပ် ပါတီရဲ့ လမ်းညွှန်သဘောတရား က ရှိသေးတာကိုး။ ပါတီရဲ့လမ်းညွှန်ချက် မပါဘဲ ဘာမှလုပ်လို့ မရဘူး။
ဘာမှလုပ်လို့ မရတော့ သူတို့ကို တိုင်းရင်းသားနဲ့ ပတ်သက်လို့ သူတို့ရဲ့ အမျိုးအတွက် စာပေယဉ်ကျေးမှုကအစ လုပ် ချင်ပေမယ့်လည်း သူလုပ်လိုက်ရင် ဟိုဘက်က ပါတီက ဦးဆောင်ဆိုတော့ သဘောထားက ဘယ်လိုရှိလဲ။ ဘာပဲလုပ် လုပ် ပါတီလမ်းညွှန်မှုကို ခံယူထားတော့သူတို့ စိတ်ကြိုက် ဘယ်လုပ်လို့ရမလဲ။ ဒါကြောင့် တိုင်းရင်းသားအရေးနဲ့ ပတ် သက်ရင် သူတို့မှာ အားနည်းချက် ရှိပါတယ်။
နောက်ရုပ်တုကိစ္စတို့ အာဇာနည်နေ့ ကိစ္စတို့လည်း ရှိတာပေါ့။ တိုင်းရင်းသားတွေမှာ သူတို့ဘာသာ သူတို့ အသိ အမှတ်ပြုထားတာ ရှိတယ်လေ။ ကရင်ဆို စောဘဦးကြီးပေါ့ဗျာ။ ကျနော်တို့ ကရင်မှာ စောဘဦးကြီး ကျဆုံးတဲ့နေ့ကို ကရင့်အာဇာနည်နေ့ လုပ်တယ်။ ကျနော်တို့ လုပ်တာက ကျနော်တို့ရဲ့ အာဇာနည်မို့ ကိုယ့်လူမျိုး အာဇာနည်မို့ လုပ်တဲ့ ကိစ္စပဲ။ ဒါက တိုင်းရင်းသားတွေ အရေးကိစ္စပဲ။ ဒါ အခွင့်အရေးပဲ။ ဒီအခွင့်အရေးကို မကူညီရင် နေပေါ့ဗျာ။ ဒါပေမယ့် နည်းနည်း ဝင်ပြီးရှုပ်တဲ့ ပုံစံကတော့ မဖြစ်သင့်ဘူး။
အဲဒီအရေးတွေမှာဆိုရင် ကရင်တယောက်အနေနဲ့ အစိုးရအဖွဲ့မှာ ရှိနေတယ်။ သူတို့လည်း သူတို့ စိတ်ထဲမှာ ရှိကောင်း ရှိပါလိမ့်မယ်။ အဲဒီလို ကိစ္စတွေ ရှိပါတယ်။ နောက်ရုပ်တုကိစ္စဆိုရင် ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီးပဲ။ ရုပ်တုလုပ်တာထက် ဗိုလ်ချုပ်အောင်ဆန်း မှာထားသွားတာတွေ စကားတွေ တိုင်းရင်းသားအရေး ဘယ် လောက် စွမ်းစွမ်းတမံ လုပ်ခဲ့လဲ ဆိုတာတွေ အကောင်အထည်ဖော်ရမှာပါ။ ရုပ်တုတွေ လုပ်ပစ်လိုက်တော့ တိုင်းရင်း သားတွေ ရင်ထဲမှာ ခံစားရပါတယ်။ အများကြီးပါ။ ကယားဆို တော်တော်လေး ဆိုးတယ်လေ။ ရုပ်တုကို မလိုဘူး။ ဗိုလ်ချုပ်ကတိပဲ လိုတယ် ဆိုတာ သူတို့ ပြောတာ အမှန်ပဲလေ။ ကျနော်သာ NLD က ခေါင်းဆောင်တဦးဆို အဲဒီလို မလုပ်ဘူးဗျ။
ကျနော်တို့ ပါတီကတော့ တနိုင်ငံလုံး လွှမ်းခြုံနိုင်တဲ့ အခြေအနေမရှိဘူး။ ဒါပေမယ့် ကိုယ့်ဒေသမှာ ကိုယ်နိုင်ရင်တော့ ဖြစ်ချင်တာတွေ ရှိပါတယ်။ ဒါပေမယ့် ဖက်ဒရယ်ပြည်ထောင်စုပဲ အော်နေပြီး၊ ဒီမိုကရေစီ၊ ဖက်ဒရယ် ပြည်ထောင်စုလို့ အနာဂတ်အတွက် အော်နေပြီး ကြွေးကြော်နေပြီး ရှိသမျှ အကုန်လုံး လိုက်နေရာယူတာက ဖက်ဒရယ်မဆန်ဘူးလေ။
ဒါကို ကြည့်ခြင်းအားဖြင့် ဖက်ဒရယ်ဆိုတဲ့ စကားက ပြောသာ ပြောနေတာ စကားလှရုံပဲ ပြောနေတာလေ။ တိုင်းရင်း သားတွေက အခုတော်တော်လေး သိနေကြပါပြီ။ NLD ကို ၂၀၁၅ မှာ အကုန် ပုံအောပြီး ပေးလိုက်ကြတာပဲ။ နိုင်ငံ တခုကို ပြောင်းလဲနိုင်မလားဆိုပြီးတော့လေ။ တိုင်းရင်းသားပါတီကို ပေးရင် မပြောင်းလဲနိုင်ဘူးလေ။ ပုံအောပေးတယ်။ တချို့က မသိနားမလည်ဘဲ ပေးတာလည်းရှိမယ်။ အပြောင်းအလဲတခုကို လိုချင်လို့ ပေးတာ။
တကယ်တမ်း ပြောင်းလဲလားဆိုတော့ လူတကာ ပြောလို့ရတာက ပြောင်းလဲတယ်ဆိုတာ ၄ နှစ်၊ ၅ နှစ်အတွင်း ဘယ် လို ပြောင်းလဲမလဲ ဆိုတာ လူတိုင်း ပြောလို့ ရပါတယ်။ အဲဒီလို ကိုင်ရင်တော့ ရပါတယ်။ ဒါပေမယ့် တကယ်တမ်း ပြောင်းလဲနိုင်သလား ဆိုတာကတော့ မပြောင်းလဲနိုင်ပါဘူး။
မပြောင်းလဲနိုင်တဲ့ အပြင်ကို ဘာတွေပါလာလဲဆိုတော့ လူမျိုးတမျိုးရဲ့ ရပ်တည်မှုအတွက် လိုအပ်တဲ့ စာပေ ယဉ်ကျေး မှု၊ ဓလေ့ထုံးတမ်း၊ အမျိုးရဲ့ ပတ်သက်တဲ့ အရေးအရာ မှာတောင် ဝိုင်းမလုပ်နိုင်တဲ့ ပါတီကြီး တခုကို တိုင်းရင်းသား တွေက ဘယ်လိုလုပ် အားကိုးလို့ရတော့မလဲ။ အဲဒါတွေက နောက်ဆုံး တိုင်းရင်းသားတွေက သိလာတော့ သိပ်မကြာ တော့ပါဘူး။ ၂၀၂၀ မှာ ဘယ်လိုလာမလဲဆိုတာ အဖြေတခုတော့ ထွက်လာမှာပါ။
နော်ဆဲဆဲ
အထွေထွေအတွင်းရေးမှူး
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB)
NLD အစိုးရက ကျမတို့ အရမ်းအားကိုးခဲ့ဖူးတယ်။ ကျမထင်တာက လူတွေအပေါ်မှာလည်း အများကြီး မူတည်တယ်။ သူတို့ မူတွေအပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ ဥပမာ သူတို့ မူတွေ ရပ်တည်ချက်တွေ ကောင်းနေပြီး လူတွေ က မူတွေအပေါ် မရပ်တည်ဘူး ဆိုရင်လည်း မဖြစ်ဘူးလေ။ ကျမတို့ တစုံလုံးကို သုံးသပ်ကြည့်ခြင်းအားဖြင့် NLD
အစိုးရက ကျမတို့ တိုင်းရင်းသားအရေးကို လုပ်ဆောင်တာတွေ သိပ်မတွေ့ဘူး။ ရပ်တည်ပေးတာတွေ သိပ်မတွေ့ဘူး။
ကျမက ကရင်တယောက်ပါ။ ကျမတို့ ကရင်အာဇာနည်နေ့ကို လုပ်ဖို့က ဒါတိုင်းရင်းသား အခွင့်အရေးပါ။ တိုင်းရင်းသား က အသိအမှတ်ပြုထားတဲ့ ကရင်အာဇာနည်ပါ။ အဲဒီကိစ္စတွေဆိုရင် သူက တုံ့ပြန့်မှု မရှိဘူး။ ကျမတို့ ကရင်တမျိုးသား လုံးက ထုတ်ပြန်ချက်တွေ ထုတ်တယ်။ အော်တယ်။ တခြားတိုင်းရင်းသားတွေလည်း ဝိုင်း ဝန်းရံပေးတယ်။ ဘာမှ တုံ့ပြန်မှု မတွေ့ဘူး။ ဒါက တကယ့် အစိုးရရဲ့ တာဝန်ဝတ္တရားမှာ ရှိပါတယ်။
နောက် တခြားတိုင်းရင်းသားဒေသမှာ ဆိုရင်လည်း ဗိုလ်ချုပ်ကြေးရုပ်ကိစ္စတို့ စစ်ဘေးရှောင် ဒုက္ခသည်ကိစ္စနဲ့ နယ်စပ် ဖြတ်ကျော်ပြေးနေတဲ့ ဒုက္ခသည်တွေ ကိစ္စဆိုရင် တိုင်းရင်းသားဒေသမှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ ပြဿနာတွေ တိုက် ပွဲတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဘာတခုမှ ရပ်တည်နေတာ မတွေ့ရဘူး။ အနည်းနဲ့ အများတွေ့လိုက်ရတာ က တချို့ လွှတ်တော်အမတ်ပဲ ဖြစ်ဖြစ် NLD အမတ်ပဲ ဖြစ်ဖြစ် အထူးသဖြင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေ လုပ်ပေး တာ ရှိတယ်။ ဒါပေမယ့် တကယ့် နိုင်ငံရေးအရ ရပ်တည်ပေးရမယ့် တိုင်းရင်းသားအရေးတွေမှာတော့ မတွေ့ဘူး။
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကျမတို့ လိုချင်တာက တကယ့် ပြည်သူ့အစိုးရပါ။ ပြည်သူ့အတွက် ပြည်သူ့အကျိုး ကို ကြည့်ပြီး အုပ်ချုပ်စီမံတဲ့ အစိုးရ ဖြစ်စေချင်တယ်။ ရွေးကောက်ပွဲကလည်း လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ လည်း ဖြစ်စေချင်တယ်။ ရှိနေတဲ့ ပြိုင်ပွဲဝင်တွေ အထူးသဖြင့် တိုင်းရင်းသားပါတီတွေ အတွက်ကို ထည့်သွင်း စဉ်းစား ပြီးတော့ ပါဝင်လာနိုင်ဖို့ ကိုယ်စားပြုမှု ပါဝင်လာနိုင်ဖို့ကို စဉ်းစားစေချင်တယ်။
နောက် အဓိက ကျတာက အမျိုးသမီး ပါဝင်ရေးပါ။ အမျိုးသမီးက လူဦးရေ ၅၀ ကျော် ရှိတယ်။ ဒီကိုယ်စားပြုမှုက အမျိုးသမီး မပါနေသရွေ့ကတော့ ကျမတို့မြန်မာနိုင်ငံမှာ ပြီးပြည့်စုံတဲ့ ဒီမိုကရေစီစနစ်လို့ ပြောလို့ မရဘူး။ အထူး သဖြင့် အမျိုးသမီး လိုအပ်ချက်အရကို မူအရရော ဆုံးဖြတ်ချက်မှာရော ထည့်သွင်း စဉ်းစားနိုင်မှာ မဟုတ်ဘူး။ အဲဒါတွေကို အကောင်အထည် ဖော်စေချင်ပါတယ်။
ကျမတို့နိုင်ငံမှာ အထူးသဖြင့် တိုင်းရင်းသားပါတီပဲပြောပြော ပါတီတွေက များတယ်။ ပါတီတွေ အရမ်းများတော့ ဘယ်လိုစနစ်နဲ့ သွားမလဲ။ ရွေးကောက်ပွဲ စနစ်မှာ ဥပဒေအရရော သွားမယ့် လူတွေက ကောင်းကောင်းနားလည်ဖို့ လိုတယ်။ အခုက ရွေးကောက်ပွဲစနစ် တခုလုံးက မဲပေးမယ့်လူက အစ နားလည်ဖို့လည်း လိုတယ်။
အဲဒီအခြေခံ သဘောသဘာဝတွေကို နားမလည်တော့ တာဝန်ရှိသူတွေပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲ ဝင်မယ့်သူတွေပဲ ဖြစ်ဖြစ် သူက ကော်မတီ ဖွဲ့လိုက် ဘာလုပ်လိုက် ညာလုပ်လိုက်နဲ့ ဆိုတော့ ပြောချင်တာက ရွေးကောက်ပွဲက သက် ဆိုင်ရာ တာဝန်ရှိ သူတွေပဲ မဟုတ်ဘူး။ တကယ့် ပြည်သူလူထု၊ မဲပေးမယ့် လူတွေမှာလည်း တာဝန်ရှိတယ်။ သူတို့ တကယ်နားလည်ဖို့လည်း တာဝန်ရှိတယ်။ အဲဒီအပိုင်းကို ထိထိရောက်ရောက် လုပ်ဆောင်ဖို့ ပိုပြီး လိုအပ်တယ်လို့ မြင်တယ်။
နောက်တခုက ကျမတို့ မြန်မာနိုင်ငံမှာ ပါတီအင်အားများရင် များသလို ကြီးရင် ကြီးသလို၊ ငွေရေးကြေးရေး အင်အား များရင် နိုင်နိုင်တယ်။ လူအင်အားများရင် နိုင်နိုင်တယ်။ ဆိုတော့ ကျမတို့ တော်တော်များများ တိုင်းရင်းသား ပါတီတွေ က လူနည်းစုတွေဖြစ်ပြီး ငွေရေးကြေးရေးနဲ့ လူအင်အား အားနည်းတယ်။ အစိုးရက သီးခြား ယန္တရားတွေ မရှိဘူး။ ပါတီငယ်တွေပဲ ဖြစ်ဖြစ် တိုင်းရင်းသားပါတီတွေ အချိုးကျ ပါဝင်လာနိုင်အောင် ဘယ်လို ယန္တရားနဲ့ သွားမယ်ဆိုတာ သီးခြားထားတာ မရှိဘူး။
အခုက ပါတီအချင်းချင်း ပြိုင်တာတော့ မှန်ပါတယ်။ ဒါပေမယ့် တာဝန်ရှိသူတွေပဲ လုပ်သွားလို့ အဆင်မပြေဘူးလို့ ကျမ မြင်တယ်။ ရွေးကောက်ပွဲစနစ်က ဘယ်လိုဆိုတာ ရှင်းရှင်းလင်းလင်း ရှိသင့်တယ်။ ရွေးကောက်ပွဲ ဥပဒေကိုလည်း ပြည် သူလူထုတွေက ကောင်းကောင်းမွန်မွန် နားလည်ဖို့လည်း လိုတယ်။ မဲပေးမယ့်လူတွေလည်း ထိထိရောက်ရောက် မဲပေးနိုင်ဖို့ လိုအပ်တဲ့ အသိပညာတွေ နားလည်မှုတွေ စည်းမျဉ်းစည်းကမ်းတွေကို ကောင်းကောင်းလေး ချပြဖို့ အရေးကြီး ပါတယ်။
နန်းမြသီတာ
တာဝန်ခံ၊ ဘားအံမြို့အခြေစိုက် လူမှုရေးသုတေသန (RISE)
တိုင်းရင်းသားအရေးကို ဘယ်လောက်သိလဲ ဆိုတာက အဲဒီ တိုင်းရင်းသားရေးရာ ကော်မတီမှာ ပါလာမယ့် သူတွေက တိုင်းရင်းသားအရေးအရာ ဘယ်လောက်ထိ concept ကို သိလဲဆိုတဲ့ အချက်က ရှိတယ်။ ကျမကတော့ မရှိတာထက် စာရင် ကော်မတီရှိတာတော့ ကောင်းတယ်။ သက်သက်အပြပဲလား ဆိုတာကတော့ သူတို့ရဲ့ တိုင်းရင်းသားအပေါ်မှာ ထားတဲ့ စေတနာပေါ်မှာ မူတည်တာပေါ့။
ရွေးကောက်ပွဲနီးမှ ဘာလို့လုပ်ရတာလဲ။ ဒီအပေါ်မှာတော့ ကျမတို့က မသုံးသပ်ချင်ဘူး။ သူ့စေတနာကို သူ ပိုသိမှာပါ။ နောက် တိုင်းရင်းသားရေးရာ ကော်မတီမှာ ပါလာမယ့် သူတွေက တိုင်းရင်းသားတွေ အရေးကို ဘယ်လောက် သိသ လဲဆိုတာ တိုင်းရင်းသားတွေရဲ့ ဖြစ်တည်မှုကို ဘယ်လောက် ဖော်ဆောင်ပေးနိုင်မလဲ။ တိုင်းရင်းသားတွေကို ဘယ် လောက် ကိုယ်စားပြုမှုရှိမလဲ ဆိုတာက စိုးရိမ်စရာ ဖြစ်ပါတယ်။
အခု ကျမတို့ ကရင်ပြည်နယ်မှာ လူမှုရေးဝန်ကြီးကို ခန့်လိုက်တဲ့ ကိစ္စဆိုရင် သူတို့ရဲ့ စေတနာပေါ်ပါတယ်။ နောက် တိုင်းရင်းသားရေးရာ ဝန်ကြီးတွေပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးဟာ ကရင် မဖြစ်လည်း ရေးရာဝန်ကြီး ဖြစ်လို့ ရတယ်။ ရခိုင်ရေးရာဝန်ကြီးသည် ရခိုင်မဖြစ်လည်း ရေးရာဝန်ကြီး လျှောက်လို့ရ တယ်။ ဆိုတော့ ၂၀၀၈ အရ တရားမျှတမှု မရှိဘူး။ တကယ်တမ်း တိုင်းရင်းသားဆိုတဲ့ စကားလုံးကို နိုင်ငံရေးအရ သုံး လိုက်သလိုပဲ။
တကယ် တိုင်းရင်းသားတွေရဲ့ပါဝင်မှု အနှစ်သာရ ရှိရှိ ကိုယ်စားပြုမှုက တိုင်းရင်းသားရေးရာဝန်ကြီးဌာနတွေ တိုင်းရင်း သားရေးရာဝန်ကြီးတွေ ကိစ္စမှာတောင် မေးခွန်းထုတ်စရာ ရှိနေတယ်။ နောက်တချက်ကျတော့ ဒီတိုင်းရင်းသားရေးရာ ကော်မတီကလည်း သူက ကောင်းကောင်းကော်မတီဖွဲ့ပြီး တကယ့်ကိုယ်စားပြုမှု အစစ်အမှန် ပါလာတယ်ဆိုရင်တော့ ကြိုဆိုစရာ ဖြစ်ပါတယ်။
ကျမတို့ ပြန်ပြီး သတိထားရမှာက ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ။ ကရင်ရဲ့တော်လှန်ရေး သမိုင်းက ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တိုင်းရင်းသားတွေကို ကိုယ်စားပြုမှု မရှိဘူး။ လွှတ်တော်ထဲမှာ တိုင်းရင်းသား အမည်ခံ တွေပဲ ရှိနေတယ်။ တကယ့်တိုင်းရင်းသား အသံစစ်စစ် မဖော်ဆောင်ပေးနိုင်ဘူး။ တိုင်းပြုပြည်ပြု လွှတ်တော်က မဖော် ဆောင်ပေးနိုင်တာ ဖြစ်ခဲ့လို့ ကရင့်တော်လှန်ရေး စခဲ့တယ်။ အဲဒီတော့ ဒီနေ့ တိုင်းရင်းသားအရေး လုပ်ရင်လည်း သတိ ပြုရမှာ ဖြစ်ပါတယ်။
ကျမတို့ ပြည်တွင်းစစ်မှာ ကရင်တွေရဲ့ တော်လှန်ရေး အစသည် အဲဒါနဲ့ စခဲ့တယ်ဆိုတာကို သတိပြန်ပြီး ပြုရမှာပါ။ မရှိတာထက်စာရင် ကော်မတီရှိလာတာ ကောင်းပါတယ်။ ဒါပေမယ့် အနှစ်သာရရှိတဲ့ ကော်မတီဖြစ်ဖို့တော့ လိုပါ တယ်။
နောက် ဖြစ်သွားတဲ့ကိစ္စတွေ တော်တော်များများမှာ NLD သည် တိုင်းရင်းသားတွေအရေးနဲ့ တကယ့်ကို တိုင်းရင်း သားတွေ ကြုံတွေ့နေရတဲ့ သူတို့ရဲ့နိုင်ငံရေးအရ မမျှတမှုတွေ လူမှုရေးအရရော တိုင်းရင်းသားတွေရဲ့တရားမမျှတ ခံရ မှုတွေကို NLD သည် မသိနေသလို NLD သည် ကိုယ်ချင်းမစာဘူး။ NLD သည် ထိထိရောက်ရောက် ကိုင်တွယ်မပေး နိုင်ဘူး။ ကျမကတော့ အဲဒီလို သုံးသပ်ပါတယ်။
အထူးသဖြင့် ဗိုလ်ချုပ်ကြေးရုပ် ကိစ္စပေါ့။ နောက်၂၁ ရာစုပင်လုံ ပထမ အစည်းအဝေးမှာ တိုင်းရင်းသား တော်တော် များများ သူတို့ရဲ့နိုင်ငံရေး အရ တရားမျှတမှု ရရှိရေး၊ လူမှုရေးအရ တရားမျှတမှု ရရှိရေးတွေ အတွက် စာတမ်းတွေ တင်ကြတယ်။ စာတမ်း ၇၀ ကျော်တယ်။ အဲဒီမှာ ဗမာထဲမှာ ပါနေတဲ့ အချို့သော မျိုးနွယ်စုတွေက သူတို့သည် ဗမာ မဟုတ်ဘူးဆိုတဲ့ ဟာတွေပါ ပါလာတယ်။ ဗမာတိုင်းရင်းသားတွေက အစ သူတို့ရဲ့ကိုယ်စားပြုမှု အမှတ်လက္ခဏာ အပေါ် တင်လာတာကို ဘယ်လောက်ထိ ကြည့်လဲ။
တကယ့် တရားဝင် ၂၁ရာစု ပင်လုံ ပထမအကြိမ်မှာ တင်တဲ့ တကယ့်နိုင်ငံတော်က ဦးဆောင်ကျင်းပတဲ့ တရားဝင် စာတမ်းတွေမှာ တိုင်းရင်းသားတွေရဲ့ရပ်တည်ချက်၊ သူတို့ရဲ့ကိုယ်စားပြုမှု အမှတ်လက္ခဏာ၊ သူတို့ရဲ့ လူမှုရေးအရ တရားမမျှတမှုတွေကိုတောင် NLD က ဘယ်လောက်ထိ ကောက်နုတ်ခဲ့လဲ။ ဘယ်လောက်ထိ အသိမှတ်ပြုမှု လုပ်ခဲ့လဲ။ အဲဒီအပေါ်မှာ ဘယ်လောက်ထိ ထည့်သွင်းစဉ်းစားခဲ့လဲ။
ဒါတွေ မမြင်ရသလို နောက်လာတာတွေက ဗိုလ်ချုပ်ရုပ်တု၊ ဗိုလ်ချုပ်အောင်ဆန်း တံတား၊ နောက် ကရင်ပြည်နယ်မှာ ခန့်သွားတဲ့ လူမှုရေးဝန်ကြီးဆိုရင် သူသည် ပါတီထဲကလည်း မဟုတ်ဘူး။ နောက်တခုက ကရင်ပြည်နယ်သားလည်း မဟုတ်ဘူး။ ကရင်လူမျိုးလည်း မဟုတ်ဘူး။ လူမှုရေးဝန်ကြီးအရာမှာ ကျွမ်းကျင်သူလည်း မဟုတ်ဘူး။ ဒါပေမယ့် လူမှု ရေးဝန်ကြီး ဖြစ်လာတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားတွေအပေါ်မှာ သူတို့ ဘယ်လောက် စေတနာ ရှိ လဲပေါ့။ ပါတီအတွက် ကြည့်တာလား။ ကရင် ပြည်နယ်ဆို ကရင်၊ ရခိုင်ပြည်နယ်ဆို ရခိုင် အဲဒီဒေသမှာ ရှိနေတဲ့ ပြည် သူ လူထုအတွက် ကြည့်တာလား။ သူတို့ပါတီ အကျိုးအတွက် ကြည့်တာလား ဆိုတာ အဲဒီမှာ ပေါ်ပါတယ်။
လွေးပိုးငယ်
အကြံပေး၊ တအန်းအမျိုးသမီးအဖွဲ့ (TWO)
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲက တိုင်းရင်းသားပါတီတွေက ဘယ်လောက်ထိ ပြင်ဆင်နေလဲ၊ NLD လည်း ဘယ် လောက်ထိ ပြင်ဆင်နေလဲဆိုတာ ကျမတို့ အသေးစိတ်တော့ မသိရဘူး။ ဒါပေမယ့် တဖက်မှာ တိုင်းရင်းသား ပါတီ တချို့ဆို ပေါင်းစည်းသွားတာတွေ ရှိတယ်။
သူတို့ရဲ့ မျှော်မှန်းချက်၊ မျှော်လင့်ချက်က ၂၀၂၀မှာ အများကြီး ရှိတယ်လို့ ထင်တယ်။ တနိုင်ငံလုံး အတိုင်းအတာ မဟုတ်ပေမယ့် သူ့ဒေသနဲ့သူ မဲတွေရနိုင်အောင်တော့ ကြိုးစားသွားမယ်လို့ ကျမတို့က မျှော်လင့်တယ်။ နောက်ပြီး ဗမာမဟုတ်တဲ့ ပြည်သူလူထု အများစုကတော့ ၂၀၁၅ အတွေ့အကြုံကို ကြည့်ပြီး၂၀၂၀ မှာ ကိုယ့်ရဲ့ပါတီအသီးသီးကို မဲပိုပေးမယ်လို့ ကျမက မျှော်လင့်တယ်။
၂၀၁၅ မှာတုန်းက NLD အပေါ်မှာ မျှော်လင့်ချက် အများကြီး ရှိခဲ့တယ်။ အနည်းဆုံးတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ လည်း တိုက်ပွဲတွေ ရပ်ပြီး လုံးဝ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်လာမယ်လို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ယနေ့ထိ တိုက်ပွဲတွေ မရပ်နိုင်ဘူး။ ငြိမ်းချမ်းရေး ဖြစ်စဉ်ကလည်း ဝေဝေဝါးဝါး ဖြစ်လာတဲ့ အပေါ်မှာ ပြည်သူလူထု အများစုက မငြိမ်းချမ်းတဲ့အတွက် တွက်ချက်မိတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် ၂၀၂၀ မှာတော့ ဘယ်လို ဖြစ်လာမယ်ဆိုတာ သူတို့ ကိုယ်တိုင်လည်း စောင့်ကြည့်မျှော်လင့်နေကြတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ဘယ်ပါတီပဲ ဖြစ်ဖြစ် အစိုးရဖြစ်လာပြီဆိုရင် သေချာပေါက် တပ်မတော်နဲ့ ညှိနှိုင်းဆောင်ရွက်ရမှာတွေ ရှိပါတယ်။ ဘယ်သူပဲ တတ်တတ် အဲဒီလို ညှိနှိုင်း လုပ်နိုင်ဖို့က ကြိုတင်ပြင်ဆင်မှုတွေကတော့ လုပ်ရမှာပါ။ ကျမတို့က ပြည်သူ တယောက်အနေနဲ့ မျှော်လင့်တာက တကယ့် ဒီမိုကရေစီ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင် နိုင်ပြီးတော့ လူ့အခွင့်အရေး အာမခံချက်ရှိတဲ့ နိုင်ငံတခု အဖြစ်တော့ မျှော်လင့်တာပေါ့လေ။
နောက်တခုက တိုင်းရင်းသား ပါတီတွေ အနိုင်ရတယ်ဆိုရင် သူတို့တွေအနေနဲ့ အများစု ပါလာပြီဆိုရင် သူတို့ကရော ဘယ်လောက်ထိ လူ့အခွင့်အရေး အခြေအနေတွေကို အာမခံချက် ရှိမလဲပေါ့။ ကျမတို့ကတော့ လူ့အခွင့်အရေး အခြေ အနေတွေ တိုးတက်လာတာကိုပဲ မြင်ချင်တာပေါ့။ ဒါပေမယ့် လာမယ့် ၂၀၂၀ မှာ လူ့အခွင့်အရေးနဲ့ ပြည်သူလူထုတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ့်ဒေသကိုယ် နေနိုင်ပြီးတော့မှ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာတယ် ဆိုရင် တော့ ပြောင်းလဲမှုတခုလို့တော့ ခံယူလို့ ရမှာပါ။
You may also like these stories:
၂၀၂၀ မှာ တိုင်းရင်းသားပါတီများ ညွန့်ပေါင်းအစိုးရ ဖန်တီးနိုင်မလား
”ကျနော်တို့ပါတီ နိုင်ရမယ်။ ပါတီကြီး ၂ ခု စလုံးကို နိုင်ရမယ်”