တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် အစိုးရအကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရေးထိုးထားသော်လည်း လက်တွေ့အခြေအနေတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ထိထိရောက်ရောက် ရှေ့မဆက်နိုင်ဘဲ ဇာတ်မျောကြီး ဖြစ်နေသည်ကို တွေ့ရသည်။
သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်းကုန်ဆုံးခါနီးတွင် လက်နက်ကိုင် ၈ ဖွဲ့နှင့် လက်မှတ်ရေးထိုး နိုင်ခဲ့သဖြင့် လူထုရွေးချယ်တင်မြောက်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေးကို ပိုမိုဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်မှုများ ထားရှိခဲ့ကြသည်။
သို့သော်လည်း မျှော်မှန်းထားသကဲ့သို့ ဖြစ်မလာဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အနှုတ် လက္ခဏာပင် ပြလာလျှက်ရှိနေသည်။ အပစ်ရပ်အဖွဲ့များပင်လျှင် NCA စာချုပ်ပါအတိုင်း ပြည်ထောင်စု သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရေး အတွက် ၆ လတကြိမ်ပြုလုပ်ရမည်ဖြစ်သော ၂၁ ပင်လုံ ညီလာခံကိုပင် ပုံမှန် မကျင်းပနိုင်တော့ဘဲ ဖြစ်နေသည်။
ထို့ကြောင့် အပစ်ရပ်အဖွဲ့များ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ ရှေ့ဆက်နိုင်မည့် အလားအလာတို့နှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တလျှောက်လုံးတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သော ချင်းအမျိုးသား တပ်ဦး (CNF) ၏ ဒုဥက္ကဋ္ဌ – ၁ ဆလိုင်းလျန်မုန်းဆာခေါင်း ကို ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော် က တွေ့ဆုံမေးမြန်းထားသည်။
မေး ။ ။ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို ကြည့်ပြန်ရင်လည်း ဝေဖန်စရာတွေ အများကြီး ရှိတယ်။ သူတို့ရဲ့ self Interest တွေရယ်၊ သူတို့ရဲ့ အကျိုးစီးပွားရေးတွေကလည်း အများကြီး ရှိပါတယ်။ တကယ်ကို ငြိမ်းချမ်းရေးကို ထဲထဲဝင်ဝင် ယုံကြည်ပြီး လိုချင်တဲ့ အုပ်စုတွေလည်း ရှိတယ်။ လက်မှတ် ထိုးခဲ့တဲ့သူတွေလည်းရှိတယ်။ ဆလိုင်းလျန်မုန်း အနေနဲ့ သမ္မတကြီး ဦးသိန်းစိန် လက်ထက်ကစပြီး Process တခုလုံးမှာ ပါခဲ့တာဆိုတော့ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ကျနော် တို့ကို နည်းနည်းလေး ရှင်းပြပါလား။
ဖြေ ။ ။ အဲဒီမှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ ပေါ့နော်။ အခုလို ကျနော်တို့ အနေနဲ့ လက်မှတ်ထိုးတဲ့ အဖွဲ့တွေရှိတယ်။ လက်မှတ်မထိုးတဲ့ အဖွဲ့တွေ ရှိတယ်။ ရှေ့တိုးချင်တဲ့သူ ရှိတယ်။ နောက်ဆုတ်ချင်တဲ့သူ ရှိတယ်ဆိုတဲ့ ဟာမျိုးက ဘယ်အပေါ်မှာ အခြေခံလဲဆိုတော့ ကျနော်တို့ရဲ့ ခံယူချက် ပေါ်လစီပေါ်မှာ အများကြီး မူတည်တည်လို့ ကျနော် မြင်ပါတယ်။
အဲဒီ ခံယူချက်ပေါ်လစီဆိုတဲ့အပေါ်မှာ ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။ နှစ်ပေါင်း ၇၀ အချိန်ကြာပြီ ဖြစ်တဲ့ပြည်တွင်း စစ်ကို ဘယ်နည်းနဲ့ ချုပ်ငြိမ်းစေမလဲ။ အဲဒါ ရွေးချယ်မှု ဖြစ်ပါတယ်။ ဒီပြည်တွင်းစစ်ကို ချုပ်ငြိမ်းဖို့ ကျနော်တို့ ရွေးချယ်ရမဲ့လမ်းကြောင်းကတော့ နှစ်ခုပဲ ရှိမယ်လို့ ကျနော် မြင်တယ်။ နံပါတ် ၁ လမ်းကြောင်းက နိုင်ငံရေး ပြဿနာဖြစ်တဲ့အတွက် နိုင်ငံရေး စားပွဲခုံပေါ်မှာ ဖြေရှင်းရမယ့် လမ်းကြောင်းက တခု၊ ကျနော်တို့ အခု NCA လမ်းကြောင်းလို့ ပြောနေတာက ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာကို ငြိမ်းချမ်းတဲ့ နည်းနဲ့ စားပွဲခုံပေါ်မှာ မျက်နှာချင်း ဆိုင်ပြီးတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ လမ်းစဉ်ဖြစ်တယ်။ အဲဒီလမ်းစဉ်ကို လိုက်မလား။ အဲဒီ လမ်းစဉ်ကို နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်ဆိုတဲ့ လမ်းစဉ်ကို လိုက်မယ်ဆိုရင် အဲဒီလမ်းစဉ် က NCA လမ်းကြောင်းဖြစ်တယ်။
သို့သော် တခြားနည်း ရှိပါတယ်။ ဒီတိုင်းပြည် ပြဿနာကို ဖြေရှင်းဖို့က။ အဲနည်းက ဘာလဲဆိုတော့ စစ်ရေးနဲ့ ဖြေရှင်းတဲ့ ပြဿနာ။ ဟုတ်ပြီ ကျနော်တို့ တိုင်းပြည်ကို စစ်ရေးနဲ့ မဖြေရှင်းနိုင်ဘူးလား။ ဖြေရှင်းနိုင်ကောင်း ဖြေရှင်းမယ်။ သို့သော် ကျနော်တို့ တိုင်းပြည်ရဲ့ နှစ်ပေါင်း ၇၀ ကြာပြီဖြစ်တဲ့ အတွေ့အကြုံအရ စစ်ရေးနဲ့ ဖြေရှင်းတာ မလွယ်ပါဘူး။ ဖြစ်လဲမဖြစ်သင့်ဘူးလို့ ကျနော်မြင်တယ်။ စစ်ရေးနဲ့ ဖြေရှင်းလို့ နှစ်ပေါင်း ၇၀ တိုင် ကျနော်တို့ တိုင်းပြည်ဟာ စစ်ဒဏ်ကို ခံစားခဲ့ရပြီးပြီ။
ထို့အတွက်ကြောင့် ကျနော်တို့ ထဲမှာပဲဖြစ်ဖြစ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေမှာပဲဖြစ်ဖြစ်၊ တခြား အဖွဲ့ အစည်းတွေထဲမှာပဲ ဖြစ်ဖြစ် အခြားအဖွဲ့အစည်းဆိုတဲ့ နေရာမှာ လက်နက်မကိုင် သော်လည်းပဲ အဖွဲ့အစည်းတွေ အများကြီး ရှိတယ်။ စစ်ရေး လမ်းကြောင်းကို ရွေးချယ်ချင်တဲ့ သူတွေ ဒီတိုင်းပြည်မှာ အများကြီးရှိတယ်။ ကျနော်အနေနဲ့ကတော့ ကျနော် တောင်းပန် ချင်ပါတယ်။ ဒီတိုင်းပြည်ရဲ့ ပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းဖို့တော့ နောက်ထပ် မကြိုးစားပါနဲ့တော့။ ကျနော်တို့ တိုင်းပြည် နစ်နာလွန်းနေပြီ။ ငြိမ်းချမ်းတဲ့ နည်းနဲ့ NCA လမ်းကြောင်းအတိုင်းပဲ ဖြေရှင်းရအောင်လို့ ကျနော် ဖိတ်ခေါ်ချင်ပါတယ်။
မေး ။ ။ တိုင်းရင်းသား အဖွဲ့တွေကရော သူတို့ရဲ့ တိုင်းရင်းသားအပေါ် အခုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ သြဇာရှိလဲ။ ဘယ်လောက်ထိ Transparent ဖြစ်ဖြစ်၊ Accountable ဖြစ်ဖြစ်နဲ့ ပြန်ပြီးရှင်းပြတာတွေ ရှိသလဲ။ အဲဒါလည်း စိတ်ဝင်စားဖို့ ကောင်းမယ် ထင်တယ်။ တချို့ ကိစ္စတွေမှာ ကျနော် အထဲမှာ သူတို့ ပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ ခံစားချက် တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ထင်မြင်ချက်တွေက အများကြီး ကွဲလွဲမှု ရှိနေ မယ်လို့ ကျနော်ထင်တယ်။
ဖြေ ။ ။ ဒီကွဲလွဲမှုတွေကလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးအတွက် အခက်အခဲ ရှိတယ်ဆိုတာ ကလည်း ကျနော် ထည့်ပြီး ပြောချင်တာပေါ့နော်။ ဘာလဲဆိုတော့ ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဆောင်ရွက်တော့မယ်ဆိုရင် ကိစ္စ ၂ ခုကို ပြိုင်တူ တပြိုင်နက်တည်း ဖြေရှင်းရတဲ့ ပြဿနာ ဖြစ်ပါတယ်။ အဲဒီ ပြဿနာ နှစ်ခုဆိုတဲ့နေရာမှာ တခုကတော့ ဒီတိုင်းပြည်ရဲ့ ပြဿနာကို စပြီး ဖန်တီးလိုက်တဲ့ နိုင်ငံရေး ပြဿနာ၊ အဲဒီနိုင်ငံရေး ပြဿနာကို ဖြေရှင်းဖို့၊ နိုင်ငံရေး ရလဒ်ကို ရရှိအောင် ကျနော်တို့ လုပ်ရမယ်ဆိုတဲ့ ပြဿနာ အဲဒါတခု ဖြစ်ပါတယ်။
အဲဒီ နိုင်ငံရေး ရလဒ် တခုကို ရအောင်လုပ်ဖို့အတွက် နိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်တယ်။ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်တယ်။ လုပ်ငန်း ကော်မတီ အစည်းအဝေးတွေ လုပ်တယ်။ တိုင်ပင်မှုတွေ လုပ်တယ်။ ဒီ Process တွေ လုပ်နေ လုပ်နေရင်းနဲ့ ဒီညီလာခံကြီးတွေ လုပ်ရင်း လုပ်ရင်းနဲ့ ဒီအစည်းအဝေးတွေကို လုပ်ရင်း လုပ်ရင်းနဲ့ ဒီကော်မတီတွေ တွေ့ရင်း တွေ့ရင်းနဲ့ ကျနော်တို့ တကယ်ဖြေရှင်းချင်တဲ့ နိုင်ငံရေး ရလာဒ်ကို မေ့သွားတယ်။ အဲဒါနဲ့ ဘာဖြစ်သွားလဲ ဆိုတော့ ကျနော်တို့က ဒီဖြစ်စဉ်ကြီးမှာ လုံးလည်လိုက်ပြီးတော့ ရှေ့ကိုမတိုးဘဲနဲ့ အဲဒီမှာ ငုပ်နေ တယ်လို့ ကျနော် မြင်တယ်။
မေး ။ ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော် အမြဲတွေးမိတာလေး တခုရှိတယ်။ ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးကို တိုင်းရင်းသား တွေကရော၊ တပ်မတော်ကရော အစိုးရကရော ပါဝင်နေတဲ့ သူတွေကရော ဘယ်လို အဓိပ္ပာယ်ဖော် သလဲဆိုတာရယ်၊ အဲ့ဒီငြိမ်းချမ်းရေး မရှိဘဲနဲ့ ငြိမ်းချမ်းရေး မဲ့နေတဲ့နေရာတွေမှာ နှစ်ပေါင်း များစွာ နေခဲ့ရတဲ့၊ နေရဆဲ့ဖြစ်တဲ့ တိုင်းရင်းသားတွေကရော ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးကို ဘယ်လို အဓိပ္ပာယ်ဖွင့်ပြီး ဘယ်လိုနားလည်လဲဆိုတာ ကျနော် အမြဲစဉ်းစားတာပေါ့။
ဖြေ ။ ။ အဲဒါ အင်မတန်မှ အရေးကြီးတဲ့ စကားဖြစ်တယ်။ ဖြေဖို့လဲ အင်မတန်မှ ခက်တယ်။ ကျနော် အနေနဲ့ ဒဿနိက ရှု့ထောင့်အနေကနေ ဖြေမလား။ နိုင်ငံရေး ရှုထောင့်ကနေ ဖြေမလား၊ စစ်ရေးရှုထောင့်ကနေ ဖြေမလား ဘက်ပေါင်းစုံကနေ ဖြေလို့ရတယ်လေ။ ထို့အတွက်ကြောင့် ကျနော်အနေနဲ့ နိုင်ငံရေးရှုထောင့် တခုတည်းကနေပဲ ဖြစ်ချင်တယ်။ ဆိုတော့ ငြိမ်းချမ်းရေးကို ရဖို့အတွက် ငြိမ်းချမ်းရေးကို ဖျက်ဆီးတဲ့ ပြဿနာကို အရင်ဖြေရှင်းဖို့လိုတယ်။ အဲဒီ ပြဿနာက ဘာလဲဆိုရင် နိုင်ငံရေး ပြဿနာ။
ဒီနိုင်ငံရေး ပြဿနာကို ပြေလည်နိုင်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသား ဘက်ကနေ ကြည့်ပြီးတော့ ပြောမယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ အနာဂတ်က နိုင်ငံရေးအရ အာမခံချက် ပေးနိုင်သော၊ နိုင်ငံရေး အာမခံချက် တစုံတရာ ရရှိနိုင် တယ်ဆိုရင် ငြိမ်းချမ်းရေး လမ်းစပွင့်ပြီ။ ငြိမ်းချမ်းရေး ရတယ်လို့ ပြောတာ မဟုတ်ပါဘူး။ အဲဒီ လမ်းစပွင့်ဖို့အတွက် ကျနော်တို့ ကြိုးစားနေတာ ဖြစ်တယ်။ ထိုလမ်းစ ပွင့်ဖို့အတွက် ပင်လုံ ညီလာခံက တောင်းဆိုခဲ့တဲ့ ၁၉၆၁ – ၆၂ ကာလက နေပြီးတော့ တိုင်းရင်းသားတွေ တောင်းဆို ခဲ့တယ်။ ဒီတောင်းဆိုမှုတွေ အားလုံးက အခု NCA စာချုပ် အပိုဒ်တွေထဲမှာ ထည့်ထားတဲ့ ဟာတွေ ပဲဖြစ်ပါတယ်။
ဒါတွေကို ကျနော့် အကောင်အထည်ဖော်မယ် ဒီမိုကရေစီ အမျိုးသား တန်းတူ ရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့်အရေးတွေကို ကျနော်တို့ တိုင်းရင်းသားတွေကို အာမခံ ချက် အပြည့်အ၀ ပေးနိုင်မယ် ဆိုရင် ကျနော်တို့ အတွက် နိုင်ငံရေး အာမခံချက်ရှိပြီလို့ ကျနော် တို့ ပြောလို့ရပြီ။ နိုင်ငံရေးအာမခံချက် ရှိပြီ ဆိုရင်တော့ ငြိမ်းချမ်းရေးက လမ်းစပွင့်ပြီ။ ဆက်ဖန်တီးလို့ရပြီ။ စစ်ပွဲတွေ ရပ်လို့ ရပြီ။ စစ်ပွဲတွေ ရပ်လို့ ရပြီဆိုရင် ငြိမ်းချမ်းရေးက နီးစပ်လာပြီ။ ပြီးတော့ ပြန်လည်သင့်မြတ်ရေး ဆက်လက် ဆောင်ရွက်မယ်။ ငြိမ်ချမ်းရေးကို ဆက်လက် ဆောင်ရွက်မယ်။
ကျနော်တို့ တဆင့်ပြီး တဆင့် Peace Making (ငြိမ်းချမ်းရေးကို ဖန်တီးတာ) Peace Building (ငြိမ်းချမ်းရေးကိုတည်ဆောက်တာ) ကျနော်တို့ တဆင့်ပြီးတဆင့် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကျနော် အခု ဧရာဝတီကနေ ပြည်သူလူထုကို မေတ္တာရပ်ခံ ချင်တာက အခု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကနေ ကြိုးစားပြီး ဆောင်ရွက်နေတာကတော့ နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့် ကနေ စပြီးဆောင်ရွက်နေတာ ငြိမ်းချမ်းရေး ကို ဖျက်ဆီးလိုက်တဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းတဲ့ အဆင့်မှာဘဲ ရှိသေးတယ်။ ကျနော်တို့ တိုင်းပြည်မှာ နှစ်ပေါင်း ၇၀ ကျော် ငြိမ်းချမ်းရေးက ပျက်ဆီးနေတယ်။
အဲဒီလို ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်တဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်မယ်။ ကျနော်တို့ တိုင်းရင်းသားတွေက ကျနော်တို့ အနာဂတ်မှာ နိုင်ငံရေးအရ အာမခံချက် ရှိမယ်ဆိုရင် ကျနော်တို့ ဘာလို့ လက်နက် ကိုင်ရတော့မှာလဲ။ ဆိုတော့ လက်နိုင်ကိုင်ဖို့ မလိုတော့ဘူး။ ပြည်တွင်းစစ်ကို ရပ်ပြီဆိုရင် ငြိမ်းချမ်းရေး လမ်းစကြီးက ပွင့်နေပြီ။
မေး ။ ။ ဒီနေရာမှာ ကျနော်တခု မရှင်းတာ အခု ငြိမ်းချမ်းရေး Process ကို ကြည့်ရင်းနဲ့ အရပ်စကားနဲ့ ပြောမယ်ဆိုရင် ရွာလည်သွားတယ်ပေါ့နော်။ ရှေ့ကို မတိုးနိုင်ဘူးဖြစ်နေတယ်။ အထူးသဖြင့် NLD အစိုးရလက်ထက်မှာပေါ့။ တိုင်းရင်းသား လူထူက ဘာကို လိုချင်တာလဲဆိုတဲ့ ကိစ္စ။ ငြိမ်းချမ်းရေးကို လိုချင်တယ်လို့ သူတို့ပြောတယ်။ ဒါပေမယ့် ကျနော်တို့မှာ ခေါင်းဆောင် တွေကရော၊ နိုင်ငံရေးသမားတွေကရော ဒီ Peace Process မှာ ပါဝင်တဲ့ အကြောင်း အရာကို သေချာဆွေးနွေးမှု မရှိတာက Economic Development ကို သေချာ မဆွေးနွေးတဲ့ ကိစ္စပဲ။ အဲဒါက ငြိမ်းချမ်းရေးမှာ ဘယ်လောက်ထိ အထောက်အကူ ပြုနိုင်မလဲလို့ ဆလိုင်းလျန်မုန်း ထင်လဲ။
တကယ်လို့ ကျနော်တို့ Economic Development ကို စပြောကြရင်၊ သူတို့ တိုင်းနဲ့ ပြည်နယ်မှာ စပြီး လုပ်ကြမယ်ဆိုရင်ရော ဒါသည် ကျွဲကူး ရေပါလို့ မြန်မာတွေ ပြောကြတဲ့ စကားအတိုင်းဆိုရင် ဒါကရော ဘယ်လောက်အထိ ကျနော်တို့က စကားလုံးတွေနဲ့ ရန်ဖြစ်နေ တာတွေရှိမယ်။ ကျနော်တို့ အိုင်ဒီယာ လော်ဂျီအရ ရန်ဖြစ်တာထက်စာရင် Wording အပြန်အလှန် ပြောနေရတာတွေ ရှိတယ်။ အဲအထဲမှာ လွတ်နေတာ တခုရှိတာက Economic Development နဲ့ ပတ်သက်ပြီး ပြောတာတွေ အားနည်းတယ်လို့ ကျနော်တော့ မြင်တယ်။ အဲဒါကို ဆလိုင်းလျန်မုန်း ဘယ်လိုထင်လဲ။
ဖြေ ။ ။ အဲဒါက သိပ်မှန်တဲ့ စကားပဲ။ ယနေ့အထိ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း ခုနက ဆရာပြောခဲ့တဲ့ အထဲမှာပေါ့နော်။ ဒီဟာကြီး ကြာလာလို့ရှိရင် ရှေ့မတိုးဘဲနဲ့ အထူး သဖြင့် ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေပေါ်မှာ ပြည်သူလူထူရဲ့ ယုံကြည်မှုတွေ လျော့နည်းမယ်ဆိုတဲ့ စိုးရိမ်စိတ်ကလည်း အဲဒီအပေါ်မှာ အများကြီး မူတည်တယ်။
ထို့အတွက်ကြောင့် ကျနော်တို့ NCA စာချုပ်ကို စပြီးလုပ်ကတည်းက ဒီလိုဟာမျိုး ပြဿနာတွေ မကြုံရလေအောင် ကျနော်တို့ ထည့်ထားတာရှိပါတယ်။ NCA စာချုပ် အခန်း ၆ မှာ ပါပါတယ်။ အဲဒီ အခန်း ၆ မှာ ဘာပါလဲဆိုတော့ ကြားကလမှာ ဆောင်ရွက်ရမယ့်ကိစ္စများ၊ အဲတာက တိုင်းရင်း သားဒေသမှာ NCA စာချုပ် လက်မှတ်ရေးထိုးလိုက်တာနဲ့ တပြိုင်နက် ပညာရေး၊ ကျန်းမာရေး၊ လူမူရေး၊ ဖွံ့ဖြိုးရေး ဆိုတဲ့ အရာတွေကို လုပ်နိုင်အောင် ဒါလေးတွေ ထည့်တာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန် လက်ထက်တုန်းက ဆွေးနွေးတယ်။ ဒါပေမယ့် ကျနော်တို့ သဘောတူတဲ့ အဆင့်ပဲ ရှိတယ်။ အောက်တိုဘာ လမှာ လက်မှတ်ထိုးတယ်။ နိုဝင်ဘာလမှာ သူတို့ ရပ်သွားတယ်။ ကျနော်တို့ ပြန်အကောင်အထည်ဖော်မယ် ဆိုတော့ ကျနော်တို့ JICM (NCA အကောင် အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး) မှာ ကျနော် ကိုယ်တိုင် တင်ဖူးတယ်။
ဒါက ကော်မတီက အရေးကြီးတာဖြစ်တဲ့အတွက် အမြန်ဆုံး ပြန်လည် ဆောင်ရွက်ပေးပါ။ အဲမှာလည်းပဲ ကျနော်တို့ ဘယ်လောက် သဘောတူလဲဆိုရင် ဥပမာအားဖြင့် ကျနော်တို့ CNF ရယ် ချင်းပြည်နယ်အစိုးရရယ်။ နိုင်ငံတကာ Donor တွေနဲ့ ပေါင်းပြီးတော့ ချင်းပြည်နယ် တိုးတက်ရေး လုပ်မယ်။ ဒါဆို ဆွေးနွေးမှုကိုလဲ အားပေးမယ်။ ငြိမ်းချမ်းရေး ဆွေးနွေးတာလဲ ကောင်းမယ်။ ပြည်သူလူထုလဲ အကျိုးရှိမယ်။ အဲဒါမျိုး လုပ်သင့်တယ်ဆိုတဲ့ဟာ ယနေ့အထိ ကျနော်တို့ ကော်မတီတောင် မဖွဲ့နိုင်သေးဘူး ဆရာ။
အဲဒီ ကြားကလ ကော်မတီ ယနေ့အထိ မဖွဲ့ နိုင်သေးဘူး။ ပြီးတော့ အဲကြားကာလ ကော်မတီ မပြောနဲ့ ကျနော် တို့ တဖွဲ့ချင်း အစိုးရနဲ့ လက်မှတ်ထိုးတုန်းက ကျနော်တို့ CNF နဲ့ ချင်းပြည်နယ် အစိုးရ၊ ခုတော့ CNF နဲ့ ပြည်ထောင်စု အစိုးရ ပြည်ထောင်စု အဆင့် လက်မှတ် သုံးခါ ထိုးတယ်။ အဲအထဲမှာ ပါတဲ့ အချက်ပေါင်း ၁၅၀ ကျော်လောက်ရှိတယ်။ အဲဒါလေးသာ ကျနော်တို့ အကောင် အထည် ဖော်နိုင်တယ်ဆိုရင်လေ ချင်းပြည်က တော်တော်လေး ပြောင်းလဲမှာ ဖြစ်တယ်။
ခုနက ဆရာ ပြောနေတဲ့ စီးပွားရေး ဖွံ့ ဖြိုး တိုးတက်မှုလေးတွေကို လူထုက မြင်မှာဖြစ်တယ်။ ဒါဆိုရင် ငြိမ်းချမ်း ရေးဆိုတဲ့ လမ်းကြောင်းကြီးက ခရီးရှည်ကြီး အဲဒီမှာ သူတို့ ယုံကြည်မှုတွေ ရှိလာမယ်။ အဲဒါမဆောင်ရွက်နိုင်တာ ကျနော်တို့ရဲ့ အားနည်းချက် တခုပဲဖြစ်တယ်တယ်လို့ ကျနော် မြင်ပါတယ်။
မေး ။ ။ ကျနော် ပြောချင်တာက ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးကတော့ ဒဿနိက ဆန်တာ ပေါ့နော်။ ပြောကြမယ်ဆိုရင် ကျနော်တို့ အခု ဒေသတည်ငြိမ်ရေး ကိစ္စပေါ့နော်။ အဲမှာ ချင်း ပြည်တင် မဟုတ်ဘဲနဲ့ ရခိုင်ပြည်ပါမယ် ရှမ်းပြည်ပါမယ်။ ကရင်လဲ ပါမယ်။ မွန်လဲ ပါမယ်။ အဲဒီကမှ စီးပွားရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို Economic Development ကျနော် တို့ တိုင်းပြည်က သံယဇာတ အရရော တကယ်လည်း Potential လဲရှိ၊ တကယ်လဲချမ်းသာ ကြွယ်ဝတဲ့ တကယ့် မြေပေါ် မြေအောက် သယံဇာတတွေနဲ့ အလွန်ချမ်းသာ ကြွယ်ဝသွားနိုင်တဲ့ နိုင်ငံတနိုင်ငံ၊ ကျနော်တို့ နိုင်ငံကို ဘေးပတ်ဝန်းကျင် နိုင်ငံက လာကြည်ပြီးတော့ တကယ်ကို အားကျတာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေကို သွားကြည်မယ်ဆိုရင် ပေါ့လေ့။ ဒါနဲ့ ပတ်သက်ရင် အဲနေရာမှာ Peace Process ဆိုပြောရင် Economic Development နဲ့ ပတ်သတ်ပြီး ပြောတာ အရမ်းကိုနည်းတယ်လို့ ခံစားရလို့ ခုနက မေးဖြစ်တာ။
ဖြေ ။ ။ ကျနော်တို့ NCA ဒီဇိုင်း စလုပ်ကတည်းက NCA စာချုပ်ချုပ်ပြီးလို့ ရှိရင် အနည်းဆုံး ဖြစ်စဉ် အလုပ်သုံးခုကို ကျနော်တို့ တပြိုင်နက်တည်း ဆောင်ရွက်မယ်လို့ မျှော်မှန်ထားခဲ့တယ်။
နံပါတ် ၁ ကတော့ ခုနက ကြားကာလ အစီအစဉ်နဲ့ ဒေသဖွံ့ဖြိုးရေးလေးတွေလုပ်မယ်။ Development for Peace ပေ့ါ။ အဲဒါလေး ဆောင်ရွက်မယ်၊ နောက်တခု တဖက်မှာတော့ ကျနော်တို့ တိုင်းပြည်ရဲ့ ရေရှည်ပြဿနာ၊ ရေတိုပြဿနာ ငြိမ်းချမ်းရေးဆွေးနွေးရေး UPDJC ကနေ ဒါလေး ဆွေးနွေးမယ်။ ပြီးတော့ တဖက်မှာလည်းပဲ တိုက်ပွဲတွေ မဖြစ်အောင်၊ စစ်ပွဲတွေ မဖြစ်အောင် JMC (ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ) ဆိုတာလေးနဲ့ ထိန်းမယ်ဆိုပြီး လုပ်ငန်း သုံးခု လုပ်ဖို့ ကျနော်တို့ ဒီဇိုင်း လုပ်ထား တာဖြစ်ပါတယ်။
အဲဒီတော့ သုံးခုလုပ်တဲ့အထဲမှာ ခုနက ကျနော်တို့ Development နဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်ရမယ် ဆိုတာ မဖြည့်ဆည်းနိုင်သေးတာ အင်မတန်မှ ဝမ်းနည်းဖို့ ကောင်းပါတယ်။ လက်ရှိအစိုးရကိုရော တပ်မတော်ဘက်ကိုရော ကျနော်တို့ တင်ပြတယ်။ ဒါတွေ မဆောင်ရွက် နိုင်ဘူး ဆိုရင် ကျနော်တို့ ဘာဖြစ်သွားမလဲဆိုတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကြီးဟာ ကြာလေ ကြာလေ လူထူရဲ့ ယုံကြည်မှု နည်းတဲ့အပြင် ဘာဖြစ်သွား နိုင်သေးလဲဆိုတော့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း တော်တော်များများ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အစိုးရကနေ ကျနော်တို့ကို တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ ပုံစံမဟုတ်ပဲနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ လက်နက်ချခိုင်းတယ်ဆိုတဲ့ အမြင်မျိုး ဖြစ်လာရင် ကျနော်တို့ရေရှည်အတွက် မကောင်းဘူး။ ထို့အတွက်ကြောင့် ဒါကို ကျနော်တို့ အနေနဲ့ ဒီသုံးခုလုံးကို တပြိုင်တည်း လုပ်သင့်တယ်လို့ ကျနော်ထင်တယ်။
မေး။ ။ ကျနော်ထပ်ပြီး မေးချင်တာက တိုင်းရင်းသားခေါင်းဆောင်တွေ ခုတလော အသံတွေ ကြားနေရတယ်။ အဲဒါက ဘာလဲဆိုတော့ ဒီနိုင်ငံခြားသားတွေနဲ့ ဒီ Peace Process မှာ နိုင်ငံခြား သားတွေ ပါနေတဲ့ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပါတယ်ဆိုတာ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုတာကအစ ပြည် ပက အတတ်ပညာရှင်တွေကို ဖိတ်ခေါ်ပြီးတော့ Consultant လုပ်တာတွေ ရှိသလိုမျိုးပဲ၊ တိုင်းရင်း သားတွေထဲမှာလည်း လာပြီးတော့ အကြံဉာဏ်ပေးတဲ့ နိုင်ငံခြားသားတွေ ရှိတယ်။ သူတို့တွေနဲ့ ပတ်သက်ပြီး အခုဆိုရင် ဝေဖန်ပြောဆိုတဲ့ အသံတွေ ကြားလာရတယ်။ နောက်ပြီးတော့ ဘယ်သူ က Agenda ကို Control လုပ်တာလဲ ဆိုတဲ့ကိစ္စတွေပေါ့။ နိုင်ငံတကာကလည်း Peace Process နဲ့ ပတ်သက်ပြီးတော့ ပိုက်ဆံတွေ နှစ်စဉ် သုံးပေးနေတာတွေ၊ Technical Advisor ပဲဖြစ်ဖြစ်၊ Logistic ပိုင်းပဲဖြစ်ဖြစ် Meeting တွေ၊ Conference တွေ၊ Avenues တွေနဲ့ ပတ်သက်ပြီး နိုင်ငံ တကာက ပေးနေတဲ့ Budget တွေ၊ Grant တွေလည်း မနည်းပါဘူးဆိုတော့ ဒါတွေနဲ့ ပတ်သက်ပြီး နောက်ပိုင်းကျရင် ကျနော်တို့ အသံပိုပြီးကြားလာတာတွေ့တယ်။ ဆလိုင်းလျန်းမုန်း ဆိုလဲ ဒီလူတွေနဲ့ ပတ်သက်ပြီးတော့ ထိတွေ့ဆက်ဆံနေရတယ်ဆိုတော့ ဆလိုင်းလျန်မုန်း ရဲ့ အမြင် လေးလဲကြားချင်ပါတယ်။
ဖြေ ။ ။ ဟုတ်ကဲ့ ကျနော်တို့ တိုင်းပြည် ဒီလို ပြည်တွင်းစစ်နဲ့ ရင်ဆိုင်ရတယ်၊ လက်နက်ကိုင် ပဋိပက္ခနဲ့ ရင်ဆိုင်ရတယ်ဆိုတဲ့ တိုင်းပြည်မှာ ကမ္ဘာ့ကုလသမဂ္ဂ UN ပဲဖြစ်ဖြစ်၊ နိုင်ငံတကာ NGO တွေပဲဖြစ်ဖြစ် အစိုးရတွေပဲ ဖြစ်ဖြစ် ဝင်ပြီးကူညီပေးရမယ် ပံ့ပိုးပေးရမယ်၊ အကြံဉာဏ်ပေးရမယ်၊ နည်းပညာ အထောက်အကူ ပေးရမယ်ဆိုတာ တကယ့်ကို သဘာ၀ ကျတယ်။ လိုလဲ လိုအပ်တယ်။ ဘာလို့ လဲဆိုရင် ကျနော်တို့ ကမ္ဘာကြီးက Global Village ဖြစ်နေပြီ။ အချင်းချင်း ပြန်လှန် ကူညီရတဲ့ အဆင့်ရောက်နေပြီ။ နိုင်ငံတကာရဲ့ အကူအညီကို ရံပုံငွေဖြစ်ဖြစ် ကျနော်တို့ လိုအပ်တယ်။
ပြီးတော့ နည်းပညာအနေနဲ့ လည်း ကျနော်တို့ လိုအပ်တယ်။ ပြီးတော့ ဒီပြဿနာကို ဖြေရှင်းဖို့ အတွက်နဲ့ အကြံပေးဖို့ အနေနဲ့လည်း လိုအပ်ပါတယ်။ သို့သော် နိုင်ငံခြား ပညာရှင်တွေ သတိထား ဖို့လိုအပ်နေတာက ဘာလဲဆိုတော့ ဒီတိုင်းပြည်ရဲ့ ပြဿနာကို နားလည်တာ ဒီတိုင်းသူ ပြည်သား တွေဖြစ်တယ်။ ကျနော်တို့ ဒီတိုင်းသူပြည်သားတွေက ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ ကျနော်တို့အနေနဲ့သိတယ်။ ယနေ့အထိ မဖြေရှင်းနိုင်သေးတာက လွန်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန် မတိုင်ခင်ကပေါ့ဗျာ ယခုလို တွေ့ဆုံဖို့ မျက်နှာချင်းဆိုင် ဆွေးနွေးဖု့ိ တွေ့ဆုံမှု မရှိခဲ့ဘူး။
ခုပေါ်လာတဲ့ အခွင့်အရေးကို ယူပြီးတော့ ကျနော်တို့အနေနဲ့ တွေ့ဆုံမယ် ဆွေးနွေးမယ်၊ အဖြေရှာမယ်ဆိုရင်၊ ကျနော်တို့မှာ အဖြေရှိတယ်။ သို့သော် ကျနော့်မှာ ရှိတဲ့ အဖြေကို ပိုပြီးတော့ ကောင်းမွန်အောင် ပိုပြီးတော့ လျင်မြန်အောင် နိုင်ငံခြား ပညာရှင်ရဲ့အကူအညီတွေ လုပ်နည်း လုပ်ဟန်တွေကို ကျနော်တို့ လိုအပ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အကူအညီနဲ့ အကြံဉာဏ်ကိုပဲ ကျနော်တို့ လိုချင်တာပါ။ သူတို့ရဲ့ အဖြေကို လိုချင်တာ မဟုတ်ပါဘူး။
နိုင်ငံခြား သားတွေက ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာကို လာဖြေရှင်းပေးဖို့ မလိုဘူး။ အကြံဉာဏ်ပဲ လိုချင်တယ်။ အထောက်အကူပဲ လိုချင်တယ်။ သို့သော် ကျနော်တို့ ကြားနေရတာတွေက တချို့ဟာတွေက ဘာလဲဆိုတော့ ကျနော် စိုးရိမ်တာပေါ့နော်။ တချို့ဟာတွေက Agenda Control လုပ်ချင်တာ။ တချို့ဟာတွေက ကျနော်တို့ သွားမယ့် လမ်းကြောင်းကိုပါ Control လုပ်ချင်တာ။ ကျနော်တို့ ကြားနေရတယ်။
မေး ။ ။ ခုနောက်ပိုင်း သွားနေတဲ့ လမ်းကြောင်းကိုပါ သွေဖယ်အောင် လုပ်နေတယ်ဆိုတဲ့ အသံတွေပါ ကျနော်တို့ ကြားလာရတယ်။
ဖြေ ။ ။ အဲဒါလေး ကျနော်တို့က ကြုံနေရတာပေါ့။ ဆရာတို့က ကြားနေတယ်။ ဥပမာအားဖြင့် ကျနော်တို့ NCA လမ်းကြောင်းလေး အတိုင်းပဲသွားတယ်။ NCA လမ်းကြောင်းလေး အတိုင်းပဲ ဖြေရှင်းနေတာ ကျနော်တို့အတွက် ကောင်းတယ်။ အခုနောက်ပိုင်း ကျနော်တို့ ကြားနေရတဲ့ ဟာတွေက NCA လမ်းကြောင်းဆိုတဲ့ နေရာမှာ NCA မှာပါတဲ့နိုင်ငံရေး လမ်းပြမြေပုံ အဆင့် ၅ ပြည်ထောင်စု သဘောတူ စာချုပ် ချုပ်ဆိုခြင်း၊ Principal Agreement လုပ်တယ်ဆိုတာ မှားတယ် လို့ ဝေဖန်တဲ့သူမျိုး ရှိတယ်။ ပြီးတော့ အဲဒီအစား Fertilization Process ဆိုတဲ့ အကြံဉာဏ် ပေးထားတယ်။ အဲဒီ Fertilization Process ဘယ်အပေါ်မှာ အခြေခံတာလဲ။ ဖက်ဒရယ် ပြည်ထောင်စုအတွက် တဆင့်ပြီးတဆင့် သွားမယ်ဆိုတာ ကျနော် လက်ခံတယ်။
သို့သော် ဘယ်အပေါ်မှာလဲ။ NCA အပေါ်မှာလား။ ၂၀၁၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ်မှာလား။ သို့မဟုတ် ဘယ်အပေါ်မှာလဲ။ အခုက ကျနော် စိုးရိမ်နေတာတာက NCA လမ်းကြောင်းပေါ်မှာ အခြေမခံပဲ တခြားတခုခုပေါ်မှာ သူတို့ ကျနော်တို့သွားမဲ့ လမ်းကြောင်းကို ရွေးချယ်ပေးမယ် ဆိုရင် သူတို့ ဘယ်လောက်အထိ အန္တရာယ်ကြီးလဲဆိုတာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ စစ်ရေးနဲ့ ဖြေရှင်းပါဆိုတဲ့အထိ ဖြစ်လာမှာကို ကျနော် ကြောက်တယ်။ အဲဒီ နိုင်ငံ ခြားသား ပညာရှင်တွေရဲ့ အကြံဉာဏ် ကျနော်တို့ အနေနဲ့ လိုအပ်တယ်။
ကျနော် မှာလည်း မိတ်ဆွေတွေ အများကြီးရှိတယ်။ သူတိုရဲ့ စေတနာကို ကျနော်တို့ အနေနဲ့လည်း နားလည်တယ်။ တချို့ဟာတွေက သူတို့လုပ်ရမယ့်ကဏ္ဍထက် နည်းနည်းကျော်ပြီး Agenda Control လုပ်ချင်တယ်။ သူတို့ လိုချင်တဲ့ ပုံစံကို လာချပေးတယ်ဆိုတဲ့ဟာမျိုး ဖြစ်လာတယ်ဆိုရင်တော့ အဲဒါဟာ မဖြစ်သင့်ဖူးလို့ ကျနော် ရိုးရိုးသားနဲ့ မြင်တယ်။
မေး ။ ။ ကျနော်တို့ တိုင်းရင်းသားတွေ ကိုယ်တိုင်က နိုင်ငံခြားသားတွေကို အထင်ကြီးတဲ့ စိတ်ရှိ တယ်လေ။ Peace Process မှာ ဦးသိန်းစိန် လက်ထက်မှာကော၊ ခုအစိုးရ လက်ထက်မှာကော နိုင်ငံခြားသားတွေ အများကြီး UN အပါအဝင်၊ INGO တွေအပါအဝင် ရန်ပုံငွေ ပေးတာတင် မဟုတ်တော့ပဲ ပါဝင်လာတာ ကျနော်တို့ တွေ့ရတယ်။ ဆိုတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ အသံ တွေက တော်တော်ကို ထွက်လာကြတာပေါ့။
ဖြေ ။ ။ ပါဝင်လာတာ ကောင်းပါတယ်။ အကြံဉာဏ်ပေးတာ ကောင်းပါတယ်။ ရန်ပုံငွေ အနေနဲ့ ကူညီ တာလဲကောင်းပါတယ်။ ကျနော့် အနေနဲ့ နှစ်ပေါင်း ၇၀ ပြည်တွင်းစစ်နဲ့ ရင်ဆိုင်ရတယ်။ စစ်အာဏာရှင် စနစ်အောက်မှာ နေရတယ်ဆိုတော့ ကျနော်တို့ အနေနဲ့ နိုင်ငံတကာ အတွေ့ အကြုံတွေ အများကြီးလိုအပ်ပါတယ်။ သို့သော် ခုနက ကျနော်ပြောသလိုပေါ့ ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာဖြေရှင်းတဲ့ နေရာမှာ ခင်ဗျားတို့ ဒီအတိုင်း သွားပါ။ ဒီလမ်းကြောင်း သွားပါဆိုတဲ့ဟာအထိကိုတော့ ကျနော်တို့ ပြဿနာကို သူတို့က လာပြီး ဖြေရှင်း ပေးပါမယ်ဆိုတဲ့ ပုံစံမျိုးဆိုရင်တော့ စေတနာ မဟုတ်တော့ဘဲနဲ့ ကိုလိုနီခေတ်က အတွေးအခေါ်များ ဖြစ်သွားမှာကို ကျနော်စိုးရိမ်းပါတယ်။ ဒါလေးပါပဲ။
မေး ။ ။ ဆလိုင်းလျန်မိုး အခုပြောနေတဲ့ ပြဿနာတွေ အခုဖြစ်နေတဲ့ အောက်ခြေက အနေအထားတွေကိုရော ခုဆိုရင် Peace Process မှာ ထိပ်ကနေပါတဲ့ ဒေါ်အောင်ဆန်းစုကြည် ကကော ဘယ်လောက် အထိ ထဲထဲဝင်ဝင် သိတယ်လို့ ခံစားရလဲ။
ဖြေ။ ။ ကျနော် ဒေါ်အောင်ဆန်း စုကြည်ကို ယုံတယ်။ ကောင်းကောင်းယုံကြည်တယ်။ သူအနေနဲ့ စေတနာ အပြည့်အ၀ ရှိတယ်။ ဒေါ်အောင်ဆန်း စုကြည်က တော်တော် တော်တဲ့ ပုဂ္ဂိုလ်ပါ။ သူ့ အနေနဲ့ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ကျနော်အနေနဲ့ ဖြစ်စေချင်တာက သူ့ကို အထောက်အကူ ပေးမဲ့ ဝန်ကြီးဌာနလိုဟာမျိုး Team ကောင်းကောင်း ရှိဖို့လိုမယ်လို့ ထင်ပါတယ်။
မေး ။ ။ တပ်ချုပ်ကိုကော ဘယ်လို မြင်လဲ။
ဖြေ ။ ။ တူတူပါပဲ။ တပ်ချုပ်မှာလည်း စေတနာ ရှိပါတယ်။ ကျနော်တို့ အနေနဲ့ တွေ့ဆုံ ဆွေးနွေး စကားတွေ အများကြီး ပြောဖို့ လိုပါတယ်။ သူတို့ရဲ့ တဖက်သတ် အမြင်မျိုးမဟုတ်ဘဲနဲ့ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ လေသံကို သူအနေနဲ့ နားထောင်ပေးစေချင်ပါတယ်။
ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာကို ဒီအချိန်မှာ ဖြေရှင်းနိုင်တဲ့ အခွင့်အရေးရှိတဲ့ ဒီအခွင့်အရေးက နှစ်ပေါင်း ၇၀ ကြာမှ တခါပေါ်တာ။ ဒီအခွင့်အရေးကို တပ်ချုပ်ကြီးရော၊ ဒေါ်အောင်ဆန်း စုကြည် ရော၊ သမ္မတကြီးရော အားလုံး တာဝန်အပြည့်အ၀ အသုံးချပြီးတော့ ငြိမ်းချမ်းရေးကို အမြန်ဆုံး ဖန်တီး ပေးစေချင်ပါတယ်။ သူတို့ လက်ထဲမှာရှိပါတယ်။ သူတို့ လုပ်နိုင်ပါတယ်။ သူတို့ စေတနာ ရှိရှိ နဲ့ တိုင်းပြည်အပေါ်မှာ၊ လူထူအပေါ်မှာ လက်ရှိတိုင်းပြည်နဲ့ လက်ရှိ လူထူသာမက ကျနော့် တိုင်းပြည်အနာဂတ် တခုလုံး၊ ကံကြမ္မာတခုလုံးကို အဆုံးအဖြတ်ပေးနိုင်တဲ့ ဆုံးဖြတ်မှုမျိုးမှာ လုပ်နိုင်တဲ့ ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေး သူတို့မှာရှိပါတယ်။ ဒီအခွင့်အရေးကို အကောင်းဆုံး အသုံးချပေးဖို့ ကျနော်ကတော့ မေတ္တာရပ်ခံချင်ပါတယ်။
မေး ။ ။ အခုနောက်ဆုံး မေးချင်တာက ကျနော်တို့ တိုင်းပြည်မှာ အခုဖြစ်နေတဲ့ ငြိမ်းချမ်းရေး နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေကို ညီးညူတဲ့ အသံတွေ ကျနော်တို့ ပိုကြားလာရတယ်။ ဒါကိုလဲ နိုင်ငံကို ဦးဆောင်တဲ့ ခေါင်းဆောင်တွေက သိမယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ဒါကို ကျနော်တို့ တိုင်းပြည်မှာ တွေနေတဲ့ အနေအထား ကိုမေးတဲ့အခါကျရင် တချို့ ပြောကြတာရှိတယ်။ ကံကြမ္မာဆိုတာကို ပုံချကြတယ်။ တိုင်းပြည်ရဲ့ ကံကြမ္မာပဲလို့ ပြောကြတာရှိတယ်။ တခါတလေ ကျရင် ကျနော်က စဉ်းစားတာက တိုင်းပြည်ရဲ့ ကံကြမ္မာလား၊ ကျနော်တို့မှာ ရှိနေတဲ့ အတ္တတွေ၊ မာနတွေကို မခွာနိုင်ကြတာလားလို့ မေးမိတယ်။ အဲဒီတော့ အတ္တနဲ့ မာနကလည်း Peace Process မှာ တော်တော် ကိုအရေးကြီးတဲ့ ကဏ္ဍကနေ ပါနေသလားလို့။ အဲဒါလေးကိုကော ဆလိုင်းလျန်မုန်း ဘယ်လို ထင်သလဲ။
ဖြေ ။ ။ ကျနော်တို့ တိုင်းပြည်ရဲ့ ကံကြမ္မာဆိုတာ၊ ကျနော်ကတော့ ခရစ်ယာန်ပါ။ ဗုဒ္ဓတရားတော်ရဲ့ အဆုံးအမ အရဆိုရင် ကံဆိုတာ လူက ဖန်တီးတာပဲဆိုတော့ ကျနော်တို့အနေနဲ့ ဒီကံကြမ္မာကို ကျနော်တို့ ဖန်တီးပိုင်ခွင့် လက်ထဲမှာရှိပါတယ်။ ဆုံးဖြတ်ပိုင်ခွင့် ကျနော်တို့ လက်ထဲမှာ ရှိပါတယ်။ လူထုလက်ထဲမှာ ရှိပါတယ်။ ခေါင်းဆောင်တွေရဲ့လက်ထဲမှာ ရှိပါတယ်။ ဒါကို သတ္တိ ရှိရှိနဲ့ လုပ်ဖို့လိုတယ်။မှန်တယ်ဆိုတာကို ယုံကြည်တယ်ဆိုရင် ဒီယုံကြည်မှုအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်သင့်တယ်။ ဒါအမှန်တရားပါ။ ကျနော်တို့ ခရစ်ယာန် ကျမ်းစာထဲမှာ ရှိတယ်။ အမှန်တရားက သင်တို့ကို လွတ်မြောက်စေလိမ့်မည်။ အမှန်တရားပေါ်မှာ ကျနော်တို့ ရဲရဲရပ်တည် ရဲတယ်ဆိုရင် ဒီကံကြမ္မာကိုလဲ ကျနော်တို့ ဖြေရှင်းနိုင်မယ်။ ဒီငြိမ်းချမ်းရေးကိုလဲ တည်ဆောက် နိုင်မှာ ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
You may also like these stories:
ခွဲထွက်ခွင့်၊ မခွဲထွက်ခွင့် ဆိုတဲ့ဟာ ကျနော်တို့ လုံးဝကို မစဉ်းစားဘူး
ရှမ်းပြည်နယ်က တိုက်ခိုက်မှုများ တရုတ်နိုင်ငံ၏ အရိပ်ထိုးနေ
ဝတောင်တန်းပေါ် UWSA အင်အားပြနေသည်