ရန်ကုန်မြို့ရှိ YBS ကားများနှင့် အခြား သယ်ယူပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းများတွင် ကတ်ဖြင့် ငွေချေမှု စနစ် ဖြစ်လာစေရန်အတွက် YBS ကားများတွင် ကတ်စနစ် စတင်ရန် စက်များ စတင် တပ်ဆင် တော့မည် ဖြစ်သည်။ အစိုးရသည် ထိုစနစ်လုပ်ဆောင်ရန် တင်ဒါ ခေါ်ခဲ့ရာ ဝင်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီပေါင်း ၅၆ ခုမှ ဆန်ခါတင် ၁၄ ခုကို ရွေးချယ်ခဲ့ပြီး နောက်ဆုံးပိတ် ဆန်ခါတင် ၃ ခုထဲမှ အကောင်းဆုံး ဖြစ်သည့် Asia Starmar ကုမ္ပဏီကို ရွေး ချယ်ခဲ့သည်။
အဆိုပါ Asia Starmar ကုမ္ပဏီနှင့် တိုင်းအစိုးရတို့ ၇ နှစ်သက်တမ်း စာချုပ်ချုပ်ဆိုထားပြီး (လုပ်ဆောင်ချက် အပေါ် မူတည်၍ ၁ နှစ် သက်တမ်း တိုးပေးခြင်း အပါအဝင်) ယခု YPS စနစ် အတွက် ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၇ သန်း ကျော် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
သို့ဖြစ်ရာ အချက်အလက်များနှင့် အသုံးပြုပုံ၊ စတင်လုပ်ဆောင်သွားမည့် ယာဉ်လိုင်းများနှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို Asia Starmar Transport Intelligent ကုမ္ပဏီမှ မားကတ်တင်း အမှုဆောင်အရာရှိချုပ် (Chief Marketing Officer- CMO) ဒေါ်ရီရီခင်ကို ဧရာဝတီသတင်းထောက် မျိုးပပစန်းက တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ရန်ကုန်ဘတ်(စ်)ကားဝန်ဆောင်မှု (YBS) ကားတွေမှာ ကတ်စနစ်ဖြင့် ငွေပေးချေမှု YPS ကတ်စနစ် ဒီလထဲမှာ တချို့တဝက်စမယ်လို့ သိရပါတယ်။ ဘယ်ရက်လောက် စနိုင်မလဲရှင့်။ စရင် ကားအစီးရေ ဘယ်လောက်နဲ့ စသွားမလဲ။
ဖြေ။ ။အခုတော့ အစ်မတို့ရဲ့ Plan ဆိုရင် ဒီအောက်တိုဘာလ ဒုတိယတပတ်မှာ POS Devices ပစ္စည်းရောက်မယ်။ ကားပေါ်တပ်ဆင်မယ့် စက်ပစ္စည်းတွေပေါ့။ ဒါတွေကို လမကုန်ခင် သီတင်းကျွတ်ပြီး နောက်ပိုင်း ကျမတို့စပြီး တပ်ဆင် ဖို့အတွက် ဆောင်ရွက်သွားမယ်။ တပ်ဆင်ရေးပိုင်းတွေကို ဒီလမကုန် ခင်တော့ ကျမတို့ မှန်းထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ကနေ စတင်ပြီးတော့ တပ်ဆင်ဖို့ ခွင့်ပြုပေးမယ့် ယာဉ်တွေ အတည်ပြုချက်ကို စောင့်နေပါတယ်။ အတည်ပြုရတာနဲ့ ဒီလမကုန်ခင်လောက် စတင်ပြီး အကောင်ထည်ဖော်မယ်။
မေး။ ။ကတ်စနစ်စဖို့ ဘယ်ကားလိုင်းတွေကို စပြီးတော့ ဦးစားပေး လုပ်ဆောင်သွားမလဲရှင့်။
ဖြေ။ ။လောလောဆယ် Plan အရတော့ ကားအစီးရေ ၁၅၀၀ လောက်ကို စပြီး တပ်မယ်။ ဒါက ပထမဆုံး သွားတဲ့ ဟာပေါ့။ ဒါကလည်း ခွင့်ပြုချက် တခုကို အမတို့ စောင့်နေတယ်။ YRTA ကနေ ဘယ်လိုင်းတွေကို တပ်မယ်။ ဘယ်က နေ ဘယ်ကို ပြေးဆွဲတဲ့ လိုင်းကို တပ်မယ်။ ဦးစားပေးဟာတွေကို အမတို့ စောင့်နေတယ်။ တခြား Plan တွေကတော့ အမတို့ လုပ်ထားပြီးပြီ။ အကြမ်းဖျင်း ရွေးချယ်ထားတာတော့ ရှိပါတယ်။
ကားအစီးရေ ၁၅၀၀ တပ်ပြီးရင် ရပ်ထားမှာ မဟုတ်ဘူး ဆက်ပြီးတော့ ဆက်တိုက် လုပ်သွားမှာ ဖြစ်တယ်။ဆိုလိုတာ က ဒီ ကား ၁၅၀၀ တပ်ပြီး ၄ လ၊ ၅လ၊ ၆ လ၊ အဆင်ပြေလား စောင့်ကြည့်မယ်။ ဒါမျိုးမဟုတ်ဘူး။
မေး။ ။ အခုက စက်တွေ စတပ်တော့မှာ ဆိုတော့ ပြည်သူတွေအနေနဲ့ ကတ်ပြုလုပ်ရမယ့်နေရာ။ ပိုက်ဆံသွင်းရရင် ဘယ်လိုမျိုး ပေးသွင်းရမလဲ စတဲ့ အခြေအနေ ကို ရှင်းပြပေးပါဦး။
ဖြေ။ ။အခုက ကျမတို့ YBS ကားတွေမှာ ကတ်စနစ် မစခင် ပြည်သူကို အသိပညာပေးတဲ့ ဟာလေးတွေ၊ သတင်း အချက်အလက်မျှဝေတာလေးတွေ ဒါတွေကို စပြီး လုပ်သွားဖို့ရှိတယ်။ ကျမတို့ရဲ့ facebook စာမျက်နှာမှာလည်း တင်သွားဖို့ရှိတယ်။ ကတ်ကို ဘယ်မှာ လုပ်လို့ရမယ်။ ဘယ်လိုသုံးရမယ် ဒါမျိုးလေး အစီအစဉ် လုပ်ထားတယ်။
တယောက်ထဲ လုပ်ထားတဲ့ Service Center တွေ ရှိမယ်။ ပြီးတဲ့အခါ Network ပေါ့။ ဥပမာ ငွေဖြည့်ဖို့ အတွက် အေးဂျင့်တွေ ရှိမယ်။ သူတို့ဆီမှာပဲ ကျမတို့က G and G ဆိုင်မျိုးတွေမှာ ကတ်ဝယ်လို့ရမယ်။ ငွေဖြည့်လို့ရမယ်။ ငွေလက်ကျန်တွေ စစ်လို့ရမယ်။ ကျမတို့ service center ကြီးတွေမှာ ကတ်ပျောက် လျှောက်တာတို့၊ စာရင်းသွင်းတာတို့ ဒါတွေအကုန်လုံးကို ပေါင်းပြီး ဝန်ဆောင်မှု ပေးဖို့ ကျမတို့က လုပ်ထားပါတယ်။
ကျမတို့ဖက်က ပထမဆုံးစက် စတင် တပ်ဆင်မယ့် ကားတွေအတွက် ဝန်ဆောင်မှု ကတော့ Service Center ၃ ခုစီစဉ်ထားတယ်။ ဆူးလေမှာ တခု ရှိမယ်၊ သမိုင်းနဲ့ တာမွေဖက်မှာ တခုစီရှိမယ်။ နောက်အေးဂျင့် အနေနဲ့ကတော့ အခု ပထမဦးဆုံး အစမှာတော့ G and G နဲ့ လုပ်ထားတယ်။ G and G က ကျမတို့ရွေးချယ်မယ့် ယာဉ်လိုင်းတွေနဲ့ အဲဒီလမ်းတွေပေါ်မှာ ရှိတဲ့ G and G ဆိုင်တွေကို ဦးစားပေးပြီးတော့ သွားဖို့ စီစဉ်ထားတယ်။
ပထမဦးဆုံးပိုင်းကတော့ အနည်းဆုံး ဆိုင်ပေါင်း ၁၀၀ လောက် မှာ ဆောင်ရွက်သွားမယ်ဆိုပြီး ကျမတို့ စီစဉ်ထားတယ်။
မေး။ ။ကတ်စလုပ်ရင် ကတ်ဖိုးက ဘယ်လောက်ပေးရမလဲ။ ကတ်ထဲကို ပိုက်ဆံသွင်းမယ့် ပမာဏကရော ဘယ်လို သတ်မှတ်ထားပါသလဲ။
ဖြေ။ ။ကတ်စဝယ်တဲ့အခါမှာ လက်ရှိမှာ ကတ် ၁ ခုကို ကျပ် ၂၀၀၀ နဲ့ ကျမတို့ သတ်မှတ်ထားတယ်။ အနည်းဆုံး ငွေဖြည့်တာက ကျပ် ၁၀၀၀ ထည့်ထားရမယ်။ အများဆုံး ကျပ် ၅ သောင်းထိ ဖြည့်လို့ရတယ်။ ငွေလက်ကျန်ပေါ်မှာ သူလိုသလောက် ဖြည့်သွားလို့ရတယ်။
မေး။ ။စစချင်း ပြည်သူတွေ ဒီကတ်စနစ်ကို သုံးစွဲတဲ့အခါ ဘယ်လိုမျိုး အခက်အခဲတွေ ရှိနိုင်သလဲ။ ဒါတွေကို ဖြေရှင်းဖို့ ဘယ်လိုမျိုး ဆောင်ရွက်ထားပါသလဲ။
ဖြေ။ ။သုံးစွဲသူတွေ အနေနဲ့က အဓိကတော့ ကတ်ကို ဘယ်မှာဝယ်လို့ရမလဲ။ ဘယ်လို သုံးလို့ရမလဲ။ ကတ်ကိုသုံးတဲ့ အခါ ဘယ်လို အကျိုးကျေးဇူး ရှိနိုင်မလဲ။ ဒါမျိုးတွေက ခရီးသွားပြည်သူတွေ စိတ်ဝင်စားတဲ့ အရာဖြစ်တယ်။ ကျမတို့ လည်း များသောအားဖြင့် စစ်တမ်းကောက် လေ့လာထားတာလည်း ရှိတယ်။ ယာဉ်လိုင်းတွေမှာလည်း လိုက်စီးပြီး တော့ ခရီးသွားတဲ့ ပြည်သူတွေကို မေးထားတာရှိတယ်။
များသောအားဖြင့် အချက်တွေကတော့ အကြွေ မရှိဘူး။ တခါတလေကျ အကြွေမရှိလို့ ယာဉ်စီးခ ပိုထည့်ပေးလိုက်ရတာ ရှိတယ်။
နောက်တခါ ဒါအတွက်ကိုပဲ အကြွေလိုက်လဲရတဲ့ ပြဿနာပေါ့နော်။ ဒါမျိုးတွေလည်း ရှိတယ်ပေါ့နော်။ ဒီကတ်နဲ့ အသုံး ပြုမယ်ဆိုရင်တော့ အဆင်ပြေတယ်ပေါ့နော်။ ဒါမျိုး စစ်တမ်းကောက် ထားတာရှိတယ်။ ဒါကြောင့် ခရီးသွားပြည်သူတွေ အနေနဲ့ ဒီကတ်ကို လွယ်လွယ်ကူကူနဲ့ ဘယ်လို ဝယ်လို့ရမလဲ၊ သုံးလို့ရမလဲ ပေါ့နော်။ ဒါတွေကို ခရီးသွားပြည်သူတွေ ကို သတင်းအချက်အလက်ပေးဖို့ နည်းလမ်းမျိုးစုံနဲ့ စဉ်းစားထားတယ်။
ဥပမာ ကျမတို့ရဲ့ Yangon Payment Services – YPS ဆိုတဲ့ Facebook ရှိတယ်။ အဲဒီမှာ ဖော်ပြသွားမယ်။ ကျမတို့ ကုမ္ပဏီကပဲ ဘတ်(စ်)ကားတွေပေါ်မှာ TV နဲ့ program ပြသွားတဲ့စနစ် လုပ်သွားမယ်။ အရပ်ဘက် အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ပွဲလေးတွေလည်းမှာ အသိပညာပေးလေးတွေ လုပ်သွားမယ်။
ကျမတို့ အခမဲ့ပေးမယ့် ကတ်လေးတွေရှိတယ်။ ဥပမာ- ပညာရေးဖက်ဆိုင်ရာ ဝန်ထမ်းတွေ၊ စည်ပင်သာယာဖက်က မြို့သန့်ရှင်းရေးလုပ်သားတို့ မြို့ပြကိုလှပအောင်လုပ်ပေးတဲ့ အခန်းကဏ္ဍ က ပါဝင်တဲ့ လုပ်သားတွေကို FOC ကတ်ပေး တာသော်လည်းကောင်း လုပ်မယ်။
မှတ်တိုင်တွေမှာလည်း အသိပညာပေးလုပ်သွားဖို့ရှိတယ်။ လက်ကမ်းကြော်ငြာဝေတာတို့ ဘာတို့ပေါ့။ အများကြီး လွယ်လွယ်ကူကူနဲ့ ဒီအသိပညာပေး သတင်းအချက်အလက်တွေကို ရအောင် နည်းပေါင်းစုံနဲ့ ဖြန့်မယ်။ တချို့ဟာတွေ လည်း ရန်ကုန်တိုင်းအစိုးရက တရားဝင်ဝက်ဆိုဒ်တွေမှာလည်း ဖြန့်ဝေဖို့ ကျမတို့ တောင်းဆိုထားတယ်။ ပညာပေး ကာလကတော့ ဒီနိုဝင်ဘာလမှာ လုပ်သွားမယ်။
မေး။ ။ရုံးတက်၊ ရုံးဆင်းချိန်တွေမှာ ကားက အရမ်းကြပ်တယ်။ ဒီအချိန်မျိုးတွေမှာ တချို့က ကတ်နဲ့ ဖြတ်တဲ့ အခါကျ တော့ အခက်အခဲ ဖြစ်တာတွေ ရှိနိုင်တယ်။ ဒါမျိုးကျ အမတို့ဖက်က ဘယ်လိုမျိုး စီစဉ်ဆောင်ရွက်ထားပါသလဲ။
ဖြေ။ ။ရုံးတက်၊ ရုံးဆင်းချိန်တွေက နည်းနည်းတော့ အခက်အခဲရှိတယ်။ ကားမှတ်တိုင်တွေမှာ တန်းစီတဲ့ ပုံစံလုပ်ဖို့က အခက်အခဲရှိတယ်။ အဲဒီ အခါကျတော့ ကျမတို့ဘက်ကပဲ ခရီးသွားပြည်သူကို တန်းစီပြီးတော့ ကားပေါ်ကို စီတက်ဖို့၊ တိုးဝှေ့ လုပ်တဲ့ ပုံစံမျိုးတွေ မဖြစ်အောင် ပညာပေးလေးတွေ လုပ်ဖို့ရှိတယ်။
အနည်းငယ်တော့ ရုံးတက်၊ ရုံးဆင်းချိန်တွေမှာ ပြဿနာဖြစ်နိုင်တယ်။ ဒါကို ကျမတို့က အသိပညာပေးတဲ့ ဇာတ်လမ်း တို ပုံစံမျိုးလေးတွေနဲ့ လုပ်သွားမယ်။ တဖြေးဖြေးတော့ Use to ဖြစ်သွားရင် အဆင်ပြေသွားမှာ ဖြစ်တယ်။ အခုက အစပိုင်းဆိုတော့ ကတ်နဲ့ သုံးတဲ့သူရှိမယ်၊ ငွေသားနဲ့ ပေးသွင်းတဲ့သူ ရှိမယ်ပေါ့နော်။
မေး။ ။ကတ်က ငွေလက်ကျန်စစ်ရင် G and G ဆိုင်တွေမှာပဲ စစ်လို့ရတယ်ဆိုတော့ အရေးပေါ်ငွေလက်ကျန်နည်း နေပြီဆို အခက်အခဲ ရှိနိုင်တော့ ဒါကို အမတို့ဖက်က ဘယ်လို စီစဉ်ထားလဲ။
ဖြေ။ ။ကျမတို့က နီးစပ်ရာဆိုင်တွေမှာ စီစဉ်ထားတယ်ဆိုတော့ ဆိုင်တိုင်းမှာ ကျမတို့ စက်လေးတွေ ပေးထားတယ်။ အဲဒီမှာ စစ်လို့ရတယ်။ ငွေဖြည့်လို့ရတယ်။ အမတို့က အခုက ဘတ် (စ်) ကားစီးဖို့အတွက်ပဲ လုပ်တာဆိုတော့ လောလောဆယ် ကျပ် ၅ သောင်းအထိ အများဆုံး ကတ်ထဲထည့်ဖို့ သတ်မှတ်ထားတယ်။
မေး။ ။ကတ်နဲ့ ကားခ ငွေဖြတ်တဲ့နေရာမှာ နည်းပညာပိုင်း တခုခု Error မဖြစ်အောင် ဝန်ဆောင်မှုကို ဘယ်လိုမျိုး ဆောင်ရွက်ထားပါသလဲ။ အကယ်၍ ဖြစ်ခဲ့သော ဖြေရှင်းပေးဖို့ရော နည်းလမ်းများ ကြိုတင်ဆောင်ရွက်ထားမှု ရှိ၊ မရှိ သိချင်ပါတယ်ရှင့်။
ဖြေ။ ။ကျမတို့ ဒီ System နဲ့ ဒါက တရုတ်ပြည် ချုံကင်းဖက်မှာ သုံးတာ ကြာပြီ။ လက်ရှိလည်း သုံးနေတယ်။ အောင် မြင်တဲ့စနစ် တခုလည်း ဖြစ်တယ်ဆိုတော့ Error ဖြစ်နိုင်တဲ့ ကိစ္စက မရှိသလောက် နည်းတယ်။ ဒါပေမယ့် ဒီဖက်မှာ ဖြစ်ခဲ့ရင် ဘယ်လိုမျိုး Error လည်းဆိုတာ အမျိုးအစားတွေ အလိုက် Standard SOP တွေ ရှိမယ်။ အဲဒီမှာ ကျမတို့က တခါတည်း ဖြေရှင်းရမယ့် ပုံစံနဲ့ အမြန်ဆုံးနည်းနဲ့ ဖြေရှင်းမယ်။
ဒါပေမယ့် စက်ရဲ့ Error ဖြစ်နိုင်မှု အခြေအနေက အရမ်းနည်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ဒါက Off line လည်းဖြစ်တယ်။ အချိန်အကြာကြီး မလိုဘူး။ စက်ကို ကပ်လိုက်တာနဲ့ သူဘာသာ လုပ်ဆောင်သွားနိုင်မယ်။ ဒါကြောင့် Error Rate က အရမ်းနည်းတယ်။
မေး။ ။ အမတို့ ဆူးလေ၊ တာမွေနဲ့ သမိုင်းမှာ ကတ်စရောင်းမယ်ဆိုတော့ ဆိုင်တွေကရော လက်ရှိမှာ ပြင်ဆင်ပြီးပြီ လား။
ဖြေ။ ။ကျမတို့ ဆိုင်တွေကို ပြန်ပြီးတော့ ပြင်ဆင်တဲ့ ဟာတွေကတော့ ပြီးသလောက် ရှိသွားပြီ။ အခုလ ဒုတိယပတ်မှာ ပစ္စည်းတွေ ရောက်တဲ့အခါကျရင် စက်တွေဘာတွေ အကုန်ပါလာမယ်။ အဲဒီကျရင် ဒီ service center တွေမှာ တပြိုင် တည်းမှာပဲ ရွေးချယ်ထားတဲ့ ယာဉ်လိုင်းတွေကို တခါထဲ တပ်မယ်။ အဲဒီ နှစ်ခုကို system နဲ့ အဆင့်မြှင့် လုပ်မယ်။ ကျမတို့က စပြီး စမ်းသပ်တပ်ဆင်တဲ့ ဟာမျိုးလေး လုပ်မယ်။
ဒီဇင်ဘာလ ထဲလောက်တော့ စပြီးတော့ ခရီးသည်တွေ သုံးလို့ ရအောင်လို့တော့ စီစဉ်ထားတယ်။
မေး။ ။ အခု စတင်အသုံးပြုမယ့် ကတ်စနစ်က ကားလိုင်းတခု အတွက်ပဲလားရှင့်။ အခြားသယ်ယူပို့ဆောင်ရေးတွေ အတွက်ရော အသုံးပြုဖို့ စီစဉ်ထားပါသလား။ ဝန်ကြီးချုပ်ကတော့ ပြောထားတာက ဒါက ကားတင်မဟုတ်ဘူး။ အခြား သယ်ယူပို့ဆောင်ရေးတွေ အတွက်ရော ဈေးဝယ်ဖို့အတွက်ရော ပါတယ်ဆိုပြီး ပြောထားတယ်။
ဖြေ။ ။ကျမတို့က လက်ရှိတော့ ပထမဦးဆုံး ဒီဘတ်(စ်) ကားတွေအတွက် Cover ဖြစ်အောင် တပ်ပေးရမယ်။ ပြီးတဲ့ အခါကျရင် တခြားသယ်ယူပို့ဆောင်ရေးတွေ အတွက်ကို လုပ်ဆောင်သွားရမယ်။ သယ်ယူပို့ဆောင်ရေး အားလုံးကို ဒီကတ်တခုထဲနဲ့ လုပ်လို့ရမယ်။ ဒီ Plan လေးတော့ တခါထဲရှိတယ်။ အဲဒါကို သူ့အဆင့်လိုက်၊ အဆင့်လိုက် လုပ်သွား မယ်။
အရင်ဦးဆုံးကတော့ ကျမတို့ ဘတ်(စ်)ကားကို အရင်စမယ်။ ဘာလို့လဲဆိုတော့ ဘတ်(စ်)ကားသုံးတဲ့ နှုန်းကလည်း များတယ်။ ကားပြီးတော့မှ တခြားဟာတွေ ချိတ်ဆက်သွားမယ်။ ဆက်သွားဖို့ Plan ရှိတယ်။ နောက်ပိုင်းမှာ application နဲ့ သွားနိုင်အောင် QR code နဲ့ သွားနိုင်အောင် ဆိုတဲ့ နည်းပညာတွေ အတွက် အဆင်သင့်ပဲရှိတယ်။
ကားပေါ်မှာတပ်ထားတဲ့ Device တွေရော၊ ဒါတွေက အားလုံးအဆင်သင့်ပဲ ဆိုတော့ ခရီးသွားပြည်သူတွေက ဒါကို အလေ့အကျင့်လေး နည်းနည်းလေးပဲ ဖြစ်အောင်လုပ်ပေးပြီးရင် ဒီ စနစ်ကို ကျမတို့က တဖြေးဖြေး မြှင့်တင်သွားမှာ ပေါ့။ သိပ်အကြာကြီးမဟုတ်ဘူး ဒီအချိန်တောက်လျှောက်မှာ သုံးရင်း သုံးရင်းနဲ့ မြှင့်တင်သွားမှာ ဖြစ်တယ်။
အဲဒီ အတွက်ကိုလည်း ကျမတို့က ကားပေါ်က စက်တွေကို ပြန်ပြောင်းပြီး တပ်စရာ မလိုဘူး။ အားလုံးက အဆင်သင့် ရှိပြီးသား၊ နည်းပညာအရလည်း ရှိပြီးသား။ ဒါလေးကို သုံးတဲ့ အလေ့အကျင့်လေး ရရှိသွားအောင်ပဲ လိုတယ်။ နောက် ဆိုရင် ဖုန်းတလုံးထဲနဲ့ သွားလို့ရတဲ့ အဆင့်ဖြစ်သွားမယ်။ ငွေဖြည့်တာဆိုလည်း ဒီဖုန်းထဲကနေပဲ ဖြည့်လို့ရမယ်။ အားလုံးတော့ နောက်ပိုင်းမှာ ဒီစနစ်တွေနဲ့ သွားဖို့ ဆွေးနွေးထားပါတယ်။
နောက်ပိုင်းမှာ ကားခပေးတဲ့အခါ ဖုန်းရဲ့ QR Code လေးပြပြီး သွားနိုင်တာမျိုးအထိ လုပ်ဆောင်သွားဖို့ ရှိတယ်။ အခုတပ်ဆင်မယ့် ကားပေါ်က စက်တွေဆိုလည်း QR Code ဖတ်တဲ့ဟာ အကုန်ပါတယ်။ စက်ထဲမှာ အားလုံးအကုန်ရှိ တယ်။
စမယ်ဆိုရင် ကျမတို့က စက်ကို အဆင့်မြှင့်ပေးလိုက်ရုံပဲ။ နောက်ပိုင်း ကျမတို့ Application တခုလည်း Support လုပ်ဖို့ ပြင်ဆင်နေတာရှိတယ်။ ဒါကတော့ transit အတွက်ပေ့ါနော်။ ယာဉ်လိုင်းတွေ အားလုံးလည်း ရှာလို့ရမယ့် ခရီးလမ်းကြောင်းပေါ့နော်။
ကိုယ်စီးမယ့် ယာဉ်လိုင်းက ဘယ်မှာရှိမလဲ၊ နောက်တခါ ယာဉ်စီးခဆိုရင် ဘယ်လောက်ကျမလဲ ဒါမျိုးကအစ ပါနိုင်မယ့် Application တခု လုပ်နေတယ်။ ဒါက ပြည်သူကို YBS နဲ့ ထပ်လောင်းပြီးတော့ ကျမတို့ အခမဲ့ ဝန်ဆောင်မှု ပေးသွားမှာဖြစ်တယ်။
မေး။ ။ကတ်စနစ်ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး အစိုးရနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့်အပေါ် ကုမ္ပဏီအနေနှင့် အကျိုးအမြတ်ခွဲဝေမှုက ဘယ်လိုရှိမလဲ။
ဖြေ။ ။ကျမတို့က YBS ကတော့ တိုင်းဒေသကြီးအစိုးရက ဦးစီးပြီးလုပ်တဲ့ လုပ်ငန်းပေါ့နော်။ ကျမတို့ကကျတော့ ရင်းနှီး မြှုပ်နှံဖို့ရယ်။ လည်ပတ်ဖို့ရယ်အတွက် တင်ဒါ ဝင်ပြီး ယှဉ်ပြိုင်ရာမှာ လုပ်ခွင့်ရတယ်ဆိုတော့ တင်ဒါပြိုင်တဲ့အခါ ဝန်ဆောင်ခတွေ ဘာတွေကတော့ သတ်မှတ်ပြီးသား။ သူ့ရဲ့ သက်ဆိုင်ရာ အပိုင်းလိုက် ရန်ကုန်တိုင်းဒေသကြီး အစိုးရဖက်နဲ့ YRTA ဖက်ကပဲ သူတို့က ဒါလေးတွေကို အသိပေးသွားမှာဖြစ်တယ်။
ကျမတို့ကတော့ တင်ဒါယှဉ်ပြိုင်ထဲက ဝန်ဆောင်ခတွေကို နှစ်စဉ်အလိုက် တနှစ်နဲ့ တနှစ်တော့ မတူတဲ့ Rate တွေ ရှိမယ်။ ဒါလေးတွေကို တောင်းဆိုပြီးသားပေါ့နော်။
မေး။ ။ကတ်စနစ်စတင်မယ်ဆိုပြီးပြောနေတာ တော်တော်ကြာနေပြီ ဆိုတော့ ဒီလိုမျိုးကြန့်ကြာနေတာ ဘာကြောင့် ပါလဲရှင့်။
ဖြေ။ ။ဒီ YBS စနစ်က သယ်ယူပို့ဆောင်ရေးနဲ့လည်း နှီးနွယ်တယ်။ နောက်နည်းပညာပဲ ယူလာပြီးတော့ ဒီမှာ ဒီတိုင်းပဲ ချသုံးတော့မယ်ဆိုရင် အဲဒီလောက်ထိတော့ မရိုးရှင်းဘူး။ လက်ရှိ အခြေအနေ ပေါ်မူတည်ပြီးတော့ ကျမတို့က ပူးပေါင်း ပြီးတော့ ညှိနှိုင်း ဆောင်ရွက်ရတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိတယ်။
ဥပမာ- ကျမတို့ကုမ္ပဏီရှိမယ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရရှိမယ်၊ YRTAရှိမယ်၊ ဘတ်(စ်)ကားကုမ္ပဏီတွေ ရှိမယ်၊ ဘဏ်တွေရှိမယ်၊ Network အေးဂျင့်တွေရှိမယ်။
အဖက်ဖက်သော လူတွေအများကြီး အဖွဲ့အစည်းတွေ အများကြီး ညှိနှိုင်းပြီး လက်ရှိ ကိုယ့်ရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ စနစ်တခုနဲ့ တကယ်အကောင်ထည်ဖော်လို့ အဆင်ပြေနိုင်မယ့် စနစ်တခု တည်ဆောက်တာ ဖြစ်တဲ့အတွက် အများကြီး လုပ်ရတဲ့ လုပ်ငန်းစဉ်လေးတွေ အများကြီးရှိတယ်။ ဒါကြောင့် တည်ဆောက်တဲ့အချိန်မှာလည်း အချိန်နည်းနည်းလေး ယူရတယ်။ သူရဲ့ Process တွေက အခုချိန်မှာ စလို့ရတဲ့ အခြေအနေဖြစ်သွားပြီ။ ကျမတို့လည်း ဒါကို အမြန်ဆုံးတော့ ကြိုးစားပြီးလုပ်နေတယ်။
မေး။ ။ဖြည့်စွက်ပြောချင်တာများ ရှိပါသေးလားရှင့်။
ဖြေ။ ။ကျမတို့ကတော့ ဒါက အားလုံးပူးပေါင်းပြီး ဆောင်ရွက်မှပဲ အောင်မြင်မယ့် လုပ်ငန်းမျိုးလည်း ဖြစ်တယ်။ စီးပွားရေး သပ်သပ်လုပ်ရတဲ့ လုပ်ငန်းမျိုး မဟုတ်ဘူး။ Public ကို ပေးရတဲ့ လုပ်ငန်းလည်း ဖြစ်တယ်။ ဒါကြောင့် အဖွဲ့အစည်း အများကြီးပါတယ်။ နောက်တခါ ခရီးသွားပြည်သူတွေလည်း တကယ်လက်တွေ့သုံးမှသာ ဒီစနစ်က အောင်မြင်မှာ ဖြစ်တယ်။
ဒါကြောင့် ကျမတို့ဖက်ကလည်း ဒီUser တွေ တကယ်သုံးလို့ အဆင်ပြေအောင် လွယ်ကူအောင် ပံ့ပိုးပေးမယ်။ သတင်းအချက်အလက်တွေလည်း စဉ်ဆက်မပြတ်ပေးမယ်။ ဝန်ဆောင်မှုကိုလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးတော့ ဆောင်ရွက်နေတယ်။ ခရီးသွားပြည်သူတွေ ဖက်ကလည်း ပူးပေါင်းပြီးတော့ ဒီ YPS Card လေးကို ဝိုင်းဝန်းပြီးဆောင်ရွက်ပေးဖို့ ပြောချင်ပါတယ်။