တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးမှု ၄ နှစ်ပြည့် နှစ်ပတ်လည်ပွဲတက်ရောက်ရန်သွားသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ကို လမ်းခရီးမှာတင် တပ်မတော်က တားမြစ်ခဲ့သည်။
တပ်မတော်ကတော့ လုံခြုံရေး အရ တားမြစ်ခဲ့ခြင်းသာဖြစ်ကြောင်း ရှင်းလင်းခဲ့ပြီး လေကြောင်းခရီးစဉ်ဖြင့် လာရန်ကမ်းလှမ်းခဲ့သည်။ သို့သော်လည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က NCA နှစ်ပတ်လည်ပွဲ မတက်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။
ဗိုလ်ချုပ်ကြီး ယွက်စစ်သည် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ ယာယီ ခေါင်းဆောင်လည်း ဖြစ်နေသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် သက်ရောက်မှု ရှိနိုင်သည်။
ထိုအခြေအနေနှင့် ပတ်သက်ပြီး အောက်တိုဘာ ၂၇ ရက်နေ့က ထိုင်းနိုင်ငံ တနေရာတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ကြီး ယွက်စစ်အား သတင်းထောက်များက မေးမြန်းထားချက်များကို ကောက်နုတ်ဖော်ပြလိုက်သည်။
မေး ။ ။ ခရီးစဉ် ဘာကြောင့် ပျက်သွားတာလဲ။
အချက် ၃ ချက်တော့ရှိမယ်။ အမှန်ဆို NRPC၊ PC နဲ့ တပ်မတော် တို့ အပြန်အလှန် ညှိနှိုင်းမှု မရှိဘူးလို့ မြင်ရပါတယ်။ ကျနော်တို့ရဲ့ ခရီးစဉ်ကိုလည်း ကျနော်တို့ ကြိုတင် အကြောင်းကြားတယ်။ ကြိုတင်လည်း ညှိနှိုင်းထားတယ်။ ဒါပေမယ့် သူတို့ကြားထဲမှာ အပြန်အလှန် ညှိနှိုင်းမှုမရှိတဲ့ အတွက်ကြောင့် ဒီလိုမျိုး အခက်ခဲ ကြုံရတာဖြစ်ပါတယ်။ ၃ အချက်ကတော့ တပ်မတော်က ဒီ NCA သဘောတူညီချက်စာချုပ်အပေါ်မှာ အလေးမထားတာပေါ့နော်။ တန်ဖိုးမထားဘူးလို့ပဲ ကျနော်တို့ မြင်ပါတယ်။
NCA လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့်အထိမ်းအမှတ်ဟာ အရေးကြီးတယ်။ ဒီပွဲကလည်း အရေးကြီးတယ်ဆိုတာ ကျနော်တို့နားလည်တယ်။ တဖက်မှာလည်း ကျနော်တို့ ဥက္ကဋ္ဌကလည်း ဒီ PPST ရဲ့ ယာယီခေါင်းဆောင်အဖြစ် တာဝန် ယူထားတယ်။ ဒါကြောင့်မို့လည်း ဒီအပေါ်မှာ တန်ဖိုးထားတယ်။ တဖက်မှာလည်း ကျနော်တို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ဒီပွဲက အင်မတန်မှ အရေးကြီးတယ်လို့ မြင်လိမ့်မယ်လို့ ကျနော်တို့ နားလည်ထားတယ်။
NCA သဘောတူညီချက် စာချုပ်ဆိုတာ တယောက်ပိုင် တဖွဲ့စည်းပိုင်အနေနဲ့ သဘောတူညီချက် စာချုပ်မဟုတ်ပါဘူး။ အစိုးရဘက်ကရော တပ်မတော်ဘက်ကရော လွှတ်တော်ဘက်ကရော ကျနော်တို့ လက်နက်ကိုင်အဖွဲ့တွေရော ပါတီတွေရော အားလုံး ရေးထိုးကြတဲ့ သဘောတူညီချက် စာချုပ်ဖြစ်ပါတယ်။ ဒီ NCA လက်မှတ် ရေးထိုးခြင်း အထိမ်းအမှတ် ၄ နှစ်ပြည့်အခန်းအနားဟာ အရေးကြီးတယ်။ ပြီးတော့ လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေ အားလုံးလည်း တက်ရောက်ရမယ့် ပွဲလည်း ဖြစ်တယ်။ အခုလို ကျင်းပသွားမယ်ဆိုရင်လည်း ဒီပွဲဟာ သိပ်ပြီးတော့ အလေး အနက်တော့ သိပ်မရှိတော့ဘူး။
အခု ဒီလိုမျိုး ကိစ္စမျိုး ဖြစ်သွားတဲ့နေရာမှာ ရှေ့ဆက်ပြီးတော့ နိုင်ငံရေးဆွေးနွေးဖို့က ပိုမိုပြီး ခက်လာလိမ့်မယ်လို့ အချက်ပြတဲ့ သဘောတခု ဖြစ်ပါတယ်။ အကယ်၍ ငြိမ်းချမ်းရေးဖော်ဆောင်မှုက ပျက်ပြားပြီဆိုရင်လည်း ပြည်ထောင်စုဆိုတာလည်း ပြိုကွဲသွားမှာ ဖြစ်ပါတယ်။
ကျနော်တို့ ဒီ မြန်မာပြည်ထဲမှာ ပြည်ထောင်စုထဲမှာ ပြဿနာပေါင်း အများကြီး ရှိပါတယ်။ ဒါပေမယ့် ဒီ ပြဿနာတွေအားလုံးကို ဖြေရှင်းနိုင်ဖို့ဆိုတာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာလည်း အပြန်အလှန် ယုံကြည်မှုတွေ တည်ဆောက်ကြဖို့ လိုပါတယ်။
ကျနော်တို့ တပ်မတော်ဘက်ကို ပြန်လှန် သုံးသပ်မယ်ဆိုရင် ယုံကြည်မှုမပြောနဲ့၊ ငြိမ်းချမ်းရေးကို မပြောနဲ့ ပိုမိုပြီးသွေးကွဲမှုကိုပဲ ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဒါက ရှေ့ဆက်တော့ ပိုမိုအခက်ခဲရှိနိုင်တဲ့ အရေးကြီးတဲ့ အချက်ပဲ ဖြစ်ပါတယ်။
မေး ။ ။ ဥက္ကဋ္ဌ မသွားဖြစ်တော့ ၄ နှစ်ပြည့်အခမ်းအနားအပြီး ဆက်ကျင်းပမယ့် PPST, JICM တွေ ပျက်သွားပြီလား။ ဆက်ဖြစ်ဖို့ အလားအလာရော ပိုအလှမ်းဝေး သွားနိုင်လား။
ဖြေ ။ ။ လက်ရှိအခြေအနေနဲ့ ဖြေကြားရမယ်ဆိုရင် ပိုမိုပြီး အလှမ်းဝေးသွားပါပြီ။
အခုလက်ရှိမှာ ဒီ ၄ နှစ်ပြည့် အခမ်းအနားပြီးရင် ဆက်လက်ကျင်းပမည့် JICM, PPST အစည်းအဝေးတို့ကလည်း အားလုံး (ယာယီ) ဖျက်သိမ်းပြီးသား ဖြစ်ပါတယ်။ ဘာကြောင့်လဲဆို ဥက္ကဋ္ဌကြီးက ယာယီ အဖွဲ့ခေါင်းဆောင်အနေနဲ့ ဒီ PPST မှာ တာဝန်ယူထားတယ်။ ဥက္ကဋ္ဌကြီး မသွားဘူးဆိုတော့ ဒီ အစည်းဝေးတွေကလည်း မဖြစ်နိုင်သေးဘူး။
မေး ။ ။ အစိုးရကို ကြိုတင်ညှိနှိုင်းထားတာ ဘယ်နှစ်လလောက်ကတည်းကလဲ။ အဲဒီအတွက် UPDJC ခေါင်းဆောင်တွေ နော်ေ၀ ဆွစ်ဇာလန် ခရီးစဉ်မှာ ညှိခဲ့တယ် ဆိုတာ အဲဒီကတည်းက အဆင်မပြေခဲ့တာလား။
ဖြေ ။ ။ ကျနော်တို့အကြားမှာ ညှိနှိုင်းတဲ့နေရာမှ ပြဿနာ မရှိပါဘူး။ စောစောက ဖတ်သွားသလို ချင်းမိုင်မှာလည်း ညှိကြတယ်။ အဲဒီ PC ထဲမှာလည်း ဦးခင်ဇော်ဦး၊ ဦးဇော်ဌေး တို့ နဲ့ အတူတူ တပ်မတော်ဘက်ကလည်း ပါတယ်။ ညှိနှိုင်းတဲ့ ကိစ္စတွေက ပြဿနာ မရှိပါဘူး။ ကျနော်တို့ ပြဿနာ ရှိတာက ခရီးစဉ်မှာ ဖြစ်တာ။ အဲဒီအတွက် ညှိခဲ့တာပဲ။
မေး ။ ။ PC ဥက္ကဋ္ဌ က RCSS ကို စာပို့တယ်သိရတယ်။ ဒေါက်တာ တင်မျိုးဝင်း က စာပို့လား။ အစိုးရက ပရိုပို့စ် လုပ်တဲ့ သွားမယ့် ခရီးလမ်းကြောင်းအတိုင်းကို အစိုးရ ကိုယ်တိုင်က ခွင့်မပြုတာလား။
ဖြေ ။ ။ ဒေါက်တာတင်မျိုးဝင်းတို့ပေးပို့လာတဲ့ စာကတော့ အရေးကြီးတဲ့အချက်တွေ၊ ပြီးတော့ သူတို့ဆောင်ရွက်လိုတဲ့ အချက်တွေကိုပဲ ရေးလာပါတယ်။ ဒါပေမယ့် ကျနော်တို့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ပြဿနာ ဖြေရှင်းဖို့ကိစ္စတွေ မပါပါဘူး။ ဒေါက်တာ တင်မျိုးဝင်းတို့ ပေးပို့လာတဲ့ စာထဲမှာ သူတို့ကလည်း တာချီလိတ်ကနေ လေယာဉ်ပျံနဲ့သွားဖို့ ပေးပို့လာတာ။ ဒါပေမယ့် ကျနော်တို့ဘက်က အခက်အခဲကိုတော့ သူတို့ မမြင်ဘူးပေါ့။
မေး ။ ။ တပ်မတော်က အောက်တိုဘာ ၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ လေကြောင်းလမ်း က လာဖို့ ဆိုတာ လုံခြုံရေးကို အကြောင်းပြတယ်ပေါ့။ ဟိုမိန်း လမ်းက လာလို့ရှိရင် PNO အဖွဲ့တွေနဲ့ RCSS မတည့်တာရှိတယ်။ တခုခု ဖြစ်ခဲ့ရင် အစိုးရနဲ့ တပ်မတော်က တာဝန်ယူခဲ့တာ ရှိလို့ EAO အဖွဲ့တွေရဲ့ လုံခြုံရေး အတွက်ကြောင့်မို့လို့ လို့ ဖြေသွားတာရှိတယ်။ အဲဒီ ကိုယ့်ရဲ့သွားမယ့် ခရီးစဉ်အတွက် တကယ်ပဲ တပ်က တာဝန်ယူပေးတာလား။ ကိုယ့်ကိုယ်ကို တာဝန်ယူပြီး သွားရတာလား။
ဖြေ။ ။ သူတို့ပြောတာကတော့ အခြေအမြစ်မရှိပါဘူး။ PNO နဲ့ ကျနော်တို့ကြားမှာ ပဋိပက္ခတွေဖြစ်တယ်။ ပြဿနာ ဖြစ်တယ်ဆိုတာ ကျနော်တို့ကြားမှာ မရှိပါဘူး။ သူတို့ သတင်းထုတ်ပြန်တဲ့အထဲမှာ PNO နဲ့ ပြဿနာတို့ နမ့်ဟူးဘက်မှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိတာ တို့ ဒီဟာ တခြားကိစ္စချင်းမတူဘူး။ Case ချင်းမတူပါဘူး။
အမှန်ဆို ကျနော်တို့ အောက်တိုဘာ ၁၈ ရက်နေ့ကလည်း ညှိနှိုင်းထားပြီးပြီ။ ၂၃ ရက်နေ့ကလည်း စာပို့ပြီး အတိအလင်း အကြောင်းကြားတယ်။ အမှန်ဆို အကယ်၍ ဒီလမ်းက မသွားနိုင်ဘူးဆို သူတို့ ချက်ချင်း အဖြေပေးလို့ရပါတယ်။
၂၄ ရက်နေ့ ညနေအထိ ကျနော်တို့ ဟိုမိန်းဘက်က သွားမယ့် ခရီးစဉ်ကို အားလုံး အဆင်ပြေပါတယ်။ ချောမွေ့ပါတယ်ဆိုတာတောင် သူတို့အကြောင်းပြန် လာပါသေးတယ်။ ဟိုမိန်းဘက်လမ်းက သွားဖို့ခွင့်မပြုဘူးဆိုတာ
(၂၄ ရက်နေ့) ည ၁၀ နာရီလောက်မှ ပြန်အကြောင်းကြားလာတာဖြစ်တယ်။ သူတို့ချက်ချင်း လက်ငင်းကြီးကို ပြောင်းလဲသွားတာ။
သူတို့က လေယာဉ်ပျံနဲ့သွားဖို့ စီစဉ်တယ်ဆိုတာ သူတို့ရဲ့ ဖြေရှင်းချက် တခုပါပဲ။ လူထုတွေ အတွက် သတင်းမှားနဲ့ အကြောင်းပြချက်တခုပဲ ဖြစ်ပါတယ်။
မေး ။ ။ RCSS အနေနဲ့ ဒီ ဟိုမိန်း လမ်းက သွားရေးထက် NCA နဲ့ JICM အစည်း အဝေးတွေ တက်ရောက်နိုင်ရေး ဘယ်ဟာက ပိုပြီးတော့ အရေးကြီးတာလဲ။
ဖြေ ။ ။ အခု ကျင်းပမယ့် JICM အစည်းအဝေးက အင်မတန်မှ အရေးကြီးတယ်လို့ ကျနော်တို့ မြင်တယ်။ ဒါပေမယ့် ဒီလမ်းကြောင်းကနေ ကျနော်တို့ကို သွားခွင့်မပေးတာ ကျနော်တို့ကို ဟန့်တားတာ ဆိုတာက သူတို့က ဒီအစည်းအဝေးကို မဖြစ်စေချင်လို့လို့ ကျနော်တို့မြင်ပါတယ်။ တပ်မတော်အနေနဲ့ NCA သဘောတူညီချက် စာချုပ်ကို ဖျက်သိမ်းလိုတယ်ဆိုတဲ့ သူ့ရဲ့လက္ခဏာ တခု ပြနေတယ်လို့ကျနော်တို့ မြင်ရတယ်။
မေး ။ ။ စတိတ်မန့်ထဲမှာပါတဲ့ တပ်မတော်က RCSS ရဲ့ လူထု စည်းရုံးရေးကို မလိုလားတာ ယုံကြည်မှုတည်ဆောက်ရေးကို အခက်ခဲ ဖြစ်စေတယ်။ တပ်မတော်က NCA ကို ချိုးဖောက်တယ်ဆိုတာ ဘယ်လိုအချက်တွေကြောင့် ပြောတာလဲ။
ဖြေ ။ ။ စောစောက ထုတ်ပြန်ကြေငြာချက် ထဲမှာ ပါပါတယ်။ သူတို့က NCA ကို ဘယ်လိုချိုးဖောက်လဲ ဆိုတော့ လွတ်လပ်စွာ သွားလာခွင့်တို့ လူထုတို့ တခြား နိုင်ငံရေးပါတီတို့နဲ့ တွေ့ဆုံခွင့်တို့ ဒီကိစ္စတွေက အားလုံး ကျနော်တို့ကို ပိတ်ပင်တယ် ဆိုတာ ဒါက NCA ကို ချိုးဖောက်ရာ ကျတာပေါ့။
မေး။ ။ JICM, PPST မဖြစ်တော့ဘူးလို့ပြောသွားတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂ ရက်လောက်က JICM ဖြစ်မြောက်ရေးကို အစိုးရနဲ့ EAOs ကိုယ်စားလှယ်တွေ ဆွေးနွေးပွဲတွေ လုပ်တာ တွေ့ရတယ်။ ဆိုတော့ NCA နှစ်ပတ်လည် အခမ်းအနားကို ရက်လည်း နောက်ဆုတ်ပြီးတော့ ကျင်းပရတယ်။ အဲဒီအပြီး ဆက်လုပ်မယ့် အစည်းအဝေးတွေလည်း ရှိတယ်ဆိုတော့ ဒီဟာ ဘယ်လိုပဲ လုပ်နေနေ၊ တခြား အဖွဲ့အစည်းတွေကရော JICM လုပ်ဖို့အတွက် RCSS ဘက်ကို ဘယ်လို ညှိနှိုင်းဆောင်ရွက်တာတွေများ ရှိလဲ။ RCSS ကိုယ်တိုင်က JICM ကို မပါနိုင်တော့တာလား။
ဖြေ။ ။ လောလောဆယ်တော့ ဒီ JICM အစည်းဝေးကတော့ မဖြစ်ဘူးပေါ့။ ဘာဖြစ်လို့လဲဆို ဥက္ကဋ္ဌ က ယာယီ ခေါင်းဆောင်အနေနဲ့ ခု PPST မှာ တာဝန် ယူထားတယ်။ PPST ခေါင်းဆောင် မပါဝင်လို့ရှိရင် ဒီ JICM ကလည်း အထ မမြောက်နိုင်ဘူး။
မေး ။ ။ NCA နှစ်ပတ်လည်နဲ့ နောက်ဆက်တွဲ အစည်း အဝေးတွေအတွက် RCSS ကိုယ်စားလှယ် တယောက်မှ မတက်ဘူးလား။
ဖြေ ။ ။ RCSS ကိုယ်စားလှယ်က တက်ရောက်ခြင်းမရှိပါဘူး။ တခြားသော EAOs အဖွဲ့တွေ တက်ရောက်တယ် ဆိုတာကတော့ သူတို့အဖွဲ့အစည်းရဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။
မေး။ ။ RCSS က PPST မှာ ဦးဆောင်နေသလို ဥက္ကဋ္ဌ ကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ရေး တောက်လျှောက် ပြောလာတာ၊ အခု ဒီ အရေးကြီးတယ်ဆိုတဲ့ JICM အစည်းအဝေးလိုမျိုးက တဖြည်းဖြည်းနဲ့ နောက်ကို ဆုတ်ဆုတ်လာတယ်။ ရှေ့ကိုရော ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် ဘယ်လောက်ရှိတယ်လို့သုံးသပ်မိလဲ။
ဖြေ။ ။ ကျနော့်အနေနဲ့ ဒီ PPST ယာယီခေါင်းဆောင်အဖြစ် ဆောင်ရွက်ရတယ်ဆိုတာ ကျနော်တို့ ငြိမ်းချမ်းရေး က ဘယ်လောက် အရေးကြီးတယ်ဆိုတာ ကျနော်တို့ နားလည်လို့ ပံ့ပိုးပြီး ဆောင်ရွက်လာတာ ဖြစ်ပါတယ်။ အခု ကျနော်တို့သွားမယ့် ခရီးစဉ်ကလည်း ရှေ့ဆက် အနာဂတ်မှာ ကျနော်တို့ ဒီ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ ပိုမိုကောင်းမွန်လာအောင် ဒါကြောင့်မို့ဒီ ရည်မှန်းချက်နဲ့သွားတာ ဖြစ်တယ်။ တဖက်မှာလည်း ကျနော်တို့ ဒီ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့လည်း တွေ့ဆုံပြီးတော့ ဒီကိစ္စတွေ အားလုံးကို ဖြေရှင်းနိုင်ဖို့အတွက် သွားဖို့ ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။
ကျနော်တို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံဖို့ကလည်း ကျနော်တို့ ငြိမ်းချမ်းရေးကော်မရှင်ကို ညှိနှိုင်းထားပြီး ဖြစ်ပါတယ်။ ဒီ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း ဒီကိစ္စကို ကြိုတင်ပြီး သိထားပြီး ဖြစ်ပါတယ်။ ကျနော်တို့တွေ့ဆုံနိုင်မယ်ဆိုရင် တပ်မတော်ဘက်က ဖြစ်လိုတဲ့ အကြောင်းအရာ၊ ကျနော်တို့ဘက်က လိုလားတဲ့ အကြောင်းအရာတွေကို ကျနော်တို့ ဒူးတိုက်ဆွေးနွေးပြီးတော့ ဖြေရှင်းနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီ အရှေ့အလယ်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် သန်းလှိုင် ရဲ့ ကျနော်တို့ရဲ့ ခရီးစဉ်ကို ပိတ်ပင် တားဆီးတဲ့ အတွက်ကြောင့်မို့ ကျနော်တို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လှေကြီးက မှောက်သွားသလောက်ကို ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ရှေ့ဆက် အနာဂတ်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက် ကျနော်တို့ အများကြီး ပြန်လည်ပြုပြင်ပြောင်းလဲရမယ်။ အများကြီး ပြန်လည် ဆွေးနွေးရမယ်။ အကယ်၍ ကျနော်တို့ မဆွေးနွေးနိုင်ဘူးဆိုရင်တော့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လှေကြီးကလည်း လုံး၀ မြှုပ်သွားပြီ ဖြစ်ပါတယ်။
မေး ။ ။ အရင်အခေါက်တွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ သွားတယ်။ နေပြည်တော်ကို သွားတယ်ဆိုရင် ဒီလိုမျိုးပုံစံ ခရီးလမ်းကြောင်းက သွားခဲ့တာလား။ အစိုးရနဲ့ တပ်က ပြောသလိုမျိုး လေကြောင်းခရီးစဉ်နဲ့ပဲ သွားခဲ့တာလား။ အဲဒီတုန်းက အတွေ့အကြုံနဲ့ ခု ကြုံရတာ ဘာကွာလဲ။
ဖြေ။ ။ ကျနော်တို့ကလည်း ကျနော်တို့ရဲ့ ခရီးစဉ်ကို ညှိနှိုင်းဆွေးနွေးပြီးသား။ အစီအစဉ် ချထားပြီးသား ဖြစ်ပါတယ်။
မေး။ ။ အရင်က ကုန်းကြောင်းနဲ့သွားတာ ပြဿနာ မရှိခဲ့ဘူးပေါ့။
ဖြေ။ ။ အရင်က ဒီလမ်းကြောင်းက မသွားစေချင်ဘူးဆိုရင် နဂိုကတည်းကလည်း ညှိထားတာမို့ အမှန်ဆိုရင် အချိန်မှီ ကျနော်တို့ကို အကြောင်းကြားဖို့ လိုတာပေါ့။ ကျနော်တို့ အမှန်ဆို ရောက်ပြီးတော့မှ ဒီ အချိန်တိုတိုလေးမှာ ချက်ချင်းကို ပြောင်းလဲလိုက်တာ။ ဒါကတော့ စေတနာ သန့်တာတော့ မဟုတ်ဘူးပေါ့။
မေး။ ။ လူကိုယ်တိုင် ဂိတ်ရောက်မှ ပြန်လှည့်လာရတာလား။
ဖြေ။ ။ ကျနော်တို့ဂိတ်နဲ့တော့မဝေးတော့ဘူး။ မယ်ဟောင်ဆောင်မှာ ရောက်မှ ကျနော်တို့ကလည်း စီစဉ်ပီးသား။ မနက် ၆ နာရီမှာ ကျနော်တို့ ဂိတ်ဖြတ်ဖို့အားလုံး စီစဉ်ပြီးတာ။ ကျနော်တို့ကို လာကြိုတဲ့ ကားတွေကလည်း ရောက်နေပြီးသားဖြစ်တယ်။
မေး ။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လက်နက်ကိုင်တိုက်နေတာ ဒီမိုကရေစီလိုချင်တယ်၊ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ချင်တယ်ဆိုပြီး တကယ်တမ်းကျတော့ ရှေ့ကို ရောက်မလာဘူး။ မဆွေးနွေးကြဘူးလို့ အဲဒီ သဘောမျိုး ဗိုလ်ချုပ်စိုးနိုင်ဦးက အောက်တိုဘာ ၂၆ ရက် တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတယ်။
ဖြေ ။ ။ အမှန်ဆို ပြည်ထောင်စုဆိုတာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ (ဦးနေဝင်း) အာဏာသိမ်းကတည်းက ပြိုကွဲသွားခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာကတော့ စစ်အာဏာရှင်စနစ်နဲ့ပဲ အုပ်ချုပ်လာခဲ့ခြင်း ဖြစ်ပါတယ်။ အခုချိန်ထိ မြန်မာပြည်က ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် နဲ့ နိုင်ငံမဟုတ်သေးပါဘူး။ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က စပြီးတော့ ဒီ ဒီမိုကရေစီ တံခါးဆိုတာ နည်းနည်း စပွင့်လာ ဖြစ်ပါတယ်။ အဲလိုမျိုး တံခါးဖွင့်လာတဲ့အတွက်ကြောင့် မို့လို့ ဒီ အပစ်ခတ်ရပ်စဲရေးတွေ NCA သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း ကိစ္စတွေ ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။
တပ်မတော်အနေနဲ့ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲလိုပါတယ်။ ဒီမိုကရေစီကို လိုလားပါတယ်ဆိုရင် သူတို့ကတော့ ပြောပေမယ့် ဒါက အပြောပဲ ရှိတယ်။ လက်တွေ့မှာတော့ သူတို့နဂိုအတိုင်းပဲ ကျင့်သုံးနေတုန်းပါပဲ။ အကယ်၍ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲမယ်ဆိုရင် နိုင်ငံတနိုင်ငံမှာ အစိုးရ ၂ ခု ရှိစရာ မလိုပါဘူး။ အခု လက်ရှိမှာကတော့ အစိုးရ ၂ ခု ပုံစံမျိုး ဖြစ်နေပါတယ်။
တပ်မတော်က အစိုးရကို နာခံတာ နားထောင်တာ မရှိပါဘူး။
ကျနော်တို့ ဒီခရီးစဉ်မှာတောင်မှ သာဓက ရှိပါတယ်။ ကျနော်တို့ ဖြစ်ခဲ့တာ။ ဒီ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က NRPC ဥက္ကဋ္ဌက သမ္မတကို တင်ပြတယ်။ သမ္မတကနေ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို မှာကြားတာပေါ့။ ကျနော်တို့ရဲ့ လမ်းခရီးချောမွေ့ဖို့။ ဒါတောင်မှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သမ္မတရဲ့ မှာကြားချက်ကို နားမထောင်ဘူး။ အကယ်၍ တပ်မတော်သာ ဒီအစိုးရအတိုင်း လိုက်နာမယ်ဆိုရင် ကျနော်တို့ရဲ့ ခရီးစဉ်ကလည်း ချောမွေ့ပြီးသား ဖြစ်မှာပါ။
မေး ။ ။ ဖက်ဒရယ်စနစ်နဲ့ ပြည်ထောင်စုကို တည်ဆောက်သွားဖို့ လုံးပန်းနေတဲ့ အချိန်မှာ ဖက်ဒရယ် စနစ်ကို အခြေခံသွားမယ့် မူဝါဒတွေကို အခုချိန်ထိ အပြည့်အစုံ မရနိုင်သေးဘူး။ လွှတ်တော် လမ်းကြောင်းမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက သွားနေပေမယ်လို့ ဒီသက်တမ်းမှာ ဖြစ်နိုင်ဖို့ အလားအလာ နည်းတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောထားတာ ရှိတယ်။ ဒီ အခြေခံ အုတ်မြစ်တွေ ရဖို့ ဥက္ကဋ္ဌကြီးတို့ဘက်ကရော ဘယ်လောက်ထိ လုပ်နိုင်လဲ။ ဘယ်လောက် မျှော်လင့် ထားလဲ။
ဖြေ ။ ။ ကျနော်တို့ ဒီ JICM အစည်းအဝေးမှာ ဒီကိစ္စတွေကို ဆွေးနွေးဖို့ပါပဲ။ ဖက်ဒရယ် မူတွေကို ရနိုင်ဖို့ အပြန်လှန် နားလည်မှုရအောင် သွားဆွေးနွေးဖို့ပဲ ဖြစ်ပါတယ်။