အနုပညာ ဖန်တီးမှုတွေအပေါ် မူပိုင်ခွင့် ချိုးဖောက်မှုတွေဟာ ဒစ်ဂျစ်တယ်စနစ် တိုးတက်လာခြင်းနှင့် အတူ နည်းအမျိုးမျိုးနဲ့ ဖြစ်ပေါ်နေလျက် ရှိနေပါတယ်။ ကိုယ်ကျိုးစီးပွားအတွက် တဦးချင်း ချိုးဖောက်မှုတွေ ရှိနေသလို ကျယ်ပြန့်တဲ့ ဆက်သွယ် ရေး ကုမ္ပဏီတွေ အနေနဲ့လည်း ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ပြောဆိုကြတာတွေလည်း ရှိနေပါတယ်။
လက်ရှိမှာလည်း တေးသီချင်းတွေကို ခွင့်ပြုချက်မရှိဘဲ ငွေကြေးနဲ့ ဝန်ဆောင်မှု ပေးနေတဲ့ ဆက်သွယ်ရေး ကုမ္ပဏီတခုကို တရားစွဲဆိုနိုင်ဖို့ ပြင်ဆင်နေတဲ့ M United တေးထုတ်လုပ်ရေး၏ ရှေ့နေ ဦးလင်းဘုန်းမြတ်နဲ့ ဧရာဝတီက တွေ့ဆုံမေးမြန်း ထားပါတယ်။
မေး။ ။ M United ထုတ်လုပ်ရေး ကနေ ဆက်သွယ်ရေး ကုမ္ပဏီတခုကို မူပိုင်ခွင့်အရ တရားစွဲဖို့ လုပ်နေတယ်လို့ သိရ တယ်။ ဘယ်လို အခြေအနေရှိသလဲ။
ဖြေ။ ။ သီချင်းတွေ သုံးဖို့ အကြိမ်ကြိမ် လာပြောကြတယ်။ ဒီထုတ်လုပ်သူတွေကတော့ ခွင့်မပြုဘူး။ တယောက်တည်းပဲ အလုပ်လုပ်ချင်တဲ့ သဘောပေါ့။ ဒါပေမယ့် သီချင်းတွေက ဆက်သွယ်ရေး လုပ်ငန်းတွေမှာ ရောက်နေတယ်။ စောင့်ဆိုင်း တေးသံ (Ring Tune) လိုမျိုးတွေ။ ကျနော်တို့ စစ်ထားပြီးတာတော့ MPT ပေါ့နော်။ အဲဒီအတွက် သတင်းစာမှာ ကြေညာ ထည့်လိုက်တာ။
အဲဒီမှာလည်း ဒီသီချင်းတွေက ကြားခံ ကုမ္ပဏီတွေကနေ သွားတာပေါ့နော်။ သုံးစွဲတဲ့ အကြိမ်ရေနဲ့ မိုဘိုင်းဖုန်း သုံးနေတဲ့ လူအရေအတွက်ရယ် ပြန်စဉ်းစားကြည့်မယ် ဆိုရင် ဒီလူမှာ စီးပွားရေး ဆိုင်ရာ အခွင့်အရေး အများကြီး ဆုံးရှုံးသွားတယ်။ တခြား အနာဂတ် အကျိုးစီးပွား ပျက်စီးသွားတာတွေ ရှိတယ်။ အဲဒီအတွက် ဥပဒေနဲ့ အညီ အရေးယူမယ်ဆိုပြီး သတင်းစာ ကြေညာ ထည့်လိုက်တာ။
ဒီသီချင်းတွေက ဘယ်ကနေ သွားလဲဆိုတာ ပုဂ္ဂိုလ်ရေး အရ သိပေမယ့် အချက်အလက်တွေ ရဖို့ တော်တော်လေး ပြင် ဆင်နေရတာ ရှိတယ်။ တော်တော်လေးတော့ ပြီးနေပြီ။ ဒါကို ဆက်ပြီး လုပ်သွားဖို့ ရှိတယ်။ ဥပမာ- စစ်ကိုင်းလမ်း သီချင်း၊ ကျနော်တို့ ပြောနေတာက အောင်ထက် ဆိုတဲ့ ဗားရှင်းကို ပြောနေတာ။ ကိုခိုင်ထူး ဆိုတဲ့ ဗားရှင်းကို ပြောနေတာ မဟုတ် ဘူး။
အဲဒီမှာ ကိုခိုင်ထူးဆိုတဲ့ ဗားရှင်းအတွက် မူပိုင်ခွင့် ပိုင်ရှင်တွေက သူ့ဟာသူ ရှိပြီးသား။ ရေးသားသူ ကိုနေဝင်းက ကိုနေဝင်း ပဲ ရှိပြီးသား။ အောင်ထက်ဆိုတဲ့ ဗားရှင်းမှာလည်း မူပိုင်ခွင့်ပိုင်ရှင်တွေ ရှိပြီးသား။
မေး။ ။ ဆက်သွယ်ရေး ကုမ္ပဏီ ဆိုတာက MPT တခုပဲလား၊ တခြားရှိသေးလား။
ဖြေ။ ။ ကျနော်တို့က ဘာမှ အထောက်အထား မရှိဘဲနဲ့ သတိပေးတာ၊ သတင်းစာမှာ ကြေညာတာမျိုးတော့ မလုပ်ဘူး။ အခုက အချက်အလက်တွေ ရထားပြီ။ ဘယ်ဥပဒေနဲ့ ဆက်လုပ်မလဲ ပြင်ဆင်နေတယ်။ ဥပဒေနဲ့အညီ ထိထိရောက် ရောက် တခုခုတော့ လုပ်ဖို့ စီစဉ်ထားပါတယ်။ တခြား ဆက်သွယ်ရေး ကုမ္ပဏီတွေမှာလည်း ရှိနိုင်မလား မသိသေးဘူး။ ရှိ ရင်လည်း ရှိမယ်။ လက်ရှိကတော့ MPT မှာပဲ တွေ့ထားသေးတယ်။ တခြားဟာတွေမှာလည်း တွေ့ခဲ့ရင် ဥပဒေအရ ဆက် လုပ်သွားဖို့ ရှိပါတယ်။
မေး။ ။ ကြားခံ ကုမ္ပဏီတွေ ဆိုတာကရော ဘယ်လို ကဏ္ဍမျိုးမှာ ရှိနေသလဲ။
ဖြေ။ ။ တယ်လီကွန်းတွေ ဆိုတာက တယ်လီကွန်းပဲ လုပ်တာ။ ဖျော်ဖြေရေး လုပ်တာ မဟုတ်ဘူး။ အဲဒီတော့ ဒီ ကြားခံ ကုမ္ပဏီတွေဆီကမှ စာချုပ်တွေနဲ့ သွားကြတယ်။ အဲဒီလိုတွေ သွားရင်းနဲ့ သီချင်းတွေက အင်တာနက်ပေါ်တွေမှာ ရောက် လာပြီး အလွယ်တကူ Download လုပ်လို့ ရသွားတာတွေပေါ့။
သီချင်း အသုံးပြုမှု ပုံစံတွေက ပြောင်းသွားပြီ။ CD နဲ့ နားထောင်တာ နည်းသွားပြီ။ လူမှုကွန်ရက်တွေကပဲ ရှာတော့တယ်။ အဲဒီမှာ မူပိုင်ခွင့် ချိုးဖောက်မှုတွေ တော်တော်များများက ဒီနေရာမှာ ဖြစ်လာတယ်။ ဒီသီချင်းတွေက ဒီနေရာတွေ ဘယ်လို ရောက်နေတာလဲ။ အနုပညာရှင်တွေ ကိုယ်တိုင် ချန်နယ်ဖွင့်ပြီး တင်ထားတာတွေလည်း ရှိမယ်။ ဒီအပေါ်မှာ ကြည့်တဲ့ အရေအတွက်ကနေ ဝင်ငွေ ပြန်ရတာမျိုးလည်း ရှိကောင်းရှိမယ်။
မည်သို့ပင်ဖြစ်စေ Service Provider ၊ Content Provider ကုမ္ပဏီတွေ ကြားထဲမှာ ရှိတယ်။ ဒီကနေမှ Streaming အကုန် လုံးကို သွားတယ်။ Youtube ကလွဲလို့ပဲ။ ဒါက ပြည်တွင်းလည်း ဖြစ်မယ်။ ပြည်ပ အထိလည်း ဖြစ်နိုင်တယ်။
မေး။ ။ ချိုးဖောက်မှုတွေ အတွက် မူပိုင်ခွင့် ဥပဒေတွေကရော အသက်ဝင် အသုံးချလို့ ရနေပြီလား။
ဖြေ။ ။ မူပိုင်ခွင့်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဥပဒေ ၄ မျိုး ရှိတယ်။ စက်မှုဒီဇိုင်း မူပိုင်ခွင့်၊ တီထွင်မှု မူပိုင်ခွင့်၊ ကုန်အမှတ် တံ ဆိပ် မူပိုင်ခွင့်။ စာပေနှင့် အနုပညာ ဆိုင်ရာ မူပိုင်ခွင့် ဥပဒေကတော့ နောက်ဆုံးမှ ထွက်လာတယ်။ သို့သော် တချို့ ပြင် ဆင် ဖြည့်စွက်စရာလေးတွေ ရှိသေးတယ်။ နောက်ပြီး နည်းဥပဒေကလည်း ထွက်မလာသေးဘူး။ မြန်မြန်ထွက်လာဖို့တော့ လိုတယ်။
ဂီတအလွှာတွေ အချင်းချင်းမှာလည်း အငြင်းပွားစရာ အကြောင်းအရာလေးတွေ ရှိနေတာ ရှိတယ်။ ရုပ်ရှင်နဲ့ သဘင်နယ် ပယ်မှာ ရှိနေမှာပဲ။ မူပိုင်ခွင့်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဥပဒေ ၄ မျိုးရှိတဲ့ အထဲကမှ ရှေ့က ဥပဒေ ၃ ခုမှာ ထူးခြားချက်က မူပိုင်ခွင့်ဆိုင်ရာ တရားရုံး ဆိုတာ ရှိရမယ်။ အဲဒီ တရားရုံးမှာမှ အရေးဆိုလို့ ရမယ်။ လျော်ကြေးတောင်းလို့ ရမယ်၊ အပြစ် ပေးလို့ ရမယ်ပေါ့။
မူပိုင်ခွင့် တရားရုံး ဆိုတာ မရှိသေးပေမယ့်လည်း ရှိတဲ့ ဥပဒေနဲ့ လုပ်လို့ ရတယ်။ အမှတ်တံဆိပ် အတု လုပ်တယ်ဆိုရင် လည်း လိမ်လည် အတုပြုလုပ်မှု ပုဒ်မ ၄၆၈ နဲ့ တရားစွဲပေါ့။
စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေမှာ ကျတော့ ဆက်စပ် ဥပဒေကို အသုံးပြုခွင့် ပေးထားတယ်။ ဆက်သွယ်ရေး ဥပဒေ၊ ယှဉ်ပြိုင်မှု ဥပဒေတို့လိုမျိုးပေါ့။ မူပိုင်ခွင့် ချိုးဖောက်ခံရမှု ပုံစံ အလိုက် တရားစွဲလို့ ရသလို တရားမကြောင်း အရလည်း စွဲလို့ရတာ ထူးခြားချက်ပဲ။ နောက်တချက် ထူးခြားတာက ရဲ အရေးပိုင်မှုတွေ ဖြစ်ပြီး ထောင်ဒဏ်တွေ ပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ ဂီတဆိုင်ရာ မူပိုင်ခွင့်ကို ဘယ်လို သတ်မှတ်ထားလဲ။
ဖြေ။ ။ ဂီတဆိုင်ရာ မူပိုင်ခွင့်လို့ ပြောရင် တနိုင်ငံနဲ့ တနိုင်ငံ သတ်မှတ်ထားတာ မတူဘူး။ လုံးဝတူညီတဲ့ အချက် တချက် တော့ ရှိတယ်။ မူလဖန်တီးသူ ပိုင်ရှင်နှင့် ဆက်စပ်တဲ့ ပိုင်ရှင် ဆိုပြီး ရှိတယ်။ မြန်မာနိုင်ငံမှာတော့ သတ်မှတ်ထားတဲ့ ဂီတ အလွှာ ၅ လွှာ ရှိတယ်။ တေးရေး၊ တေးဆို၊ တီးခတ်သူ၊ အသံဖမ်း စတူဒီယိုနဲ့ ထုတ်လုပ်သူပေါ့။
အကျိုးရလဒ်ပိုင်း ခွဲရင် တေးရေး ၂၅ ရာခိုင်နှုန်း၊ တေးဆို ၂၅ ရာခိုင်နှုန်း၊ တီးခတ်သူ ၁၅ ရာခိုင်နှုန်း၊ အသံဖမ်းစတူဒီယို ၁၀ ရာခိုင်နှုန်းနဲ့ ထုတ်လုပ် သူ ၂၅ ရာခိုင်နှုန်း ဆိုပြီးတော့ ဂီတလောကမှာ အားလုံး သဘောတူ သတ်မှတ်ထားတာလေး ရှိတယ်။
မူလ လက်ရာရှင် ဖြစ်တဲ့ တေးရေးကတော့ ပြောင်းလဲလို့ မရဘူး။ ဆက်စပ်သူပိုင်းမှာတော့ အလွှာလိုက် ခွဲထားတာတွေ ရှိ တယ်။ သူတို့ကတော့ ခေတ်အလိုက် မူပိုင်ခွင့် ပိုင်ဆိုင်သူ ပြောင်းလဲသွားတာတွေ ရှိတယ်။ သီချင်းတပုဒ်မှာ မူပိုင်ခွင့် ဆိုင် ရာ အခွင့်အရေးတွေကို ပိုင်ဆိုင်ခွင့်ရတဲ့ သူတွေက ဒီအလွှာ ငါးလွှာက လူတွေပဲ။ တယောက်တည်းကိုပဲ ကွက်ပြောလို့ တော့ မရဘူး။ တယောက်တည်းကို သွားပြောမယ်ဆိုရင် ဒီအသိုင်းအဝိုင်းမှာ အငြင်းပွားစရာတွေ ရှိလာမယ်။
မေး။ ။ မူပိုင်ခွင့် ဥပဒေအရ ပိုင်ဆိုင်ခွင့်ကို ဘယ်လောက်အထိ သတ်မှတ်ထားလဲ။
ဖြေ။ ။ မူပိုင်ခွင့် ဥပဒေမှာ ဖန်တီးသူ တယောက်ရဲ့ တသက်တာ အပြင် ကွယ်လွန်ပြီး နှစ် ၅၀ အထိ သူ့ရဲ့မိသား စု(သို့) ဆက်ခံခွင့် ရှိသူက အကျိုးခံစားခွင့် ရှိတယ်။ စီမံခန့်ခွဲခွင့် ရှိတယ်။ ဥပမာ- ဆရာမြို့မငြိမ်း တို့ဆိုရင် သူတို့ ဖန်တီးခဲ့တာ တွေက သူလည်း ကွယ်လွန်သွားပြီး၊ နောက် နှစ် ၅၀ လည်း ကျော်သွားပြီ ဖြစ်တဲ့အတွက် Public Domain ဖြစ်သွားပြီ။
ဒါကို လူတချို့က ပရမ်းပတာ သုံးလို့ ရသွားတယ်လို့ ထင်နေကြလား မသိဘူး။ တခြား နိုင်ငံတွေမှာဆို အစိုးရတွေက ကိုင် တွယ်ပေးတာ ပိုများတယ်။ ဥပမာ- ယဉ်ကျေးမှု ဝန်ကြီးဌာနလိုဟာမျိုးက ပရမ်းပတာ မသုံးဖို့ ကိုင်တွယ်ပေးတာ များတယ်။ ရှေ့မှာ ဖြစ်ခဲ့တာ တခုရှိတယ်။ တူးပို့ ဘီယာနဲ့ပေါ့။
တူးပို့ ဆိုတဲ့ သံစဉ်လေးက မြန်မာ့ရိုးရာ ယဉ်ကျေးမှုသင်္ကြန်လို အခါမျိုးမှာ သုံးခဲ့တာကို မြန်မာတွေက အနှုတ်သဘော အမြင်ရှိတဲ့ အရက်ဘီယာလိုဟာ အတွက် သုံးတာမျိုး ဖြစ်နေတယ်။ ဒါမျိုးတွေက မသုံးရဘူး။ ကိုယ်တိုင်လည်း လိုက်နာရ တာတွေ ရှိသလို ဥပဒေအရ တားမြစ်ချက်တွေလည်း ရှိနေတယ်။
မေး။ ။ ပွဲတခု စီစဉ်မယ်ဆို တေးသီချင်း မူပိုင်ခွင့်တွေကို ဘယ်သူက တာဝန်ယူဖြေရှင်းကြသလဲ။
ဖြေ။ ။ မူပိုင်ခွင့် အတွက်ဆိုရင် ပွဲစီစဉ်သူတွေကပဲ ဖြေရှင်းပေးရတာမျိုး။ ဒီမှာကတော့ တမင်ပဲ ရန်တိုက်ပေးထားတာလား တော့ မသိဘူး။ ပွဲတခုလုပ်မယ်ဆို အဆိုတော်ကို ဆိုကြေးပေးလိုက်မယ်။ မူပိုင်ခွင့်ဘာညာ ကိုယ့်ဘာသာရှင်း ဆိုတာမျိုး ရှိနေတယ်။
သီချင်းတပုဒ် ဆိုတော့မယ်ဆိုရင် တေးရေးဆီက မူပိုင်ခွင့် ခွင့်ပြုချက် ရပြီလား၊ မရသေးဘူးလားဆိုတာ အဆိုတော် လုပ် စရာ မလိုဘူး။ တီးဝိုင်းအဖွဲ့ကလည်း လုပ်စရာ မလိုဘူး။ ပွဲစီစဉ်သူတွေကပဲ လုပ်ပေးရတာ။
အခု ဒီမှာကျ အဲဒီလို မဟုတ်ဘူး။ ဥပမာ- Myanmar Idol ၊ အိပ်မက်ဆုံရာ တို့လို ဆိုရင် ဆိုတဲ့ ကလေးတွေက ပေးရတာ မဟုတ်ဘူး။ စီစဉ်သူတွေကပဲ လုပ်ပေးရတာ။ အဲဒီမှာတောင် လုပ်နေကြပြီ ဆိုရင် အပြင်ပွဲတွေမှာ ဘာလို့ ဒီလို မလုပ်နိုင် သေးရတာလဲ။
မေး။ ။ မူပိုင်ခွင့်ကို ဘယ်လို ပုံစံနဲ့ ချိုးဖောက်မှု အများဆုံး တွေ့ရသလဲ။
ဖြေ။ ။ မူပိုင်ခွင့်ကို စပြီး ထိတွေ့တော့မယ် ဆိုရင် အဓိကတော့ သူများသီချင်းကို တနည်းနည်း သုံးတော့မယ် ဆိုရင် အနည်းဆုံးတော့ ခွင့်တောင်းရမယ်။ သူများ ဖန်တီးထားတာကို ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုနေကြတယ် ဆိုရင်တော့ မူပိုင်ခွင့် ချိုးဖောက်ရာ ကျသွားပြီ ဖြစ်ပါတယ်။
အရင်ကတော့ CD ခိုးကူခွေတွေပေါ့။ ခွင့်ပြုချက် မရှိဘဲ စင်ပေါ် တက်ဆိုနေ ကြတာတွေ၊ နောက်ပိုင်းကျတော့ ဒစ်ဂျစ် တယ်ခေတ် ဆိုတော့ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတာတွေ၊ ဒါက ရုပ်ရှင်ဘက်မှာ လည်း ရှိတယ်။ ရုပ်ရှင်တကား ရုံတင်ပြီး တရက်နှစ်ရက်ပဲ ရှိသေးတယ်။ အင်တာနက်ပေါ် ရောက်လာရော၊ ဒီအတွက် အမှုဖြစ်ခဲ့တာတွေလည်း ရှှိတယ်။
နောက် Cover ဆိုတဲ့ ကိစ္စ၊ စတူဒီယိုတွေ၊ ကင်မရာကြီးတွေနဲ့ ရိုက်ထားတယ်။ ပေါက်သွားရင် ဒီအတိုင်းမနေဘဲ စင်ပေါ် ယူသွားကြတယ်။ ကျနော့်အနေနဲ့တော့ ဒါကို ကာဗာလို့ မယူဆဘူး။ ကိုယ့်ကိုယ်ကိုယ် ပရိုမိုးရှင်း လုပ်နေကြတာလို့ပဲမြင် တယ်။ သာမန်လူတယောက် ဆိုတာထက် ပေါ်ပြူလာ ဖြစ်နေတဲ့သူတွေ ဆိုတာမျိုးဆိုရင် ပိုဆိုးတယ်။ ပျံ့နှံမှုကလည်း ကွာတယ်။ ဒါမျိုးလုပ်တာက မူပိုင်ခွင့် ချိုးဖောက်ပါလား ဆိုတဲ့ ဗဟုသုတ မရှိကြတာ များပါတယ်။
အသုံးချ အနုပညာဘက်မှာ ဆိုရင်လည်း နက်နဲတာတွေ အများကြီး ရှိတယ်။ ဥပမာ- ပန်းချီကား တချပ်ကို ကျနော် ဝယ် ထားတယ်ပေါ့။ ဒီပန်းချီကို ပန်းချီ အနေနဲ့ ချိတ်ဖို့ပဲ။ ဒါကို ကျနော်က အင်္ကျီထုတ်ပြီးတော့ ရောင်းတာပဲဖြစ်ဖြစ် ကိုယ်တိုင် ဝတ်တာပဲ ဖြစ်ဖြစ် လုပ်မယ်ဆိုရင် ပန်းချီဆရာကို ခွင့်တောင်းရမယ်။ ပန်းချီဆိုတဲ့ ဖန်တီးမှုကနေ အခြား ဖန်တီးမှုတခုခုကို အသွင်ပြောင်းသွားပြီ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ မူလ လက်ရာရှင်၊ မူရင်း အနုပညာရှင်ကို ခွင့်တောင်းရမှာပဲ။
မေး။ ။ မူပိုင်ခွင့် ချိုးဖောက်တာတွေကြောင့် အနုပညာပိုင်းကို ဘယ်လို ထိခိုက်သလဲ။
ဖြေ။ ။ အရင်က CD ရောင်းရမှုတွေက ဂီတလောကထဲ ပြန်ရောက်တယ်။ အဲဒီတော့ အသစ်သစ်သော ဖန်တီးမှုတွေ ဖြစ် လာတယ်။ ဒီဘက်မှာကျတော့ရော ဝင်ငွေတွေက ဂီတလောကထဲ ပြန်ရောက်သလား မေးစရာဖြစ်လာတယ်။ ကျနော့် တဦးတည်း လေ့လာမှုအရတော့ ၄၀ ရာခိုင်နှုန်းလောက်ပဲ ရောက်တယ်။ အဲဒီတော့ တေးသံသွင်းတွေ တိုက်တွေ ပိတ်ရ တယ်။ သူတို့နေရာမှာ အခြားလုပ်ငန်းတွေ ဖြစ်လာတယ်။ အဆိုတော်တွေ ကိုယ်ဟာကိုယ် အခွေထုတ်ကြရတယ်။ အရည် အသွေးတွေ နည်းလာတယ်။
အဓိကတော့ ကျနော်တို့ အရည်အသွေးတွေ ကျသွားတယ်။ အဆိုတော် ကြီးကြီးငယ်ငယ်ပါပဲ။ မျိုးဆက်တိုင်းမှာ တန်ဖိုး ထားပြီး သိမ်းထားရမယ့် သီချင်းတွေ ရှိတယ်။ ထိလို့ ခိုက်လို့ မရတဲ့ သီချင်းတွေ ရှိတယ်။ ကျနော့် တဦးတည်း အမြင်အရ ဒီဘက်ခေတ်မှာ ဒါမျိုး သီချင်းတွေ နည်းလာတယ်လို့ မြင်တယ်။ နောက်ပြီး အကျိုးစီးပွားအရ ထိခိုက်တာတွေ ရှိတယ်။ ပြောချင်တာက ဒီကရတဲ့ အမြတ်က နောက်တခု အလုပ်လုပ်ဖို့ ဖြစ်တယ်။ အခုကျတော့ အမြတ် ဆိုတာ မရှိတော့ဘူး။
မြန်မာပြည်မှာ CD ထုတ်တဲ့ ထုတ်လုပ်သူ အရမ်းနည်းသွားပြီ။ ဒစ်ဂျစ်တယ်ဘက်ကို ပြောင်းကုန်တဲ့သူတွေ ပြောင်းကုန်ပြီ။ တေးသံသွင်းတွေလဲ ပိတ်တဲ့သူ ပိတ်လိုက်ရပြီ။ အဲဒါတွေက မူပိုင်ခွင့်ချိုးဖောက်မှုကြောင့် ဂီတလောက တခုလုံးမှာ သက် ရောက်မှု ရှိနေပြီ။
နောက်တခုက သီချင်းတွေ လာဝယ်ကြတယ်။ သီချင်းပဲ သီးသန့် ပေးလိုက်တယ်။ နောက်တော့ အကုန်လုံးက ကာရာအို ကေဗားရှင်းတွေ ဖြစ်သွားတယ်။ CD ထွက်ပြီးရင် VCD ထွက်မှာပဲ။ တခါတလေကျရင် VCD မှ ပေါက်တဲ့ အခွေတွေလည်း ရှိတယ်။ အဲဒီတော့ သူတို့က ကာရာအိုကေဗာရှင်းတွေ လုပ်ပစ်လိုက်တော့ ဒီဘက်ကလူတွေက ဘယ်လိုလုပ် MTV တွေ ရိုက်ကြတော့မလဲ။ အဲဒီလိုမရိုက်ရတော့ ဒီလောကမှာရှိနေတဲ့သူတွေ ဘယ်လို အလုပ်လုပ်ကြမလဲ။
အသိုင်းအဝိုင်း တခုလုံး လိုက်ပြိုလဲသွားတယ်။ သရုပ်ဆောင်တွေ၊ စက်မှုအလွှာက လူတွေ ရှိတယ်။ အကုန်လုံး ထိခိုက် ကုန် တာ။ ဒါကို ညီညီညွတ်ညွတ်နဲ့ ပြန်ပြီးတော့ လုပ်ရတော့မှာပဲ။ ကျနော့်ရဲ့ စစ်တမ်းအရတော့ မူပိုင်ခွင့် ချိုးဖောက်မှုက မိနစ်တိုင်း ခံနေရတာပါပဲ။ သီချင်းတပုဒ် Download လုပ်တိုင်း ဖန်တီးသူတွေ ပိုက်ဆံရ နေပြီလား။ မရသေးဘူး။
မေး။ ။ မူပိုင်ခွင့် ချိုးဖောက်မှု ဖြစ်လာရင် အများအားဖြင့် ဘယ်လို ဖြေရှင်းနေကြလဲ။
ဖြေ။ ။ များသောအားဖြင့်က အကျိုးစီးပွား ပျက်စီးစေမှုကြောင့် လျော်ကြေးငွေ ဘယ်လောက်ရလိုကြောင်း တရားစွဲတာ တွေ ရှိတယ်။ တရားရုံးမှာ နောက်ဆုံး အဖြေထွက်တာတော့ ရှားတယ်။ နောက်တခုက အချင်းချင်း စိတ်ကောက်သလို လုပ်နေကြတာလည်း ရှိတယ်။ တောင်းပန်လိုက် ကျေအေးလိုက်နဲ့ ပြီးသွားတယ်။ ငွေပမာဏ တခုတော့ ပါတာပေါ့။
ဒါပေမယ့် ဒီလိုပြီးသွားတာကို ပြည်သူက မသိဘူး။ လက်သိပ်ထိုး ရှင်းလိုက်ကြတာပေါ့။ အဲ့ဒီတော့ ဒီလို လုပ်ရပ်တွေက မူ ပိုင်ခွင့် ချိုးဖောက်နေပါလား ဆိုတာကို ပြည်သူကို အသိပညာပေး လုပ်လို့ မရတော့ဘူး။ ထပ်ချိုးဖောက်မယ့် သူကို ဟန့် တားမယ့် ဖြစ်စဉ် အနေနဲ့လည်း ပြလို့ မရတော့ဘူး။
မူပိုင်ခွင့် ချိုးဖောက်ခံရသူရော ချိုးဖောက်သူရော လက်သိပ်ထိုး ဖြေရှင်းကြတာမျိုး မြန်မာပြည်မှာ ဖြစ်စဉ်တွေ အများကြီး ရှိတယ်။ အဲဒီလို မဟုတ်ဘဲ ဒါတွေဟာ ဒီလိုလုပ်လို့ မရပါဘူး ဆိုတာမျိုး စံပြတခု အနေနဲ့ လုပ်ပြဖို့ လိုပါတယ်။ အခုက ဆေးမြီးတိုနဲ့ လုပ်နေတာ။ ဒီရောဂါက မပျောက်ဘူး။ ပပျောက်ဖို့ ဆိုရင် ပြည်သူတွေကို အသိပညာ ပေးရမယ်။ ထပ် မဖြစ်အောင် တားဆီးရမယ်။
ထပ်ကျူးလွန်မယ့် သူတွေကို ဟန့်တားမယ့် နည်းလမ်းကိုလည်း စဉ်းစားရမယ်။ ဥပမာ- တောင်းပန်ပြီးပြီ ဆိုရင်လည်း နှစ်ဦးနှစ်ဖက် ကြေအေး ပြီးစီးကြောင်း ဘယ်လို အသိပေးမလဲ နည်းလမ်းတွေ စဉ်းစားရမယ်။
ကျနော်သာ အနုပညာရှင် တယောက်၊ ထုတ်လုပ်သူ တယောက် ဖြစ်ခဲ့ရင် ဒီလို ချိုးဖောက်မှုတွေ လုပ်လို့ မရဘူးဆိုတာ ပြ မှာ။ တချို့ကျတော့လည်း ရုံးတွေ သွားရမှာ ကြောက်တော့ ပြီးပြီးရော လုပ်လိုက်ကြတာလည်း ရှိပါတယ်။ လက်သိပ်ထိုး တာတွေ မဖြစ်သင့်ဘူးလို့ မပြောချင်ပေမယ့် ကျနော်ကတော့ မလုပ်စေချင်ဘူး။ ဘာလိုဆိုတော့ ဒီအထဲက လူတွေပဲ ဖြစ် နေတာတွေ ရှိတယ်။ ဒီလူတွေကိုရော ဒီလို မူပိုင်ခွင့် ပြဿနာတွေကို ဘယ်နှစ်ကြိမ် ပြောနေရဦးမှာလဲ။
မေး။ ။ မူပိုင်ခွင့်အတွက် အနုပညာ အသိုင်းအဝိုင်းက ဘယ်လို ပြင်ဆင်သင့်လဲ။
ဖြေ။ ။ အဓိကတော့ သဘောတူစာချုပ်တွေ ချုပ်တော့မယ်ဆိုရင် အသုံးပြုခွင့်ပေးတာက အပိုင်ပေးတာ မဟုတ်ဘူး။ ဖန်တီးထားတာတွေကို နှစ်ဘယ်လောက်တော့ အငှားချပေးတာ။ ဘယ်နေရာမှာ သုံးမှာလဲ။ ဒါတွေကို သိထားဖို့ လိုတယ်။ ရလာတဲ့ ပိုက်ဆံကို ဘယ်လို ခွဲကြမလဲ။ သီချင်းတွေကို ဘယ်နှစ်ကြိမ် သုံးထားလဲ သိနိုင်မယ့် စနစ်တွေကိုလည်း ရှင်းရှင်း လင်းလင်း သိထားဖို့ လိုတယ်။
စာချုပ် ပြည့်သွားရင်ရော ဘယ်လို ပြန်ညှိနှိုင်းကြမလဲ။ နောက်တခုက တရားစွဲဆိုပိုင်ခွင့်က ဘယ်သူ့ဆီမှာပဲ ရှိမှာလဲ။ ဒါတွေ တခါတည်း စာချုပ်မှာ ထည့်ဖို့ လိုတယ်။ ဒီလို ခိုင်မာတဲ့ အချက်တွေ ရှိနေရင် ပြဿနာတွေကို လျှော့ချနိုင်မယ်လို့ ထင် တယ်။ ဒါကို သွားနိုင်ဖို့ကလည်း လက်ရှိသွားနေတဲ့ ယန္တရားကြီးကို ရပ်လိုက်ဖို့ လိုတယ်။ ဒါကြီးက မှားနေတယ်။
မူပိုင်ခွင့် ပိုင်ရှင်တွေ အနေနဲ့ လက်မှတ်ထိုးရမယ့် စာချုပ်တွေကို သေချာ ပြင်ဆင်စေချင်တယ်။ ပြောင်းလဲသွားတဲ့ သီချင်း အသုံးပြုမှု ပုံစံတွေကိုလည်း ကိုယ်နဲ့ အကျွမ်းတဝင် ရှိဖို့ လိုတယ်။ မူပိုင်ခွင့် အသိပညာပေးမှုတွေလည်း များများလုပ်ဖို့ လို အပ်တယ်။ အစိုးရပိုင်းကလည်း ပံ့ပိုးမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။
မေး။ ။ မူပိုင်ခွင့် ဆိုတာကို အသိပညာပေးမှု အပိုင်းကရော ဘယ်လို အခြေအနေ ရှိတယ်လို့ ယူဆထားသလဲ။
ဖြေ။ ။ ကျနော်တို့မှာ အသိပညာပိုင်း အားနည်းတာရော၊ နည်းပညာပိုင်း အားနည်တာလည်း ရှိတယ်။ နည်းပညာပိုင်းမှာ ဆိုရင် ကိုယ့်သီချင်းကို ဘယ်နှစ်ကြိမ် သုံးထားလဲ အတိအကျ မရနိုင်ဘူး။ ဥပမာ သီချင်းကို ဆယ်ကြိမ် သုံးထားလို့ သိန်း ၁၀၀ ရတယ်။ ဒါကို ဖန်တီးသူတွေက လက်ခံလိုက်ရတယ်။ တဖက်မှာ အကြိမ် ၁ ထောင်လောက် သုံးထားတာလဲ ဖြစ်နိုင် တယ်။ ဒါတွေကို စိစစ်ဖို့က နည်းပညာပိုင်း အရမ်းအားနည်းတယ်။
နောက်တခုက ဒါတွေကို လိုက်စစ်နေရမယ် ဆိုတဲ့ ဗဟုသုတ မရှိတာ။ ပြောချင်တာက ငယ်ငယ်က စာအုပ် ငှားဖတ်တာနဲ့ အတူတူပဲ။ စာအုပ်ကို ငှားပြီးရင် တရက်ကို ဘယ်လောက်၊ ရက်လွန်ရင် ဘယ်လောက် ဆိုတာ ရှိတယ်။ အဲဒီစာအုပ်ကို လည်း သူများကို တဆင့် ပေးလိုက်လို့ မရဘူး။ ပြဲသွားလို့ မရဘူး။ တခုခုဖြစ်ရင် လျှော်ကြေး ပေးရတယ်။
အဲဒီတော့ ကိုယ့်ရဲ့ ဖန်တီးမှုတွေကို အသုံးပြုခွင့်ပေးတဲ့ အခါ အဲဒီလိုမျိုး စာချုပ်၊ သဘောတူညီချက်တွေ လုပ်ဖို့ အနုပညာ ရှင်တွေဘက်မှာ အားနည်းတယ်။ ဒီလူကနေ ဟိုလူထပ် ရောင်းဆိုတဲ့ တော်တော်လေး ရုပ်ပျက်ဆင်းပျက် အနေအထား တွေ တွေ့ရတယ်။ အခု ဆက်သွယ်ရေး ကုမ္ပဏီတွေ ဖြစ်နေတဲ့ ကိစ္စကလဲ ဒါမျိုးတွေက အခြေခံပြီး ဖြစ်လာတဲ့ ပြဿနာ တွေပါပဲ။
စီးပွားရေး အလို့ငှာ သုံးတယ်၊ မိမိကိုယ် ပရိုမိုးရှင်း လုပ်တယ် ဆိုရင်တော့ သေချာပေါက် မူပိုင်ခွင့် ချိုးဖောက်တဲ့ အထဲ ထည့်ရမယ်။ တရားရေး စနစ်ရော၊ ရဲတပ်ဖွဲ့ရော၊ မူပိုင်ခွင့်ရုံးလို့ တာဝန်ရှိသူတွေရောက မူပိုင်ခွင့်နဲ့ ပတ်သက်ရင် ဒစ်ဂျစ် တယ်ပိုင်းနဲ့ ချိုးဖောက်ခံရသလား ဘယ်လို ချိုးဖောက်ခံရသလဲ ဆိုတဲ့ အသိပညာ ရှိမှ ရမယ်။ ဒါမှ ကူညီပါရစေ လုပ်လို့ ရမှာ။ ဒါတွေအတွက် အချိန်တော့ ယူရဦးမယ်လို့ ထင်ပါတယ်။
နောက်တခုက မူပိုင်ခွင့် ချိုးဖောက်မှုတွေက ကျနော်တို့ချည်းပဲ ကျော်လွှားလို့ မရဘူး။ အစိုးရပိုင်းက ပံ့ပိုးမှုလည်း အများ ကြီး လိုတယ်။ ဒီနေ့ မူပိုင်ခွင့် ချိုးဖောက်ခံနေရပါပြီလို့ ပြောရင် နောက်နေ့ လမ်းထဲမှာ ရှိတဲ့ အခွေဆိုင်လေးတွေ လိုက်ဖမ်း ပြီ။ ဒါက တော်တော် မှားနေပြီ။
မူပိုင်ခွင့် ချိုးဖောက်တယ် ဆိုရင် ဒါမျိုးလို့ပဲ သိသေးတာ။ တခြား ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ချိုးဖောက်မှုတွေ အများကြီးကို မသိကြသေးဘူး။ ပြောင်းလဲလာတဲ့ နည်းပညာနဲ့ ဆက်စပ်မှု မရှိတာလားလဲ မသိဘူး။ တဖြည်းဖြည်းတော့ သိအောင် လုပ်သင့်တယ် ထင်တယ်။
မှတ်ချက် – ” မူပိုင်ခွင့်ဆိုင်ရာ ပြသနာများနှင့်ပတ်သက်ပြီး တရားစွဲဆိုရန် စီစဉ်နေသည့် M United တေးထုတ်လုပ်ရေး၏ ရှေ့ နေ ဦးလင်းဘုန်းမြတ်ထံသို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ တာဝန်ရှိသူတဦးက ဖြေရှင်းဆောင်ရွက် ပေးမည်” ဟု ဆိုကြောင်း ယနေ့ အောက်တိုဘာ ၂၄ ရက်တွင် ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း ဦးလင်းဘုန်းမြတ်က ဧရာဝတီသို့ ဆက်သွယ်ပြောကြားသည်။
You May Also Like This Story:
ကိုယ်ပိုင်သံစဉ်ဘက်ကို တဖြည်းဖြည်းချင်း သွားနေတဲ့ အဆိုတော် လေးဖြူနဲ့ တွေ့ဆုံခြင်း
“သီချင်းတွေ ယူဆိုရင် မကန့်ကွက်ပါဘူး”လို့ ပြောတဲ့ အဆိုတော် မွန်းအောင်နဲ့ တွေ့ဆုံခြင်း
“မူပိုင်ခွင့်အရ ခွင့်တောင်းပြီး သီချင်းတွေ ပြန်ဆိုရင် ကြည်ဖြူပါတယ်”လို့ ဖြိုးပြည့်စုံ ပြော