တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် အစိုးရအကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရေးထိုးထားသော်လည်း လက်တွေ့အခြေအနေတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ထိထိရောက်ရောက် ရှေ့မဆက်နိုင်ဘဲ ဇာတ်မျောကြီး ဖြစ်နေသည်ကို တွေ့ရသည်။
သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်းကုန်ဆုံးခါနီးတွင် လက်နက်ကိုင် ၈ ဖွဲ့နှင့် လက်မှတ်ရေးထိုး နိုင်ခဲ့သဖြင့် လူထုရွေးချယ်တင်မြောက်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေးကို ပိုမိုဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်မှုများ ထားရှိခဲ့ကြသည်။
သို့သော်လည်း မျှော်မှန်းထားသကဲ့သို့ ဖြစ်မလာဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အနှုတ် လက္ခဏာပင် ပြလာလျှက်ရှိနေသည်။ အပစ်ရပ်အဖွဲ့များပင်လျှင် NCA စာချုပ်ပါအတိုင်း ပြည်ထောင်စု သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရေး အတွက် ၆ လတကြိမ်ပြုလုပ်ရမည်ဖြစ်သော ၂၁ ပင်လုံ ညီလာခံကိုပင် ပုံမှန် မကျင်းပနိုင်တော့ဘဲ ဖြစ်နေသည်။
ထို့ကြောင့် အပစ်ရပ်အဖွဲ့များ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ ရှေ့ဆက်နိုင်မည့် အလားအလာတို့နှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တလျှောက်လုံးတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သော ချင်းအမျိုးသား တပ်ဦး (CNF) ၏ ဒုဥက္ကဋ္ဌ – ၁ ဆလိုင်းလျန်မုန်းဆာခေါင်း ကို ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော် က တွေ့ဆုံမေးမြန်းထားသည်။
မေး ။ ။ NLD အစိုးရ ဦးဆောင်တဲ့ ဒီဘက် ခေတ်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး မျှော်လင့်ချက် တွေ အများကြီး ရှိနေကြတယ်။ ဒါပေမဲ့ အခုဆိုရင် ငြိမ်းချမ်းရေးကလည်း ဇာတ်မျောကြီး ဖြစ်နေတယ်လို့ အားလုံးက မြင်နေကြတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆလိုင်းလျန်မုန်းရဲ့ အမြင်လေးကို စပြီး ပြောပြပေးပါလား။
ဖြေ ။ ။ ကျနော်တို့လက်ရှိဆင်နွှဲနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးပေါ့နော် အခက်အခဲရှိတယ်။ တချို့ နေရာမှာ တစ်ဆို့မှုတွေရှိတယ် ဆိုတာတော့ ကျနော်တို့ အားလုံး ဝန်ခံရမှာ ဖြစ်ပါတယ်။ ဘာလို့ လဲဆို ကျနော်တို့အားလုံးက ထဲထဲဝင်ဝင် ပါတဲ့သူတွေနဲ့ ဘာကြောင့် ဘယ်နေရာမှာ ဘယ်လို အခက်အခဲတွေရှိတယ်ဆိုတာ ကျနော်တို့ နားလည်တဲ့အပေါ်မှာ တဆို့မူလေးတွေ ရှိတယ် ဆိုတာ ကျနော်တို့ ဝန်ခံပါတယ်။
အဲဒီ တဆို့မူတွေက ကျနော်တို့ ကျော်လွှားလို့ မရတဲ့ တဆို့မှု မဟုတ်ဘူး။ ကျနော်တို့ ဖြေရှင်းလို့ မရတဲ့ ပြဿနာမဟုတ်ဘူး။ အခက်အခဲရှိတယ် ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ တိုင်းပြည်မှာ ပြည်တွင်းစစ်ကြီးဆိုတာ နှစ်ပေါင်း ၇၀ ကြာပြီ။ အဲနှစ်ပေါင်း ၇၀ ကြာပြီဖြစ်တဲ့ ပြဿနာကြီးကို ဖြေရှင်းဖို့အတွက်ဆိုရင် တခါတလေ ကြတော့ ကျနော်တို့ ဒီလိုပုံစံလေးမျိုးနဲ့ အစည်းအဝေး တခါလောက် ထိုင်ပြီးတော့ ဒီအကြံ ဉာဏ် လေးတွေ ဆွေးနွေးပြီးတော့ ဒီပြဿနာလေးတွေ ဖြေရှင်းလိုက်ရင် ပြေလည်မယ်လို့ ကျနော်တို့ ထင်တယ်။ အဲဒါလေးကို ဆွေးနွေးရင်းနဲ့ ကျနော်တို့ မမျှော်လင့်ဘဲနဲ့ ကျနော်တို့ ဖြေရှင်းချင်တဲ့ ပြဿနာအောက်မှာ ငုတ်နေတဲ့ တခြား ပြဿာနာ ဘွားခနဲပေါ်လာတာလေးတွေ ကျနော်တို့ ကြုံပါတယ်။
မေး ။ ။ ခုနက ပြောသွားတဲ့ အထဲမှာ ဘွားခနဲ ပေါ်လာတဲ့ မျှော်လင့်မထားတဲ့ ပြဿနာတွေဆိုတာ ရှိတယ်။ အဲဒါလေးကိုကော ကျနော် တို့ကို ရှင်းပြလို့ ရမလား။
ဖြေ ။ ။ ဟုတ်ကဲ့။ ကျနော်တို့ အနေနဲ့ စပြီး ဖြေရှင်းချင်တဲ့ ပြဿာနာက ပြည်ထောင်စု စပြီး ထူထောင် တုန်းက ပင်လုံစာချုပ်မှာ ပါပြီးတော့ အကောင်အထည် မဖော်နိုင်သေးတဲ့ ပြဿနာတွေ ပေါ့နော်။ ဥပမာအားဖြင့် ပင်လုံစာချုပ်လို့ ပြောလိုက်ရင် ခုချိန်ထိ ပင်လုံစာချုပ်မှာ ယနေ့အထိ အကောင် အထည် မဖော် နိုင်သေးတဲ့ အခု ၂၁ ပင်လုံမှာ ဖြေရှင်းဖို့ ကြိုးစားနေတဲ့ ပြဿနာ ၂ ခု တည်းပါ။ အဲဒါ ဘာလဲဆိုတော့ ပင်လုံစာချုပ် အပိုဒ် ၅ မှာ ပါတဲ့ တိုင်းရင်းသား လူမျိုးများကို တနည်းအားဖြင့် ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များတွေကို နယ်တွင်းအုပ်ချုပ်ရေးမှာ ကိုယ်ပိုင် ပြဌာန်းခွင့် ပေးရမယ်ဆိုတာ ကျနော်တို့ အကောင်အထည် မဖော်နိုင်သေးဘူး။
ပြီးတော့ ကျနော်တို့ ပင်လုံစာချုပ် အပိုဒ် ၇ မှာ ဒီမိုကရေစီစနစ် ကျင့်သုံးရမယ်ဆိုတာ ကျနော် တို့ အပြည့်အ၀ အကောင်အထည် မဖော်နိုင်သေးဘူး ဆိုတော့ ကျနော်တို့ ပင်လုံစာချုပ်လို့ ပြောလိုက်ရင် အပိုဒ် ၅ နဲ့ အပိုဒ် ၇ ကိစ္စဖြစ်တယ်။ ကျနော်တို့ အနေနဲ့ စဉ်းစားထားတာ ကတော့ ပင်လုံစာချုပ် အနေနဲ့ အကောင်အထည်ဖော်မယ်ဆိုရင် ပင်လုံစာချုပ်မှာလည်းဘဲ ကိုယ်ပိုင် ပြဌာန်းခွင့်ဆိုတဲ့ ဟာလေးတွေကလည်း ပါနေတယ်။ NCA စာချုပ်မှာလဲ ဆွေးနွေးတုန်း က ဒီစကားလုံးတွေက ပါလာတယ်။ သို့သော် အဲဒါကို အသေးစိတ် ဆွေးနွေးတဲ့အခါကြတော့ အချင်းချင်းကြားမှာ ယုံကြည်မူ၊ ခိုင်မာမှု မရှိတာပေါ့နော်။ သံသယ ရှိတာလေးတွေ အဲဒါလေးတွေ ပါလာပြီးတော့ လုံးဝမမျှော်လင့်ပဲနဲ့ ခွဲထွက်ရေး၊ မခွဲထွက်ရေးဆိုတဲ့ ပြဿနာလို ဟာမျိုး ပေါ်လာတာမျိုး ကျနော်ပြောချင်တာဖြစ်တယ်။
ဥပမာအားဖြင့် ခွဲထွက်ရေး၊ မခွဲထွက်ရေး ဆိုတဲ့ဟာမျိုးဟာ ခွဲထွက်ရေးဆိုတာလဲ အခု ကျနော်တို့ သွားချင်နေတာက ရှင်းရှင်း ပြောရရင် NCA မှာ သွားချင်နေတာက ဒီမိုကရေစီနဲ့ ဖက်ဒရယ် နှစ်ရပ်လုံး ထူထောင်မယ်ဒါပဲ။ ဒီမိုကရေစီ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေကို အပြည့်အ၀ အာမခံချက် ပေးနိုင်သော ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စုကို ထူထောင်မယ်ဆိုတဲ့ NCA စာချုပ်ရဲ့ ဦးတည်ချက်။ NCA စာချုပ် အပိုဒ် ၁ အဲဒီအတိုင်း ဖော်ပြတယ်။
ဆိုတော့ အဲ့အထဲမှာ ကိုယ်ပိုင် ပြဌာန်းခွင့်က ပါပြီ။ ပင်လုံစာချုပ်မှာလဲ ပါပြီဆိုတော့ အဲဒါကြီးက ဒီအတိုင်းသွားလိုရှိရင် ကျနော်တို့ အဆင်ပြေပြီလို့ ကျနော်တို့ ထင်နေတာ။ သို့သော် အဲဒီမှာ ခွဲမထွက်ရေး ဆိုတဲ့ဟာမျိုး ကိစ္စက ပေါ်လာတယ်ဆိုတော့ ခွဲမထွက်ရေးနဲ့ ခွဲထွက်ရေးဟာ ကျနော်တို့ တိုင်းပြည်ကို အင်မတန်မှ ဒုက္ခပေးတဲ့ စကားလုံး နှစ်လုံးဖြစ်တယ်။ ခွဲထွက်ခွင့် ကလည်း ဒုက္ခပေးခဲ့တယ်။ ခွဲမထွက်ရေးကလည်း ငြိမ်းချမ်းရေးကို တစ်ဆို့စေတယ်။
ဘာလဲဆိုတော့ ဒါက ဒီမိုကရေစီ Principal လည်းမဟုတ်ဘူး။ ခွဲထွက်ရမယ် မခွဲထွက်ရဖူးဆိုတာ ဒီမို ကရေစီ Principal လည်း မဟုတ်ဘူး။ ဖက်ဒရယ် Principal လည်းမဟုတ်ဘူး။ နိုင်ငံရေးအရ အပေး အယူ လုပ်ရမယ့် ကိစ္စပဲဖြစ်တယ်။ ထို့အတွက်ကြောင့် ကျနော်တို့ နိုင်ငံရေးအရ ဒီလို အပေးအယူ လုပ်ရမယ့် ကိစ္စမျိုးကို ကျနော်တို့ ဒီမိုကရေစီ Principal၊ ဖက်ဒရယ် Principal လို နည်းပညာနဲ့ ဖြေရှင်းလို့မရဘူး။ ဒါမျိုးက ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပင်လုံမှာ နိုင်ငံရေးအရ ဖြေရှင်းသလိုပေါ့ဗျာ။ အဲလိုပဲ ဖြေရှင်းရမှာ ဖြစ်ပါတယ်။
ထို့အတွက်ကြောင့် ကျနော် ပြောချင်တာ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းက နေပြီးတော့ ၁၉၄၇ ဖွဲ့ စည်းပုံ အခြေခံဥပဒေမှာ ခွဲထွက်ခွင့် ပါရမယ်လို့ ကျနော်တို့ကို တိုင်းရင်းသားတွေ တောင်းဆိုချက် ကို လိုက်လျောခဲ့တာ ဒီမိုကရေစီ အခြေခံမူကြောင့် မဟုတ်ဘူး။ ပင်လုံစာချုပ် အပိုဒ် ၇ ကြောင့် လည်း မဟုတ်ဘူး။ ကိုယ်ပိုင် ပြဌာန်းခွင့်ဆိုတဲ့ ဖက်ဒရယ် အခြေခံမူကြောင့်လည်း မဟုတ်ဘူး။
ဒါက ချင်း၊ ကရင်၊ ရှမ်း နှင့် ဗမာပြည် အရပ်ဘက်အစိုးရ အတူတကွ လွတ်လပ်ရေး ရဖို့အတွက် ဆိုတဲ့ နိုင်ငံရေး ဦးတည်ချက်တခု အနေနဲ့ သွားတာဖြစ်တယ်။ ထိုအတွက်ကြောင့် ဒီအချိန်မှာ ခုနက ဘွားခနဲ ပေါ်လာတယ်ဆိုတဲ့ အဲလို ပြဿနာဟာ ကျနော်တို့ UPDJC တို့ အတွင်းရေး မှူးအဖွဲ့တို့ လုပ်ငန်းကော်မတီတွေမှာ ဆွေးနွေးလို့ရတဲ့ ကိစ္စမဟုတ်ဘူး။ တကယ့် နိုင်ငံ ခေါင်းဆောင်တွေ ကနေပြီးတော့ အမျှော်အမြင် ကြီးကြီးနဲ့ ကျနော်တို့ တိုင်းပြည် အနာဂတ်ကို မျှော်မှန်းပြီးတော့မှ အပေးအယူလုပ်ပြီး ဒါလေးတော့ ထည့်သင့်တယ်ဆိုရင်လည်း အားလုံး သဘောတူ ထည့်၊ ဒါကတော့ ကျနော်တို့ တိုင်းပြည်ကို ဒုက္ခပေးတယ်။ ပြည်တွင်းစစ်ကိုလဲ ဖန်တီးခဲ့တယ်။ ဒါဆို မထည့်နဲ့ဆိုလဲ မထည့်နဲ့ အဲလိုဟာမျိုးလေးတွေကို ကျနော်တို့ အနေနဲ့ ခေါင်းဆောင်တွေက သတ္တိရှိရှိနဲ့ လုပ်ပေးဖို့လိုတယ်။
မေး။ ။ သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာတုန်းက ခေါ်ခဲ့တာက ငြိမ်းချမ်းရေး ညီလာခံလို့ ခေါ်ခဲ့တယ်။ ဒီ NLD အစိုးရ လက်ထက်မှာ ခေါ်ခဲ့တာက ၂၁ ရာစု ပင်လုံညီလာခံ လို့ ပြောခဲ့တယ်။ ပင်လုံဆိုတဲ့ စကားလုံး တလုံး ပါလာတယ်ပေ့ါ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ခုလိုမျိုး ခွဲထွက်ရေး၊ မခွဲထွက် ရေးဆိုတဲ့ ကိစ္စတွေ အသံတွေ ညံလာတာပေါ့။ ပင်လုံစိတ်ဓာတ်ဆိုတာက တပိုင်း၊ ဒါပေမယ့် ပင်လုံညီလာခံလို့ ခေါ်လိုက်တဲ့အခါမှာ တိုင်းရင်းသားတွေ ဘက်က ထပ်ပြီး ဆွဲဖွင့်ရမယ့် တံခါးချပ်တွေ ပိုပေါ်လာတာပေါ့။ ကျနော်တော့ အဲဒီလို သုံးသပ်မိတယ်။ နောက်တခု ကတော့ ထပ်ပြီး တွေးမိတာကတော့ ဆွေးနွေးပွဲရဲ့ အနှစ်သာရပေါ့။ သမ္မတကြီး ဦးသိန်းစိန် လက်ထက်တုန်းက ဆိုရင် ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပွဲတွေက အရှိန်အဟုန် တော်တော် ကောင်းတာကို တွေ့ရတယ်။ နိုင်ငံတကာကလည်း စိတ်ဝင်စားတယ်။ သတင်းကောင်းတွေ ကျနော်တို့မှာ ရှိတယ်။ ဒါပေမယ့် ဒီဘက်မှာ ကျနော်တို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ မျှော်လင့်ချက်တို့၊ စိတ်လှုပ်ရှားမှုတို့က အတော်ကို ကျ သွားတာကို တွေ့ ရတယ်။ အဲနှစ်ခုကို နှိုင်းယှဉ်ပြီး ပြောပြပေးပါလား။
ဖြေ ။ ။ နံပါတ် ၁ က ကျနော်တို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဆိုတဲ့ဟာက ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကနေ အဆိုပြုတဲ့ NCA စာချုပ် မူကြမ်း ထဲမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဆိုတဲ့ နာမည်ကို ကျနော်တို့ သုံးချင်တယ်။ အဲဒီ တုန်းက သမ္မတ ဦးသိန်းစိန် ကတော့ အမျိုးသား ငြိမ်းချမ်းရေး ညီလာခံ ဆိုပြီးတော့ သုံးချင်တယ်။ ဆွေးနွေးရင်း ဆွေးနွေးရင်းနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဆိုတာ ကျနော်တို့ သဘောတူလိုက်တယ်။
NLD အစိုးရ တက်လာတဲ့ အခါကျတော့ သူတို့က ၂၁ ရာစု ပင်လုံဆိုတဲ့ဟာကို ထည့်လိုက်တယ်။ ပင်လုံဆိုတဲ့ဟာ ပါလာတယ်။ ဒါကို ဆွေးနွေးရင်းနဲ့ အဲဒီ ကာလတုန်းက ကျနော် UPDJC (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အကောင်အထည်ဖော်မှု ကော်မတီ) တွေရဲ့ နိုင်ငံရေးကဏ္ဍ အတွင်းရေးမှူး တယောက်အနေနဲ့ အများကြီး ဝင်ဆွေးနွေးခဲ့တယ်။ ကျနော် တို့က လက်ခံပေးလိုက်တယ်။
လက်ခံပေးရတဲ့ အကြောင်းအရင်းထဲမှာ ဘာပါလဲဆိုတော့ ကျနော် စောစောက တင်ပြလိုက်တဲ့ ပင်လုံချုပ်စာချုပ် အပိုဒ် ၅ နဲ့ အပိုဒ် ၇ ကို အကောင်အထည် မဖော်နိုင်သေးဘူး။ ထို့အတွက်ကြောင့် ၁၉၄၇ ခုနှစ် ပင်လုံညီလာခံ ကျနော် တို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ မျှော်မှန်းတဲ့ မျှော်မှန်းချက်လေးကို ဒီညီလာခံမှာ ပြီးပြည့်စုံအောင် ဆောင်ရွက်မယ်။ ပြည်စုံစေရမယ် ဆိုတဲ့ကောင်းမွန်တဲ့ ရည်ရွယ်ချက်လေးနဲ့ ကျနော်တို့လုပ်တာ ဖြစ်ပါတယ်။ ခုနက ခွဲထွက်ခွင့်၊ မခွဲထွက်ခွင့် ဆိုတဲ့ဟာ ကျနော်တို့ လုံးဝကို မစဉ်းစားဘူး။ ဆန္ဒလဲမရှိဘူး။ ဖြေရှင်းရမယ်ဆိုရင်တော့ သမိုင်းရဲ့ တောင်းဆိုချက်အရ ဖြေရှင်းကောင်း ဖြေရှင်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ ပြဿနာတွေက ကျနော်တို့ ကိုင်တွယ်လေ ပိုရှုပ်လာလေလေ ဖြစ်တဲ့အတွက် ကျနော် ကတော့ ထားခဲ့ချင်တယ်။
ဆရာ့ရဲ့ ဒုတိယ မေးခွန်းကတော့ သမ္မတ ဦးသိန်းစိန် ခေတ်နဲ့ ကျနော် တို့ NLD အစိုးရခေတ်၊ တချို့ က သမ္မတ ဦးသိန်းစိန် ခေတ်ကို လုံး၀ ကောင်းခဲ့သလိုတော့ ပြောကြတာပေါ့။ သို့သော် ပြန်ကြည့်မယ် ဆိုရင် အချိန်ကာလအနေနဲ့ မပိုင်းပြတ်ဘူး။ သမ္မတ ဦးသိန်းစိန်က ၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်တယ်။ ပြီးတော့ အစိုးရ ဖြစ်လာတယ်။ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့မှာ ငြိမ်းချမ်းရေးကို ဖိတ်ခေါ်ခဲ့တယ်။ ဒါပေမယ့် ၂၀၁၁ ခုနှစ်ကနေ ဆွေးနွေးလိုက်တာ တကယ့် တရားဝင် စပြီးတော့ ဖိတ်နိုင်တာ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလမှာပဲ စဖြစ်တယ်။ ၂၀၁၃ ကနေပြီးတော့ အားလုံးတောင် မဟုတ်ဘူး။ တနိုင်ငံလုံး အပစ်အခပ် ရပ်စဲရေးဆိုတဲ့ NCA တခုတည်းကို ဆွေးနွေးတာ လပေါင်း ၂၀ ကြာတယ်။ လက်မှတ်သွားထိုးလိုက်တာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ ဖြစ်တယ်။
၂၀၁၅ နိုဝင်ဘာလမှ ရွေးကောက်ပွဲ လုပ်တယ်။ ရွေးကောက်ပွဲ မတိုင်ခင် ၁ လမှာပဲ ဒါကို ကျနော်တို့ ဆောင်ရွက်လိုက်တယ်။ ဒါကြောင့် အဲဒါကို နှိုင်းယှဉ်ပြီးတော့ ပြောမယ်ဆိုရင် NLD အနေနဲ့လည်း အားလျော့စရာ၊ စိတ်ပျက်စရာ မရှိပါဘူး။ အချိန် အများကြီး ရှိပါသေးတယ်။ နိုင်ငံရေးမှာ တနှစ် ခွဲဆိုတာ အချိန်အများကြီးပဲ။ သမ္မတ ဦးသိန်းစိန်လို ကြိုးစားပြီးတော့ လုပ်မယ်ဆိုလျှင် သူတို့လဲ လုပ်နိုင်ပါသေးတယ် ဆိုပြီးတော့ ကျနော် တင်ပြချင်တယ်။
မေး ။ ။ အဲကြိုးစားပြီး လုပ်မယ်ဆိုတဲ့ ကိစ္စကိုပဲ ထပ်ပြီး ဆွေးနွေးကြရအောင်။ သမ္မတကြီး ဦးသိန်းစိန် လက်ထက်တုန်းက ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ၂၄ နာရီ နီးပါး လုပ်နေတဲ့ လူတွေရှိ ပါတယ်။ Team လဲ ကောင်းကောင်း ရှိပါတယ်။ အဲဒီတုန်းက ဝန်ကြီး ဦးအောင်မင်းလည်း ကိုယ်တိုင် ကြပ်မတ်ပြီး လုပ်တာရှိပါတယ်။ ဒါ့အပြင် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အစိုးရနဲ့ တပ်မတော် ကြားထဲမှာ ပိုပြီးတော့ တွေ့ဆုံမူတွေ Formal ဆန်တဲ့ Setting တွေ မဟုတ်တော့ဘဲနဲ့ ဒီထက် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှု ပိုရအောင် တချို့ကတော့ အကြောလျော့တယ်လိုပြောတာပေါ့။ ညဘက်တွေ့တာတွေရော၊ နေ့လည်ဘက် တွေ့တာတွေရော အသေအချာ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှု ရအောင် ယူကြတာ တွေ့ရတယ်။ ဒါမှသာ စကား တကယ့်တကယ့် ပြောတဲ့အခါကျရင် ပိုပြီး ချောမွေ့ သွားတာ ရှိတယ်ဆိုပြီးတော့ ပြောကြတယ်။ ဒါမျိုးကို ဒီအစိုးရ လက်ထပ်မှာ ကျနော်တို့ မတွေ့ရဘူး။ အဲဒါကို ဆလိုင်းလျန်မုန်း ဘယ်လိုထင်လဲ။
ဖြေ ။ ။ ဒါကတော့ ကျနော်တို့ အနေနဲ့ နှစ်ပိုင်းကြည့်ရမယ်ထင်တယ်။ နံပါတ် (၁) ကတော့ ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဦးဆောင်လမ်းညွှန် ကြီးကြပ်ဖို့အတွက် ကျနော်တို့ ဆောင် ရွက်နေတဲ့ ဒီဇိုင်းပေါ့နော်။ အဲဒီ ဒီဇိုင်းနဲ့ ပက်သတ်ပြီးတော့ ကျနော်တို့ NLD အစိုးရ နဲ့ သမ္မတ ဦးသိန်းစိန် မတူတဲ့ အချက်တချက်တော့ ရှိတယ်။ သို့သော် တဘက်မှာ informal လို့ခေါ်တဲ့ အလွတ်သဘော ဆွေးနွေးပွဲတွေ ပိုပြီးတော့ လုပ်ရမယ်ဆိုတဲ့ ဟာမျိုး (၂) ပိုင်းရှိတာပေါ့နော်။ အဲဒီ နှစ်ခုကို ကျနော် နှိုင်းပြီးတော့ ပြောမယ်ဆိုရင် နံပါတ် (၁) က ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ ဒီဇိုင်းပေါ်မှာ အများကြီးမူတည်တယ်။
အဲဒီဇိုင်းမှာ ဘာဖြစ်လဲဆိုတော့ သမ္မတ ဦးသိန်းစိန် ခေတ်တုန်းက UPCC (ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ) ဆိုတဲ့ ဗဟိုကော်မတီရှိတယ်။ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ဥက္ကဋ္ဌ လုပ်တယ်။ တပ်ချုပ်ကြီး ပါတယ်။ လွှတ်တော် နာယကများ ပါတယ်။ လွှတ်တော် Speaker တွေ အားလုံးပါတာပေါ့။ အဲဒီ အောက်မှာ UPWC (ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ) ဆိုတာရှိတယ်။ ဒုတိယ သမ္မတ စိုင်းမောက်ခမ်း ဥက္ကဋ္ဌ လုပ်တယ်။ အဓိက လာဆွေးနွေးတာကတော့ ဦးအောင်မင်း ဖြစ်တယ်။ သူတို့ အနေနဲ့က ကျနော်တို့နဲ့ လာဆွေးနွေးမယ်ဆိုရင် ဦးအောင်မင်းက ကျနော်တို့ကို သဘောတူပြီဆိုရင် ချက်ချင်း နားလည်လို့ ရတာက သမ္မတကြီးလဲ သဘောတူတယ်။ တပ်ချုပ်ကြီးလဲ သဘောတူတယ်။ လွှတ်တော် ကလည်း သဘောတူတယ်။ အားလုံး သဘောတူတယ်ဆိုပြီးတော့ ကျနော်တို့ အစိုးရ တရပ်နဲ့ သေချာဆွေးနွေးတဲ့ပုံစံဖြစ်သွားတယ်။ အဲဒါက ပိုမိုအားကောင်းခဲ့တယ်လို့ ကျနော်မြင်တယ်။
ပြီးတော့ သူတို့ရဲ့ Supporting Meninism (အထောက်အကူပြု ယန္တာရား) အဲဒီ MPC (မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန) ဆိုတာ ရှိတယ်။ အဲဒီမှာ Ph.D ဘွဲ့ရတွေ၊ ပါရဂူ ဘွဲ့ရတွေ ဝန်ထမ်း (၁၀) ဦးကျော်ရှိတယ်။ ဝန်ထမ်း ၁၄၀ လောက်ရှိတယ်။ အချိန်ပြည့် အလုပ် လုပ်တယ်။ ကျနော်တို့ လိုချင်သမျှ အစည်းအဝေး လုပ်တော့မယ်ဆိုရင် ဘယ်မှာလုပ်မလဲ၊ ဘယ်လို လုပ်မလဲ အဲဒါကအစ လိုလေသေးမရှိအောင် Logistic Support, Technician Support, Policy Support အားလုံးရှိတယ်။ အဲဒါလေးက ကောင်းတယ်လို့ ကျနော် မြင်တယ်။
အခုလက်ရှိ NLD အစိုးရရဲ့ ဆောင်ရွက်မှုမှာ ကောင်းတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အဲဒီမှာ ကျနော် ပိုပြီးတော့ ဖြစ်စေချင်တာက NRPC (အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန) ဖွဲ့စည်းဖို့ ရှိမယ်ဆိုရင် NRPC မှာ ဥက္ကဋ္ဌကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်တယ်။ ပြီးတော့ တပ်ဘက်က ကိုယ်စားလှယ်ထဲမှာ တပ်ချုပ်ကြီး မပါဘူး။
မေး ။ ။ ဆလိုင်းလျန်းမုန်း ပြောတာက အရင်အစိုးရလက်ထက်မှာတုန်းက တသားတည်း ဖြစ်တယ်။ တပ်ချုပ်ကိုယ်တိုင်ကလည်း Peace နဲ့ ပတ်သက်တဲ့ ကော်မတီထဲမှာ ပါပြီးသား ဖြစ်တယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ NPRC မှာ တပ်ချုပ်က မပါဖူး ဖြစ်နေတယ်။
ဖြေ ။ ။ ထို့အတွက်ကြောင့် ကျနော်တို့က ဘာဖြစ်လဲဆိုတော့ သူတို့ရဲ့ ယန္တာရားထဲမှာ အစိုးရနဲ့ တပ်နဲ့ တသားတည်းဖြစ်တယ်ဆိုရင် ဆွေးနွေးတဲ့အခါ အစိုးရတရပ်ထဲကို ဆွေးနွေးတာမျိုး ဖြစ်တယ်။ အခုကတော့ ကျနော်တို့ အစိုးရ နှစ်ရပ်ကို ဆွေးနွေးတာမျိုး ဖြစ်တယ်။ NLD အစိုးရ တရပ်၊ တပ်မတော်က တခု အဲလိုဖြစ်နေတော့ ကျနော်တို့မှာ အခက်အခဲရှိတယ်။
အဲဒီအတွက်ကြောင့် ဒီ ဒီဇိုင်းလေးထဲမှာ အစိုးရနဲ့ တပ်နဲ့က တသားတည်းဖြစ်ပြီးတော့ ပုံစံ တခုတည်းနဲ့ လာဆွေးနွေးနိုင်တဲ့ အခင်းအကျင်း ရှိရင်ကောင်းမယ်လို့ ကျနော် မြင်တယ်။ ဒုတိယ တချက်က NRPC မှာ အင်မတန်မှ ဝန်ထမ်းအင်အား လူ အင်အား အားနည်းပါတယ်။ အမြဲတမ်း ၂၄ နာရီ အလုပ်လုပ်နိုင်ဖို့ ဝန်ထမ်းတွေမရှိဘူး။ လက်ရှိ အစိုးရမှာ ပါဝင်တဲ့ ဝန်ကြီး တယောက်က ကျနော်တို့ကို ပြောတာ ဘာလဲဆိုတော့ ဥပမာအား ဖြင့် ကျနော်တို့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်အရ UPDJC နိုင်ငံရေး ဆွေးနွေးမှု တခုလုံးကို ဦးဆောင် လမ်းညွှန်ကြီးကြပ်ရမယ်ဆိုတာ ပါတယ်။
အဲဒီ ဦးဆောင် လမ်းညွှန် ကြီးကြပ်ရမဲ့ ဆိုတဲ့ UPDJC ဆိုတာ ယနေ့အထိ ရုံးတောင်မရှိဘူး။ ဒါပေမဲ့ အဲဒီ ဝန်ကြီးက ဘာပြောလဲဆိုတော့ UPDJC ဆိုတာ အစည်းအဝေးပဲတဲ့။ အဲဒါ အစည်းအဝေး မဟုတ်ဘူူး။ ကော်မတီ။ အခိုင်အမာ လုပ်ရမှာ။ ပွင့်ပွင့်လင်းလင်း ကျနော် တင်ပြမယ်ဆိုရင် NLD အစိုးရ အချိန်မနှောင်း သေးဘူး။ အခုချိန်မှာ ဝန်ကြီးဌာန တခုလို ဝန်ကြီးတပါး ခန့်ပြီးတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်က ဝန်ကြီးဌာန အလုပ်တခုလို အခိုင်အမာ ကိုင်တွယ်မယ်။ အခိုင်အမာ အလုပ်လုပ်မယ်ဆိုရင် အချိန် အများကြီး ရှိသေးတယ်။ လုပ်နိုင်သေးတယ်။
မေး ။ ။ ဆလိုင်းလျန်မုန်း ပြောတာက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ (၂၄) နာရီ အလုပ်လုပ်မဲ့ ဝန်ကြီး ဌာန တခုလိုတယ်လို့ ပြောချင်တာလား။
ဖြေ ။ ။ ဟုတ်တယ်။ ကျနော်ကတော့ အဲလို လုပ်စေချင်တယ်။ ဒါပေမဲ့ အခု သူတို့အနေနဲ့ ကြည့်မယ် ဆိုလျှင် ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ဝန်ကြီးဖြစ်တယ်။ ဒေါက်တာ တင်မျိုးဝင်း က ဝန်ကြီးမဟုတ်သော်လည်းပဲ Peace Commission ဝန်ကြီး Level ဖြစ်တယ်။ ဒါပေမဲ့ ဥပမာအားဖြင့် ဥက္ကဋ္ဌကြီး ဒေါက်တာ တင်မျိုးဝင်း ရဲ့ ဟာကို ဝန်ကြီး Level ဖြစ်ပြီဆိုရင်တော့ တခါ တည်း ဝန်ကြီးခန့်ပေ့ါ။ ဝန်ကြီးခန့်ပြီဆိုရင်တော့ သူရဲ့အောက်မှာ ဝန်ကြီးဌာန တခုရဲ့ ယန္တရားကြီး ပါလာမှာဖြစ်တယ်။ အလုပ်လုပ်မဲ့သူတွေ ပါလာမှာ ဖြစ်တယ်။ နည်းပညာအရ၊ Logistic အရ၊ Policy အရ အလုပ်လုပ်မဲ့ သူတွေပါမှာ ဖြစ်တယ်။ အဲဒီဝန်ကြီးဌာနကလည်း ခုနက ကျနော်တို့ ပြောသလို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့သော်လည်းကောင်း၊ သမ္မတနဲ့သော်လည်းကောင်း၊ တပ်ချုပ်ကြီး နဲ့သော်လည်းကောင်း၊ လွှတ်တော် ဥက္ကဋ္ဌ နာယကကြီးများနဲ့ သော်လည်းကောင်း တချိန်လုံး ဆက်သွယ်မယ်ဆိုရင် ငြိမ်းချမ်းရေး ပွဲကြီးဟာ ပိုပြီးတော့ မြန်ဆန် ထိရောက်မယ်လို့ ထင်ပါတယ်။
မေး ။ ။ ကျနော် တခု ထပ်မေးချင်တာက ကျနော်တို့ မြန်မာတွေပြောတဲ့ စကား အမြဲတမ်း ရှိပါတယ်။ လူမှန်၊ နေရာမှန်ပေါ့။ အခု ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ကြည့်ပြီးတော့ အားမရတဲ့ လူတွေ အနေနဲ့ပေါ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ အခုလိုမျိုး ဇာတ်မျောကြီး ဖြစ်နေတဲ့ ကိစ္စမှာဆိုရင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ခန့်ထားတဲ့ ဒေါက်တာ တင်မျိုးဝင်း က အစ ဒီနေရာမှာ ရှိသင့်၊ မရှိသင့်၊ ဒီနေရာမှာ တကယ် တာဝန်ထမ်းဆောင်နိုင်မယ့်သူ မဟုတ်ဘူး ဆိုတာလည်း မေးခွန်းတွေ အများကြီး ထွက်နေတာ ကျနော်တို့ တွေ့နေရတယ်လေ။ ဒါနဲ့ ပတ်သက်ပြီးတော့ရော။
ဖြေ ။ ။ အစိုးရဘက်ပိုင်း ကိစ္စကိုတော့ ကျနော်အနေနဲ့ ဝေဖန်ဖို့၊ သုံးသပ်ဖို့၊ မှတ်ချက်ပေးဖို့ ကျနော် အနေနဲ့ မသင့်တော်ဘူးလို့ ထင်တယ်။ ဒါ အစိုးရ ဘက်ကနေ ပြီးတော့ လွတ်လွတ်လပ်လပ် ဆောင်ရွက်ရမဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတိုင်းပြည်မှာ မွေးဖွားတယ်။ ဒီ တိုင်းပြည်ကြီးအတွက် တသက်လုံး အလုပ်လုပ်လာတဲ့ ၈၈၈၈ လေးလုံး အရေးတော်ပုံကနေ ဒီကနေ့အထိ အလုပ်လုပ် လာတဲ့ ကျနော်တို့အနေနဲ့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးအတွက် အစိုးရ ရော၊ တပ်မတော်ရော၊ ပြည်သူလူထူရော၊ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေရော အားလုံးက ဒီထက်အောင်မြင်အောင်တော့ ဘက်ပေါင်းစုံကနေ ကြိုးစားသင့်တယ်။
ကျနော်တို့ တိုင်းပြည်လို နှစ်ပေါင်း ၇၀ ကြာပြီဖြစ်တဲ့ ပြည်တွင်း စစ်ကို ဆင်နွှဲနေတဲ့ နိုင်ငံ တော်တော်များများမှာ ဒီလိုဆွေးနွေးပွဲလုပ်တော့မယ် ဆိုရင် ငြိမ်းချမ်းရေး ဝန်ကြီးဆိုတာ အမြဲ တမ်းလုပ်ပါတယ်။ လုပ်တဲ့နိုင်ငံတွေ အများကြီး ရှိပါတယ်။ အဲလိုလုပ်ပြီးတော့ အောင်မြင်အောင် လုပ်တဲ့သူတွေ အများကြီးလဲ ရှိပါတယ်။ ထို့အတွက်ကြောင့် ဒါလေးကို အစိုးရဘက်နေပြီးတော့ ဖိဖိစီးစီးလေး ဆောင်ရွက်ပေးဖို့ ကျနော်ကတော့ မေတ္တာရပ်ခံခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ တိုင်းပြည်ရဲ့ နှစ်ပါင်း ၇၀ ကြာဖြစ်တဲ့ သက်တမ်း တလျှောက်လုံးမှာ ဒီလောက် ငြိမ်းချမ်းရေး ရဖို့အခွင့်အရေး၊ ဒီလောက်ကောင်းတဲ့ အခွင့်အရေး တခါမှ မကြုံဖူးဘူး။
ဒီလောက်ကောင်းတဲ့ အခွင့်အရေးကိုလည်း ကျနော်တို့ အနေနဲ့ လက်မလွှတ်သင့်ဘူး။ ဇာတ်မျောကြီး မဖြစ်စေချင်ဘူး။ အင်မတန်မှ အောင်မြင်ပြီးတော့မှာ ကျနော်တို့ တိုင်းပြည်က မျှော်မှန်းတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားတွေက မျှော်မှန်းတဲ့ ဟာမျိုးကို ကျနော်တို့ အောင်မြင်အောင် လုပ်နိုင်တဲ့ အခြေအနေ ရှိရဲ့သားနဲ့ ကျနော်တို့ မဖန်တီးနိုင်ဘူး ဆိုရင် မဖြစ်သင့်ဘူးလို့ ကျနော် ထင်ပါတယ်။
မေး ။ ။ DDR တို့ SSR တို့ ကိစ္စမှာ တပ်ချုပ်ကလည်း ပြီးခဲ့တဲ့ ညီလာခံ မိန့်ခွန်း ထဲမှာ ပြောသွားတာတွေ ရှိပါတယ်။ သူကိုယ်တိုင်ကလည်း NCA ထိုးရမယ်။ NCA လိုချင်တယ်။ ငြိမ်းချမ်းရေး ရကို ရရမယ်ဆိုတဲ့ပြောဆိုချက်တွေ ကျနော်တို့ ကြားခဲ့ရပါတယ်။ NCA ကိစ္စမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ အနေနဲ့ကလည်း အရေးကြီးတဲ့ ကဏ္ဍအနေနဲ့ ရှိပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး ဆလိုင်းလျန်မုန်း အနေနဲ့ ဘယ်လိုဝေဖန် ပြောဆိုချင်တာ ရှိပါသလဲ။
ဖြေ ။ ။ တပ်ချုပ်ကြီးအနေနဲ့ ငြိမ်းချမ်းရေးကို လိုလိုလားလားရှိတယ်။ အမြန်ဆုံး အကောင် အထည် ဖော်ချင်တယ်။ ၂၀၂၀ မှာတောင်မှ ငြိမ်းချမ်းရေးကို ရရှိတော့ ပြည်သူ လူထူထဲ အပ်ချင်တယ်ဆိုတဲ့ဆန္ဒကို အင်မတန်မှ လေးစားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ပေါင်း ၇၀ ကြာပြီဖြစ်တဲ့ ပြည်တွင်း စစ်ကြီးကို အမြန်ဆုံး ချုပ်ငြိမ်းစေချင်တယ်ဆိုတဲ့ နိုင်ငံတော် အကြီးအကဲ တယောက်ကနေ တပ်ချုပ်ကြီးအနေနဲ့ပြောတာ အင်မတန်မှ ဝမ်းသာဖို့ ကောင်းတဲ့ စကား ဖြစ်ပါတယ်။
သို့သော် ကျနော်တို့ လက်တွေ့အနေနဲ့ ပြန်သုံးသပ်မယ်ဆိုရင် ၂၀၂၀ မတိုင်ခင်မှာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးအားလုံး အောင်မြင်အောင် လုပ်ဖို့အတွက်ဆိုရင် အခု ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီး NCA အရ ဆောင်ရွက်တာဖြစ်တယ်။ NCA လို့ ပြောလိုက်ရင် လမ်းကြောင်း ဆိုတာရှိတယ်။ ယန္တရားလို့ ပြောတာရှိတယ်။ NCA လမ်းကြောင်းလို့ ကျနော်တို့ ပြောချင်တဲ့ စကားက NCA စာချုပ်မှာပါတဲ့ အဆင့် ၇ ဆင့်ပါတဲ့ နိုင်ငံရေး လမ်းပြ မြေပုံကို ဖော်ဆောင်ခြင်း ဖြစ်တယ်။
နိုင်ငံရေး လမ်းပြ မြေပုံအရက ၁ ကျနော်တို့ လက်မှတ်ရေးထိုးရမယ်။ ၂ မူဘောင်ရေးဆွဲရမယ်။ ၃ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးရမယ်။ ၄ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရမယ်။ ၅ ပြည်ထောင်စု သဘောတူ စာချုပ် ချုပ်ဆိုရမယ်။ ၆ လွှတ်တော်က အတည်ပြုရမယ်။ ၇ အကောင် အထည်ဖော်ရမယ်။ တပ်ချုပ်ကြီး ဖြစ်စေချင်တဲ့ ဆန္ဒ ၂၀၂၀ မှာဆောင်ရွက်ရမယ့် ခုနက ကျနော် ရွတ်ပြလိုက်တဲ့ အဆင့် ၇ မှာ သွားတစ်နေတယ်။
အဲဒီအဆင့် ၇ ကိုရောက်ဖို့က အဆင့် ၃ နဲ့ အဆင့် ၄ မှာ အများကြီး ဆောင်ရွက်စရာ ရှိပါသေးတယ်။ အဲဒါကို ဆောင်ရွက်နိုင်မှ အဆင့် ၅ မှာ ပြည်ထောင်စု သတောတူ စာချုပ် ချုပ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ ပြည်ထောင်စု သဘောတူ စာချုပ်မှာ ဒီမို ကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ အခြေခံမူတွေကို ကျနော်တို့ သဘောတူညီဖို့ လိုပါတယ်။ ဒီသဘောတူညီချက် အတိုင်း တပ်ချုပ်ကြီး ပြောနေတဲ့ ၂၀၂၀ မတိုင်ခင်မှာ ဆောင်ရွက်ရမယ်ဆိုတဲ့ နံပါတ် ၇ ကို ဆောင်ရွက် ရမှာဖြစ်ပါတယ်။
ထို့အတွက်ကြောင့် ဝမ်းနည်းဖို့ ကောင်းတာက ကျနော်တို့ က ၃ နဲ့ ၄ မှာ အပြီးအစီး မဆောင်ရွက် နိုင်သေးဘူး။ ပြည့်ပြည့်စုံစုံ မလုပ်နိုင်တဲ့အတွက်လည်း ပြည်ထောင်စု သဘောတူ စာချုပ် အပြည့်အစုံ မချုပ်နိုင်သေးဘူး။ ပြည်ထောင်စု သဘောတူ စာချုပ်ကို NCA စာချုပ် အပိုဒ် ၁ မှာ ပါတဲ့အတိုင်း အပြည့်အစုံ ချုပ်နိုင်တယ်ဆိုရင် တပ်ချုပ်ကြီး ပြောနေတဲ့ နံပါတ် ၇ ကို ကျနော်တို့ အနေနဲ့ အမြန်ဆုံး အကောင်အထည်ဖော်လို့ ရပါတယ်။ သို့သော် အဲ နံပါတ် ၇ ကို အကောင် အထည်ဖော်ဖို့ အတွက် ပထမ ၄ နဲ့ ၅ က အရေးကြီးဆုံး ဖြစ်ပါတယ်။
You may also like these stories:
ရှမ်းပြည်နယ်က တိုက်ခိုက်မှုများ တရုတ်နိုင်ငံ၏ အရိပ်ထိုးနေ
ဝတောင်တန်းပေါ် UWSA အင်အားပြနေသည်