ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းပေါ်ရှိ ကျောက်ဖြူမြို့တွင် အထူး စီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့ ဆောက်လုပ်ရန် အစိုးရက စီစဉ်ထားသည်။ လက်ရှိတွင်လည်း ကျောက်ဖြူတွင် တရုတ်-မြန်မာ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်းများ ရှိနေသည်။
ထိုတည်ရှိဆဲစီမံကိန်းများနှင့် စီမံကိန်းအသစ်များသည် ဒေသခံများ၏ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး များအား မည်သို့ အကျိုးသက်ရောက်နိုင်သည် ဆိုသည်ကို ကျောက်ဖြူမြို့နယ်မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကို ဧရာဝတီ သတင်းဌာန အင်္ဂလိပ်ပိုင်း အကြီးတန်းသတင်းထောက် ငြိမ်းငြိမ်းက မကြာသေးမီက တွေ့ဆုံမေးမြန်းထားသည့်အထဲမှ ကောက်နုတ်ဖော်ပြလိုက် လိုက်ပါသည်။
မေး။ ။ ကျောက်ဖြူမှာ ကျမတို့ သိထားတာက အထူးစီးပွားရေးဇုန် လုပ်ဖို့ရှိတယ်။ နောက် ကျောက်ဖြူမှာ ရှိပြီးသားက ရေနံပိုက်လိုင်းနဲ့ သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံတွေ ရှိတယ်။ လက်ရှိမှာ ဒီစီမံကိန်း လုပ်ငန်းတွေကတဆင့် ဒေသခံတွေရဲ့ ဘ၀တွေ ဘယ်လို တွေများ အပြောင်းအလဲတွေ ရှိလာလဲ။
ဖြေ။ ။ ကျနော်မြင်သလောက်ဆိုရင် ဒီ SEZ ရော ဟိုတုန်းက လုပ်ခဲ့တဲ့ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှာရော ဒေသခံတွေအတွက် ဘာမှ အကျိုးမရှိပါဘူး။ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းတဲ့အခါ လယ်ယာမြေ ဆုံးရှုံးတာတွေ၊ လယ်ယာမြေ ပျက်စီးသွားတာတွေ အဲဒါပဲ တွေ့ရတယ်။ အဲဒီ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် သူတို့တွေ ပီပီပြင်ပြင် အလုပ်တခု ရလာတယ် ဆိုတဲ့ ပုံစံမျိုး အဲဒီ ဓာတ်ငွေ့ကို အမှီပြုလို့ ဒေသခံတွေ စီးပွားရေး တခုခု လုပ်လို့ရသွားတဲ့ ပုံစံမျိုး မရှိပါဘူး။ မတွေ့ရပါဘူး။
မေး။ ။ ဓာတ်ငွေ့ပိုက်လိုင်းက ၂၀၁၀ လောက်ကတည်းက စတယ်။ နောက် ပိုက်လိုင်း စကတည်းက အလုပ်အကိုင် အခွင့်အလမ်းတွေ ရမလား ဆိုတဲ့ ပြောဆိုချက်တွေ ရှိတယ်။ ဒေသဖွံ့ဖြိုးရေးတွေ ရှိလာမယ်ဆိုတဲ့ဟာမျိုးတွေ ရှိတယ်။ အဲဒီ ၁၀ နှစ်နီးပါးရှိလာတဲ့ အချိန်မှာ ဒေသဖွံ့ဖြိုးရေးတွေ ဘယ်လောက်ထိ ရှိလာလဲ။
ဖြေ။ ။ ၂၀၁၀ မှာဆိုရင် ကျနော်က လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေပြီ။ အဲဒီ ၂၀၁၀ မှာ လူတွေက တော်တော်လေးကို မျှော်လင့်တကြီးဖြစ်ခဲ့တယ်။ ဒီဓာတ်ငွေ့ပိုက်လိုင်းမှာ အလုပ်အကိုင်တွေ ရမယ်၊ ဒေသခံတွေ အကျိုးရှိမယ် ဆိုတဲ့ ပုံစံမျိုး။ ဒါပေမယ့် ဒေသခံတွေက အလုပ်အကိုင် မရခဲ့ဘူး။ အကျိုးလည်း မရှိဘူး။ အဓိက ဘာကြောင့်လဲ ဆိုရင် ဒေသခံတွေက အဲဒီမှာ အထွေထွေ အလုပ်သမားတောင်မှ နေရာမရခဲ့ဘူး။ အဲဒီနေရာမှာ ဗမာပြည်မ ဘက်က လူတွေပဲ လာလုပ်သွားတယ်။ အဲလိုဖြစ်တယ်။ အဲဒီ ဓာတ်ငွေ့ပိုက်လိုင်း သွယ်ပြီး အခုချိန်ထိ အဲဒီ အကျိုးကျေးဇူးဆိုတာ ဒေသခံတွေအတွက် ဘာမှ မရှိသေးဘူး။
မေး။ ။ ဒီ မြဒေးကျွန်း (မဒေးကျွန်း) ဆိုတာ နာမည်ကြီးလည်း ဖြစ်တယ်။ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ ဖြတ်သန်းသွားလာတဲ့ ဆိပ်ကမ်းတွေရှိတယ်။ နောက် ရေနံကို လှောင်ပြီးတော့ သန့်စင်တဲ့ (ပို့လွှတ်တဲ့) ပိုက်လိုင်းတွေကို တွေ့ရတယ်။ ဒီစီမံကိန်းကြီးတွေကြောင့် ဆရာ့ရဲ့ မဲဆန္ဒနယ် နယ်မြေတွေ ဖြစ်တဲ့ မဒေးကျွန်းက ဒေသခံတွေအပေါ် ဘာတွေ သက်ရောက်မှု တွေ့ရလဲ။
ဖြေ။ ။ မဒေးကျွန်းနယ်မြေကတော့ ထွေထွေထူးထူး ပြောင်းသွားတာတော့ မရှိဘူး။ နောက်တခုက အဲဒီ SEZ နယ်မြေဆိုတာ ရှိတယ်။ ကန့်သတ်နယ်မြေ။ အဲဒီနေရာကို ဒေသခံတွေ သွားလို့မရဘူး။ အဲဒီအနီးပတ်ဝန်းကျင်မှာ လုပ်ကိုင်လို့မရတဲ့ ပြဿနာတော့ရှိတယ်။ ဒါပေမယ့် အဲဒီ မဒေးကျွန်းကို ထောက်ပံ့တာတွေတော့ တွေ့ရတယ်။ အဲဒီထောက်ပံ့တာ ကလည်း သဘောက လမ်းလေး ဘာလေး၊ ကွန်ကရစ်လမ်းလေးတွေ လုပ်ပေးတာတော့ ရှိတယ်။ ဒါပေမယ့် ပီပီပြင်ပြင် ကောင်းကောင်းမွန်မွန် ဖြစ်တာမျိုးတော့ မဟုတ်ဘူး။ အဲဒီလောက်ပါပဲ။ သူတို့ ထောက်ပံ့တယ်၊ ကူညီတယ်ဆိုတာက မပြောစလောက်လို့ ကျနော့် အနေနဲ့ ပြောလို့ရတယ်။
မေး။ ။ ဒီစီမံကိန်းတွေ ရှိလာတဲ့အတွက်ကြောင့်မို့ ဒေသခံတွေ ခုနကလို အကျိုးအမြတ်တွေ ကောင်းကောင်း မရဘူးပေါ့နော်။ နည်းနည်းပါးပါး တိုးတက်တာက လွဲပြီး ပြောပလောက်အောင် မရှိဘူးဆိုတော့ သူတို့က ဘာတွေများ ထပ်ပြီး ဆုံးရှုံးရသေးလဲ။
ဖြေ။ ။ အကျိုးအမြတ် ဆိုတာကို တချို့က ပြောတဲ့အခါ ငွေနဲ့ ပြောမယ်ဆိုရင်တော့ အဲဒီ နေရာမှာ ရှိတဲ့လူတွေက ကိုယ့်မြေယာတွေကို ရောင်းပြီး ရတဲ့ငွေကြေးကို အကျိုးအမြတ်လို့ တချို့က ပြောချင်ပြောမယ်။ ဒါပေမယ့် ကျနော်ကတော့ အဲဒီလိုမျိုး မပြောချင်ဘူး။ မိမိမှာ မြေ ယာဆုံးရှုံးတယ်ဆိုတာက အဲဒီမြေယာကို ရောင်းလို့ရတဲ့ဟာကို အကျိုးအမြတ်လို့ ပြောလို့မရဘူး။ အကျိုးအမြတ် ဆိုတာက မိမိမှာ ဘာလုပ်လို့ ပုံမှန်ဝင်ငွေ ဘယ်လောက်ရနေလဲ။ ဥပမာ – ရေထွက်ပစ္စည်းတွေကို ရောင်းလို့ ဘယ်လောက်ရနေတယ်၊ အဲဒါမျိုး ဖြစ်နေရမှာ။ ဟို မြေယာရောင်းလို့ ရတဲ့အကျိုးအမြတ်ကို ကျနော်ကတော့ အကျိုးအမြတ်လို့ မမြင်ဘူး။ ဒါကြောင့် အဲဒီဒေသဟာ အကျိုးအမြတ် ရှိတယ်လို့ ကျနော့်အနေနဲ့ မပြောချင်ဘူး။
အဲဒီမှာ ပြဿနာက ဓာတ်ငွေ့ပိုက်လိုင်းကို ၂၀၁၀ မှာ စပြီး သွယ်တာ။ သွယ်တဲ့အခါ ဘာဖြစ်လဲဆိုရင် အဲဒီမှာ မြေယာ ပြဿနာက ဒေသခံတွေမှာက ဒီ လယ်ယာမြေ လောက်ပဲ မှတ်ပုံတင်ရှိတာ။ လယ်ယာမြေ မှတ်ပုံတင် တင်ထားတာ ပုံစံ ၇ ဆိုတာ လယ်ယာမြေမှာပဲ ရှိတာ။ တောတွေ တောင်တွေမှာကျတော့ အဲဒါ မြေလွတ်မြေရိုင်း ဖြစ်တယ်။
အဲဒီမှာ ဒီ ဌာနဆိုင်ရာတွေက ကွင်းဆင်းတဲ့အခါ၊ မြေစာရင်းလို ဌာနမျိုးက ကွင်းဆင်းတဲ့ အခါ အဲဒီ မြေယာတွေကို သူက ဓာတ်ငွေ့ပိုက်လိုင်း သွားမယ့်နေရာတွေကို ဂူးဂဲလ် မြေပုံနဲ့ လာလာပြီး ဒီပိုက်လိုင်း တလျှောက် သွားမှာ။ သွားမှာ ဖြစ်တဲ့အတွက် ခင်ဗျားတို့ ဒီမြေကို ပိုင်ဆိုင်တယ်ဆိုရင် ပိုင်ဆိုင်တဲ့ အထောက်အထားပြ ဆိုပြီး တောင်းဆိုတယ်။ တောင်းဆိုတဲ့အခါ ကျတော့ ဘယ်သူ့မှာမှ ရခိုင်ပြည်နယ်မှာဆိုရင် များသောအားဖြင့် ဒီ တောတောင်မှာ ဘယ်သူ့မှာမှ ဂရန်မရှိဘူး။ အဲဒီတုန်းက ဂရန် လုပ်လို့လည်း မရခဲ့ဘူး။ ဂရန် မရှိတဲ့အခါကျတော့ သူတို့က ကျနော်တို့မှာ အထောက်အထား မရှိဘူး။ ဒါပေမယ့် ကျနော်တို့မှာ ဒီ တောတောင်မှာ စိုက်ထားတဲ့ သစ်သီးဝလံတွေရှိတယ်။ အဲဒါနဲ့ပဲ သက်သေပြလို့ ရတယ်။
ဆိုတဲ့အခါကျတော့ သူတို့ ခင်ဗျားမှာ ဂရန်မရှိတဲ့အတွက် ခင်များမြေဟာ ဆုံးမှာပဲ။ နိုင်ငံတော်ပိုင် သိမ်းမယ်။ အဲဒီလိုမျိုး ခြိမ်းခြောက်တယ်။ ခြိမ်းခြောက်တဲ့အခါကျတော့ ဒေသခံတွေက ကြောက်လို့ ကျနော်တို့ ဒါဆို ဘာလုပ်ရမလဲ ဆိုတော့ မင်းတို့ ငါတို့ အကျိုးတူ ရတဲ့ငွေကြေး ငါတို့ပေးမလားဆိုတဲ့ ဟာမျိုး ဌာနဆိုင်ရာတွေက လာပြီး လုပ်တယ်။ အဲဒီလို ဌာနဆိုင်ရာက လုပ်တဲ့အတွက် သူတို့က ဒေသခံတွေက မသိလို့ နားမလည်လို့၊ အိုး.. ရရင်လည်း ဘယ်လောက်ပဲ ရရဆိုပြီး လုပ်လိုက်တာ။ မြေယာဆုံးရှုံးသွားတယ်။ သူတို့လည်း အကျိုးအမြတ် ဘာမှ မယ်မယ်ရရ မရဘူး။ အဲဒီလို ဖြစ်သွားတာ။
မေး။ ။ ၂၀၁၈ နောက်ပိုင်းမှာ မြေလွတ်မြေရိုင်း ဥပဒေ အသစ်နဲ့ပတ်သက်ပြီး နေပြည်တော် အစိုးရ ကိုယ်တိုင်က ပညာပေးမှုတွေ အများကြီး လုပ်တယ်လို့ ကြားရတယ်။ လယ်သမားတွေပေါ့၊ အရင်က ခံခဲ့ပြီးပြီ။ အခုနောက်ပိုင်း လယ်ယာမြေ မှတ်ပုံတင်ဖို့ကိစ္စတွေကျတော့ ဆရာတို့ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ရော လယ်သမားတွေ ဘယ်လောက်သိတယ်လို့ သိထားလဲ။
ဖြေ။ ။ ပြည်ထောင်စုကတော့ဗျာ။ ကျနော်မြင်တာက ကျနော်က လွှတ်တော်ကိုယ်စားလှယ် သက်တမ်းက ၉ နှစ်လောက် ရှိနေပြီဆိုတော့ ပြည်ထောင်စုကတော့ သူက ညွှန်ကြားချက်က တိုက်ရိုက်လာနေတာပဲ။ ညွှန်ကြားနေတာပဲ။ ဒါပေမယ့် အောက်ခြေမှာ ဘာပြောင်းလဲလဲဆိုတာ သူတို့ သိပုံမရပါဘူး။ ဒါပေမယ့် ပြောင်းလည်း မပြောင်းလဲပါဘူး။ ဒီမှာ လယ်ယာမြေမှတ်ပုံတင်လုပ်ဖို့ ဆိုပြီး တင်ကြတာ။ လျှောက်ကြတဲ့ လူတွေရှိတယ်။ ကျနော့်ဆီကိုလည်း အမြဲတမ်း သတင်းပို့တဲ့လူရှိတယ်။ ဒါပေမယ့် ဒီမှာကလည်း မြန်မြန်ဆန်ဆန် ဟုတ်တိပတ်တိ လုပ်ပေးတာလည်း မရှိပါဘူး။ မြေစာရင်း ဌာနကလေ။ အမှန်အတိုင်း ပြောတာပါ။ အဲဒါက။
အမှန်က တောင်သူလယ်သမားတွေ အသိဉာဏ် မရှိတာတော့ မဟုတ်ဘူး။ ဒီခေတ်က တော်တော်လေးကို ပြောင်းလဲသွားပြီ ဖြစ်တဲ့အတွက် ခေတ်ကတော့ ပြောင်းလဲသွားပြီ။ သူတို့တွေကလည်း ငါတို့တွေ လယ်ယာမြေ မှတ်ပုံတင် လုပ်ထားရမယ်ဆိုတာကို သိနေတယ်။ သိနေပေမယ့် သူတို့က တကယ့်တကယ် လုပ်မယ့်အခါကျတော့ ဌာနက ဟိုလိုလို ဒီလိုလိုနဲ့ သူတို့က အချိန်ဆွဲထားတာပဲ ဖြစ်နေတယ်။
အဓိက ကျနော်ပြောပြမယ်။ ဒီဟာ ဓာတ်ငွေ့ပိုက်လိုင်းဟာ ပေ ၁၀၀ အနီးပတ်ဝန်းကျင်က လယ်ယာမြေတွေ မှတ်ပုံတင်လုပ်လို့မရဘူး။ ဘာကြောင့်လဲဆို အဲဒီ ပိုက်လိုင်းနဲ့ လွတ်မလွတ်ဆိုတာက ကွင်းဆင်းနိုင်တာ မရှိဘူး။ မြေစာရင်းက ကွင်းမဆင်းနိုင်တဲ့အခါ ကျတော့ သူတို့က အဲဒီပိုက်လိုင်းတလျှောက်က အနီးအနားတွေကို လုပ်မပေးနိုင်ဘူး။ အထက်က ညွန်ကြားချက် ရှိတယ် ဆိုတာမျိုး ပြောတာတွေ ရှိတယ်။ နောက်တချက်က SEZ နယ်မြေထဲမှာ ပါမယ့် လယ်ယာမြေတွေကို မှတ်ပုံတင် လုပ်မပေးဘူး။
အဲဒီမှာ ကျနော်ပြောစရာ တခုကျန်တာက ဒီ ဓာတ်ငွေ့ပိုက်လိုင်းမှာ သီးပင် စားပင်တွေကို အကုန်လုံး လျော်ကြေးပေးတယ်။ ငှက်ပျောပင်တို့၊ မာလကာပင်တို့ ပါရင်ပဲ ဖြစ်ဖြစ်၊ ကွမ်းသီးပင်တို့ အကုန်လုံးကို ပေးတယ်။ အံ့သြစရာတခုတော့ ရှိတယ်ဗျ။ အဲဒါက ပျဉ်းကတိုးသစ်ကို လျော်ကြေးမပေးဘူးဗျ။ ပျဉ်းကတိုးသစ်တွေ ဒီဘက်မှာ တော်တော်ပေါတယ်ဗျ။ အများကြီး အဲဒီ ဓာတ်ငွေ့ပိုက်လိုင်း (စီမံကိန်း) မှာ ပါသွားတာ။ ဒါပေမယ့် အဲဒီအပင်ကျတော့ လျော်ကြေးမပေးဘူး။ သူတို့။
မေး။ ။ အဲဒီအပင်တွေက အခုရော ရှိသေးလား။
ဖြေ။ ။ အခုတော့ မရှိတော့ဘူး။ ဓာတ်ငွေ့ပိုက်လိုင်းတလျှောက်လုံးက အကုန်လုံး လမ်းဖောက်ထားသလို ပြောင်တလင်းခါနေတာပေါ့။
မေး။ ။ ခုနက ကျောက်ဖြူဆိုလို့ရှိရင် အထူးစီးပွားရေးဇုန် ဧရိယာတွေဆိုရင် လယ်ယာမြေ ဆုံးရှုံးမှု ဖြစ်တော့မလားဆိုပြီး စိုးရိမ်ကြတယ်။ အထူးစီးပွားရေးဇုန် ဘယ်တော့စမလဲ ဆိုတာ လူထုကလည်း သိချင်တယ်။ ဆရာတို့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ရော ဒီ SEZ စီမံကိန်းနဲ့ ပတ်သက်ပြီး ဘာတွေများ သိထားလဲ။ ဌာနဆိုင်ရာက တခုခုလာပြီး ရှင်းပြတာမျိုး အကြောင်းကြားတာမျိုးပေါ့။
ဖြေ။ ။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်က ကျောက်ဖြူမြို့နယ်မှာ ကျနော့်ကို ဒီ SEZ နဲ့ပတ်သက်ပြီး အစည်းအဝေး ခေါ်တာတောင် သိပ်မရှိဘူး။ သိပ်မရှိဘူးဆိုတာက ကျနော့်ကို လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ကန့်ကွက်နေသလိုလို အဲဒီလို စကားတွေ သတင်းလွှင့်ပြီး အဲဒီလို ပြောတာပဲ။ အဲဒါကြောင့်လည်း ကျနော့်ကို မဖိတ်ဘူး ထင်ပါတယ်။
မေး။ ။ SEZ ရှိလာမယ်ဆိုရင်ကော ဒီဒေသအတွက် ဘာတွေများ ကောင်းကျိုးရလဒ်တွေ ရှိလာနိုင်မယ်လို့ ဆရာ ယူဆလဲ။
ဖြေ။ ။ ကျနော့်အမြင်ကို ပြောရမယ်ဆိုရင် လုံးဝကို တခုမှလည်း မရှိနိုင်ဘူးလို့ မြင်တယ်။ ဘာကြောင့်လဲဆိုရင် အခု SEZ ဖြစ်မယ်လို့ နိုင်ငံတော် အစိုးရ ကိုယ်တိုင်က ကြေညာပြီးပြီ။ အမှန်တကယ်က ပွင့်လင်းမြင်သာအောင် သူတို့ လုပ်ရမှာ။ လုပ်ရမယ်ဆိုတာ SEZ နယ်မြေမှာ ဘယ်ရွာ ဘယ်ရွာပါမယ်၊ လယ်ဧက ၁ ဧက ဘယ်လောက်လျော်မယ်၊ သူတို့တွေ နေဖို့ ထိုင်ဖို့ ဘယ်နေရာမှာ ဘာလုပ်ပေးမယ်၊ ဘယ်လိုအခွင့်အရေးကို ပေးမယ်၊ သူတို့ ပညာသင်ဖို့၊ လူမှုရေးလုပ်ငန်းတွေကို ဒီ SEZ နဲ့ပတ်သက်တဲ့ ကုမ္ပဏီကဖြစ်ဖြစ်၊ အစိုးရဖြစ်ဖြစ် လုပ်ပေးမယ်ဆိုတဲ့ သူတို့ ဘာ Plan မှလည်း ချပြတာ မတွေ့ဘူး။
သူတို့ လုပ်နေတာက SEZ လုပ်မယ်ဆိုတာပဲ ပြောနေတယ်။ ကျနော်က ဖြစ်စေချင်တာက ဒီ SEZ ဟာ ဘယ်လို SEZ မျိုးလဲ ကျနော်သိချင်တယ်။ ဘာဖြစ်လို့လဲဆို ကျနော်က မလေးရှားနိုင်ငံမှာ အလုပ်လုပ်ဖူးတဲ့လူ။ ကျနော်က SEZ အကြောင်း တော်တော်သိတယ်။ ကျနော်တို့ လုပ်ခဲ့တာက SEZ မှာလုပ်ခဲ့တာကိုး။ အဲဒီနေရာမှာ ဥပမာ – ကျနော်တို့ လုပ်ခဲ့တဲ့ စက်ရုံဆို ကားတွေ တိုင်ကီ စက်ရုံ။ အဲဒီလို စက်ရုံမျိုးဆို သူတို့က ကားတွေ၊ တိုင်ကီတွေ ဆေးတဲ့အခါ အက်ဆစ်နဲ့သုံးတယ်။ အက်ဆစ်သုံးတဲ့အခါ အဲဒီ အက်ဆစ်ကို ဖောက်ထုတ်တယ်။ ဖောက်ထုတ်တဲ့အခါ ကျတဲ့ရေက မြစ်ကြောင်းတလျှောက် ဘာအပင်မှ မပေါက်နိုင်ဘူး။
SEZ ကို ကျနော်တို့က ဒေသအတွက် အကျိုးရှိဖို့ ဆိုတာ ပြောလို့မရဘူး။ သူတို့ လုပ်မှာ ဘာလုပ်ငန်းလဲ၊ ဘာ SEZ လဲဆိုတာ ဖော်ပြရမယ်။ ဒေသခံတွေကို ကျနော် ခုနက ပြောသလို မြေယာပြဿနာတွေ အရှုပ်အရှင်း မရှိအောင် သူတို့ ဖြေရှင်းရမှာ။ လယ်တဧကတော့ ဘယ်လောက်ပေးမယ်။ သို့သော် ဒေသခံက မကြိုက်ဘူးဆိုရင် အဲဒါကို အချင်းချင်း ပြေလည်အောင် ညှိရဦးမှာ။
ဒါပေမယ့် အခုက အဲဒီလို မဟုတ်ဘူး။ SEZ လုပ်မယ်။ ဘယ်နေ့ ဘာလုပ်၊ ဘယ်နေ့စတင်မယ်၊ အဲဒါအတိုင်းပဲ လာနေတယ်။ ဒီမှာ ဒီအောက်မှာ ရှိနေတဲ့ လယ်ယာမြေ ပြဿနာကို ဖြေရှင်းဖို့ကျတော့ အဲဒါကို မဖြေရှင်းဘူး။ အမှန်က လုပ်ရမှာက ဘယ်သူပဲ ဖြစ်ဖြစ် အိမ်တဆောင်ကို ဒီနေရာမှာ ဆောက်ချင်တယ်ဆိုရင် မြေပြဿနာကို အရင်ဆုံး ရှင်းရမှာ။ ရှင်းရမှာက ဒီမြေကိုတော့ ငါ ဝယ်မယ်၊ ဘယ်လောက်ဈေးနှုန်း အဲဒီလို ဖြစ်ရမှာ။ ဒါကြောင့် ကျနော်က ဒီလိုပုံစံမျိုးနဲ့ လုပ်နေမယ်ဆိုရင် SEZ ဖြစ်ပေါ်လာတယ် ထားဦး၊ ဘာမှ ဒေသခံ အတွက် အကျိုးမရှိဘူးလို့ ကျနော်တော့ မြင်တယ်။
မေး။ ။ ရခိုင်ပြည်နယ်မှာ ရေလုပ်ငန်းနဲ့ပတ်သက်တာတွေ အများကြီး လျော့ကျလာတယ်လို့ သိရတယ်။ မြဒေးကျွန်း (မဒေးကျွန်း) က ရေလုပ်သားတွေလည်း ပြောကြတယ်။ သူတို့မှာ ငါးရှာရ ခက်လာတယ်ပေါ့နော်။ နောက် တခုက ရေနံသင်္ဘောကြီးတွေလာတဲ့ အချိန် ငါးမဖမ်းရဘူးလို့ ပြောတယ်။ တရက်လား၊ နှစ်ရက်လားပေါ့ လုံး၀ ငါးမဖမ်းရဘူးလို့ ပြောတယ်။ ဒီလိုဆိုရင် သူတို့ရဲ့ နေ့စဉ်ဘ၀ စားဝတ်နေရေးကို ထိခိုက်တော့မှာပဲ။ အဲဒီ ငါးသယံဇာတတွေအပေါ်မှာ ဒီလို လွတ်လပ်စွာ ထုတ်ယူသုံးစွဲခွင့်တွေကို ဒေသခံတွေကို မရတာ ဘယ်လိုအကြောင်းအချက်တွေကြောင့်လဲ၊ ဘယ်လိုမျိုးတွေ ဖြစ်သင့်လဲ။
ဖြေ။ ။ ဒီ ကျနော်တို့ ဓာတ်ငွေ့ပိုက်လိုင်းကို မြန်မာနိုင်ငံအစိုးရက သဘောတူလိုက်ပြီဆိုတာနဲ့ အဲဒီ ဓာတ်ငွေ့ပိုက်လိုင်းနဲ့ပတ်သက်တဲ့ စီမံကိန်းနဲ့ပတ်သက်တဲ့ နေရာတွေ ဟူသမျှဟာ အဲဒီကုမ္ပဏီတွေကို နှစ် ၃၀ နဲ့ သူတို့က အမှန်က ပေးလိုက်ပြီဆိုတဲ့ သဘောမျိုး သက်ရောက်နေတယ်။ ရေနက်ဆိပ်ကမ်းဆိုတာလည်း အဲဒီအတိုင်းပဲလေ။ သူက သင်္ဘောကြီးတွေ လာတဲ့အခါ တွေ့ပါလိမ့်မယ်။ တဖက်က အနီ ရေကြောင်းပြ အချက်ပြတွေ ရှိမယ်။ တဖက်က အစိမ်းရှိတယ်။ အဲဒီ ရေကြောင်းပြတဲ့ ဧရိယာတွေအကုန်လုံးက သူတို့ကို ရှင်းရှင်းပြောရင် ငှားထားလိုက်ပြီ။ ရောင်းထားလိုက်တဲ့ သဘောမျိုးပါပဲ။ နှစ် ၃၀ စာချုပ်ချုပ်ပြီးပြီ။ အဲဒီနေရာဟာ သူတို့ကို အပိုင်ပေးပြီးပြီ ဆိုတဲ့ သဘောမျိုး။ အဲဒါကြောင့် ဒေသခံတွေက အဲဒီနေရာမှာ ငါလုပ်ချင်ပါတယ်ဆိုလို့ မရတော့ဘူး။ ဒေသခံ မဟုတ်တော့ဘူးလို့ ပြောလို့ရတယ်။ ဒါ အစိုးရကနေပြီး နှစ် ၃၀ စာချုပ်နဲ့ သူတို့ကို အပိုင်ငှားလိုက်တဲ့သဘောမျိုး ဖြစ်နေတယ်။
မေး။ ။ ဒါပေမယ့် ဒေသခံတွေက အဲဒီနေရာမှာပဲ တသက်လုံး နေလာခဲ့တဲ့လူတွေလေ။ သူတို့ရဲ့ စားဝတ်နေရေး၊ သူတို့ရဲ့ ဘဝရပ်တည်ရေးအတွက် ဆိုလို့ရှိရင် ဒီ လူကြီးတွေ၊ နောက် အာဏာပိုင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေ အစိုးရတွေက ဘယ်လိုတွေ အာမခံချက် ပေးသင့်လဲ။
ဖြေ။ ။ ပေးသင့်တာက ကျနော် အစပိုင်းက ပြောခဲ့သလိုပဲ။ ဒီ SEZ တို့၊ ဓာတ်ငွေ့ပိုက်လိုင်းတို့ သွယ်ဖို့ လုပ်ကတည်းက ဒီဒေသခံတွေကို သူတို့က သဘောထားကို တောင်းခဲ့ရမှာ။ ပြောခဲ့ရမှာ။ ဒေသခံတွေနဲ့ ညှိနှိုင်းခဲ့ရမှာ။ ဒေသခံတွေရဲ့ စားဝတ်နေရေးကို သူတို့ ဖြေရှင်းပေးခဲ့ရမှာ။ အဲဒီလို မလုပ်ဘဲ ဒီအချိန်ထိ ကျော်လာပြီဆိုတာက သူတို့က အကုန်လုံးကို စာချုပ်ချုပ်ပြီး လုပ်ပြီးခါမှ ဒီအချိန်မှာ ဘာတောင်းဆိုမလဲ ဆိုတာမျိုး ဖြစ်လာပြီ။ ဟိုဘက်ကုမ္ပဏီနဲ့ အစိုးရနဲ့ စာချုပ်ချုပ်ထားတဲ့ဟာကို ကျနော်တို့ပြောဖို့ဟာက ခက်နေတယ်။
ကျနော် ဒီအချက်ကို ပြောတာက SEZ လည်း အဲဒီအတိုင်းဖြစ်မှာပဲ။ ဘာလို့ဆို ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းတဲ့အခါ ဒေသခံတွေနဲ့ မဆွေးနွေးခဲ့တဲ့ကိစ္စတွေ ပြဿနာတွေ အကုန်လုံးဟာ အခုအချိန်မှာ ဖြေရှင်းလို့မရသလိုမျိုး SEZ လည်း အဲဒီလိုပဲ ဖြစ်မှာပဲ။ ဘာဖြစ်လို့လဲဆို ကြိုပြီး ဆွေးနွေးမှု မရှိခဲ့ဘူးဆိုရင်၊ သူတို့ SEZ ဧရိယာကို သတ်မှတ်ပေးလိုက်ပြီဆိုရင် အဲဒီ SEZ ဧရိယာကို ဘယ်သူမှ ဝင်လို့မရတော့ဘူး။ မြန်မာနိုင်ငံ အစိုးရကနေပြီး လုံခြုံရေးအရ ဝင်မယ်ဆိုရင် သူတို့ ဆီက ခွင့်တောင်းရမယ်။ အခု ကျနော်တို့ ကြုံပြီးပြီလေ။ အခု မြဒေးကျွန်းမှာ ပြဿနာ တခုခု ဖြစ်မယ်ဆိုရင် ကျနော်တို့ ဝင်မယ်ဆိုလို့မရဘူး။ ဒေသအာဏာပိုင်လည်း ဝင်လို့မရဘူး။ ဘာလို့လဲဆို သူတို့မှာ သူတို့ရဲ့ ဧရိယာကို သူတို့ ကာကွယ်ရေးစနစ်နဲ့ သူတို့ လုပ်နေကြတာ ဖြစ်တယ်။
မေး။ ။ ဒေသခံတွေရဲ့ လုပ်ငန်း ကိုင်ငန်းတွေနဲ့ ပတ်သက်ပြီး ထပ်ပြီးတော့ မေးချင်တာက ဒီ ရခိုင်ပြည်နယ်ရဲ့ ရေလုပ်ငန်းရဲ့ သားငါးထွက်ကုန်ပေါ့။ အဲဒီမှာ အခက်အခဲတွေ ဘာတွေများ ရှိလဲ။ ဒါက စီမံကိန်းကြောင့်လည်း ဖြစ်ကောင်းဖြစ်မယ်၊ စီမံကိန်းမဟုတ်ဘဲနဲ့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေကြောင့်ပေါ့လေ။ ဘယ်လိုသက်ရောက်မှုတွေများရှိလဲ။
ဖြေ။ ။ အဓိကကတော့ ရခိုင်ပြည်နယ်မှာ ငါးလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ကျနော့်အမြင်က ဒီ ရေသတ္တဝါတွေ ရှားပါးလာတဲ့ ကိစ္စဟာ အစိုးရအပေါ်မှာပဲ မူတည်တယ်။ အစိုးရအပေါ်မှာ အဓိက တာဝန်ရှိတယ်။ ဒါပေမယ့် ကျနော်က လွှတ်တော်ကိုယ်စားလှယ်တယောက် ဖြစ်တဲ့အတွက် အစိုးရရဲ့ မူဝါဒတွေကို ကျနော်တို့ လွှတ်တော်ကို တင်လာတဲ့အခါ မူဝါဒထဲမှာတော့ ပါတယ်ဗျ။ သူက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့၊ ဒီရေတောတွေ ထိန်းသိမ်းဖို့ သားငါးသယံဇာတတွေကို သူက ဘယ်လိုလုပ်မယ်ဆိုပြီး ပါတော့ပါတယ်။ ဒါပေမယ့် ဘတ်ဂျက်ကို ကြည့်လိုက်။ ထည့်ထားတဲ့ ဘတ်ဂျက်မှာ ဒီရေတော ထိန်းသိမ်းဖို့ဆိုတဲ့ ငွေကြေး ဘယ်လောက်ပါလဲ။
မေး။ ။ ဘတ်ဂျက်ထဲ ဒီရေတောထိန်းသိမ်းဖို့ ငွေကြေး ဘယ်လောက်ပါလဲ ဆရာ။
ဖြေ။ ။ ဘယ်လောက်မှ မပါဘူး။
မေး။ ။ ဒီ လွှတ်တော်ကိုယ်စားလှယ်သက်တမ်း ၉ နှစ်လုံးလုံးမှာ အဲဒီ ဒီရေတော ထိန်းသိမ်းရေး ဘတ်ဂျက် မပါဘူးလား။
ဖြေ။ ။ ဘယ်လောက်မှကိုမှ မပါဘူး။ သူတို့က ပြောတာ ရခိုင်ပြည်နယ်သည် အဓိက လယ်ယာထွက်ကုန်ကို ဦးစားပေးပြီးလုပ်တဲ့ နေရာဒေသဖြစ်တယ်။ ဒါပေမယ့် သူက ဒီ လယ်ယာနဲ့ ဖွံ့ဖြိုးအောင် ပြည်နယ်ကို တည်ဆောက်မယ်ဆိုပြီး အစိုးရရဲ့ မူဝါဒတွေမှာ ရေးကြတယ်။ ပြောကြတယ်။ ဒါပေမယ့် တကယ့်တကယ်ကျတော့ တောင်သူလယ်သမား တွေကို ဘာကူညီမယ်၊ ညာကူညီမယ်၊ ဘယ်လို ဘတ်ဂျက်ကို ဘယ်လို ဆွဲပေးထားတယ် ဘာမှ မရှိတာ။
သူက မူဝါဒကို စာအုပ်အတိုင်း ဆွဲထားလို့မှ မရတာ။ မူဝါဒကို ဆွဲပြီဆိုရင် မူဝါဒကို အကောင်အထည်ဖော်ဖို့ ငွေကြေးလိုပြီ။ လုပ်ငန်းပလန်တွေ ဆွဲပေးရတော့မှာ မလုပ်ဘူး။ ဘာမှ မလုပ်ဘူး။ အဲဒီအတိုင်းပဲ။ သူတို့က ပြောတော့ ပြောတယ်။ မပြောတာမဟုတ်ဘူး။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှာ ကျနော်တို့ ကြောက်တယ်။ ဥပမာ ရေသတ္တဝါတွေ ပြန်လည်လို့ ပေါများလာအောင် ဘယ်လိုလုပ်မလဲ။ အဲဒါ သင်တန်းမှာ ဖြစ်ဖြစ်၊ ဝပ်ရှော့မှာ ဖြစ်ဖြစ် ပြောလိုက်ရင် အဲဒီ မိုက်တလုံးပေါ်က သူပြောသွားလိုက်တာပဲ။ ဒါပေမယ့် တကယ့်လက်တွေ့ အကောင်အထည် ဖော်တဲ့အခါ ဘာမှ မဟုတ်ဘူး။
သူက ပြောမှာပဲ ခင်ဗျားတို့ တင်ပြပါ။ ဒေသခံတွေ တင်ပြ၊ ကျနော်တို့ ဘာလုပ်ပေးမယ် ပြောမှာပဲ။ ဒါပေမယ့် တကယ့်တကယ် အကောင်အထည်ဖော်လားဆို ဘာမှမရှိဘူး။
မေး။ ။ ဒီလွှတ်တော်ကနေပြီးတော့ရော ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးတွေ၊ နောက် ဒေသခံတွေရဲ့ ဘ၀ မြင့်မားရေးအတွက်ကို လွှတ်တော်ကနေ တွန်းတွန်းတိုက်တိုက် လုပ်ခဲ့တဲ့၊ ကိုယ်လုပ်ခဲ့တာဖြစ်စေ၊ တခြားလွှတ်တော်ကိုယ်စားလှယ်ကဖြစ်ဖြစ် လုပ်ခဲ့တာ ဘာများ ရှိသလဲ။
မေး။ ။ ၂၀၁၆ နောက်ပိုင်းရော။
ဖြေ။ ။ ၂၀၁၆ နောက်ပိုင်းကတော့ ဒီ ၂၀၁၆-၂၀၁၇ မှာ သိပ်ပြီးတော့ မတိုးတက်ဘူး။ ၂၀၁၇-၂၀၁၈ လောက်ကျတော့ မြေသားလမ်းတွေ တော်တော်လေးကို ဖြစ်လာတယ်။ ရခိုင်ပြည်နယ်လွှတ်တော်က ၂၀၁၆ ခုနှစ်လောက်မှာက သိပ်ပြီး အကောင်အထည်ဖော်လို့ မရဘူး။ အစိုးရအနေနဲ့ ဟိုဟာ လုပ်ရနိုးနိုး၊ ဒီဟာလုပ်ရနိုးနိုးနဲ့ သူကလည်း မလယ်မဝယ် ဖြစ်နေတယ်။ ၂၀၁၇-၂၀၁၈ လောက်ကျတော့ တွန်းတွန်းတိုက်တိုက်နဲ့ လွှတ်တော် ကိုယ်စားလှယ် တွန်းတာရော ဖြစ်လာတဲ့အခါကျတော့ သူတို့က အခု ၂၀၁၉ ကျတော့ တော်တော်လေးကို လေးလေးစားစား ဖြစ်လာတဲ့ သဘောရှိတယ်။
ဒါပေမယ့် ကျနော်မြင်တာက ရခိုင်ပြည်နယ် အစိုးရအနေနဲ့ လုပ်ချင်သလို လုပ်လို့မရဘူးလို့ မြင်တယ်။ ဘာကြောင့်လဲဆို ဒီ ရခိုင်ပြည်နယ်မှာက ဖွံ့ဖြိုးရေးနဲ့ တရားဥပဒေ စိုးမိုးရေးမှာ ကော်မတီဥက္ကဋ္ဌက ဒေါ်အောင်ဆန်းစုကြည်လို့ တာဝန်ယူထားတာ။ ဒီမှာ ဝန်ကြီးချုပ်က တခုခု လုပ်မယ်ကြံတိုင်း အဲဒီ အပေါ်ကို တင်ပြရတဲ့ အလုပ်ပေါ်လာလိမ့်မယ် ထင်တယ်။ ကျနော် ထင်သလို ပြောတာ။ ကျနော်က အစိုးရတော့ မဟုတ်တော့ သိပ်ပြီး မသိဘူး။
အဓိကကတော့ ပြည်ထောင်စုက ချုပ်ကိုင်ထားလို့ ဒီမှာ ဖွံ့ဖြိုးရေးပဲ ဖြစ်ဖြစ်၊ လုံခြုံရေးပဲ ဖြစ်ဖြစ် အတားအဆီး နှောင့်နှေးတာပေါ့ဗျာ။ ဥပမာ သဘောက၊ ကျနော်က တိုက်ရိုပြောလို့ရတယ်ဆိုရင် တိုက်ရိုက်ပြောလိုက်ရင် မြန်မယ်လေ။ ဒါပေမယ့် တဆင့်ခံပြီး ဟို ကြားခံ ၁ ယောက်၊ ၂ ယောက်ခံပြီး ပြောရတဲ့အခါကျတော့ အဲဒီ ကိုယ်ပြောတဲ့ စကားက ဟိုလူဆီကို ရောက်ဖို့အရေးက ကြားခံတွေ အများကြီး ဖြစ်နေတယ်။ အဲဒီက အမိန့်တခါပြန်လာပြန်ပြီဆို ဒီမှာ လုပ်ငန်းက ထင်သလောက် မဟုတ်တော့ဘူးလေ။ အဲဒီလို နှောင့်နှေးမှုတွေ ရှိနေတယ်လို့ မြင်တယ်။
မေး။ ။ (ရခိုင်ပြည်နယ်) လွှတ်တော်မှာ တလောကပဲ လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး ကော်မတီဖွဲ့ဖို့တို့ စစ်ရှောင်တွေ ကူညီဖို့တို့ (လုပ်တာ ရှိတယ်)။ ဒါပေမယ့် ကျောက်ဖြူက တော်တော်လေး အေးချမ်းတယ်။ ဒါပေမယ့် စစ်ကို တခြားနေရာတွေမှာ ဖြစ်နေတဲ့အခြေအနေက ကျောက်ဖြူမှာရော ဘယ်လို ရိုက်ခတ်မှု ရှိလဲ။
ဖြေ။ ။ စစ်ဖြစ်တယ်ဆိုတာက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အဓိက ခိုအောင်းမယ့် နေရာ လိုတယ်ဗျ။ အဲဒီ တောတောင်တွေ ဘာညာလိုတယ်။ ဒီ ကျောက်ဖြူရှိတဲ့ ရမ်းဗြဲကျွန်းဆိုတာက ကျွန်းက ကျွန်းလွတ်ဖြစ်တယ်။ အဲဒီ ကျွန်းလွတ်ကို ကုန်းကြောင်းလာမယ်ဆိုရင် လမ်းက တပေါက်ပဲ ရှိတယ်။ မအီ ဆိုတဲ့နေရာက ဖြတ်လာရမယ်။ မအီနေရာက ဖြတ်လာမှ ကုန်းကြောင်းက ရောက်မှာ။ ရေကြောင်းက လာမယ်ဆိုရင်လည်း ဒီမှာက ရေတပ်က ၃ ခု ရှိတယ်။ သစ်ပုတ်တောင်ရေတပ်ရှိတယ်။ နောက် အုန်းချွိင် ဆိုတာ ရေတပ်တခုရှိတယ်။ နောက် ဟိုဘက်နားမှာဆိုရင် စနဲ အနီးနားက တောင်ပေါ်ကြီးရေတပ်တခုရှိတယ်။ အဲဒီ ကျွန်းလေး တကျွန်းပေါ်မှာ ရေတပ်က ၃ ခု ချထားတာ ရှိတယ်။ အဲဒီ အခါကျတော့ ဒီနေရာမှာ စစ်ဖြစ်ဖို့ဆိုတာက စစ်ဆိုတာကလည်း ကိုယ်နိုင်မှ တိုက်မှာကိုး။ တိုင်းရင်းသား လက်နက်ကိုင် တွေကလည်း မနိုင်ဘဲနဲ့ ဘယ်လိုလုပ်တိုက်မလဲ။ သူက နိုင်မှ တိုက်မှာ။ သေချမှာ တိုက်မယ့်လူတွေ ဆိုတော့ ဒီနေရာက စစ်လွတ်နေတာက အဲဒါကြောင့် ဖြစ်လိမ့်မယ်။
မေး။ ။ ဒီကျောက်ဖြူမြို့ပေါ်မှာက ဘာလေးပဲ ဖြစ်ဖြစ် ဈေးကြီးတယ်။ ထမင်းကအစ၊ သွားလာရေးကအစ။ အဲဒီဟာတွေက နဂိုကတည်းက ဒီလိုပုံစံပဲလား။ ဒါမှမဟုတ် ဒီနှစ်ပိုင်းမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်ပဋိပက္ခတွေ ဖြစ်တာကြောင့်မို့ ဒီလို ဖြစ်လာတာလား။
ဖြေ။ ။ အမှန်ကတော့ ဒီကိစ္စတွေက ဓာတ်ငွေ့ပိုက်လိုင်းရဲ့ စီမံကိန်းကြီးတွေရဲ့ အကျိုးဆက်ပေါ့။ စီမံကိန်းကြီးတွေကို ရောင်းတဲ့လူတွေက အဲဒီမှာ လာလုပ်တဲ့ တရုတ်တွေ ရှိတယ်။ နိုင်ငံခြားသားတွေ ရှိတာကိုး။ အဲဒီပိုက်လိုင်းကို သွယ်တဲ့အခါလည်း ဂျက်ကာ ဆိုတဲ့ အိန္ဒိယ ကုမ္ပဏီက သွယ်သွားတာကိုး။ အဲဒီလူတွေကျတော့ အကုန်လုံး သူတို့ကြိုက်တာကို ဈေးထိုးပေးလို့ ရောင်းလို့ရတယ်လေ။ သူတို့က ဒီဟာမဝယ်ရင် တခြား ဝယ်စရာမှ မရှိတာ။ ဥပမာ ၁ ရာတန်ကို ဒေသခံက ၁ ထောင်တောင်း ရင်တောင်းတယ်။ အဲဒါလည်း သူတို့ ဝယ်တာပဲ။ ဒါပေမယ့် သူတို့ ပြန်သွားတဲ့အခါကျတော့ အဲဒီ ဈေးက ချလို့မရတော့ဘူးလေ။ သူတို့က ဒေသခံကိုလည်း အဲဒီအတိုင်းပဲ ရောင်းပြီ။ ဆိုတဲ့အခါ ဒီ စက်မှုဇုန်ကြီးတွေ၊ ပိုက်လိုင်း စီမံကိန်းကြီးတွေ လုပ်လာတဲ့ အကျိုးဆက်က ဘာလဲဆိုရင် ဒေသခံမှာ ကုန်ဈေးနှုန်း တက်ပြီး ကျန်လိုက်တာပဲ ရှိတယ်။
မေး။ ။ ဒီ အလုပ်အကိုင် အခွင့်အလမ်းနဲ့ပတ်သက်ပြီးတော့ ဒီ စက်မှုဇုန်လုပ်မယ့် ရွာတွေမှာ ဖြစ်ဖြစ်၊ ရခိုင်တပြည်လုံးက ဖြစ်ဖြစ် အများစုက နိုင်ငံခြားမှာ ထွက်ပြီး အလုပ်လုပ်ကြတာ များတယ်။ ဒီမှာ စီမံကိန်းတွေ ဘယ်လိုပဲ ရှိရှိ။ ရေသယံဇာတတွေ ဘယ်လိုပဲ ရှိရှိ နိုင်ငံခြားကိုပဲ ထွက်ပြီး အလုပ်လုပ်နေကြတဲ့ လူသား အရင်းအမြစ်တွေ အဲဒီလို သွားနေရတာကို ဆရာတို့ လွှတ်တော်အနေနဲ့ရော ဘယ်လိုမျိုးတွေ စီမံဆောင်ရွက်တာရှိလဲ။
ဖြေ။ ။ စီမံဆောင်ရွက်တာ လွှတ်တော်ကလည်း မရှိသလို၊ အစိုးရကလည်း မရှိဘူး။ ဒါပေမယ့် စီမံ ဆောင်ရွက်လို့လည်း မရဘူးဗျ။
မေး။ ။ ဘာလို့မရတာလဲ။
ဖြေ။ ။ ဘာလို့မရတာလဲဆိုရင် သူတို့ကို အလုပ်အကိုင်မှ မပေးနိုင်ဘဲ။ ရခိုင်တပြည်နယ်လုံး ပေါင်းလို့ စက်ရုံ တရုံမှ မရှိတာ။ စက်ရုံမှာပေးမယ်၊ အလုပ်ပေးမယ်ဆိုလည်း ဘာစက်ရုံမှာ ပေးမလဲ။ တချို့က ပြောကြတယ် အသီးအရွက်တွေ စိုက်ပါတဲ့။ အသီးအရွက်တွေစိုက်၊ ဘယ်မှာသွားရောင်းမလဲဗျ။ ကျနော်ကိုယ်တိုင် စိုက်ဖူးတယ်။ မတ်ပဲ ၁၀ ဧက စိုက်ဖူးတယ်။ ဒါပေမယ့် အဲဒီ မတ်ပဲကို ရလာတဲ့အခါ ရောင်းဖို့ ဈေးကွက်မရှိဘူး။ ဒေသခံတွေက စိုက်လို့ရတယ်။ ဘာမှ မဖြစ်ဘူး။ အကုန်သူ စိုက်လို့ရတယ်။ ဘာကိုပဲ စိုက်စိုက် စိုက်လို့ရတယ်။ ဒါပေမယ့် ဝယ်မယ့်သူ၊ ဝယ်လက်မှ မရှိတာ ဘယ်မှာ သွားရောင်းမလဲ။
အဲဒါကို တချို့က ပြောတယ် SEZ လာရင် ဒီလူတွေ အလုပ်အကိုင်ရမယ်။ အလုပ်အကိုင် ရတယ်ဆိုဦးတော့ မြန်မာနိုင်ငံ ဥပဒေနဲ့ ဘယ်လိုလုပ် လာလုပ်မှာလဲ။ မြန်မာနိုင်ငံမှာ အနိမ့်ဆုံးလစာ ၃၆၀၀ ကနေ ခု ၄၈၀၀ တိုးလိုက်ပြီး ၅ ထောင်ပဲ ဆိုလိုက်ဦး တလမှာ တသိန်းခွဲနဲ့ ဘယ်လိုလုပ်ပြီး စားဝတ်နေရေး ဘယ်လိုဖြေရှင်းမလဲ။
နိုင်ငံခြားမှာ နေတယ်ဆိုရင် သူတို့တွေက ဘာပဲဖြစ်ဖြစ် ကျပ် ၃ သိန်း၊ ၅ သိန်း တော့ ရတယ်လေ။ ထိုင်းတို့ မလေးရှားတို့ ၃ သိန်း၊ ၅ သိန်းလောက်တော့ရတာပေါ့။ အခု ဒီမှာ အဲဒီဟာနဲ့ အနိမ့်ဆုံးလုပ်ခနှုန်းနဲ့ လာလုပ်ပါဆိုလို့ ဘယ်လိုလုပ် လာလုပ်မှာလဲ။ သူတို့တွေ မလုပ်ဘူး။ အဲဒါကြောင့် ဒီ SEZ က တကယ့်အလုပ်အကိုင် ဆွဲဆောင်ဖို့ဆိုတာ ပြောသလောက် မလွယ်ဘူးလို့ မြင်တယ်။
မေး။ ။ ငါး၊ ကျောက်ပုစွန် အဝယ်ဒိုင်တွေက အအေးခန်းတွေ လုပ်ကြတယ်။ ဒီလုပ်ငန်းတွေ ကနေ ဒေသခံတွေကို အလုပ်အကိုင် မပေးနိုင်တာကရော ဘယ်လို အခက်အခဲတွေ ကြောင့်လဲ။
ဖြေ။ ။ အဓိကကတော့ ဒီမှာ ပြဿနာက အားလုံးက ဘယ်လိုဖြစ်သွားလဲဆိုရင်၊ အမှန်ဆိုရင် ကျနော်တို့ဆီမှာ ရေသယံဇာတက တော်တော်ပေါတယ်။ ပေါပေမယ့် ဈေးကွက်စီးပွားရေး စနစ်လို့ ဒီအစိုးရက ကြေညာတာ ဒါပေမယ့် တကယ်တော့ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆို ကျနော်တို့မှာ ကုန်သွယ်ဖို့က ကုန်သွယ်ဖို့ န်ိုင်ငံရှိတယ်။ ရခိုင်နဲ့ ထိစပ်နေတာက ဒီ အိန္ဒိယ ရှိတယ်။ ဘင်္ဂလားဒေ့ရှ် ရှိတယ်။ အဲဒီကနေ ကုန်သွယ်မှုဆိုရင် ကျနော်တို့ ဈေးကောင်းတွေ ရမှာ။ ဒါပေမယ့် အဲဒီလို မဟုတ်ဘူး။
ကျနော်တို့ ပုဇွန်ကို စင်ကာပူကို ပို့မယ်ဆိုတဲ့ အခါကျတော့ ဗမာပြည်က ပင်မ အဲဒီမှာ ရှိတဲ့ ကုန်သည်ကြီးတွေနဲ့ ကျနော်တို့က ချိတ်ဆက်ရတာ။ နောက်တခါ အဲဒီ ကုန်သည်ကြီးတွေ ကလည်း ကျနော်တို့ဆီမှာ တိုက်ရိုက်လာဝယ်တာမျိုး မရှိဘူး။ သူက စက်ရုံ တည်ဆောက်ထားတာလည်း မရှိဘူး။ လက်ခွဲဒိုင်တွေကတဆင့် ဝယ်တာ။ ကျောက်ဖြူက ဒိုင်တွေက တခါ ထိုင်ထားတယ်။ အဲဒါက လက်ခွဲဒိုင်ကတခါ ဆိပ်ကမ်းပေါ်မှာ ဒိုင်တခါ ချထားပေးတယ်ဆိုတော့ တဆင့်က နှစ်ဆင့်၊ နှစ်ဆင့်က သုံးဆင့်၊ လေးဆင့်လောက် ငွေကြေးကို အကျိုးအမြတ်ကို ယူပြီးခါမှ ဟိုကို ရောက်သွားတဲ့အခါကျတော့ ဒီမှာက တကယ် ထုတ်လုပ်တဲ့သူက ထုတ်မှ မထုတ်လုပ်နိုင်တော့တာ။ ကိုက်မှ မကိုက်တော့တာ။ အဲဒါကြောင့် သူတို့က စက်လှေတွေကို အကုန်လုံးကို ထားခဲ့ပြီး နိုင်ငံခြားကို ထွက်သွားကြတာ။
အဓိကကတော့ သား၊ ငါး၊ ပုဇွန် ရှားပါးတဲ့ ပြဿနာပေါ့။ သူက တနေ့ထွက်လို့မှ တနေ့အတွက် နေ့တွက်မှ မကိုက်တော့တာ။ ဒီမှာ ရှိတဲ့ သား၊ ငါး၊ ပုဇွန် ဖမ်းတဲ့လုပ်ငန်း လုပ်နေကြတဲ့လူတွေက အဲဒါက နိုင်ငံခြားကို မထွက်နိုင်ဘူး။ ဘာဖြစ်လို့ ပြောမလဲဆိုရင် စံချိန်မမှီတဲ့လူတွေပေါ့။ ဥပမာ အသက် ၅၀ ကျော်၊ ၄၀ ကျော်ဆိုရင် နိုင်ငံခြားက မကြိုက်တော့ဘူး။ အဲဒီလို လူတွေက ဒီမှာ တခြားလုပ်စရာ မရှိလို့ လုပ်နေကြတာ။ သန်သန်မာမာ လူငယ်၊ လူရွယ်တွေ အကုန်လုံး သွားမှာပဲ။ ဘာဖြစ်လို့ အဲဒီလို လုပ်နေမှာလဲ။ တနေ့ထွက်မှ ငွေ ၅ ထောင်ပဲ ရမှာလေ။ အဲဒီ ၅ ထောင်ကလည်း နေ့တိုင်းရမှာ မဟုတ်ဘူး။ ရေလုပ်ငန်းဆိုတာ တနှစ်မှာမှ ၃ လ၊ ၄ လ လောက်ပဲ လုပ်ရတယ်။ ၈ လ လောက်က နားရတယ်။ ဒီမှာ အများဆုံး ၄ လပဲ။ ရေလုပ်ငန်း လုပ်နေပြီဆိုရင် တခြား အလုပ် လုပ်လို့မရဘူး။ ဘာလို့လဲဆို အဲဒီစက်လှေကိုပဲ ကြည့်လုပ်နေရတာ။ ဥပမာ – ရေဝင်လာသလား။ အဲဒီဟာပဲ ပတ်သက်ပီး လုပ်နေရတာ။
မေး။ ။ ဒီ ငါးဖမ်းတဲ့အခါ အဓိက ထိုင်းဘက်နဲ့နီးတဲ့အခြမ်းဆို ငါး ခိုးဖမ်းတဲ့လှေတွေရဲ့ ပြဿနာ ရှိတယ်။ ကျောက်ဖြူနဲ့ ရခိုင်ပြည်နယ်ဘက်ဆိုရင်လည်း ရှိကောင်းရှိမယ်ပေါ့နော်။ အဲဒီ ပင်လယ်ပြင် လုံခြုံရေး ကိစ္စနဲ့ ပတ်သက်ပြီး ဆရာတို့ ဒေသခံတွေအနေနဲ့ရော ဘယ်လောက် စိုးရိမ်ကြလဲ။
ဖြေ။ ။ ကျနော်တို့ဘက်က လူတွေက ပင်လယ်နဲ့ နီးစပ်တယ်။ ကျနော်နေတဲ့ ကျနော့်ရဲ့ ဇာတိနယ်မြေက ဇင်ချောင်းဆိုတဲ့အခါကျတော့၊ ဇင်ချောင်းဆိုတာ ပင်လယ်ကမ်းစပ်မှာ ရှိတယ်။ ကျနော်တို့ဇင်ချောင်းက အဓိက ရေလုပ်ငန်းကိုပဲ အဓိက လုပ်တဲ့ ဒေသဖြစ်တယ်။ အဲဒီဇင်ချောင်းက လူတွေရဲ့ ငါးဖမ်းမှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးတာ၊ ငါးပြုန်းတီးတာမျိုး မဟုတ်ဘူး။ နိုင်ငံတကာ ခိုးဆွဲမှပဲ အဲဒီနေရာကို ထိခိုက်မှာ။
ကျနော်တို့လည်း တွေ့ဖူးပါတယ်။ သင်္ဘောကြီးတွေ ညဆိုရင် ဝင်ဆွဲပြီ။ ကျနော် ပြောချင်တာက ဒီ မြန်မာနိုင်ငံရဲ့ ပိုက်နက်ကို ဒီ နိုင်ငံတော် အစိုးရက လုံခြုံအောင် မကာနိုင်ဆိုတဲ့ သဘောမျိုးကို ကျနော်တို့ မြင်တယ်။ ကြားလိုက်ပါတယ်။ ဟိုဘက် ဧရာဝတီတိုင်း အောက်ဘက်မှာ သင်္ဘောပျက်တစီး သောင်တင်လာတယ်ဆိုတာကို မသိလိုက် ဆိုတာမျိုးတွေ။ အဲဒီလို သင်္ဘောကြီးတစီး လာတာတောင် မသိတဲ့ အခြေအနေမျိုး ဒီ ရခိုင်မှာဆို ပိုဆိုးတာပေါ့။ အဲဒီလိုဟာတွေ ကျနော်တို့က တွေ့ဖူးပြီ။ ဥပမာ – မလေးရှားတို့၊ ထိုင်းတို့ ကမ္ဘောဒီးယားတို့ဆိုတာ တော်တော်လေး ငါး ခိုးဖမ်းတဲ့ နိုင်ငံတွေ အဲဒီ သင်္ဘောတွေ ညအချိန် ဝင်ဆွဲနေရင် ကျနော်တို့ ဘာမှ သိမှာ မဟုတ်ဘူး။ အဲဒီလိုမျိုး။ ကျနော်တို့ သား၊ ငါး၊ ပုဇွန်တွေ ပင်လယ်ပြင်မှာ ဆုံးရှုံးတယ်ဆိုတာ ကျနော်တို့ ကြောင့် မဟုတ်ဘူး။ ကျနော်တို့ ဒေသခံတွေကြောင့် ပြုန်းတီးတယ်ဆိုရင် အဲဒီလူတွေ ငါး ဘယ်လောက်ရလို့လဲ။ သူတို့ တရာသီလုံးကို လုပ်မှ ပုဇွန် ပိဿာ ၁ ရာထိအောင် မရဘူး။
မေး။ ။ ဒါဆို ကျမတို့ ဒီ ကုန်းနယ်နိမိတ်တွေကလည်း မလုံခြုံ၊ စစ် တွေဖြစ်နေတယ်။ ဒီ ပင်လယ်ပြင်နယ်နိမိတ်လည်း မလုံခြုံ ဆိုတော့ ဒေသခံတွေက ဘယ်သူ့ အားကိုးရမလဲ။
ဖြေ။ ။ ဒေသခံကတော့ အရှင်းဆုံး ပြောရရင် ကိုယ့်ကိုယ်ကိုယ် အားကိုးပေါ့။ ဗုဒ္ဓ တရားတော်မှာ လိုပေါ့။ မိမိကိုယ်ကိုယ်သာ အားကိုးရာလို့၊ အဲဒီလိုပဲ မှတ်ရမှာပေါ့။ အခုလည်း အဲဒီအတိုင်းပါပဲ။ ကျနော် ခုနက ပြောသလို ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သွားတယ်။ တိုင်တယ် တောတယ်ပြောတယ်။ ဘာမှ မဖြစ်ပါဘူး။
ဒီရွာထဲမှာလည်း ရှိတယ်။ ဓာတ်ငွေ့ပိုက်လိုင်းမှာ ဒီငွေထုပ်ကို လုယူတယ်။ လုယူတဲ့အခါ တရားစွဲတယ်။ တရားရုံးက လက်မခံဘူး။ သူ့ဟာကို ပယ်တယ်။ အဲဒီလို အဖြစ်အပျက်မျိုး ဒီရွာကိုယ်တိုင်မှာ ရှိခဲ့တာ။ ကျနော်တို့ ဒီ ၂၀၁၂-၂၀၁၃ လောက်မှာ ဒီကပိုင်ချောင်းကျေးရွာက ဓာတ်ငွေ့ပိုက်လိုင်းမှာ ပါသွားတဲ့ မြေယာအတွက် လျော်ကြေးငွေ သွားထုတ်တာ ကျောက်ဖြူမှာ။ အဲဒီငွေကြေးကို စက်လှေပေါ်မှာ တက်နေတဲ့ သူတို့ ငွေထုပ်ကို လိုက်လုတဲ့ ပြဿနာမျိုး ဖြစ်ဖူးတယ်။ ဆိုတဲ့အခါကျတော့ အဲဒါကို တရားရုံးမှာသွားပြီး တရားစွဲတယ်။ ကျမတို့ဆီမှာ ဒီငွေထုပ်ကို လာလုပါတယ်လို့ တရားစွဲတယ်။ စွဲပေမယ့် တရားရုံးက လက်မခံဘူးဗျာ။ ဆိုတော့ ဘယ်လိုလုပ်ပြီး သူက ဥပဒေရဲ့ အကာအကွယ် ရတော့မှာလဲဗျာ။ သူက ဘယ်အစိုးရကို အားကိုးလို့ ရတော့မှာလဲ။
စွဲတဲ့လူက ဒီက ဒေသခံက စွဲတာ။ ကျမတို့ ဆီက ငွေကိုလုပါတယ်။ ဘယ်ဌာနကပါ၊ မြေစာရင်းဌာနက ဘယ်သူလုပါတယ်။ ဒါပေမယ့် တရားရုံးက လက်မခံဘူး။ အမှန်က တရားရုံးက လက်မခံလို့ မရဘူးလေ။ တရားရုံးက လက်ကို ခံရမှာ။ လက်ခံပြီးမှ အဲဒီအမှုကို ဆုံးဖြတ်ရမှာ။ တကယ် တက်လုတာ ဟုတ်မဟုတ် ဆိုတာ ဘေးပတ်ဝန်းကျင်က သက်သေ အထောက်အထားတွေကို သူက မေးရမြန်းရ စစ်ရ ဆေးရ လုပ်ရမှာ။ ဒါပေမယ့် အဲဒီလို မဟုတ်ဘူး။ အခုလည်း ရှိပါတယ်။ ဒီ ကပိုင်ချောင်း ရွာထဲမှာ သူတို့တွေ ရှိပါတယ်။
မေး။ ။ ခြုံပြောရင် မြဒေးကျွန်းနဲ့ ကျောက်ဖြူ တဝိုက်မှာ စီမံကိန်းတွေလည်း ထပ်ရှိလာမယ့် အခြေအနေ အစိုးရက ဆွဲထားတာ ရှိတယ်။ ဒီအစီအစဉ်တွေက ခုနက ဆရာ ရှင်းပြသလို ဆိုရင် ဒေသခံတွေအတွက် ဘာမှ သိပ်ပြီးတော့ အကျိုးမရှိနိုင်ဘူး။ ဒါပေမယ့် ဒေသခံတွေ အဆင်ပြေအောင် ဆိုလို့ရှိရင် လုပ်သင့်တဲ့ဟာတွေလည်း ပြောသွားတယ်။ တကယ်တမ်း အကောင်အထည်ဖော်မှု တကယ်ဖြစ်လာအောင် ဆိုရင် ဘယ်လိုတွေ ဆက်လုပ်သင့်လဲ။
ဖြေ။ ။ အမှန်တကယ် SEZ လုပ်မယ်ဆိုရင် မြေယာ ပြဿနာတွေ အကုန်လုံးရှင်း။ အဲဒီ နယ်မြေတွေမှာပါတဲ့ ဒေသခံတွေကို ဘယ်လိုလုပ်မလဲပြော။ နေရာချထားရေး ဘယ်နေရာမှာ ချမှာလဲ။ အဲဒီလို သူတို့တွေနဲ့ ထိပ်တိုက်ဆွေးနွေးရမှာ။ ဆွေးနွေးပြီးတော့ အကုန်လုံး ပြေလည်ပြီဆိုတဲ့ အခါကျမှ ဒီ SEZ ကို ဖော်ဆောင်ရမှာ။ ဖော်ဆောင်ပြီး အဲဒီ SEZ နယ်မြေတွေက ပြောင်းရွှေ့ခံရတဲ့ လူတွေ။ အဲဒီ SEZ နယ်မြေမှာ ပါသွားတဲ့ လူတွေကို အဓိက ဦးစားပေးပြီး သူတို့ကို အလုပ်ခန့်ပေး။ အဲဒီမှာ ပညာတတ်တွေကို ပညာတတ်တွေ နေရာမှာ ထားပေး။ အဲဒီလို သူတို့ ဘဝရဲ့ အာမခံချက် တခုကို ဖြစ်နေရမှာ။
အဲဒီလို မဟုတ်ဘဲ အခုက SEZ လုပ်မယ်ပြောတယ်။ အတိုင်ပင်ခံက ဥပမာ SEZ အတွက် လက်မှတ်ထိုး လိုက်တယ် ပြောတယ်။ ဒါပေမယ့် ကျနော်တို့ စဉ်းစားကြည့်တော့ ပြည်ထောင်စုကပဲ SEZ ကို လက်မှတ်ထိုးနေပြီ။ ဒီက ဒေသခံဖြစ်တဲ့ ရခိုင်တွေက ဘာမှတောင် မသိကြဘူး။ အမှန်ကတော့ မဖြစ်သင့်ဘူးလေ။ ဒေသခံကိုလည်း ပြောသင့်တယ်။ ကျမတို့က ဒီအတိုင်း ဒီအတိုင်း SEZ ကို လုပ်မယ်။ ဒေသခံအတွက်လည်း ဒီလို အကျိုးရှိအောင် ကျမတို့ တာဝန်ယူတယ်။ အဲဒီလိုမျိုး ဖြစ်သင့်တာပေါ့။
မေး။ ။ ကျမတို့ ကျောက်ဖြူမှာတွေ့ခဲ့တယ်။ ရခိုင်တွေ ဒေသကို ပြန်လာနိုင်ဖို့ SEZ ကို အကောင်အထည်ဖော်စို့ ဆိုတဲ့ ဆိုင်းဘုတ် တပ်ထားတာ တွေ့တယ်။ မကြာသေးခင် ကလည်း ပွဲလုပ်ခဲ့တယ်လို့ သိရတယ်။ အဲဒီဟာနဲ့ပတ်သက်ပီးတော့ တကယ်ပေါ့နော် ဖွံ့ဖြိုးရေး စီမံကိန်းတွေ ဘယ်တော့လာမယ်ဆိုတာ သိတော့ မသိသေးပေမယ့် ဒီလို စီမံကိန်းတွေက တကယ့် ရခိုင်နယ်မြေသားတွေကို တခြား သွားပြီး အလုပ်လုပ်နေရာ ကနေ ကိုယ့်အိမ်ကိုယ့်ယာကို ပြန်လာနိုင်ဖို့အတွက် တကယ်ဖြစ်လာနိုင်မလား။
ဖြေ။ ။ အဲဒါက လုံးဝကို ရာခိုင်နှုန်းပြည့် နီးပါးလောက် မဖြစ်နိုင်ဘူးလို့ ပြောနိုင်တယ်။ ဘာဖြစ်လို့လဲဆို ကျနော် ခုနက ပြောသလို SEZ က ဘယ်လို SEZ မျိုးလဲ။ တကယ့် ဥပမာ ကား စက်ရုံကြီးတွေလို ကားကို ထုတ်မယ်ဆိုပါတော့၊ ကျနော်တို့ ဒေသကလူ ဘယ်လိုလုပ် အလုပ်လုပ်လို့ ရမလဲ။ အဲဒီ ကားစက်ရုံမှာ သူတို့လုပ်မှာက အကုန်လုံး စက်နဲ့ လုပ်မှာလေ။ ကျနော်တို့ လုပ်နိုင်တာက General workers ဆိုတာက မူလီလေး ကိုက်တာလောက်ပဲ ရမှာ ကျနော်တို့က။ SEZ က ထိုင်းတို့ မလေးရှားတို့မှာ လုပ်ပြီးပြီ။ အဲဒီ SEZ ရဲ့ အပေါ်မှာ မူတည်ပြီးမှ ကျနော်တို့က အလုပ်ရမှာ။ ဒီလျှပ်စစ်နဲ့ပတ်သက်တဲ့ စက်ပစ္စည်းတွေ ထုတ်မယ့် စက်ရုံမျိုးတော့ ကျနော်တို့ အလုပ်ရမှာ မူလီကိုက်တာမျိုးတို့ ဘာညာ။ အဲဒီလိုမျိုးတွေ။ ဒါပေမယ့် အခု SEZ က ဘာ SEZ မှန်းလဲ မသိဘူး။ SEZ လို့ သူတို့က ပြောနေတာ၊ ဘာကိုလုပ်မှာလဲ မသိတဲ့အခါကျတော့ အဲဒီ နိုင်ငံခြားက ပြန်လာမယ့်လူကို အဲဒီဟာနဲ့ ဆွဲဆောင်လို့၊ အဲဒါက ကျနော်မြင်တာက ဆွဲဆောင်တာပဲ၊ တကယ့် လက်တွေ့မဟုတ်ဘူး။
မေး။ ။ ထပ်ဖြည့်ပြောချင်တာ ရှိသေးလား။
You May Also Like This Story:
စီမံကိန်းကြီးများကြောင့် မြန်မာပြည် ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေ
ကချင်ပြည်နယ် စီးပွားရေးဇုန် ဆောက်ရန် တရုတ်နှင့် စာချုပ်ချုပ်မည်
မြန်မာတွေ ဆောက်တဲ့ လာအိုက တရုတ်ကက်စီနိုသို့ အလည်တခေါက်