နေပြည်တော် လွှတ်တော်အစည်းအဝေး တက်ရန် လာသည့် NLD ပါတီ ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးဝှေ့တင်းကို ယမန်နေ့ ညနေက AA က ဖမ်းဆီးခဲ့သည်။ AA သည် ကုလားတန်စီမံကိန်း လုပ်ဆောင်ရန် ရောက်နေ သည့် အိန္ဒိယနိုင်ငံသား ၅ ဦးနှင့် စကားပြန်များကိုပါ ဦးဝှေ့တင်းနှင့် အတူ ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ယနေ့ မနက်တွင်မူ AA သည် ဦးဝှေ့တင်းကို ဆက်လက် ထိန်းသိမ်း ဖမ်းဆီးထားပြီး ကျန်ရှိသူ ၉ ဦးကို ပြန်လွှတ်ပေး လိုက် သည်။ ထို ၉ ဦးထဲမှ အိန္ဒိယနိုင်ငံသား တဦးသည် လမ်းတွင် နှလုံးရပ် သေဆုံးသွားသည်ဟုလည်း သိရသည်။ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ကို လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွားသည့် အခြေအနေ၊ ထိုသို့သော AA ၏ လုပ်ရပ်အပေါ် NLD ၏ သဘောထားကို ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာမျိုးညွှန့်ကို ဧရာဝတီ သတင်း ထောက် ထက်ခေါင်လင်းက ဆက်သွယ်မေးမြန်း ထားပါသည်။
မေး။ ။ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ AA က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ချင်းပြည်နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တဦးကို ဖမ်းဆီးခေါ်ဆောင်ထားတဲ့အပေါ်မှာ ဘယ်လိုသဘောထား ရှိပါသလဲခင်ဗျ။
ဖြေ။ ။ ဒီအမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟာ ပြည်သူက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ် တဦးဖြစ်ပါတယ်။ နိုင်ငံ သားတိုင်းက လေးစားစွာ ကြည်ညို ဆက်ဆံရမယ့် ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူ့ကို ခြွင်းချက်မထားဘဲ အမြန်ဆုံး ပြန်လွှတ် ပေးသင့်ပါတယ်။ သူ့ကို အတင်းအကျပ် အင်အားသုံးပြီး ဖမ်းဆီး ချုပ်နှောင်ထားတယ်ဆိုတာ သင့်တော်တဲ့ကိစ္စ မဟုတ်ပါဘူး။
မေး။ ။ ဒီလုပ်ရပ်က တရားဥပဒေစိုးမိုးရေးအပေါ် ဘယ်လောက် ထိခိုက်မှု ရှိနေပါသလဲ။
ဖြေ။ ဒါကလည်း တဖက်ထဲက ဆောင်ရွက်လို့ မရပါဘူး။ ဘက်ပေါင်းစုံကနေ တရားဥပဒေ စိုးမိုးရေး ရရှိအောင်၊ တိုင်းရင်း သား အချင်းချင်းကြား ယုံကြည်ချက် ရရှိအောင် တပြိုင်ထဲ ကြိုးစားရမှာ ဖြစ်ပါတယ်။
မေး။ ။ AA က ပြည်သူ့ကိုယ်စားလှယ်တဦးကို ဖမ်းဆီးလိုက်တာက ဘယ်လို အခြေအနေကို ဖြစ်ပျက်စေမယ်လို့ သုံးသပ်ချင်ပါလဲ။
ဖြေ။ ။ ကျနော်တို့က အင်အားသုံးပြီးတော့ ဖမ်းဆီးတာ၊ ချုပ်နှောင်တာတွေ အားလုံးက မသင့်တော်ဘူးလို့ပဲ ပြောရမယ်။ ယခင် သူတို့ဖမ်းဆီးတဲ့ ပုံစံတွေက အထူးသဖြင့် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်ကောင်း ပတ်သက်မယ်။ ဒါပေမယ့် အခု လွှတ်တော်ကိုယ်စားလှယ်က လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လုံးဝမပတ်သက်တဲ့ ပြည်သူ့ကိုယ်စားလှယ် သက်သက် ဖြစ်ပါတယ်။
မေး။ ။ ဖမ်းဆီးမှုမှာ ပါသွားခဲ့တဲ့ အိန္ဒိယနိုင်ငံသားတွေကိုတော့ ပြန်လွှတ်ပေးခဲ့ပြီ။ ဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ဒါကတော့ ထိန်းသိမ်းထားတဲ့ သူတွေပဲ သိပါလိမ့်မယ်။ ကျနော်တို့ကတော့ အိန္ဒိယ နိုင်ငံသားတွေရော ကျနော်တို့ ပြည်သူတွေရော ဘယ်သူ့ကိုမဆို လက်နက်အင်အား သုံးပြီး ချုပ်နှောင်ထားတာ၊ အတင်းအကျပ် ထိန်းသိမ်းထားတာ သဘောမကျပါဘူး။
မေး။ ။ AA ရဲ့ ရပ်တည်ချက်အပေါ်မှာရော NLD ပါတီအနေနဲ့ ဘယ်လိုသဘောထား ရှိလဲ။
ဖြေ။ ။ နိုင်ငံရေး ရည်ရွယ်ချက်ကြောင့် လက်နက်ကိုင်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်း ဖြစ်ပါတယ်။ အဲဒီအတွက် မိမိတို့ရဲ့ နိုင်ငံရေး ယုံကြည်ချက်အရ ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စုကို ဦးတည်သင့်ပါတယ်။ အဲဒီလို နိုင်ငံရေးမှာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို လေးလေးစားစား ဆက်ဆံသင့်တယ်လို့ပဲ မြင်ပါတယ်။
ရခိုင်ပြည်နယ်အရေးက အကြောင်းအရာ မျိုးစုံ ရှုပ်ထွေးနေတာ ဖြစ်ပါတယ်။ အဲဒီအတွက် ကျနော်တို့က အလွယ်တကူ မှတ်ချက် မပေးလိုပါဘူး။ လုပ်ရပ် ၁ ခုချင်း အပေါ်မှာပဲ မှတ်ချက်ပေးလိုပါတယ်။
မေး။ ။ တချို့က သုံးသပ်ထားတာမှာ ရခိုင်ဒေသကို တပ်မတော်က စစ်ဆင်ရေးတွေ ဝင်လိုက်တဲ့အခါမှာ ရခိုင်လူမျိုးတွေရဲ့ မျိုးချစ်စိတ်ကြောင့် AA အဖွဲ့ဟာ ပိုပြီး အင်အား ကြီးထွား လာစေတယ်လို့ ယူဆထားတဲ့အပေါ်မှာ ဘယ်လို သုံးသပ်သလဲ။
ဖြေ။ ။ ရခိုင်ပြဿနာဟာ နိုင်ငံရေး ပြဿနာဖြစ်ပါတယ်။ နိုင်ငံရေး ပြဿနာကို အင်အားသုံးပြီး ဖြေရှင်းနေတာဟာ ဘယ်တော့မှ အဖြေရမှာ မဟုတ်ပါဘူး။
မေး။ ။ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက မြန်မာ့ငြိမ်းချမ်းရေး အခြေအနေက တုံ့ဆိုင်းနေတယ်လို့ သုံးသပ်ကြတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကိုယ်တိုင်က အဲဒီလို ယူဆနေတယ်။ အဲဒီအပေါ်မှာ ဘယ်လို မှတ်ချက်ပြုချင်လဲ။
ဖြေ။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ ပြည်တွင်းတိုက်ပွဲတွေ၊ တိုင်းရင်းသား အချင်းချင်း ဖြစ်နေတဲ့ တိုက်ပွဲတွေ အားလုံးက နိုင်ငံရေးက အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံရေးကို ပါဝင်ကြတဲ့ ဘက်ပေါင်းစုံကနေ နိုင်ငံရေးအရ ပူးပေါင်းပါဝင်ကြဖို့ ထက်ထက်သန်သန် လုပ်ကြဖို့ဘဲ လိုပါတယ်။
မေး။ ။ လက်ရှိ မြန်မာ့နိုင်ငံရေးက ဘယ်လောက် တိုးတက်နေပြီလို့ သုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ ဦးသိန်းစိန် လက်ထက်က စတင်ခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ညှိနှိုင်းမှုတွေ၊ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတဲ့ ဟာတွေကို ကျနော်တို့က ၂၁ ရာစု ပင်လုံညီလာခံဆိုပြီး ပြောင်းလဲပြီး ဒီလုပ်ငန်းစဉ်တွေကိုပဲ ဆက်လက် လုပ်ဆောင် နေပါတယ်။ အဲဒီတော့ လုပ်ငန်း လုပ်ဆောင်တဲ့အခါမှာ တိုင်းရင်းသားတွေရော၊ တပ်မတော်ရော အားလုံးက ပူးပေါင်း ဆောင်ရွက်မှ အောင်မြင်မှာ ဖြစ်ပါတယ်။ လောလောဆယ်မှာ အချင်းချင်း မယုံကြည်မှုတွေရှိတယ်။ လုပ်ငန်းစဉ်ဟာ နှောင့်နှေးနေတာတွေ ရှိပါတယ်။ သို့သော် ယုံကြည်မှုတွေ ပြန်ရလာတာနဲ့အမျှ လုပ်ငန်းစဉ်ဟာ တိုးတက်မှုရှိလာမှာပါ။ နောက်တော့ ပိုတိုးတက်လာမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။