ငြိမ်းချမ်းရေးအပါအဝင် ဦးဆောင်မှု အခန်းကဏ္ဍ အသီးသီးတွင် အမျိုးသမီးများ ပါဝင်ခွင့်ရရေး နည်းလမ်းမျိုးစုံဖြင့် ဆယ်စုနှစ်မက တောင်းဆို တိုက်ပွဲဝင်ခဲ့ကြသော်လည်းပဲ အဟန့်အတား၊ စိန်ခေါ်မှုများစွာ ရှိနေဆဲဖြစ်သကဲ့သို့ ကဏ္ဍ အချို့ တွင် မူအရ သဘောတူညီချက်များ ထွက်ပေါ်လာပြီဖြစ်သော်လည်း လက်တွေ့ အကောင်အထည်ဖော်မှု အပိုင်း၌ အားနည်းနေသေးကြောင်း အမျိုးသမီးရေး လှုပ်ရှားဆောင်ရွက်သူများက ထောက်ပြပြောဆိုလျက်ရှိသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်း အလွန်နည်းပါးနေသေးခြင်း၊ ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင် လွှတ်တော်အသီးသီး၌ အမျိုးသမီးပါဝင်မှု ၁၀ ရာခိုင်နှုန်းခန့်သာရှိခြင်း၊ အုပ်ချုပ်ရေး ကဏ္ဍအကြီးအကဲများအဖြစ် အမျိုးသမီးဝန်ကြီးချုပ် ၂ ဦးသာ ပါဝင်လာခြင်းတို့က ၎င်းတို့၏ ပြောဆိုချက်ကို သက်သေထူနေသည်။
အမျိုးသမီးများ ပါဝင်ရေး ၃၀ ရာခိုင်နှုန်း ကိုတာစနစ်နှင့် ပတ်သက်၍ ကွဲပြားသော အမြင်ရှိပြီး အရည်အချင်း ပြည့် မီသည့် အမျိုးသမီးများကို ၎င်းတို့နှင့် ထိုက်တန်သည့်နေရာ ပေးကိုပေးရမည်ဟု အမျိုးသမီး ပြည်နယ်လွှတ်တော် အမတ် တဦးဖြစ်သူ ဒေါ်ခိုင်ခိုင်လဲ့က ခံယူထားသည်။

ဒေါ်ခိုင်ခိုင်လဲ့၏ အမျိုးသမီးများ ငြိမ်းချမ်းရေး အပါအဝင် နိုင်ငံ၏ အခန်းကဏ္ဍ အသီးသီးတွင် ဦးဆောင်ပါဝင်မှု နည်းနေခြင်းအပေါ် အမြင်၊ ခံယူချက်သဘောထားနှင့် အကြံပြုချက်များ၊ ၎င်း အမျိုးသမီးတဦး ဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံခံရမှု၊ စိန်ခေါ်မှုများကို သိရှိနိုင်ရန် ဧရာဝတီ သတင်းထောက် ဇူးဇူး က တွေ့ဆုံမေးမြန်းထားသည်။
ဒေါ်ခိုင်ခိုင်လဲ့သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ မွန်ပြည်နယ်၊ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူ ဖြစ်ပြီး မွန်ပြည်နယ် လွှတ်တော်ရှိ ဥပဒေပြုရေးကော်မတီ၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ ၂ ခု၏ ဥက္ကဋ္ဌ အဖြစ် တာဝန် ယူထားသည် ဖြစ်သည်။
မေး ။ ။ မွန်ပြည်နယ် အမျိုးသမီးများ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းစီမံချက်ပေါ့နော် ပြီးခဲ့တဲ့နှစ်တုန်းက ပြောထားတာ ၂၀၁၈ နှစ်ကုန်ပိုင်းလောက် အပြီးသတ် ရေးဆွဲမယ်ဆိုတော့ အခု ဘယ်အခြေအနေ ရောက်နေပါပြီလဲ။
ဖြေ ။ ။ ရေးဆွဲတာကတော့ ပြီးသွားပြီ။ ဒါပေမယ့် ပြီးခဲ့တဲ့ ၈ လပိုင်း ကုန်ခါနီးလောက်က အဲဒါနဲ့ ပတ်သက်လို့ UN Women နဲ့ ထပ်ပြီး စည်းဝေးလုပ်တယ်။ ဌာနဆိုင်ရာတွေလည်း ပါတယ်။ ဆောင်ရွက်ရမယ့်အကောင်အထည် ဖော်ရမယ့် အပိုင်းတွေ အခန်းတွေနဲ့ ပတ်သက်ပြီး နည်းနည်းလေး အောက်မှာ အကောင်အထည်ဖော်လို့ မရမယ့်ဟာတွေကို ထည့် သွင်း ရေးထားတဲ့အတွက် ပြန်လည်ပြင်ဆင်နေတဲ့ အချက်တွေလည်း ရှိပါတယ်။ အဲဒါလေးတွေက လက်စသပ်လို့ မရဘူး ပေါ့။ ပြည်ထောင်စုအဆင့်က ဒီဟာကို သိပြီးသွားပြီ။ ဒါကို အကြမ်းဖျင်း သဘောတူထားပါတယ်။
မေး ။ ။ အောက်ခြေမှာ အကောင်အထည် ဖော်လို့ မရမယ့်ဟာတွေဆိုတာ ဘယ်လိုအချက်တွေကို ပြောတာလဲ။
ဖြေ ။ ။ ဥပမာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs) နဲ့ ပတ်သက်ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေး ကော်မတီ (JMC) မှာ အမျိုးသမီးတွေ ပါဝင်လာဖို့ ဆိုတဲ့ဟာမျိုး။ JMC မှာ အမျိုးသမီးတွေ ပါဝင်လာဖ့ိုဆိုတာ အကန့်အသတ် ရှိတယ်။ အမျိုးသမီးတိုင်း ပါဝင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
EAO အဖွဲ့စည်းတွေနဲ့ အဓိကထားပြီး ဆောင်ရွက်နေရတဲ့ ကိစ္စရပ်တွေမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အမျိုးသမီးတွေ ပါဝင် လာဖို့ဆိုတာ JMC မှာ ပါဝင်လာဖို့ မဟုတ်ဘူး။ တခြားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သွားနေတဲ့နေရာမှာ အမျိုးသမီး တွေ ပါဝင်လာဖို့ကို ဆောင်ရွက်တာမျိုး ပိုပြီး ဖြစ်သင့်တယ် ဆိုတာမျိုးတွေ ကျမတို့ ပြင်ဆင်နေတာတွေ ရှိပါတယ်။
မေး ။ ။ JMC မှာ ပါဝင်ဖို့ အကန့်အသတ်တွေ ဆိုတာ ဘယ်လိုဟာမျိုးကို ပြောတာပါလဲ။
ဖြေ ။ ။ အကန့်အသတ်တွေဆိုတာက JMC မှာ အမျိုးသမီးတိုင်း ပါဝင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ JMC ဆိုတဲ့ သဘောတရား ကို အားလုံး သိကြမယ် ထင်ပါတယ်။ JMC မှာ ပါဝင်တဲ့ အမျိုးသမီးဆိုတာ အနီးစပ်ဆုံးက EAO နဲ့ နီးစပ်တဲ့ အမျိုးသမီးပဲ ပိုပြီး ဖြစ်သင့်တယ်။ အပြင်က အမျိုးသမီးတယောက် ပါဝင်ဖို့အတွက် ဒီအမျိုးသမီးကို မဖြစ်မနေ ထည့်သွင်းဖို့ ဆိုတာတွေ က မဖြစ်နိုင်ဘူးဆိုတဲ့ဟာမျိုး ဆွေးနွေးထားတာ ရှိပါတယ်။
မေး ။ ။ ဒီတော့ အမျိုးသမီးတွေက ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဘယ်လိုနေရာတွေကနေ ပါဝင်နိုင်မလဲ။
ဖြေ ။ ။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ဆောင်ရွက်တဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကွန်ရက်တွေ ရှိတယ်။ အဲဒီတွေမှာ ပါဝင်ပြီး ဆွေးနွေးလာဖို့ လိုပါတယ်။ ကချင် ရှမ်းတို့လို စစ်ဘေးဒဏ်သင့်တဲ့ နေရာ။ အခု တိုက်ပွဲရှောင်နေရာပေါ့။ အဲဒီ နေ ရာက အမျိုးသမီးတွေဆို အခွင့်အရေးတွေ အရမ်း ဆုံးရှုံးတယ်။ အဲဒီလို အမျိုးသမီးတွေက ဆုံးရှုံးနေတဲ့ သူတို့ အခွင့်အရေး တွေ ပြန်ရလာဖို့ ငြိမ်းချမ်းရေး လုပ်နေတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ရပ်ရွာတွေမှာ အခြေပြု ဆောင်ရွက်တဲ့ ကြားနာပွဲတွေမှာ ပါဝင်လာဖို့ အရေးကြီးတယ်။ ဒါမှ သူတို့ဆီက အသံကို ကြားမှ အပေါ်ကို ပို့လို့ ရမှာ။
သို့သော် အမျိုးသမီး ပါဝင်လာတဲ့နှုန်းကို ကျမ အမြင်ပါ။ အရမ်းကြီးမြင့်နေမယ် တအားကြီး Push (တွန်း) လုပ်နေမယ်။ အမျိုးသမီးတွေ ပါဝင်လာဖို့ ၃၀ ရာခိုင်နှုန်းကို ကြိုးစားနေကြတယ် ဆိုပေမယ့် ကိုယ်လုပ်ချင်တဲ့ ဆန္ဒရှိရင် ကိုယ့်မှာ Ability (စွမ်းရည်) ရှိရင် Capacity (လုပ်နိုင်စွမ်း) ပြည့်တယ်ဆိုရင် နေရာရမှာပဲ။ အဲဒါတွေ မရှိတဲ့ လူတယောက်ကို နေရာပေးဖို့ ဆိုတာ အခက်အခဲ ရှိပါတယ်။ အဲဒီလိုမျိုးတွေလည်း မဖြစ်သင့်ဘူး။
JMC လို နေရာမျိုးက ပေါ်လစီရှိပြီးသား။ ဒီပေါ်လစီကြီး တခုလုံးကို ဖျက်ပြီးတော့မှ အမျိုးသမီး ပါကိုပါရမယ် ဆိုတာမျိုးကို စဉ်းစားစရာ ရှိပါတယ်။ မပါဘူးလားဆို ပါပါတယ်။ အခု မွန်ပြည်နယ် JMC မှာ ဒေါ်နော်ဆာထူး ပါပါတယ်။ ဒါလည်း EAO နဲ့ ဆက်စပ်တဲ့ နီးစပ်တဲ့ဆီကသူတွေ ပါပြီးသား ဖြစ်ပါတယ်။ သို့သော် နေရာတိုင်းမှာ အရည်အချင်းဆိုတာ လိုတာပေါ့။ အကုန်လုံးကို ထည့်လို့ ဘယ်ရမလဲ။
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ ပါရမယ်။ ၁၀ ယောက်မှာ ၃ ယောက်၊ ၁၀ ယောက်မှာ ၅ ယောက်၊ ၁၀ ယောက်မှာ ၇ ယောက် ပါရမယ်ဆိုတာမျိုးတော့ ဘယ်ဟုတ်ပါ့မလဲ။ ကိုယ်ပိုင် အရည်အချင်း ရှိရမယ်။ ပေါ်လစီနဲ့လည်း ကိုက်ညီရမယ်။ ဒါမျိုးပဲ ဖြစ်သင့်တယ်။
ကျမတို့ နိုင်ငံမှာ အရည်သွေးနဲ့ပဲ နိုင်ငံကို တည်ဆောက်ချင်တယ်။ အရည်သွေး မရှိတဲ့ ပမာဏ/အရေအတွက်များလာ လေလေ ငါတို့ဘက်က လွှမ်းမိုးမှု များလာလေလေ ဆိုတဲ့ဟာမျိုးနဲ့ မတည်ဆောက်ချင်ဘူး။ ကျမလည်း အမျိုးသမီး တ ယောက်ပဲ။ သို့သော် ကျမကို နေရာပေးတယ်ဆိုတဲ့ နေရာမှာ ကျမ အရည်အချင်း မရှိဘဲနဲ့ အမျိုးသမီး ပါဝင်မှု ၃၀ ရာ ခိုင်နှုန်းမို့ သွားလိုက်ပါဆိုတာမျိုးက ကျမကိုယ်ကျမ ယုံကြည်မှုလည်း ရှိမှာမဟုတ်ဘူး။
အဲဒီနေရာကိုသွားတဲ့ အမျိုးသမီးတယောက် အနေနဲ့ရော ဘယ်လိုမျိုး စိတ်ခံစားမှု ရှိလဲဆိုတာကို ထည့်သွင်း သုံးသပ် သင့်တယ်။ အဲဒီ နောက်ပိုင်းမှာ သိမ်ငယ်စိတ် ဆိုတာလည်း ဝင်လာနိုင်တာပဲ။ အဓိက အရေးကြီးတာက အရည်အချင်း ပြည့်မီတဲ့ အမျိုးသမီးတွေ ရောက်လာဖို့ တွန်းအားပေးဖို့က ပိုပြီး အရေးကြီးတယ်လို့ ထင်တယ်။
မေး ။ ။ အရည်ချင်း ပြည့်မီတဲ့ အမျိုးသမီးတွေ ဖြစ်လာဖို့ ဘယ်လို ထောက်ပံ့မှု၊ တွန်းအားပေးမှုတွေ လိုအပ်မလဲ။
ဖြေ ။ ။ မွန်ပြည်နယ်မှာ ရေးဆွဲထားတဲ့ စီမံချက်ထဲမှာ ပါပါတယ်။ အမျိုးသမီးတွေ အရည်ချင်း ပြည့်မီလာဖို့ အတွက်ကို Capacity build up လုပ်တဲ့ အစီစဉ်တွေ အများကြီး ပါပါတယ်။ ရပ်/ကျေး အဆင့်က စပါတယ်။ ဥပမာ အများနဲ့တွေ့ရင် ဘယ်လို စကားပြောမလဲ (Public speaking)၊ ခေါင်းဆောင်မှု အရည်ချင်းနဲ့ ပတ်သက်တဲ့ဟာမျိုး။ သင်တန်းတွေ ပေးတယ်။ ကျမလည်း ၁ နှစ်တိတိ ပေးခဲ့ဖူးတယ်။ ဒါပေမယ့် ထမင်းကျွေးမှ လာပါတယ်။ မကျွေးရင် မလာပါဘူး။ ဒီလိုပဲ ပိုက်ဆံပေးမှ လာပါတယ်။ ပိုက်ဆံ မပေးရင် မလာပါဘူး။ ဒါမျိုးတွေကြီးပဲ အောက်ခြေမှာ ဖြစ်နေတာတွေက အများကြီးပါ။
ရပ်ကျေးအဆင့်မှာ လုပ်နေပေမယ့်လည်း တကယ်တမ်းကျတော့ ကျမတို့အတွက် ရုန်းရကန်ရတာ တအားခက်ပါတယ်။ ပြောလို့သာ တအားလွယ်တာ။ အယောက် ၁၀၀ ထဲက ၁ ယောက် ထွက်လာဖို့တောင် တအားခက်တယ်။
မြစိမ်းရောင် စီမံချက်လုပ်လို့ အမျိုးသမီးတွေကို လုပ်ပါ။ နေရာပေးတယ်။ အတွင်းရေးမှူး ရာထူးလေး ငွေကိုင် စာရင်းကိုင် ရာထူးလေးတော့ ယူလိုက်ပါ ဆိုတာတောင်မှ မယူကြဘူး။ အာပေါက်မတတ် ပြောရတဲ့ အနေအထား ဖြစ်ပါတယ်။
ဒီမြစိမ်းရောင်ဆိုတာ ကိုယ့်ရွာထဲမှာ လုပ်တဲ့ကိစ္စ။ ဒါကိုတောင် ဦးဆောင်ဖို့ အမျိုးသမီးတွေကို ဆွဲခေါ်ရတာ တအား ခက်နေတာ။ အဲဒီလို ပါဝင်လာဖို့ ရှေ့ကို ရောက်လာဖို့ အတွက် တွန်းအားတွေ လိုပါတယ်။ အမျိုးသမီးအရေး လုပ်နေကြတဲ့ သူ တွေထဲမှာ ကျမလည်း ပါပါတယ်။ သို့သော်လည်း ဖြစ်စေချင်တာက ပွင့်ပွင့်လင်းလင်း ပြောတာပါ။ နင်တို့နေရာ ဆိုပြီး ကန့်ထားတာနဲ့စာရင် အားလုံးနဲ့ ရင်ဘောင်တန်းပြီး ယှဉ်နိုင်လို့ နေရာ တနေရာ ပေးတာကို ပိုပြီး ဖြစ်သင့်တယ်လို့ မြင်တယ်။ အဲဒီလိုမှ မဟုတ်ဘူးဆို အရည်အချင်း မရှိတဲ့သူလည်း ဒီနေရာကို ရောက်လာမှာပဲ။ အဲဒီအတွက် တိုင်းပြည်လည်း အကျိုး မရှိဘူးလို့ ထင်တယ်။

မေး။ ။ အဲဒီလိုတွေ ဘာကြောင့်ဖြစ်နေတယ် ဘယ်လိုအရာတွေက အဟန့်အတား ဖြစ်နေစေတယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ အဓိကက Mindset (စိတ်နေစိတ်ထား)တွေ မချိန်းတာဘဲ။ Mindset ချိန်းတယ်ဆိုတဲ့ အဆင့်က အပေါ်အဆင့် မှာပဲ ရှိတယ်။ အောက်မှာရှိတဲ့ အဆင့်က မချိန်းဘူး။ တချို့ အလယ်အလတ်တွေတောင် မချိန်းသေးဘူး။ အိမ်မှာ ရွာမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဒီနေ့ အစည်းအဝေးရှိလို့ လာပါဆိုရင် ဘယ်သူသွားလဲ။ အိမ်ထောင်ဦးစီး ယောကျ်ားပဲ။ ကိုယ်တိုင်တောင် အဖေသွားလိုက်ပါ။ အစ်ကို၊ ဦးလေး သွားလိုက်ပါလို့ ဆိုပြီး ကိုယ်က ဆုံးဖြတ်ချက်ချတဲ့ အဆင့်ကို ဘယ်တော့မှ မတက်သွားဘူး။ အဲဒါ ကိုယ်ကိုယ်တိုင်နဲ့ပဲ ဆိုင်တယ်လို့ ကျမ မြင်တယ်။
ဒါတွေအားလုံးက Mindset ချိန်းဖို့ လိုတယ်။ အဲဒီလို မချိန်းသရွေ့ အမျိုးသမီးတွေ ရှေ့ရောက်လာဖို့ ဆိုတာ ဘယ်သူက ဖင်တွန်းပြီးတင်တင် ရှေ့ရောက်လာမှာ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင် မပြောင်းလဲသေးသရွေ့ ရှေ့ကိုရောက်မလာဘူး။ တင် တဲ့လူပဲ မောသွားတာ အဖတ်တင်မယ်။ ကျမတို့နိုင်ငံမှာ အဲဒါတွေ ပြောင်းလဲဖို့ လိုတယ်။
နောက်တခုက Culture (ယဉ်ကျေးမှု) ဖြစ်ပါတယ်။ ၆ နာရီထိုးရင် အပြင်မထွက်နဲ့နော်။ အပြင်ထွက်ရင် ဘာဖြစ်တယ်။ ည ၁၀ နာရီထိုး ပြန်လာရင် သေချာတယ် ဒီမိန်းကလေး မိန်းမကောင်း မဟုတ်တော့ဘူး။ အဲဒီလို သတ်မှတ်ချက်တွေ ကြားမှာ ကြီးပြင်းလာခဲ့တာဖြစ်လို့ အပြင်ကိုထွက် အားလုံးရဲ့ အပြောအဆိုခံပြီး လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါလည်း အကန့်အသတ် တခုပဲ။
အိမ်မှာ မိန်းမတယောက် အပြင်သွားမယ်ဆို ထမင်းဟင်း ချက်ပြုတ် အိမ်မှုကိစ္စ အားလုံးလုပ်ပြီးမှ အပြင် ထွက်လို့ရတယ်။ မဟုတ်ဘဲ အိမ်ပြန်လာရင် အပြောအဆိုခံရမယ်။ ကြာတော့ အပြောမခံနိုင်ဘူး။ အပြောမခံနိုင်တော့ ငါ မသွားတော့ပါဘူး ဆိုတဲ့ဟာမျိုးနဲ့ စွန့်လွှတ်သွားတဲ့ အုပ်စု/ လူတန်းစားတွေ အများကြီးပဲ။
အဲဒီအတွက်ကြောင့် အမျိုးသမီးတွေ ရှေ့ရောက်လာဖို့ဆိုတာ ကိုယ်တိုင် ပြောင်းလဲမှ ပိုပြီးသန်မာမှ ဖြစ်မယ်လို့ မြင်တယ်။ ၃၀ ရာခိုင်နှုန်းအတွက် ဘယ်လောက်ပဲ ဖင်တွန်းပြီးတင်တင် နောက်ကနေ ဘယ်လောက်ပဲ Push လုပ် ကိုယ်တိုင် မပြောင်း လဲသရွေ့ ရောက်လာမှာ မဟုတ်ဘူး။ နောက်တခုက Capacity build up လုပ်နေတယ်။ Polish လုပ်နေတယ်။ ဒါပေမယ့် ပိုက်ဆံရမှ လာမယ်။ နေ့တွက်စရိတ် ခရီးစရိတ်ရမှ လာမယ်။ ထမင်းစားရမှ ထမင်းဘူးရမှ လာမယ်ဆိုတဲ့ ဟာမျိုးတွေ အများကြီးပဲ။
ထမင်းဗူးရဖို့ အတွက် လာတဲ့သူက ပြန်သွားရင် ထမင်းဗူး စိတ်နဲ့ပဲ ပြန်သွားမှာလေ။ ဒါမျိုးတွေ ကျမ အောက်ခြေမှာ လုပ်နေရတဲ့အတွက် အများကြီး ကြုံနေရတဲ့ အနေအထား တခုပါပဲ။ အဲဒီတော့ အမျိုးသမီး ပါဝင်လာဖို့ကို အရမ်းကြီးကို တွန်းနေပေမယ့် တော်တော်လေးကို ဝေးနေဦးမယ်လို့ ထင်တယ်။
မေး။ ။ အမျိုးသမီးတွေ တောက်လျှောက် တောင်းဆိုလာခဲ့တဲ့ ၃၀ ရာခိုင်နှုန်း ပါဝင်ရေးနဲ့ ပတ်သက်ပြီးရော ဘယ်လို သုံး သပ်ပါသလဲ။
ဖြေ။ ။ အမျိုးသမီးနဲ့ အမျိုးသား ယှဉ်လာလို့ရှိရင် လူတွေရဲ့ ဦးစားပေးမှု ရွေးချယ်မှုတွေကလည်း အများကြီး လိုအပ်ပါ သေးတယ်။ အမျိုးသားတယောက်ထက် ခေါင်းလေးတလုံး သာနေရင်တောင်မှ အများရဲ့ အမြင်မှာ အတူတူလောက်ပဲ မြင် ပါတယ်။ ခေါင်းတလုံး ပိုသာနေတဲ့ မိန်းမတယောက် ယောကျ်ားတယောက်ထက် တန်းတူတောင်မကဘူး ပိုပြီး Smart ဖြစ် တယ်။ စဉ်းစားနိုင်တယ်။ တွေးခေါ်နိုင်တယ်။ လုပ်နိုင်ရည်စွမ်း ရှိတယ်ဆိုရင်တောင် အများရဲ့ အမြင်မှာ ယောကျ်ားလေးနဲ့ ပိုသင့်တော်ပါတယ်လေ ဆိုတာမျိုးနဲ့ ဆုံးဖြတ်ခံရတာတွေ တပုံကြီး ရှိပါတယ်။
ဒီလိုမျိုးကျ ၃၀ ရာခိုင်နှုန်းဆိုတဲ့ဟာက လက်ခံရမယ့် စဉ်းစားရမယ့် အနေအထားမျိုး ရှိတာပေါ့။ အရည်အချင်း ပြည့်မီတဲ့ မိန်းမတွေ အတွက်ဆိုရင်ပေါ့။
အတင်းကာရော ဟုတ်ဟုတ် မဟုတ်ဟုတ်။ အုတ်ရောရော ကျောက်ရောရော ၃၀ ရာခိုင်နှုန်းမျိုးကတော့ လက်မခံချင်ဘူး။ ဒါပေမယ့် အခု ပြောနေတာက အဲဒီ နှစ်ခု မကွဲဘူးလို့ ထင်တယ်။ ၃၀ ရာခိုင်နှုန်းဖြစ်ရင် ပြီးရောဆိုတဲ့ဟာမျိုး ကျမ မလိုချင် ဘူး။ အရည်ချင်း ပြည့်မီတဲ့ အမျိုးသမီးတွေ အတွက်တော့ ပေးကိုပေးရမယ်။ နေရာကို ဖယ်ပေးရမယ်။ အဲဒီလို မဟုတ်ဘူး ဆိုရင် Fair (မျှတ) မဖြစ်ဘူးလို့ ထင်တယ်။
မေး ။ ။ လွှတ်တော်သက်တမ်း ၄ နှစ်နီးပါး အတွင်း အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် တဦးအနေနဲ့ ဘယ်လို စိန်ခေါ် မှုတွေ ကြုံတွေ့ခဲ့ရလဲ။
ဖြေ ။ ။ အမျိုးသမီး ဖြစ်နေတဲ့အခါ အမျိုးသားတွေထက် နှစ်ဆပိုပြီး အားထည့်ရတယ်။ အမျိုးသားတွေ ညရေးညတာ လွယ်လင့်တကူ ထသွားနိုင်ပေမယ့် ကျမတို့ ညရေးညတာ ထသွားနိုင်ဖို့ အရမ်းခက်ခဲပါတယ်။ သထုံ လေဘေးဆို ည ၁၁ ခွဲလောက်မှာ ပြည်ထောင်စုလမ်းမ ပိတ်သွားတော့ အဲဒီတုန်းက ကျန်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ခရီးဝေး ရောက် နေတော့ ကျမ တယောက်တည်း ရှိပါတယ်။ မနက် ၃ နာရီထိ မိုးရေထဲမှာ ဒီတိုင်းပဲ ငုတ်တုတ်ထိုင် ရတယ်။ အဲဒီနေရာကို ရောက်အောင်သွားဖို့ သစ်ပင်တွေ လဲနေတယ်။ ကိုယ်နဲ့ဒီနေရာကို လိုက်ဖို့ စိတ်ချရတဲ့ လူတယောက်ကို ကျမ ရွေးရတယ်။
ရဲက ကျမကို လာခေါ်ပေးနိုင်မလား ဖုန်းဆက်ရတယ်။ အဲဒါမျိုးက အစ ယောကျ်ားလေး တယောက်ဆို ကိုယ်တိုင် ဆိုင် ကယ်မောင်းပြီး ထွက်သွားရင် ရောက်ပြီလေ။ ကျမအတွက်ကျ မိန်းကလေးဖြစ်နေတဲ့ အခါကျတော့ နှစ်ဆပိုပြီး အားထုတ်ရ တာ ကြိုးစားရတာမျိုးတွေ ရှိတယ်။
နောက်တခုက အမျိုးသမီးတွေက emotion (စိတ်ခံစားမှု) သမားတွေ ဖြစ်ပါတယ်။ အရမ်း စိတ်ခံစားမှု ဖြစ်လွယ်ပါတယ်။ တော်တော်များများကို စိတ်ခံစားချက်နဲ့ ဆုံးဖြတ်ကြတယ်။ ဒါကတော့ အငြင်းမပွားပါဘူး။ ချစ်တာတွေ မုန်းတာတွေ ကြည့် လို့ရတာတွေ မရတာတွေ အဲဒါတွေနဲ့ ဆုံးဖြတ်ကြပါတယ်။ ဒါကြောင့်မို့ ကျမတို့ decision making (ဆုံးဖြတ်ချက်ချမှု) လုပ်တဲ့အဆင့်မှာ မထားဘူး ဆိုတဲ့ သဘောထားမျိုးလေးတွေ ကြားရတာ ရှိပါတယ်။
အဲဒီအတွက် ကျမတို့က emotion တွေ မဖြစ်ဘူးဆိုတဲ့ ပြယုဂ်ကို ပြဖို့က တော်တော်လေးကို ခက်ခဲပါတယ်။ လွှတ်တော် ဆိုတာ တဖက်နဲ့ တဖက် အပြိုင်အဆိုင် ပြောတဲ့နေရာပါ။ ဟိုဘက် ဒီဘက် ပြောတဲ့အခါမှာ စကားလုံး အသုံးအနှုန်း မမှား အောင်၊ စိတ်ခံစားချက်တွေ ဒေါသသံတွေ လေသံပြင်းပြင်းတွေ မပါအောင် တော်တော် ထိန်းချုပ်ရပါတယ်။ ဒါလည်း ကျမတို့ အတွက် အခက်အခဲတရပ် ဖြစ်ပါတယ်။
နောက်ပြီး အမျိုးသမီးတွေ ဖြစ်တဲ့ ကျမတို့ အပြင်တခါ ထွက်ရင် သူများ ကြည့်ကောင်းအောင် နေရထိုင်ရတယ်။ ဝတ်ပုံ ကအစ သွားပုံလာပုံ နေပုံထိုင်ပုံ စားပုံသောက်ပုံ အပြုမူ အဆုံး အရမ်း ဂရုစိုက်ရတယ်။ ဒါလည်း ကျမတို့အတွက် စိတ်ဖိ စီးမှုတွေ ရှိပါတယ်။
စိတ်ဖိစီးတွေ သိပ်များလာရင် ကေတီဗွီမှာ သွားပြီး သီချင်းဆိုလို့ မရဘူး။ အရက်ထိုင်သောက်နေလို့လည်း မရဘူး။ ကျမ တို့ရဲ့ စိတ်ဖိစီးမှုကို release (ဖြေလျော့) လုပ်ဖို့အတွက် ကျမတို့မှာ ground (မြေပြင်) မရှိပါဘူး။ ground လိုပါတယ်။ ယောကျ်ားလေးတွေက ဘောလုံးပွဲ သွားကြည့်မလား။ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်မှာ ဘောလုံးပွဲကြည့်ရင်း အော်ဆဲ နေမယ်။ ဒါ release လုပ်တဲ့ ground ထဲ ရောက်သွားတာပဲ။
ကျမက ဘီယာဆိုင်မှာ ဘောလုံးပွဲသွားကြည့်ပြီး release လုပ်လို့ မရဘူးလေ။ ကျမတို့က အမြဲတမ်း နေရာတကာမှာ အကန့်အသတ်တွေ နဲ့ သွားနေရတယ်။ အဲဒါ ယဉ်ကျေးမှုပဲ။ အဲဒီ ယဉ်ကျေးမှုကလည်း ကျမတို့ဆီမှာ လွှမ်းမိုးနေဦးမှာပဲ။ အဲဒါတွေကအစ ကျမတို့ဆီမှာ စိတ်ဖိစီးမှုတွေ အများကြီး ဖြစ်ပါတယ်။

မေး။ ။ အောင်မြင်မှု အနေနဲ့ရော လွှတ်တော်တွင်း ဘာတွေ ဆောင်ရွက်နိုင်ခဲ့ပါသလဲ။
ဖြေ။ ။ ကျမ အမျိုးသမီးဘဝကို ကြိုက်လားဆို ကြိုက်တယ်။ နှစ်သက်လားဆို နှစ်သက်တယ်။ ကျမအတွက် အမျိုးသမီး တယောက်ရဲ့ ဘဝကိုရတာ ကျေနပ်ပါတယ်။ အမျိုးသမီးလို့ ပြောပြီး အားနွဲ့ပါတယ်လို့ တော်တော်များများ သတ်မှတ်ထား ကြတဲ့ မြန်မာနိုင်ငံရဲ့ လူမှုပတ်ဝန်းကျင်မှာ အမျိုးသမီးဆိုတာ ဒီနေရာ မရောက်ဘူး။ မိန်းကလေးဆိုတာ ဒါတွေ မလုပ်နိုင် ဘူး။ ဒါတွေလုပ်ရမှာ မဟုတ်ဘူးဆိုပေမယ့် ကျမရောက်ရှိနေတဲ့နေရာ အနေအထားလေးကို ကျေနပ်ပါတယ်။
လွှတ်တော်မှာ ပြည်သူအတွက် အမျိုးသမီးတွေအတွက် ပေါ်လစီတွေကို ချပေးနိုင်ခဲ့တယ်။ အဲဒီအတွက်လည်း ကျေနပ်ပါ တယ်။ သာမန်ဒေသ ဖွံ့ဖြိုးရေး မေခွန်းမျိုးတွေ မဟုတ်ဘဲနဲ့ အမျိုးသမီးတွေ ဥပမာ Single mom တွေအတွက် ကလေး မွေး စာရင်းလိုဟာမျိုး မေးပေးနိုင်ခဲ့တယ်။ အခုဆိုရင် အဖေနာမည်မပါဘဲ ကလေးမွေးစာရင်းတွေ ရနေပါပြီ။ အရင်ဆို ဘယ်လို လုပ်ရမှန်း မသိဘူး။ အဖေမပေါ်ဘဲ မွေးတဲ့မိခင်တွေမှာ ကိုယ့်ကလေး မွေးစာရင်း ထုတ်ဖို့အတွက် အရမ်းကို အခက်ခဲ ဖြစ် ပါတယ်။ အဲဒါလေးကို လုပ်ပေးနိုင်ခဲ့လို့ ကျေနပ်ပါတယ်။
နောက်တခုက မှတ်ပုံတင် လုပ်တဲ့နေရာမှာ တိုင်းရင်းသားတွေဟာ တောတွေတောင်တွေထဲမှာ နေခဲ့ရတဲ့သူတွေ ဖြစ် တယ်။ အစဉ်အဆက် ဘာမှ အထောက်ထားမရှိဘူး။ ဘိုးဘွား ဘီဘင်တွေလည်း မှတ်ပုံတင်မရှိဘူး။ ကျမ ဒေသဆို ကရင် တွေ တအားများပါတယ်။ ကရင်လူမျိုးတွေဆို အရင်တုန်းက Insurgent ဧရိယာထဲမှာ နေခဲ့ရတဲ့သူတွေ ဖြစ်တော့ မှတ်ပုံ တင်သွားလုပ်ဖို့ ရုံးပြင်ကန္နား သွားဖို့တောင် အဖိုးမှတ်ပုံတင် အဖေမှတ်ပုံတင်ရှိလား ဆိုရင် သူတို့မှာ ဖြေစရာစကား မရှိပါ ဘူး။
ဒီလို လူမျိုးစုတွေ အတွက် လွှတ်တော်မှာ မေးခွန်းမေးတဲ့အခါ သူတို့ကို အခု ခြွင်းချက်ထားပြီး လုပ်ပေးနေပါတယ်။ ကျမရဲ့ မဲဆန္ဒနယ်မှာ တိုင်းရင်းသားတွေ အများဆုံးရှိတဲ့ နေရာမှာ မှတ်ပုံတင်ကို ကွင်းဆင်းပြီး လုပ်တဲ့နေရာမှာ ဒါမျိုးတွေ မလို တော့ဘဲ ဖြေလျှော့မှုတွေနဲ့ ဆောင်ရွက်ပေးနေပါတယ်။ ဒါ ကျမ လုပ်ခဲ့ရတဲ့အထဲက ဝမ်းသာရတဲ့ ကျေနပ်ရတဲ့ ပေါ်လစီ တခုကို ချမှတ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုး မေးခွန်းလေးတွေက ကျမ ဘဝမှာ အောင်မြင်မှုပဲ ဖြစ်ပါတယ်။
မေး ။ ။ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြား ဆက်ဆံခံရတာမျိုးရော ရှိပါသလား။ ကြုံခဲ့ဖူးပါသလား။
ဖြေ ။ ။ လွှတ်တော် ကိုယ်စားလှယ် စဖြစ်ချိန်မှာ သီချင်းထဲကလိုဆို တစိမ်းတွေရဲ့ အလယ်မှာ ရောက်သွားတဲ့ ကြောင် တောင်တောင်လေးလိုပေါ့။ ဟိုလူကလည်း နေရာမပေးချင်။ ဒီလူကလည်း နေရာမပေးချင်။ အမျိုးသား ကိုယ်စားလှယ်နဲ့ ယှဉ်လိုက်ရင် ဦးဘယ်သူ ထိုင်ပါဆို ကိုယ်ကပဲ မတ်တပ်ကြီး ရပ်နေရမယ့် အပေါက်မျိုးတွေ အများကြီး အချိုးခံရဖူးပါတယ်။ ကိုယ်ပြောရင် ဂရုမစိုက်သလို ပုံစံမျိုးနဲ့ အများကြီး ဆက်ဆံခံရဖူးပါတယ်။
ကျမ ပရိုတိုကောနဲ့ ပတ်သက်လာရင် သည်းမခံပါဘူး။ ကျမ ထိုင်ရမယ့် ထိုင်ခုံ နောက်ရွှေ့လို့ မရပါဘူး။ ကျမ ထိုင်ခုံ ထိုင် ချင်လို့ မဟုတ်ဘူး။ ကျမရဲ့ position (နေရာ) ကို အလေးမထားတဲ့ အတွက်ကြောင့်ပါ။ ကျမ position က ဒုတိယ နေရာ မှာရှိရင် ဒုတိယ ခုံပေးပါ။ ပထမနေရာမှာ ရှိနေရင် ပထမခုံပေးပါ။ အဲဒီလိုမဟုတ်ဘဲ ကျမနဲ့ လာတဲ့ ဒုတိယလူကို ယောကျ်ားလေးမို့ ကျမထိုင်ရမယ့် ပထမခုံကို သွားမပေးပါနဲ့။ အဲဒါမျိုး ကျမ သည်းခံမှာ မဟုတ်ပါဘူး။ အဲဒါ ကျမထားတဲ့ ရပ်တည်ချက်နဲ့ ပရိုတိုကော ဖြစ်ပါတယ်။ ဒါမျိုးတွေ အများကြီး ကြုံခဲ့ရပါတယ်။ ပညာသားပါပါ ဖြေရှင်းကျော်လွှားခဲ့ရ ပါတယ်။
မေး။ ။ တခြား ဌာနဆိုင်ရာတွေ အာဏာပိုင်တွေနဲ့ လုပ်ကိုင်ရတဲ့အခါမှာရော ဘယ်လို အခက်အခဲတွေ ကြုံတွေ့ ရပါသလဲ။
ဖြေ။ ။ မြို့နယ် ထွေအုပ်တွေနဲ့ ဆက်ဆံတဲ့နေရာမှာ အမျိုးသမီး ကိုယ်စားလှယ်တွေက တော်တော်လေးကို အခက်အခဲ တွေ ကြုံရပါတယ်။ ဒါက အားလုံးကို ခြုံပြီး ပြောတာပါ။ ကျမ တယောက်တည်း မဟုတ်ပါဘူး။ ကျန်တဲ့ လွှတ်တောကိုယ် စားလှယ် အမျိုးသမီးတွေလည်း ကြုံရပါတယ်။ ပြောရင် ရှေ့မှာ ဟုတ်ကဲ့။ နောက်မှာ လုပ်ချင်တာ လုပ်တာတွေ တပုံကြီး ကြုံရပါတယ်။ ဒါမျိုးကို တော်တော်လေးကို သည်းခံပြီး Emotion control ဆိုတာ အဲဒီမှာ အရမ်း အရေးကြီး ပါတယ်။
အပြင်မှာ ကျမဟာ တခြား သာမန် မိန်းမတယောက်ဆို ရန်ဖြစ်မိမှာပါ ဒီထွေအုပ်ကို။ ဒါပေမယ့် စကားပြောတဲ့နေရာမှာ စကားလုံးကအစ ကိုယ့်ရဲ့လက်ရှိ ရပ်တည်မှုကို မထိခိုက်သွားအောင် တော်တော်လေး ထိန်းထိန်းသိမ်းသိမ်းနဲ့ ပါးပါးနပ်နပ် ကိုင်တွယ်ရတဲ့ဟာတွေ အများကြီးရှိပါတယ်။
ဒုတိယ ကျမ ကြုံတွေ့ခဲ့ရတာက ရဲတွေဖြစ်ပါတယ်။ အဓိကတော့ နယ်ထိန်း incharge တွေ အမှုစစ်တွေ ဘယ်လောက် ပြောပြော ပြောတဲ့သူ အမြှုပ်ထွက်ပြီး သေရင်သေသွားမယ်။ လုပ်ချင်မှ လုပ်တာ။ ကျမတို့က သူတို့ကို ခိုင်းစေနေတာ အမိန့်ပေးနေတာ မဟုတ်ဘူး။ ဖြစ်သင့်ဖြစ်ထိုက်တာကို လွှတ်တော် ကိုယ်စားလှယ် တယောက်ကနေ ပြောနေတာ။
ရွှေစာရံဘုရားရှေ့မှာ လိုင်စင်မဲ့ကားတွေ အများကြီး ဖမ်းပေးပါ။ ဒီလောက် တန်းစီပြီး လူခေါ် လုပ်နေတာမျိုးတွေ အဆင် မပြေဘူးဆိုတော့ ဟုတ်ကဲ့ ဒေါ်ခိုင်ခိုင်လဲ့။ ဟုတ်ကဲ့ကတော့ ဟုတ်ကဲ့တာပဲ။ ဒါပေမယ့် တရက် နှစ်ရက်လောက်ပဲ။ နောက်ရက်တွေကျရင် ဒုံးရင်းက ဒုံရင်းပဲ။ ကျမပြောမှ လုပ်ရမယ့် အလုပ်မဟုတ်ဘူး။ ဒါသည် သူတို့ ဂျူတီဖြစ်တယ် ထမ်း ဆောင်ရမယ်။ သူတို့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရမယ်။ ကျမ ပြောနေစရာကို မလိုဘူး။ ဒါမျိုးတွေ အများကြီး ကြုံရ ပါတယ်။
နောက်တခုက စည်ပင်သာယာ ဖြစ်ပါတယ်။ ပြည်သူနဲ့ ကျမတို့ကို ရန်တိုက်ပေးပါတယ်။ စည်းမရှိကမ်းမရှိ ဈေးသည်တွေ မြောင်းထဲကို အမှိုက်ပစ်တာတွေ မြောင်းကို ကျော်ပြီး ဆိုင်ခန်းဆောက်ထားတာတွေ။ ကျမတို့က လွှတ်တော်မှာ မေးခွန်း တွေ မေးတယ်။ သို့သော် စည်ပင်က ကိုယ်စားလှယ်ခိုင်းလို့ လုပ်ရတာပါဆိုတော့ ဘယ်သူ့ကိုမုန်းလဲ။ အဲဒါ ကိုယ်စားလှယ် အလုပ်လား။ သူတို့ လုပ်ကိုလုပ်နေရမယ့် အလုပ်လား။
ကျမ ပြောတာက အဲဒီ ယန္တရားတွေ ဖြစ်ပါတယ်။ အမျိုးသမီး ကိုယ်စားလှယ်ကို ပိုတောင် ဂရုမစိုက်သေးတယ်။ ရှေ့မှာ တော့ ဟုတ်ကဲ့ လုပ်လိုက်မယ်။ တရက်နှစ်ရက်ထက် မပိုပါဘူး။ ဒါမျိုးတွေ အများကြီး ကြုံတွေ့ ဖြတ်သန်းခဲ့ရပါတယ်။ အခုအချိန်ထိပဲ ဆိုပါတော့။

မေး။ ။ ငြိမ်းချမ်းရေး အပါအဝင် နိုင်ငံရဲ့ အခန်းကဏ္ဍအသီးသီးရဲ့ ဦးဆောင်မှု နေရာမှာ ပါဝင်ဖို့ အမျိုးသားဖြစ်ခြင်း အမျိုးသမီးဖြစ်ခြင်း အပေါ် မူတည်ပါသလား။
ဖြေ။ ။ အမျိုးသားဖြစ်ခြင်း အမျိုးသမီးဖြစ်ခြင်း အပေါ် မူတည်တယ်လို့ မထင်ပါဘူး။ ဒါပေမယ့် တန်းတူရည်တူ အခွင့်အရေး ရှိဖို့ လိုအပ်ပါတယ်။ ကျမတို့က အခု တန်းတူရည်တူ အခွင့်အရေး မရှိလို့ တောင်းနေတာ။ ပြည်ထောင်စု တရားလွှတ် တော်မှာ တရားသူကြီးနေရာမှာ အမျိုးသမီး ရှိလား။ စစ်ရေးအမြင်တွေ မပြောဘူး။ လက်နက်ကိုင် အဖွဲ့စည်းထဲမှာ မပြောဘူး။ ပြည်ထောင်စု အဆင့်မှာ အမျိုးသမီး ပြည်ထောင်စုဝန်ကြီး ရှိလား။ မရှိဘူး။
ဂျပန်နိုင်ငံလို ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ဖို့ တောင်းဆိုနေတာ မဟုတ်ဘူး။ ကျမတို့ လိုချင်တာက တန်းတူအခွင့်အရေး ပြောတာပါ။ ဘာဖြစ်လို့ အမျိုးသမီး တရားသူကြီးတွေ မပေးရတာလဲ။ Supreme level မှာ အရည်ချင်း မရှိကြလို့လား မေးခွန်း ထုတ်စရာ ဖြစ်လာတယ်။ Decision making လုပ်ရတယ်လေ။ လူတွေရဲ့ အသက်တွေ ဘဝတွေ။ ဘာဖြစ်လို့လဲ။ ဘာအကြောင်းရင်း ခံနေလို့လဲ။ ဘာလို့ Supreme Judge တွေနေရာမှာ ယောက်ျားတွေ ချည်းပဲ ဖြစ်နေတာလဲ။ ရှေ့နေ ချုပ်က ဘာလို့ အမျိုးသား အမြဲတမ်း ဖြစ်နေရတာလဲ။
ယောကျ်ား မိန်းမ မခွဲဘဲ စွမ်းရည်ပြည့်နေတယ်။ ကိုယ်ပိုင် အရည်အချင်း ရှိနေတဲ့ မိန်းမတွေကို နေရာ ပေးကိုပေးသင့် တယ်လို့ မြင်တယ်။ ဒါမျိုးကို လိုချင်နေတာ။ ဟုတ်ဟုတ် မဟုတ်ဟုတ် ငါတို့အတွက် ထိုင်ခုံ ဘယ်နှစ်လုံး ချန်ထားပါမျိုး မဟုတ်ဘူး။ ငါတို့နဲ့ ထိုက်တန်တဲ့ ထိုင်ခုံ ငါတို့ကိုပေးပါ ဒါပဲ။ အဲဒီအတွက် ယောကျ်ား မိန်းမ မလိုဘူး။ ပြည်ထောင်စု အဆင့်မှာ အမျိုးသမီးဝန်ကြီးတွေ ဖြစ်လာစေချင်တယ်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ရှိနေလို့ လုံလောက်နေပြီလို့ မြင်နေကြတာလား။ မဟုတ်ဘူးလေ။ နိုင်ငံတော်အတိုင်ပင်ခံက အမျိုးသမီး မှန်တယ်။ နိုင်ငံကို ဦးဆောင်နေတာ။ သို့သော် ကျန်တဲ့ ပြည်ထောင်စု အဆင့်မှာလည်း အရည်အချင်းရှိတဲ့ အမျိုးသမီးတွေကိုတော့ နေရာပေးစေချင်ပါတယ်။
စားပွဲဝိုင်းတွေ ဆွေးနွေးတဲ့နေရာမှာ ကျမတို့ကို ဇာတ်ပို့ဇာတ်ရံလို သဘောမထားဘဲနဲ့ main character (အဓိကဇာတ် ဆောင်) လို နေရာမျိုးတွေ ပေးပါ။ ကျမတို့ကို ဇာတ်ပို့ဇာတ်ရံလိုမျိုး လက်ဖက်ရည်ချတာ၊ အစည်းအဝေးပွဲ အခမ်းအနား ပြင်တာ၊ အနောက်က မှတ်တမ်းလိုက်တာမျိုးတွေ မဟုတ်ဘူး။ ကျမတို့က main character နေရာမျိုးမှာ နေချင်ပါတယ်။ နေလို့သင့်တော်တဲ့ ထိုက်တန်တဲ့သူတွေလည်း အများကြီး ရှိပါတယ်။
အဲဒီလိုလူတွေကို ရွေးချယ်စေချင်ပါတယ်။ အဲဒီလို အမျိုးသမီးတွေကို နေရာပေးပါလို့ တောင်းဆိုချင်တာ။ အဲဒီလို အမျိုး သမီးတွေ အရမ်း ဖယ်ကြဉ်ခံနေရတာ ရှိပါတယ်။ အရည်အချင်းနဲ့ ပြည့်မီရင် ဒီထိုင်ခုံနဲ့ ထိုက်တန်တယ်ဆိုရင်တော့ ပေးထိုင်သင့်ပါတယ်။
မေး။ ။ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် တဦးအနေနဲ့ရော အမျိုးသမီးအရေး ဆောင်ရွက်နေသူ တဦးအနေနဲ့ ဘာများ ဖြည့်စွက် ပြောချင်ပါသေးလဲ။
ဖြေ။ ။ မိန်းမတယောက် ခေါင်းဆောင်နေရာ ရောက်ချင်တယ်ဆိုရင်တော့ အားလုံးကို စွန့်လွှတ်ရမယ်။ အားလုံးကို ခံနိုင် ရည် ရှိရမယ်။ ကိုယ့်ကို ဘယ်သူက လာဖြည့်ပေးပါဆိုပြီး သွားပြီး ငိုပြနေလို့ မရပါဘူး။ လူတိုင်းမှာ အခက်အခဲ အများကြီး ရှိတယ်။ ဆင်လည်းဆင်အထွာ ဆိတ်လည်းဆိတ်အထွာနဲ့ အများကြီး ရှိပါတယ်။ ဒါတွေ အားလုံးကို ကျော်လွှားနိုင်ဖို့ဆိုတာ စိတ်ဓာတ်တခုပဲ လိုတာပါ။
မိန်းမဖြစ်ဖြစ် ယောကျ်ားဖြစ်ဖြစ် လူဟာ လူပါပဲ။ မိန်းမတွေက နွဲ့ချင်နေတာလား အဲဒါဆိုနောက်ဖေးမှာပဲနေ။ နွဲ့တဲ့နေရာမှာပဲ ဆက်နေပါ။ သန်မာချင်တာလား နှစ်ဆ ပိုပြီး သန်မာလိုက်ပါ။ သန်မာချင်တယ်ဆို ဘယ်သူ့အကူညီမှ မလိုပါဘူး။ သန်မာ ကြည့်လိုက်ပါ။ အဲဒါဆို လိုရာခရီးကို ရောက်သွားပါလိမ့်မယ်။
သန်မာတဲ့သူရဲ့ နောက်မှာ ထောက်ခံပေးမယ့်သူတွေလည်း သူ့ဘာသာ အလိုလို ရပ်လာလိ့မ်မယ်။ ပျော့ညံ့တဲ့သူကို ဘယ် သူမှ မထောက်ခံပေးပါဘူး။ လူတယောက်က သူ့ကိုယ်သူ ယုံကြည်ချက် ရှိတယ်ဆိုမှ ဘေးကသူတွေက ဝန်းရံလာတာ။ ကိုယ်တိုင်တောင်မှ ပျော့ပလဲပြီး ခွေနေပြီးတော့ ဟိုလူလာပါဦး ဒီလူ ကယ်ပါဦး ဆိုရင် အဲဒီလူနားမှာ ဘယ်သူမှ လာမှာ မဟုတ်ပါဘူး။ ခေါင်းဆောင်ဖြစ်တယ် ဆိုတာ လူအားလုံး ယုံကြည်ကိုးစားလို့ ခေါင်းဆောင် ဖြစ်လာတာပါ။
လူမယုံတဲ့သူ ခေါင်းဆောင် မဖြစ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိရင် ခေါင်းဆောင် မဖြစ်နိုင်ပါဘူး။ မလုပ်နိုင်ဘူး လား။ အိုကေ ထွက်သွားလိုက် စွန့်လွှတ်လိုက်။ ဘယ်သူမှ ဒုက္ခမပေးနဲ့။ ကိုယ်လုပ်နိုင်သေးလား အံကြိတ်ပြီးလုပ်။ ကိုယ် ဘယ်လောက်ထိ လုပ်နိုင်မလဲ။ အဲဒါ ကိုယ့်ရဲ့ သမိုင်းလို့ပဲ မြင်ပါတယ်။
ဒါကြောင့် ကျမ အမျိုးသမီးအရေး လုပ်တယ်ဆိုတဲ့နေရာမှာ တခြားသူတွေနဲ့ မတူတဲ့ position (အနေအထား)နဲ့ လုပ်ပါ တယ်။ အဲဒါက ကျမ encourage (တိုက်တွန်းအားပေး) ပေးတဲ့ ပုံစံမျိုးနဲ့ပဲ သွားပါတယ်။ အမျိုးသမီးတွေရဲ့ အဓိက လိုအပ် နေတဲ့ အချက်က encourage ပါ။ သူတိုရဲ့ စိတ် motivation (စိတ်တက်ကြွမှု) ဖြစ်လာဖို့ encourage လုပ်မှရတာပါ။ ဘေးကနေ ဘာမှ ပံ့ပိုးပေးလို့မရဘူး။ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှပဲ ရမယ်။ အဲဒီအတွက် ဘယ်လောက် သန်မာရမလဲ ဆို တာကိုပဲ ပြောလို့ရမှာပါ။ ကျမတို့ သန်မာမှ ရမယ်။ မသန်မာလို့ကတော့ ဘဝမှာ သူများက နေရာတွန်းချပြီးတော့ ဦးသွား မှာပါပဲ။
You may also like these stories:
စစ်ရှောင်စခန်းမှာ ဘဝကို မြှုပ်နှံထားတဲ့ ကျန်းမာရေးဆရာမ
အိမ်ဖြည့်ရုံ မဖြစ်စေချင်တဲ့ အမျိုးသမီးများ ဦးဆောင်မှု ကဏ္ဍ
ရှေးရိုးစွဲ အစဉ်အလာများက အမျိုးသမီးတွေကို ချုပ်နှောင်ထားသလား
လုပ်ငန်းခွင်တွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများ တိုင်ကြားနိုင်ပြီ