အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ရပ်တန့်နေသည်ဟု မဆိုနိုင်သော် လည်း ရှေ့မတိုးနိုင် ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သည်။ ဆွေးနွေးပွဲများမှာလည်း မအောင်မြင်သလို တဖက်တွင်လည်း ရှမ်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် တိုက်ပွဲများက နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေဆဲ ဖြစ်သည်။
လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေကို မည်သူ့ကိုမျှ အပြစ်မတင်လိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားထားသော်လည်း အဖွဲ့အစည်းတိုင်းသည် မိမိအဖွဲ့ ၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည် သုံးသပ် ရမည့် အချိန်ရောက်နေပြီဟု ထောက်ပြရမည်ဖြစ်သည်။
ထို့ကြောင့် ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက် မှတ်ရေးထိုးမှု ၄ နှစ်မြောက် အခမ်းအနားသို့ တက်ရောက်လာသည့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ စတီကျူ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးကို ဧရာဝတီ၏ နေပြည်တော် အကြီးတန်း သတင်းထောက် ထက်နိုင်ဇော်က မေးမြန်းထားပါသည်။
ဒေါက်တာ မင်းဇော်ဦးသည် ယခင် အစိုးရလက်ထက်တွင် ဖွဲ့စည်းခဲ့သော မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) တွင် ပါဝင်ခဲ့သူတဦး ဖြစ်သလို ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီရုံး၏ အလုပ်မှုဆောင် ညွှန်ကြားရေးမှူး၊ ငြိမ်းချမ်းရေး ကော်မရှင်၏ အကြံပေးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူ တဦးလည်း ဖြစ်သည်။
မေး ။ ။ NCA ထိုးပြီးသား လူတွေအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ရှေ့ဆက် ရွေ့ဖို့အတွက် အခက်အခဲတွေ ရှိနေတာပေါ့ လေ။ အဲဒီတော့ ဒီဟာကို ဆက်ရွေ့အောင် ဘာတွေလုပ်သင့်တယ်လို့ ဒေါက်တာ မင်းဇော်ဦး အနေနဲ့ အကြံပြုချင်လဲ။
ဖြေ ။ ။ ကျနော်တို့ အခက်အခဲ ရှိတာကတော့ ၂ ဖက်လုံးမှာ ရှိတယ်ပေါ့နော်။ အစိုးရမှာလည်း ရှိတယ်။ တိုင်းရင်းသား လက် နက်ကိုင်တွေဘက်မှာလည်း ရှိတယ်။ အစိုးရဘက်မှာ ရှိတဲ့ အခက်အခဲကို ကျော်ဖို့ဆိုရင် အဆင့် ၃ ဆင့်ကို ကျနော်တို့ ဖြေရှင်းဖို့ လိုတယ်။
ပထမ အဆင့်ကတော့ ဆုံးဖြတ်ချက် ချမှတ်တဲ့ စုဖွဲ့မှုတခု အစိုးရဘက်မှာ အခိုင်အမာ ရှိဖို့ လိုတယ်။ လက်ရှိ ရှိနေတဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်တဲ့ ပလက်ဖောင်းက သိပ်မခိုင်ခံ့ဘူးဆိုတဲ့ အနေအထားမျိုး ဖြစ်လာတယ်။ သိပ်ပြီး လုပ်ငန်းမတွင် ကျယ်ဘူးပေါ့နော်။ အဲဒီတော့ အဓိကအားဖြင့် ကျနော်ရဲ့ အမြင်မှာကတော့ နိုင်ငံတော် သမ္မတ ပါဝင်တဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်မယ့် စုဖွဲ့မှုမျိုး လိုတယ်။
ဒုတိယ အချက်ကတော့ ဒီထိပ်သီးခေါင်းဆောင်တွေ ချမှတ်လိုက်တဲ့ မူဝါဒတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အမြဲမပြတ် တွေ့ဆုံ ဆွေးနွေးဖို့အတွက် ဝန်ကြီးအဆင့်ရှိတဲ့ တာဝန်ရှိသူတွေကို အားကောင်းကောင်းနဲ့ ဖွဲ့စည်းဖို့ လိုလိမ့်မယ်။ ဒါက အများကြီး အရေးကြီးတယ်။
အပေါ်က မူဝါဒ ချမှတ်တဲ့သူတွေ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းနေတဲ့သူတွေကို နည်းပညာ အထောက်အပံ့ ပေးဖို့ အတွက် စုဖွဲ့မှုတွေ သေချာဖွဲ့စည်းဖို့ လိုမယ်။ အထူးသဖြင့် ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့သူတွေ ဒီလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဗဟုသုတ ရှိတဲ့သူတွေ အသိပညာရှိတဲ့သူတွေနဲ့ ပြန်လည် စုဖွဲ့ဖို့ လိုလိမ့်မယ်။ ဒီအဆင့် ၃ ခု စလုံးကို အစိုးရဘက်ခြမ်းမှာ ကိုင်တွယ် ဆောင်ရွက်ဖို့ လိုလိမ့်မယ်။
တိုင်းရင်းသား လက်နက်ကိုင်တွေဘက် အခြမ်းမှာ ဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တခုနဲ့ တခုကြားမှာ အခုက အဟ တွေ အရမ်းများတယ်။ အကျိုးစီးပွားတွေလည်း မတူကြဘူး။ သူတို့အချင်းချင်း ကြားထဲမှာလည်း အလုပ်ဖြစ်နိုင်တဲ့ Mechanism တခုကို ပြန်ပြီးတော့ တည်ဆောက်ဖို့ လိုပါလိမ့်မယ်။
မေး ။ ။ အခု NCA လုပ်ငန်းစဉ်မှာ မပါလာတဲ့ အဖွဲ့ တွေလည်း ရှိသေးတာပေါ့နော်။ သူတို့မှာရော ဒီလို ပါဝင်လာဖို့အတွက် ဘယ်လို အဟန့်အတား အခက်အခဲတွေ ရှိနိုင်လဲ။
ဖြေ ။ ။ အဓိကကတော့ လက်ရှိ လောလောဆယ်မှာ ဖြစ်နေတဲ့ ပြဿနာကတော့ NCA ထက် လက်ရှိ အပစ်အခတ် ရပ်စဲရေး ကို လုပ်ဖို့အတွက် နယ်မြေဒေသတွေကို ဘယ်လို ပိုင်းခြားမလဲဆိုတဲ့ အပေါ်မှာ ပြဿနာ ဖြစ်နေတာပဲ။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေ က နိုင်ငံရေးကြောင့် ဖြစ်နေတဲ့ တိုက်ပွဲတွေ မဟုတ်ဘူး။
ရခိုင်မှာ ဖြစ်တဲ့ တိုက်ပွဲတွေ၊ အခု ဖြစ်နေတဲ့ တိုက်ပွဲတွေက နိုင်ငံရေးအရက ဒီအဖွဲ့တွေကို နိုင်ငံရေး ဆွေးနွေးပွဲကို ခေါ်ဖို့ ဆိုတဲ့ဟာ က အစိုးရဘက်ကလည်း မူကျပြီးသား။ တပ်မတော်ဘက်ကလည်း မူကျပြီးသား။ အပစ်အခတ် ရပ်စဲရေးအတွက် နယ်မြေပိုင်းခြား သတ်မှတ်ဖို့ အခက်အခဲ ရှိတဲ့အခါမှာ ဒီတိုက်ပွဲတွေကတော့ ဆက်ဖြစ်နေတာပဲ။
ဒါကတော့ Cease Fire လုပ်ဖို့အတွက် နယ်မြေသတ်မှတ်ချက် လုပ်ဖို့ ခက်တဲ့အတွက် ဖြစ်ရတဲ့ တိုက်ပွဲတွေပဲ။ ဒီတော့ နိုင်ငံရေး ပြဿနာတော့ မဟုတ်ဘူး။
မေး ။ ။ အခုလည်း NCA နှစ်ပတ်လည် လုပ်နိုင်တယ်။ ဒါပေမယ့် အခက်အခဲ တချို့လည်း ရှိနေတုန်းပဲဆိုတော့ မြင်ရ သလောက် ဆိုရင် ဖြစ်ပေါ်တိုးတက်မှုတွေက ဘာတွေ ရှိမလဲ။
ဖြေ ။ ။ သိသာတာကတော့ NCA ထိုးတဲ့သူတွေရော မထိုးရသူတွေရော တပ်မတော်နဲ့ကြားမှာ တိုက်ပွဲတွေက အရင်နှစ်ထက် စာရင် သိသိသာသာကို လျော့သွားတယ်။ ဒါကတော့ ဖြစ်ပေါ်တိုးတက်မှု အနေနဲ့ ပြောလို့ရတာ ရှိတယ်။ နောက်တခုကကျတော့ တချို့ လက်နက်ကိုင်အဖွဲ့အစည်းတွေပေါ့နော်။ သူတို့တွေက ရှေ့ဆက်သွားဖို့ အခက်အခဲ ဖြစ်နေတယ်။ တွန့်ဆုတ်၊ တွန့်ဆုတ် ဖြစ်နေပေမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမှာ သွားချင်တဲ့ ဆန္ဒရှိနေတာတော့ တွေ့ရတယ်။
အခုလာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံပေါ့နော်။ ၂၀၂၀ ထဲမှာ လုပ်မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ အဓိက အခြေခံမူတွေကို ထွက်အောင် ညှိနှိုင်းနိုင်ပြီဆိုရင်တော့ ကျနော်တို့ ဒီအစိုးရအနေနဲ့ တိုးတက် မှုတခုကို ဖြစ်အောင် လုပ်သွားနိုင်တယ်လို့ ကျနော်တို့ ပြောလို့ ရပါတယ်။
မေး ။ ။ RCSS က ဗိုလ်ချုပ်ကြီး ရွက်ဆစ်ရဲ့ ခရီးစဉ် ပျက်သွားတယ်ပေါ့နော်။ ဒီလို ပျက်သွားတဲ့အတွက် ဒီနေ့ရယ် နောက်ပိုင်း လုပ်မယ့် ဆွေးနွေးပွဲတွေမှာ နှောင့်နှေးသွားတာမျိုး ဖြစ်နိုင်သလား၊ ဘယ်လို သုံးသပ်ပါသလဲ။
ဖြေ ။ ။ အခု ကြည့်ရတာကတော့ RCSS အနေနဲ့လည်း ဒီအပေါ်မှာ ခံစားချက် တစုံတရာ ရှိသွားပုံတော့ ရတယ်ပေါ့နော်။ ဒါကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒီထက်ဆိုးတဲ့ဟာတွေလည်း ကျနော်တို့ ကြုံခဲ့ဖူးပါတယ်။ ဒီလို ဖြစ်တဲ့ အခါတိုင်း ကျနေ်ာတို့ ဝိုင်းဝန်းပြီးတော့ ကြိုးပမ်းပြီးတော့ တည့်မတ်ကြတာဆိုတော့ အခက်အခဲတော့ ရှိမယ်။ ဒါပေမယ့် အားလုံး ကတော့ ဒီလမ်းကြောင်းပေါ်ကပဲ ဆက်သွားကြမှာပါ။ သွေဖယ်မယ်လို့တော့ မထင်ပါဘူး။
မေး ။ ။ အခုဆိုရင် ရခိုင်မှာလည်း တိုက်ပွဲတွေက နေ့တိုင်း ဖြစ်နေတာပေါ့နော်။ ပြီးခဲ့တဲ့ လပိုင်းတွေတုန်းကလည်း နောင်ချို၊ ဂုတ်တွင်း ဖြစ်စဉ်တွေလည်း ရှိခဲ့တာဆိုတော့ ဒီလို တိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် သက်ရောက်မှု ရှိနေ နိုင်လား။ ဘယ်လို သုံးသပ်ချင်ပါသလဲ။
ဖြေ ။ ။ တိုက်ပွဲတွေ ဖြစ်ရင်တော့ တယောက်နဲ့တယောက်နဲ့ ယုံကြည်မှု တည်ဆောက်ရေးမှာ ထိခိုက်တာကတော့ သဘာဝပါ ပဲ။ အဓိကကတော့ ဒီတိုက်ပွဲတွေ ရပ်ဖို့ဆိုရင် လက်ရှိ အပစ်အခတ် ရပ်စဲရေး မရှိတဲ့ အဖွဲ့တွေနဲ့ အစိုးရ၊ တပ်မတော်တို့ကြားမှာ အပစ်အခတ် ရပ်စဲရေး ရအောင် လုပ်ဖို့ လိုလိမ့်မယ်။
အဲဒီလို လုပ်ဖို့ဆိုရင် ကျနော် အမြင်ကတော့ ၃ ဖွဲ့ တွေ၊ ၄ ဖွဲ့ တွေ တွဲပြီး ဆွေးနွေးနေတာကတော့ သိပ်ပြီး အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ကျနော်တို့ အနေနဲ့ တကယ်တော့ အပစ်အခတ် ရဖို့ ဆိုရင်တော့ Bilateral လို့ ပြောတဲ့ ၂ ဖွဲ့ ခြင်း သီးသန့် ပြောတဲ့ နည်းလမ်းနဲ့ပဲ အလုပ်ဖြစ်နိုင်မယ်လို့ ထင်ပါတယ်။
မေး ။ ။ ဒီပွဲကတော့ နှစ်ပတ်လည် ပွဲပေါ့နော်။ ဒီပွဲကို အသုံးချပြီးတော့ ငြိမ်းချမ်းရေးအတွက် ဘာမျှော်လင့်နိုင်မလဲ။ ဘာပြော ချင်လဲ။
ဖြေ ။ ။ အဓိကကတော့ NCA ဆိုတာ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းမှာ ပထမဦးဆုံးသော ပြီးပြည့်စုံတဲ့ သဘောတူညီချက် စာချုပ်ပဲဗျ။ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ရင် အပစ်အခတ် ရပ်စဲရေးကို ဘယ်လို လုပ်မလဲဆိုတာလည်း ရေးထားတယ်။ ဘယ်လို စုဖွဲ့မှုတွေ လုပ်မလဲဆိုတာလည်း ရေးထားတယ်။ နောက်ပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဘယ်လို လုပ်မလဲ ဆိုတာ လည်း ရေးထားတယ်။
ဒါထက်ပိုပြီး အရေးကြီးတာက မြန်မာတနိုင်ငံလုံးမှာ ဖက်ဒရယ်ကို သွားမယ်ဆိုပြီးတော့ အတိအလင်း ရေးထားတဲ့ တခုတည်းသော စာချုပ်က NCA ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီ NCA ရဲ့ တန်ဖိုးက ကျနော်တို့ တိုင်းပြည်မှာ အများကြီး ကြီးတယ်။ တိုင်းပြည်ရဲ့ အနာ ဂတ် အတွက်လည်း အရေးကြီးတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက်လည်း အရေးကြီးတယ်။
ကျနော်တို့ ရပြီးသား အောင်မြင်မှုတခုကို ဆက်လက်ပြီး ထိန်းသွားနိုင်အောင် NCA အကောင်အထည် ဖော်ရေးကို အားသွန်ခွန်စိုက် လုပ်ဖို့ကတော့ အစိုးရဘက်ရော တိုင်းရင်းသားလက်နက်ကိုင်တွေ ဘက်မှာရော အလွန်ကို အရေးကြီးပါတယ်။
မေး ။ ။ အခု ၂၀၂၀ ရောက်လို့မှ ငြိမ်းချမ်းရေး မရဘူးဆိုရင် အခက်အခဲတွေ ရှိနေဦးမယ်ဆိုရင် လက်ရှိ သွားနေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကိုပါ ထိခိုက်မှုတွေ ရှိနိုင်တယ်လို့ တပ်မတော်က သတိပေးတာတွေ ရှိတယ်။ လက်ရှိ အခြေအနေထက် ပိုဆိုး မသွားအောင် ပြုပြင်ပြောင်းလဲမှု အောင်မြင်အောင် ဘာအကြံပြုချင်တာ ရှိလဲ။
ဖြေ ။ ။ မြန်မာပြည်မှာ ငြိမ်းချမ်းရေး ရဖို့ ဆိုရင် ဒါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့လည်း တိုက်ရိုက်သွားပြီး သက် ဆိုင်တာကိုး။ တပ်မတော်ဘက်ကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေးအတွက် သူ့ဘက်က ဘာတွေ လုပ်ပေးနိုင်မလဲ။ ဘာတွေ ဖြေလျော့ပေးနိုင်မလဲ။
တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေလည်း ပြင်မယ်။ ဖက်ဒရယ်လည်း သွားမယ်ဆိုရင် သူတို့ အနေနဲ့ လုံခြုံရေး ခြိမ်းခြောက်မှုဆိုင်ရာ ကိစ္စတွေကို ဘယ်လို ဖြေလျော့ပေးနိုင်မလဲ။ အဓိက တပ်မတော်က ပြောတဲ့ ဖက်ဒရယ်ရလို့ ဖက်ဒရယ် သွားပြီဆိုရင် ခင်ဗျားတို့ လက်နက် ဆက်ကိုင်နေဦးမှာလားဆိုတဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းပေးမလဲ ဆိုတဲ့ဟာကို လည်း တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ပြောဖို့ လိုလိမ့်မယ်။
တခုခုကို ကျနေ်ာတို့ ဖြေရှင်းနိုင်ပြီ ဆိုရင်တော့ ဖက်ဒရယ် ကိစ္စ ဖြေရှင်းနိုင်တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိစ္စ ဖြေရှင်းနိုင်တယ်။ နောက်တခုက လုံခြုံရေးကိစ္စ ဖြေရှင်းနိုင်ပြီဆိုရင်တော့ ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကတော့ ဒါအများကြီး ဖြောင့်ဖြူးသွား နိုင်မှာပါ။
You may also like these stories:
အစိုးရ၏ ရှေ့ဆက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဒေါ်အောင်ဆန်းစုကြည် အသိပေး
ကျနော်တို့ အခုတောင်းဆိုတိုက်ပွဲဝင်နေတာ တအာင်းပြည်နယ်အတွက်ပါ
အပစ်ရပ်စာချုပ်ကို တပြိုင်တည်းလက်မှတ်ထိုးလိုကြောင်း မြောက်ပိုင်းအဖွဲ့ပြော
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပဟေဠိ