သြဂုတ်လ ပထမပတ်တွင် မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့၏ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ မြို့ ၅နေရာကို ဝင်ရောက် တိက်ခိုက်ပြီးနောက် အစိုးရနှင့် မြောက်ပိုင်း မဟာမိတ်များကြား အပစ်ရပ် ဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့သော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ရေး အခြေအနေများ တည်ငြိမ်ခြင်း မရှိသေးပါ။
မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့တွင် ပါဝင်သည့် တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် တပ်မတော် တို့ကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေဆဲဖြစ်ပြီး အရပ်သားများမှာလည်း စိုးရိမ်မှုများ ရှိနေဆဲ ဖြစ်သည်။
ကျောက်မဲနှင့် ကွတ်ခိုင်မြို့နယ်တို့ရှိ ကျေးရွာတချို့တွင် တိုက်ပွဲများ ငြိမ်သက်နေပြီဖြစ်သော်လည်း ပဋိပက္ခဖြစ်ပွားစဉ် က နှစ်ဖက်တပ်များ ထောင်ထားသည့် မိုင်းများနှင့် ပစ်ခတ်မှုတွင် ပေါက်ကွဲခြင်း မရှိဘဲ ကျန်ခဲ့သည့် လက်နက်ကြီးများ ကြောင့် သေဆုံးထိခိုက်မှုများ ရှိနေဆဲ ဖြစ်သည်။
အထက်ပါ အခြေအနေများနှင့် ပတ်သက်၍ အရပ်သားများ ကြုံတွေ့နေရသည့် အခြေအနေများကို တအန်း အမျိုးသမီး အဖွဲ့ (TWO) မှ ပြောရေးဆိုခွင့် ရှိသူ လွေးချီဆငါးကို ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က တွေ့ဆုံ မေးမြန်း ထားပါသည်။
TWO သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေးများနှင့် ပတ်သက်၍ လှုပ်ရှား ဆောင်ရွက်နေပြီး ပဋိပက္ခကာလအတွင်း လက်နက်ကိုင် တပ်ဖွဲ့များမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်း ပြုစု နေသည့် အဖွဲ့တဖွဲ့ဖြစ်သည်။
မေး။ ။ မြောက်ပိုင်းမဟာမိတ်က မြို့ပေါ်မှာ စစ်ဆင်ရေးတွေ လာလုပ်ပြီးနောက် နှစ်ဖက်တပ်တွေ တင်းမာမှုတွေ ရှိနေ တဲ့ အခုလိုကာလမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျေးရွာတွေမှာ နေထိုင်နေတဲ့ လူထုတွေရဲ့ အခြေအနေက ဘယ်လို ရှိသလဲ။ TWO က လက်လှမ်းမီသလောက် ဆက်သွယ်လို့ရတဲ့ နေရာတွေမှာ အရပ်သားတွေရဲ့ အခြေအနေတွေက ဘယ်လိုများ ရှိပါသလဲ။
ဖြေ။ ။ ကျမတို့ဆက်သွယ်ပြီး သိရသလောက်ကတော့ လုံခြုံရေးက အထူးသဖြင့် တိုက်ပွဲပဋိပက္ခနောက်ပိုင်းမှာ ဒေသခံ တွေက ပေါ်တာဆွဲခံရတာတို့ မြေမြှုပ်မိုင်းကြောင့်၊ လက်နက်ကြီးကြောင့်ရယ် ထိခိုက်ဒဏ်ရာ ရတာတွေ အများကြီး ရှိတယ်။ အဲ့ဒီမှာ ခံရတဲ့ လူတွေက ဖြစ်တာက ဖြစ်သွားပြီ။ ဒါပေမယ့် ကျမတို့ မေးမြန်းတဲ့ အခါမှာ မပြော ရဲတဲ့ အပိုင်းတွေ မဖြေရဲတာတွေ အများကြီး ရှိနေတယ်။ ကျမတို့ သုံးသပ်တာက နောက်ကွယ်မှာ ဖိအားပေးတာတွေ ထိန်းချုပ်ထားတာတွေ ခြိမ်းခြောက်ထားတာတွေ ရှိနေတယ်။ သူတို့က သူတို့ ကြုံရတာတွေကို ပြည့်ပြည့်စုံစုံ မပြောနိုင် တာ ရှိနေတယ်။ ကျမတို့ ပုံမှန်ဆက်သွယ်နေတဲ့ အရပ်သားတွေ ဆိုရင် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကျောက်မဲ၊ သီပေါ ပေါ့။ ဒီရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ကျေးရွာတွေ တော်တော်များများ ဆက်သွယ်ပါတယ်။ စကားပြောဖြစ်ပါတယ်။
သူတို့ စိုးရိမ်မှု ရှိနေတာက နှစ်ဖက် လက်နက်ကိုင်တွေကိုပါ။ နှစ်ဖက်လုံးက လက်နက်ကိုင်တွေ ဖြစ်တော့ တခုခုဆို ဘယ်သူဘယ်ဝါ ကျူးလွန်တယ် ဆိုတာ သိတယ်။ ဒေသခံတွေက သိနေရင်တောင် တပ်အပ် မပြောရဲတာတွေရှိတယ်။ နောက် ရှမ်းပြည်နယ် မြောက်ပိုင်းမှာက လက်နက်ကိုင်က နှစ်ဖွဲ့တည်း ဖြစ်တာမဟုတ်ဘဲ လက်နက်ကိုင် ပေါင်းစုံ နဲ့ ဖြစ်နေတော့ လက်နက်ကိုင် အရမ်းများတော့ လူထုတွေ အတွက်က စိုးရိမ်စရာ ဖြစ်နေတယ်။
မေး။ ။ ပေါ်တာ ဆွဲတဲ့ကိစ္စက ဘယ်မြို့နယ်တွေမှာ ကြုံရတာလဲ။
ဖြေ။ ။ ပေါ်တာဆွဲတာ ဆိုရင် လူထုတွေ တော်တော်များများက ကျူးလွန်မှု တခုလို့တောင် မမြင်ကြဘူး။ သူတို့ အလုပ် လို့တောင် ထင်နေကြတယ်။ လက်နက်ကိုင်တခုက လှုပ်ရှားလာပြီ ဆိုရင် လမ်းပြအဖြစ်ခေါ်မယ်။ ပစ္စည်း ထမ်းခိုင်းတာတွေရှိနေတယ်။ ဒါတွေကို ကျမတို့က ပြန်မေးကြည့်ရင်တောင် ဒါသူတို့ အလုပ်၊ သူတို့ လုပ်ပေးရမယ် ဆိုတဲ့ အပိုင်းတွေက ရှိနေတယ်။ ပေါ်တာဆွဲတာရယ် လမ်းပြရယ် ဆိုတာက ကျေးရွာကနေ လက်နက်ကိုင်တွေကို ပေးဆပ်ရမယ့် တာဝန်လို့တောင် သူတို့က ထင်နေတယ်။ ကျမတို့ ကောက်ယူထားတဲ့ စာရင်းအရ ၃ လအတွင်းမှာ ပေါ်တာဆွဲခံရတာ လူဦးရေ ၂၀ ကျော် ရှိပါတယ်။ ဇူလိုင်ကနေ စက်တင်ဘာလ အတွင်းမှာပါ။ မန်တုံမြို့နယ်နဲ့ နမ့်ဆန် မြို့နယ်မှာပါ။ ကျမတို့ရထားတဲ့ စာရင်းအရက တပ်မတော်ဘက်က ကျူးလွန်တာပါ။ လတ်တလော တိုက်ပွဲကာလ အတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ကျူးလွန်တာတွေလည်း ရှိပါလိမ့်မယ်။ ကျမတို့ လက်လှမ်းမမီ တာလည်း ဖြစ်နိုင်ပါတယ်။ နောက်တချို့ ဒေသခံတွေက မပြောတာလည်း ဖြစ်နေတော့ ကျမတို့ရထားတဲ့ ဒေသခံ အသံတွေအရ ပေါ်တာဆွဲတာကတော့ မြန်မာ့တပ်မတော်က ခေါ်ဆောင်တာတွေ ဖြစ်ပါတယ်။
မေး။ ။ ပေါ်တာဆွဲခံရတဲ့ လူတွေက ဘယ်နှရက်လောက် အခေါ်ခံရတာလဲ။ သူတို့ကို ဘာတွေ သယ်ခိုင်းတာလဲ။
ဖြေ။ ။ ခေါ်တာက ၁ ရက်လို့တော့ ပြောလို့ရတယ်။ တချို့ကို မနက်ပိုင်းခေါ်ပြီး ညနေပိုင်း ပြန်လွှတ်ပေးတာမျိုး၊ တချို့ ကိုတော့ တညအိပ်ပြီး ပြန်လွှတ်တာမျိုးတွေပါ။ ဘယ်ကနေ ဘယ်ထိလဲ ဆိုတော့ တချို့ဒေသတွေမှာ သူတို့က တောတွင်းမှာ လှုပ်ရှားတော့ သူတို့က တောထဲမှာ လမ်းပြသဘောခေါ်တာ ရှိတယ်။ ပြန်လွှတ်တဲ့ အခါကျတော့ တခြား ရွာတခုကိုရောက်ရင် ပြန်လို့ရပြီဆိုပြီး ပြန်လွှတ်ပေးတာမျိုးပါ။ လမ်းမှာ ခြိမ်းခြောက်မှုတွေ ရိုက်နှက်မှုတွေ ရှိသလားဆို တော့ မရှိဘူးလို့ ပြောကြတယ်။ သူတို့က ခေါ်သွားပြီးရင် နောက်တရွာကို ရောက်ရင် ပြန်လွှတ်ပေးတာတို့ သူတို့ သွား ချင်တဲ့ နေရာတွေကိုရောက်ရင် ပြန်လွှတ်ပေးတာမျိုး လုပ်ပါတယ်။ သယ်ခိုင်းတဲ့ ပစ္စည်းတွေကတော့ အတိအကျတော့ ကျမတို့ မသိရဘူး။ ရွာသားတွေ မြင်တာကတော့ ရိက္ခာတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ သယ်ခိုင်းတာလို့ သိရပါတယ်။
မေး။ ။ ကျောက်မဲမြို့နယ်ထဲမှာ ၂၀၁၈ ခုနှစ်တုန်းက တိုက်ပွဲကာလတွေမှာ ကြုံရတာ မိုင်းအန္တရာယ် စိုးရိမ်ရတဲ့ နေရာ တွေကို အရပ်သားတွေရှေ့က သွားခိုင်းတာ ပေါ်တာဆွဲတာမျိုးပေါ့။ အခုလပိုင်းတွေမှာ ဖြစ်တဲ့ တိုက်ပွဲတွေမှာရော ဒီလိုမျိုး အဖြစ်အပျက်တွေ ရှိပါသလား။
ဖြေ။ ။ အဲ့ဒီလိုမျိုးလည်း ရှိတယ်။ ဒီနှစ်ထဲပဲ မဟုတ်ဘူး။ ပြီးခဲ့တဲ့ နှစ်တွေမှာ ရှိတယ်။ သူတို့က လမ်းပြအဖြစ် ခေါ်သွား ရင် ရွာသားတွေက ကြားခံအဖြစ် လိုက်ရတယ်။ စစ်ကြောင်းက တကြောင်းတည်းမှာ ၁၀ ယောက်ခြား တယောက်နဲ့ ခေါ်တာ ကာဗာယူတဲ့ ပုံစံမျိုး မြင်တွေ့ ရပါတယ်။ အရင်ကလည်း ရှိပါတယ်။
မေး။ ။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပဋိပက္ခတွေ မြို့ပေါ်အထိ ဖြစ်လာတဲ့ ဒီလပိုင်းတွေမှာ နှစ်ဖက် လက်နက်ကိုင် တပ်ဖွဲ့တွေက အရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဘာတွေ ရှိသလဲ။
ဖြေ။ ။ သြဂုတ်လကနေစပြီး အခုချိန်ထိ အများဆုံး ဖြစ်နေတာကတော့ လက်နက်ကြီးပစ်တာပါ။ လက်နက်ကြီး ပစ်လို့ လူထုတွေ အိမ်တွေ ထိခိုက် ပျက်စီးတာရယ် လူထုတွေ သေဆုံးတာရယ်ကို တွေ့ရတယ်။ နောက်တခုက မြေမြှုပ်မိုင်း အသုံးပြုမှုကြောင့် ထိခိုက်တာတွေ ရှိပါတယ်။ နောက်တချို့ အရပ်သားတွေက တိုက်ပွဲ ဖြစ်နေတဲ့ အချိန်တွေမှာ ဘာမှ မဖြစ်ပေမယ့် တိုက်ပွဲဖြစ်ပြီးနောက်ကျန်ခဲ့တဲ့ ကြွင်းကျန်လက်နက်ကြီးတွေ မပေါက်ကွဲသေးတဲ့ မိုင်းတွေကြောင့် ဒေသခံ တွေက အလုပ်သွားရင်း ထိခိုက်ဒဏ်ရာရတာတွေ သေဆုံးတာတွေ အများကြီး မြင်တွေ့ရတယ်။ အခုဒါတွေ အများဆုံး ဖြစ်နေတယ်။ သြဂုတ်လကနေ အခုထိပါ။
မေး။ ။ မြေမြှုပ်မိုင်းနဲ့ ကြွင်းကျန် လက်နက်တွေကြောင့် သြဂုတ်လကနေ အခုချိန်ထိဆိုရင် ထိခိုက် သေဆုံးတာတွေ စာရင်း ကောက်ထားတာမျိုး ရှိပါသလား။
ဖြေ။ ။ ကျမတို့ လက်လှမ်းမီသလောက် ကောက်ယူထားတာ ရှိပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း တခုလုံးတော့ မလွှမ်းခြုံနိုင်ပါဘူး။ ကျမတို့ကလည်း အခြေအနေအရ ကွင်းမဆင်းနိုင်တဲ့ နေရာတွေရှိတာရယ် လက်လှမ်းမမီနိုင်တဲ့ နေရာတွေရယ် ရှိနေလို့ပါ။ ကျမတို့ မီသလောက် ပြုစုထားတာတော့ ရှိပါတယ်။ ဒီလ အောက်တိုဘာ မပါဘဲ သြဂုတ် ကနေ စက်တင်ဘာ အထိဆိုရင်တော့ မိုင်းနဲ့ကြွင်းကျန်လက်နက်တွေကြောင့် သေဆုံးတာ ၁၀ ဦး ရှိပြီ။ ဒဏ်ရာ ရတဲ့ လူကတော့ ၂၀ ကျော် ရှိပါပြီ။ ကျမတို့စာရင်းအရ ကွတ်ခိုင်၊ နမ့်ဆန်၊ ကျောက်မဲ ဒီ ၃ မြို့နယ်ထဲမှာ ဖြစ်နေတာပါ။
မေး။ ။ သတင်းမီဒီယာတွေက မေးတဲ့အခါ မြေမြှုပ်မိုင်း မသုံးဘူးဆိုတာမျိုး လက်နက်ကိုင် တပ်ဖွဲ့တွေဘက်က ငြင်းဆို တာတွေ ရှိတယ်။ တကယ့် မြေပြင်မှာတော့ သုံးနေကြတယ်။ ဒီအပေါ် ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ မြေမြှုပ်မိုင်း မသုံးဘူးဆိုပေမယ့်လည်း တကယ့်မြေပြင်မှာက သုံးနေကြတယ်။ သုံးသပ်မိသလောက်က တဖက် က သုံးပြီဆိုရင် တဖက်ကလည်း ကာကွယ်တဲ့ အနေနဲ့လုံခြုံရေး အရ ပြန်သုံးနေတာတွေရှိတယ်။ နှစ်ဖက်စလုံးရော၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ရော သုံးနေတဲ့ အနေအထား ရှိပါတယ်။ တကယ့် တကယ် သုံးသပ် ကြည့်ရင် မြေမြှုပ်မိုင်းတွေ သုံးတာက လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့စစ်ရေးဗျူဟာတခုလို့ ပြောကြပေမယ့် တဖက်မှာ ပြန်ကြည့်ရင် အရပ်သားတွေ ထိခိုက်တာကိုတော့ မလိုလားပါဘူး။ ကျမတို့ ကန့်ကွက်တယ်။ မိုင်း အသုံးပြုပြီးရင် သူတို့ က မရှင်းတော့ဘူး။ တိုက်ပွဲက ပြီးသွားတယ်။ ဒါတွေကို မရှင်းတော့ဘဲ ချန်ထားခဲ့တယ်။ ကျမတို့ အဲ့ဒါ မဖြစ်စေချင် ဘူး။ သုံးလိုက်တယ် ဆိုရင် ပြန်နောက်ဆုတ်တဲ့အခါ အဲ့ဒီနေရာတွေကို နယ်မြေရှင်းလင်းတာမျိုး လုပ်ပေးစေချင်တယ်။ ဒါမှ လူထုတွေက တဖက်တလမ်းကနေ အန္တရာယ်ကင်းမယ့် အခြေအနေ ရှိပါတယ်။
ကျမတို့က ကျမတို့စာရင်းအရ ဟိုဘက် ဒီဘက် ဘက်လိုက်တာတော့ မရှိဘူး။ ဒါပေမယ့် တပ်အပ်မပြောနိုင်တာတွေ ရှိပါတယ်။ ဘယ်မိုင်းက ဘယ်သူထောင်တယ်ဆိုတာ မသိတော့ ကျမတို့လည်း မပြောနိုင်ဘူး။ မသိရဘူး။ ဒေသခံတွေ ကလည်း မိုင်းနဲ့ပတ်သက်တဲ့ အသိပညာတွေက မရတော့ ဘယ်သူ့မိုင်း ဆိုတာလည်း သူတို့တပ်အပ် မပြောနိုင်ပါဘူး။ ဒါပေမယ့် ထိခိုက် သေဆုံးတာတွေက အများကြီး ရှိနေတယ်။ ဘယ်ဘက်က မိုင်းဆိုတာတော့ တပ်အပ် မပြောနိုင်ဘူး။ လက်နက်ကြီးကြောင့် သေဆုံးတာဆိုရင်တော့ ဒေသခံတွေက ဘယ်ဘက်ကလာတဲ့ လက်နက်ဆိုတာ သိတယ်။ ဘယ်စခန်းက ဘယ်နေရာ ဘယ်လိုနီးတယ် ဆိုတာသိတော့ ဘယ်သူပစ်တယ် ဆိုတာ တပ်အပ်ပြောနိုင်တယ်။ မိုင်း ကျတော့ ကျမတို့လည်း မသိရသလို ဒေသခံတွေကလည်း တိတိကျကျ အဖြေမပေးနိုင်တာတွေက အများကြီးပဲ။
မေး။ ။ မြေမြှုပ်မိုင်းနဲ့ ကြွင်းကျန် လက်နက်တွေကြောင့် တောင်ယာနဲ့ လက်ဖက်ခြံတွေကို မသွားရဲတော့တဲ့ သူတွေ ရော ဘယ်လောက် ရှိနေပြီလဲ။
ဖြေ။ ။ ကျမတို့ အဲ့ဒါလည်း ဒေသအခြေအနေ ပြောရမယ်ဆိုတာ ဒါတွေလည်း ပါတယ်။ တချို့ ဒေသခံတွေက တော် တော် များများ တောင်ပေါ်က လူတွေက တောထဲ တောင်ထဲ မှာပဲရှိတယ်။ လယ်တောပဲပြောပြော လက်ဖက်ခြံပဲ ပြော ပြော တောထဲမှာပဲ သွားလုပ်ရတော့ အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း မသွားရဲတဲ့ အနေအထားတွေရှိတယ်။ တချို့ က သွားလိုက်ရင်လည်း အရင်လို တယောက်တည်း နှစ်ယောက်တည်း မသွားရဲတော့ဘဲ အုပ်စုလိုက် သွားရတဲ့ အနေ အထားတွေ ရှိနေတယ်။ မကြာခဏဆိုသလိုလည်း ကိုယ့်ခြံတို့ လုပ်ငန်းထဲ သွားရင်း ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ် တော့ အလုပ်လုပ်ရတာက လုပ်တော့ လုပ်နေတယ်။ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေရတယ်။ တချို့ဆို မသွားရဲတော့ဘဲ ခြံတွေကို ပစ်ထားလိုက်ရတာ ရှိတယ်။
မေး။ ။ နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့တွေ စစ်ရေးတင်းမာလာတဲ့အခါ တိုက်နေခိုက်နေတဲ့ အချိန်မှာရော အရပ်သား တွေ ဘက်က ဆုံးရှုံးမှုရှိသလို တိုက်ပွဲတွေငြိမ်သွားရင်တောင် သူတို့မှာ စိုးရိမ်ထိတ်လန့်မကင်း နေနေရတော့ ပြည်သူ တွေ အတွက်လို့ ကြွေးကြော်နေတဲ့ နှစ်ဖက် လက်နက်ကိုင် တပ်ဖွ့ဲတွေက အရပ်သားတွေအပေါ်မှာ တာဝန်ယူမှု တာဝန် ခံမှုကရော ဘယ်လိုတွေရှိပါသလဲ။ သုံးသပ်ပေးပါဦး။
ဖြေ။ ။ ဒီဟာဆိုရင်တော့ တော်တော်များများက တိုက်ပွဲပဋိပက္ခကြောင့် လက်နက်ကြီး ပစ်ခတ်တာတို့ကြောင့် သေဆုံး တဲ့ အပေါ်မှာတော့ တာဝန်ယူမှု တာဝန်ခံမှု လုပ်တဲ့ အပေါ် အရမ်းအားနည်းတယ်။ နှစ်ဖက်စလုံးမှာ အားနည်းပါတယ်။ တိုက်ပွဲ ဖြစ်နေတဲ့ အချိန်မှာ ဘယ်ဘက်က လက်နက်ဆိုတာ မပြောနိုင်ပေမယ့် နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်။ နှစ်ဖက်စလုံးက တာဝန်ယူရပါမယ်။ ဒါပေမယ့် တကယ့်မြေပြင်မှာတော့ ဖြစ်ပြီးရင် ဖြစ်သွားလိုက်တယ်။ ဘယ်ဘက် ကမှလည်း တာဝန်ယူတာ မရှိဘူး။ တခုပြောလို့ရတာက နယ်ခံတွေဆီက သိရတာက မြေမြှုပ်မိုင်းကြောင့် ဆိုရင် ဘယ် သူ ထောင်တယ်ဆိုတာ တပ်အပ်ပြောနိုင်ရင် တိုင်းရင်းသား လက်နက်ကိုင်တွေလုပ်တာ သိတယ်ဆိုရင် သူတို့က ငွေ အနည်းအကျဉ်းနဲ့ အသုဘကြေး ပြန်ပေးတာတို့ တွေ့ရတယ်။ တိုက်ပွဲကြားဖြစ်တာကတော့ တာဝန်ယူမှု မတွေ့ရပါဘူး။
မေး။ ။ နောက်တခုက ကျမတို့ ကျောက်မဲမြို့နယ်ထဲမှာ ကွင်းဆင်းတော့ မိုင်းနဲ့ပတ်သက်ပြီး ရွာတချို့မှာ ကြောက်လန့် နေကြတာ တွေ့ရတယ်။ အဲ့ဒါက TNLA ထောင်ထားတဲ့ မိုင်းတလုံးကွဲရင် ကျွဲပဲထိထိ လူပဲထိထိ သူတို့ကို မိုင်းဖိုး ၅ သိန်း ပြန်လျော်ရမယ် ဆိုတာမျိုးပါ။ ဒီလို တခြားနေရာတွေမှာရော ကြားရတာ ရှိလား။
ဖြေ။ ။ အဲ့ဒါမျိုးတွေတော့ ကျမတို့ မတွေ့ရဘူး။ မကြားမိဘူး။ ဒါပေမယ့် တချို့နေရာတွေ သွားလို့ မရဘူးဆိုရင်တော့ နှစ်ဖက်တပ်တွေကနေ မသွားရဘူး၊ အန္တရာယ် ရှိတယ်ဆိုတာမျိုး တားဆီးတာတွေတော့ ရှိတယ်။ တချို့နေရာတော့ ရှိ တယ်။ အများဆုံးကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က တားဆီးတာများတယ်။ ဒေသခံတွေကို မသွားဖို့ ကြိုတင် ပြောတာတွေတော့ ရှိတယ်။ ဒါပေမယ့် သူတို့ မိုင်းတလုံးပေါက်ရင် ပြန်လျော်ရမယ်ဆိုတာကတော့ ကျမတို့ မကြားမိဘူး။ ကျမတို့ လက်လှမ်း မမီတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကိုတော့ ကျမတို့ မသိရပါဘူး။
မေး။ ။ မြေပြင်မှာက တင်းမာမှုတွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပေမယ့် တဖက်မှာလည်း ခေါင်းဆောင်ပိုင်းတွေကြား Bilateral ထိုးနိုင်ဖို့ ညှိနှိုင်းနေတာတွေ ရှိတယ်။ ဒီအပေါ်မှာရော TWO အနေနဲ့ ဘယ်လို ရှုမြင်သုံးသပ်ချက် ရှိလဲ။
ဖြေ။ ။ ကျမတို့ သုံးသပ်တာက ဆွေးနွေးတာနဲ့ လက်တွေ့က တခြားစီတော့ ဖြစ်နေတာရှိတယ်။ ဆွေးနွေးမှု ရလဒ် ကလည်း တိတိကျကျ အဖြေမထွက်ဘူး။ သွားထိုင်ပြီး ဆွေးနွေးလိုက်တယ်။ ညှိနှိုင်းမရတဲ့ အနေအထား အများကြီး ရှိ တယ်။ တိုင်းရင်းသား လက်နက်ကိုင်ဘက်ကပြောတာ အစိုးရဘက်ကပြောတာ တပ်မတော်ဘက်က ပြောတာတွေက တချို့ဟာတွေက ညှိနှိုင်းမရတော့ ရက်ရွှေ့လိုက် နောက်တခေါက် ပြန်ဆွေးနွေးမယ်ဆိုတာတွေပဲ တွေ့နေရတယ်။ တွေ့ဆုံနေတဲ့ ကြားကာလတွေမှာ အပစ်ရပ်ကာလ တလတို့ ဘာတို့ ပြောတယ်ဆိုပေမယ့် တကယ့် မြေပြင်မှာက အဲ့ဒီ လို မဖြစ်တာတွေ အများကြီးပဲ။ ထိုးစစ်တွေ မြေပြင်မှာ တက်လာတယ်။ စစ်ကြောင်းတွေ အများကြီး တက်နေတော့ တိုင်းရင်းသား လက်နက်ကိုင်ဘက်ကလည်း ကိုယ့်နယ်မြေကိုထိုးစစ်လာတော့ ကာကွယ်ရမယ်ဆိုတဲ့ သဘောက ရှိနေ တော့ ပြောရမယ်ဆိုရင် တကယ့်အပေါ်မှာက အဖွဲ့အစည်းခေါင်းဆောင်နဲ့ မြေပြင်မှာ လှုပ်ရှားနေတဲ့ အဖွဲ့တွေနဲ့က ချိတ် ဆက်မှု မမိနေတာလား ဆိုတဲ့ အပိုင်းတွေတော့ တွေ့ရတယ်။ မြေပြင်မှာက တမျိုးလုပ်နေပြီး ထိပ်ပိုင်းမှာက တမျိုး တွေ့ရတယ်။ ရလဒ်က ဘယ်လိုပြောရမလဲ ဆိုရင် ကျမတို့က ရာနှုန်းပြည့် မယုံကြည်ရတဲ့ အခြေအနေတွေ တွေ့ရ တယ်။ အပစ်အခတ်ရပ်စဲရေး ကာလလို့ပြောတယ်။ မြေပြင်မှာက ပြန်ပစ်နေတယ်။ အဲ့ဒီတော့ ကိုယ်ကလည်း ရလဒ်က အကောင်းဘက်ကိုတော့ မျှော်လင့်ပေမယ့် မျှော်လင့်တဲ့အတိုင်း မဖြစ်လာတာတွေက အများကြီးပဲ တွေ့ရတယ်။
မေး။ ။ TWO အနေနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်လာဖို့ အပစ်အခတ်ရပ်စဲရေး ဖြစ်လာဖို့ မျှော်လင့်ချက်ကရော ဘယ်လိုရှိလဲ။
ဖြေ။ ။ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးက စားပွဲပေါ်မှာ လုပ်နေပေမယ့် မြေပြင်မှာ မငြိမ်းချမ်းသရွေ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရမှာမဟုတ်ဘူး။ ဖြစ်သင့်တာက နှစ်ဖက်လုံးက ထိပ်တိုက်ဆွေးနွေးနေတဲ့ အချိန်မှာ မြေပြင်မှာလည်း ထိန်းသိမ်းနိုင်တဲ့ အခြေအနေ ဖြစ်ရမယ်။ တပ်ဆုတ်တဲ့ အနေအထားတို့ တိုင်းရင်းသား လက်နက်ကိုင် ဘက်ကလည်း တကယ့်ကို ငြိမ်းချမ်းရေး သွားနေတဲ့အချိန်မှာ ပစ်ခတ်မှုတွေမလုပ်ဖို့ ဖြစ်စေချင်တယ်။ နောက်တခုက ကျမတို့ ထင်တာ က ဆွေးနွေးနေတဲ့အချိန်မှာ ခေါင်းဆောင်ပိုင်းတွေပဲ ဆွေးနွေးနေပြီး မြေပြင်က အသံတွေမပါတော့ ထိရောက်မှု တော့ အဲ့ဒီလောက်ထိ မတွေ့ရဘူးလို့ ပြောလို့ရတယ်။
မေး။ ။ တိုက်ရင်း ဆွေးနွေးနေကြတဲ့ နှစ်ဖက် လက်နက်ကိုင် တပ်ဖွဲ့တွေကိုရော ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ကျမတို့ အပါအဝင် ဒေသခံတွေ မြင်နေတာက တိုက်ပွဲဖြစ်နေတာက အခုမှ မဟုတ်ဘူး။ ရွာတွေထဲမှာ ဖြစ်နေ တာ ကြာပြီ။ သေဆုံးမှုတွေ အများကြီးရှိတယ်။ သတင်းမီဒီယာတွေ လက်လှမ်းမမီတာ ရှိသလို အပြင်နဲ့နိုင်ငံတကာက မသိကြတော့ တိုက်ပွဲက လူလူချင်းဖြစ်နေတာ လူထုတွေ သေဆုံးနေတာတွေကို မသိကြတော့ မြို့ထဲမှာ ဖြစ်တော့မှ ပိုပြီး တိုက်ပွဲက ပြင်းထန်လာသလို မြင်တွေ့နေကြတယ်။
အမှန်တော့ တိုက်ပွဲဖြစ်တာက ၂၀၁၉ မှာ လမ်းမကြီးတကြောမှာ ဖြစ်မှ ဖြစ်တာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၂၀၁၅၊ ၂၀၁၃ ကတည်းက နေ့စဉ်နဲ့အမျှ ဖြစ်နေတယ်။ ရွာပိုင်းတွေမှာ ဆက်သွယ်ရေး လမ်းကြောင်းမကောင်းတော့ ဘယ်သူမှ မသိ တာတွေလည်း ရှိတယ်။ အခုက ကျမတို့ရော ဒေသခံတွေရော ဖြစ်စေချင်တာက တိုက်ပွဲကို အမြန်ဆုံး ရပ်တန့်စေချင် တယ်။ ဒါပေမယ့် နှစ်ဖက် လက်နက်ကိုင်တွေရဲ့သဘောထားဆိုတော့ တိုက်ပွဲ ရပ်မရပ်ဆိုတာက မသိနိုင်ဘူး။
အကောင်းဆုံးကတော့ လူထုသွားလာတဲ့ အသုံးပြုတဲ့ ဧရိယာရယ် မြို့ထဲမှာ လူအများနေတဲ့ နေရာပဲဖြစ်ဖြစ် ကျေးရွာ ထဲမှာ တိုက်ပွဲဖြစ်တာမျိုး မဖြစ်စေချင်ဘူး။ အတတ်နိုင်ဆုံး လူထုသွားလာတဲ့နေရာ နေထိုင်တဲ့ အဆောက်အအုံတွေ ရယ်ကို ရှောင်ပေးစေချင်တယ်။ ဖြစ်သွားတဲ့ အပေါ်မှာလည်း နှစ်ဖက်စလုံးက လူထုအတွက် တရားမျှတမှုရှိအောင် လုပ်ပေးစေချင်တယ်။
ဖြစ်သွားရင် သူ့လက်နက်မဟုတ်ဘူး။ ကိုယ့်လက်နက် မဟုတ်ဘူးလို့ ငြင်းခုန်နေမယ့်အစား ထိခိုက်ဒဏ်ရာ ရတဲ့ လူထု တွေအတွက် အတတ်နိုင်ဆုံး အကောင်းဆုံးက နှစ်ဖက်လုံးက ပြန်လည် တာဝန်ခံပေးတာမျိုး တခုခု ကုစားပေးတာမျိုး လုပ်ပေးစေချင်တယ်။ ဘာလို့ဆိုတော့ တချို့ လူဆိုရင် တိုက်ပွဲကြောင့် လုံးဝ နာလန်ပြန်မထနိုင်တာရှိတယ်။ ကိုယ့် အိမ် တအိမ်လုံး မီးလောင် ပြာကျသွားလို့ ပြန်မဆောက်နိုင်တာ အိမ်တလုံးကို ပြန်ဆောက်ဖို့က မနည်း ရုန်းကန်နေရ တာ တွေ ရှိတယ်။
အဲ့ဒီအတွက် သက်ဆိုင်ရာ နှစ်ဖက်လက်နက်ကိုင်တွေကို ကျမတို့က လူထုကိုယ်စား တောင်းဆိုချင်တာက ပြန်ပြီး တော့ မွမ်းမံနိုင်ဖို့ ပြန်ပြီးနာလန်ထူနိုင်ဖို့ လုပ်ပေးစေချင်တယ်။ နောက်ပြီး လူထုတွေအသံနဲ့ လိုအပ်ချက်တွေကို လျစ်လျူ ရှုတာ မဟုတ်ဘဲ နှစ်ဖက်လုံးက လျှော့သင့်တာ လျှော့ပြီး စစ်ရေးဆိုတာမျိုး မဟုတ်ဘဲ နိုင်ငံရေးအရ အကောင်းဆုံး နည်းလမ်းရှာပြီး ငြိမ်းချမ်းရေးရဖို့ တည်ဆောက်ဖို့ ကျမတို့မျှော်လင့်တယ်။ အတတ်နိုင်ဆုံး ကောင်းတဲ့ နည်းလမ်းကနေ ညှိနှိုင်းတာမျိုးကို ကျမတို့ဖြစ်စေချင်တယ်။ တင်းမာတဲ့ အနေအထားမျိုးနဲ့ပဲ ညှိနှိုင်းနေရင် ထိခိုက် သေဆုံးတာက ဘယ်သူကမှ မလိုလားပါဘူး။ ။