ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပုဂ္ဂလိက ရုပ်သံလိုင်းဖြစ်တဲ့ Channel 7 က “မော်ဒယ်အကယ်ဒမီ” အစီအစဉ် ၃ ကို ထုတ်လွှင့်ခဲ့ ရာမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ မော်ဒယ်ပြိုင်ပွဲဝင်တွေအပေါ် ဒိုင်တွေရဲ့ မှတ်ချက်နဲ့ ပြုမူဆောင်ရွက်ချက်တွေက မြန်မာနိုင်ငံ လူထုအကြားမှာ ပြောဆို ဝေဖန်စရာ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။
အဲဒီ အစီအစဉ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြသူတွေနဲ့ အစီအစဉ် စီစဉ်ကြသူတွေ အကြား မည်ကဲ့သို့ သဘောတူညီမှုတွေ ထားရှိတယ် ဆိုတာကို ပရိသတ်အများ မသိရှိသော်လည်း ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ မော်ဒယ်အမျိုးသမီးနဲ့ မော်ဒယ် အမျိုးသား တို့ရဲ့ လူမှုရေးကိစ္စရပ် အပေါ် မှတ်ချက်ပြုမှုတွေဟာ လူ့အခွင့်အရေး၊ သတင်းကျင့်ဝတ် စောင့်ထိန်းမှု စတဲ့ အချက်တွေနဲ့ ကိုက်ညီမှု မရှိဘူး ဆိုပြီး လူထုက ဝေဖန်ခဲ့ကြတာပါ။
ဒီကိစ္စအပေါ်မှာ ပြန်ကြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူများ၏ အမြင်များအပြင် စာနယ်ဇင်း ကျွမ်းကျင်သူ၊ ဥပဒေ ကျွမ်းကျင်သူများနှင့် လူထုတချို့ရဲ့ အမြင်သဘောထားများကို ဧရာဝတီသတင်းဌာန သတင်းထောက် ထက်ခေါင်လင်းက ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
ဦးအောင်လှထွန်း (ဒုဝန်ကြီး၊ ပြန်ကြားရေး ဝန်ကြီးဌာန)
ဒီမေးခွန်းနဲ့ပတ်သက်လို့ ပထမဆုံး ပြောချင်တာက အဲဒီအစီအစဉ်ကို ပြသသွားတဲ့ Channel ဟာ လူအချို့ ထင်သလို နိုင်ငံပိုင် MRTV က တာဝန်ယူ ထုတ်လွှင့်တဲ့ Channel မဟုတ်ဘူး ဆိုတာပါပဲ။
ဘယ်သူပိုင်တဲ့ Channel က ပြသည်ဖြစ်စေ ဒါက မီဒီယာကျင့်ဝတ်ကို ဖောက်ဖျက်ရာ ရောက်တယ်ဆိုတာ မှန်ပါတယ်။ မီဒီယာကျင့်ဝတ် လိုက်နာရာမှာ ပေါ့ဆလို့ ဖြစ်သွားတဲ့ ကိစ္စရပ်တခုလို့ပဲ နားလည်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့တော့ ဘာမှ တိုက်ရိုက် အရေးယူစရာ မရှိပါဘူး။ ဒါပေမယ့် ကျနော် ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ Broadcasting Governing Body ကတဆင့် လိုအပ်သလို သတိပေး ပြောပြမှာပါ။
လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရဟာ ဒီမိုကရေစီ စနစ်အရ ရွေးကောက် တင်မြောက်ထားတဲ့ အစိုးရပါ။ ဒီမိုကရေစီ လူ့ဘောင် ကို ထူထောင်နေတာပါ။ ဒီမိုကရေစီ လူ့ဘောင်တခုမှာ မီဒီယာတွေကို အစိုးရက ထိန်းချုပ် စရာ မလိုအပ်ပါဘူး။ မီဒီယာ တွေအနေနဲ့ ကိုယ်တိုင် အသိတရားနဲ့ ထိန်းကျောင်းတာကို (Media Self-regulation) ဆောင်ရွက်ရပါတယ်။ ကိုယ့်အချင်း ချင်းလည်း အပြန်အလှန် ထိန်းကျောင်းဖို့ အရေးကြီးပါတယ်။
မီဒီယာက မီဒီယာအလုပ်ကို လုပ်ရပါတယ်။ အကျယ်တဝင့် မရှင်းပြလိုတော့ပါဘူး။ အဲဒီလို မီဒီယာအလုပ်ကို လုပ်တဲ့ အခါမှာ ပြည်သူတွေနဲ့ရော၊ ကျန်တဲ့မဏ္ဍိုင် ၃ ခုနဲ့ရော၊ မီဒီယာ အချင်းချင်းကြားမှာပါ ပွတ်တိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ရှိလာနေတာတွေကိုလည်း တွေ့နေရပါတယ်။ မီဒီယာရှိတဲ့ နိုင်ငံတိုင်းမှာ တွေ့နေရတဲ့ ကိစ္စတခုပါ။
အဲဒီလို ပွတ်တိုက်မှုတွေကို ပြေလည်အောင် ဖြေရှင်းပေးဖို့အတွက် မီဒီယာကောင်စီတွေ ဖွဲ့စည်းထား ရှိရပါတယ်။ ဒီနိုင်ငံမှာ လွတ်လပ်တဲ့ သတင်းမီဒီယာကောင်စီကို ၂ဝ၁၅ ခုနှစ်က ထူထောင်ထားခဲ့ပြီး သတင်းမီဒီယာတွေ လိုက်နာရမယ့် ကျင့်ဝတ် စည်းကမ်းတွေကိုလည်း နိုင်ငံတကာစံတွေနဲ့အညီ စနစ်တကျ ရေးဆွဲ ပြဌာန်းထားခဲ့ပြီး ဖြစ်ပါတယ်။
အဲဒါကြောင့် သတင်းမီဒီယာတွေရဲ့ ရေးသားထုတ်လွှင့်မှုတွေနဲ့ ပတ်သက်လို့ မကျေနပ်တာတွေ ရှိရင် သတင်းမီဒီယာ ကောင်စီကို တိုင်ကြားဆောင်ရွက်တာ အကောင်းဆုံး ဖြစ်ပါတယ်။
ရုပ်/သံ မီဒီယာတွေနဲ့ ပတ်သက်လို့ “ရုပ်မြင်သံကြားနှင့်အသံ ထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ” (Myanmar Broadcasting Law) ကို ၂ဝ၁၅ ကတည်းကပင် ပြဌာန်းထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီဂျစ်တယ် နည်းပညာက လျင်မြန်စွာ တိုးတက်လာခဲ့လို့ ပင်မဥပဒေ ပြင်ဆင်ခဲ့ရတာတွေ ရှိပါသေးတယ်။ အဲဒီဥပဒေနဲ့ ဆက်စပ်တဲ့ နည်းဥပဒေကိုလည်း ရေးဆွဲပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို တင်ပြထားပြီး ဖြစ်ပါတယ်။
နည်းဥပဒေကို အတည်ပြုနိုင်တဲ့အခါမှာ “ရုပ်မြင်သံကြားနှင့်အသံ ထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ” အာဏာတည်လာပြီး၊ ဒီဥပဒေအရ ရုပ်/သံ လုပ်ငန်းတွေကို ကြီးကြပ်ဆောင်ရွက်မယ့် လွတ်လပ်တဲ့ ရုပ်/သံကောင်စီ (Broadcasting Council) ပေါ်ထွန်းလာမှာဖြစ်ပါတယ်။
အားလုံးသိတဲ့အတိုင်း နိုင်ငံမှာ ဒီမိုကရေစီ နဲ့ သတင်းမီဒီယာလွတ်လပ်မှု တို့ဟာ သက်တမ်း တော်တော် နုနယ် ပါသေးတယ်။ ဒီမိုကရေစီ အသွင်ကူပြောင်းရေးမှာ ကြုံတွေ့လာရတဲ့ စိန်ခေါ်မှုတွေကလည်း မထင်မှတ် လောက်အောင် ကြီးမားလွန်းပါတယ်။ နိုင်ငံအတွက် မီဒီယာတွေရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကို ကျနော်တို့ အပြည့်အဝ အသိအမှတ်ပြု တန်ဖိုးထားပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ချောမွေ့ အဆင်ပြေအောင် မီဒီယာအားလုံးက ဝိုင်းဝန်း ထိန်း ကျောင်း လက်တွဲကူညီ ဆောင်ရွက်သွားကြပါလို့ မေတ္တာ ရပ်ခံ တိုက်တွန်းလိုပါတယ်။
ဒေါ်ခိုင်ခိုင်လဲ့ (ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ မွန်ပြည်နယ်၊ သထုံမဲဆန္ဒနယ်)
ကျမတို့ ဒီနေရာမှာ Reality Show လို့ပြောထားတယ်။ ဒါက နိုင်ငံတကာမှာလည်း ရှိခဲ့ပါတယ်။ ဒီထက်ဆိုးတဲ့ အခြေအနေ တွေလည်း ရှိတယ်လို့ ပြောတယ်ပေါ့။ ဒါပေမယ့် ကျမတို့ နိုင်ငံမှာကြတော့ ယဉ်ကျေးမှု ဆိုတာရှိတယ်။ စံဆိုတာ ရှိတယ်။ အဲဒီခေါင်းစဉ်အောက်ကနေ ဆွဲထုတ်ဖို့ ဆိုတာတော့ တော်တော်ခက်လိမ့်မယ် ထင်တယ်။
နောက်တချက်က ဒီအကြောင်းအရာက သူတို့ရဲ့ ပုဂ္ဂိုလ်ရေး အကြောင်းအရာလို့ ပြောလို့ရတယ်။ ဒီဟာကို လူအများကြား ချပြဖို့ဆိုတာ တော်တော်လက်ခံ ယုံကြည်ဖို့ ခဲယဉ်းပါတယ်။ အဲဒီအတွက် ၂ ဖက်စလုံးမှာ ထိခိုက်နစ်နာမှုတွေ ရှိလာတယ်။ ကျမအထင် မြန်မာ့လူထု ၇၀ ရာခိုင်နှုန်းကျော်လောက်က လက်မခံပဲ တော်တော် ဂယက်ရိုက်ပြီး စိတ်အနှောက်အယှက် ဖြစ်မယ်လို့ထင်တယ်။
ကျမတယောက်ထဲ အမြင်မှာကိုက ဒါဟာ တိုက်ရိုက်ထုတ်လွှင့်ပြသတာ မဟုတ်ဘူး။ ဒီဟာကို တည်းဖြတ်ပြီးမှ ထုတ်လွှင့် သင့်တယ် ထင်တယ်။ ဘာလို့ဆိုတော့ ကလေးတွေရဲ့ အနာဂတ်တွေ ရှိနေတယ်။ လူငယ်ဆိုတာ မှားတတ်ကြတယ်။ ဒါပေမယ့် ဒီလိုလုပ်လိုက်တာမှာ ဒီကလေးတွေမှာ ဆက်ပြီး ရှင်သန်ဖို့နဲ့ ရင်ဆိုင်ဖို့ အများကြီး ခဲယဉ်းလိမ့်မယ်လို့ ထင်တယ်။
ကျမညီမလေးပဲ ဖြစ်ဖြစ်၊ ကျမမောင်လေးပဲ ဖြစ်ဖြစ်ဆိုတဲ့ စဉ်းစားကြည့်လိုက်တာမှာ ၂ ဖက်လုံးမှာကို ထိခိုက်နေတယ်။ ယောကျ်ားလေး အနေနဲ့ဆိုလည်း သူ့ပတ်ဝန်းကျင်မှာ သူ့လုပ်ရပ် မှားတဲ့ဟာ၊ တာဝန်မယူဘူး၊ အပြစ် ဝန်မခံဘူးဆိုတဲ့ ဟာတွေနဲ့။ သူလည်း သူ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု တော်တော်ဖြစ်သွားမယ်လို့ ထင်တယ်။
မိန်းကလေးဘက်မှာလည်း သူ့ဘဝမှာ ဒါဟာ ဒဏ်ရာတခုတော့ ရသွားစေတယ်။ ဘယ်လောက် စိတ်ဓာတ်ကြံ့ခိုင်တယ် ဆိုဆို ထိခိုက်မှုတော့ ရှိမှာပဲ။ ဒီလိုဖြစ်သွားတာ ကျမတို့ယဉ်ကျေးမှု စံတွေအရ လက်ခံဖို့ ခက်ခဲသွားစေတယ်။
နောက်ပြီး အဲဒီလို လူငယ်လေးတွေရဲ့ မိသားစုတွေ အနေနဲ့ဆိုလည်း တခုပဲပြောချင်တာက ကိုယ့်မိသားစုဝင်တွေဆို ဘယ်လိုနေမလဲ။ အများကြီးမှ တကယ့်အများကြီး။ ဒီလိုအဖြစ်အပျက်မျိုးကို ကိုယ့်မိသားစုဝင်တွေဆိုရင် ပတ်ဝန်းကျင်မှာ ဘယ်လိုမျက်နှာနဲ့ ရှေ့ဆက်သွားမလဲ။ ကိုယ့်မိသားစုဝင်တွေဆို ဒီလို ရပ်သိရွာသိဖြစ်အောင် လုပ်မလား၊ တိုးတိုး တိတ် တိတ် ဖြေရှင်းမလား၊ စဉ်းစားလို့ရပါတယ်။ ဒီကလေးမနဲ့ ကောင်လေးတွေက အရမ်းငယ်သေးတယ်။ သူတို့လျှောက်ရမယ့် လမ်းက အများကြီးရှိသေးတယ်။
ဦးကျော်ဇင်လတ် (ဥပဒေအကြံပေး)
ကျနော့်အမြင်က ဒီပြိုင်ပွဲ ပြိုင်တဲ့ လုပ်ရပ်တွေ၊ ပြိုင်နေစဉ်ကာလ လုပ်ရပ်တွေကို ဒိုင်တွေအနေနဲ့ ဝေဖန် သုံးသပ်ခွင့်တော့ ရတယ်လို့ ယူဆတယ်။ အဲဒီထိ လက်ခံလို့ရတယ်။ ဒါပေမယ့် ပြိုင်ပွဲမှာ မဟုတ်ဘဲနဲ့ ပြင်ပကာလမှာ ဖြစ်ခဲ့တာတွေကို ဒိုင်တွေက ပြောဆိုခဲ့တာက ကြည့်သူတယောက် အနေနဲ့ရော ပြည်သူတယောက် အနေနဲ့ရော လူငယ်တယောက် အနေနဲ့ရော ခံစားလို့ မရဘူးဗျ။
အခုလို မိန်းကလေး၊ လူငယ်တွေကို လူပုံအလယ်မှာ အရှက်ခွဲတာ ကိုယ်သာ အဲဒီလို ခံရမယ်ဆိုတဲ့ ခံစားမှု ဖြစ်ခဲ့လို့ပဲ။ ဒါကို ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကြပ်မတ်သင့်တယ်။
ဒီလို TV လိုင်းတွေက ပြည်သူတွေကြားမှာ ကောင်းမွန်တဲ့ အကျင့်စရိုက်တွေ၊ အသိတရားတွေကို ထင်ဟပ်စေတဲ့ ထုတ် လွှင့်မှုမျိုးကို ပိုဖြစ်စေချင်တာ။ လူကြီးလူငယ်ကလေး အကုန်ကြည့်နေကြတာ။ အဲဒါတွေကနေ အတုယူ မှားသွားမယ်ဆိုရင် ကျနော်တို့ လူ့အဖွဲ့အစည်းအတွက် စိုးရိမ်စရာ ကောင်းသွားမယ်။ အဲဒီအစီအစဉ်မှာ ပါခဲ့တဲ့ မိန်းကလေး အတိုင်းသာ ကျနော်သာ မိန်းကလေးဖြစ်ပြီး အပြောခံရမယ်ဆို ကိုယ့်ကိုကိုယ် သတ်သေမလားလို့တောင် ထင်မိတယ်။
တနိုင်ငံလုံး ကြည့်နေတဲ့ဟာမှာ အရမ်းရှက်ဖို့ကောင်းတယ်။ မိသားစုလည်း သိသွားပြီ၊ အကုန်လုံး သိသွားပြီဆိုတော့ တကယ်လို့ စိတ်ဓာတ်အားနည်းတဲ့ သူဆိုရင် သတ်သေလောက်တယ်။ လူငယ်တွေက မျှော်လင့်ချက် တခုနဲ့လာပြိုင်တယ်။ အဲဒီဟာကို ရိုက်ချိုးခံလိုက် ရတဲ့အတွက် သူတို့ ရှေ့ဆက်ဘဝက သွားပြီ။ ဒီဖြစ်ရပ်ကို အကောင်း မြင်တဲ့သူ ရှိသလို မမြင်တဲ့သူနဲ့သာ တွေ့ခဲ့ရင် ဒီဟာကြီးကို ကိုယ့်ကို အရိပ်မဲ အနေနဲ့ ပေးနေတော့မယ်။
အဓိက ပြောချင်တာက အခြေခံ လူ့အခွင့်အရေးပဲ။ လူသားတယောက်ရဲ့ ဂုဏ်သိက္ခာကို လေးစားပေးရမယ်။ မှု့ခင်းဖြစ်ရပ် တွေမှာတောင် ဘယ်လောက်ပဲ ပြစ်မှုကြီးနေပါစေ၊ ဖော်ပြခံရမယ့်သူရဲ့ မျက်လုံးကို စည်းထားပေးရမယ်။ ဒါ အခြေခံ လူ့အခွင့်အရေးကို နားလည်လို့ပဲ။
ဒေါ်ဇင်မာအောင် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ရန်ကင်းမဲဆန္ဒနယ်၊ ရန်ကုန်)
လူမှုကွန်ရက်တွေပေါ်ကို ပျံ့နှံ့ခဲ့တဲ့ ဟာတွေကို ကြည့်လိုက်ရင် ပရိုပီသစွာ လုပ်တာထက်စာရင် ပုဂ္ဂိုလ်ရေးအရ ဖိအား ပေးတဲ့ သဘောမျိုးတွေ ပါတယ်။ ဒီကိစ္စက ကိုယ်ကျင့်တရားလို့ ပြောတဲ့နေရာမှာ တဦးတည်း ဆိုင်တဲ့ဟာ မဟုတ်ဘဲ ယောကျ်ားလေး၊ မိန်းကလေးနဲ့ ဆိုင်တဲ့ဟာမျိုးမှာ တဖက်အမျိုးသမီးလေးက ဘာမှပြောခွင့် မရှိဘူး။ ဖိအားပေးတာက တယောက်ဆိုပေမယ့် တယောက်ထဲကို ဖိအား ရောက်နေတာ မဟုတ်ဘူး။
သူတို့ ချစ်ကြိုက်ခဲ့ချင်လည်း ကြိုက်ခဲ့မယ်၊ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကို ဒီအစီအစဉ်အနေနဲ့ တခြားနည်းနဲ့ အမှတ်ပေး မယ်ဆိုလည်း တရားဝင်နည်းတွေနဲ့ အမှတ်ပေးလို့ရတဲ့ဟာတွေ ရှိမှာပဲ။
ဒီကိစ္စက လမ်းပေါ် အမှိုက်ပစ်တဲ့၊ ကွမ်းတံတွေး ထွေးတဲ့ကိစ္စမျိုး မဟုတ်ဘူး။ ဒီဟာက မဆိုင်တဲ့၊ မချိုးဖောက်တဲ့ မိန်းကလေးအပေါ်မှာပါ ဖိအားပေး၊ အရှက်ခွဲသလို ဖြစ်နေတယ်။ ဒါက စင်ပေါ်မှာ ၂ ယောက်လုံးကိုတင်ပြီး အများပြည်သူပါ သိအောင် လွှင့်နေတဲ့ အနေအထားလေ။
နောက်တခုက CCTV ဖွင့်ပြလိုက်ရမလား ဆိုတာက ဒိုင်တယောက်အနေနဲ့ ဆုံးမနေတဲ့ အနေအထားထက် အကျပ်ကိုင်တဲ့ သဘောမျိုး ပိုသက်ရောက်သွားတယ်။
နောက်တဖက်မှာ ဥပဒေကြောင်းအရ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်အထိ တွေးမယ်ဆို တွေးလို့ရသွားတယ်။ ယောကျ်ား လေး၊ မိန်းကလေး အတူတူထားတဲ့ အဆောက်အဦမို့ လုံခြုံရေးအရရော၊ လူမှုရေးအရရော CCTV ထားတယ်ဆိုတာ ဟုတ်ပါတယ်။ အဲဒါကို အများပြည်သူ အရှေ့မှာ ထုတ်လွှင့် ပြ၊ မပြကတော့ ကျင့်ဝတ်ဆိုင်ရာ ပြဿနာ ဖြစ်လာတယ်။
အထူးသဖြင့် မိန်းကလေးက တော်တော်လေး နစ်နာပါတယ်။ စင်ပေါ်မှာ အပြစ်တင်နေတာက တယောက် ဆိုပေမယ့် ခံစားနေရတာက မိန်းကလေး ဖြစ်နေတယ်။ ဒီလိုပရိုဂရမ်တွေကို လုပ်တယ်ဆိုတာ လူငယ်တွေကို ရွေးချယ်စရာတွေ ဖြစ်လာအောင်၊ သူတို့ ဝါသနာပါတဲ့ဟာကို မြေတောင်မြှောက်ပေးဖို့၊ သက်ဆိုင်ရာ ကျင့်ဝတ်တွေပါ သင်ကြားပေးဖို့ပါ။
ဒါပေမယ့် ဒီဟာမှာတော့ စီစဉ်တဲ့ မီဒီယာကိုယ်တိုင်က လူ့အခွင့်အရေးဆိုင်ရာ ကျင့်ဝတ်ကို ချိုးဖောက်တဲ့ သဘောမျိုးအထိ ရောက်သွားတယ်။ လူတွေတော့ စိတ်ဝင်စားသွားပေမယ့် ကောင်းမွန်တဲ့ စိတ်ဝင်စားမှုမျိုး မဟုတ်ဘူး။ အများပြည်သူကို ကိုယ့်စည်းမျဉ်းတွေနဲ့ သွားတယ်ဆိုတာမှာလည်း တဦးချင်းဆီရဲ့ ဂုဏ်သိက္ခာကို ထည့်စဉ်းစားဖို့လိုတယ်။ မဟုတ်တာကို ဟုတ်ပါတယ်လို့ လုပ်ခိုင်းနေတာ မဟုတ်ဘူး။
တခါတခါ လူ့အဖွဲ့အစည်း အချင်းချင်း ပြန်ထိန်းကျောင်းရတာရှိသလို မီဒီယာမှာလည်း ကျင့်ဝတ်နားလည်တဲ့ မီဒီယာတွေ ကနေ အဲဒီလိုတွေ ဖြစ်လာတာကို ပြန်ထိန်းကျောင်းဖို့လိုတယ်။ နောက်ပြီး ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ လည်း ကိုယ့်လုပ်ပိုင်ခွင့်ဘောင်ထဲကနေ ဒါမျိုးတွေ များလာရင် မကောင်းဘူးဆိုတာကို စောင့်ကြည့်ပြီး ဟန်ချက်ညီဖို့ကို ထိန်းကျောင်းပေးဖို့ တာဝန်ရှိပါတယ်။
ကျမတို့ လွှတ်တော်ကဏ္ဍမှာက ဝန်ကြီးဌာနအပေါ် ကိုယ့်လုပ်ပိုင်ခွင့်ဘောင်ထဲကနေ တိုက်တွန်းတာမျိုး၊ မေးခွန်း မေးတာ မျိုးနဲ့ ထိန်းကျောင်းရတာပေါ့။ လူ့အဖွဲ့အစည်းကိုတော့ ကျမတို့က တိုက်ရိုက် ထိန်းကျောင်းလို့တော့ မရဘူးလေ။
ဦးဇေယျာလှိုင် (မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင်)
အဲဒီအစီစဉ်မှာ ပြုလုပ်လိုက်တဲ့ဟာတွေဟာ စာနယ်ဇင်းကျင့်ဝတ်တွေနဲ့ လုံးဝကို ကိုက်ညီမှု မရှိဘူး။ ဒီလိုဟာက လုပ်ကို မလုပ်သင့်တဲ့ အရာပဲဗျ။ ဒီလိုဟာမျိုးက ရုပ်သံဥပဒေမှာကို တားမြစ်ချက် အနေနဲ့ ပါသင့်တယ်။ ဒီကျနော်တို့ သတင်း မီဒီယာ ဥပဒေမှာက သတင်းထုတ်ကုန်တွေဘက်ကို အသားပေးထားတဲ့ ဥပဒေမျိုး။ အဲဒီလိုမျိုး ဂုဏ်သိက္ခာ ပိုင်းဆိုင်ရာတွေ ထိခိုက်လာခဲ့လို့ရှိရင် ဘယ်လိုမျိုး လုပ်မလဲ ဆိုတာကို တိကျသေချာအောင် ရေးထားသင့်တယ်။
မည်သည့် မီဒီယာထုတ်ကုန်မဆို ကျင့်ဝတ်ကို လိုက်နာမယ်။ ကိုယ့်ထဲမှာ ပါဝင် ပတ်သက်နေတဲ့ ဇာတ်ကောင်တွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လို့ မရဘူး။ ဥပမာဗျာ။ မုဒိန်းကျင့်ခံရသူတွေဆို ကျနော်တို့ မျက်နှာကို မဖော်ပြကြဘူး။ သူ့ကို ဘယ်သူဆိုတာ သိအောင် မလုပ်ကြဘူး။ လူမှုရေးရာကိစ္စမျိုး ဖုံးကွယ်ထားရမယ့်ဟာကို အခုချိန်မှာ ဒီအစီအစဉ်ထဲက လူ ၂ ယောက်ကို လူရှေ့သူရှေ့မှာ ဖော်ထုတ်တာကြီးက မဖြစ်သင့်တဲ့ကိစ္စပဲလေ။
နောက်တခုက သူတို့က မော်ဒယ်အကယ်ဒမီဆိုပြီး တကယ့်မော်ဒယ်နဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို ဖော်ထုတ်မယ် ဆိုပေမယ့် တကယ်တမ်းလုပ်ရပ်က ဖော်ထုတ်တာ မဟုတ်ပဲ သူ့ပရိုဂရမ် လူကြိုက်များရင်ပြီးရောဆိုပြီး ချနင်းသတ်တဲ့ ကျနော်တို့ သတင်းစာစကားနဲ့ဆို အဝါရောင် ဂျာနယ်လစ်ဇင်မျိုး လုပ်သလိုဖြစ်နေတယ်။
အဲဒါက အဲဒီပရိုဂရမ်တခုထဲ မဟုတ်ဘူး။ အခု အများစုသွားနေတဲ့ ပရိုဂရမ် အများစုဟာ လူထုအတွက် အရေးကြီးတဲ့ သတင်းအချက်အလက်ကို ပေးတဲ့ဟာထက် ငွေရရင်ပြီးရော ဘာမဆိုလုပ်မယ် ဆိုတာတွေက များနေတယ်။
တယ်လီကွန်း ကုမ္ပ္ပဏီတွေနဲ့ လက်ဝါးချင်းရိုက်ပြီး ဖုန်းကနေ SMS Vote မက်ဆေ့ချ် ပို့ပေးရမယ် ဆိုတာမျိုးတွေပေါ့။ ဒါပေမယ့် သူတို့ပေးလိုက်တဲ့ Vote ဘယ်လောက်ရသလဲဆိုတဲ့ ရလဒ်ကို ပေးလိုက်ရသူက ပြန်မသိရဘူး။ ဒါ လိမ်လည် လှည့်ဖျားမှုလို့ပဲ ကျနော်ကတော့ မြင်တယ်။
အဲဒါမျိုးတွေကို တာဝန်ရှိသူတွေက ထိန်းကျောင်းပေးဖို့တော့ လိုတယ်။ ဒီပရိုဂရမ်တွေကို ပိတ်ပင်တားမြစ်တာ ကျနော်တို့ မလိုလားဘူး။ ဒါပေမယ့် ကျင့်ဝတ်စည်းကမ်းနဲ့ ညီပြီးတော့ လူထုအတွက် အကျိုးရှိမယ့် မီဒီယာပလက်ဖောင်းတွေ ဖြစ်လာ ဖို့ ထိန်းကျောင်းဖို့တော့ တာဝန်ရှိတယ်။
ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတော့ သူ့ကို အဲဒီလို လုပ်ပိုင်ခွင့်တွေကို ချပေးတာ ဘယ်သူလဲ ဆိုတာပဲ။ ဥပဒေ နည်းလမ်း စည်းကမ်းကို ပြည့်စုံအောင် ချထားပြီးတော့ အဲဒီ ချထားတဲ့အတိုင်း လုပ်နိုင်ဖို့ပဲ။ လွတ်လပ်စွာ ဖန်တီးဖို့၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုဖို့နဲ့ လွတ်လပ်စွာ သတင်းအချက်အလက် ရယူဖို့ စတဲ့ဟာတွေကို မထိပါးပဲနဲ့ အားလုံးကို ကျင့်ဝတ်နဲ့ အညီ သတင်းဇာတ်ကောင်တွေရဲ့ လူသားဆန်တဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးနိုင်မယ့် ဥပဒေမျိုး လုပ်ဖို့တော့ လိုတယ်။ အဲဒီ ဥပဒေနဲ့အညီ စိစစ် ကြပ်မတ်ဖို့လိုတယ်။
နိုင်ငံတကာမှာဆိုရင် အဲဒီလို ရုပ်သံလွှင့်ဌာနတွေကို ကြီးကြပ်တဲ့ ကောင်စီတွေ ရှိတယ်။ ကျနော်တို့ လက်ရှိ သတင်းမီဒီယာ ကောင်စီကြတော့ သတင်းကဏ္ဍတွေကို ကိုင်တယ်။ မည်သည့်မီဒီယာကနေ တက်သွားတဲ့ သတင်းတွေကို သတင်းမီဒီယာ ကောင်စီက ကိုင်တွယ်တယ်ဆိုတာ သဘာဝကျပါတယ်။ အခြားကဏ္ဍတွေမျိုးဆို သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ ကိုင်တွယ်တာ ပိုကောင်းပါတယ်။
မီဒီယာဆိုတာ လူထုအတွက် ဆက်သွယ်ရေးကဏ္ဍမှာ ထားတဲ့အဆင့်လို့ ယူဆတဲ့အခါ အဲဒီမီဒီယာတွေရဲ့ အရည်အသွေး ကျဆင်းလာတာက လူထုရဲ့အတွေးအခေါ် အမျှော်အမြင်တွေပါ ကျဆင်းစေတယ်လို့ ထင်တယ်။
ဥပမာ ကိုယ့်မီဒီယာ ကြီးထွားစေပေမယ့် လူထုအတွက် ဘာမှအကျိုးမရှိတဲ့ အဝါရောင်ဂျာနယ်လစ်ဇင်တွေနဲ့ လိင်ပိုင်း ဆိုင်ရာကိစ္စတွေပဲ လိုက်လံ ဖော်ထုတ်ရေးသားနေမယ်၊ အကြောင်းခြင်းရာကို မဟုတ်ဘဲ ပုဂ္ဂိုလ်ပိုင်းတွေကိုပဲ လိုက်လံဖော် ထုတ်နေတဲ့ ဟာမျိုးတွေ၊ နောက် အပြင်မှာမဖြစ်နိုင်ဘဲ ညစ်ညစ်ပတ်ပတ်နဲ့ လူထု အတုယူ လွဲနိုင်တဲ့ဟာမျိုးတွေနဲ့ ဖျော်ဖြေရေး ကဏ္ဍဆိုပြီး လုပ်နေတာကလည်း လူထုကို ဘေးအန္တရာယ် ရောက်စေပါတယ်။
မီဒီယာ တလွဲလုပ်ခဲ့ရင် ကျနော်တို့ လူ့အဖွဲ့အစည်းအတွက် အန္တရယ်ရှိပါတယ်။ အဲဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ ထိန်းကျောင်းမှု လုပ်သင့်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အဲဒီလို ပရိုဂရမ်မျိုးတွေမှာ လူ့အခွင့်အရေးနဲ့ မညီတာ၊ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေတာမျိုးတွေဆိုရင် သတိပေးတာ၊ တားမြစ်တာ၊ ဆက်လက်မဖော်ပြစေတာမျိုးတွေ လုပ်သင့်တယ်။
ဒေါ်ရွှေစင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမျိုးသမီးကော်မတီဥက္ကဌ)
အခု ထုတ်လွှင့်ခဲ့တာမှာတော့ သူတို့ရဲ့ နဂိုရှိရင်းစွဲ စည်းမျဉ်းတွေ ကျမတို့မသိဘူး။ ဘယ်လိုချထားသလဲက သူတို့ပဲသိမှာပါ။ ကျမတို့ ပြည်သူတွေလည်း သိမှာမဟုတ်ပါဘူး။
ဒါပေမယ့် အခု ထုတ်လွှင့်လိုက်တဲ့ဟာ ပေါ်မှာတော့ ကျမတို့ အများပြည်သူအနေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အနေနဲ့ ကြည့်လိုက်မယ်ဆို ဒီဟာက သူတို့အတွင်းမှာပဲ ဖြစ်ရမယ့်ကိစ္စ။ လူသိရှင်ကြား ထုတ်လွှင့်ရမယ့် ကိစ္စမဟုတ်ဘူး။ ကလေးမလေးဘက်ကပဲ ဖြစ်ဖြစ်၊ ကောင်လေးဘက်ကပဲ ဖြစ်ဖြစ် ဘယ်လူလွန်တယ်လို့ပဲ ပြောပြော၊ သူတို့ ၂ ယောက်လုံးက ကလေးအရွယ်တွေ မဟုတ်တော့ဘူး။ အဲဒီကိစ္စက သူတို့ ၂ ဦးရဲ့ ကဏ္ဍပဲ။
ကောင်မလေး ကျေနပ်လို့ လက်ခံတာ ကောင်မလေးအပိုင်း၊ ကောင်လေးအပိုင်းကလည်း သပ်သပ်၊ ဒါပေမယ့် ကြည့်နေ ကြတဲ့ ပရိသတ်တွေရော၊ သူတို့ဘေးနားမှာ မတ်တပ်ရပ်ပေးနေရတဲ့ သူတွေရော သူတို့ကြောင့်နဲ့ အရှက်တွေ ကွဲကုန် တယ်။ ဘာမှမဆိုင်၊ အပြစ်မကျူးလွန်ပဲ စင်ပေါ် မတ်တပ်ရပ်နေရတဲ့ ဘဝ ရောက်ကုန်တယ်။
နောက်ပြီး လူတိုင်းမှာ လူ့အခွင့်အရေးဆိုတာ ရှိတယ်။ စင်ပေါ်မှာ ဒိုင်တယောက်ကလည်း ကလေးတွေဘက်က ရပ်တည် ပေးတယ်လို့ ဆိုဆို၊ နောက်တယောက်က သက်သေ အထောက်အထား ရှိနေတာ တရားခံစစ်သလို အပိုင် ပြောနေတာ ဆိုပေမယ့် သူတို့(ဒိုင်) တွေပြောနေတာက ဘဝတွေကို ပြောနေတာ။
ဒီကလေးတွေ မှားလားဆို ကျမအနေနဲ့ မမှားဘူး မြင်တယ်။ လေကာမှာ ကိုယ်မှန်တိုင်း သူများမှားနေတာ မဟုတ်ဘူး။ အဲဒီအတွက် ကလေး ၂ ယောက်ကို သူခိုးဖမ်းသလို ဖမ်းစရာ ဘာအကြောင်းမှမရှိဘူး။ သူတို့က အများကြည့်နေတဲ့ ပရိုဂရမ်တခုကို ရိုက်ပြနေတာ။ ကလေး ၂ ယောက် ကြိုက်ချင်ကြိုက်၊ မကြိုက်ချင်မကြိုက်က သူတို့ရဲ့ ကဏ္ဍပဲ။
ဒိုင်တွေအနေနဲ့ ပြောချင်ရင် စည်းမျဉ်းစည်းကမ်းအရသာ ပြောသင့်တာ။ အခုက ကောင်လေးရော၊ ကောင်မလေးကိုရော အရှက်ခွဲတဲ့ပုံစံကို ပြောနေတာ။ အိမ်မှာကြည့်နေကြမယ့် ကလးတွေရဲ့ အဖေ၊ အမေတွေရဲ့ နေရာကနေ ကိုယ်ချင်း စာကြည့် ပါ။
သူတို့သားသမီးလေး မော်ဒယ်ပြိုင်တာ သူတို့စောင့်ကြည့်နေမှာပဲ။ အခုလို လူသိရှင်ကြားကြီး အရှက်ခွဲ နေတာကို ကြည့်နေရမှာလား။ ကလေးတွေတင် မကဘူး။ ကလေးတွေရဲ့ မိသားစုတွေရဲ့ဘဝတွေကိုပါ သတ်လိုက်သလို လို့ ကျမထင်တယ်။
ကျမတို့တွေ ကြည့်တယ်ဆိုတာ ဒီလိုမော်ဒယ်ကို ဘယ်လိုစနစ်တွေနဲ့ ရွေးတာလဲ၊ မော်ဒယ်တယောက်ဖြစ်ဖို့ ဘယ်လို အရည်အသွေးတွေ ရှိရမလဲဆိုတာ သိချင်တာ။ သူတို့ရွေးလိုက်သူက တကယ်ပဲ ထိုက်တန်သလား။ ဒါတွေကို သိချင်တာ။
Myanmar Idol အစီအစဉ်မှာတောင် Vote ပေးတဲ့စနစ်နဲ့ မဲများများရသူက အနိုင်ရနေတဲ့စနစ်က ပြည်သူလက်မခံနိုင်ဘူး ဆိုတာတောင် ပြောဆိုခဲ့ကြသေးတာပဲ။ ကျမတို့တွေဟာ ချန်နယ်တိုင်းကိုတော့ မကြည့်ဖြစ်ပါဘူး။ ကိုယ်စိတ်ဝင်စားတဲ့ ချယ်နယ်၊ သတင်းအမှန်ကို တင်ဆက်နေတဲ့ ချန်နယ်ဆို ကြည့်ဖြစ်တယ်။
တခါတလေ ကိုယ်က လက်ခံထားတဲ့ သတင်းဌာနကနေ တင်လိုက်တဲ့ဟာက အမှားဖြစ်နေတဲ့အပြင် ကျမတို့ကပါ ထပ်ဖြန့်သလို ဖြစ်စေခဲ့တော့ ကိုယ့်ပါ ပြန်ထိခိုက်တာတွေ ဖြစ်ခဲ့သေးတာပဲ။
သတင်းဌာနအနေနဲ့ ကြည့်သူ၊ ကြိုက်သူများရေး၊ ကြော်ငြာရရှိရေး တခုထဲ ကြည့်ပြီး လုပ်နေတာမျိုးကို ကျမတို့ မကြိုက်ဘူး။ အားလည်းမပေးဘူး။ သတင်းကျင့်ဝတ်နဲ့အညီပဲ ဖြစ်စေချင်တယ်။ သူတို့ကိုယ်တိုင်ကလည်း သူတို့သတင်းဌာန ဟီးရိုးဖြစ်ဖို့၊ လူသိများဖို့တခုထဲ မကြည့်ဘဲ ကြည့်နေတဲ့ ပြည်သူကို လေးစားတဲ့အနေနဲ့ လုပ်သင့်တယ်။ ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့လည်း ဒါတွေကို ထိန်းချုပ်ပေးသင့်တယ်။