၂၀၁၉ ခုနှစ်တွင်လည်း ယခင်နှစ်များကဲ့သို့ပင် ငလျင် ခပ်စိတ်စိတ် လှုပ်ခတ်မှုများ ရှိခဲ့သည်။ မြန်မာနိုင်ငံ အနှံ့အပြား၌ ပြီးခဲ့သည့် သြဂုတ်လတွင် အကြိမ်၂၀ နှင့် စက်တင်ဘာလတွင် ၁၀ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း မြေငလျင် စောင့်ကြည့်ရေး ဌာန၏ အချက်အလက်များ အရ သိရသည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ ငလျင်ကြီးများ လှုပ်ခတ်နိုင်ခြေ ရှိမရှိကို အနီးစပ်ဆုံး ကြိုတင်ခန့်မှန်းရန် မဆိုထားနှင့် လေ့လာဆန်းစစ်ရန်ပင် နည်းပညာနှင့် ငွေကြေးများ အခက်အခဲဖြစ်နေကြောင်း သိရသည်။
သို့ဖြစ်ရာ အဆိုပါ အခက်အခဲများနှင့် လက်ရှိ ငလျင်လှုပ်ခတ်မှု ဘူမိဗေဒပညာရှင် တဦးလည်းဖြစ် မြန်မာနိုင်ငံ မြေငလျင် ကော်မတီ နာယကလည်း ဖြစ်သူ ဒေါ်လှလှအောင်ကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ လက်ရှိ ငလျင်လှုပ်ခတ်မှု အခြေအနေတွေက ဘယ်လိုရှိနေလဲရှင့်။
ဖြေ။ ။ ပထမဆုံးက သံတွဲငလျင်၊ ရခိုင်ရိုးမရဲ့ အောက်ဘက်နားလောက် သံတွဲမှာ လှုပ်သွားတာ။ အဲဒါက ၁၈ ရက် သြ ဂုတ်လ ၂၀၁၉ ခုနှစ်မှာ လှုပ်သွားတာ တကြိမ်တည်းမှာ ၂ ခါလှုပ်တာ အချိန်နည်းနည်းလေးပဲ ကွာတယ်။ ရစ်(ခ်)တာ စကေး (magnitude) က တခုက ၅၄ ဒဿမ ၇ ကီလိုမီတာ တခုက ၄၀ ဒဿမ ၃ ကီလိုမီတာ၊ အဲဒီလောက်မှာ လှုပ် တယ်။ ပြောမယ်ဆိုရင် ၅၀ ကီလိုမီတာ အနက်နဲ့ ၄၀ ကီလိုမီတာ။ အနက်တော့ မတိမ်ဘူး။
သံတွဲ ငလျင်ပြီးတော့ ဘယ်မှာ ထပ်လှုပ်သလဲဆိုတော့ ကချင်ပြည်နယ် ရှင်ဗွေယန်မှာ ၂၆ ရက် သြဂုတ်လထဲမှာ လှုပ် တာ။ သူ့ရဲ့ မဂ္ဂနီကျု့က ၄ ဒဿမ ၇ သူ့ရဲ့ အနက်က ၉၃ ဒဿမ ၅ ကီလိုမီတာ အနက်တွေ နက်တယ်။ အဲဒါလှုပ်ပြီး တော့ ၃၁ သြဂုတ်မှာ ရေဦး ငလျင် လှုပ်တယ်။ ရေဦးငလျင်က ရွှေဘို၊ မုံရွာ မြစ်ဝှမ်းမှာပေါ့။
Basin လို့ခေါ်တဲ့ ချိုင့်ဝှမ်း၊ မြစ်ဝှမ်းက မြန်မာနိုင်ငံမှာ ၇ ခု ရှိတယ်။ ဟူးကောင်း ချိုင့်ဝှမ်း၊ ချင်းတွင်း၊ စလင်း၊ ပြည်၊ မြစ်ဝကျွန်းပေါ်နောက်ပြီးတော့ အခုပြောတဲ့ ရွှေဘို-မုံရွာ မြစ်ဝှမ်း၊ စစ်တောင်း မြစ်ဝှမ်းတွေဖြစ်တယ်။ Basin ဆိုတာကတော့ ချိုင့်ဝှမ်း အကြီးကြီးတွေကို ခေါ်တာ။ အဲဒီနေရာတွေကို ဘာလို့ Basin လို့ခေါ်လဲဆိုတော့ ရေနံတို့ သဘာဝဓာတ်ငွေ့တို့ ဖြစ်ပေါ်တတ်လို့ ခေါ်တာ ဒါက အခေါ်အဝေါ် တခုပေါ့။
အခုက အဲဒီ ၇ ခုထဲက တခုအပါအဝင်ဖြစ်တဲ့ ရေဦးငလျင် လှုပ်တာက ရွှေဘို-မုံရွာ မြစ်ဝှမ်းပေါ့ ။ အဲဒါ မဂ္ဂနီကျု့ကတော့ မိုး/ဇလက ၆ ဒဿမ ၀ လို့ခေါ်တယ်။
အဲဒါပြီးတော့ ၆ ရက်မှာ ချောက်ငလျင် ကျ တော့ ၉၈ ဒဿမ ၉ ကီလိုမီတာလောက် ရှိတယ်။ မဂ္ဂနီကျု့က ၄ ဒဿမ ၈ လောက်ရှိတယ်။
အခု လတ်တလောမှာ တခု တခုကို ၄၊ ၅၊ ၆ ရက် ကွာပြီးတော့ ဆက်တိုက် လှုပ်သွားတာ။ စက်တင်ဘာ ၁ ရက်က လှုပ်တာဆိုရင် မော်ကျွန်းငလျင်ပေါ့။ သူကတော့ ၄ ဒဿမ ၆ နဲ့ လှုပ် တယ်။ အနက်က ၁၀ ကီလိုမီတာပဲ ရှိတယ်။ လှုပ်တဲ့ အကြိမ် အရေအတွက်က များလာသလို လှုပ်တဲ့ကာလတွေကလည်း တခုနဲ့ တခု နီးကပ်လာတယ်။
အဲဒါကိုတော့ သတိ ထားရသင့်တယ်။ ဖြစ်နိုင်ရင်တော့ စိုးရိမ်ပူပန်နေမယ့် အစား ကြိုတင်ပြင်ဆင် ထားဖို့ လိုတယ်လို့ အကြံပြုချင်တယ်။
မေး။ ။ ဒီလို ငလျင်တွေ ခပ်စိတ်စိတ် လှုပ်လာတာက ဘယ်လိုကြောင့်လဲ။
ဖြေ။ ။ ၁၉၇၅ မှာ လှုပ်ခဲ့တာက ပုဂံဘုရားတွေ ပျက်တယ်။ ပုဂံငလျင်တုန်းက တကြိမ်။ နောက် ချောက်ဆိုရင် ၂၀၀၆ ခုနှစ် မှာ ၆ ဒသမ ၈ လှုပ်ခဲ့တယ်။ အဲဒီ လှုပ်လိုက်တဲ့ အချိန်ကစပြီး မြန်မာနိုင်ငံ အနှံ့အပြားမှာ ငလျင်တွေက တောက်လျှောက် လှုပ်နေတယ်။
မြန်မာနိုင်ငံ အလယ်ပိုင်းမှာရော စစ်ကိုင်းပြတ်ရွေ့ရော နောက်အရှေ့ဘက် ရှမ်းကုန်းမြေမြင့်၊ တောင်ပိုင်း မှာရော၊ မြောက်ပိုင်းမှာရော၊ အရှေ့ပိုင်းမှာရော မြန်မာနိုင်ငံ တခုလုံးနီးပါးကို ဟိုနားလှုပ် ဒီနားလှုပ်နဲ့ အကြိမ်အရေအတွက် ပိုပြီးတော့ လှုပ်လာတယ်။
ဘာကြောင့်လှုပ်ရသလဲ ဆိုတာကတော့ ရခိုင်ရိုးမဘက်တွေမှာ တောက်လျှောက်လုပ်တာက ဆင်းသွားတဲ့ အိန္ဒိယ ကျောက်ထုချပ် ဆိုတာရှိတယ်၊ ဘားမား ကျောက်ထုချပ်ဆိုတာ ရှိတယ်။ ဒီနှစ်ခု သက်ရောက်မှုကြောင့် မြန်မာနိုင်ငံ အနှံ့အပြားမှာ လှုပ်လာရတာ။ အခုဆို အနှံ့အပြား လှုပ်ရုံတင်မကဘူး အရေအတွက် ပိုများလာတယ်။ အချိန်အားဖြင့်လည်း နီးကပ်လာတယ်။
မေး။ ။ ငလျင်ကို ခန့်မှန်းဖို့ကလည်း ခက်ခဲတယ်။ ဒါပေမယ့် ရှေ့အလားအလာကိုလည်း လူတွေက စိုးရိမ်တကြီး သိချင်နေ ကြတယ်။ ဆရာမတို့ အနေနဲ့ ဘယ်လို ထင်မြင်မိလဲ။
ဖြေ။ ။၂၀၁၆ ခုနှစ် မတိုင်ခင်တုန်းက အမေရိကန် ကိုလံဘီယာ တက္ကသိုလ် ပေါမောက္ခတဦးက သူ့ရဲ့ GPS data တွေကို အခြေပြုပြီးတော့ ပြောလိုက်တာက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာပြည်ကြား ထဲလောက် ငလျင်ကြီးကြီးမားမား လှုပ်မယ်လို့ သူက ပြောလိုက်တယ်။ ကျမတို့အနေနဲ့က သူတို့ဆီမှာ ရှိသလို Advance technology က မရှိဘူး။ ခန့်မှန်းပြီး ပြောဖို့ data က လည်း မရှိဘူး။
နိုင်ငံခြားသုတေသန ပညာရှင်တွေ သိထားတာက ၂၀၁၈ ပထမ နှစ်ဝက်မှာပဲ အချိန် ၆၃ ကြိမ် လှုပ်ခဲ့တယ်။ အဲဒီထဲမှာ Significant earthquake လို့ ခေါ်တဲ့ ပမာဏကြီးတာကတော့ ၆ ကြိမ် လောက် လှုပ်သွားတယ်လို့ တိုင်းတာရရှိချက်ထဲမှာ ဖော်ပြထားတာ တွေ့ရတယ်။ သူတို့ကလည်း ထင်တယ်။ ဒါဟာ အနာဂတ်မှာ ငလျင်ကြီးပဲ လှုပ်မှာကို အချက်ပြနေတာ လားလို့ ထင်တယ်။
ဒါမှမဟုတ်ရင်လည်း ထိုးဆိုက်ဇုန်ရဲ့ သဘောသဘာဝ အတိုင်း Active ဖြစ်ပြီးတော့ အနက်များ တဲ့ ငလျင်တွေ လှုပ်တာလို့ လည်း ပြောတယ်။ ဘယ်ဟာကိုမှ ဘယ်သူမှ တိတိကျကျ ပြောလို့မရ ဘူး။ များသောအားဖြင့် နည်းနည်း စိုးရိမ်တာက အကြိမ်အရေအတွက် ပိုပြီးတော့ များလာတယ် လှုပ်တဲ့ကာလကလည်း တိုတိုအတွင်းမှာ လှုပ်နေတယ် ဆိုတာက သိသိသာသာ ထင်ရှားတယ် ပေါ့။
မေး။ ။ စစ်ကိုင်းပြတ်ရွေ့နား တလျှောက် လှုပ်နေတဲ့အပေါ် ဘယ်လိုခန့်မှန်းလို့ ရလဲရှင့်။
ဖြေ။ ။ စစ်ကိုင်းပြတ်ရွေ့နားမှာ လှုပ်တယ်။ အခေါ်အဝေါ်ဆိုရင် မြန်မာနိုင်ငံဆိုရင် အလယ်ပိုင်း မြေနိမ့်ပိုင်းလို့ ခေါ်တယ်။ မြေနိမ့်ပိုင်းမှာ ရှိတာက ချိုင့်ဝှမ်းကြီးတွေ ရှိတယ်။ အင်္ဂလိပ်လို ခေါ်ရင် Basin ပေါ။ လှုပ်သွားတာက ရေဦးနားမှာ ဆိုတော့ နီးစပ်မှု ရှိတယ်၊ ဆက်စပ်မှု ရှိတယ်။ စစ်ကိုင်း ပြတ်ရွေ့ပေါ်မှာတော့ လှုပ်တာ မဟုတ်ဘူး။ လူတွေထင်တာက ဒါပြီးရင် စစ် ကိုင်းပြတ်ရွေ့ကို ခုန်ပြီး လှုပ်မယ်ဆိုတာတော့ မဟုတ်ဘူး။
မေး။ ။ ချိုင့်ဝှမ်းကြီးတွေမှာ လှုပ်လို့ ထိခိုက်ပျက်ဆီးမှု များခဲ့တာတွေ ရှိခဲ့ဖူးလား။
ဖြေ။ ။ စလင်း Basin လို့ခေါ်တဲ့ Basin မှာဆိုရင် တောင်တွင်းကြီး ငလျင်ဆိုတာ လှုပ်ခဲ့ဖူးတယ်။ ပြည် Basin မှာဆိုရင် အောင်လံငလျင်ဆိုတာ လှုပ်ခဲ့ဖူးတယ်။ ၁၉၂၇ တုန်းက ရန်ကုန်ငလျင် လှုပ်ဖူးတယ်။ ဂွေးချိုပြတ်ရွေ့ကြောင့်လှုပ်တဲ့ ပုဂံ ငလျင်ဆိုတာ သပ်သပ်ရှိသေးတယ်။ အဲဒါတွေ ကတော့ ဖြစ်ခဲ့ဖူးတဲ့ Historical earthquake တွေပေါ့။ ပျက်စီးမှုကတော့ အထိုက်အလျှောက် ပျက်စီးမှု ရှိတာပဲ။
မေး။ ။ အဲဒီအခြေအနေက သတိထားနေဖို့ လိုတဲ့ အခြေအနေမျိုးလား။
ဖြေ။ ။ ဒါပေါ့ သတိထားနေရမယ်ဆိုတာက ခုနက ပြောသလိုပဲ ခန့်မှန်းလို့ မရတဲ့ အခြေအနေ ပေါ့။ ငလျင်ဆိုတာက ဘယ် လိုမှ ခန့်မှန်းလို့ မရဘူး။ ငလျင်နဲ့ ပတ်သက်တဲ့ ပညာရှင်တွေကတော့ အမြဲမပြတ် ကြိုးစားနေပါတယ်။ ငလျင်ကို ကြိုပြီး တော့ ခန့်မှန်းနိုင်တယ်ဆိုရင် ပျက်ဆီးမှုလည်း သက်သာမယ်။ လူအသေအပျောက်လည်း သက်သာမယ်ဆိုပြီး အမြဲကြိုး စားနေတယ်။ အကောင်းဆုံးကတော့ အထိရောက်ဆုံး ကြိုတင် ပြင်ဆင်မှုတွေကိုသာ လုပ်ပါလို့ပဲ အမြဲ အကြံပြုပါတယ်။
မေး။ ။ ငလျင်နဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ အလေးထားမှု အပိုင်းကိုရော ဘယ်လိုမြင်လဲ။
ဖြေ။ ။ Department of Disaster Management လို့ခေါ်တဲ့ အဖွဲ့အစည်းက လုပ်နေတယ်။ သူက ဘယ်အောက်မှာလဲဆို ရင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်မှာ ရှိတာ။ အခု နောက်ပိုင်း တော့ အစိုးရကလည်း ငလျင်လှုပ်တာ တွေလည်း မျက်စိနဲ့ မြင်နေရတယ်။ ကိုယ်တိုင်လည်း ခံစားလာရတယ်။ နောက်လှုပ် လိုက်လို့ ပျက်စီးလာတဲ့ အပျက်အစီးတွေကိုလည်း သူတို့ ကိုယ်တိုင် သွားကြည့်ပြီး သိနေတယ်ဆိုတော့ သဘာဝဘေးနဲ့ ပတ်သက်လို့တော့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်နေပါတယ်။
မေး။ ။ နိုင်ငံတကာနဲ့ ယှဉ်ရင် ငလျင်သုတေသန ပြုလုပ်တဲ့အခါမှာ မြန်မာနိုင်ငံအနေနဲ့က ဘယ်လို အခက်အခဲတွေ ရှိနေ တာလဲ။
ဖြေ။ ။ မြန်မာနိုင်ငံမှာတော့ လိုအပ်ချက်တွေက အများကြီး ရှိတယ်။ ပထမဆုံးကတော့ နည်းပညာ အားနည်းတယ်။ အဓိကကတော့ ဂြိုလ်တု အချက်အလက် သုံးတာ ဒေတာတွေပေါ့။ ငလျင်တွေ ဘယ်နားမှာ လှုပ်တတ်သလဲ၊ ငလျင်လှုပ် တတ်တဲ့ ပြတ်ရွေ့ရှာတာ။ နောက် ငလျင် ဘယ်နားက စလှုပ်နိုင်လဲ ဆိုတာတွေ သိနိုင်ဖို့ အတွက်ပေါ့။
ငလျင်လှုပ်တဲ့ နေရာမှာ ရှိနေတဲ့ အချက်အလက်တွေကို ရှာဖွေဖို့ကျတော့ အခုနောက်ပိုင်းမှာ Satellite Data တွေကို အသုံးပြုကြတယ်။ ကောင်းကင်မှာ ရှိတဲ့ဂြိုလ်တုတွေကနေပြီးတော့ ရရှိတဲ့ အချက်အလက်တွေကနေ Satellite Image တွေ ရလာတယ်။ ပုံတွေရလာတာနဲ့ ဘယ်နေရာမှာ လှုပ်တာလဲ ဘယ်ပြတ်ရွေ့က လှုပ်တာလဲ အပျက်အစီး ဘယ်လောက် ရှိလဲ ဆိုတာကို ဂြိုလ်တုဓာတ်ပုံကနေ တဆင့် လျင်မြန်စွာ ထိထိရောက်ရောက် ရရှိနိုင်တယ်။
အင်မတန်ကို ထိရောက်တဲ့ ဂြိုလ်တုပုံရိပ်တွေနဲ့ GIS လို့ခေါ်တဲ့ မြေပုံထုတ်တဲ့ နည်းပညာတွေသာ တွင်တွင်ကျယ်ကျယ်နဲ့ အသုံးပြုလို့ ရမယ်ဆိုရင် သဘာဝဘေးအန္တရာယ် လျော့ပါးရေးမှာ အများကြီး အထောက်အကူပေးတယ် ဆိုတာကို စဉ်းစား ပေးသင့်တယ်ပေါ့။
လုပ်နေတဲ့ သူတွေကိုလည်း အားပေးသင့်တယ်။ ဒီနည်းပညာကို တကယ်တမ်း အသုံးပြုပြီးတော့ လုပ်ချင်တဲ့သူတွေရှိခဲ့ တယ်။ ပညာရှင်တွေ ရှိခဲ့တယ်ဆိုရင် သူတို့ကို အားကိုပေးရပါမယ်။ ဒါတွေကို လုပ်မယ်ဆိုရင် ငွေကြေးလိုအပ်ချက် ရှိလာ မယ် Satellite Image တွေကို ရဖို့အတွက် ဝယ်ရမယ့် ငွေရေးကြေးရေး လိုအပ်တယ်။
GIS လို့ခေါ်တဲ့ ပုံဆွဲတဲ့ နေရာမှာ အသုံးပြုမယ့် နည်းပညာတွေအတွက် Advance software တွေကိုဝယ်ရတဲ့ ငွေရေး ကြေးရေး လိုအပ်တယ်။ ဒါကို အထောက်အပံ့ပေးနိုင်တဲ့ အဖွဲ့အစည်း ဒါမှမဟုတ် အုပ်ချုပ်ရေးပိုင်း ကနေပြီးတော့ ဒါကို ပံ့ပိုးပေးနိုင်တယ် ဆိုရင်တော့ လုပ်ရတဲ့ အလုပ်က ပိုပြီးတော့ တွင်ကျယ်မယ်။ သဘာဝဘေး လျော့ပါးရေးအတွက်လည်း အများကြီး ထိရောက်မှုရှိတဲ့ နည်းပညာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါတွေကို အားပေးပါလို့ အကြံပြုချင်ပါတယ်။
You may also like these stories:
စစ်ကိုင်းငလျင်ဘေးကြောင့် ပျက်စီးမှုများ ကူညီထောက်ပံ့ရန် တိုင်းအစိုးရစီစဉ်
တောင်နဝင်းဆည်ဘောင် နေရာတချို့ တပေခန့် နိမ့်ကျ၍ အက်ကွဲကြောင်းများဖြစ်ပေါ်
မိုးကြိုးပစ်၊ ကမ်းပြို၊ မြေပြို နှင့် ငလျင် ၁ နှစ်ပတ်လုံး ဖြစ်နိုင်ခြေ အများဆုံးရှိဟု ဆို
ဂူဂဲလ်က ညွှန်ပြနေသော တရုတ် အကြီးဆုံးဆည်၏ ဘေးအန္တရာယ်
အင်ဒိုနီးရှား ဆူနာမိတွေ ဘာကြောင့် အသေအပျောက် များသလဲ