ဂျပန်သတင်းဌာန Nikkei Asian Review သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တိုကျိုသို့ရောက်ရှိနေစဉ်အတွင်း ဂျပန်ဧကရာဇ် နာရူဟီတို နန်းတက်ပွဲအပြီး တရက်အကြာ ဗုဒ္ဓဟူးနေ့က သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။
ထိုသို့ တွေ့ဆုံမေးမြန်းခဲ့ပြီး တည်းဖြတ် ထုတ်ပြန်ထားသော စာမူအား ဧရာဝတီက ဘာသာပြန်ဆို ဖော်ပြသည်။
မေး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အစိုးရကိုထိန်းချုပ်ထားတာ သုံးနှစ်ခွဲရှိပြီ။ အခုအချိန်အထိ နိုင်ငံရေး အောင်မြင်မှုနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အကောင်အထည်ဖေါ်မှုတွေကို ဘယ်လိုသုံးသပ်မိလဲ။
ဖြေ။ နိုင်ငံရေးအောင်မြင်မှုဆိုတာကို နည်းလမ်းအမျိုးမျိုးနဲ့ကြည့်ကြတယ်။ ရှင်သိတဲ့ အတိုင်း ကျမတို့နိုင်ငံဟာ တိုင်းရင်းသား လူမျိုးစု အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုဖြစ်ပေမယ့် လွတ်လပ်ရေးရပြီးကတည်းက လက်နက်ကိုင် ပဋိပက္ခဖြစ်နေလို့ နိုင်ငံမှာ ငြိမ်းချမ်းရေးရအောင် ကြိုးစားနေရတုန်းပဲ။
ဒါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အနေနဲ့ပြောရရင် ကျမတို့မှာ ၂၁ ရာစုပင်လုံ( ငြိမ်းချမ်းရေးညီလာခံ)ရှိနေပြီး တိုးတက်မှုတွေ ဖြစ်ထွန်းနေတယ်။ ကျမတို့ အစည်းအဝေး သုံးကြိမ်ကျင်းပပြီး အခက်အခဲတွေရှိပေမယ့် အစည်းအဝေးတိုင်းမှာ ရှေ့ဆက်နိုင်ခဲ့တယ်။ အနည်းဆုံးတော့ နည်းနည်းတော့ ရှေ့တိုးနိုင်ခဲ့တယ်။ နောက်ဆုံးလုပ်တဲ့ အစည်းအဝေးက ခက်ခဲတော့မယ်လို့ ထင်ခဲ့ပေမယ့် တိုးတက်မှုရအောင် လုပ်နိုင်တုန်းပဲ။
ဒါကြောင့် ကျမတို့နိုင်ငံရေးအစီအစဉ်မှာအရေးအပါဆုံး အစိတ်အပိုင်းဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တိုးတက်နေတယ်လို့ ကျမတို့ပြောနိုင်တယ်လို့ထင်တယ်။ ကျမတို့ ဆန္ဒရှိသလောက် တိုးတက်တာဟုတ်ချင်မှဟုတ်ပေမယ့် မှန်းထားတာထက်တော့ ပိုပြီး နှေးကွေးမနေဘူး။ ဘာကြောင့်လဲဆိုတော့ နှစ်ပေါင်း ၇၀ ကျော်ကြာဖြစ်နေတဲ့ ပြဿနာကို သုံးနှစ်အတွင်း ဖြေရှင်းလို့မရလို့ပဲ။ ဒီလိုဖြစ်နိုင်တယ်လို့ထင်ရင်တော့ ကျမတို့အပေါ်အရမ်းကို အကောင်းမြင်နေတာပဲဖြစ်လိမ့်မယ်။
မေး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ NLD က လွှတ်တော်မှာ တင်သွင်းထားတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီတိုးတက်ရေးအတွက် ဘာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွေကို ခင်ဗျား ထောက်ခံပါသလဲ။ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးမှာ ခင်ဗျား ရည်မှန်းချက်တွေက ဘာလဲ။
ဖြေ။ လွှတ်တော်အစည်းအဝေးတွေကို လေ့လာမယ်ဆိုရင် ကျမတို့အကြံပြုထားတဲ့ ပြင်ဆင်ချက်တွေ အများကြီးရှိကြောင်း သိရလိမ့်မယ်။ ဒါပေမယ့် အခြေခံအားဖြင့်ပြောရရင်တော့ ဒီပြင်ဆင်ချက်တွေဟာ ပြည့်ဝတဲ့ ဒီမိုကရေစီလို့ ကျမတို့မြင်တဲ့ အောင်မြင်မှုတွေကို ကျမတို့ ရည်ရွယ်တယ်။ အခုအချိန်မှာ ကျမတို့ရဲ့ ဒီမိုကရေစီက ပြည်စုံမှု မရှိသေးဘူး။ အထင်ရှားဆုံး ဥပမာပေးရရင်တော့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၂၅ ရာခိုင်နှုန်းဟာ ရွေးကောက်ခံတွေ မဟုတ်ဘူး။ ဒီမိုကရေစီ အပြည့်အ၀ဖြစ်ဖို့ လွှတ်တော်ကိုယ်စားလှယ်အားလုံးကို ရွေးကောက်တင်မြှောက်ရမယ်လို့ ကျမတို့ ယုံကြည်တယ်။ ဒါက အခြေခံဖြစ်ပေမယ့် ကျမတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာဟာ ပြည်သူတွေလက်ထဲမှာ အမှန်တကယ်ရှိနေစေဖို့ ဖွဲ့စည်းပုံကို ပြင်ဖို့လိုတဲ့ အခြားအစိတ်အပိုင်းတွေလည်း ရှိပါတယ်။
မေး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ အလားအလာက ဘာတွေလဲ။
ဖြေ။ အပြောင်းအလဲဟာ ဖြစ်လာလိမ့်မယ်လို့ ကျမတို့ ယုံကြည်တယ်။ ဒါပေမယ့် ဘယ်လောက်မြန်မြန်ဖြစ်လာမယ်ဆိုတာကို ကြိုတင်ခန့်မှန်းဖို့ ခက်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူတွေက ရေးဆွဲထားတာဖြစ်လို့ လူတွေရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာကြောင့်မပြင်နိုင်ရမှာလဲလို့ပဲ ကျမတို့မြင်တယ်။ ရှင်သိရင်သိမယ် ခုခံမှုကတော့ ရှိမှာပဲ။ ဒါကို ကျော်လွှားရမှာပဲလေ။ ပြီးတော့ ဒါကို ကျမတို့နိုင်ငံ ညီညွတ်မှုနဲ့ တည်ငြိမ်အေးချမ်းမှုကို မပျက်စီးစေတဲ့နည်းလမ်းနဲ့ ကျော်လွှားရမယ်။
မေး။ အခုအချိန်အထိ တုံ့ပြန်မှုက ဘယ်လိုရှိနေလဲ။
ဖြေ။ အခုဒါကို လွှတ်တော်မှာဆွေးနွေးနေတယ်။ ကျမ သတိထားမိသလောက်တော့ တပ်မတော်က ကျမတို့အကြံပြုတဲ့ ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး စိတ်အားထက်သန်မှု များများမရှိလှဘူး။
မေး။ အပေးအယူ လုပ်လို့ရနိုင်တဲ့ အနေအထားကိုမြင်လား။
ဖြေ။ ကျမတို့နောက်မှာ ပြည်သူတွေရှိတယ်။ ဒါက အရေးအကြီးဆုံးပဲလို့လည်း ကျမထင်တယ်။ ဒီမိုကရေစီနိုင်ငံတခုမှာ ပြည်သူလူထုရဲ့ ဆန္ဒသာ အောင်နိုင်မယ်လို့ ကျမတို့ တကယ်ယုံကြည်တယ်။ အနှေးနဲ့အမြန်ဆိုသလို ပြည်သူ့ဆန္ဒသာ အောင်ပွဲခံခဲ့တာပဲလေ။
မေး။ နောက်တကြိမ်ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြောင်းအလဲအချို့လုပ်နိုင်မယ်လို့ ထင်လား။
ဖြေ။ ဒါက ပြောရခက်တယ်။ ပြီးတော့ လာမယ့်ရွေးကောက်ပွဲ မျှော်လင့်ချက်တွေကို ရှေ့နှစ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်တဲ့ ကျမတို့ စွမ်းရည်အပေါ် မူတည် တည်ဆောက် မထားဘူး။
မေး။ နိုင်ငံရေးနဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုနှုန်းက NLD အစိုးရအောက်မှာ ပိုမိုနှေးကွေးသွားတယ်လို့ တချို့ကပြောကြတယ်။ တချို့အာရှနိုင်ငံတွေမှာ အာဏာရှင်ဆန်တဲ့ အစိုးရတွေဟာ ဒီမိုကရေစီအစိုးရတွေထက် စီးပွားရေးတိုးတက်အောင်လုပ်ရာမှာ သာတယ်လို့ မြင်ကြတာတွေလည်း ရှိတယ်။ ဒါကို ဘယ်လိုတုံ့ပြန်မလဲ။
ဖြေ။ ကျမတို့က ရေရှည်တည်တံ့ခိုင်မြဲမှုကို လိုချင်တာ။ မြန်ဆန်တာနဲ့ ရေရှည်တည်တံ့ခိုင်မြဲတာကို ယှဉ်လိုက်ရင် ရေရှည်တည်တံ့ခိုင်မြဲမှုက အများကြီး ပိုပြီး နှစ်လိုဖွယ်ရာဖြစ်ပါတယ်။ ဒါကြောင့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ အပြောင်းအလဲမျိုးအတွက်ပဲ သွားချင်တယ်။ ပြီးတော့ စောစောကပြောသလိုပဲ ဒါကို ကျမတို့နိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှုနဲ့ ညီညွတ်မှုကိုပါ မပျက်စီးစေတဲ့ နည်းလမ်းနဲ့လုပ်ဆောင်ချင်တယ်။ ဒါကြောင့် ဖြည်းဖြည်းသွားဖို့ လိုတဲ့အချိန်မှာ ဖြည်းဖြည်းပဲသွားမှာပဲ။ ရေရှည်တိုးတက်မှုကို ထိခိုက်မယ့် ကမောက်ကမ တွေဖြစ်မယ့် လုပ်ငန်းစဉ်မျိုးကို တွန်းလုပ်နေတာ အသုံးမဝင်ဘူး။
မေး။ မြန်မာနိုင်ငံထဲက အကွဲအပြဲတွေကို ပြောရအောင်။ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ဘယ်အချိန်မှာ ဘယ်လိုရနိုင်တယ်လို့ ထင်လဲ။
ဖြေ။ ငြိမ်းချမ်းရေးလား။ ငြိမ်းချမ်းရေးက ရဖို့ခက်တယ်။ ပြည်သူတွေက ငြိမ်းချမ်းသော နည်းလမ်းတွေနဲ့ နိုင်ငံရေးပြောင်းအလဲတွေကို လိုချင်ခဲ့ရင် လက်နက်တောင်မှကိုင်ခဲ့ကြမှာမဟုတ်ဘူး။
ရှင်သိတဲ့အတိုင်းပဲ NLD ဟာ ဒီမိုကရေစီအတွက် လုပ်ဆောင်နေတာ နှစ် ၃၀လောက်ရှိပြီး ကျမတို့ဟာ အကြမ်းမဖက်ရေးသဘောတရားကို တိကျစွာ လိုက်နာတယ်။ ဒါကြောင်မို့ တခြားနည်းတွေထက် ကျမတို့ အချိန်ပိုလိုခဲ့တာလည်းဖြစ်ကောင်းဖြစ်တယ်။ ဒါပေမယ့် ဒီလိုလုပ်တဲ့အတွက် ကျမတို့ဟာ “ကျမတို့ဟာ အကြမ်းမဖက်ရေးအတွက် အမြဲတမ်းရပ်တည်ခဲ့တယ်” လို့ ခိုင်ခိုင်မာမာ ရပ်ပြီးပြောနိုင်တဲ့ အရမ်းကို အပြုသဘောဆောင်တဲ့ရလဒ် ရလာတယ်လို့ ကျမ ထင်တယ်။ ကျမတို့ဟာ အကြမ်းမဖက်ရေးကို ယုံကြည်လို့ ပြည်သူတွေက ကျမတို့ကို အားကိုးတယ်လို့ ကျမထင်တယ်။
မေး။ စီးပွားရေးဖက်ကို ကြည့်မယ်ဆိုရင် NLD အာဏာရလာပြီးနောက် နိုင်ငံဟာ စီးပွားရေးတိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်းအထက်မှာ ထိန်းထားနိုင်ခဲ့တယ်။ ဒါပေမယ့် မြန်မာ့စီးပွားရေးက တရုတ်ကို အရမ်းမှီခိုနေရတယ်လို့ တချို့က ထောက်ပြကြတယ်။ တရုတ်နိုင်ငံနဲ့ကုန်သွယ်မှုဟာ စုစုပေါင်းကုန်သွယ်မှုရဲ့ ၃၀ ရာခိုင်နှုန်းကျော်ရှိပြီး ပြည်ပအများပြည်သူဆိုင်ရာကြွေးမြီ ၄၀ ရာခိုင်နှုန်းကျော်က တရုတ်ကဖြစ်နေတယ်။ တရုတ်နိုင်ငံနဲ့ စီးပွားရေးဆက်ဆံရေးကို ဘယ်လိုမြင်လဲ။ အခြားနိုင်ငံတွေနဲ့ ပိုမိုချိန်ခွင်လျှာညီတဲ့ စီးပွားရေးဆက်ဆံရေးလိုတယ်လို့ ထင်ပါသလား။
ဖြေ။ ကျမတို့က တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းပြီး တကမ္ဘာလုံးက နိုင်ငံတွေနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ထိန်းသိမ်းထားလိုတယ်။ တခြားပုံစံ ရင်းနှီးမြှုပ်နှံမှုမျိုးကို လိုချင်တယ်ဆိုရင် ရှင်တို့အနေနဲ့ ဂျပန် စီးပွားရေးလုပ်ငန်းတွေ လာပြီး ရင်းနှီးမြှုပ်နှံဖို့ အားပေးသင့်တယ်လို့ ကျမ ထင်တယ်။
မေး။ နိုင်ငံအပေါ် တရုတ်စီးပွားရေးသြဇာ ကြီးထွားလာတာကို ဘယ်လိုမြင်လဲ။
ဖြေ။ ကျမတို့က ဂျပန်နိုင်ငံကို မိတ်ဆွေအဖြစ်မြင်သလိုပဲ တရုတ်နိုင်ငံကို မိတ်ဆွေလို့မြင်တယ်။ လူတွေကို မိတ်ဆွေတွေအကြားမှာ ရွေးချယ်ခိုင်းတာ မှန်တယ်လို့ ကျမ မထင်ဘူး။ ကျမအမြင်မှာ ကျမတို့နိုင်ငံဟာ အရမ်းကိုကြားနေပြီး ယထာဘူတကျတဲ့ နိုင်ငံခြားရေး မူဝါဒကို လွတ်လပ်ရေးရကတည်းက ထိန်းသိမ်းထားခဲ့တယ်။ ကျမတို့ဟာ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံငယ်လေးဖြစ်တဲ့အတွက် အခြေအနေတရပ်ကို ဦးဆောင်ပြောင်းလဲပစ်နိုင်တဲ့အဆင့်ကို အရင်လိုပဲ ဘယ်တုန်းကမှ မရောက်ခဲ့ဘူး။
ကျမတို့ရဲ့နိုင်ငံခြားရေးမူဝါဒဟာ လွတ်လပ်တက်ကြွအောင် ကျမတို့ အမြဲတမ်းထိန်းသိမ်းခဲ့ပြီး နိုင်ငံအားလုံးနဲ့ ချစ်ကြည်မှုကိုပဲ အခြေခံတယ်။ ဒါကြောင့် ကျမတို့က ကျမတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ထက်သန်တဲ့ မိတ်ဆွေအားလုံးကို ကြိုဆိုတယ်။ ကျမတို့ဟာ ကျမတို့နိုင်ငံကို အခြားဘယ်န်ိုင်ငံအုပ်စုအတွက်မှ အငြင်းအခုန်ဖြစ်၊ သဘောထားကွဲစရာအဖြစ် အမြင်မခံနိုင်ဘူး။
မေး။ ဂျပန်နဲ့ ဆက်ဆံရေးအကြောင်းမပြောခင် အမေရိကန်ပြည်ထောင်စုတို့ ဥရောပအစိုးရတွေ၊ ကုမ္ပဏီတွေနဲ့ ဆက်ဆံရေးတိုးချဲ့ဖို့ ခင်ဗျား ပိုလိုနိုင်တယ်။ ဒီဆက်ဆံရေးတွေကို ဘယ်လိုထူထောင်မလဲ။
ဖြေ။ ကျမတို့က ဘက်အားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့လမ်း ဖွင့်ထားတယ်။ ထိတွေ့ဆက်ဆံဖို့ဆိုတာ နှစ်ဖက်လိုတယ်။ ဟိုနိုင်ငံက ကျမတို့ဆီမှာ လာ ရင်းနှီးမြှုပ်နှံသင့်တယ်၊ ဒီနိုင်ငံက ကျမတို့ဆီ လာ ရင်းနှီးမြှုပ်နှံသင့်တယ်လို့ပြောဖို့က ကျမတို့ အလုပ်မဟုတ်ဘူး။ ကျမတို့လိုလားတဲ့ ရင်းနှီးမြှုပ်နှံမှုကတော့ နှစ်ဖက်အပြန်အလှန်အကျိုးပြုတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးပဲ။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ ရင်းနှီးမြှုပ်နှံမှုက အကျိုးအမြတ်တစုံတရာ ရဖို့ မျှော်လင့်လို့ လာကြတယ်လို့ပဲ ကျမတို့ ယုံကြည်ထားတယ်။ ကျမတို့ကလည်း ဒါမျိုးကိုကြိုက်တယ်။ ဒါကို နားလည်တယ်။ လက်ခံတယ်။ ဒါပေမယ့် ကျမတို့လည်း အဲဒီရင်းနှီးမြှုပ်နှံမှုကနေ အကျိုးခံစားသင်တယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုဟာ နှစ်လမ်းသွားဖြစ်သင့်တယ်။ ပါဝင်ပတ်သက်သူအားလုံးအတွက် အကျိုးဖြစ်သင့်တယ်။ ကျမတို့က လူတွေ ကျမတို့နိုင်ငံကိုလာပြီး ရင်းနှီးမြှုပ်နှံအောင် အတင်းအကျပ် လုပ်လို့ မရဘူး။ ကျမတို့က ဖိတ်ခေါ်လို့ပဲရတယ်။ ကျမတို့က သူတို့ကို ကျမတို့ ဘာပေးနိုင်တယ်ဆိုတာပဲ ပြလို့ရတယ်။ သူတို့ကလည်း သူတို့အနေနဲ့ ကျမတို့ကို ဘာလုပ်ပေးနိုင်တယ်ဆိုတာကို ပြရမယ်။
မေး။ နိုင်ငံစီးပွားရေးတိုးတက်မှု အရှိန်မြှင့်တင်ဖို့ ဦးစားပေးဟာ စက်မှုအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဖြစ်လိမ့်မယ်။ အထူးသဖြင့် ကုန်ထုတ်လုပ်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ လျှပ်စစ်ဓါတ်အားက အရေးကြီးတယ်။ အဲဒီနယ်ပယ်မှာ ဂျပန်နိုင်ငံက ဘယ်အခန်းကဏ္ဍကနေ ပါဝင်နိုင်မယ်လို့ ထင်ပါသလဲ။
ဖြေ။ ကျမတို့အတွက် ဖွံ့ဖြိုးအောင်လုပ်ဖို့ အရေးအကြီးဆုံးကဏ္ဍတွေက ဆက်သွယ်ရေးနဲ့ စွမ်းအင်ပဲ။ ဆိုလိုတာက ရုပ်ပိုင်းဆိုင်ရာ ဆက်သွယ်ရေးနဲ့ စွမ်းအင်ကိုပြောတာ။ ဒါကိုပဲ ကျမတို့လည်း အာရုံစိုက်နေတာပဲ။ အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ လျှပ်စစ်ဓါတ်အားထောက်ပံ့ရေး လိုအပ်နေတာ ကျမတို့ ကောင်းကောင်းနားလည်တယ်။ ပြီးတော့ ဂျပန်နိုင်ငံကလည်း စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားရင် ကျမတို့ကိုပြောဖို့ပဲ လိုတယ်။ နှစ်ဖက်လုံးအတွက် အကျိုးရှိတဲ့ သဘောတူညီမှုမျိုးကို ကျမတို့ လုပ်ဆောင်နိုင်မှာပါ။ ရှင်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွက်ရော ကျမတို့ပြည်သူတွေအတွက်ရောပေါ့။
ဒါဟာ ကျမတို့ပြည်သူတွေ စွမ်းအင်လိုနေလို့ပဲ။ သူတို့တွေဟာ သူတို့ရဲ့နေ့စဉ် လုပ်ငန်းဆောင်တာတွေအတွက်ရော စက်မှုလုပ်ငန်းတွေအတွက်ပါ လျှပ်စစ်ဓါတ်အား လိုကြတယ်။ ကျမတို့က အခြေခံအဆောက်အအုံတွေ တိုးတက်အောင်လုပ်လိုက်တိုင်း ဆိုလိုတာက ရိုးရိုးလမ်း အဆက်အသွယ်နဲ့ လျှပ်စစ်ဓါတ်အားပေးလိုက်တိုင်း ဒေသခံပြည်သူတွေဟာ သူတို့အတွက်အလုပ်ကို သူတို့ဖာသာ ဖန်တီးကြတော့တာကို ကျမတို့သတိထားမိတယ်။
၂၀၁၆ ခုနှစ်က အုပ်ချုပ်ရေးတာဝန်ကို ပထမဆုံး စတင်ယူလိုက်တော့ ကျမတို့ရဲ့ပထမဦးစားပေးဟာ အလုပ်အကိုင် ဖန်တီးဖို့ပဲ။ နောက်တော့ ကျမတို့က လမ်းဖန်တီးပေးရင် အလုပ်အကိုင်ဖန်တီးမှုက သူ့ဖာသာလိုက်လာတယ်ဆိုတာကို လပိုင်းအတွင်းမှာ ကျမတို့ သတိထားမိလာတယ်။ ဆိုလိုတာက ရာသီအားလုံး အသုံးပြုနိုင်တဲ့ လမ်းပဲ။ ကျမတို့နိုင်ငံက မုတ်သုန်နိုင်ငံဖြစ်တဲ့အတွက် တနှစ်ကို ၁၂ လလုံး အသုံးပြုနိုင်တဲ့လမ်းတွေရှိဖို့ အရမ်းအရေးကြီးတယ်။ ၁၂ ရာသီသုံးလို့ရတဲ့လမ်းတွေနဲ့ လျှပ်စစ်ဓါတ်အားကို ပံ့ပိုးပေးလိုက်တာနဲ့ ဒေသခံပြည်သူတွေက အလုပ်အကိုင်ဖန်တီးဖို့ အခွင့်အလမ်းတွေကို စတင်ဖန်တီးတော့တာကို ကျမတို့တွေ့ရတယ်။ ဒါကြောင့်စွမ်းအင်ဟာ ကျမတို့ရဲ့ ဦးစားပေးတွေထဲက တခုဖြစ်တယ်။
မေး။ မြန်မာ၊ ဂျပန်နဲ့ ထိုင်းနိုင်ငံတို့ဟာ ထားဝယ် (အထူးစီးပွားရေးဇုန်) တည်ဆောက်ရေးကို ပြောနေတာကြာပြီ။ အဲဒီစီမံကိန်းမျာရော တိုးတက်မှုတွေ့လား။
ဖြေ။ ကျမတို့က ပိုပြီးမြန်မြန်ဆန်ဆန်ဆောင်ရွက်ချင်တယ်။ ဒါပေမယ့် စောစောက ရှင်ပြောခဲ့သလိုပဲ ဒီမိုကရေစီဟာ များပြားတဲ့ ကဏ္ဍများစွာနဲ့ ညှိနှိုင်းဆောင်ရွက်ရလို့ အာဏာရှင်စနစ်တွေထက် ပိုမိုနှေးကွေးစွာသွားတယ်။ နောက်ပြီးတော့ ရှင်သိတဲ့အတိုင်းပဲ ကျမတို့ဟာ ဖက်ဒရယ် ပြည်ထောင်စု မဖြစ်သေးပေမယ့် အဲဒီလိုဖြစ်အောင်လုပ်နေတယ်။ ထားဝယ်က တနင်္သာရီတိုင်းမှာ။ ဒါကြောင့် ဒေသဆိုင်ရာအစိုးရရဲ့ ဒေသခံပြည်သူတွေရဲ့ ပူပန်မှုတွေကို ထည့်သွင်းစဉ်းစားရသလို ဗဟိုအစိုးရရဲ့ ပူပန်မှုတွေကိုလည်း ထည့်သွင်းစဉ်းစားရတယ်။ ဒီနှစ်ခုကို အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ လိုအပ်ချက်နဲ့ပေါင်းစပ်ပေးရတယ်။
မေး။ ဆက်သွယ်ရေး အခြေခံအဆောက်အအုံနဲ့ပတ်သက်ပြီ အစိုးရရဲ့ ဦးစားပေးက ဘာလဲ။ 5G ကွန်ရက်လား။
ဖြေ။ ကောင်းပါပြီး ကျမတို့မှာ ရိုးရှင်းတဲ့ အခြေခံလိုအပ်ချက်တွေသာမက တိုးတက်တဲ့ ယနေ့လိုအပ်ချက်တွေလည်း ရှိတယ်။ ကျမတို့ဟာ ဒီအဆင့်မှာ သတင်းအချက်အလက်နည်းပညာနဲ့ ဆက်သွယ်ရေးအရ တိုးတက်မှုကိုသာ စဉ်းစားနေတာမဟုတ်ဘူးလို့ ကျမတို့ပြောလိုတယ်။ ကျမစောစောကပြောခဲ့သလိုပဲ ကျမတို့ဟာ လမ်းအခြေခံဆက်သွယ်ရေး အခြေခံအဆောက်အအုံပြဿနာကို ကိုင်တွယ်ဖို့လည်း လိုနေတယ်။ ဒါက အရမ်းကို လက်တွေ့ကျတဲ့ လိုအပ်ချက်ဖြစ်လို့ပါ။
လမ်းလို့ပြောလိုက်ရင် လူတော်တော်များများက အဝေးပြေးလမ်းမကြီးတွေလို့ထင်ကြတယ်လို့ ကျမထင်တယ်။ ဒါပေမယ့် ကျမတို့က ကျေးရွာချင်းဆက်လမ်းတွေလို လမ်းတွေကိုလည်း ထည့်သွင်းစဉ်းစားရတယ်။ ဒါတွေဟာ ပညာရေး၊ ကျန်းမာရေးလို ကျမတို့ရဲ့ လူမှုလိုအပ်ချက်ရဲ့ အခြေခံဖြစ်လို့ပဲ။ ကျေးရွာတိုင်းမှာ ဆေးရုံမရှိလို့ပဲ။ နိုင်ငံအစိတ်အပိုင်းအများအပြားက ရွာတွေအားလုံး အသုံးပြုနိုင်တဲ့ ကျန်းမာရေးအဆောက်အအုံတွေ ကျမတို့မှာ ရှိကိုရှိရမယ်။ ရှင်တို့သိတဲ့အတိုင်း ကျမတို့နိုင်ငံလူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းက ကျေးလက်မှာနေထိုင်နေတုန်းပဲ။
ဒါပေမယ့် ခေတ်မီနည်းပညာနဲ့ပတ်သက်ရင် ကျမတို့ပြည်သူတွေက ဒါကို အရမ်းနားလည်လွယ်တယ်။ ကျမတို့နိုင်ငံမှာ စမတ်ဖုန်းသုံးတဲ့သူရာခိုင်နှုန်းက အရမ်းကို မြင့်တယ်ဆိုတာ ရှင်လည်း သိကောင်းသိပါလိမ့်မယ်။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင် ၈၀ ရာခိုင်နှုန်းကျော်ကို ခုန်တက်လာတယ်။
မေး။ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ရင် အစိုးရရဲက နောက်ထပ်အာရုံစိုက်တဲ့နယ်ပယ်က အရာရှိတွေ အဂတိလိုက်စားတာပဲ။ ဒီပြဿနာကို ဘယ်လိုကိုင်တွယ်နေလဲ။
ဖြေ။ ဒီကိစ္စကို နည်းလမ်းနှစ်သွယ်နဲ့ဆောင်ရွက်ရမယ်လို့ ကျမထင်တယ်။ တခုကတော့ အကျင့်ပျက်ခြစားသူတွေကို အပြစ်ပေးဖို့ပဲ။ အင်း နည်းလမ်း သုံးခုပဲ ထားပါတော့။ အခြားနည်းတခုက အထူးသဖြင့် ကျမတို့ပြည်သူ့ဝန်ထမ်းတွေ အဂတိလိုက်စားစရာ မလိုအောင် လုပ်ပေးဖို့ပဲ။ ဂုဏ်သိက္ခာရှိပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ဘဝမှာ ရပ်တည်နိုင်အောင် လုံလောက်တဲ့ နည်းလမ်းတွေ ပေးဖို့ပဲ။ တတိယအချက်ကတော့ ပြည်သူတွေရဲ့ စိတ်နေစိတ်ထားကို ပြောင်းလဲပစ်ဖို့ပဲ။
အဂတိလိုက်စားမှုကို သာမန်အခြေအနေအဖြစ် ကျမတို့နိုင်ငံမှာ လက်မခံတဲ့အတွက် ကျမစိတ်ချမ်းသာမိတယ်။ ကျမတို့ပြည်သူတွေဟာ အဂတိလိုက်စားမှုအတွက် ဂုဏ်မယူကြဘူး။ ဘယ် မြန်မာမှ အဂတိလိုက်စားတယ်လို့ ဂုဏ်ယူမပြောကြဘူး။ အဂတိလိုက်စားမှု ပါဝင်ပတ်သက်လာရင် သူတို့လက်မခံကြဘူး။ ဒါဟာ ကောင်းတဲ့လက္ခဏာပဲ။ ကျမဆိုလိုတာက အဂတိလိုက်စားမှုဟာ မှားယွင်းကြောင်း သူတို့သိကြတယ်။ တချို့လူ့အဖွဲအစည်းတွေမှာဆိုရင် အဂတိလိုက်စားမှုကို နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းအဖြစ်ပဲ လက်ခံထားကြတာ။
ပြောင်းလဲရတာ အခက်ခဲဆုံးလို့ ယူဆကြတဲ့ စိတ်နေစိတ်ထားနဲ့ပတ်သက်ရင် အဲဒီမှာ တိုးတက်မှုတွေ ဖြစ်အောင် ကျမတို့ကို အထောက်အကူပြုတဲ့ အခြေခံတန်ဖိုးတွေ ကျမတို့မှာ ရှိနေတယ်လို့ ကျမ ထင်တယ်။ နောက်ပြီး ကျမတို့မှာ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ အင်မတန်မှ တက်ကြွတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တခုလည်း ရှိပါတယ်။ ပြည်သူ့ဝန်ထမ်းတွေ အခြေအနေနဲ့ပတ်သက်လို့ကတော့ အဂတိလိုက်စားခြင်းမရှိဘဲ အဓိပ္ပါယ်ပြည့်၀ ဂုဏ်သိက္ခာရှိတဲ့ ဘဝမှနေထိုင်နိုင်မယ့် အခွင့်အရေးတွေ ပေးဖို့ အကောင်းဆုံးကြိုးစားနေပါတယ်။
မေး။ ရခိုင်ပြည်နယ် အကျပ်အတည်းအကြောင်း မေးချင်ပါတယ်။ ဒီအခြေအနေကို ကိုင်တွယ်ဖို့ပျက်ကွက်တဲ့အတွက် အနောက်တိုင်းက မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ သုံးနှစ်လုံး ဝေဖန်ခဲ့တယ်။ ဒီနိုင်ငံမဲ့ မွတ်ဆလင်ပြဿနာကို မဖြေရှင်းရသေးဘဲ ဒုက္ခသည် နည်းနည်းလေးပဲပြန်လာတယ်။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။
ဖြေ။ ကျမတို့ ကြိုးစားနေပါတယ်။ ကျမတို့အစိုးရ စတင်တာဝန်ယူချိန်ကတည်းက ရခိုင်ပြည်နယ်က ရေရှည်ပြဿနာကို သတိထားမိတယ်။ ကျမတို့အစိုးရ ၂၀၁၆ ခုနှစ် မတ်လမှာ စတင်တာဝန်ယူတယ်။ (အဲဒီနှစ်) မေလကုန်လည်းရောက်ရော ကျမတို့က ရခိုင်ပြည်နယ် တရားဥပဒေစိုးမိုးရေးနဲ့ တိုးတက်ရေးကော်မရှင်ကို ကျမတို့ ဖွဲ့စည်းပြီးသွားပြီ။ တရားဥပဒေစိုးမိုးမှုနဲ့ တိုးတက်မှု ကင်းမဲ့ခြင်းကြောင့်ဖြစ်လာတဲ့ ရေရှည်ပြဿနာတွေ ရှိနေတာကို ကျမတို့သိလို့ပါ။
ဒါဟာ တချို့လူတွေ ပုံဖေါ်စေချင်တဲ့ ဘာသာရေးပြဿနာ မဟုတ်ဘူး။ ဒါဟာ အဓိကအားဖြင့် စီးပွားရေးနဲ့လူမှု ပြဿနာဖြစ်တယ်။ စီးပွားရေးအခက်အခဲတွေကနေ စီးပွားရေးနဲ့လူမှုရေးပြဿနာတွေ ပိုမို ပေါ်ပေါက်လာတတ်တယ်။
ရခိုင်ပြည်နယ်ဟာ ကျမတို့နိုင်ငံမှာ အဆင်းရဲဆုံး၊ တိုးတက်မှုအနည်းဆုံး ပြည်နယ်တွေထဲကတခုပဲ။ ဒါပေမယ့် အလားအလာက အမှန်တကယ် အရမ်းကို ကြီးမားတယ်။ ဒီပြည်နယ်ကို စနစ်တကျ တိုးတက်အောင်မလုပ်ခဲ့ကြဘူး။ ဒါကြောင့် ဒီကော်မရှင်ကို ၂၀၁၆ ခုနှစ် မေလမှာ ဖွဲ့စည်းပြီး နောက် နှစ်လလောက်ကြာတော့ ရခိုုင်ပြည်နယ်က လူမှုပြဿနာတွေကို ဖြေရှင်းရာမှာ ကျမတို့ကို ကူညီဖို့ ကော်မရှင်ကို ဦးဆောင်ပေးဖို့ ကျမတို့က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာကိုဖီအာနန်ကို ချဉ်းကပ်ခဲ့တယ်။
ဒါကို စီစဉ်ပြီးပြီးချင်းမှာပဲ ပထမဆုံး အကြမ်းဖက်တိုက်ခ်ိုက်မှု ဖြစ်ပွားတယ်။ ရခိုုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးမလိုချင်တဲ့၊ ရခိုင်ပြဿနာအတွက် အဖြေကို မလိုချင်တဲ့ အကြမ်းဖက် အစိတ်အပိုင်းအချို့ရှိနေတယ်လို့ ကျမတို့ မြင်တယ်။ ဘာကြောင့်လည်းဆိုတော့ အကြမ်းဖက်သမားတွေအတွက် ပြဿနာဟာ သူတို့ ပွဲခံနေရအောင် လုပ်ပေးတဲ့အရာပဲလေ။
တိုးတက်မှုနဲ့ တည်ငြိမ်အေးချမ်းမှုရှိရင်၊ မတူညီတဲ့ လူမှုအသိုင်းအဝန်းနှစ်ခုအကြား နားလည်မှုရှိရင် အကြမ်းဖက်ဝါဒအတွက် နေရာမရှိတော့ဘူး။ ဒါကြောင့် နိုင်ငံတကာအသိုင်းအဝန်းက ရခိုင်ပြဿနာမှာ အကြမ်းဖက် အစိတ်အပိုင်းတွေကို အာရုံမစိုက်သလောက် ဖြစ်နေတာအတွက် ကျမတို့ စိတ်ပျက်ကြတယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး သူတို့ရဲ့စိုးရိမ်ပူပန်မှုတွေကို ကျမတို့နားလည်တယ်။ နိုင်ငံမဲ့ခြင်းနဲ့ ပတ်သက်ရင် နိုင်ငံသားဥပဒေနဲ့ ရခိုင်ပြည်နယ်အတွက်သာမက တနိုင်ငံလုံးက လူတွေအတွက် ပေးထားတဲ့ ဖြစ်နိုင်ခြေတွေ ကို ပိုမိုနက်ရှိုင်းစွာ လေ့လာဖို့လိုမယ်လို့ ကျမ ထင်တယ်။
နိုင်ငံသားဖြစ်ခွင့် စစ်ဆေးရေးကဒ် (NVC) တွေကို ရခိုင်ပြည်နယ်အတွက်သာ ဦးတည်ဆောင်ရွက်တာလို့ ပြောတာမျိုးတွေ ရှိတယ်။ အဲဒါ လုံး၀ မမှန်ဘူး။ ဒါဟာ တနိုင်ငံလုံးမှာ ကျင့်သုံးနေတဲ့အရာပဲ။ ကျမတို့ အားလုံးလည်း ဒီအဆင့်တွေကိုပဲဖြတ်ရတယ်။ (မတူတဲ့) မြန်မာတိုင်းရင်းသား မိဘနှစ်ပါးက ဖွားမြင်လာသူတွေတောင်မှ ဒါကိုဖြတ်သန်းရတယ်။ ကျမတို့ဟာ နိုင်ငံသားစိစစ်တဲ့အဆင့်ကို အသက် ၁၂ နှစ်မှာတခါ၊ နောက် ၁၈ နှစ်မှာတခါနဲ့ အသက် ၃၀ မှာတခါ ဖြတ်သန်းရတယ်။ ဒါဟာ နိုင်ငံသားဖြစ်စဉ်ရဲ့ တစိတ်တပိုင်းဖြစ်တယ်။ ဒီအခြေအနေကို နားလည်သူတွေ အာရုံစိုက်တာကတော့ သူတို့စိတ်ဝင်စားတဲ့ နေရာတွေလောက်ကိုပဲဖြစ်တယ်။ ဒါပေမယ့် ကျမတို့မှာကတော့ တနိုင်ငံလုံးကို စိတ်ဝင်စားရတယ်။ ရခိုင်ပြည်နယ်ပြဿနာဟာ ကျမတို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုနဲ့ ပြဿနာတွေထဲက တခုမျှသာဖြစ်တယ်။ ကျမတို့နိုင်ငံ ရင်ဆိုင်နေရတဲ့ ပြဿနာအားလုံးမဟုတ်ဘူး။
မေး။ အတိုင်ပင်ခံရဲ့သဘောထားကို နားလည်ပါတယ်။ ဒါပေမယ့် အမေရိကန်တို့ ဥရောပတို့နဲ့ စီးပွားရေးဆက်ဆံမှု တိုးချဲ့ဖို့ ဒီပြဿနာကို ဖြေရှင်းဖို့ လိုမယ်မဟုတ်လား။
ဖြေ။ ကျမတို့က ဒီပြဿနာကို ဖြေရှင်းချင်တာ ဘယ်နိုင်ငံနဲ့မှ စီးပွားရေးဆက်ဆံမှု တိုးတက်အောင် လုပ်ဖို့မဟုတ်ဘူး၊ ကျမတို့နိုင်ငံ ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် လိုအပ်လို့ကို လုပ်နေတာ။ ဒါဟာ ရခိုင်ပြည်နယ်ပြဿနာကို ကျမတို့ဖြေရှင်းချင်ရခြင်း အဓိကအကြောင်းရင်းဖြစ်တယ်။ ဒီပြဿနာကို ကျမတို့ ဘယ်လိုဖြေရှင်းချင်လဲဆိုတာလည်း ဖြစ်တယ်။ ရခိုင်ပြည်နယ်နဲ့ နိုင်ငံရဲ့ ကျန်အစိတ်အပိုင်းတွေမှာ ငြိမ်းချမ်းတိုးတက်မှု အာမခံချက်ရှိရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲသော အဖြေဖြစ်ရေးပဲ။ ကျမတို့နိုင်ငံဟာ တစုတစည်းထဲရှိတဲ့အတွက် အစိတ်အပိုင်း အမျိုးမျိုးရှိနိုင်တယ်။ ဒါပေမယ့် ဒီအစိတ်အပိုင်းအားလုံးဟာ ဆက်စပ်နေတယ်။ ကျမတို့အားလုံး အတူတကွ တိုးတက်ရှေ့ဆက်ရမယ်။
မေး။ နောက်ရွေးကောက်ပွဲက ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ဆိုရင် ကျင်းပတော့မယ်။ NLD အတွက် အလားအလာတွေက ဘာတွေလဲ။ အတိုင်ပင်ခံရဲ့ မဲဆန္ဒရှင်တွေအတွက် ဘယ်လိုအနာဂတ် ရည်မှန်းချက်မျိုးကို အဆိုပြုမလဲ။
ဖြေ။ နောက်ဆုံးတော့ ဘယ်လိုအနာဂတ်မျိုး လိုချင်တယ်ဆိုတာ ပြည်သူတွေကိုယ်တိုင် ဆုံးဖြတ်ရမှာပဲလို့ ထင်တယ်။ ဒါဟာ ခင်ဗျားတို့အတွက် အနာဂါတ်ပဲလို့ ဘယ်ပါတီကမှ သွားပြောလို့မရဘူး။ ကျမတို့ အားလုံးတတ်နိုင်တာက ကျမတို့အားလုံးအတွက် အကောင်းဆုံးလုပ်ဆောင်ရမယ့် အရာဖြစ်နိုင်တဲ့ ကျမတို့ရဲ့ စိတ်ကူးအတွေးအခေါ်နဲ့ အကြံပြုချက်တွေကို တင်ပြဖို့ပဲ။
ရွေးကောက်ပွဲတခုဟာ ဘယ်လိုရလဒ်ထွက်လာနိုင်တယ်ဆိုတာမျိုး ကျမဘယ်တုန်းကမှ မပြောခဲ့ဘူး။ ကျမက ဗေဒင်ဆရာမ မဟုတ်ဘူး၊ အနာဂါတ်မှာ ဘာဖြစ်မယ်ဆိုတာကို ကြည့်တာ ကျမ အလုပ်မဟုတ်ဘူး။ ကျမ အလုပ်က ကျမတို့ပါတီ အခြေအနေကောင်းအောင် အကောင်းဆုံးလုပ်ဖို့ပဲ။
မေး။ ရွေးကောက်ပွဲအပြီး အစိုးရသစ်မှာ ခင်ဗျား ဘယ်လိုပါဝင်မလဲဆိုတာကို သိချင်နေတယ်။ နိုင်ငံတော်အတိုင်ပင်ခံရာထူးက ဥပဒေအရဆိုရင် ၂၀၂၁ ကုန်မှာ သက်တမ်းကုန်ပြီလေ။ ဘယ်လိုရာထူးမျိုးယူမလဲ။ အငြိမ်းစားယူဖို့ အစီအစဉ်ရှိလား။
ဖြေ။ ဘယ်လိုအစိုးရမျိုးကို ကျမတို့ ရလာမလဲဆိုတာကို အရင်ကြည့်ပြီးမှ ကျန်တာကို ဆုံးဖြတ်ရမှာပါ။
မေး။ အငြိမ်းစားယူဖို့ အစီအစဉ်ရှိလား။
ဖြေ။ လူတယောက်မှာ အစီအစဉ်အမျိုးမျိုး ရှိသင့်တယ်လို့ ကျမ ထင်တယ်။ အနာဂတ်အတွက် အစီအစဉ်တခုတည်းကို မှီခိုလို့ မရဘူး။ တခြားရွေးစရာတွေ အများကြီး ရှိကိုရှိရမယ်။ ပြီးမှ ဖြစ်လာတဲ့အနာဂတ်နဲ့ အသင့်တော်ဆုံးကို ရွေးရမှာပဲ။
မေး။ အတိုင်ပင်ခံကို ဆက်ခံရေး အစီအစဉ်က ဘာလဲ။ အခုလောလောဆယ် စဉ်းစားထားတာ ရှိလား။
ဖြေ။ ကောင်းပြီ။ ကျမတို့ ပါတီမှာ တင်းကျပ်တဲ့ ဝါစဉ်တွေ ရှိတယ်။ ဒါကို ရှင်လည်း သိမှာပဲ။ ဒီစနစ်ကို ဆက်လက်ထိန်းသိမ်းမယ်လို့ ကျမတို့မျှော်လင့်တယ်။ ကျမတို့ ပါတီတွင်း အဆင့်ဆင့်မှာ ပုံမှန်တည်ငြိမ်တဲ့ တိုးတက်မှုဖြစ်အောင်လုပ်နိုင်မယ်လို့ ကျမတို့မျှော်လင့်တယ်။
မေး။ ရေရှည်မှာ ခေါင်းဆောင်မှု ဆက်ခံရေးနဲ့ပတ်သက်တဲ့နောက်ဆက်တွဲမေးခွန်းပါ။ မြန်မာနိုင်ငံကို သုံးနှစ်ခွဲ ဦးဆောင်ခဲ့ပြီးနောက် ဒီလို အရမ်းကို ရှုပ်ထွေးပြီး စိန်ခေါ်မှုများတဲ့နိုင်ငံကို ဦးဆောင်ဖို့ ဘယ်လို စရိုက်လက္ခဏာမျိုးတွေ လိုလဲ။
ဖြေ။ အလုပ်ကျိုးစား အားထုတ်မှုလို့ ကျမထင်တယ်။ ကျမက ဇွဲနပဲနဲ့ အလုပ်ကျိုးစားတာကို ယုံကြည်တယ်။
( Nikkei Asian Review မှ Q&A with Aung San Suu Kyi: We see China and Japan as friends ကို မြင့်ဝင်းသိန်း ဘာသာပြန်ဆိုသည်။)
You May Also Like These Stories:
ဒေါ်အောင်ဆန်းစုကြည် တက်တဲ့ ဂျပန်ဘုရင် နန်းတက်ပွဲ
ဒီမိုကရေစီနဲ့ မေးခွန်းတခု (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည် နိုင်နေလား
၂၀၂၀ မှာ တိုင်းရင်းသားပါတီများ ညွန့်ပေါင်းအစိုးရ ဖန်တီးနိုင်မလား