ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီဟာ ယနေ့မှာ ပါတီတည်ထောင်ခြင်း ၃၁ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ပါတီဖြတ်သန်းမှု တလျှောက် စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ ပါတီဝင်တွေကို ထောင်သွင်း အကျဉ်း ချထားမှုတွေကို ရင်ဆိုင်ကြုံတွေခဲ့ရပြီးနောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတော့ အနိုင်ရ အစိုးရ ဖွဲ့နိုင်ခဲ့ပါတယ်။
NLD ဟာ ရွေးကောက်ပွဲ ရလဒ်နဲ့ အစိုးရ ဖွဲ့နိုင်ခဲ့ပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အောက်မှာ တပ်မတော်ရဲ့ နိုင်ငံ ရေး ပါဝင် ပတ်သက်မှု အခန်းကဏ္ဍတွေကို ဖယ်ရှားနိုင်ခြင်း မရှိသေးပါဘူး။
အစိုးရ သက်တမ်း ၃ နှစ်ကျော် ကာလမှာ အခြေခံဥပဒေ ပြင်ရေးကြိုးပမ်းမှုတွေ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေနဲ့ လတ်တလော အခြေအနေတွေ အပေါ် NLD ပါတီရဲ့ သဘောထားတွေကို ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကို ဧရာဝတီ သတင်းထောက် ထွန်းထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ ၂၀၂၀ ရွေးကောက်ပွဲဟာ NLD အတွက် အဓိက စိန်ခေါ်မှု ဖြစ်မယ်ဆိုတော့ ဘယ်လိုအချက်တွေ ဖြစ်မလဲ။
ဖြေ။ ။ အခက်အခဲတွေကတော့ ပုံမှန်အတိုင်း ရှိနေမှာပဲ။ ကျနော်တို့ပါတီဟာ လွှတ်တော်၊ အုပ်ချုပ်ရေး၊ ပါတီ ဆိုပြီးတော့ သုံးစုခွဲပြီးတော့ တာဝန်ထမ်းဆောင်တဲ့ အခါမှာ အချင်းချင်း ညှိနှိုင်း ပူးပေါင်းမှုမှာ အခက်အခဲလေးတွေ တွေ့ရပါတယ်။ ကျနော်တို့ ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမှာလည်း လက်ရှိ ဒီမိုကရေစီဟာ စစ် မှန်မှု မရှိပါဘူး။ ဒါကို ပြည်သူအများ လက်ခံတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်အောင် ပြန်လည် ပြုပြင်ဖို့ လိုပါတယ်။
ပြည်တွင်းစစ်နဲ့ ဆက်စပ်နေတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမှာလည်း ကျနော်တို့ ဘယ်လို ဖက်ဒရယ်မျိုးကို သွားမလဲ ဆိုတာမှာ အခုထိ ညှိနှိုင်းမှု မပြတ်သေးပါဘူး။ ဒါတွေ အကုန်လုံးက နိုင်ငံအတွက် စိန်ခေါ်မှုတွေပဲ ဖြစ်ပါတယ်။
ဒီလိုစိန်ခေါ်မှုတွေအားလုံးဟာ နိုင်ငံစီးပွားရေး၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေး အားလုံးနဲ့ ဆက်စပ်နေပြန်ပါတယ်။ ဒါတွေ ဟာ ကျနော်တို့ ဖြေရှင်းရမယ့် ပြသနာတွေပါပဲ။
မေး။ ။ ဘယ်လို အချက်တွေကြောင့် ဒီမိုကရေစီ မစစ်မှန်သေးဘူးလို့ ပြောနိုင်တာပါလဲ ခင်ဗျာ။
ဖြေ။ ။ အနီးစပ်ဆုံးပြောရရင် ရွေးချယ်ခံမဟုတ်တဲ့ ပုဂ္ဂိုလ်တွေဟာ လွှတ်တော်ထဲကို ရောက်နေတာ၊ ကိုယ့်ကို အုပ်ချုပ်မယ့် အုပ်ချုပ်ရေး အဖွဲ့တွေကို ပြည်သူက အကုန်လုံးရွေးချယ်ခွင့် မရတာ ဒါတွေဟာ အင်မတန်ထင်ရှားတဲ့ သာဓကတွေပါ။
ဒီမိုကရေစီ ဆိုတာက လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းဆိုတဲ့ လောကပါလ တရား ၃ ပါးကို အခြေခံမှ ဒီမိုကရေစီ စစ်တာပါ၊ ရွေးကောက်ပွဲ ကျင်းပပြီး မဲပေးတိုင်းလည်း ဒီမိုကရေစီဖြစ်သွားတာ မဟုတ်ပါဘူး။ အဲဒါကိုတော့ သဘောပေါက် ဖို့ လိုပါတယ်။
မေး။ ။ NLD ဟာ လာမယ့် ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်ဖို့ ဖြစ်နိုင်ပါ့မလား။ တိုင်းရင်းသား ပါတီတွေလည်း တပါတီတည်း စုစည်းပြီးမှ ပြင်ဆင်နေကြတာ ရှိနေတယ်။
ဖြေ။ ။ ကျနော်တို့ အမြဲတမ်း အကောင်းဆုံး ဖြစ်အောင် လုပ်နေသလို အမြဲတမ်းလည်း ကြိုးပမ်းပြင်ဆင်နေပါတယ်။ တိုင်း ရင်းသား ပါတီတွေ ပေါင်းစည်းကြတာ ကျနော်တို့ ကြိုဆိုပါတယ်။ ပေါင်းစည်း ညီညွတ်ခြင်းဟာ ကောင်းတဲ့ လက္ခဏာပါ။
ကျနော်တို့နဲ့ တိုင်းရင်းသားတွေရဲ့ ကြားမှာ ထိတွေ့မှု နည်းတဲ့အတွက် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးမှာ သံသယတွေ ရှိတဲ့အခါ ရှိခဲ့ပါတယ်။ အဲဒီတော့ ထိတွေ့ ဆက်ဆံမှုတွေ တိုးမြှင့်ခြင်းအားဖြင့် နားလည်မှုတွေ တိုး တက်လာအောင် ဆောင်ရွက်နေပါတယ်။
မေး။ ။ ရွေးကောက်ပွဲမှာ တိုင်းရင်းသား ပါတီတချို့နဲ့ မဟာမိတ်သဘောမျိုး ညှိနှိုင်းဖို့ရော ရှိလာနိုင်လား။
ဖြေ။ ။ ကျနော်တို့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့ ရည်မှန်းချက်ချင်း တူရင် အကုန်လုံးက မဟာမိတ်တွေပါပဲ ခင်ဗျ။ ပါတီကိုယ်စားလှယ်လောင်းနေရာတွေ ထည့်ခြင်း မထည့်ခြင်းကတော့ အာဏာခွဲဝေတာ၊ နေရာ ခွဲဝေတာပဲဖြစ်ပါ တယ်။ ဒါကတော့ ပါတီချင်း မူဝါဒပိုင်း ဆိုင်ရာ အသေးစိတ်ညှိနှိုင်းတာတွေလုပ်ပြီးမှ ဒါမျိုးက ဖြစ်နိုင်တာမျိုးပါ။
မေး။ ။ NLD ဟာ တိုင်းရင်းသားရေးရာ ကော်မတီဖွဲ့ပြီးပြီး ဆိုတော့ ပြည်နယ်တွေမှာ ပြိုင်ဆိုင်မှုတွေ ပိုပြင်းထန်လာမလား။
ဖြေ။ ။ တရားမျှတတဲ့ ယှဉ်ပြိုင်မှုကို လက်ခံကျင့်သုံးကြမယ် ဆိုရင် အားလုံးက ကောင်းလာမှာပါ။ ကျနော်တို့ကလည်း တိုင်းရင်းသား ပြည်သူတွေရဲ့ သဘောနားလည်မှုကို ရဖို့ ပိုပြီး ကြိုးပမ်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
မေး။ ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဝင်တချို့ နုတ်ထွက်တာတွေ ရှိလာတယ်။ NLD အနေနဲ့ ဒီလမ်းကြောင်းက အဆုံးထိ သွားနိုင်ပါ့မလား။
ဖြေ။ ။ ကျနော်တို့ကတော့ လွှတ်တော် လုပ်ထုံးလုပ်နည်းတွေ အရ အောင်မြင်တဲ့အထိ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါ တယ် ခင်ဗျ။ သုံးဦး နုတ်ထွက်တယ် ဆိုတာကလည်း သူတို့ရဲ့ သဘောထားပဲဖြစ်ပါတယ်။ ကျနော်တို့ဟာ NLD ပါတီတခု တည်းရဲ့ ဆန္ဒအရ လုပ်ချင်ရင် လက်ရှိ နိုင်ထားတဲ့အမတ်ဦးရေ အရ ပါတီတခုတည်းနဲ့ လုပ်နိုင်ပါတယ်။
ဒီလို ပူးပေါင်းကော်မတီ ဖွဲ့စည်းတယ် ဆိုတာကိုက အများပါဝင်တာကို ကျနော်တို့ လိုလားတယ်။ ကြိုဆိုတယ်ဆိုတာ ပြနေ တာပါပဲ။ ဒီသုံးဦး နုတ်ထွက်ရုံမျှနဲ့တော့ ပူးပေါင်းကော်မတီရဲ့ သဘာဝက ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။
မေး။ ။ တပ်မတော်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ဘက်က အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်း တင်လာတာတွေလည်း ရှိတယ်။ ဒီအပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ။ ။ ဒါကတော့ သူတို့ရဲ့ သဘောထား အရ တင်ခွင့်ရှိတာကို တင်တာပါ။ ကျနော်တို့ကတော့ လွှတ်တော် လုပ်ထုံး လုပ် နည်းတွေအရပဲ တင်လာတာကို လုပ်သွားရမှာပါပဲ။ လွှတ်တော်က ဆောင်ရွက်မယ့် ကိစ္စကိုတော့ ကြိုပြီးမပြောလိုပါဘူး။
မေး။ ။ NLD အနေနဲ့ ပြည်သူတွေရဲ့ဆုံးဖြတ်မှုတွေကို အမြဲ ယုံကြည်တယ် ဆိုတာက ဘာကိုဆိုလိုချင်တာပါလဲ။
ဖြေ။ ။ အခု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ ကြိုးပမ်းနေတယ်။ ဒါဟာ ကျနော်တို့ ပါတီတခုတည်းရဲ့ အကျိုး အတွက် မဟုတ်ဘဲနဲ့ တိုင်းပြည် တခုလုံးအတွက်၊ တိုင်းရင်းသား လူမျိုးအားလုံး အကျိုးအတွက် ဖြစ်တယ်လို့ ယုံကြည်လာမယ်၊ သဘောပေါက် လက်ခံလာမယ် ဆိုတာကို ကျနော်တို့ ယုံကြည်တယ်လို့ ပြောတာပါ။ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ပြည် သူက ထောက်ခံမယ်၊ ဝန်းရံမယ်ဆိုတာကို ကျနော်တို့ ယုံကြည်လို့ ဒီခက်ခဲတဲ့ အလုပ်ကို စတင်လိုက်တာပဲ ဖြစ်ပါတယ်။
မေး။ ။ ငြိမ်းချမ်းရေး ကိစ္စမှာလည်း NLD လက်ထက်မှာ ယခင်အစိုးရ လက်ထက်လောက် အောင်မြင်မှု မရှိဘူးလို့ ဝေဖန် ကြတာလည်း ရှိတယ်။ ဒီအပေါ်မှာရော ဘာများပြောချင်ပါလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေး ဆိုတာက လုံခြုံရေးနဲ့ ဆက်နွယ်ပါတယ်။ အဲဒီတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အပေါ်မှာ ငြိမ်း ချမ်းရေး လုပ်ငန်းတွေက အခရာကျပါတယ်။ တိုက်ပွဲတွေ ပိုဖြစ်လာတယ်၊ ငြိမ်းချမ်းရေး ပိုပြီး ကျဆင်းလာတယ်၊ ဒါမှ မဟုတ် တိုးတက်လာတယ် ဆိုတာတွေ အားလုံးဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးရဲ့ ဆန္ဒအပေါ်မှာ မူတည် ပါတယ်။ သူတို့ ငြိမ်းချမ်းချင်ရင် အမြန် ငြိမ်းချမ်းလို့ ရပါတယ်။ သူတို့အနေနဲ့ သူတို့အကျိုးစီးပွား အတွက် စစ်ပွဲတွေ ဖြစ်လာ မယ်ဆိုလည်း အားလုံး ဖြစ်နိုင်ပါတယ်။
မေး။ ။ တပ်တွင်း မဲရုံတွေနဲ့ ကြိုတင်မဲ ကိစ္စမှာလည်း NLD က သဘောမကျတဲ့ အနေအထားဆိုတော့ ဘယ်လို ဆောင် ရွက်သွားဖို့ ရှိလဲ။
ဖြေ။ ။ ဒါတွေက ညှိနှိုင်းပြီး ဆောင်ရွက်ရမှာပါ။ အရေးကြီးတာကတော့ ကျနော်တို့ ဒီမိုကရေစီရဲ့ စံနှုန်းတွေကို မြတ်နိုးကြ စေဖို့ပါပဲခင်ဗျ။ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းဆိုတာ လွတ်လပ်ရဲ့လား တပ်မဲရုံတွေက၊ ညီမျှရဲ့လား၊ တရားမျှ တရဲ့လား။ ဒီစံနှုန်းတွေ အရပဲ ကျနော်တို့ သွားရမှာပါ ခင်ဗျ။ တပ်မတော်က လုပ်တဲ့ မဲရုံတွေမို့လို့ ကျနော်တို့ ကန့်ကွက်နေ ခြင်း မဟုတ်ဘူး ဆိုတာကိုတော့ သဘောပေါက်စေချင်ပါတယ်။
မေး။ ။ ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ ခင်ဗျာ။
ဖြေ။ ။ ကျနော်တို့ အခုအချိန်အထိ ရပ်တည်နေတာက ပြည်သူရဲ့ ယုံကြည်ပံ့ပိုးမှုတွေနဲ့ ရပ်တည်နေတာပါ။ ကျနော်တို့ရဲ့ ပန်းတိုင်ဟာ မှိန်မှိန်လေးပဲ မြင်နေရပါစေ၊ ကျနော်တို့ ခုချိန်မှာ ဒီမိုကရေစီရနေပြီလို့ ပြောလို့မရသေးပါဘူး။
ဒီမိုကရေစီရပြီး ရင်လည်း တိုင်းရင်းသားအားလုံး ဝိုင်းဝန်းပြီးတော့ ဘယ်လို ဖက်ဒရယ်ပြည်ထောင်စုမျိုး ထူထောင်မယ် ဆိုတာကို ကျနော် တို့ ပုံဖော်ရဦးမှာပါ။ ဒါတွေ အောင်မြင်တဲ့နေ့မှာတော့ ကျနော်တို့ အဖွဲ့ချုပ်ရဲ့ ရည်မှန်းချက် အောင်မြင်ပြီ လို့ ပြောလို့ ရပါပြီ။