နာဂ လူမျိုးများသည် မြန်မာနိုင်ငံတွင် သီးသန့် ပါတီအနေဖြင့် တည်ထောင်မှု မရှိခဲ့သည့်အတွက် နာဂ လူမျိုးများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး စသည့် ရပိုင်ခွင့် အခြေအနေများကို လွှတ်တော်အတွင်း ထဲထဲ ဝင်ဝင် မဆွေးနွေး မတင်ပြနိုင်ဘဲ ဖြစ်နေသည်။
နာဂလူမျိုး တချို့ကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) တွင် ပါတီဝင်များ အဖြစ် ရပ်တည်၍ မြန်မာ့နိုင်ငံရေး၌ ပါဝင်ဆောင်ရွက်နေကြသလို လက်ရှိ အစိုးရ လက်ထက် တွင်လည်း လွှတ်တော်အတွင်း လွှတ်တော်အမတ်များအဖြစ် တည်ရှိနေကြပါသည်။
သို့သော် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်က နာဂ အမျိုးသား ပါတီ (NNP) ကို နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံ တင်ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။
ထိုသို့ NNP သည် တရားဝင် နိုင်ငံရေးပါတီ အဖြစ် ရပ်တည်ခွင့် ရရှိခဲ့ခြင်းကြောင့် မြန်မာ့ နိုင်ငံရေး လောကတွင် နာဂ ပါတီ တခု ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် နာဂ အမျိုးသား ပါတီ (NNP) ဥက္ကဋ္ဌ ကိုရူမောင်အား ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက ဆက်သွယ်၍ မေးမြန်းထားပါသည်။
မေး။ ။ အစ်ကိုအနေနဲ့ နာဂအမျိုးသား ပါတီကို ထူထောင်လိုက်တယ်လို့ သိရတယ်၊ ပါတီထောင်ဖို့ အတွက် ဘယ်လို အကြောင်းအရာတွေက တွန်းအား ဖြစ်စေခဲ့တာလဲ။
ဖြေ။ ။ အဲဒါကတော့ ရှင်းပါတယ်၊ ကျနော်တို့က လူမျိုး တမျိုးဖြစ်တယ်၊ ကျနော်တို့မှာ နာဂဒေသဆိုပြီးတော့ အထင် ကရ ရှိတယ်၊ အခုမြန်မာနိုင်ငံမှာ နိုင်ငံရေး အခင်းအကျင်းတခုကို ဖန်တီး ပုံဖော်နေတယ်၊ အဲဒါက ၁၀ နှစ်လည်း ကြာ ရင် ကြာမယ်၊ နှစ် ၂၀ လည်း ကြာရင်ကြာမယ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ အစည်းအဝေးက ဘယ်အချိန်ထိ သွားမလဲ ကျနော်တို့ မပြောတတ်ဘူး။
နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ – ကပ္ပလန် (NSCN-K) အနေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ် (NCA) လက်မှတ်ထိုးပြီးပြီ ဖြစ်စေ၊ မထိုးရသေးသည် ဖြစ်စေ၊ ငြိမ်းချမ်းရေးကိစ္စက ဆက်ပြီး တော့ ရှိနေမှာ ဖြစ်တဲ့အတွက်ကြောင့်မလို့ အဲဒါကို ဆက်စပ်လွှမ်းခြုံပြီးတော့ လူမျိုးစုတခုကို ကိုယ်စားပြုပြီးတော့ ကျနော်တို့က နိုင်ငံတည်ဆောက်တဲ့အခါမှာ ကျနော်တို့ ပါဝင်နိုင်ဖို့ဆိုတဲ့အခါမှာ ကျနော်တို့ကိုယ်တိုင် ကိုယ့် ခြေထောက် ပေါ် ကိုယ်ရပ်ပြီး ကိုယ့်ရဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ပြောဆိုနိုင်ဖို့အတွက် ဖြစ်ပါတယ်။
ဒီတိုင်းပြည်ကို ဒီမိုကရေစီကိုအခြေပြုတဲ့ ဖက်ဒရယ်အဖြစ် သွားမယ်ဆိုတော့ ခုနပြောတဲ့ လူမျိုးစု ရပ်တည်ခွင့်၊ ရပိုင် ခွင့် အတွက် ပြောနိုင်ရေးအတွက် ဖွဲ့စည်းဖို့ ဖြစ်လာတာပါ။ ကုန်ကုန်ပြောရရင် ကျနော်တို့ မှတ်ပုံတင်မှာတောင်မှ လူ နာမည်ပြီးရင် ဘာလူမျိုးလဲဆိုတာ ပါသေးတယ်၊ အဲဒါပြီးရင် ဘယ် ဘာသာ ကိုးကွယ်တယ်ဆိုတာတောင် ရေးထားတဲ့ တိုင်းပြည် ဖြစ်တဲ့အတွက်ကြောင့် ကိုယ်ဘယ်လူမျိုးကို ကိုယ်စားပြုတယ်၊ မပြုဘူးဆိုတဲ့ အရာကလည်း အဲဒီလူမျိုးကို ကိုယ်စားပြုတယ်ဆိုပြီးတော့ သူ့အစား ကိုယ်က ရပ်တည်ပေးလို့ မရတဲ့ အခြေအနေမျိုး တခုလည်း ကျနော်တို့က မဖြစ် စေချင်တာပါ။ အဲဒါကြောင့် ကျနော်တို့က လူမျိုးတခုရဲ့ ရပ်တည်မှု အတိုင်းအတာမှာ ပြည်ထောင်စုရဲ့ ပြန်လည် တည်ဆောက်ရေးကာလမှာ ကျနော်တို့က အဲဒီလို ရပ်တည်နိုင်ဖို့ဆိုတဲ့ အချက်နဲ့ အဓိကတော့ အဲဒီတွန်းအားပါပဲ။
မေး။ ။ နာဂ အမျိုးသား ပါတီ (NNP) ထူထောင်ဖို့ ဘယ်အချိန်လောက်က ကြိုးပမ်းနေတာလဲ၊ ဘယ်အချိန်မှာ မှတ်ပုံ တင် ခဲ့တာလဲ။
ဖြေ။ ။ ကျနော်တို့ နာဂအမျိုးသားပါတီ ဖွဲ့စည်းနိုင်ဖို့အတွက် လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက ကျနော်တို့ လှုပ်ရှား နေတာပေါ့။ ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကနေ ကျနော်တို့ နာဂဒေသ အပါအဝင် ကချင်ပြည်နယ်ရောပေါ့လေ။ အဲဒီ ဒေသတွေ သွားပြီးတော့ လူထုနဲ့တွေ့ဆုံ ဆွေးနွေးပြီးတော့ နာဂအမျိုးသား ကိုယ်စားပြုအနေနဲ့ နာဂ အမျိုးသား ပါတီ တရပ်ကို ဖွဲ့စည်းသင့် မဖွဲ့စည်းသင့်၊ ဖွဲ့စည်းမယ်ဆိုလည်း ဘယ်လို ဖွဲ့စည်းမယ်၊ ဘယ်လိုပုံစံနဲ့ ကျနော်တို့ သွား မယ် ဆိုတဲ့ပုံစံတွေကို ကျနော်တို့ နာဂလူမျိုးတွေနေတဲ့ နယ်မြေတွေက ခေါင်းဆောင် အသီးသီးနဲ့တွေ့ဆုံ ဆွေးနွေးခဲ့ ကြတယ်။
အဲဒီနောက်မှာ ကျနော်တို့ လူထုအစည်းအဝေးကြီး ခေါ်လိုက်တယ်၊ ခေါ်ပြီးတော့ အဲဒီမှာ ကျနော်တို့ အကျေအလည် ပြန် ဆွေးနွေးကြတဲ့အခါမှာ ရလဒ်အနေနဲ့ကတော့ ဒါကောင်းတယ်၊ နာဂ အမျိုးသားပါတီ ဆိုတာကတော့ လက်ရှိ ဖြစ်ပေါ် နေတဲ့ မြန်မာ့နိုင်ငံရေး လမ်းစဉ်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ နိုင်ငံတည်ထောင်ရေး၊ နောက်ပြီးတော့ အခု ပင်လုံ ငြိမ်းချမ်းရေး၊ ဒီကိစ္စတွေနဲ့ ဆက်စပ်လာရင် ကျနော်တို့ နာဂလူမျိုးဆိုတဲ့ဟာက နယ်မြေ ဒေသအားဖြင့် လည်းကောင်း၊ ယဉ်ကျေးမှု အားဖြင့် လည်းကောင်း အထင်ကရ ရှိထားတဲ့အတွက် ကိုယ့်ရဲ့လူမျိုးစု ကိုယ့်ရဲ့ ဒေသ အတွက် ရပ်တည် လုပ်ကိုင်ပေးမယ့် ပါတီတရပ်တော့ လိုတယ်ဆိုတဲ့ သဘောတူ ညီညွတ်စွာဖြင့် အဲဒီလိုနဲ့ ကျနော်တို့ ပါတီထောင်ဖို့ ဖြစ်လာ တယ်။
အဲဒီလိုတွေ ဆက်စပ်လာတော့ ကျနော်တို့ နာဂ အမျိုးသားပါတီ ထူထောင်ဖို့ ၂၀၁၉ ခုနှစ် နာဂ နှစ်သစ်ကူးပွဲပြီးတဲ့ နောက်ပိုင်း ဖေဖော်ဝါရီလဆန်းလောက်မှာ ကျနော်တို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးကို တည်ထောင် ခွင့် ပြုဖို့ စာတင်လိုက်တယ်။ အဲဒါနဲ့ စက်တင်ဘာလထဲမှာ ပါတီတည်ထောင်ခွင့် ပြုသည်ဆိုတဲ့ စာရတယ်။ ပါတီ တည်ထောင် ခွင့် ရပြီးတဲ့နောက်မှာ ကျနော်တို့ရဲ့ မူဝါဒတွေ လုပ်ငန်းစဉ်တွေကို ကျနော်တို့ ကော်မရှင်မှာ ပြန်တင်ပြီးတော့ ပါတီ မှတ်ပုံ တင်ခွင့် ပြန်လျှောက်တယ်၊ စက်တင်ဘာလ ၂၇ ရက်က မှတ်ပုံတင်လည်း ကျပြီးတော့ အခုတော့ တရားဝင် ပါတီဖြစ်သွား တာပေါ့လေ။
မေး။ ။ အခု NNP ပါတီထဲမှာ ဘယ်လို ပုဂ္ဂိုလ်တွေ ပါလဲ၊ လွှတ်တော်ထဲ ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က နာဂလူမျိုး လွှတ်တော်အမတ်တွေရော ပါလား၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ပါတီဝင် တွေရော ပါသလား၊ ဘယ်ဒေသက ပုဂ္ဂိုလ်တွေ ပါကြလဲ။
ဖြေ။ ။ အဲဒီမှာ ၂ မျိုးရှိပါမယ်၊ တခုက တခြားပါတီတွေမှာ ဝင်ထားတဲ့ လူတွေကလည်း တချို့တွေ နုတ်ထွက်ပြီးတော့ ကျနော်တို့ဆီ ဝင်လာတာတွေ ရှိပါတယ်။ ပြည်ခိုင်ဖြိုးထဲက သော်လည်းကောင်း၊ NLD ထဲက သော်လည်းကောင်း နုတ် ထွက်ပြီး ကျနော်တို့ နာဂ အမျိုးသား ပါတီထဲကို ဝင်လာနေတာ ရှိတယ်၊ နောက်လည်း ဝင်လာမယ့် လူတွေက အများ ကြီး ရှိပါတယ်၊ အဲဒါ တခုရှိတယ်။
တခြားပါတီမှာ ရောက်နေတဲ့ နာဂလူမျိုးတွေထဲက တချို့လူတွေက ချက်ချင်း လက်ငင်း ဟိုဘက်ကနေ နုတ်ထွက်ပြီး တော့ ဒီဘက်ကို ကူးပြောင်းလာဖို့ဆိုတဲ့ အခြေအနေတခုမှာ အခက်အခဲရှိမှာပါ။ အခက်အခဲ ရှိတယ်ဆိုတာထက် ထောက်ထား ငဲ့ညာရမယ့် အကြောင်းအရင်းတွေလည်း အများကြီး ရှိနိုင်တယ်။
နောက် သူတို့ တာဝန်ယူမှု တာဝန်ခံမှုအရ လက်ရှိ မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေလည်းရှိမှာ ဖြစ်တဲ့အတွက်ကြောင့် သူတို့ အနေနဲ့ ချက်ချင်းကြီး သူတို့ ဝင်လာစရာတော့ မရှိဘူး၊ ဒါပေမယ့် အများစု အခု တဖြည်းဖြည်းနဲ့ ဝင်လာနေတဲ့ ဟာတွေတော့ ရှိပါတယ်။ တချို့ တာဝန် ဝတ္တရားတွေ ထမ်းဆောင်နေတဲ့ လူတွေကတော့ လက်ရှိ ရှိရင်းစွဲ ပါတီတွေ ထဲမှာ ပြည်ခိုင်ဖြိုး ဆိုလည်း ပြည်ခိုင်ဖြိုး၊ NLD ဆိုလည်း NLD ရှိကြပါမယ်ဗျ။
လွှတ်တော် အမတ်တွေ အနေနဲ့ကတော့ လက်ရှိ အာဏာရပါတီထဲက ဖြစ်နေတယ်၊ သူတို့ ကိုယ်တိုင်လည်း အမတ် ဖြစ်နေတဲ့ အခါကျတော့ လောလောဆယ်တော့ သူတို့ ရှိရင်းစွဲ သူတို့ပါတီထဲမှာတော့ ရှိဦးမှာပါဗျ။ နောက်တချိန်မှာတော့ ဒီ နာဂအမျိုးသားပါတီမှာ စုစည်းနိုင်မလားဆိုတဲ့ မျှော်လင့်ချက်တော့ ကျနော်တို့ ရှိပါတယ်။
မေး။ ။ နာဂ အမျိုးသားပါတီရဲ့ မူဝါဒက ဘာတွေလဲ။
ဖြေ။ ။ မူဝါဒလို့ ပြောတဲ့ နေရာမှာ အများကြီးပဲ၊ စီးပွားရေး၊ နိုင်ငံရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အဲဒါတွေ ရှိတာပေါ့။ မူဝါဒဆိုတာထက် သူရဲ့ ရည်ရွယ်ချက်လို့ ပြောရမလား၊ အဲဒီမှာ အဓိက ဘာလဲဆိုတော့ အခု ကျနော်တို့ နိုင်ငံက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံလို့ ပြောတဲ့ အနေအထားတခုမှာ ကျနော် ဘာပြောချင်လဲဆိုတော့ မတူ ကွဲပြားတဲ့ လူမျိုးတွေနဲ့ စုစည်းထားတဲ့ လူ့ဘောင်တခုကို ကျနော်တို့က တည်ဆောက်ကြတာ ဖြစ်တယ်။
အဲဒီဟာမှာ လူမျိုးဖြစ်ချင်းနဲ့ နယ်မြေဒေသ အပိုင်းအခြား ဆိုတာကလည်း အရေးကြီးလာတယ်၊ ကိုယ်ပိုင် ယဉ်းကျေမှု ခေါ်မှာပေါ့ဗျာ။ အဲဒါတွေ ပါလာပြီ။ အဲဒါတွေကို ကျနော်တို့နိုင်ငံရဲ့ ဖက်ဒရယ်မူဝါဒမှာ လည်းကောင်း၊ ဒီမိုကရက်တစ် လူ့ အဖွဲ့အစည်းမှာ လည်းကောင်း၊ ကျနော်တို့ မတူညီမှုက ကျနော်တို့ နယ်မြေ အပိုင်းအခြားအားဖြင့် လည်းကောင်း ကျနော်တို့ရဲ့ ဖြစ်တည်မှုက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုတဲ့ ဖွဲ့စည်းတည်ဆောက်မှုရဲ့ အခြေခံကျတဲ့ဟာ တွေ ဖြစ်တယ်ဗျ။ အဲဒီလို ဖြစ်တဲ့အခါကျတော့ ဒီဟာကို ကျနော်တို့က ကိုယ်စားပြုမှုဆိုတဲ့ဟာက ရှိဖို့ လိုလာတယ်။
ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီဟာ အများသဘောအရ လုပ်ရတာဖြစ်တဲ့အတွက် အများသဘောဆိုတာက ကိုယ် စား ပြုတဲ့လူတွေရဲ့ သဘောထား ရပ်တည်ချက်တွေက အရေးကြီးလာတယ်၊ ဘာကြောင့်လဲဆိုရင် အခု အများ သဘော တော့ ဟုတ်တယ်၊ သက်ဆိုင်ရာ နယ်မြေ ဒေသခံတွေရဲ့ သဘောမဟုတ်ဘဲနဲ့ တခြားလူကလာပြီး ကိုယ်စား ပြု ပြောဆိုနေတဲ့ အခြေအနေမှာကျတော့ နယ်မြေဒေသ လူမျိုးစု အလိုက်လည်းကောင်း အဲဒီမှာ မေးခွန်းထုတ်စရာ ဖြစ်လာတော့ ကျနော်တို့ဖြစ်စေချင်တဲ့ ပြည်ထောင်စုတခုရဲ့ အရွေ့တခုကိုသွားဖို့ကျတော့ ကျနော်တို့က ထိရောက်တဲ့ အောင်မြင်မှု အနေအထားမျိုး ဖြစ်ဖို့အတွက် အခက်အခဲ ဖြစ်မလားဆိုပြီးတော့ အတွေးအမြင် ရှိလာတာပေါ့ဗျာ။
အဲဒါနဲ့ ကျနော်တို့က ကိုယ့်လူမျိုးနဲ့ ကိုယ့်ဒေသရဲ့ လိုအပ်ချက်တွေကို တချိန်တည်းမှာပဲ ပြည်ထောင်စုနဲ့ဆိုင်တဲ့ အားလုံး အများနဲ့ဆိုင်တဲ့ နိုင်ငံတော် တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းမှာလည်း ကျနော်တို့က ကိုယ်ဘာလူမျိုးကို ရပ်တည် ပြောဆိုမလဲဆိုတဲ့ အဲဒီရူထောင့် ၂ မျိုးကို လုပ်ကိုင်နိုင်အောင်ဆိုတဲ့ သဘောပါပဲဗျ။
အဲဒီမှာ ကျနော်တို့က နာဂပါတီဆိုတဲ့ နာဂလူမျိုးတွေနဲ့ နာဂနယ်မြေမှာ နေထိုင်ကြမယ့် နာဂလူမျိုးတွေအားလုံး အသီးသီးကို ကျနော်တို့က လွှမ်းခြုံပြီး ကိုယ်စားပြုနိုင်တယ်၊ ပြောဆိုစရာတွေကို ရပ်တည် ပြောဆိုမှုတွေလည်း ရှိပါ တယ်။ အဲဒီလိုမျိုး အပေါ်မှာ ကျနော်တို့က အပြည့်အဝ ရပ်တည် ပြောဆိုနိုင်ဖို့ပါ။
မေး။ ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်နိုင်မယ့် အခြေအနေရှိလား၊ ဒါမှမဟုတ် ၂၀၂၅ မှ ဝင်ပြိုင်ဖို့ ရည်မှန်း ထားလား၊ ဘယ်လို လုပ်ထားလဲဗျ။
ဖြေ။ ။ အဲဒါကတော့ ကျနော်တို့ ရွေးကောက်ပွဲ မဟာဗျူဟာနဲ့ဆိုင်တယ်၊ ရွေးကောက်ပွဲ မဟာဗျူဟာ ကိစ္စကို အခု ကျနော်တို့ ပါတီရဲ့ အထွေထွေညီလာခံတို့၊ ကျနော်တို့ ပါတီအဆင့်မြင့် အဖွဲ့ဝင်တွေနဲ့ ထိုင်မယ့် အစည်းအဝေး အဆင့် ဆင့်တွေမှာ ဆွေးနွေးဖို့တော့ ရှိတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီတခုရဲ့ မှတ်ပုံတင်ဥပဒေအရ ဆိုရင်တော့ ကျနော်တို့က မဖြစ်မနေ မဲဆန္ဒနယ် ၃ ခုက တော့ ဝင်ပြိုင်ရမှာပေါ့ဗျာ၊ အနည်းဆုံးနော်။ အဲဒီ ၃ ခုက အနည်းဆုံး ဝင်ပြိုင်ရမှာ ဖြစ်တဲ့အခါကျတော့ အနည်းဆုံး အဲဒီ ၃ ခုကတော့ သေချာပေါက် ဝင်ပြိုင်ဖြစ်မှာပါ။
ဒါပေမယ့် ကျနော်တို့ နာဂတွေ နေထိုင်တဲ့ဒေသ အသီးသီးမှာ အားလုံး တချိန်တည်း တပြိုင်တည်း ၂၀၂၀ ကနေစပြီး တော့ ရွေးကောက်ပွဲ ဝင်မလား မဝင်ဘူးလား ဆိုတာကတော့ ဆွေးနွေးရဦးမယ်၊ ဝင်မယ်ဆိုရင် ဘယ်နေရာတွေ ဝင် မယ်၊ မဝင်ဘူးဆိုရင် ဘယ်နေရာတွေ ချန်ထားမယ်ဆိုတဲ့ အပိုင်းတွေ အပါအဝင် ဘယ်လို လုပ်ကြမယ်ဆိုတဲ့ ရွေးကောက်ပွဲ ဗျူဟာကတော့ ရွေးကောက်ပွဲ အဆင့်ဆင့် အခြေအနေကို သုံးသပ်ပြီးတော့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
မေး။ ။ ပါတီကို ဘယ်မှာ ရုံးချုပ်အဖြစ် ထားဖို့ရှိလဲ၊ ၂၀၂၀ မှာ ဝင်ပြိုင်မယ်ဆိုတာက ဘယ်ဒေသတွေမှာ ဝင်ပြိုင်ဖို့ စဉ်းစားထားလဲပေါ့။
ဖြေ။ ။ ကျနော်တို့ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှာ ရုံးချုပ်ထားပါတယ်။ ကျနော်က နေရာဆိုတာက လွှတ်တော်ကို ပြောတာပါ၊ ကျနော်တို့က အခုလောလောဆယ် နာဂ အမျိုးသားပါတီလို့ ပြောတာဖြစ်တဲ့ အတွက်ကြောင့်မလို့ မြန်မာ နိုင်ငံရဲ့ နာဂတွေ နေထိုင်သော နယ်မြေအားလုံးကို လွှမ်းခြုံပြီးတော့ ကျနော်တို့ဘက်က ရပ်တည်တာ ဖြစ်တဲ့အတွက် ကြောင့်မလို့ ကျနော်တို့က စဉ်းစားထားတဲ့ ၃ ခုက ၂၀၂၀ အတွက်ပဲ ပြောတာ။ နာဂပါတီလို့ ထူထောင်ဖို့ ပြည်ထောင်စု အဆင့်ကို တင်ထားတဲ့အတွက်ကြောင့် ကျနော်တို့က နာဂလူမျိုးရှိတဲ့ နေရာတိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ အခြေ အနေ ရှိပါတယ်။
မေး။ ။ မြန်မာပြည်မှ နာဂတွေက ဘယ်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေနေကြလဲ၊ စစ်ကိုင်းတိုင်းဒေသကြီး ထဲမှာတော့ အများဆုံး နေကြတာတော့ သိတယ်။ တခြား ဘယ်ဒေသတွေမှာ ရှိသေးလဲ။
ဖြေ။ ။ အများဆုံးလို့ ပြောရင်တော့ စစ်ကိုင်းတိုင်းပေါ့၊ သူက နံပါတ်တစ်။ ဒုတိယက ကချင်ပြည်နယ်၊ တတိယ အနေနဲ့ ကတော့ ပြန့်ကျဲပါတယ်၊ ရန်ကုန်တို့၊ မန္တလေးတို့၊ အဲဒီလို ပြန့်ကျဲသွားတဲ့ နေရာတွေလည်း ရှိပါတယ်။
မေး။ ။ နာဂ အမျိုးသားပါတီ အနေနဲ့ လွှတ်တော်အတွင်း ရောက်ရှိလာမယ်ဆိုရင် ဘယ်လိုမျိုး အရေးကိစ္စတွေကို ဆောင်ရွက်ဖို့ ရှိမလဲ။
ဖြေ။ ။ အဲဒါကတော့ ရှင်းပါတယ်၊ ၂ ပိုင်း ၃ ပိုင်းလောက်တော့ ရှိမှာပေါ့ဗျာ၊ တခုက ဘာလဲဆိုတော့ လွှတ်တော်ထဲလို့ ပြောတဲ့ အတွက်ကြောင့်မလို့ ကျနော်တို့က ပြည်ထောင်စုလွှတ်တော်လို နေရာမျိုး ပြောချင်တာပေါ့နော်။ အဲဒီတော့ ပြည်ထောင်စု လွှတ်တော်လို နေရာမျိုး၊ ပြည်သူ့လွှတ်တော်လို့ နေရာမျိုး၊ အမျိုးသားလွှတ်တော်လို နေရာမျိုးမှာ ရောက် သွားခဲ့ရင် လုပ်မယ့်ကိုင်မယ့်ကိစ္စက တတိုင်းပြည်လုံးနဲ့ဆိုင်တဲ့ မူဝါဒရေးဆွဲတဲ့ ကိစ္စမျိုးအပေါ်မှာ လည်းကောင်း၊ မြန်မာနိုင်ငံ တခုလုံးကို အကျိုးပြု လုပ်နေတဲ့ မူဝါဒတွေ၊ မေးခွန်းမေးတာတွေ ပြောချင်တာတော့ တိုင်းပြည် နဲ့ဆိုင်တဲ့ မူဝါဒပိုင်းဆိုင်ရာ ကျနော်တို့က အဆိုတင်တာလည်း ဖြစ်နိုင်တယ်၊ ထောက်ခံဆွေးနွေးတာမျိုး အမျိုးမျိုး ဖြစ်နိုင်တယ်။ ဆိုတော့ အဲဒီ အပိုင်းတွေလည်း ကျနော်တို့ လုပ်မှာပါ။
နောက်တခုက ကျနော်တို့က နာဂလူမျိုးကို ကိုယ်စားပြုတဲ့ ပါတီဖြစ်တဲ့ အတွက်ကြောင့်မလို့ ကျနော်တို့ ကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ လူမျိုးစုတွေရဲ့ နယ်မြေနဲ့ လူမျိုးတွေရဲ့ အခြေခံ လိုအပ်ချက်၊ နောက် လူမျိုးစု ရပိုင်ခွင့် အခြေ အနေတွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ပြောဆိုတာမျိုးတွေလည်း ရှိမှာပါ။ ဒေသဖွံ့ဖြိုးတိုးတက်ရေး အပိုင်းတွေကို လည်း ကြိုးပမ်းသွားဖို့ ရှိပါတယ်။
မေး။ ။ ပြည်ထောင်စုထဲမှာ ပူးပေါင်းပါဝင်ရေးနဲ့ မတူကွဲပြားမှုတွေကို စုစည်းနေထိုင်နိုင်ရေး ကြိုးပမ်း ချင်တယ် ဆိုတော့လေ။ နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K)ကျတော့ နာဂနိုင်ငံ ထူထောင်ရေး ဆိုတဲ့ ရပ်တည်ချက်တွေနဲ့ သွားနေတော့လေ၊ နာဂ အမျိုးသားပါတီ အနေနဲ့ ဘယ်လို ဖြစ်လာနိုင်သလဲ။
ဖြေ။ ။ အဲဒါကတော့ သူတို့ရဲ့ ရပ်တည်ချက်ကတော့ ရှိမှာပါ၊ လုံးဝ လွတ်လပ်သော နာဂနိုင်ငံတော် တည်ထောင်ရေး ဆိုတာ သူတို့ရဲ့ ရပ်တည်ချက်ဖြစ်ပါတယ်၊ ဒါကတော့ မြေပေါ် မြေအောက်လမ်းစဉ်တော့ မတူနိုင်ဘူးပေါ့နော်။ မြေ အောက် ရဲ့ လမ်းစဉ်ဆိုတာတော့ ဒါက တော်လှန်ရေးဝါဒ ဖြစ်တယ်၊ တော်လှန်ရေးဝါဒ ဖြစ်တယ်ဆိုတာက တော်လှန် ရေး မှာ နယ်မြေ အားဖြင့်လည်း မရှိဘူး၊ အိန္ဒိယ-မြန်မာ ၂ နိုင်ငံ မျဉ်းရဲ့နယ်စပ်မှာလည်း နယ်စပ်မျဉ်းဆိုတာလည်း မရှိ ဘူး၊ ဒါကြောင့်မလို့ နာဂ အားလုံးဟာ တခုတည်း ဖြစ်တယ်ဆိုတဲ့ အနေအထားကတော့ တော်လှန်ရေး ရပ်တည်ချက် ဖြစ်တယ်။ အဲဒီ တော်လှန်ရေး ရပ်တည်ချက် အပေါ်မှာတော့ ကျနော်တို့က ဘာမှ အငြင်းပွားစရာ မရှိဘူး။
အငြင်းပွားစရာ မရှိဘူးဆိုတဲ့ သဘောက ကောင်း၏ဆိုး၏၊ မှန်၏မှား၏ဆိုတာက ကျနော်တို့ ဘာမှ ပြောစရာမရှိဘူး၊ ကျနော်တို့က အခုမြေပေါ် နိုင်ငံရေးကို လုပ်တာဖြစ်လို့ မြေပေါ် နိုင်ငံရေးမှာကျတော့ သူက ကွဲပြားမှုတွေ ရှိတယ်၊ ကွဲပြားမှု ရှိတယ်ဆိုတာက နယ်စပ်မျဉ်းဆိုတာက မြေပေါ်နိုင်ငံရေး ရူထောင့်အရပြောရင် အမှန်တကယ်ရှိတဲ့ အရာဖြစ် တဲ့ အခါမှာ မြန်မာနိုင်ငံ ဖြစ်ချင်ဆိုတဲ့အရာက မြေပေါ်နိုင်ငံရေး ရူထောင့်အရပြောရင် တကယ်ရှိနေတဲ့ အတွက်ကြောင့် ကျနော်တို့က မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲဝင်မယ်၊ ရွေးကောက်ပွဲ နိုင်အောင်လုပ် ပြီးတော့ ကျနော်တို့ ဒေသနဲ့ လူထုအတွက် လိုအပ်ချက်တွေကို ရပ်တည်ပြောဆိုပေးဖို့။ အဲဒီ ခံယူချက်နဲ့ လုပ်ထားတာ ဖြစ်တဲ့ အတွက်ကြောင့်မလို့ ကျနော်တို့က မြေပေါ်နိုင်ငံရေး လမ်းစဉ်ပဲ ဖြစ်တယ်။
အဲဒီတော့ မြေပေါ်နိုင်ငံရေး လမ်းစဉ်ရဲ့ အခုလို ရွေးချယ်မှုဟာ မြေအောက်လမ်းစဉ်နဲ့ ပဋိပက္ခဖြစ်စရာ မရှိလောက်ပါ ဘူး ခင်ဗျာ။ ဘာဖြစ်လို့ မရှိလဲဆိုတော့ ကျနော်တို့ အရှေ့အနောက် နာဂအားလုံးကို ကိုယ်စားပြုပြီး ကျနော်တို့ ပါတီ ထောင် တာလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ယန္တရားတခုမှာ ကျနော်တို့လူမျိုးတွေရဲ့ ရသင့် ရထိုက်တဲ့ လူမျိုးစုအခွင့်အရေး သော်လည်းကောင်း၊ နယ်မြေပိုင်ဆိုင်မှုအရ သော်လည်းကောင်း၊ လူ့အခွင့်အရေးအရ၊ အကျိုးခံစား ခွင့်တွေအရ သော်လည်းကောင်း ဒီဟာတွေအတွက် ကျနော်တို့ ရပ်တည်တာဖြစ်တဲ့အတွက် ဘာမှ ပဋိပက္ခ ဖြစ်စရာ ရှိမှာ မဟုတ်ပါဘူး။
မေး။ ။ နာဂအမျိုးသားပါတီ ထောင်လိုက်ပြီဆိုတော့ ဘယ်လိုအခြေအနေတွေက အဓိက စိန်ခေါ်မှုတွေ ဖြစ်လာ နိုင်မယ်လို့ ကြိုတင် စဉ်းစားထားမိတာ ရှိလဲ။
ဖြေ။ ။ စိန်ခေါ်မှုတွေ အနေနဲ့တော့ ရှိနိုင်ပါတယ်၊ ကျနော်တို့နယ်မှာ ပါတီကြီး ၂ ခု (NLD နဲ့ USDP)က သူ့အင်အားနဲ့ သူ ရှိနေတယ်၊ နောက် နာဂ လူမျိုးစုတွေကလည်း နိုင်ငံရေးကို သေသေချာချာ နားမလည်သေးတာတွေ ရှိတယ်၊ မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းက ဘယ်ကိုသွားတယ်၊ ပင်လုံရဲ့နိုင်ငံရေး အခင်းအကျင်းက ဘယ်ကိုသွားတယ်၊ ကိုယ့်ရဲ့ အခွင့်အရေးတွေအတွက် ဘယ်မှာပြောရမယ် ဆိုရမယ်ဆိုတဲ့ ကဏ္ဍတွေအတွက် ကျနော်တို့ လူထုကို သေချာ သဘောပေါက် နားလည်အောင် ရှင်းပြရမယ့် အခြေအနေမျိုးတွေ ရှိပါတယ်။
အဓိက ကျနော်တို့ နာဂတွေက တော်တော်လေးကို ဝေးလံခေါင်ဖျားတဲ့ နေရာတွေမှာ ရှိတဲ့အတွက်ကြောင့်မလို့ မြန်မာ နိုင်ငံရဲ့ ပြည်မနိုင်ငံရေး လမ်းစဉ်နဲ့ လွှမ်းခြုံမိဖို့ တော်တော်လေးကို အားနည်းပါတယ်ဗျ။ Facebook သုံးတဲ့ နာဂလူငယ် အနည်းအငယ်လောက်ပဲ နားလည်တယ်။ ပြောရမယ်ဆိုရင် နိုင်ငံရေး ရည်ချိန်ပေါ့။ အဲဒါလေး တခုကတော့ ကျနော်တို့ မှာ စိန်ခေါ်မှုလေး ရှိတယ်။ ဒီဟာတွေလည်း ကျနော်တို့ သေသေချာချာ ချပြပြောဆိုပြီးတော့ ကျနော်တို့ သွားချင်တဲ့ လမ်းစဉ်နဲ့ ဥပဒေအရ ကျနော်တို့ ပြောဆိုနိုင်မယ့် လမ်းကြောင်းတွေကို လိုက်ဆွေးနွေးရမယ်။ အဲဒါတွေကတော့ ကျနော် တို့မှာ စိန်ခေါ်မှုတွေ အနေနဲ့ ရှိနေပါတယ်။
မေး။ ။ နာဂ အမျိုးသားပါတီက လူမျိုးစု ပါတီဆိုတော့ နာဂမှာ မျိုးနွယ်စုတွေ အများကြီးရှိတယ်လို့ သိရတယ်၊ အဲဒီ တော့ နာဂလူမျိုးများကြားမှာ အဓိက ဖြေရှင်းရနိုင်တဲ့ကိစ္စတွေက ဘယ်လိုအကြောင်းအရာတွေ ဖြစ်လာနိုင်မယ်လို့ မြင်မိ ထားလဲ။
ဖြေ။ ။ အဓိက ပြောရမယ်ဆိုရင်တော့ ကျနော်တို့ နာဂမှာ ငြိမ်းချမ်းရေး ကိစ္စကလည်း ဖြေရှင်းရမယ့် ကိစ္စတခုဖြစ်လာ နိုင်တယ်။ ကျနော်တို့က ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနဲ့ ဆက်စပ်ပြီးတော့ NSCN-K အနေနဲ့ NCA ထိုးချင်း မထိုး ချင်းကိစ္စ ရှိတယ်လေ။ ကျနော်တို့ နာဂမှာ လက်နက်ကိုင်လည်းရှိတော့ လက်နက်ကိုင်အဖွဲ့ ဖြစ်ချင်တဲ့ လမ်းစဉ်နဲ့ ကျနော်တို့ နိုင်ငံရေးပါတီက ကျနော်တို့သွားရမယ့် လမ်းစဉ်နဲ့ နောက် အစိုးရ၊ တပ်မတော်ဘက်က သူတို့ပုံဖော်လိုချင်တဲ့ နိုင်ငံတော် အခင်းအကျင်းပုံစံ၊ အဲဒီ သုံးပွင့်ဆိုင်ကြားမှာ ကျနော်တို့ အနေနဲ့ ရှေ့ဆက်ညှိနှိုင်းရမယ့် အခန်းကဏ္ဍ တွေ ရှိလာနိုင်တယ်။
မေး။ ။ နာဂ လက်နက်ကိုင် NSCN-K ကို အစိုးရက NCA ထိုးဖို့ ကမ်းလှမ်းမှု ရှိခဲ့ဖူးတယ်၊ NSCN-K က NCA ထိုးရေး မထိုးရေး တိကျမှု မရှိသေးတော့၊ အစ်ကိုတို့ သဘောထားက ဘယ်လို ဖြစ်စေချင်လဲ။ သူတို့ကို NCA ထိုးစေ ချင်လား ပေါ့။
ဖြေ။ ။ NCA ထိုးချင်း မထိုးချင်းကတော့ သူတို့ လက်နက်ကိုင် လမ်းစဉ် ဖြစ်တဲ့အတွက်ကြောင့်မလို့ ဒါတော့ သူတို့ပဲ ဆုံးဖြတ်မှာပါ၊ ဒါကတော့ NCA ရဲ့ မူဘောင်တွေပေါ့၊ အဓိကတော့ NCA ဆိုတာ ဘာလဲ ဆိုတာ တခု၊ နောက်တခုက NCA နဲ့ ငြိမ်းချမ်းရေး ဘယ်လိုဆက်စပ်လဲ ဆိုတဲ့ဟာတွေ၊ အဲဒီတော့ ခုန ကျနော်ပြောတဲ့ NCA ရဲ့ သဘောသဘာဝနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံရဲ့ အခြေအနေကို သေသေချာချာ ရှင်းလင်းပေးနိုင်မယ်ဆိုရင်တော့ တစုံတရာ အတိုင်းအတာ တခုအထိတော့ အပြုသဘောဆောင်တဲ့ ရလဒ်တွေရနိုင်မယ်လို့ ကျနော်တော့ အဲဒီလိုမြင်တယ်လေ။ ။
You may also like these stories:
NSCN-K နာဂ အဖွဲ့ ဘယ်လမ်း ရွေးမလဲ
Bilateral ထိုးနိုင်ရေး အောက်တိုဘာ ဆွေးနွေးပွဲ အလုပ်ဖြစ်မှာလား
NLD တိုင်းရင်းသားကော်မတီက တိုင်းရင်းသားပါတီများကို ယှဉ်ပြိုင်ရုံပဲလား
NLD တိုင်းရင်းသားရေးရာကော်မတီအပေါ် တိုင်းရင်းသားများ၏ အမြင်များ