ရန်ကုန်တိုင်း မှော်ဘီမြို့နဲ့ ၄ မိုင်လောက် အကွာက ကုန်းဂမူးရွာ ကလေးမှာ ကြီးပြင်းလာခဲ့ရတဲ့ ကရင် အမျိုးသမီး နော်အုန်းလှ တယောက်၊ အသက် ၂၆ နှစ် အရွယ် ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ပြီး နောက်မှာ နိုင်ငံရေးကို စပြီး နဖူးတွေ့ ဒူးတွေ့ ပါဝင်လာရာကနေ ၁၉၉ဝ ရွေးကောက်ပွဲ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ စတင် ဖွဲ့စည်းတော့ ရပ်ကျေးအဆင့် အတွင်းရေးမှူး ဖြစ်လာခဲ့ပါတယ်။
နောက်တော့ ပါတီစည်းရုံးရေးမှာ တအိမ်တက် တအိမ်ဆင်းနဲ့ ကရင်ရွာတွေ အများစုရှိခဲ့တဲ့ မှော်ဘီမြို့နယ်မှာ သူ့ရဲ့ စည်းရုံး ရေး စွမ်းရည်တွေနဲ့ အတူ NLD ဗဟို အမျိုးသမီးရေးရာ အဖွဲ့ဝင် အထိ ပါဝင်ခဲ့ပြီး အဲဒီနောက် စစ်အစိုးရ လက်ထက် NLD ပါတီ နှိပ်ကွပ်ခံနေရချိန် နိုင်ငံရေး လှုပ်ရှားမှုကို ပါတီလူကြီးပိုင်းတွေနဲ့ပါ အတိုက်အခံ ပြုပြီး လုပ်ခဲ့တာ ကြောင့် ပါတီကနေ အထုတ်ခံလိုက်ရပေမယ့် သူရဲ့ နိုင်ငံရေး လှုပ်ရှားမှုက ရပ်တန့် မသွားခဲ့ပါဘူး။
နော်အုန်းလှမှာ လက်ရှိတွင် ကရင်အမျိုးသမီး အစည်းအရုံး (KWU) ရဲ့ ဥက္ကဋ္ဌ အဖြစ်လည်း လှုပ်ရှားဆောင်ရွက်လျက် ရှိပါတယ်။
ဒါ့အပြင် ပြည်သူတွေရဲ့ နစ်နာမှုတွေကို လိုက်လံ ကူညီဆောင်ရွက်ပေးနေပြီး ယနေ့အချိန် အသက် ၅၇ နှစ် အရွယ်ထိ နိုင်ငံရေး လှုပ်ရှားမှုတွေကို မိသားစုနဲ့ ကင်းကွာတဲ့အထိ ဆောင်ရွက်ခဲ့တဲ့ နော်အုန်းလှကို ကရင်အမျိုးသား အစည်းအရုံး (KNU) က အောက်တိုဘာ လဆန်းပိုင်းမှာပဲ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါတယ်။
ဘာကြောင့် အခုလို KNU ရဲ့ဂုဏ်ပြုခြင်း ခံခဲ့ရတာလဲ ဆိုတာနဲ့ လက်ရှိ နိုင်ငံရေး အခြေအနေကို ဘယ်လို သုံးသပ်လဲ စတဲ့ အကြောင်းအရာတွေကို ဧရာဝတီ သတင်းထောက် ထက်ခေါင်လင်းက နော်အုန်းလှကို ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ ကရင် အမျိုးသား အစည်းအရုံး (KNU) က ဆုပေးတယ်ဆိုတာ ဘာများလဲ ခင်ဗျ။ ဘာကြောင့် အခုလို ပေးအပ်ရ တာလဲ။
ဖြေ။ ။ ဂုဏ်ပြု မှတ်တမ်းတင်လွှာ ပေးတာပါ။ သူတို့ပေးတာက ဒီ ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ကို အတားအဆီး တွေ ကြားထဲကနေ ဖြစ်အောင် လုပ်ခဲ့တယ်ပေါ့။ တရားစွဲခံရတာကိုလည်း ရင်ဆိုင်နိုင်ခဲ့တယ်။ အဲဒီလို ကရင့် အာဇာနည် နေ့ကို စွမ်းဆောင်ပေးတဲ့ အပေါ် ဂုဏ်ပြုတာပါ။ KNU ဌာနချုပ်မှာ ဥက္ကဋ္ဌ မူတူးဆေးဖိုး ကိုယ်တိုင် ဂုဏ်ပြုမှတ်တမ်းကို မှန် ပေါင်နဲ့ ထည့်ပေးတာပါ။
မေး။ ။ အခုလို KNU ကနေ အသိအမှတ်ပြုပေးတဲ့ အပေါ် ဘယ်လို သဘောထားရှိလဲ ခင်ဗျ။
ဖြေ။ ။ ကျမတို့က ကရင့်အာဇာနည်နေ့ ကျင်းပလာခဲ့တာ အခုမှ မဟုတ်ပါဘူး။ ဒါပေမယ့် မနှစ်ကစပြီး ပြဿနာ ဖြစ်လာ တယ်။ KNU နဲ့လည်း မနှစ်ကတည်းက ညှိနှိုင်း ဘာညာနဲ့ ပြီးခဲ့တယ်။ ဒီနှစ်လည်း ကျမတို့က ဥပဒေနဲ့အညီ လုပ်တဲ့အပေါ် မှာ တရားစွဲတယ်။ မလုပ်သင့်တဲ့ အရာကို လုပ်ခဲ့တယ်။ ဥပဒေနဲ့ မညီဘဲ လုပ်တာက အာဏာပိုင်တွေပဲ ဖြစ်တယ်။
ကျမတို့ကို KNU က ညွှန်ကြားချက်တွေ ရှိခဲ့ပါတယ်။ ကျမတို့ ကရင်လူမျိုးတွေ အတွက် ကရင့်အာဇာနည်နေ့ကို ရအောင် လုပ်ခဲ့တယ်။ ကျင်းပရမယ့် တာဝန်လည်း ရှိတယ်။ လုပ်ခဲ့လို့ တရားစွဲတာကို KNU က ဝန်းရံပေးတယ်။ အခုလို ဂုဏ်ပြုတဲ့ အတွက် ကျေးဇူးလည်း တင်တယ်။
အဓိက ကတော့ ကျမတို့ ၂ဝ၁၂ ခုနှစ် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) ချုပ်ဖို့ စကားပြောကတည်းက KNU နဲ့ ကျမတို့က သိလာခဲ့ကြတယ်။ အဲဒီ နောက်ပိုင်း ကရင်အမျိုးသား ကိစ္စတွေမှာ ဆောင်ရွက်လာတယ်။ ကရင် လူမျိုး တွေ အတွက် လုပ်ခဲ့တာကို တရားစွဲတာကြောင့် ကျမတို့ရဲ့ နစ်နာမှုတွေကို KNU က လျစ်လျူရှု မထားဘူးပေါ့။ အသိ အမှတ် ပြုတယ်လို့ ခံယူတယ်။
မေး။ ။ ၁၉၉ဝ ရွေးကောက်ပွဲ ကတည်းက မှော်ဘီနယ်က NLD မဲရဖို့ ကရင် တိုင်းရင်းသားတွေကို နော်အုန်းလှ ကိုယ်တိုင် စည်းရုံးပေးခဲ့ဖူးတယ်။ စစ်အစိုးရရဲ့ တားဆီး ပိတ်ပင်မှုတွေ ကြားထဲကနေပဲ NLD နိုင်ငံရေး လှုပ်ရှားမှု အားနည်းချိန် ကိုယ် တိုင် ဦးဆောင် လှုပ်ရှားခဲ့တယ်။ အခု NLD အစိုးရတက်လာပြီး အခုလို ဖမ်းဆီး အရေးယူခံခဲ့ရတဲ့ အပေါ် ဘယ်လို ခံစားရ လဲ။
ဖြေ။ ။ ဦးသိန်းစိန် အစိုးရ လက်ထက်ကတည်းက ကျမတို့ ဒီလိုလုပ်ခဲ့ကြတယ်။ ဥပဒေနဲ့အညီပဲ လုပ်ခဲ့တယ်။ အဲဒီအစိုးရ လက်ထက် ဘာမှမဖြစ်ခဲ့ဘူး။ အခု အစိုးရကျမှ ဒီလိုဖြစ်လာတာ။ ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စ။ ဒီလိုလုပ်ခြင်းအားဖြင့် အကျိုး ဘာရ မလဲ။ ဒါက စဉ်းစားရမယ့် ကိစ္စပဲ။ ဒီလို ဖိအားပေးခြင်းကြောင့် အကျိုးအမြတ်က သူတို့ပဲ ဆုံးရှုံးမှာ။ ကျမက ၁၉၉၈ ခုနှစ်မှာ ထောင်ထဲ ရောက်ခဲ့တယ်။ ထောင်ထဲက လူတွေ အကြောင်း သိတယ်။
ကျမက NLD နိုင်ငံရေး ရပ်တန့်နေချိန် ထောင်ထဲမှာ ရှိနေတဲ့ သူငယ်ချင်း နိုင်ငံရေးသမားတွေက အရမ်းသတင်း မျှော်လင့် တယ်။ အဲဒီအတွက် ကျမတို့က အာဏာပိုင်တွေနဲ့ အတိုက်အခံ လုပ်ခဲ့ကြရတယ်။ ပါတီထဲက ခေါင်းဆောင်ပိုင်းတွေနဲ့ လည်း အများကြီး စကားတွေ ပြောခဲ့ရတယ်။ နောက်ဆုံး ထုတ်တဲ့ အထိ ဖြစ်တယ်။ ကျမတို့က ဘာကြောင့် လုပ်ခဲ့လဲဆိုရင် လုပ်သင့်လို့ လုပ်တာ။
အခု ကရင့် အာဇာနည်နေ့ကိုလည်း လုပ်သင့်လို့ လုပ်တာ။ ဒါကို ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဖမ်းဆီးအရေးယူတယ် ဆို ပေမယ့် ပြည်ထောင်စု အစိုးရမှာလည်း တာဝန်ရှိတာပဲ။ မသင့်တော်ရင် သူတို့က တားဖို့ ပြောရမှာ။ မပြောတဲ့အတွက် အခုလို ပြဿနာတွေက ကြီးထွားလာခဲ့တာ။
မေး။ ။ ဦးသိန်းစိန် အစိုးရလက်ထက်မှာ KNU က NCA လက်မှတ်ထိုးခဲ့တယ်။ အထူးသဖြင့် တပ်မတော်နဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ တောက်လျှောက် စကားပြောခဲ့တယ်။ အဲဒီမှာ နိုင်ငံရေး အသိုင်းအဝိုင်းတွေ တော်တော်များများက KNU ဟာ တပ်မတော်နဲ့ အနီးကပ်ဆုံး အဖွဲ့လို့ သတ်မှတ်ထားကြတယ်။ အဲဒီအပေါ် ဘယ်လိုယူဆလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေး ယူတယ်ဆိုတာ ခေါ်တဲ့သူ ရှိလို့ လာရတာပါ။ တကယ်တမ်း လက်နက်ကိုင်ထားပြီး ဆွေးနွေးခဲ့တာ အကြိမ်ကြိမ်ပဲ။ မပြေလည်ခဲ့ကြဘူးလေ။ ငြိမ်းချမ်းရေးက မပြောလို့ကို မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် KNU လည်း အပြတ်မတိုက်နိုင်ဘူး။ တပ်မတော်လည်း အပြတ် မတိုက်နိုင်ဘူး။ အဲဒီလို ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ဆီမှာ လက်နက်ကိုင် အဖွဲ့တွေအပြင် ကရင်လူထု အားလုံးကလည်း ဝိုင်းပါလာကြတယ်။
အဲဒီတော့ KNU ရဲ့ ရပ်တည်ချက်ကိုက ငြိမ်းချမ်းရေးကို စားပွဲဝိုင်းကနေပဲ သွားမယ်ဆိုတာ ဖြစ်လာတယ်။ နောက် ကျမတို့ ကရင်တွေမှာ ယုံကြည်ချက် တခုကို မပြောင်းချင်ဘူး။ ကိုယ့်ကြောင့် ဒါဖြစ်ရပါတယ်ဆိုတာ မဖြစ်ချင်ဘူး။ အစိုးရ အပြောင်း အလဲမှာလည်း ဝိုင်းဝန်းတာပဲ။
မေး။ ။ NLD က ထုတ်ပယ်ခံရတဲ့ နောက်ပိုင်းမှာ နိုင်ငံရေး လှုပ်ရှားမှုတွေလည်း အများကြီး ဆက်လုပ်တယ်။ နောက် လူထု နဲ့ ပတ်သက်တဲ့ လက်ပံတောင်း အရေး၊ လယ်ယာမြေကိစ္စ စသဖြင့် အများကြီး လှုပ်ရှားခဲ့တယ်။ အဲဒီလိုလုပ်လို့ ထောင်ကျ တယ်။ အချုပ်ခံရတယ်။ ဝရမ်း ထုတ်ခံရတယ်။ အဲဒီအချိန်တုန်းက KNU အနေနဲ့ နော်အုန်းလှဘက်မှာ ရပ်တည်တယ်လို့ မပြောခဲ့ဘူး။ အခု ကရင့်အာဇာနည်နေ့ နောက်ပိုင်းမှ KNU က ရုပ်ထွက်ပြလာတယ်။ အဲဒီဟာကို ဘယ်လိုယူဆလဲ။
ဖြေ။ ။ KNU နဲ့ ပတ်သက်လို့ ပဒိုမန်းငြိမ်းမောင် ထောင်ကျနေစဉ် ကျမတွေ့လို့ရအောင် ကြိုးစားခဲ့တယ်။ ထောင်ဝင်စာ ရအောင် လုပ်ခဲ့တယ်။ ဒီကြားထဲမှာတော့ သူတို့လည်း ငြိမ်းချမ်းရေး စကားတွေ ပြောနေချိန်၊ အပစ်ခတ်ရပ်စဲရေး ပြောနေ ချိန်ကျတော့ ကျမက သိပ်မပြောဖြစ်ဘူးပေါ့။ သူတို့ ငြိမ်းချမ်းရေး စလုပ်နေချိန်ကတည်းက ကျမနဲ့ သူတို့နဲ့က အဆက်သွယ် က ရှိပါတယ်။
နောက်ဆုံး၂ဝ၁၆ ခုနှစ် NLD အစိုးရ တက်လာပြီးတော့ အစိုးရ လိုချင်တဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို ဒီအတိုင်း သွားလို့ မရဘူး ဆိုတာ ပြောခဲ့တယ်။ အဲ့ဒါကို လုပ်ရမယ့်ဟာက ဦးဆောင်သူတွေရဲ့အလုပ်ပါ။
မေး။ ။ အဲဒီမှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) လို အဖွဲ့တွေမှာတောင် KNU က စ နုတ်ထွက်တယ်။ တခြားတိုင်းရင်းသား လက်နက်ကိုင်တွေထက် KNU က စစ်တပ်နဲ့ အရမ်း နီးစပ်တယ်လို့ သုံးသပ်တာ ရှိတယ်။ နော်အုန်းလှရဲ့ နိုင်ငံရေး နောက်ခံနဲ့အတူ အခုမှ KNU က တွန်းတင်တယ်ဆိုတဲ့ သဘောမျိုး ဝေဖန်လာကြတယ်။ အဲဒီဟာကို ဘယ်လိုပြောချင်လဲ။
ဖြေ။ ။ ဒါ မဖြစ်နိုင်ပါဘူး။ ကျမက အရင်ထဲက KNU နဲ့ အချိတ်ဆက် ရှိတာ သူတို့ မသိလို့ပါ။ ကျမက၂ဝ၁၂ ခုနှစ်ကတည်း က KNU နယ်မြေထဲမှာ သွားလာခဲ့တာ။ အခုမှ မဟုတ်ဘူး။ လူထုကတော့ သူမြင်တာ သူပြောတာပေါ့။ မန်းငြိမ်းမောင်နဲ့က အစကတည်းက သိတာ။ ကျမကို NLD က ဖြုတ်လိုက်တဲ့အချိန် ကျမ ပိုက်ဆံ မရှိတောင် နိုင်ငံရေး လုပ်ခဲ့တာပဲ။
နိုင်ငံရေးဆိုတာ စည်းရုံးရေးပဲလေ။ နောက် ကျမက ကရင်လေ။ ကျမကိုတောင် ဗမာအရေး လုပ်တယ်လို့ ပြောကြသေး တာ။ ကျမက ဘာမှမပြောဘူး။ ကျမလုပ်တာ နိုင်ငံသားတွေရဲ့ အရေးပဲဆို သဘောထားခဲ့တာ။ ဘယ်သူဘယ်ဝါ မခွဲခြား ဘူး။ ကျမကို အခုလို ဝေဖန်တာလည်း ကျမ ဘာမှပြောစရာမရှိဘူး။ ကျမက ကိုယ့်အလုပ်ပဲ ကိုယ်လုပ်မယ်။ လုပ်ရပ်တိုင်း မှာ ပြောချင်တဲ့ သူတွေကတော့ ရှိနေမှာပေါ့။
မေး။ ။ မြန်မာ့ ငြိမ်းချမ်းရေး အခြေအနေက စစ်အစိုးရ လက်ထက်တုန်းက မြောက်ပိုင်းဒေသဟာ သေနတ်သံ တိတ်ခဲ့ တယ်။ စီးပွားရေး လုပ်ကြတယ်။ တောင်ပိုင်းကတော့ တဒိုင်းဒိုင်းနဲ့ ချနေကြတယ်။ အခု မြောက်ပိုင်းမှာ သေနတ်သံ ပြန် ထွက်ချိန် တောင်ပိုင်းက သေနတ်သံ ပြန်တိတ်သွားတယ်။ တလှည့်စီလို ဖြစ်နေတာကို ဘယ်လို သံုံးသပ်လဲ။
ဖြေ။ ။ အခုလက်ရှိမှာ စစ်တပ် အပါအဝင် အားလုံးအနေနဲ့ နားလည်ဖို့ လိုတယ်။ ဘာကြောင့်လဲဆိုရင် ငြိမ်းချမ်းရေး လက်မှတ် ထိုးတယ်။ တိုက်ပွဲရပ်ခဲ့တယ် ဆိုတာ အကြောင်းအရာတွေ ရှိတယ်။ ဥပမာ နယ်မြေ ကန့်သတ်ပြီး စစ်ဆင်ရေး မလုပ်နဲ့လေ။ စစ်ဆင်ရေး လုပ်တာ ဘယ်သူ လုပ်တာလဲ။ အဲဒီလိုတွေနဲ့ တခြား တိုင်းရင်းသားတွေက KNU အပေါ် တမျိုး ထင်လာတာ။
ကျမ ၂၁ ပင်လုံ လုပ်ပြီး နောက်ပိုင်း တိုင်းရင်းသားအရေး တော်တော်ပြောဖြစ်တယ်။ မကောင်းလည်း ကရင်ပဲ။ ကောင်း လည်း ကရင်ပဲ။ ကျမက ကရင်လေ။ အားလုံးရဲ့ အမြင်တော့ မပြောချင်ဘူး။ ရန်ကုန်မှာ တိုင်းရင်းသား အဖွဲ့ အသီးသီး လာရှင်းလင်းခဲ့ကြတယ်။ ဒါပေမယ့် အခု ငြိမ်းချမ်းရေးက ရပ်တန့်သွားနေတယ်။
မေး။ ။ NLD က ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကို လွှတ်တော်တွင်း ပြင်ဆင်ဖို့ လုပ်နေတယ်။ ဒါပေမယ့် တဆက်တည်းမှာ တပ်မတော်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) တို့ကလည်း ဒီဥပဒေပါ အချက်တွေကို ထပ် တင်းကျပ်ဖို့ တဖက်ကနေ ပြင်ဆင်ချက်တွေ ပြန်တင်လာကြတယ်။ အဲဒါကို ဘယ်လိုမြင်လဲ။
ဖြေ။ ။ NLD ဟာ ရွေးကောက်ပွဲ ဝင်ကတည်းက ဒီဟာကို ပြင်ဖို့သွားတယ်လို့ ကြေညာထားတယ်။ ပြင်မယ်ဆို အစ ကတည်းက ရအောင်ပြင်။ ဒါပေမယ့် သူတို့ မလုပ်နိုင်ခဲ့ဘူး။ အခု အစိုးရဖြစ်လာတော့လည်း မလုပ်နိုင်ပြန်ဘူး။ ၂ဝ၂ဝ ရွေးကောက်ပွဲ နီးလာတော့မှ သူတို့ လုပ်တာမှာ ပထမတော့ လူထုက အားပေးတယ်။ နောက်တော့ လူထုက ဒါက ဟုတ် နိုင်ပါ့မလား ဆိုတာ မြင်လာတယ်။ သံသယတွေ ရှိလာတယ်။
လတ်တလောမှာ ဒီဟာက ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ။ ဒီ အခြေခံ ဥပဒေကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဒီဟာက လက်ရှိ တည်ဆဲ ဥပဒေပဲလေ။ လုပ်နေတဲ့ အလုပ်တွေတိုင်းဟာ ဒီဥပဒေအတိုင်းပဲ သွားရမှာပဲလေ။ ဘာဖြစ်ဖြစ် လက်ခံရမှာပဲ။ မပြင်ရဘူးလို့ ပြောခွင့်တော့ မရှိပါဘူး။ ဥပဒေတိုင်း ပြင်ခွင့် ရှိတယ်။ ဥပဒေအတိုင်း ဖျက်သိမ်းပိုင်ခွင့် ရှိ တယ်။ အများကို ကြေညာထားပြီးမှ မလုပ်နိုင်သေးတာတော့ မဖြစ်သင့်ဘူးပေါ့။
မေး။ ။ ဒါဆို NLD အစိုးရက ဒီဥပဒေကို ပြင်ဖို့ ကြိုးစားနေတာက လမ်းကြောင်းမှားတယ်လို့ ယူဆတာလား။
ဖြေ။ ။ အမှန်ပဲ။ အစကတည်းက မှားနေတာ။ ဒီဥပဒေထဲက ပုဒ်မ ၄၃၆ ကို မပြင်နိုင်မချင်း ကျန်တာ ဘာမှမပြင်နိုင်ဘူး။ နောက် ပြီး ၇၅ ရာခိုင်နှုန်းကျော် ဆိုတော့ ၇၅ အပေါင်း ၁ မှ။ ပြင်မယ်ဆို ဘယ်ဟာပြင်မလဲ။ ဘာပဲဖြစ်ဖြစ် ကျမတို့ လက်ရှိ ရှိနေတဲ့ ဥပဒေနဲ့ပဲ သွားရမယ်လို့တော့ ကျမ နားလည်တယ်။ ဒါကြောင့် ကျမတို့အနေနဲ့ ပြင်လို့ရမယ့် ဟာတွေကို ပြင်စေ ချင်တာ။
နောက်ပြီး ဒီဥပဒေ ပြင်ဆင်ရေးက ငြိမ်းချမ်းရေးနဲ့လည်း မဆိုင်ဘူး။ ကျမ ပြောမယ်။ NLD အများဆုံး နိုင်ခဲ့လို့ ဒေါ်အောင် ဆန်းစုကြည်ကိုတောင် အတိုင်ပင်ခံ ပေးနိုင်ခဲ့တာပဲ။ လုပ်လို့ရတဲ့ နည်းလမ်း အများကြီး ရှိပါတယ်။ မလုပ်နိုင်တာပါ။ သူတို့မှ ရှေ့မတိုးနိုင်တာ။ ကျမ အလုပ်လုပ်ရင် အစီအစဉ် ၁၊ ၂၊ ၃၊ ၄ စသဖြင့် ရှိရမယ်လေ။ အခုက သူတို့လုပ်နေတာ ၁ ပြီးရင်း ၁ အဆင့်ပဲ ပြန်လာနေတာ။ ဒါ သဘာဝကျတဲ့ အလုပ်မဟုတ်ဘူး။
မေး။ ။ NLD အုပ်ချုပ်တဲ့ အခြေအနေနဲ့ လာမယ့် ၂ဝ၂ဝ အလားအလာကို ဘယ်လို ခန့်မှန်းလဲ။
ဖြေ။ ။ အခု ၄ နှစ်တာ အုပ်ချုပ်လာတာမှာ ပိုတောင် ဆိုးလာတယ်။ လူထုဘဝကို ကြည့်လိုက်ရင် သိသာတယ်။ ကျမတို့ တိုင်းပြည်မှာ လူ့ဂုဏ်သိက္ခာနဲ့ ရှိနေရမယ့်ဟာ အနိုင်ကျင့်ခံရတာ ရှိတယ်။ မတရား ထောင်ချခံရတာတွေ ရှိတယ်။ ကျမတို့ တိုင်းပြည်ဟာ အိမ်ချစ်တဲ့ သူတွေ။ အိမ်ဆိုတာ တိုင်းပြည်ကို ပြောတာ။
ဥပမာ- မြဝတီ ချစ်ကြည်ရေးလမ်းတွေ ဖောက်တဲ့နေရာမှာ ဒေသခံတွေ အများကြီး ခံစားခဲ့ကြရတယ်။ သူတို့ကို ဘယ် လောက်အထိ ချိုးနှိမ်ခံရလဲ ဆိုတာ သူတို့ ခံစားခဲ့ရသူတွေ အသိဆုံးပဲ။ အစိုးရ ဆိုတာ ပြည်သူကို အေးချမ်းသာယာအောင် လုပ်ပေးရမှာ။ ဒါကို မလုပ်ဘဲ အိမ်တွေ ဖျက်တယ်။ လုပ်လို့ရသားနဲ့ မလုပ်နိုင်တာတွေ ဖြစ်ဖြစ်လာတော့ တိုင်းပြည်ဟာ ပိုပို ကျဆင်းလာတယ်။ ။
You may also like these stories:
အမျိုးသမီများ နိုင်ငံရေးတွင် ပါဝင်မှု NLD အစိုးရလက်ထက် အားနည်းလာ
ကရင့် အာဇာနည်နေ့ ကျင်းပမှုဖြင့် နော်အုန်းလှတို့ကို ထောင် ၁၅ ရက် ချမှတ်
ကရင့်အာဇာနည်နေ့ ပိတ်ပင်မှုသည် တိုင်းရင်းသားအခွင့်အရေး ဆုတ်ယုတ်နေကြောင်း ပြနေသည်