မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင်စစ်တပ် (AA) တို့သည် ယခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က မန္တလေးတိုင်း ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ် အပါအဝင် တိုးဂိတ်၊ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ် အပါအဝင် နောင်ချိုရဲစခန်း၊ တိုးဂိတ်နှင့် မြို့ရှောင်ဂိတ်စသည့် နေရာ ၆ နေရာကို တချိန်တည်း တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် တပ်မတော်၊ ရဲနှင့် အရပ်သားများ သေဆုံးခဲ့သလို တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေး လမ်းကြောင်း ယာယီ ပြတ်တောက်ခဲ့ရသည်။ ထိုစစ်ဆင်ရေး အတွင်း နှစ်နိုင်ငံကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ကုန်ကားနှင့် ခရီးသည်ကားများ မီးရှိူ့ဖျက်ဆီးခံခဲ့ရသလို ဒေသခံ အရပ်သားများ သေဆုံးမှုများလည်း ရှိခဲ့သည်။
ထိုစစ်ဆင်ရေး အပါအဝင် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အကြား ငြိမ်းချမ်းရေး ဆွေးနွေးနေမှု၊ မြေပြင် အခြေအနေနှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် TNLA ၏နိုင်ငံရေး ရည်မှန်းချက်များကို TNLA အဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်ကို ဧရာဝတီ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ က မေးမြန်းထားသည်။
မေး ။ ။ ပထမဆုံး မေးချင်တာက သြဂုတ်လ ၁၅ ရက်နေ့က စတင်ခဲ့တဲ့ ပြင်ဦးလွင် အပါအဝင် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ပြုလုပ်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေး ဆောင်ရွက်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။
ဖြေ ။ ။ ကျနော်တို့က ပြီးခဲ့တဲ့ ခုခံကာကွယ်တဲ့စစ်ဆင်ရေးလုပ်ရတဲ့အဓိကရည်ရွယ်ချက်က နံပါတ်၁။ မိမိ ကိုယ့်ကိုယ် ခုခံကာကွယ်စစ်ကို မြှင့်တင်တာဖြစ်တယ်။ နံပါတ် ၂။ မြန်မာ့တပ်မတော်က ကျနော်တို့ရဲ့ မဟာမိတ် ဖြစ်တဲ့ AA ကို ဖိတိုက်နေတဲ့ဟာကို လျော့သွားအောင် ကျနော်တို့ ဆောင်ရွက်တာဖြစ်တယ်။ နံပါတ် ၃။ ဆွေးနွေးပွဲတွေ ပိုပြီးတော့မှ လမ်းကြောင်းပေါ် မှန်မှန်ကန်ကန်ရောက်နိုင်အောင် ကျနော်တို့ ဆောင်ရွက်တာ ဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့က ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်တုန်းက ကျနော်တို့ ခုခံကာကွယ်ရေး စစ်ဆင်ရေးကို ဆောင်ရွက်ရခြင်းဖြစ်တယ်။
မေး ။ ။ ဒီစစ်ဆင်မှုဟာ တပ်မတော်ကိုသာမဟုတ်ဘဲနဲ့ နိုင်ငံရဲ့ ကုန်သွယ်ရေး လမ်းကြောင်းနဲ့ အပြစ်မဲ့ ပြည်သူလူထုတွေကိုပါ ထိခိုက်မယ်ဆိုတာကို ထည့်မတွက်ခဲ့တာလား။
ဖြေ ။ ။ ကျနော်တို့က စစ်ဆင်ရေးတခု၊ တိုက်ပွဲတခုဖြစ်လာပြီဆိုရင်တော့ အနည်းနဲ့အများတော့ လူထုတွေကို ထိခိုက်မှု ရှိမှာပဲ ဖြစ်တယ်။ ဒါပေမယ့် အတတ်နိုင်ဆုံး ထိခိုက်မှုနည်းအောင်တော့ ကျနော်တို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကမာ္ဘမှာဖြစ်နေတဲ့ တိုက်ပွဲတွေလည်း လူထု ထိခိုက်မှုရှိတာကို တွေ့မြင်ရတာ ဖြစ်တယ်။ ဒီအခု ကျနော်တို့ လုပ်သွားတဲ့ စစ်ဆင်ရေးတွေမှာလည်း လူထုထိခိုက်နစ်နာမှုမရှိအောင် ဆောင်ရွက်တယ်။ ဒါပေမယ့် လည်း တခုရှိတာက ကျနော်တို့ ဒီစစ်ဆင်ရေးကို မလွှဲမရှောင်သာ ဆောင်ရွက်တာ ဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တောထဲမှာ မြန်မာ့တပ်မတော်က လာပြီး ကျနော်တို့ကို စစ်ဆင်ရေးတွေလုပ်တယ်။ လက်နက်ကြီး တွေနဲ့ ထုတယ်။ တိုက်လေယာဉ်နဲ့ ကျနော်တို့ကို လာပစ်တယ်။ တောထဲ၊ တောင်ထဲမှာ ကျနော်တို့ရဲ့ တိုင်းရင်းသား လူထုတွေ လူမသိသူမသိ အချိန်များစွာ ကျနော်တို့ သေဆုံးရတယ်။ ဒီတောထဲ၊ တောင်ထဲမှာ သေဆုံးတဲ့ဟာ ကျတော့ ဒါက လူထုမဟုတ်ဘူးလား။ ဒါကြောင့် ကျနော်တို့ အဲဒါတွေ ရှောင်ကွင်းလို့ရအောင်လို့ လမ်းမကြီးတွေ မြို့နဲ့နီးတဲ့နေရာ ကျနော်တို့ တိုက်ပွဲတွေ ဖော်ဆောင်ရတာဖြစ်ပါတယ်။
မေး ။ ။ ဗိုလ်မှူးချုပ်တို့ အရင်ကလည်း ခနခနပြောဖူးပါတယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ပဲ ဖြေရှင်းရမယ်ဆိုတဲ့ ပြောဆိုချက်ပါ။ ဒါပေမယ့် အခု စစ်ရေးနည်းနဲ့ တုန့်ပြန်တာဟာ မူဝါဒ ပြောင်းသွားတာလား။
ဖြေ ။ ။ ကျနော်တို့ အခုဖြစ်နေတဲ့ ပြဿနာအရင်းခံက နိုင်ငံရေးပြဿနာဖြစ်တယ်။ ကျနော်တို့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ လက်ရှိ မြန်မာ့တပ်မတော်၊ မြန်မာအစိုးရနဲ့ ကျနော်တို့ နိုင်ငံရေးပြဿနာတွေ မပြေလည်နိုင် လို့ အခုလို အမြင့်ဆုံး စစ်ရေးပြဿနာဖြစ်ရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ပြဿနာကလည်း အဓိကကတော့ စစ်ရေးပြဿနာမဟုတ်ပါဘူး။ ကျနော်တို့အဓိက နိုင်ငံရေးပြဿနာဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့ နိုင်ငံရေး ပြဿနာ ဖြေရှင်းဖို့လိုတယ်။ ဒီနည်းလမ်းတွေကိုလည်း နိုင်ငံရေးဆွေးနွေးတဲ့ နည်းလမ်းနဲ့ ဖြေရှင်းလို့ရမယ်လို့ တောက်လျောက်ပြောတယ်။
ဒါကိုလည်း ကျနော်တို့ တောက်လျောက်ရပ်တည်တယ်။ ဒါပေမယ့်လည်း ဒီဟာကို ကျနော်တို့က တကယ့်နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ မှန်မှန်ကန်ကန် တကယ် မရှင်းနိုင်တဲ့ ပြဿနာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ကတော့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမှုလိုတယ်ဆိုတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမယ့် ဗျူဟာကိုပဲ ကျနော်တို့က အမြဲတမ်းခိုင်ခိုင်မာမာစွဲကိုင်တယ်။ အဲဒါကို လည်း ကျနော်တို့က တောက်လျောက် တောင်းဆိုနေတာဖြစ်တယ်။ အဲဒီအတွက်လည်း ကျနော်တို့ ပြင်ဆင်နေတာဖြစ်တယ်။
မေး ။ ။ တိုက်ပွဲတွေဖြစ်တိုင်း အရပ်သားသေဆုံးမှုတွေ အရမ်းများနေတယ်။ အဲဒီအတွက် နှစ်ဘက်လုံးမှာ တာဝန်ရှိပါတယ်။ နောက်တိုက်ပွဲတွေထပ်ဖြစ်ရင် အရပ်သားတွေ ထိခိုက် သေဆုံးမှုမရှိအောင် ဘယ်လို ဆောင်ရွက်သွားဖို့ရှိလဲ။
ဖြေ ။ ။ ကျနော်တို့ တိုက်ပွဲတွေက ဘယ်မှာဖြစ်တဲ့တိုက်ပွဲတွေ ဖြစ်ပါစေ လူထုကို အတတ်နိုင်ဆုံး ထိခိုက်မှု နည်းအောင် ကျနော်တို့ နှစ်ဘက်စလုံးက ဆောင်ရွက်ရမယ့် တာဝန်တွေရှိတယ်။ တကယ်ဆောင်ရွက်မယ် ဆိုလည်း ဆောင်ရွက်လို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ သေနတ်သံကြား တာနဲ့ လူထုက ပြေးတာပါပဲ။ ကျနော်တို့ဆိုရင် ဒီစစ်ဆင်ရေးလုပ်တဲ့နေရာမှာ ထုတ်ပြန်ကြေညာချက်တွေ ထုတ် တယ်။ လူထုက ဒါကိုတော်တော်များများ ပူးပေါင်းဆောင်ရွက်တာတွေ တွေ့ရ၊ မြင်ရတယ်။ ဒါပေမယ့်လည်း အဲဒါကို လူထုကို ထိခိုက်မှုရှိအောင်တော့ ဆောင်ရွက်ချင်တဲ့ရည်ရွယ်ချက်တွေရှိလာရင်တော့ လူထုတွေက ထိခိုက်ရမှာပဲဖြစ်တယ်။
ဒါကြောင့်မို့ ကျနော်တို့ တွေ့နေရတာဖြစ်တယ်။ အဓိကကတော့ ကျနော်တို့ ထိခိုက် နစ်နာမှုတွေ ဖြစ်လာပြီဆိုရင် မြန်မာ့တပ်မတော်ဘက်က လူထုတွေရှိနိုင်မယ့် နေရာတွေ ဦးတည်ပြီးတော့မှ လက်နက်ကြီးတွေနဲ့ ထုတယ်။ လက်နက်ကြီးတွေနဲ့ အဆမတန်ထုတယ်။ လက်နက်ကြီးတွေက လူထုဆီ ကျလာပြီဆိုရင် လူထုနစ်နာမှုရှိပါတယ်။
ပြီးတော့ ကျနော်တို့ လမ်းမှာလိုအပ်လို့ တခါတလေဆိုရင် ကျနော်တို့ လုံခြုံရေးအရ ကျနော်တို့ ကားတွေ ရပ်တန့်ရတာ ရှိတယ်။ အဲလိုကားတွေ ရပ်တန့်တဲ့အချိန်မှာ မြန်မာ့ တပ်မတော် ရောက်လာတယ်။ မြန်မာ့တပ်မတော်က ပစ်တယ်။ အရပ်သားကားမှန်း၊ ဘာမှန်းမသိတော့ဘူး အဲလိုတောက်လျောက် နှစ်ဘက်ပစ်တဲ့အချိန်မှာ ကားတွေ မီးလောင်သွားတာဖြစ်တယ်။
ဆိုတော့ ကျနော်တို့ မြင်တာကတော့ ကျနော်တို့က လိုအပ်ချက်အရ မလွှဲမရှောင် သာလို့ တိုက်ပွဲဖြစ်တယ်။ အဲဒီတိုက်ပွဲကို ပြန်ပြီးတော့ မြန်မာ့တပ်မတော်က ပြန်ချေမှုန်းတဲ့အချိန်မှာ ကျနော်တို့ ဘယ်ဦးတည်တာမှ မဟုတ်ပဲနဲ့ လူထုကို ဦးတည်ပြီး ပစ်တဲ့အတွက်ကြောင့် တိုက်ပွဲဖြစ်နေရတာဆိုတော့ ဒီလူထုတွေ ထိခိုက်နစ်နာမှုတွေ ရှိနေရတာဖြစ်တယ်။
ဒါကြောင့်မို့ ကျနော်တို့ ပြောချင်တာကတော့ ကျနော်တို့ အဖွဲ့တွေနဲ့ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပြီဆိုရင် လူထုက အတတ်နိုင်ဆုံး ကျနော်တို့ ထုတ်ပြန်ချက်အတိုင်း ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကျနော်တို့ မေတ္တာရပ်ခံချင်ပါတယ်။ အဲဒါဆိုရင် လူထုကို ထိခိုက်နစ်နာမှုတွေ နည်းမယ်လို့ ထင်ပါတယ်။ ကျနော်တို့ ကလည်း ကျနော်တို့စစ်ဆင်ရေးတခုလုပ်တိုင်း လူထုထိခိုက် နစ်နာမှုနည်းအောင် ဘာလို့လဲဆိုတော့ အဲဒီမှာ ဒေသခံလူထု ဗမာလူမျိုးတွေပါမယ်။ ကချင်လူမျိုးပါမယ်။ ရှမ်းလူမျိုးပါမယ်။ ဘယ်လူမျိုးမဆို ကျနော်တို့ လူထုတွေ၊ အဲဒီလူထုတွေ ထိခိုက်နစ်နာမှုမရှိအောင် ကျနော် တို့က အမြဲတမ်းထည့်တွက်စဉ်းစားတယ်။
လူထုနစ်နာမှုမရှိအောင် ဘယ်လိုလုပ်မလဲဆိုတာ ကျနော်တို့ စစ်ဆင်ရေး အောက်ခြေတပ်ကို အမြဲတမ်းညွန်ကြားပါတယ်။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ ပြောချင်တာ ကတော့ တိုက်ပွဲဖြစ်လာမယ်ဆိုရင် လူထုတွေက တိုက်ပွဲအသံကို နားစွင့်ပါ။ နောက်တိုက်ပွဲနဲ့ အတတ်နိုင်ဆုံး လွတ်နိုင်မယ့် နေရာကို ရှောင်ပေးကြပါလို့ ပြောချင်တယ်။ ပြီးတော့ တိုက်ပွဲဖြစ်လာပြီဆိုရင် မလွှဲမသွေ အိမ်တွေ ရှိလာမယ်ဆိုရင်တော့ သေချာတယ်။ မြန်မာ့တပ်မတော်က ထိခိုက်နစ်နာမှုတွေ များလာမယ်ဆိုရင် သူက ကျနော်တို့ရှိတဲ့ဘက်ကို လက်နက်ကြီးမပစ်တော့ဘူး။ လူထုရှိတဲ့နေရာ၊ အိမ်တွေကို ရွာထဲကို လက်နက်ကြီးပစ်မှာဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့ ပြောချင်တာကတော့ အိမ်တိုင်း၊ အိမ်တိုင်းကတော့ ဗုံးခိုကျင်းတွေ၊ ကဒုတ်ကျင်းတွေ တူးထားဖို့ လိုမယ်။ တိုက်ပွဲဖြစ်လာလို့ရှိရင် အဲဒီမှာ ခိုနားဖို့လိုမယ်။ အဲဒါဆိုရင်တော့ ထိခိုက်နစ်နာမှုတွေနည်းလာနိုင်မယ်လို့ ထင်ပါတယ်။
မေး ။ ။ ကျိုင်းတုံ ဒုတိယဆွေးနွေးပွဲက Bilateral စာချုပ်ချုပ်ဆိုနိုင်ရေး၊ တပ်နေရာချထားရေးနဲ့ တိုက်ပွဲတွေ လျှော့ချရေး အပါအဝင် အချက် ၇ ချက်ကို သဘောတူတယ်ဆိုတော့ အပေါင်းလက္ခဏာ ဆောင်တယ်လို့ ပြောလို့ရမလား။
ဖြေ ။ ။ ကျနော်တို့က ကျိုင်းတုံ ဒုတိယအကြိမ်ဆွေးနွေးပွဲကို ကျနော်တို့ အဆိုပြုထားတဲ့ (bilateral) အပစ် အခတ် ရပ်စဲရေးစာချုပ်ကို ကျနော်တို့ လက်မှတ်ရေးထိုးမယ်။ NRPC နဲ့ မြန်မာတပ်မတော်ဘက်က အရေးကြီး တဲ့ ပုဂ္ဂိုလ်တွေလည်း တက်လာတော့ ဆွေးနွေးညှိနှိုင်းပြီးတော့မှ စာချုပ်ချုပ်နိုင်လိမ့်မယ်လို့ ကျနော်မျှော်လင့်ပြီး တက်လာတာဖြစ်တယ်။ ဒါပေမယ့် ဆွေးနွေးတဲ့အချိန်မှာ အဲဒီအဆင့်မရောက်ဘဲနဲ့ အစည်းအဝေးမှတ်တမ်း သဘောတူချက် ၇ ချက်ဆိုတဲ့ဟာ သဘောတူတဲ့အဆင့်ပဲ ရောက်တယ်။ အဲဒါက ပြန်ကြည့်မယ်ဆိုရင်တော့ အပေါင်းလက္ခဏာဆောင်တယ်လို့ ပြောရင်လည်း ပြောလို့ရတယ်။ ဒါပေမယ့် တကယ်ပြန်စဉ်းစားမယ် ဆိုရင်တော့ ကျနော်ထင်တယ်။ ကျနော်တကယ်ချုပ်ဆိုချင်တဲ့ bilateral နှစ်ဘက်အပစ်အခတ်ရပ်စဲရေး အနှစ်သာရတွေပျက်တယ်။ တကယ်ဆွေးနွေးဖို့က ပိုပြီးခက်ခဲလာတယ်ဆိုတဲ့အဓိပ္ပါယ်တွေ ထွက်တယ်လို့ ကျနော်တို့ မြင်တယ်။ ဒါက ကျနော်တို့ နှစ်ဘက်ညှိနှိုင်းလို့မရတဲ့ဟာတွေ တော်တော်များတယ်ဆိုတာ ပေါ်လွင်တယ်လို့ ကျနော်တို့ မြင်တယ်။ အဲဒါကို ကျနော်တို့ အစည်းအဝေးက ပိုပြီး တဆင့်ပြီးတဆင့် ခက်ခဲလာတယ်ဆိုတာ ကျနော်တို့ သိရှိနားလည်လာရပါတယ်။
မေး ။ ။ မြောက်ပိုင်းမဟာမိတ်နဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲက ဆက်ဆွေးနွေးမယ် ဆိုရုံလောက်နဲ့ပဲ ပြီးပြီးသွားတယ်လို့ ဝေဖန်မှုတွေရှိတယ်။ တကယ်ဆွေးနွေးတဲ့အခါမှာ ဘယ်ကိစ္စတွေက ပြဿနာရှိနေတာလဲ။ ၂ ဘက်လုံး အလျှော့ အတင်း မလုပ်ကြဘူးလား။
ဖြေ ။ ။ ကျနော်တို့ဆွေးနွေးပွဲတွေက ဒီကျိုင်းထုံမှာဆိုရင် ဒုတိယအကြိမ်မြောက်ပေါ့။ အဲဒီမတိုင်ခင်ကလည်း ကျနော်တို့ ဆွေးနွေးပွဲတွေက မူဆယ်မှာရော ဆက်တိုက်ဆွေးနွေးလာဖြစ်တယ်။ ဆွေးနွေးပွဲတွေက နောက် တကြိမ်ထပ်ဆွေးနွေးမယ်ဆိုတဲ့ဟာသည် အဓိကက ဆွေးနွေးပွဲမပျက်အောင် ထိန်းတဲ့ဆွေးနွေးပွဲ ဖြစ်တယ်လို့ ကျနော်တို့ မြင်တွေ့ရတယ်။ ဒါဘာကြောင့်ဖြစ်သလဲ။ ဘာကြောင့်ဖြစ်သလဲ ကျနော်တို့ ပြန်စဉ်းစား မယ်ဆိုရင် အခုလက်တွေ့ ကျိုင်းတုံ ဒုတိယအကြိမ်ဆွေးနွေးပွဲမှာ နှစ်ဘက်အဆင့်မြင့် ကိုယ်စားလှယ်တွေ တက်ပြီးတော့ ဆွေးနွေးပွဲတွေ မရှာနိုင်တာ ဘာဖြစ်လို့လဲ။ ကျနော်တို့ ပြန်ကြည့်တဲ့အချိန်မှာ နံပါတ်၁။ ကျနော်တို့ ထောက်ပြချင်တာကတော့ တပ်ဘက်က တပ်ရဲ့ရပ်တည်ချက်ကို အခိုင်အမာရပ်တည်ထားတယ်။
လုံးဝ အလျော့အတင်း ဆွေးနွေးလို့ မရဘူး။ အဲလိုနှစ်ဘက်ရပ်တည်ချက် ကျနော်တို့ EAO ဘက်ကလည်း bilateral စာချုပ် ချုပ်တယ်။ လက်မှတ်ရေးထိုးရင်းနဲ့ ကျနော်တို့ အဆိုပြုတဲ့ဟာ လျော့နိုင်တဲ့ဟာ ကျနော် အတတ်နိုင်ဆုံး လျော့တယ်။ ဒါပေမယ့်လည်း မြန်မာ့တပ်မတော်ပြောတဲ့ပုံစံအတိုင်း၊ မြန်မာအစိုးရပြောတဲ့ အထိတော့ ကျနော်တို့ လျော့ဖို့အခက်အခဲဖြစ်တယ်။ ဆိုတော့ နှစ်ဘက်က အဲ့လိုတွေမလျော့နိုင်တဲ့ အတွက် ကြောင့် ကျနော်တို့ ဆွေးနွေးပွဲတွေက တော်တော်ကို ချဉ်းကပ်နိုင်တဲ့အလားအလာမရှိဘူး။ အလားအလာ မရှိတော့ ဆွေးနွေးပွဲတွေက လူထုတွေမျှော်လင့်သလို ကျနော်တို့ကိုယ်တိုင်မျှော်လင့်သလို ဖြစ်မလာဘူး။ ဖြစ်မလာတော့ ဆွေးနွေးပွဲတွေက ဒီလိုပဲ နိဂုံးချုပ်ရတဲ့အခြေအနေတွေ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ကျနော်အဖွင့် မိန့်ခွန်းမှာ ကျနော်တို့အဖွဲ့အစီအစဉ်ပြောတဲ့အချိန်မှာလည်း ဒီအခြေအနေကို သေချာသုံးသပ်ဖို့လိုတယ်လို့ သေချာ ထောက်ပြပါတယ်။ ကျနော်တို့က နှစ်ဘက်အတတ်နိုင်ဆုံး လျော့နိုင်တဲ့ဟာ လျော့ပြီးတော့မှ တကယ် အပစ်အခတ်တွေရပ်စဲနိုင်မယ်။ နိုင်ငံရေးပြဿနာကို ဆွေးနွေးနိုင်မယ့် လမ်းကြောင်းထဲမှာ တကယ်သွားနိုင်မယ့် လမ်းကြောင်းကို ဖော်ဆောင်ဖို့လိုတယ်လို့ ထောက်ပြပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ဆွေးနွေးတဲ့ အချိန်မှာ တပ်ဘက်က အထိုင်လုံးဝမရွေ့ဘူး။ သူ့ဆုံးဖြတ်ချက်အတိုင်းပဲ ကျနော်တို့ လိုက်ပါနိုင်ဖို့ ခက်တဲ့ အတွက်ကြောင့် ဒီဆွေးနွေးပွဲက အားလုံး ကျနော်တို့မရဘူး ဒီလိုပြောလို့ရပါတယ်။
မေး ။ ။ အောက်တိုဘာလထဲမှာ ပြန်တွေ့မယ့် အစိုးရနဲ့ ဆွေးနွေးပွဲမှာ Bilateral ထိုးဖြစ်ဖို့ရှိလား။ Bilateral ထိုးဖို့ဆိုရင် ဘယ်လို အချက်တွေသဘောတူဖို့ လိုအပ်လဲ။
ဖြေ ။ ။ ကျနော်တို့ နောက်တကြိမ် အောက်တိုဘာလအကုန်မှာ ပြန်တွေ့မယ့်ပွဲမှာတော့ ကျနော်တို့ မျှော်လင့် တာ ကတော့ bilateral စာချုပ်တွေ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ပေါ့။ ဒါပေမယ့် ပြန်ကြည့်မယ် ဆိုရင်တော့ လာမယ့် တွေ့ဆုံဆွေးနွေးပွဲမှာ ဆွေးနွေးပွဲရလာဒ်ပေါ်ပဲမူတည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် စောစောက ပြောသလို မြန်မာအစိုးရနဲ့ အဓိကက မြန်မာ့တပ်မတော်ဘက်က ရပ်တည်ချက်က ဘယ်လောက် အထိ လျော့ပေးနိုင်မလဲ အဓိကမူတည်တယ်။ ပြီးတော့ ကျနော်တို့ ဒီ bilateral စာချုပ်ချုပ်ဖို့ ဆိုရင် ကျနော် မြင်တာက ကျနော်တို့ မြန်မာ့တပ်မတော်သွားချင်တဲ့ပုံစံနဲ့ ကျနော်တို့ လက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်းတွေ ၄ ဖွဲ့သွားချင်တဲ့ လားရာ ဦးတည်ချက်က သိပ်မတူဘူးလို့ ကျနော်တို့ မြင်တယ်။ အဲဒီမှာ ကွဲလွဲမှုတွေရှိလို့ ဆွေးနွေးပွဲက ရှေ့ဆက်မတိုး နိုင်တာ အချက်တချက်လည်း ဖြစ်ပါတယ်။ ဆိုတော့ အဲဒီအချက် အလက်တွေ ကျနော်တို့ မူတည်ပြီးတော့မှ ထိုးဖြစ်မယ်၊ မထိုးဖြစ်ဘူးဆိုတာ အဖြေထွက်လိမ့်မယ်ထင်ပါတယ်။
မေး ။ ။ ကျနော်တို့ ကြားသိရသလောက်တော့ ဒီတခေါက် ကျိုင်းတုံဆွေးနွေးပွဲမှာ အစိုးရဘက်က လက်မှတ် ထိုးနိုင်လောက်တဲ့ အထိ ပြင်ဆင်လာတယ်လို့ သိရပါတယ်။ ဒါပေမယ့် မြောက်ပိုင်း မဟာမိတ်ဘက်က အဆင်သင့် မဖြစ်သေးဘူးဆိုတဲ့ အသံတွေလည်း ကြားရပါတယ်။ ဘာကြောင့်ပါလဲ။
ဖြေ ။ ။ ကျနော်တို့ ကျိုင်းထုံဆွေးနွေးပွဲမှာ တကယ်ကတော့ တကယ်လက်မှတ်ထိုးဖို့ အဆင့်ရောက်ပြီဆိုရင် တကယ်ကျနော်တို့ လိုချင်တဲ့ပုံစံကလည်း ဖြစ်မလာဘူး။ အစိုးရလိုချင်တဲ့ပုံစံဖြစ်မလာဘူး။ ဒါကြောင့်မို့ အစိုးရ ကလည်း သူလိုချင်တဲ့ပုံစံကို ကျနော်တို့ကို လက်မှတ်ထိုးခိုင်းတယ်။ အဲဒါဆို ကျနော်တို့က အစိုးရလိုချင်တဲ့ ပုံစံလက်မှတ်ထိုးဖို့ (man-date) မရှိဘူး။ ကျနော်တို့ မထိုးနိုင်ဘူး။ ကျနော်တို့လိုချင်တဲ့ ပုံစံကလည်း အစိုးရက သူလုပ်ပိုင်ခွင့်မရှိဘူး။
ဒါကြောင့်မို့ အခြေအနေတွေက လက်မှတ်ထိုးတဲ့အဆင့်မရောက်ဘူးလို့ ကျနော်တို့ ပြောချင်ပါတယ်။ အဓိကကတော့ ကျနော်တို့ ကြည့်လိုက်မယ်ဆိုရင် အဓိက ညှိကြည့်တာက အပစ်အခတ် တကယ် ရပ်စဲမယ်ဆိုရင် အပစ်အခတ်ရပ်စဲတဲ့ကာလအတွင်းမှာ ကျနော်တို့ ပြဿနာအငြင်းပွားစရာတွေ အများကြီး ဖြစ်တယ်။ မတော်တဆတိုက်ပွဲတွေ၊ ထိတွေ့မှုတွေ အများကြီးဖြစ်နိုင်တယ်။ အဲဒါကို လက်တွေ့ ကျကျ ဘယ်လိုဖြေရှင်းပေးမလဲ။ ဘယ်သူကြားဝင်ညှိနှိုင်းပေးမလဲ။ ကျနော်တို့ အဆိုပြုတာက အဲဒီလို ကျနော်တို့ အပစ်ရပ်တဲ့ကိစ္စတွေ ပေါ်ပေါက်လာတဲ့ပြဿနာတွေကို၊ ပဋိပက္ခတွေကို ကြားဝင်ဖြေရှင်းဖို့ ဒိုင်လူကြီး။ အဲဒီဒိုင်လူကြီးက တရုတ်နိုင်ငံအစိုးရနဲ့ FPNCC အဖွဲ့တွေ အဖွဲ့ခေါင်းဆောင်တွေ ပါဖို့လိုတယ်။ အဲဒါဆိုရင်တော့ ကျနော်တို့ ပဋိပက္ခဖြစ်နေတဲ့ နှစ်ဖွဲ့ကြားထဲမှာ ကျနော်တို့ ညှိနှိုင်းရတာက အဖြေရနိုင်တယ်။ ကျနော်တို့ အချင်းချင်း မြန်မာ့တပ်မတော်ပြောတာက ပဋိပက္ခဖြစ်နေတဲ့ နှစ်ဖွဲ့အချင်းချင်းပဲ ညှိမယ်ဆိုရင် ကျနော်တို့ အခုနှစ်ပေါင်း ၆၀၊ ၇၀ ရှိသွားပြီ ညှိလို့မရဘူး။ ညှိလို့မရလို့ တိုက်ပွဲဖြစ်နေတာဖြစ်တယ်။ ဒါကြောင့်မို့ အဓိက အဲဒီအချက်ကြီးကြီးမှာ ကျနော်တို့ လာပြီးကွဲလွဲနေတဲ့အတွက်ကြောင့်မို့ ကျနော်တို့က လက်မှတ် မထိုးနိုင်တဲ့ဟာ (man-date) မပါဘူးဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။ မြန်မာတပ်မတော်က အဲဒါကို သဘောတူပြီ ဆိုရင်တော့ ဒုတိယအကြိမ် ကျိုင်းထုံဆွေးနွေးပွဲမှာ ကျနော်တို့ လက်မှတ်ရေးထိုးပြီးသား ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်က အဲလိုပုံစံ သူ မလိုချင်ပါဘူး။ မြန်မာ့တပ်မတော်က အဲလိုပုံစံမလိုချင်လို့ ဆွေးနွေးပွဲတွေက ထပ်ပြီး ကြာနေတဲ့အပိုင်း ဖြစ်ပါတယ်။
အဲလိုသဘောတူညီချက်တွေ မဖြစ်နိုင်တဲ့အချိန်မှာ ကျနော်တို့ ထပ်ပြီးအဆိုပြုတာရှိပါတယ်။ အဲဒါကတော့ ဘေးတိုက်ပေါ့။ ကျနော်တို့ဆွေးနွေးပွဲကိုယ်စားလှယ်အနေနဲ့ ဒီမြန်မာဘက်၊ NRPC ဘက်၊ အစိုးရဘက်ကို ကျနော်တို့ ထပ်ညှိပါတယ်။ ဒီလိုသဘောမတူနိုင်ဘူး။ bilateral မလုပ်နိုင်ဘူးဆိုရင် အပစ်အခတ်ရပ်စဲဖို့ လိုတယ်။ အဲဒီအပစ်အခတ်ရပ်စဲနိုင်ဖို့အတွက်ကို တိုက်ပွဲတွေရပ်တန့်နိုင်ဖို့အတွက်ကို အထောက်အကူ ဖြစ်ဖို့ မြန်မာ့တပ်မတော်နဲ့ ကျနော်တို့ ပူးတွဲပြီးတော့မှ ၃ လအပစ်အခတ်ရပ်စဲရေး ကြေညာမလား။ ကျနော်တို့ အဆိုပြုပါတယ်။ ဒါပေမယ့် မြန်မာ့တပ်မတော်က သူလုပ်ပိုင်ခွင့်မရှိဘူး။
သူဆုံးဖြတ်ချက်မပါဘူး။ အဲဒါကြောင့် အဲဒီကြေညာဖို့လည်းမဖြစ်နိုင်ဘူး။ ဆ်ိုလိုချင်တာက ကျနော်တို့ဘက်က အတတ်နိုင်ဆုံး နည်းလမ်းတွေ ရှာပြီးတော့မှ ပဋိပက္ခတွေ ဖြေရှင်းဖို့၊ တိုက်ပွဲတွေ ရပ်တန့်ဖို့ နည်းလမ်းတွေရှာပါတယ်။ ဒါပေမယ့်လည်း မြန်မာ့တပ်မတော်ဘက်က အထက်က တာဝန်ပေးလာတဲ့ စာရွက်မှာပါလာတဲ့အတိုင်းပဲ သူကျနော်တို့ကို လာချပြတယ်။ လာချပြပြီးရင် သူတို့အဲဒီမှာ ဘောင်မဝင်ဘူးဆိုရင် သူတို့လုပ်လို့မရဘူးဆိုတဲ့ အနေအထားတွေ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ ဆွေးနွေးပွဲတွေက ထင်သလိုမအောင်မြင်ဘဲနဲ့ အဲဒီမှာပဲ ရပ်တန့်နေတာ ဖြစ်ပါတယ်။
မေး ။ ။ ဆွေးနွေးပွဲက တကယ်ရော အလုပ်ဖြစ်တယ် ပြောလို့ ရမလား။ နောက်တခုက ဆွေးနွေးဖို့ အချိန် မလောက်လို့ အသေးစိတ် မဆွေးနွေးနိုင်ဘူးလို့ ပြောတာမျိုးကြားရတယ်။ ဆွေးနွေးပွဲ တခါတခါ ဖြစ်ဖို့ မလွယ်တာကို ဘာလို့လုံလောက်တဲ့ အချိန် ဖြစ်ဖြစ်၊ ရက်ရှည်တွေ့တာမျိုး ဖြစ်ဖြစ် ဘာလို့မစီစဉ် ကြတာလဲ။
ဖြေ ။ ။ ကျနော်တို့ဆွေးနွေးပွဲက အချိန်ကြာကြာဆွေးနွေးတယ်ဆိုရင်တော့ သီအိုရီအရ နှစ်ဖက်နားလည်မှုတွေ ပိုရတယ်။ ဆုံးဖြတ်ချက်တခုချနိုင်မလားဆိုတော့ အဲ့လိုမျှော်လင့်ချက်တော့ ရှိတာပေါ့။ ဒါပေမယ့် ကျနော်တို့ ပြန်သုံးသပ်ကြည့်မယ်ဆိုရင်တော့ နှစ်ဘက်စလုံးက ကိုယ်ရဲ့ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ စွဲကိုင် ထားမယ် ဆိုရင်တော့ ကျနော်ထင်တယ်။ ၃၊ ၄ ရက်ဆွေးနွေးလည်း သဘောတူညီချက်က ရှေ့တိုးလာမှာ မဟုတ်ဘူးလို့ မြင်တယ်။ ဒါကြောင့်မို့ ဆွေးနွေးတဲ့အချိန်မှာ ကျနော်ထင်တယ်။ ကျနော်တို့ သဘောထားတွေ၊ ရပ်တည်ချက် တွေ လိုတိုးပိုလျော့ အလျော့အတင်းလုပ်နိုင်မယ့် အနေအထားလည်း စဉ်းစားဖို့လိုတယ်။ ဆွေးနွေးပွဲ တက်လာတဲ့လူတွေက (man-date)တွေ ယူလာဖို့လိုတယ်လို့ ကျနော်မြင်တယ်။ အဲဒါဆိုရင် ဒီပုံစံမရဘူးဆိုရင် ဘယ်လိုပုံစံဖြစ်နိုင်လဲ။ ဥပမာ ကျနော်တို့ ဒီသဘောပြောရမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေးကိစ္စ၊ ပဋိပက္ခတွေ ပေါ်ပေါက်လာရင် ဖြေရှင်းပေးဖို့ အဲဒီအဖွဲ့ဖွဲ့မယ်ဆိုရင် ပထမတုန်းက ကျနော်တို့က စောင့်ကြည့်ရေးအဖွဲ့လို့ ပြောတယ်။ သူတို့က သဘောမတူနိုင်ဘူး။ မတူနိုင်ဘူးဆိုရင် အပစ်အခတ်စောင့်ကြည့်ရေးအဖွဲ့လို့ ကျနော်တို့ မပြောဘူး။ ပဋိပက္ခဖြေရှင်းရေးအဖွဲ့လို့ ကျနော်တို့ ပြောမယ်။ ကျနော်တို့ အဲလိုပုံစံကျနော်တို့ စဉ်းစားပါတယ်။ ဒါလည်း မြန်မာ့တပ်မတော်ဘက်က သဘောမတူဘူး။ အဲဒီပဋိပက္ခလျော့ကျရေးထဲမှာ တရုတ်နိုင်ငံပါလို့ မရဘူးဆိုတဲ့ အချက်ကို မြန်မာ့တပ်မတော်က အဓိကရပ်တည်ထားတာ ဖြစ်တယ်။
မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားကြားထဲမှာဖြစ်တဲ့ပြဿနာကြောင့်မို့ မြန်မာ့တပ်မတော်နဲ့ ပြဿနာဖြစ်တဲ့ နှစ်ဖွဲ့ကြားထဲပဲ ဒီကိစ္စ ဆောင်ရွက်ရမယ်။
ညှိနှိုင်းရမယ်လို့ပဲ ဒီလိုပဲ တရားသေရပ်တည်နေတယ်။ ကျနော်တို့က အဲဒါဆို တော်တော် ဆောင်ရွက်ရခက်ပါတယ်။ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုကို မလိုလားဘူး။ လက်မခံနိုင်ဘူးဆိုရင်လည်း ကျနော်တို့ ပြောတယ်။ အဲဒီမှာ စာနဲ့ မပါနိုင်ဘူးဆိုလည်း ဥပမာ ပဋိပက္ခလျော့ချရေးမှာ တရုတ်တို့၊ FPNCC တို့ ပါရမယ်လို့ တိုက်ရိုက်မရေးရင်လည်း ဥပမာ ကျနော်တို့ အပစ်အခတ်ရပ်စဲရေး စာချုပ်ရေးမယ်ဆ်ိုရင်လည်း သက်သေတွေပါမယ်။
အောက်မှာတရုတ်နိုင်ငံသက်သေတွေပါမယ်။ FPNCC သက်သေတွေပါမယ်။ ဒါဆိုရင် ကျနော်တို့ စာချုပ်ထဲမှာက နိုင်ငံလို့မထည့်ဘူး။ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ကို အောက်ပါဒီစာချုပ်သက်သေအဖြစ် ပါတဲ့ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းပြီးတော့မှ အကောင်အထည်ဖော်ဆောင်ရွက်မယ် အဲ့လိုရေးရင် ရမလားစသဖြင့် ကျနော်တို့၄ဖွဲ့အနေနဲ့ အဲ့လိုအဆိုပြုပြီးတော့မှ အလျော့အတင်းကိစ္စစဉ်းစားတယ်။ ဆွေးနွေးပါတယ်။ ဒါပေမယ့် အဲဒါလည်း အဆင်မပြေဘူး။ ဒါကြောင့်မို့ ဆွေးနွေးပွဲက ကျနော်တို့မြင်တာက အချိန်တိုတာတော့ တိုပါတယ်။ ဒါပေမယ့် အချိန်များခဲ့မယ်ဆိုရင်လည်း အဲဒီလိုအလျော့အတင်း မလုပ်နိုင်ဘူးဆိုရင် တခြားနည်းလမ်း ဒီတခုမရရင် တခြားတခုဆိုတဲ့ဟာ အဲ့လိုအလျော့အတင်းတွေ မရှိဘူးဆိုရင် ကျနော်ထင်တယ်။
အစည်းအဝေးကာလကြာရင် ဘာမှ ထူးမှာမဟုတ်ဘူးလို့ ကျနော်မြင်ပါတယ်။ ဒါပေမယ့် ဒီဟာကတော့ ဆွေးနွေးပွဲတွေ များများသွင်းဖို့လိုတယ်။ ဆွေးနွေးပွဲအတတ်နိုင်ဆုံးတော့ ဒီထက်နည်းနည်းပိုအချိန်ရပြီးတွေ့ဖို့ လိုတယ်။ အချိန်များများရဖို့လည်း ကျနော်တို့မြင်တယ်။ နေရာပေါ်လည်း အများကြီးမူတည်ပါတယ်။ အခုက နေရာက ကျနော်တို့ကြာကြာနေလို့မကောင်းတဲ့နေရာ၊ ရန်သူရဲ့နေရာဖြစ်နေပါတယ်။ ကျိုင်းထုံမြို့ဆိုတာ ကြားနေရာ မဟုတ်ဘူး။ တကယ်လို့ကြားနေရာဖြစ်ခဲ့မယ်ဆိုရင် ဥပမာ ကျနော်တို့ပန်ဆန်းမဟုတ်တောင်မှ အနည်းဆုံး မိုင်းလားလောက်ဖြစ်မယ်ဆိုရင်တော့ ကျနော်တို့ ၂ ရက်၊ ၃ ရက် ဆွေးနွေးလို့ရတယ်။ ဒါမျိုးနေရာလည်း ဖြစ်ဖို့လိုတယ်လို့ ကျနော်တို့ မြင်တယ်။
မေး ။ ။ ဒီတခေါက်ဆွေးနွေးပွဲမှာ တပ်မတော်ပါလာတော့ ပိုပြီး အလုပ်ဖြစ်တယ်လို့ ပြောလို့ရလား။ တပ်နေရာချထားရေး၊ စစ်ရှိန်လျှော့ချရေး ကိစ္စတွေမှာ ဆွေးနွေးရတာ အဆင်ပြေလား။ မြောက်ပိုင်း မဟာမိတ်ဘက်ကရော အလျှော့အတင်းလုပ်ဖို့ရှိလား။
ဖြေ ။ ။ ကျနော်တို့ ဒီဆွေးနွေးပွဲတွေမှာ အခုတကယ်( state-holder) မြန်မာ့တပ်မတော်ဘက်က ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရာပြည့်ကိုယ်တိုင်တက်တဲ့အတွက် ကောင်းတဲ့လက္ခဏာလို့ ကျနော်တို့ မြင်တယ်။ ဒါပေမယ့်လည်း ဆွေးနွေးပွဲအောင်အောင်မြင်မြင် တကယ်
အလုပ်ဖြစ်ဖို့ဆိုရင်တော့ ကျနော်မြင်တယ်။ တကယ်တက်လာတဲ့ ကိုယ်စားလှယ်က အခုသွားနေတဲ့ ဆွေးနွေးနေတဲ့ ဖြစ်စဉ်ကိုလည်း သေချာသိဖို့လိုတယ်လို့ ကျနော်မြင်တယ်။ ဒီကျိုင်းထုံဆွေးနွေးပွဲမှာ ကျနော်တို့တခုသွားမြင်တာကတော့ ကျနော်တို့နဲ့ NRPC အဖွဲ့ ကူမင်းမှာ အကြိမ်ပေါင်းများစွာ ဆွေးနွေးတယ်။ မူဆယ်မှာ ဆွေးနွေးတယ်။ တောက်လျောက် ကျနော်တို့ ဆွေးနွေးတဲ့ဟာတွေက ကျနော်တို့ကြားထဲမှာ သိထားတဲ့ အခြေခံအချက် အလက်တွေက သွားရမယ့် အခြေခံအချက်အလက်တွေက အခုတက်လာတဲ့ မြန်မာ့တပ်မတော် ခေါင်းဆောင်က နားသိပ်မလည်ဘူး။ သိရှိနားလည်မှုအားနည်းတယ်လို့ ကျနော်မြင်တယ်။
အဲဒီမှာ NRPC အတွင်းထဲမှာပဲ သတင်းစီးဆင်းမှု ဘယ်လိုအခြေအနေ ဘယ်လောက်ထိ ရှိလဲ။ PC နဲ့ NRPC ဘယ်လောက်အထိ ချိတ်ဆက်မှုရှိလဲ။ အဲဒီကနေတဆင့် မြန်မာ့တပ်ခေါင်းဆောင်အထိ ဘယ်လောက်အထိ သွားသလဲ။ မြန်မာ့တပ်ခေါင်းဆောင်က အခုဆွေးနွေးပွဲတပ်ခေါင်းဆောင် ဘယ်လောက်အထိ ရှင်းပြထားသလဲ။ ဆိုလိုချင်တာက PC ကခေါင်းဆောင်တွေက တပ်ချုပ်ကြီး မြန်မာတပ်ချုပ်ကို အကြောင်းကြား ရှင်းလင်းပြတာမျိုး ရှိကောင်းရှိနိုင်တယ်။ ဒါပေမယ့် တပ်ချုပ်က ဒီအဖွဲ့ခေါင်းဆောင်ရှင်းပြတဲ့နေရာမှာ ဘယ်လောက်အထိ နားလည်အောင် ရှင်းပြသလဲ အများကြီးမူတည်ပါတယ်။
ဒါကြောင့်မို့ ကျနော်တို့ ကြည့်တဲ့အချိန်မှာ ကျနော်တို့ ဆွေးနွေးပွဲတွေ အကြိမ်ပေါင်းများစွာလုပ်တဲ့အချိန်မှာ ရထားတဲ့အချက်အလက်တွေက နားလည်မှု လမ်းကြောင်း တချို့ ကျန်နေခဲ့ပြီးတော့မှ အခုဒုတိယ အကြိမ်တွေ့တဲ့ အချိန်မှာ တပ်နဲ့ ကျနော်တို့က တကယ့် တစိမ်းတွေပဲ ဖြစ်နေတယ်။ မြန်မာ့တပ်သွားချင်တဲ့ပုံစံနဲ့ ကျနော်တို့ ၄ ဖွဲ့သွားချင်တဲ့ပုံစံနဲ့ ဒီအချိန်မှာ ကွဲလွဲနေတယ်။ ကျနော်တို့ အရင်တုန်းက ဆွေးနွေးခဲ့တဲ့ဟာတွေက ဆွေးနွေးတာပဲရှိတယ်။
တကယ်လက်တွေ့ဘာမှ အကျိုးမရှိတဲ့ ပုံစံတွေ ပေါ်နေတယ်။ ဒါကြောင့်မို့ ကျနော်တို့ မြင်တာက ဒီဟာကို ပိုပြီးတော့ လက်တွေ့ဖြစ်စေချင်ရင်တော့ မြန်မာ့ တပ်ဘက်နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်ဘက်က လုပ်ငန်းတွင်း ချိတ်ဆက်မှုတွေကို များများလုပ်ဖို့အတွက်လို့ ကျနော်မြင်တယ်။
အဲဒါဆိုရင်တော့ ဆွေးနွေးတာက ကျနော်တို့ ခုနကပြောတဲ့ကိစ္စတွေ လက်တွေ့ပိုပြီး ကျလာမယ်။ သေချာတယ် ကျနော်တို့အခုဆွေးနွေးတဲ့အချိန်မှာ ကျနော်တို့က တပ်နေရာထားဖို့ကိစ္စတွေ လက်တွေ့ဆောင်ရွက်ဖို့ ကျနော်တို့ အများကြီးလိုပါတယ်။ အဲဒီအချိန်မှာ တပ်ကလည်း ကျနော်တို့ကို အစည်းအဝေးချိန်မှာ ပြောတာပေါ့။ ဒါပေမယ့် လက်တွေ့မှာ သူတို့ဆွေးနွေးချင်တဲ့ပုံစံက တဖွဲ့ချင်းနဲ့ပဲ ဆွေးနွေးချင်တယ်။ အခုလည်း bilateral ကို မြန်မာ့တပ်မတော်က တဖွဲ့ချင်းနဲ့ပဲ ထိုးချင်တယ်။ ကျနော်တို့ ဒီ ၄ ဖွဲ့ကို သူက သဘောတူညီချက် (DOC) ပုံစံလောက်ပဲ ထိုးချင်တယ်။ (DOC) လောက် ထိုးပြီးမှ တကယ်အပစ်အခတ်ရပ်စဲတဲ့ကိစ္စကို တဖွဲ့ချင်းစီပဲ ထိုးချင်တယ်။
တဖွဲ့ချင်းစီ ထိုးတဲ့အချိန်မှာ သဘောမတူ နိုင်တဲ့အဖွဲ့တွေလည်း ချန်ကောင်းချန်နိုင်လိမ့်မယ်။ ဒါဆိုရင်တော့ ကျနော်တို့ ထောက်ပြတာ တိုက်ပွဲဘယ်လိုမှ ရပ်တန့်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့်မို့ ကျနော်တို့ မြင်တာက တကယ်အဲဒီအပိုင်းတွေက ကျနော်တို့ ဟိုးပြီးခဲ့တဲ့ အစည်းအဝေးတွေ မကျင့်သုံးခင်ကတည်းက ဆွေးနွေးထားပြီးသားဖြစ်တယ်။ ဒါပေမယ့် ဒီကနေ့မှာ ကျိုင်းထုံ ဆွေးနွေးပွဲ ဒုတိယအကြိမ်မြောက်မှာ ဒီဟာက ပြန်ပေါ်လာတယ်။ မြန်မာ့တပ်မတော်က ပြန်ပြီးတင်ပြလာတယ်။
ကျနော်တို့တွေ့ဆုံဆွေးနွေးတဲ့အချိန်မှာ စောစောကကျနော်ပြောသလိုပဲ ကျနော်တို့ ၄ ဖွဲ့ကလည်း အတတ်နိုင် ဆုံး လျော့နိုင်တဲ့ဘက်ကလျော့ဖို့ စဉ်းစားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဒီလိုတိုက်ပွဲရှည်ကြာ နေတာ ကျနော်တို့ငြီးငွေ့လာပြီ။ လူထုကိုလည်း ကျနော်တို့က အရမ်းကို ငဲ့ညှာတယ်။ ကျနော်တို့ တကယ် ငြိမ်းချမ်းရေးဖြစ်ပြီးတော့မှ ဒေသဖွံ့ဖြိုးရေးတွေ လက်တွေ့ဆောင်ရွက်ချင်တယ်။ ဒါကြောင့်မို့ ကျနော်တို့လည်း ဆွေးနွေးပွဲတိုင်းမှာ ကျနော်တို့ဘက်က အတတ်နိုင်ဆုံး ဘယ်လောက်ထိလျော့မလဲ။ တိုက်ပွဲတွေ ဘယ်လို ရပ်အောင်လုပ်မလဲ။ ကျနော်တို့လည်း နည်းလမ်းတွေ စဉ်းစားပါတယ်။
အခုဆွေးနွေးခဲ့တဲ့ ဟာလည်း တခြားနည်းလမ်း ဘာရှိမလဲ ကျနော်တို့ အမြဲတမ်းစဉ်းစားတယ်။ တင်ပြတယ်။ ဆိုတော့ ဒါပေမယ့်လည်း တချို့မူတွေထက်ကျော်လွန်နေတဲ့ဟာ ဥပမာအားဖြင့် လောလောဆယ်မှာ ကျနော်တို့ အပစ်အခတ်ရပ်စဲရေး လုပ်မယ်ဆိုရင်တော့ ကျနော်တို့ ဟိုတဖွဲ့ ဒီတဖွဲ့ ခွဲပြီးလုပ်မယ်ဆိုရင် တိုက်ပွဲက ဘယ်လိုမှ မဖြစ်နိုင်ဘူး။
ဥပမာ ကျနော်တို့ TNLA လုပ်မယ်။ ကိုးကန့်နဲ့လုပ်မယ်။ AA ကိုတော့ ဖိတိုက်နေမယ်။ ကချင်ကိုလုပ်တယ်။ ကျနော်တို့ TNLA တော့ မလုပ်ဘူး။ ဒါဆိုရင်တော့ ဒီဒေသက ဘယ်လိုမှ မငြိမ်းချမ်းနိုင်ဘူး။ ကျနော်တို့ တဖွဲ့ချင်းစီရဲ့ နယ်မြေအရ ဆက်စပ်မှု နိုင်ငံရေးအရ ဆက်စပ်မှုတွေကြောင့် ကျနော်တို့ မြင်တာက ၄ ဖွဲ့စလုံး မြန်မာပြည်မှာ တိုက်ပွဲဖြစ်နေတာကလည်း ၄ ဖွဲ့နဲ့ပဲဖြစ်နေတယ်ဆိုတော့ ဒီ ၄ ဖွဲ့လုံးကို တပြိုက်နက်ထဲလုပ်မယ်ဆိုတာက သေနတ်သံရပ်သွားပြီဆိုရင်တော့ ဆွေးနွေးမှု လမ်းကြောင်း အမှန်ကို တကယ်လက်တွေ့ရောက်လာ နိုင်လိမ့်မယ်လို့ ကျနော်တို့ မြင်တယ်။ ကျနော်တို့ ဟိုဘက်က အတတ်နိုင်ဆုံး လျော့ဖို့ နည်းလမ်းလည်း အများကြီးစဉ်းစားပါတယ်။ ဆွေးနွေးပွဲတွေ အောင်မြင်ဖို့ ဒီလိုအခြေခံက ချဉ်းကပ်ဖို့လိုတယ်လို့ ကျနော်တို့ ကောင်းကောင်းသဘောပေါက်ပါတယ်။