အောက်တိုဘာ ၁ ရက်မှ စတင်ကာ မြန်မာယူနီကုဒ်ဖောင့်အား ပြည်ထောင်စုဖောင့်အဖြစ် သတ်မှတ်၍ စတင် အသုံး ပြုရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့က ပြည်သူများကို တိုက်တွန်းခဲ့သည်
အစိုးရဆိုင်ရာ ရုံးလုပ်ငန်းများအတွက် တရားဝင်ပြောင်းလဲ အသုံးပြုမည့် ယူနီကုဒ်ဖောင့် ကို ပြည်သူအများစုလည်း စတင် ပြောင်းလဲအသုံးပြုနေပြီဖြစ်သော်လည်း ၁၅နှစ်ကျော် လူအများ အကျွမ်းတဝင်အသုံးပြုခဲ့သည့် ဇော်ဂျီဖောင့်မှ ရုတ်တရက် ယူနီကုဒ်သို့ ပြောင်းလဲသုံးရသည့်အခါ အမြင်အမျိုးမျိုးဖြစ်ပေါ်၍ လူမှုကွန်ယက်၌ ယခုရက်ပိုင်း ပွဲအဆူဆုံး အကြောင်း အရာတခု ဖြစ်ခဲ့သည်။
ယင်းနှင့် ပတ်သက်၍ မြန်မာအများစု အသုံးပြုခဲ့ကြသည့် ဇော်ဂျီဖောင့်ကို တီထွင်ဖန်တီးခဲ့သူ ဦးရဲမြတ်သူနှင့် မန္တလေး အခြေစိုက် ဧရာဝတီသတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံ မေးမြန်း ခဲ့သည်။
မေး။ ။ ဇော်ဂျီဖောင့်ကို ဘယ်လိုကြောင့် တီထွင်ဖြစ်ခဲ့ပါသလဲ
ဖြေ။ ။ အမှန်က ဇော်ဂျီကို သီးသန့်ကြီးထွင်ခဲ့တာမဟုတ်ဘူး၊ ဇော်ဂျီဖောင့်ပရော့ဂျက်အနေနဲ့ လုပ်ခဲ့တာတော့မဟုတ်ခဲ့ဘူး။ ကျနော် ကွန်ပျုတာနဲ့ ပတ်သက်တဲ့ အလုပ်ကိုလုပ်ခဲ့တာကြာပြီ။ ကျနော်အနေနဲ့ Alpha Computer ဆိုပြီးလုပ်ခဲ့တာ ဆိုရင် အခု အနှစ် ၂၀ ကျော်ပြီ။
Software တွေ Hardware တွေ ရေးခဲ့ရုံမက Solution တွေ Network တွေပါ အလုပ်လုပ် ခဲ့ တယ်။ အဲဒီခေတ်ကလည်း မန္တလေးမှာ နည်းပညာနဲ့ ပတ်သက်ရင် ကျနော်တို့ပဲ ရှိခဲ့တဲ့ခေတ် ပေ့ါ။ အဲဒီတုန်းက နိုဗိုတယ်လို ဟိုတယ်က နိုင်ငံခြား သားက အလုပ်အပ်ဖို့ ကျနော်ကို အသိအမှတ်ပြု လက်မှတ်ရှိလားလို့ မေးတယ်။
ကျနော်က မရှိဘူးဆိုတော့ မရှိရင် အလုပ်မအပ်နိုင်ဘူးလို့ ပြောတယ်။ နောက်တော့ ကျနော်ဆီပဲ ရောက်လာတယ်။ ဆိုလိုတာက Y2K မပေါ်ခင်ခေတ်ကတည်းက ကျနော်ဒီလောကကို ရောက် နေတယ်။ အဲဒီအချိန်မှာ ကျနော် ပရော့ဂျက် တခုလုပ်ခွင့်ရခဲ့တယ်။
အဲဒါဘာလဲဆိုတော့ ကုသိုလ်တော် ဘုရားက ကျောက်စာတွေကို Digitalize လုပ်ရတာ။ တကယ် က အဲဒီပရော့ဂျက်ကို မန္တလေး မဟာဂန္ဓာရုံက ဆရာတော်တွေက အဓိကလုပ်တာ။ ကျနော်က နည်းပညာပိုင်း ကူပေးရင်းနဲ့ ဝင်လုပ်ဖြစ်ခဲ့တယ်။ ကုသိုလ်တော် ကျောက်စာတွေက စံအဆင့်တခု ရှိသလို သင်္ဂါယန တင်တဲ့ စာတွေလည်း ဖြစ်တယ်၊ အရေးပါတာပေါ့။
နောက်တချက်က အဲဒီစာပေတွေနဲ့ ပတ်သက်ပြီး စာအုပ်တွေထဲမှာ ရှိနေတာတွေက ဘယ်ဟာ အမှန်ဖြစ်တယ်၊ အမှားဖြစ်တယ်ဆိုတဲ့ကိစ္စ အဖြေရှာဖို့ ကျောက်စာကို သွားသွားကြည့်ရတယ်။ မန္တလေးက လူတွေအတွက် မခက်ခဲပေမယ့်၊ တခြား ဒေသက လူတွေ ကြည့်ဖို့ အတွက် ဒါတွေကို ဓာတ်ပုံရိုက်ထားသင့်တယ် လို့ ကျနော်အတွေးရလာတယ်။
လိုက်လေ့လာကြည့်တော့ ဒီကျောက်စာတွေ အားလုံးကို ကော်ပီကူး ထားတဲ့ စာအုပ်တအုပ်ကို သွားတွေ့တယ်။ ဒါပေမဲ့ အဲဒါက ဝိနည်းတော်နဲ့ လုပ်ထားတာပဲ တွေ့တယ်။ ကျန်တဲ့ အဘိဓမ္မာ၊ သုတ္တန် စတာတွေလုပ်ထားတာမျိုးမရှိဘူး။ ဒီတော့ ကျနော်တို့ အဲဒီစာတွေကို တနေရာရာမှာ ထည့်မယ်ပေါ့။
ဒါပေမဲ့ ထည့်ပြီးသမျှတွေကို ဘယ်လိုပြန်ရှာမလဲပေါ့။ ဒီပြသနာကို အဖြေရှာဖို့ လိုလာရော။ အဲဒီမှာ ဘုန်းကြီးတွေက သူတို့ ပိဋကတ်တွေကို စာရိုက်ပေးမယ်။ ကျနော်တို့က ရှာပြီး ဘယ် ကျောက်စာက ဘယ်လိုဆိုတာ ပြန်ထုတ်ရမလဲဆိုပြီး လုပ်ကြ တယ်။ အဲဒီလိုလုပ်လာရင်းနဲ့ ပရော့ဂျက်က အရမ်းစိတ်ဝင် စားဖို့ ကောင်းလာတယ်။
အဲဒီလိုနဲ့ ၂၀၀၆ ခု စင်ကာပူမှာ လုပ်ခဲ့တဲ့ Burma Study Conference ကို ကျနော် သွားတက်ပြီး ကျနော်လုပ်ထားတာ တွေကို ပြခဲ့တယ်။ တော်တော်များများလည်း စိတ်ဝင်စားကြတယ်။ ဒါပေမဲ့ ပြသနာတခုက မြန်မာစာတွေ ထည့်ထားတဲ့ Database တွေက စာတွေ အရမ်းများလာတဲ့ အခါ ရှာဖို့ကိစ္စ က အရမ်းခက်ခဲလာတယ်။
နောက်တခုက ခွဲခြမ်းစိတ်ဖြှာဖို့ ခက်လာတယ်။ အဲဒါကို ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ အဖြေ ထပ်ရှာတယ်။ ဒီအဖြေ အတွက် ၁၉၉၈ လောက်က ICT Park ဆိုတာတွေ မပေါ် သေးခင် ရန်ကုန် အင်းလျားကန်စောင်းက IBC ဆိုတဲ့စင်တာမှာ ဘာသာစကားနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခု ကျနော်တက်ခဲ့တယ်။
အဲဒီ မတိုင်ခင်ကလည်း ယူနီကုဒ်နဲ့ ဒီလိုစာတွေကို လုပ်လို့ရတယ် ဆိုတာ ကြားဖူးထားတာ ရှိသလို၊ ဆရာဦးသောင်းတင် တို့နဲ့လည်း ပြောဖူးတာမျိုး ရှိခဲ့တယ်။ ဒါ့အပြင် စင်ကာပူမှာရှိတဲ့ ကျနော်မိတ်ဆွေတယောက်ကလည်း အဲဒီကိစ္စနဲ့ ပတ်သက် Thesis လုပ်နေတာကို ကျနော်သွား ကူခွင့်ရခဲ့တယ်။
သူကိုကူပေးရင်းနဲ့ စင်ကာပူစာကြည့်တိုက်ကနေ နိုင်ငံတကာနဲ့ ပတ်သတ်တဲ့ Resource တော် တော်များများ လေ့လာခွင့် ရခဲ့တယ်။ Resource ဆိုတာက မြန်မာစာနဲ့ ပတ်သက်တာ မဟုတ်ဘဲ ကိုးရီးယား၊ ဂျပန်၊ တရုတ်စတဲ့ နိုင်ငံတွေမှာ ဘာသာ စကားနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်နေတယ် ဆိုတဲ့ စနစ်တွေကို လေ့လာခွင့်ရခဲ့တယ်။
အဲဒါတွေကို လေ့လာပြီးနောက်မှာ မြန်မာမှာလည်း အဲဒီလို လုပ်သင့်တယ်ဆိုတဲ့ အတွေးမျိုး ဖြစ်လာရင်း အဲဒီဘက်ကို ရောက်ခဲ့တယ်။ အဲဒီနောက်မှာမြန်မာစာကို ယူနီကုဒ်ထဲထည့်ဖို့ ကွန်ပျုတာအသင်းက လူတွေလဲ လုပ်ကြတယ်။
ဒါပေမဲ့ ပြသနာက အဲဒီအချိန်က ယူနီကုဒ် 4.1 version မှာ “ပင့်၊ယင့်၊ ဆွဲ၊ ထိုး” ထည့်လုပ်ခွင့် မရ တဲ့ အခြေအနေမျိုး ကြုံခဲ့ တယ်။ အဲဒီတော့ ယူနီကုဒ်ကို သုံးပြီး တကယ်ရေးတဲ့ အခါကျ ပြဿနာ တွေတက်ရော။ ဒါကြောင့် ယူနီကုဒ် 4.1 version က ထွက်တော့လာတယ်။ သုံးမရ ခဲ့ဘူး။ အဲဒါ ကြောင့် ကျနော်က ဇော်ဂျီမှာ လွတ်နေတဲ့နေရာတွေမှာ “ပင့်၊ယင့်၊ ဆွဲ၊ ထိုး” ထပ်ထည့်နိုင်အောင် လုပ်ခဲ့တယ်။
အဲဒီခေတ်ရဲ့လိုအပ်ချက်အရ ကျနော် ဇော်ဂျီကို ရအောင်လုပ်ခဲ့တယ်။ အဲဒါပြီးတော့ ၂၀၀၇ ခုနှစ် မှာ ကျနော်နဲ့ ကိုသောင်းစုငြိမ်းနဲ့ ပေါင်းပြီး ဘလော့ဂါနေ့ “Blogger Day” ဆိုပြီး ပွဲတစ်ခုလုပ် ခဲ့ တယ်။ အဓိက ကတော့ လူတိုင်း အင်တာနက်ပေါ်မှာ ဝက်ဘ်ဆိုဒ်ထောင်စရာမလိုဘဲ စာတွေရေး လို့ရတယ်၊ အပြန်အလှန်စ ကားပြောလို့ ရတယ်၊ ပုံတွေ၊ ဗီဒီယိုတွေတင်လို့ရတယ်ဆိုတဲ့ Blog ကိုကျနော်တို့ ပရိုမိုးရှင်းစလုပ်ခဲ့ကြတယ်။
အဲဒါ လုပ်ပြီး သိပ်မကြာပါဘူး၊ ရွှေဝါရောင်တော်လှန်ရေးဖြစ်တယ်။ အဲဒီအချိန်မှာ နိုင်ငံတကာ ကလည်း မြန်မာနဲ့ ပတ်သက် တဲ့ သတင်းတွေ စိတ်ဝင်စားကြသလို အခုလို ဆိုရှယ်မီဒီယာတွေ အားမကောင်းသေးတော့ သတင်းအချက်အလက်က တော်ရုံနဲ့ မပြန့်နိုင်ဘူးဖြစ်တယ်။
အဲဒီမှာ လူတွေက သတင်းတွေသိချင်တော့ ဘလော့တွေမှာ ဇော်ဂျီဖောင့်ကို Install လုပ်ပြီး ကြည့်လာကြတယ်။ ကြည့်ရင်း ကြည့်ရင်းနဲ့ လူတော်တော် များများရဲ့ စက်တွေမှာ ဇော်ဂျီက ရောက်လာပြီး ဇော်ဂျီကို ဘယ်လိုသုံးရမယ်၊ ရှာရမယ်ဆိုတာ မျိုး လုပ်တတ် လာကြရင်း Wave တခုထဲကို ဇော်ဂျီက ရောက်သွားခဲ့ပါတယ်။ ဒါကတော့ ဇော်ဂျီဘယ်လိုစဖြစ်ခဲ့တယ်ဆိုတဲ့ အခြေအနေတွေပါပဲ။
မေး။ ။ ဇော်ဂျီဖောင့်အတွက် ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရလဲဆိုတာလဲ ပြောပြပါဦး
ဖြေ။ ။ ဇော်ဂျီစပေါ်ခဲ့တာ ၂၀၀၄၊ ၂၀၀၅ လောက်ကနေ စတွက်မယ်ဆိုရင် အခုဆို ၁၅ နှစ်ကျော် ရှိပြီလေ။ ဆိုလိုတာက ဆယ်စုနှစ်တစ်ခုခွဲကျော်တောင် ရှိလာပြီဆိုမှတော့ ပြသနာတွေကလဲ အစုံပဲပေါ့ဗျာ။
မေး။ ။ လူအများ ဆယ်စုနှစ်ကျော်သုံးလာတဲ့ ဇော်ဂျီဖောင့်က ဘာလို့ စံ စနစ်ဖောင့် တခုမဖြစ်လာ ခဲ့တာလဲ ဆရာ။
ဖြေ။ ။ နဂိုကတည်းကလည်း ကျနော်က ဇော်ဂျီကို စံစနစ်ဖောင့်အနေနဲ့ လုပ်ခဲ့တာမဟုတ်ဘူး လေ။ စံစနစ်ဖောင့် တခု ကောင်းကောင်းမွန်မွန်ထွက်လာပြီး သုံးလို့ရတဲ့ အချိန်အထိကို သုံးမယ် ဆိုပြီး ဒါကို သုံးရင်းကျနော်တို့ စောင့်နေခဲ့ကြတာလေ။
မေး။ ။ နည်းပညာပိုင်းအရ ယူနီကုတ်နဲ့ ဇော်ဂျီ အဓိကဘာကွာခြားချက်တွေရှိပါသလဲဆရာ။
ဖြေ။ ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပေါ်ခဲ့တဲ့ဟာနဲ့ ယှဉ်ရင်တော့ ကွာတာတွေရှိတာပေါ့။ လွန်ခဲ့တဲ့ ၁၅ နှစ်က ပစ္စည်း တခုက အခုပေါ်တဲ့ ပစ္စည်းလောက်တော့ ဘယ်ကောင်းမလဲ။ လွန်ခဲ့တဲ့ ၁၅ နှစ် က ပေါ်ခဲ့တဲ့ လက်ကိုင်ဖုန်းတလုံးက အခု ခေတ်ပေါ်လက်ကိုင်ဖုန်းနဲ့ဘယ်လိုကွာသလဲဆိုတဲ့ နမူနာ ကိုကြည့်ကြည့်လေ။ ဒါက ဇော်ဂျီမှ မဟုတ်ဘူးလေ။
မေး။ ။ အခု အများစုက ဇော်ဂျီကနေ ယူနီကုဒ်ကို ပြောင်းသုံးနေကြပြီ။ အဆင်မပြေတဲ့ အသံတွေ ကြားရတယ်။ ဒီအပေါ် မှာ နည်းပညာသမားတဦး အနေနဲ့ ဘယ်လို အကြံပြုချင်ပါသလဲ။ ယူနီကုဒ် မပြောင်းလိုသူတွေ အတွက် ဘာတွေအကျိုးမဲ့ပြီး ပြောင်းတဲ့သူတွေက ဘယ်လို အကျိုး ရှိ နိုင်မလဲ။
ဖြေ။ ။ ဒါက ယူနီကုဒ်သမားတွေနဲ့ အမြဲတမ်းငြင်းပြီး သူတို့ မကျေနပ်တဲ့ ကိစ္စပဲ။ ကျနော်ကလည်း အဲဒီမှာ လုံး၀ လက်မခံ တဲ့ကိစ္စက ဘာလဲဆိုတော့ ဥပမာ ဂျပန်မှာရှိတဲ့ အဖွဲ့အစည်းတခုက မြန်မာ မီဒီယာတွေက ဖော်ပြတဲ့ သတင်းတွေကို ဇော်ဂျီ နဲ့ ဒေတာယူ ဂျပန်လိုဘာသာပြန်ပြီး Database မှာ သိမ်းတယ်။
ဒီလိုပဲ တခြားနိုင်ငံတွေကလည်း ဒီလို ဒေတာတွေကို ဇော်ဂျီကတဆင့် ဆာဗာမှာ သိမ်းပြီး သုံးဖို့ ကျနော်က လက်မှတ် ထိုးပေးရတဲ့အတွက် ဇော်ဂျီကနေသာ ကျနော် တပြားတချပ် ပိုက်ဆံမရ တာ ဂျပန်၊ အင်္ဂလန်တို့လို အဖွဲ့အစည်းတွေ၊ NGO အဖွဲ့တွေအပြင် ဟွာဝေး၊ ဆမ်ဆောင်း၊ ဗီဗိုစတဲ့ ကုမ္ပဏီတွေကိုပါ ကျနော်က လက်မှတ် ထိုးပေးခဲ့ရတယ်။
ဆိုလိုတာက အဲဒီလို အဖွဲ့အစည်းတွေတောင် ဒါကို စနစ်တကျနဲ့ သုံးနေကြတယ်။ ဒါကို ကျနော် သိရတွေ့ရတ ဲ့အတွက် ဇော်ဂျီကြောင့် မြန်မာကို နားမလည်ဘူး၊ မသိကြဘူးဆိုတဲ့ဟာက ကျနော် လက်ခံလို့ကိုမရဘူးဖြစ်နေတယ်။ ဇော်ဂျီမို့ မရဘူးဆိုတဲ့ ကိစ္စမရှိပါဘူး။ ဇော်ဂျီမို့ လုပ်ရကိုင်ရ ခက်တယ်လို့ ဆိုရင် သူတို့ရဲ့ Programming Skill အဆင့်မမီလို့ပဲဖြစ်မှာ ပဲ။
တကယ်တော့ အဲဒါတွေက ဒီလောက်ခက်ခဲတဲ့ဟာ မဟုတ်ဘူးလေ။ ဥပမာ ရေးသမျှ ဇော်ဂျီဖောင့် အားလုံးကို ဖေ့ဘုတ်က Real Time ဘာသာပြန်ပြီး ယူနီကုဒ် အနေနဲ့ ပြပေးနေနိုင်သေးတာ ဘာဖြစ် လို့ မြန်မာလို နားမလည်တာလို့ ပြောနေကြ တာကို စဉ်းစားလို့ကို မရဘူး။
နည်းပညာပိုင်းအရ ဒါဟာ တူတူပဲလေ။ ဇော်ဂျီနဲ့ ရေးထားတဲ့စာကို ဂူဂယ်က ဘာသာပြန်မပေး ဘူးလို့ လူတွေက ဆိုနေ ကြရင် အဲဒါဟာတကယ်ဟုတ်၊ မဟုတ်သိဖို့ ဇော်ဂျီဖောင့်နဲ့ ရေးထားတဲ့ စာကို ကော်ပီကူးပြီး Google Translator မှာ တချက် စမ်းကြည့်ရုံနဲ့ အဖြေသိနိုင်တဲ့ကိစ္စလေ။ ဒါပေမဲ့ သွားမစမ်းဘူး။ ဒီတိုင်းယုံလိုက်ကြတယ်။ ဒါက ကျနော်တို့နိုင်ငံ၊ လူမျိုးရဲ့ ပညာရေးပဲ လေ။ ကျနော်တို့ပညာရေးက သုတေသနကို ဘယ်လောက်အထိ အားမပေးဘူးဆိုတာ ပြနေတာ ပဲလေ။
ဒါပေမဲ့ ယူနီကုဒ်ကို စံသတ်မှတ်ချက်အနေနဲ့သုံးကြပါလို့ အစိုးရကပြောတဲ့ကိစ္စကို ကျနော်လက်ခံ ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ အားလုံး ဖောင့်တခုထဲကို တူတူသုံးချင်တယ်။ အဲဒီတူတူ သုံးတဲ့ဖောင့်ကလည်း Standard ဖောင့်ဆို ပိုကောင်းတယ်။ အဲဒါကြောင့် လက်ခံတယ်လို့ ပြောတာပါ။
ဒါပေမဲ့ ဒါသည် Standard ဖြစ်လို့သုံးတာပဲ ဖြစ်တယ်။ ဘာမှပိုကောင်းလို့ သုံးတာတော့ မဟုတ် သလို ပိုကောင်းတယ်လို့လဲ ကျနော်ဘယ်လိုမှ ခံစားမရဘူး။ အဲဒီလိုပဲ ဖြစ်စေချင်တာက အစိုးရ သည် စံသတ်မှတ်ချက် ဒေတာကိုပဲ လက်ခံမယ် ဆိုတဲ့ နေရာမှာ လူတွေက ဘယ်လိုဖောင့်သုံး ပြီးရိုက်ရိုက် သူဆီကို ဒေတာဝင်သွားဖို့ပဲ လိုတယ်လေ။ ဒါကို ဟိုလိုရိုက်မှ၊ ဒီလိုရိုက် မှဆိုတာမျိုး ဝင်ပြောစရာမှ မလိုတာ။ အခုကျ ဇော်ဂျီသုံးလို့ မြန်မာစာကြီး ပျက်စီးသွားတာမျိုး၊ ဇော်ဂျီသုံး တဲ့သူတွေကပဲ မျိုးဖျက်၊ စာပေဖျက်သလို ဖြစ်ကုန်ရော။
ဆိုလိုတာကတော့ ဒါက Customer Service ပဲလေ။ ဘယ်လို့ လူတွေကို ရှုပ်ထွေးပြီး ဒုက္ခရောက် အောင် လုပ်နေမလဲ။ သူတို့ ရိုက်နေကျ ကီးဘုတ်နဲ့ ရိုက်၊ ပြီးရင် ယူနီကုတ်ကို ပြောင်းလိုက်လို့ ရနေတာပဲလေ။ အခု စည်ပင်မှာဆို ဒေတာတွေ ကို ယူနီကုဒ် နဲ့ပဲ သိမ်းတယ်။
အဲဒီလိုသိမ်းတဲ့အတွက် ကျနော်တို့ ဝန်ထမ်းတွေ ယူနီကုဒ်နဲ့ ရိုက်စရာမလိုဘူး။ သူတို့ သုံးနေတဲ့ ဖုန်းမှာ သူတို့ သုံးနေကျ ကီးဘုတ်နဲ့ ရိုက်ပြီး Post လုပ်တဲ့အချိန်မှ Converter နဲ့ ယူနီကုဒ် ပြောင်းပြီးသွင်းခိုင်းလိုက်တယ်။
သူတို့လဲ ဦးနှောက် မခြောက်တော့သလို ကျနော်တို့လည်း ဘာမှသင်ပေးစရာမလိုဘူးလေ။ ကျနော်တို့ လိုချင်တာလည်းရတယ်လေ။ ဒါကြောင့် ကီးဘုတ်ကို ကျနော်တို့ Standard လုပ်စရာအကြောင်းမရှိဘူးလို့ ပြောတာပါ။
အခု ကျနော်ကိုယ်တိုင်လည်း အစိုးရ ရုံးလုပ်ငန်းနဲ့ဆိုင်တဲ့ စာတွေမှာ ယူနီကုဒ်သုံးတယ်။ ဒါပေမဲ့ ကျနော်သူငယ်ချင်း မိတ်ဆွေတွေနဲ့ Chatting လုပ်ရင်တော့ ဇော်ဂျီပဲသုံးတယ်။ ဒါက ကျနော်တို့ ရွေးချယ်ခွင့်ပဲလေ။ အဲဒါကြောင့် ကျနော် Facebook မှာတောင် ပြောင်ပြီးရေးထားမိတာ တစ်ခုရှိတယ်။
ကျနော်က KTV မှာ ဇော်ဂျီနဲ့ပဲ သီချင်းဆိုတယ် ဆိုပြီးရေးထားတယ်။ ဟုတ်တယ်လေ။ ကေတီဗွီမှာရှိတဲ့စက်တွေ အကုန် လုံးက ဇော်ဂျီတွေနဲ့ ရေးထားတာလေ။ ယူနီကုဒ်ကိုပြောင်းပါ အလကားပြောင်းပေးမယ်ဆိုရင်လဲ ဘယ်သူဌေးမှ အပြောင်းခံ မှာ မဟုတ်ဘူး။ဘာလို့လဲဆိုတော့ ပြောင်းပြီးမှ Stable မဖြစ်ရင် ပိုက်ဆံတော့ ပိုရလာမှာမဟုတ်ဘဲ သူဒုက္ခရောက်မှာလေ။ ဒါက ဟာသသဘောပြောတာပါ။
မေး။ ။ ကြားမိတာတခုက ဇော်ဂျီဖောင့်ပရိုဂရမ်က ဆရာကိုယ်တိုင်ဖန်တီးခဲ့တာမဟုတ်ဘဲ နည်းပညာကျောင်းသား တဦးဆီက ဝယ်ခဲ့တာ ဆိုတဲ့အပေါ်မှာကော ဘယ်လိုဖြေကြားချင် ပါသလဲ
ဖြေ။ ။ အဲဒါ လုံးဝမဟုတ်ပါဘူး။ ဇော်ဂျီဟာ ကျနော်တယောက်တည်းပဲ ဒီဇီုင်းလုပ်၊ လေ့လာခဲ့ပြီး ကိုယ်တိုင် ထွင်ခဲ့တဲ့ ပရိုဂရမ်တခုပါ။ ကျနော်လိုချင်တဲ့ ဒီဇိုင်းကို ဒီဇိုင်နာ ဆီအပ်ပြီး အခကြေးငွေနဲ့ ဆွဲခိုင်းတာတော့ဟုတ်တယ်။ ဒါပေမဲ့ ဒါက ကျနော်ကိုယ်တိုင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ဒီဇိုင်း မျိုးကို ကိုယ်တိုင်ပေးပြီးလုပ်ခဲ့တဲ့ ကျနော်မူပိုင်တခုပါ။
ဒါပေမဲ့ ကျနော်သူငယ်ချင်းတွေက ဝိုင်းစစ်ဆေးပေးတာ၊ အကြံပေးတာတွေ၊ ပြင်ပေးကြတာတွေ တော့ရှိခဲ့တယ်။ ခက်တာက အဲဒီသူငယ်ချင်းတွေ ကိုယ်တိုင်က အခုချိန်ကျမှ သူတို့ ကိုယ်တိုင်ပါခဲ့ တယ်လို့ ပြောပေမဲ့ အဲဒီစလုပ်တုန်းက အပြင်တောင်မထွက် ရဲကြဘူး။
ကျနော်တယောက်ပဲ မိုက်မိုက်ကန်းကန်း ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်ခဲ့တာ။ သူတို့တွေက Gentlemen တွေဆိုတော့ အပြင်မထွက်ခဲ့ကြဘူးလေ။ ဒါပေမဲ့ သူတို့အကူအညီတွေကြောင့် ဇော်ဂျီ ဒီလောက် အထိ အောင်မြင်ခဲ့တာပါ။
ကျနော်တယောက်တည်းနဲ့ ဆိုရင်လည်း ဒီလောက် အောင်မြင်အောင် လုပ်လို့ရမှာ မဟုတ်ပါဘူး။ တကယ်တမ်း ပြန်တွေး ကြည့်ရင် အဲဒီခေတ်ကာလက ဒါက အန္တရာယ်များတဲ့အလုပ်တခု ဖြစ်ခဲ့တာ။ ဘုန်းတော်ကြီးတွေနဲ့ ပတ်သက်ခဲ့ရတယ်။ ဘလော့ဂါတွေနဲ့ ပတ်သက်ခဲ့တယ်ဆိုပြီး ကျနော် ထောင်ထဲ မရောက်ခဲ့တာတောင် တော်တော် ကံကောင်း တယ်ပြောရ မယ်။
မေး။ ။ ဟုတ်ကဲ့ပါ ဆရာ..နောက်ဆုံးအနေနဲ့ ဆယ်စုနှစ်ကျော်သုံးလာတဲ့ ဇော်ဂျီကို လူအများက Goodbye လုပ် ကြတဲ့အပေါ် ဆရာခံစားချက်လေးသိပါရစေ။
ဖြေ။ ။ ဒါကတော့ ကိုယ်ညံ့လို့ပဲ သဘောထားပါတယ်။ ဘယ်ထုတ်ကုန်မဆို သူသက်တမ်းဆို တာရှိတယ်လေ။ ပြီးတော့ ကျနော်တို့ အရွေ့တွေကိုနားလည်ဖို့လိုပါတယ်။ နောင်မှာ ကျနော်က အခုထက်ကောင်းတဲ့ဖောင့် ထပ်မထုတ်နိုင်ဘူးလို့လဲ မပြောနိုင်ဘူးလေ၊ ဘာလို့လဲဆိုတော့ ကျနော်တို့က Brand ရှိပြီးသွားပြီလေ. ပိုကောင်းတဲ့ Product ကို user တွေဆီပို့ပေး နိုင်ဖို့ပဲ လိုတာပါ။ ။