ပြီးခဲ့သည့် ရက်ပိုင်းက အလုပ်ရှင်များဘက်မှ အလုပ်သမားများနှင့် သဘောတူညီထားသည့် စာချုပ်ပါ အချက်အလက်များ ကို ချိုးဖောက်နေခြင်းကြောင့် ထိုပြဿနာကို ဖြေရှင်းပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးရှေ့တွင် စက်ရုံ အလုပ် သမား ၂၀၀ ကျော် ညအိပ် ဆန္ဒပြခဲ့ကြသည်။
ထို့ကြောင့် အလုပ်ရှင်- အလုပ်သမား အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်နေကြသည့် မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ များအပါအဝင် လက်ရှိ ပြင်ဆင်ထွက်ရှိထားသည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ၏ အားနည်းချက် အားသာချက်များနှင့် ပတ်သက်၍ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ လှိုင်သာယာမြို့နယ် ညှိနှိုင်း ဖြန်ဖြေရေးအဖွဲ့ အလုပ်သမား ကိုယ်စားလှယ် မကြည်ကြည်ထွန်း ကို ဧရာဝတီမှ သတင်းထောက် အောင်သီဟထွန်းက တွေ့ဆုံမေးမြန်း ထားပါသည်။
မေး။ ။ အရင်ဆုံး အလုပ်သမား အလုပ်ရှင် အငြင်းပွားကိစ္စတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်မှု ပုံစံတွေကို ပြောပြ ပေးပါ။
ဖြေ။ ။ အဓိကက မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ သွားတဲ့ ယန္တရားကတော့ အလုပ်ရုံကနေ စပြီးပြောမယ်ဆိုရင် လက်ရှိ ထွက်ထားတဲ့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေအရ လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မတီ (WCC) ကို အလုပ်သမား အလုပ်ရှင် နှစ်ဘက်လုံးက ဖွဲ့ရတယ်။
WCC မှာ အလုပ်ရှင်က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ် ၃ ဦး နဲ့ အလုပ်သမားတွေ ဘက်က ကိုယ်စား လှယ် ၃ ဦးပါပါ တယ်၊ သူတို့က စက်ရုံမှာ ဖြစ်လာတဲ့ အငြင်းပွားမှုတွေကို ညှိနှိုင်းဖြေရှင်းရတယ်၊ အဲ့ဒီမှာ ညှိနှိုင်းလို့ အဆင်မပြေတဲ့ ဟာ တွေကို မှတ်တမ်းမှတ်ရာတွေနဲ့ ၇ ရက်အတွင်း ကျမတို့ မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ဆီကို တိုင်ကြားလို့ ရပါတယ်။
အဲ့ဒီလို တိုင်ကြားလာပြီဆိုရင် ၇ရက်အတွင်း ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ပေးရပါတယ်။ ဒါက ယန္တရားအရ ဆောင် ရွက်တာပေါ့။ ဒီမှာမှ ညှိနှိုင်းလို့ အဆင်မပြေဘူးဆိုရင် ရန်ကုန်တိုင်း ခုံသမာဓိအဖွဲ့ကို တင်ပေးလိုက်ရတယ်။ နောက်ပိုင်း ခုံသမာဓိရဲ့ ဆုံးဖြတ်ချက်ကို အလုပ်သမားဖြစ်ဖြစ် အလုပ်ရှင်ဘက်က ဖြစ်ဖြစ် လက်မခံဘူးဆိုရင် ခုံသမာဓိကောင်စီကို ထပ်ပြီး တက်တယ်။
မေး။ ။ မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ အနေနဲ့ ဘယ်လို အငြင်းပွားမှုတွေကို ဖြေရှင်းပေးရလဲ။
ဖြေ။ ။ လက်ရှိ ဥပဒေအရတော့ အခွင့်အရေးနဲ့ အကျိုးစီးပွားဆိုပြီး နှစ်ခုပြထားတယ်။ ကျမတို့က အခွင့်အရေးလား အကျိုး စီးပွားလားဆိုတာကို ခွဲခြားရတယ်။ ဥပမာ အခွင့်အရေးဆိုရင် ခွင့်ကိစ္စလား၊ အလုပ်သမားအလုပ်ရှင် EC စာချုပ်ကိစ္စလား၊ အလုပ်ထုတ်တဲ့ ကိစ္စတွေကြောင့်လားဆိုတာကို ခွဲခြားပြီးတော့ သက်ဆိုင်ရာရုံးတွေကို ပြန်လွှဲပေးရတယ်။
ဒီလိုမှ မဟုတ်ဘဲ အကျိုးစီးပွားဆိုရင် ကျမအဖွဲ့က ၇ရက်အတွင်း စိစစ်ပေးရပါတယ်။ ဥပဒေအရတော့ ၇ရက်အတွင်းလို့ ပြောထားပေမယ့် လှိုင်သာယာမှာပဲ ဆိုရင် စက်ရုံက ၅၀၀ ကျော်လောက် ရှိနေတော့ အငြင်းပွားမှုက နေ့စဉ်ရှိနေတဲ့ အတွက် ၇ရက်အတွင်းနဲ့ ပြေလည်မှုမရဘူးပေါ့။
အနည်းဆုံး နှစ်ပတ်လောက်တော့ ကြာတယ်။ ဘာလို့လဲဆိုရင် တရုံချင်းစီကို လှည့်ပြီး လုပ်ပေးနေရလို့ပါ။ အလုပ်သမား ကလည်း ဒီမြို့နယ် ဖြန်ဖြေရေးမှာပဲ ညှိပေးပါ၊ အလုပ်ရှင်ကလည်း ဒီမှာပဲ ညှိပေးပါဆိုတဲ့ ကိစ္စမျိုးဆိုရင် အနည်းဆုံး သုံးပတ်ကနေ တလလောက်အထိ ကြာတယ်။
ဒါတွေကတော့ ကျမတို့ ညှိနှိုင်း ဖြန်ဖြေရေးတွေ ရှင်းရတဲ့ ကိစ္စတွေပေါ့။ အများဆုံးဖြေရှင်းရတဲ့ ကိစ္စကတော့ အလုပ်ထုတ် တဲ့ ကိစ္စ၊ နောက်တခုက အကျိုးစီးပွား၊ အကျိုးစီးပွားဆိုတာက သူစွမ်းဆောင်ရည်ကြေး တိုးတောင်းတာတို့ ရက်မှန် ကြေး တို့ လုပ်သက်ကြေး တိုးတောင်းတာတို့ ဒါတွေက အများဆုံးဖြေရှင်းတဲ့ အငြင်းပွားမှုတွေပေါ့။
မေး။ ။ ဒီညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ဆိုတာ ဥပဒေအရလည်း ဖွဲ့ထားတယ်။ အစိုးရလည်း ပါဝင်တဲ့ အဖွဲ့ဆိုတော့ ဒီအဖွဲ့က ညှိနှိုင်းပြီး ဆုံးဖြတ်လိုက် သဘောတူညီမှုတွေက ဘယ်လောက်အထိ အကျူံးဝင်ပါသလဲ။
ဖြေ။ ။ အဓိကက ကျမတို့ မြို့နယ်ဖြန်ဖြေရေးအဖွဲ့က အဆုံးအဖြတ်တွေပေးလို့ မရဘူး။ ဆုံးဖြတ်ချက် ချလို့မရဘူး။ ကျမ တို့က ဘာလဲ ဆိုရင် ညှိနှိုင်းပေးရတာ။ ဥပမာ အကျိုးစီးပွား အငြင်းပွားမှုပေါ့ အလုပ်သမားဘက်က ရက်မှန်ကြေး နှစ်သောင်းပေးပါ တောင်းတယ်ပေါ့၊ အလုပ်ရှင်ဘက်က မပေးနိုင်ဘူးပြောမယ်။
ဒါဆိုရင် ကျမတို့အဖွဲ့က ရက်မှန်ကြေးပေးခြင်းအားဖြင့် ဘာဖြစ်လာမလဲဆိုတဲ့ အကျိုးဆက်ပေါ့ အလုပ်သမားတွေ ရက်တက်မှန်လာမယ်ဆိုပြီး အလုပ်ရှင်ဘက်ကို ပေးချင်လာအောင် ညှိပေးရတယ် အလုပ်သမားကိုလည်း ဒီလို နှုန်း ထားက ဘယ်လိုအခြေအနေမျိုးမှ ဖြစ်သင့်တယ်၊ ဘယ်လိုမှ တောင်းသင့်တယ် ဆိုတာ ပြောရတယ်။
ကျမတို့က ညှိပေးရတာ အဲ့ဒီမှာ ကျမတို့ပေးတဲ့ အကြံဉာဏ်တွေကို နှစ်ဘက်လုံးက ယူလည်းရတယ် မယူလည်း ရတယ်။ ဒါပေမဲ့ နှစ်ဘက်သဘောတူသွားရင် ဒီညှိနှိုင်းမှု ဆုံးဖြတ်ချက်တွေကို နှစ်ဖက်သဘောတူညီမှု စာချုပ်ချုပ်တယ်။ လက်ရှိ ဥပဒေအရ တောင်းဆိုမှုဆိုရင် တနှစ်အတွင်း ထပ်တောင်းလို့ မရဘူးပေါ့ ဥပမာ ရက်မှန်ကြေးဆိုရင် တနှစ်အတွင်းမှာ ထပ်ပြီး တောင်းဆိုလို့ မရဘူးပေါ့။
တခြားဟာတောင်းမယ်ဆိုရင်တော့ ရတယ် ဒီကိစ္စတော့ မရတော့ဘူး၊ ဒီသဘော တူညီချက်က တနှစ်အတွင်းတော့ အာမခံချက်ရှိတယ်။ တဖက်ဘက်က ချိုးဖောက်ရင်တော့ စာချုပ်ချိုးဖောက်မှုနဲ့ ကျမတို့ဆီ လာတိုင်လို့ရတယ်။ များသော အားဖြင့်က အလုပ်ရှင်တွေဘက်က မသုံးပေးလို့ဆိုပြီး ကျမတို့ဆီ လာတိုင်ကြ တာများတယ်။
တိုင်ကြားမှု ရလာပြီဆိုရင် ကျမတို့အဖွဲ့က အလုပ်သမားဝန်ကြီးဌာနဘက်က တာဝန်ပေးတဲ့သူပေါ့ အဖွဲ့ရဲ့ အတွင်းရေးမှူးက တရားစွဲဖို့ ကိစ္စကို လုပ်ပေးရတယ်။
မေး။ ။ အလုပ်ရှင် အလုပ်သမား အငြင်းပွားတွေ ဖြစ်ရင် WCC လည်းရှိတယ်။ သုံးပွင့်ဆိုင် မြို့နယ်ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့ တွေ ရှိရဲ့သားနဲ့ ဘာလို့ အလုပ်သမားတွေ လမ်းပေါ်ထွက်၊ တိုင်းဝန်ကြီးချုပ်ရုံး အရှေ့အထိ သွားပြီး အခွင့်အရေးတွေ တောင်းဆိုနေရသေးတာလဲ။
ဖြေ။ ။ ဒီလိုမျိုး သွားကြတယ်ဆိုတဲ့ ကိစ္စတွေမှာလည်း တယောက်နဲ့ တယောက် ခံယူချက်ချင်းမတူတာလည်းပါတယ်။ သူတို့ရဲ့ ယုံကြည်ရာပဲလို့ ကျမထင်တယ်။ အဓိကက ဒီမှာ အငြင်းပွားတွေ ဖြစ်ရင် ကိုယ့်ဘာသာ အတွင်းထဲမှာပဲ ညှိလို့ရတဲ့ WCC ရှိတယ်။
နောက်ပြီး သုံးပွင့်ဆိုင်မြို့နယ် ညှိနှိုင်းဖြန်ဖြေပေးရေးအဖွဲ့ပေါ့။ ဒီလိုနှစ်ဆင့်ခံထားဆိုတဲ့ ယန္တရားကို လူတွေက တကယ်ပဲ အသုံးပြုကြလား၊ တကယ်ပဲ အားထားလား ဆိုတာကို မေးခွန်းပြန်ထုတ်စရာရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျမတို့ အနေနဲ့ ဆိုရင် ဘယ်လိုပဲ ပြောပြော ဒီလိုညှိနှိုင်းရေး ယန္တရားတွေကို အားကောင်းစေချင်တယ်။
ဘာလို့ဆိုရင် သုံးပွင့်ဆိုင်ရှိတယ် ဆွေးနွေးလို့ ရတယ်။ ဆွေးနွေးရင်းနဲ့မှ နောက်တဆင့်သွားရမှာပေါ့။ အခုအပြင်ကို ထွက် ပြီး သွားကြတဲ့ စက်ရုံတွေကို ကြည့်မယ်ဆိုရင် အလုပ်သမားအဖွဲ့အစည်း မရှိကြတဲ့ စက်ရုံတွေဆိုတာ သွားတွေ့ရတယ်။ အလုပ်သမားတွေက လေးငါးနှစ်တွေနေတယ် သူတို့ကို အခွင့်အရေးတွေ မပေးဘူး။
အဲ့ဒီအချိန်မှာ သူတို့က ခေါင်းဆောင်ရှာ မတွေ့ဘူး။ နင်ရယ် ငါရယ် သူရယ် ပေါင်းပြီးတော့ ဘယ်အချိန်တော့ ထွက်လိုက် ကြမယ်ဆိုပြီးတော့ လုပ်ကြတာပေါ့။ ဒီလိုဖြေရှင်းရေး ယန္တရားရှိတယ်ဆိုတာတောင် တချို့ မသိကြဘူး။ မသိတော့ အပြင်ကို ထွက်လိုက်ကြတယ်။
အဲ့ဒီမှာမှ အလုပ်သမား အကူအညီပေးနေတဲ့ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ တွေ့ပြီး ထိစပ်မှုရှိတော့မှာ မြို့နယ်ဖြန်ဖြေ ပေးရေး အဖွဲ့တွေ ခုံသမာဓိကောင်စီတွေ ပြန်ညှိနှိုင်းကြတာပေါ့။ ကျမအမြင်အရတော့ ဝန်ကြီးချုပ်ရုံးအထိကို သွားစရာ မလိုဘူးလို့ ထင်တယ်။
ဘာဖြစ်လို့ဆိုရင် ကျမတို့မှာ ဒီလို ညှိနှိုင်းဖြေရှင်းရေး ယန္တရားတွေ ရှိတယ်လေ။ ဒီလို အဆင့်ဆင့်တွေမှာ ဘယ်လိုအလျှော့ အတင်း လုပ်ပြီး ညှိကြမလဲ ဆိုတာကို စဉ်းစားပြီး လုပ်ဖို့ လိုတယ်။ ဝန်ကြီးချုပ်အထိ သွားတော့ရော ဘာဖြစ်မှာလဲ အောက်မှာ ယန္တရားတွေ ရှိတယ်လေ ဒီအဖွဲ့တွေဆီပဲ ပြန်လွှတ်တာပဲလေ။
မေး။ ။ ဒီလို ညှိနှိုင်းဖြန်ဖြေရေး ယန္တရားတွေ အပေါ်မှာ အလုပ်သမားရော အလုပ်ရှင်ဘက်က ဘယ်လောက်အထိ ယုံကြည်မှု ရှိကြပါလဲ။
ဖြေ။ ။ ကျမတို့ အခုသွားနေတဲ့ ညှိနှိုင်းဖြန်ဖြေရေးယန္တရားက နှစ်ဖက်တွေးလို့ရတယ် အလုပ်ရှင်ဘက်ကလည်း သူတို့ ခုံသမာဓိ၊ ခုံကောင်စီ တက်တဲ့အခါမျိုးတွေမှာ အမှုရှုံးတာမျိုးတွေရှိတယ်။ ရှုံးတယ်ဆိုတာ အလုပ်သမားကို အလုပ်ပြန်ခန့် စေတို့ ဘာတို့ပေါ့ အဲ့ဒီမှာ အလုပ်သမားဘက် အားသာသွားတာတွေရှိတော့ အလုပ်ရှင်ဘက်က ဒါတွေက အလုပ်သမား ဘက်ပဲ ပါတယ်ပေါ့။
အလုပ်သမားတွေဘက်ကျပြန်တော့ သူတို့ရှုံးသွားတော့ ဒါက အလုပ်ရှင်ဘက်က ပါတယ်ပေါ့ဆိုပြီး ဖြစ်တယ်။ ဒါတွေက လူတိုင်းကတော့ ပြောနေကြမှာပဲလေ။ ကျမတို့ ဒီသုံးပွင့်ဆိုင် ယန္တရားကို အပြည့်အဝကြီးတော့ ကောင်းနေပြီလို့တော့ မပြောလိုပါဘူး ဒါပေမယ့် ဒီယန္တရား လမ်းကြောင်းအတိုင်းသာ သွားမယ်ဆိုရင် နှစ်ဦးနှစ်ဖက်အတွက် အကောင်းဆုံး လမ်းကြောင်းတခုပါ။
ဒီအပေါ်မှာ ယုံကြည်တဲ့သူ ရှိသလို မယုံကြည်တဲ့သူတွေလည်း ရှိတော့ သူတို့ ခံယူချက်တွေအပေါ်မှာလည်း မူတည် သေးတယ်။
မေး ။ ။ အလုပ်သမားတွေက ပြောတယ် သူတို့ လမ်းပေါ် မထွက်ချင်ဘူး၊ ဒီလို ယန္တရားတွေမှာ ပြေလည်ချင်တယ်၊ ဒါပေ မယ့် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့တွေ ဆုံးဖြတ်တဲ့အတိုင်း မလိုက်နာတဲ့ အလုပ်ရှင်တွေနဲ့ သုံးပွင့်ဆိုင်မှာပါတဲ့ အစိုးရကိုယ်တိုင်က ဥပဒေအတိုင်း လုပ်ဆောင်ဖို့ အားနည်းချက်တွေကြောင့် လမ်းမပေါ်ထွက်လာတယ်လို့ ပြောကြတယ် ဒီလိုကိစ္စတွေကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အဓိကက လမ်းမပေါ်မရောက်ခင် WCC တို့ မြို့နယ်ဖြန်ဖြေရေးတို့မှာ ဆွေးနွေးဖို့ ကျမတို့ ပြောတာ။ WCC မှာ ညှိ လို့ အဆင်မပြေဘူး မြို့နယ်ကို တက်လာမှဆိုရင် အဲ့ဒီကို လာရတဲ့ အလုပ်သမားကိုယ်စားလှယ်တွေကို လုပ်ခလစာဖြတ် လို့ မရဘူးဆိုတာ ဥပဒေမှာ ပါပြီးသား မပြေမလည်ခြင်း ဒီရုံးကို လာနေရတာကို လုပ်ငန်းခွင်ဝင်နေသလို သတ်မှတ်ထား တယ်။
အပြင်ထွက်မယ် အပြင်ရောက်ပြီဆိုရင် ဒီလိုခံစားခွင့်တွေ ရမှာ မဟုတ်တော့ဘူး။ ဒါက တချက်ပေါ့။ အလုပ်ရှင်တွေဘက် က ဆန္ဒတခုခု ထွက်ပြလို့ တောင်းဆိုပြီဆိုရင် ရေရှည်ကို မကြည့်တော့ဘူး လတ်တလော ကိစ္စအဆင်ပြေဖို့ကိုပဲ တွေး လိုက်တယ်။ အလုပ်ရှင်ကလည်း အဲ့ဒီအချိန်မှာ အော်ဒါနေကျတယ်။
အဲ့ဒီမှာ ဟိုဘက်ကို အော်ဒါအမှီ ပို့ချင်တယ် ဒီဘက်မှာလည်း အလုပ်သမားက သပိတ်မှောက်နေပြီးဆိုတော့ အလုပ်သမား တောင်းတာဟာ ပြောတဲ့ဟာကို ညှိတဲ့ဟာ အကုန်လုံးကို လိုက်လျောလိုက်တယ် လက်မှတ်ထိုးလိုက်ကြတယ်။
သူ့တို့ အော်ဒါတွေလည်း ကုန်သွားရော နောက်အော်ဒါကလည်း ဝင်လာဖို့ ခက်ခက်ခဲခဲ ဖြစ်လာတယ်ဆိုရင် အဲ့ဒီအချိန် သူတို့ ကုန်ကျစရိတ်တွေ တွက်တဲ့အခါ အဲ့ဒီမှာ ထွက်ငွေနဲ့ ဝင်ငွေ မမျှတာဖြစ်ရော အလုပ်သမားတွေကို အရင်က သဘော တူထားတဲ့ ရက်မှန်ကြေးတွေ ကျွမ်းကျင်ကြေးတွေ မပေးချင်တော့ သူအလွယ်ပြောခဲ့ပြီးသား ဟာတွေကို သူမပေးချင်တော့ တဲ့အတွက် အဲ့ဒီမှာ သူချိုးဖောက်ပြီ။
အဲ့ဒီလို ချိုးဖောက်ရင် ကျမတို့ ဥပဒေအရ ဘာဖြစ်လဲဆိုရင် ဥပဒေက အားနည်းသွားတယ် စာချုပ်ချိုးဖောက်လို့ တရား စွဲရင် ကျပ်သိန်း ၁၀၀ ကနေ ၃၀၀ အထိပဲ ဒဏ်ကြေးပေးရမယ်ဆိုတော့ သူတို့ကလည်း တွက်မှာ ဒီသိန်း ၁၀၀၊ ၃၀၀ ဆို တာ ဒီအလုပ်သမား ၅၀၀၊ ၆၀၀ ကို တလပေးစာ တောင်မရှိဘူး အဲ့ဒီတော့ အလုပ်ရှင်ကလည်း တရားစွဲခံတယ်။
အဲ့ဒီလို ဒဏ်ကြေးပေးဆောင်လိုက်ရင် အရင်က သဘောတူညီထားတဲ့ စာချုပ်တွေက အလိုလိုပျက်ပြယ်တယ်ဆိုတာ ဥပဒေမှာ ဖြစ်တယ်။ အခုက ဥပဒေပဲ ထွက်ထားသေးတော့ နည်းဥပဒေတွေ ထပ်ထွက်လာရင် ဒါကို ဘယ်လိုကာကွယ် ပေးမလဲဆိုတာတွေ ကျမတို့ပြောဖို့လိုတယ်။
နောက်တခုက WCC ကို မဖွဲ့ရင် မဖွဲ့တဲ့ အလုပ်သမားကိုသော်လည်းကောင်း၊ အလုပ်ရှင်ကိုသော်လည်းကောင်း အရေးယူ မယ်ဆိုပြီး လုပ်ထားတယ်။ ဖွဲ့ပြီး မညှိရင်ရော ဘယ်လိုအရေးယူမလဲဆိုတာ ဥပဒေမှာ မပြထားသေးဘူး နည်းဥပဒေမှာ တော့ ဒီလိုယိုပေါက်တွေ ပိတ်ဖို့ လိုတယ်။
အဲ့ဒီတော့ ကျမတို့ နိုင်ငံက ဥပဒေကလည်း အားနည်းတယ် ပြီးတော့ အလုပ်ရှင်နဲ့ အလုပ်သမားက ယုံကြည်မှု တည် ဆောက်လို့ မရဘူး။
အဲ့ဒီအခါမှာ ဆန္ဒပြတယ် တောင်းတယ် ပေးတယ် ၂လ ၃လ ကျရင် အဲ့ဒီစာချုပ်ကို မပေးတော့ဘူးဆိုပြီး ဖောက်တယ်၊ ကျမတို့က အဲ့ဒီလို လူတွေကို ဘာမှ လုပ်လို့မရဘူး ဥပဒေအရလည်း တရားစွဲပေးရတာပဲ ရှိတယ် ပြီးရင် သူကလည်း ကျသင့်တဲ့ ဒဏ်ငွေကိုခံဆိုတဲ့ ဟာမျိုးပဲ ရှိတော့ လုပ်နေကြတယ်။
ဒါကြောင့် ကျမတို့ ဥပဒေရေးဆွဲတုန်းက အမြင့်ဆုံးပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ်ထည့်ပေးပါဆိုပြီး ပြောခဲ့တယ် ဒါက သူတို့ ကို အမှန်တကယ် ထောင်ကျစေချင်လို့ မဟုတ်ဘူး ဒီလိုသဘောတူစာချုပ်တွေ လုပ်ထားပြီးရင် လိုက်နာရမှာ ဆိုမျိုး ဖြစ် အောင် လုပ်တာပါ။ အခုက ငွေဒဏ်ပဲ ဆိုတော့ လူတွေက အလွယ်တကူပဲ ချိုးဖောက်နေကြတယ်။
မေး။ ။ ဥပဒေမှာက အားနည်းချက်တွေရှိတော့ အငြင်းပွားမှုတွေကို အမှန်တကယ်ဖြေရှင်းဖို့က လမ်းမပေါ် ထွက်တာနဲ့ သုံးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းဆွေးနွေးတွေက ဘယ်ဟာက အဖြေဖြစ်မလဲ။
ဖြေ။ ။ ကျမတို့ စဉ်းစားဖို့ လိုတာပေါ့ ဝန်ကြီးချုပ်အထိ သွားတော့ရော ဝန်ကြီးက မင်းဒါက လုပ်ကို လုပ်ရမယ်ဆိုပြီး ပြောပိုင်ခွင့်မှ မရှိတာ အကျိုးစီးပွားကိစ္စဖြစ်နေတယ် ငွေရေးကြေးရေးကိစ္စတွေ ဖြစ်တဲ့အတွက် မင်း ဒါက ပေးကို ပေးရ မယ်ဆိုပြီး ဝန်ကြီးလည်း ပြောလို့မရဘူးလေ။ ဒီလို ကိစ္စတွေက ညှိနှိုင်းပြီး လုပ်ရမယ့် ကိစ္စတွေလေ။
ဝန်ကြီးရုံးသွားလည်း ဝန်ကြီးက ပြောမှာက ရှင်းတယ် ညှိဖြန်နဲ့ ညှိဆိုပြီးပဲ ပြောမှာလေ။ ညှိဖြန်မှာ တဖက်က သူ ၅၀ ပေးနိုင်တယ် ၁၀၀ ပေးနိုင်တယ်၊ တဖက် ၇၀ လိုချင်တယ် ၈၀ လိုချင်တယ်ဆိုတာကို ညှိလို့ရတယ်။ အခု ဥပဒေမှာက ရှင်းတယ်လေ ရက်မှန်ကြေး၊ ကျွမ်ကျင်းကြေး၊ နှစ်ကြေးတွေ လိုချင်တယ်ဆိုပြီး ခုံသမာဓိကို တင်တယ် ညှိကြတယ်။
တချို့ မရကြတဲ့ သူတွေဆိုရင် ညှိလို့ ရတဲ့ အချက်တွေကို မြို့နယ်ညှိဖြန်မှာ စာချုပ်ချုပ်လိုက်တယ် ကျန်ခဲ့တဲ့ အချက်တွေကို ကျမတို့က ခုံသမာဓိကို ဆက်လက်တင်ပေးလိုက်တယ်။
အဲ့ဒီအချိန်မှာ ခုံသမာဓိရဲ့ ဆုံးဖြတ်ချက်ပေါ့ သူ့တသောင်းတောင်းလို့ တသောင်းရချင်မှ ရမှာပေါ့။ ကျမပြောချင်တာက ဘယ်ကိုပဲ သွားသွား ယန္တရားအရ အရတော့ ကိုယ့်မှာလည်း အခွင့်အရေးရှိတယ်ဆိုတာကို သိစေချင်တယ် ကျမတို့က ညှိစေချင်တယ်။
ဒါပေမဲ့ ညှိတဲ့ အခါမှာတော့ တရက်နဲ့လည်း ပြီးချင်မှ ပြီးမယ် နှစ်ရက်နဲ့လည်း ပြီးချင်မှ ပြီးမယ် ကိုယ့်က စိတ်ရှည်ဖို့ လိုမယ်။ ယုံကြည်မှုရှိဖို့တော့လိုမယ်။
You may also like these stories:
အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင် ပြန်လည် ညှိနှိုင်းရန် သဘာတူညီမှုရ
အလုပ်သမားစာချုပ်ချိုးဖောက်ခံရမှု ရန်ကုန်တိုင်းအစိုးရ ဖြေရှင်းပေးရန် လုပ်သားများတောင်းဆို
ပြည်တွင်းအလုပ်သမားပြဿနာက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအပေါ် စိန်ခေါ်မှုဖြစ်နေ
အလုပ်သမားများ အချိန်ပို ဆင်းခိုင်းခြင်း သတ်မှတ်ချက် နှင့် ညီရန် MIC အသိပေး