ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့မှ ပြင်ဦးလွင် ဇီးပင်ကြီးကျေးရွာတွင် ရှိသည့် ဗဟိုမီးသတ်သင်တန်းကျောင်းမှနေ အခြေခံ မီးသတ် သင်တန်း တက်ရောက်ပြီး သင်တန်းဆင်းလာသော မီးသတ် တပ်ဖွဲ့ဝင် ၁၈ ဦးနှင့် ကြီးကြပ်သူ ၁ ဦး အပါအဝင် ကားပေါ်တွင် လိုက်ပါလာသူ လူ ၃၁ ဦးကို အောက်တို ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက မြောက်ဦးမြို့ အလွန် ရန်ကုန်- စစ်တွေ ကားလမ်မ တနေရာတွင် ရက္ခိုင်စစ်တပ် (AA) က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦး အပါအဝင် ကားပေါ်တွင် လိုက်ပါလာသူ လူ ၃၁ ဦးကို ဖမ်းဆီးခဲဲ့မှု အပေါ် AA သတင်း ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကလည်း ဖမ်းဆီးမှုကို အတည်ပြုသည်။
လက်ရှိ အချိန်တွင် မီးသတ်တပ်ဖွဲ့ဝင် ဟုတ်မဟုတ်ကို စစ်ဆေးနေသည်ဟုလည်း ဆိုသည်။
ထိုသို့ မီးသတ်တပ်ဖွဲ့ဝင်များ ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် မီးသတ် ဦးစီးဌာနမှ ဒု ပြည်နယ် မီးသတ် ဦးစီးမှူး ဦးစံရွှေထွန်းအား ဧရာဝတီ သတင်းဌာန သတင်းထောက် မင်းအောင်ခိုင် က တွေ့ဆုံ မေးမြန်းထားမှုကို ဖော်ပြလိုက်ပါသည်။
မေး။ ။ သင်တန်းက ဆင်းလာတဲ့ မီးသတ် တပ်ဖွဲ့ဝင်တွေကို AA က ဖမ်းသွားတယ်လို့ သိရပါတယ်။ အဲဒီကိစ္စအပေါ် ဌာန အနေနဲ့ ဘာတွေ လုပ်ကိုင် ဆောင်ရွက်နေလဲဆိုတာ ပထမဆုံးအနေနဲ့ မေးချင်ပါတယ်။
ဖြေ။ ။ ကျနော်တို့ မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးနဲ့ ကြီးကြပ်သူ ၁ ဦးဟာ အောက်တိုဘာလ ၁၀ ရက်နေ့ မနက်ပိုင်းမှာ အခြေခံ သင်တန်း ဆင်းပြီးတော့ တာဝန်ကျရာနေရာကို သွားဖို့အတွက် ရခိုင်ပြည်နယ်ကို ပြန်လာပါတယ်။ ဒီအချိန်မှာ လက်နက် ကိုင် အဖွဲ့အစည်းတခုက စစ်ဆေး ခေါ်ယူသွားတယ်လို့ ကျနော်တို့ သတင်းရတဲ့အတွက် သင့်တော်တဲ့ ဆောင်ရွက်မှုတွေ ကို ကျနော်တို့ အားလုံးဆောင်ရွက်လျက် ရှိပါတယ်။
မေး။ ။ ဖမ်းဆီးခံနေရတဲ့ မီးသတ် တပ်ဖွဲ့ဝင်တွေက ဘယ်လို သင်တန်းမျိုးကို သွားတက်ခဲ့တာပါလဲ။
ဖြေ။ ။ ဖမ်းဆီးသွားတယ်ဆိုတာ မသုံးစေချင်ဘူး၊ စစ်ဆေး ခေါ်ဆောင်သွားခြင်းသာ ဖြစ်ပါတယ်။ ဖမ်းဆီးတယ်ဆိုတာ အပြစ်တခုခု လုပ်ထားလို့ ဖမ်းတာ။ အခု ကျနော်တို့ တပ်ဖွဲ့ဝင်တွေဟာ ဘယ်အရောင်အသွေးမှ မရှိပါဘူး။ မှားယွင်းမှု တခု ကြောင့် သူတို့ကို စစ်ဆေး ခေါ်ဆောင်သွားခြင်းသာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။
သူတို့တက်တဲ့ သင်တန်းကတော့ အခြေခံ မီးသတ် တပ်သားသစ် သင်တန်း တက်တာပါ။ သူတို့ တက်ရတဲ့ ပညာကတော့ မီးသတ်ပညာနဲ့ စည်းကမ်းကောင်းအောင်၊ အမိန့်နာခံတတ်အောင်၊ ပြည်သူတွေ အပေါ် စေတနာထားတတ်အောင် အခြေခံ လက်နက်မဲ့ စစ်ပညာတွေ သင်ကြားပြီးတော့ ကိုယ့်ရခိုင်လူမျိုးထု အတွက် ရခိုင်လူမျိုး ၁၈ ယောက် သင်တန်း သွားတက်ရ တာ ဖြစ်ပါတယ်။
မေး။ ။ ကျနော် ရှင်းရှင်းလင်းလင်းတခု သိချင်တာက သင်တန်းဆင်းတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ပြန်လာကြတဲ့ အခါ ဌာန ကား နဲ့ ပြန်လာကြတာလား၊ ဒါမဟုတ် ခရီးသည်တင်ကားကို စီးလုံးငှားပြီး လာကြတာလား၊ သို့တည်းမဟုတ် ခရီးသည် တွေ နဲ့ အတူ ကားအတူတူ စီးပြီး ပြန်လာကြတာလား၊ ဘယ်လို ပုံစံမျိုးနဲ့ ပြန်လာကြတာလဲ။
ဖြေ။ ။ ကျနော်တို့ မီးသတ်တပ်ဖွဲ့ဝင်တွေ အနေနဲ့ ကားစင်းလုံးမငှားနိုင်ပါဘူး။ မီးသတ် တပ်ဖွဲ့ဝင်က ၁၉ ဦး၊ ရွှေပြည်သစ် ကားမှာ တင်နိုင်တာက ၄၆ ဦး ဖြစ်ပါတယ်။ အဲဒီလို ကားကို စင်းလုံးမငှားနိုင်တဲ့အတွက် သူတို့ ကြိုတင် ချိတ်ဆက်ပြီး တော့ ပြင်ဦးလွင်၊ မန္တလေး၊ စစ်တွေ အရောက် လာနိုင်အောင် ရွှေပြည်သစ် အမြန်ယာဉ်ကားနဲ့ လာခဲ့ကြတာ ဖြစ်ပါတယ်။ ကျနော် တို့ တပ်ဖွဲ့ဝင်က ၁၉ ဦးပါတယ်။ ပြင်ပလူက ၁၂ ယောက်ပါပြီးတော့ လူ ၃၁ ယောက်နဲ့ သယ်ဆောင် လာခဲ့တာ ဖြစ်ပါတယ်။ သယ်ဆောင်လာတဲ့ ပြင်ပလူတွေထဲမှာ လက်ပံတန်းက ၄ ယောက် တက်ပြီးတော့ မကွေးက ၈ ယောက် တက်တယ်လို့ ကျနော် တို့ သတင်း ရပါတယ်။ အဲဒီကားမှာ ပါလာတဲ့ လူတွေထဲမှာ ကျနော့်တပ်ဖွဲ့ဝင် ၁၉ ဦးဆိုတာကိုတော့ ကျနော် အတည်ပြုပါ တယ်။
မေး။ ။ သင်တန်းက ဘယ်မြို့မှာ သွားတက်ခဲ့တာပါလဲ။
ဖြေ။ ။ ကျနော်တို့ရဲ့ ဗဟိုမီးသတ် သင်တန်းကျောင်းရှိတဲ့ ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီး ကျေးရွာမှာ အခြေခံ မီးသတ်ပညာ၊ လက်နက်မဲ့ အခြေခံ စစ်ပညာ သင်ကြားပြီးတော့ ပြည်သူတွေကို အကျိုး ပြုနိုင်အောင်၊ ပြည်သူတွေရဲ့ မီးဘေး ကြိုတင် ကာကွယ်ရေး၊ ရှာဖွေ ကယ်ဆယ်ရေးတွေကို ဆောင်ရွက်နိုင်အောင် ပညာရပ်တွေကို လေ့လာသင်ကြားဖို့အတွက် သင်တန်း က ၃ လ တက်ရပါတယ်။
မေး။ ။ အခု AA ခေါ်သွားတဲ့ တပ်ဖွဲ့ဝင်တွေက ဘယ်မြို့နယ် ဘယ်ဇာတိက ပါလဲ။ အဖမ်းခံထားရတာနဲ့ ပတ်သက်ပြီးရော သူတို့ရဲ့ မိသားစုဝင်တွေကို ဆရာတို့ ဌာနအနေနဲ့ တရားဝင် အသိပေး အကြောင်းကြားထားပြီလား။
ဖြေ။ ။ အားလုံးကတော့ ရခိုင်လူမျိုးတွေပါပဲ။ ကျနော်တို့ အောက်တိုဘာ ၁၁ ရက်နေ့ မနက်ပိုင်းမှာ ဖြစ်စဉ် ဖြစ်ပွားပြီးတဲ့ နောက် ညနေပိုင်းမှာ သတင်းရပါတယ်။ သတင်းရတာနဲ့ ချက်ချင်းပဲ သူတို့ရဲ့ သက်ဆိုင်ရာ မီသားစုတွေကို ဆက်သွယ် ဆောင်ရွက် ပါတယ်။ ဒါကြောင့် မိသားစုဝင်တွေ ကလည်းပဲ ကျနော်တို့ သတင်းတွေကို လက်ခံပြီးတော့ သူတို့ရဲ့ စိုးရိမ်မှု တွေကို ဖြေလျှော့နိုင်အောင် ကျနော် ကြိုးစား ဆောင်ရွက်ပါတယ်။
အဲဒါ အပြင် ကျနော်တို့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ပါ လက်ကိုင်ဖုန်း ၄ လုံးကိုလည်း ပြန်လည် ရရှိခဲ့ပါတယ်။ ကျန်တဲ့ ၁၅ ဦးရဲ့ လက်ကိုင်ဖုန်းတွေကိုတော့ ကျနော်တို့ မရရှိခဲ့ပါဘူး။ ကျနော့်အနေနဲ့ကတော့ သူတို့ သင်တန်းဆင်းတဲ့ ပထမနေ့ မှာတော့ ကျနော်နဲ့ အဆက်အသွယ်ရပြီးတော့ ဒုတိယနေ့မှာ အဆက်အသွယ် မရတော့ပါဘူး။
မေး။ ။ အပြင်မှာ သတင်းတွေ ပျံ့နေတာတခုက အဲဒီ သူတို့ စီးလာတဲ့ကားမှာ လက်နက်တွေလည်း ပါတယ်။ ပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေလည်း ရောပြီးတော့ လိုက်ပါလာတယ်ဆိုပြီး ကြားနေရတာ ရှိပါတယ်။ အဲဒီ ကိစ္စ အပေါ်မှာလည်း ရှင်းပြ ပေးပါဦး။
ဖြေ။ ။ ကျနော့်အနေနဲ့ကတော့ ကျနော့်လူ ၁၉ ယောက်ရဲ့ ကိုယ်ရေး အချက်အလက်တွေ၊ မီးသတ်ထဲကို ဝင်လာတဲ့ အကြောင်း စတဲ့ အကြောင်းအရာတွေကိုတော့ အာမခံဝံ့တယ်။ သူတို့ဟာ ဘာနဲ့မှ ပတ်သက်မှုမရှိဘူး။ ပြည်သူ့အကျိုးကို လုပ်ချင်တဲ့ ဖြူစင်ရိုးသားစွာ မီးသတ်တပ်ဖွဲ့ကို ဝင်ရောက်လာတာ ဖြစ်တဲ့အကြောင်းနဲ့ ပြည်သူကိုပဲ အကျိုးပြုမယ့် လူတွေ ဆိုတာကိုတော့ ကျနော်ရဲရဲကြီး အားမခံ ရဲတယ်။
နောက်တချက်ကတော့ မီးသတ်တပ်ဖွဲ့ဝင်တွေ အမှန်အကန်ဆိုတာကိုလည်း အာမခံဝံ့ပါတယ်။ တခုခု မှားယွင်းမှုကြောင့် တယောက်နဲ့တယောက် အထင်လွဲလို့၊ တဖွဲ့နဲ့တဖွဲ့ အထင်လွဲလို့ ဒီလိုတွေဖြစ်သွားတာ ဖြစ်တယ်။ အားလုံးဟာ အဆင်ပြေ သွားလိမ့်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ပါတယ်။
မေး။ ။ နောက်တခု မေးချင်တာက ဖေ့စ်ဘုတ် လူမှုကွန်ရက်တွေမှာ မီးသတ်တပ်ဖွဲ့ဝင်ဟာ တပ်မတော်၊ ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ လက်နက်ငယ် ပစ်ခတ်လေ့ကျင့်နေတဲ့ ဓာတ်ပုံတွေ တွေ့နေရတယ်။ အဲဒီ ကိစ္စ အပေါ်မှာလည်း ရှင်းပြ ပေး စေချင်ပါတယ်။
ဖြေ။ ။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေဟာ အမိန့်နာခံတတ်အောင်၊ စည်းကမ်းရှိအောင်၊ ပြည်သူတွေကို တိတိကျကျ အကျိုးပြု နိုင်အောင်၊ အဓိကတော့ အမိန့်နာခံတတ်အောင်ဆိုပြီးတော့ ရာထူး အဆင့်အလိုက် စစ်ပညာကို သင်ရတာ ရှိပါတယ်။ အဲဒါကြောင့် အင်တာနက် လူမှုကွန်ရက်မှာ ဝေဖန်ရေးသားတာတွေက မှားယွင်း တင်ပြချက်တွေသာ ဖြစ်တယ်ဆိုတာ ကျနော့်အနေနဲ့ ဖြေရှင်းချင်ပါတယ်။
မေး။ ။ အခုလိုမျိုး မီးသတ်တပ်ဖွဲ့ဝင်တွေ ခေါ်ဆောင်ခံရတာနဲ့ ပတ်သက်ပြီးတော့ ဌာနက တာဝန်ရှိတဲ့ ဆရာအနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်တာ ရှိလဲ။
ဖြေ။ ။ ကျနော့်အနေနဲ့ ပြောချင်တာကတော့ ဒီဟာတွေဟာ မှားယွင်းပြီး အထင်လွဲမှားသွားခြင်းတွေသာ ဖြစ်တဲ့အတွက် အချိန်တခုပေးပြီးတော့ သူတို့ကို ပြန်လွှတ်ပေးမယ် ဆိုပြီးတော့ မေတ္တာရပ်ခံ မျှော်လင့်နေတယ်။ ။