အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှ ချင်းတိုင်းရင်းသား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းနှင့် အ တူ အိန္ဒိယ နိုင်ငံသား ၅ ဦး၊ စကားပြန်၂ ဦးနှင့် စပိဘုတ် မောင်းနှင်သူ ၂ ဦး တို့သည် နိုဝင်ဘာလ ၃ ရက် မနက် ၇ နာရီခွဲ၌ ချင်းပြည်နယ် ပလက်ဝမှ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ လာရောက်စဉ် ကျောက်တန်းရွာ အရောက် ရက္ခိုင် စစ်တပ် (AA) ၏ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသည်။
ထို့နောက် နိုဝင်ဘာလ ၄ ရက် နံနက်တွင် အိန္ဒိယ နိုင်ငံသား ၉ ဦး အနက် ၁ ဦးမှာ လမ်းခရီး၌ သေဆုံးသွားခဲ့သည်။ ထိုအိန္ဒိယ နိုင်ငံသားများကို AA မှ ပြန်လွှတ်ပေးခဲ့သော်လည်း ဦးဝှေ့တင်းကိုမူ ဆက်လက် ထိန်းသိမ်းထားကြောင်း သိရ သည်။
AA အဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခက ဦးဝှေ့တင်းကို လုံခြုံရေးအရ စစ်ဆေးရန် ရှိနေသဖြင့် ဆက်လက် ထိန်းသိမ်းထား ကြောင်း ဧရာဝတီကို ပြောဆိုခဲ့ပြီး လက်ရှိ အချိန်ထိ ဦးဝှေ့တင်းကို ပြန်လွှတ်ပေးခြင်း မရှိသေးပေ။
ထိုသို့ လွှတ်တော် ကိုယ်စားလှယ် တဦး ဖမ်းဆီးထိန်းသိမ်းခံရခြင်း အပေါ် ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်လာခြင်း၊ ချင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD)၊ ခူမီး လူငယ်များ အသင်း (KYA) တို့ကလည်း ဦးဝှေ့တင်း အပါအဝင် ချင်းတိုင်း ရင်းသားများ အားလုံး အမြန်ဆုံး ပြန်လွှတ်ရေးအတွက် ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။
ယင်းသို့ ချင်းတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် အဖမ်းခံရခြင်း အပေါ် တိုင်းနှင့် ပြည်နယ် အသီးသီးရှိ လွှတ်တော် ကိုယ်စားလှယ်များ ၏ သဘောထားများကို ဖော်ပြပေးလိုက်သည်။
ဒေါ်အိအိပြုံး
ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)
လွှတ်တော် ကိုယ်စားလှယ် တယောက်ကို ဒီလိုမျိုး ပုံစံမျိုးနဲ့ ပြန်ပေးဆွဲသကဲ့သို့ ခေါ်ဆောင်ပြီးတော့ မေးစရာတွေ ရှိတယ်၊ ပြောမယ် ဆိုတာ ဒါလုံးဝ မဖြစ်သင့်ဘူး။ ဒါဟာ ပြည်သူကို ကိုယ်စားပြုထားတဲ့ လွှတ်တော် ကိုယ်စားလှယ် တယောက်၊ ပြီး တော့ လူငယ်ဖြစ်တယ်။ သူ့ရဲ့အနောက်မှာ ပြည်သူတွေကနေပြီးတော့ ထောက်ခံမှုတွေနဲ့ မဲပေးပြီး တက်လာတဲ့ အပေါ်မှာ ဒီလိုမျိုးတွေ ခေါ်ယူ ပြောဆိုတယ် ဆိုတာ ဒါဟာ အင်စတီကျူးရှင်း တခုလုံးကို ထိတယ်လို့ ယူဆတယ်။ လုံးဝလည်း မလုပ် သင့်တဲ့ အခြေအနေပါ။
ဒါကြောင့် ညှိနှိုင်းရမယ်။ ဒီ ညှိနှိုင်းရမည့် အခြေအနေတွေပဲ လွှတ်တော်ဘက်ကလည်း ဆွေးနွေးမှာပဲ။ ဆွေးနွေးကြလိမ့် မယ်လို့လည်း ယူဆတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်ကြီးက ကမ္ဘာမှာရော အရမ်းကို ရုပ်ဆိုးလွန်းတယ်။ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း ဆိုတာလည်း သိသလောက် ကတော့ မြန်မာနိုင်ငံမှာ ဒါမျိုး မကြားခဲ့ဖူးဘူး။ ဒီလောက်တဲ့ ဖြစ်လာတာက တော့ ရုပ်ဆိုးလွန်း အားကြီးတယ်လို့ ပဲ ပြောချင်ပါတယ်။
ဒေါက်တာ လှမိုး
ပြည်သူ့ လွှတ်တော် အခွင့်အရေး ကော်မတီ အတွင်းရေးမှူး
ဘယ်နေရာမှာ ပျောက်နေတယ်ဆိုတာလည်း မသိရဘူး။ ပါတီအနေနဲ့ကလည်း အတည်ပြုထားပြီး ဖြစ်ပါတယ်။ ပျောက် ဆုံး နေတယ်ဆိုတာ သေချာတယ်။ ဘယ်နေရာမှာ ရောက်နေတယ် ဆိုတာ အတိအကျ မသိရဘူး။ ဘာဖြစ်နေတယ် ဆို တာလည်း အတိအကျ မသိရသေးဘူး။ သိလာတဲ့အချိန်မှာ လွှတ်တော်ဘက်ကနေပြီးတော့ ဆောင်ရွက်စရာရှိတာ ဆောင် ရွက်မှာ ဖြစ်ပါတယ်။
ဥပဒေ၊ နည်းဥပဒေ အရ ဆက်လက် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါက လုံခြုံရေးနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်တယ်။ ကိုယ်စားလှယ် တယောက် ပျောက်ဆုံးတယ် ဆိုတာ နိုင်ငံတော်ရဲ့ လုံခြုံရေး ထိပါးတာ ဖြစ်တယ်။ အဲဒါကြောင့် လွှတ်တော် ဥက္ကဋ္ဌနဲ့ နိုင်ငံ တော်သမ္မတတို့ ပူးပေါင်းပြီးတော့ ဆောင်ရွက်စရာ ရှိတာ ဆက်လက် ဆောင်ရွက်မှာ ဖြစ်ပါတယ်။
လုံခြုံရေးနဲ့လည်း ပူးပေါင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူလူထုကို ကိုယ်စားပြုထားတဲ့ ကိုယ် စားလှယ်တယောက် ဒီလိုမျိုး ပျောက်ဆုံးနေတယ် ဆိုတာပဲ သိသေးတယ်။ အသက်ရှိသလား၊ မရှိသေးသလား ဆိုတာ လည်း မသိသေးဘူး။
ဒါ ပထမဆုံး အကြိမ် ဖြစ်ရပ်ပါဘဲ။ အလားတူ ဖြစ်ရပ်မျိုး မရှိပါဘူး။ ပါတီတွင်း အနေဖြင့်လည်း ပထမဆုံး အကြိမ် ဖြစ်ရပ် ပါပဲ။ ပြည်သူကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် ၁ ယောက် ဘေးဒုက္ခရောက်နေခြင်းဟာ သူ့ကို ကိုယ်စားပြုတဲ့ ပြည်သူတွေ အတွက်လည်း စိုးရိမ်စရာ ဖြစ်သလို ကိုယ်စားလှယ် အတွက်လည်း ဒီလိုမျိုး အကြောင်းမရှိဘဲနဲ့ ပျောက်ဆုံးနေခြင်းဟာ လည်း ဒါ စိုးရိမ်စရာ တခုပါပဲ။
ကိုယ်စားလှယ် တယောက် နယ်ကို ဆင်းမယ်ဆိုရင် လိုအပ်တဲ့ လုံခြုံရေး ကို သက်ဆိုင်ရာ မြို့နယ်မှာ လုံခြုံရေး တောင်းပြီး သားပါ။ မြို့နယ်မှာရှိတဲ့ လုံခြုံရေးကလည်း ပေးကို ပေးရပါတယ်။ လွှတ်တော် ကိုယ်စားလှယ်က တောင်းဖို့ပဲ လိုတာပါ။ ဒါ လွှတ်တော်က ပေးထားတဲ့ တရားဝင် အခွင့်အရေးပဲ။
ဒါနဲ့ ပတ်သက်လို့ အရေးကြီး အဆိုတင်ဖို့တော့ မရှိသေးပါဘူး။ ဘာဖြစ်နေမှန်းမှ မသိသေးတာ။ လွှတ်တော် ကိုယ်စားလှယ် တယောက် အနေနဲ့ မဲဆန္ဒနယ် ဆင်းတဲ့ အခါမှာ ပိုပြီးတော့ သတိရှိရှိ နေရတော့မှာ ဖြစ်ပါတယ်။ မဲဆန္ဒနယ် ဆင်းရင် လို အပ်တဲ့ လုံခြုံရေးကို တောင်းရမှာ ဖြစ်ပါတယ်။
ဦးလှဆန်း
မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်- ၁
မလုပ်သင့် မလုပ်ထိုက်တာကို လုပ်တယ်လို့ပဲ မြင်တယ်။ အဲဒီအတွက်လည်း အဖွဲ့အစည်း အားလုံးက ဆွေးနွေးညှိနှိုင်း တိုင် ပင်နေပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်းဖို့ လိုပါတယ်။ လုပ်လည်း လုပ်နေပါတယ်။ ဘယ်လို ဆောင်ရွက်နေတယ်ဆို တာကတော့ ပြောလို့ မရသေးပါဘူး။
မဖြစ်ခင် ၁ ရက် အလိုကပဲ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသက ဦးမင်းနိုင်က ခွင့်တိုင်တော့မှ အဲဒီအချိန်မှာ ဦးဝှေ့တင်း မရောက်သေးဘူးဆိုတာ သိခဲ့ရတယ်။ လွှတ်တော်ကို နောက်ဆုံး သတင်းပို့ရတဲ့ အချိန် ၃ ရက် ညနေ ၄ နာရီအထိ ဦးဝှေ့ တင်း မရောက်လာသေးဘူး။ ညကျမှ ဒီလို အဖမ်းခံရတဲ့ သတင်းက သိရတယ်။
ဒီလို လွှတ်တော် ကိုယ်စားလှယ်ကို ပြန်ပေးဆွဲတာမျိုး တခါမှလည်း မရှိခဲ့ဖူးပါဘူး။ လွှတ်တော် ကိုယ်စားလှယ် တယောက် သွားရင် လုံခြုံရေးလည်း ပါတာ မဟုတ်ပါဘူး။ အခုက အခြား နိုင်ငံခြားသားတွေလည်း ပါတယ်။ တခြားသူတွေကို လွှတ်ပြီး ကိုယ်စားလှယ်ကျတော့ မလွှတ်သေးဘူးဆိုတော့ စိတ်လည်း မကောင်းပါဘူး။ ဘာတွေများ ဖြစ်နေလဲပေါ့။
ဦးခင်မျိုးဝင်း
တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် – ၁၂
ဒီလိုကိစ္စမျိုးက မဖြစ်သင့်ဘူးလို့ ထင်တယ်။ မဲဆန္ဒနယ်မြေကို လွတ်လွတ်လပ်လပ်နဲ့ သွားနေတဲ့ အချိန်မှာ လုံခြုံရေးလည်း မပါဘူး။ အဲဒီလို သွားနေတဲ့ အချိန်မှာ ဒီလို လုပ်တယ်ဆိုတာကတော့ အဲဒီ အဖွဲ့အစည်းကလည်း မလုပ်သင့်ဘူးပေါ့။
ကျနော်တို့အတွက် မလုံခြုံတော့ဘူးလား။ ဒီလောက်တောင် ဖြစ်နေတာ။ ကျနော်တို့လည်း နိုင်ငံရေး လုပ်နေတာ။ အပြု သဘောနဲ့ လုပ်နေတာ။ လက်နက်ကိုင်ပြီး လုပ်နေတာ မဟုတ်ဘူး။ လက်နက်ကိုင် အဖွ့ဲအစည်းတွေကလည်း နိုင်ငံရေး လုပ်တယ် ဆိုပေမယ့် ဒီလို မခြိမ်းခြောက်သင့်ဘူး။ ကိုယ်စားလှယ်တွေရဲ့ အသက်အန္တရာယ် ဖြစ်အောင် အထိပေါ့။
ဒါကြောင့် အမြန်ဆုံး လွတ်မြောက်အောင် တောင်းဆိုသင့်တယ်။ နိုင်ငံတော် အကြီးအကဲတွေ၊ စစ်ဘက်ဆိုင်ရာကလည်း အမြန်ဆုံး လွတ်မြောက်အောင် ဖိအားပေးပြီး ဆောင်ရွက်သင့်တယ်လို့ ထင်ပါတယ်။ ကိုယ်စားလှယ် အတွက်တော့ စိုးရိမ် တာပေါ့။
ကျနော်တို့လည်း နယ်စပ်ဒေသမှာ နေတယ် ဆိုတော့ နယ်မြေ ဆင်းရမှာတောင် ကြောက်လာတဲ့ သဘောပေါ့။ ကျနော်တို့ လည်း လွတ်လပ်စွာ သွားလာချင်တယ်။ သူတို့ ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ ကိုယ့်နိုင်ငံထဲမှာ နယ်စပ်ဒေသ အထိ သွားနေတာ ဆိုတော့၊ သူ့ဒေသထဲမှာ ဖြစ်တယ်ဆိုတော့ ကျနော်တို့လည်း နောက်ဆို ဆင်ခြင်ရမည့် သဘောမျိုးတောင် ဖြစ်လာတယ်လို့ ထင်မိပါတယ်။
ဦးမြင့်လွင်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွံတေး မဲဆန္ဒနယ်
AA နဲ့ တပ်မတော် တို့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ကိစ္စကတော့ အမှန်/အမှားကတော့ ဘယ်သူက မှန်တယ်။ ဘယ်သူက မှားတယ်။ အမျိုးမျိုး ပြောနေကြတယ်။ အရပ်သားတွေ သေဆုံး ထိခိုက်မှုတွေ ရှိတယ်။ အဲဒီမှာလည်း ဘယ်သူ့ဘက်က ပစ် တယ်ဆိုတာလည်း အမျိုးမျိုး ပြောနေကြတာပေါ့။
အခုဟာက လွှတ်တော်ကိုယ်စားလှယ် တယောက်ကိုသာ AA ဘက်က ဖမ်းသွားတာ မှန်ရင် မလုပ်သင့်တာလို့ ထင်တယ်။ ဘာပဲပြောပြော လွှတ်တော် ကိုယ်စားလှယ် ဆိုတာကတော့ တိုင်းပြည်မှာကတော့ ဒီမိုကကရေစီရဲ့ ပြယုဒ်တခုပဲ။
နောက်တခုက AA က ဖမ်းသွားတာ ဟုတ်မဟုတ် ဆိုတာကို သေချာဖို့ လိုတာပေါ့။ နောက်ဆုံး AA က မသိလို့ ဖမ်းသွား တယ်ဆိုရင် အမြန်ဆုံး ပြန်လွှတ်ပေးသင့်တာပေါ့။ အဲဒါကို သိရက်သားနဲ့ ဆက်ပြီး ဖမ်းထားတယ်ဆိုရင်တော့ မလုပ်သင့်တဲ့ အလုပ်တခုပဲ။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ လုပ်တာ ကိုင်တာ မှန်တယ် မှားတယ် ဘာမှ မပြောလိုဘူး။ လွှတ်တော် ကိုယ်စားလှယ် တယောက်ကို ဖမ်းသွားတယ် ဆိုတာကတော့ တိုင်းပြည်ရဲ့ ဒီမိုကရေစီမှာ အနုတ်လက္ခဏာ တခုပဲ။
တရားဥပဒေဘောင် အတွင်းမှာတော့ လွှတ်တော် ကိုယ်စားလှယ် တယောက်ကို ဖမ်းရင် လွှတ်တော် ဥက္ကဋ္ဌတွေရဲ့ အကြီး အမှုးတွေရဲ့ ခွင့်ပြုချက်ကို ယူရမယ် ဆိုတာတော့ ပါတာပေါ့။ ဟိုမှာကျတော့ လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်တော့ ဒီလို တော့ ယူစရာတော့ မလိုဘူးပေါ့။
သို့သော် ဖမ်းသွားတယ် ဆိုတာနဲ့တင် ဒီသတင်းဟာ အတော်လေးကို ဆိုးရွားတဲ့ သတင်းပဲ။ ဒါကတော့ ဘယ်သူကပဲ လုပ် လုပ်၊ ဘယ် တိုင်းရင်းသားပဲ လုပ်လုပ်၊ ဘယ် လက်နက်ကိုင် အဖွဲ့အစည်းကပဲ လုပ်လုပ် မလုပ်သင့်တဲ့ အလုပ်ပဲ။ အမြန်ဆုံး ဘေးမသီ ရန်မခနဲ့ ပြန်လွှတ်ပေးသင့်တယ်လို့ပဲ မြင်ပါတယ်။
ဦးအောင်သောင်းရွှေ
ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်
ကျနော်တို့ မြန်မာ တနိုင်ငံလုံးမှာ တရား ဥပဒေ စိုးမိုးမှု မရှိဘူး ဖြစ်နေတယ်။ နောက်ပြီးတော့ ဥပဒေပြု မဏ္ဍိုင်ကိုလည်း အုပ်ချုပ်ရေး မဏ္ဍိုင်က ဝင်ရောက် စွက်ဖက်နေတယ်။ တကယ်တမ်း ပြောရရင် ပြည်သူ့ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ် ကို ဖမ်းဆီး ထိန်းသိမ်းတယ် ဆိုတဲ့ စကားက အခုမှသာ ပြောလာကြတာ။
လွှတ်တော် ကိုယ်စားလှယ်တွေလည်း လုံခြုံမှု မရှိဘူး။ ကျနော်တို့ လည်း ကိုယ့်မဲဆန္ဒနယ် ရောက်ရင် အဲဒီလိုပဲ ခံစားရ တယ်။ ကျနော်တို့က ဘက်လိုက်မှု ကင်းဖို့ လိုတယ်။ ဒေါက်တာ အေးမောင်ကို ဖမ်းတုန်းကတော့ တခြား အမတ်တွေ ဘာမှပြောဆိုတာ မတွေ့ရဘူး။ ဒီနေ့ NLD အမတ် အဖမ်းခံမှ ပြောဆိုလာကြတယ် ဆိုတာက မဟုတ်သေးဘူးလေ။ ဆို လိုတာက ဒေါက်တာ အေးမောင်တယောက် ဖမ်းခံရတာကို ပြောတာ မဟုတ်ဘူး ။ ဦးဝှေ့တင်း တယောက်တည်း အဖမ်းခံ ရတာကို ပြောနေတာ မဟုတ်ဘူး။
ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ် အားလုံးအတွက် မီးမောင်းထိုး ပြောဆိုခြင်းသာ ဖြစ်တယ်။ ဥပဒေပြု မဏ္ဍိုင်က လည်း မှန်မှန်ကန်ကန် ရပ်တည်ပေးဖို့ လိုတယ်။ အစကတည်းက ဘက်မလိုက်ဘဲ ဒီလို ပြောဆိုမှုတွေ လုပ်ဖို့ လို တယ်။ အခု တခြား လွှတ်တော် ကိုယ်စားလှယ်တွေလည်း မလုံခြုံမှုတွေ ဖြစ်နေတယ်။ အဲဒါတွေကို ကျနော်တို့တွေက မှန်မှန်ကန်ကန် ထောက်ပြဖို့ လိုတယ်။
တကယ်တမ်း ပြောမယ်ဆိုရင် ဒေါက်တာ အေးမောင်တို့ကို ဖမ်းဆီး ကတည်းက အုပ်ချုပ်ရေး မဏ္ဍိုင်က ဥပဒေပြုရေး မဏ္ဍိုင်ကို ဝင်ရောက် စွက်ဖက်တာပဲ။ နောက်တခုက ရခိုင်ပြည်နယ်မှာ စစ်ပွဲဖြစ်နေတယ်။ အဲဒီလို စစ်ဖြစ်နေတဲ့ ကာလမှာ တဖက်နဲ့ တဖက် ဖမ်းဆီးတာတွေ ရှိနေတယ်။ သူတို့ ထိန်းချုပ် နယ်မြေမှာ သူတို့ လုပ်နေကြတာပဲ။ စစ်တပ်ဘက်ကလည်း အရပ်သား ပြည်သူတွေကို ဖမ်းဆီးပြီးတော့ စစ်ဆေးမေးမြန်းတာတွေ ရှိသလို AA ထိန်းချုပ်နယ်မြေမှာလည်း အလားတူ ဖြစ်စဉ်တွေ ရှိမှာပေါ့။
အခုက AA လည်း လိုအပ်ချက်အရ ခေါ်ယူပြီးတော့ စစ်ဆေးတာတွေကို လုပ်နေတယ်ဆိုပြီး တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ တရားဝင် ပြောဆိုထားတာကို တွေ့ရတယ်။ သူတို့ တရားဝင် ဝန်ခံပြီးတော့ ကြေညာပြီး လုပ်တဲ့အတွက် ပွင့်လင်းမြင်သာမှု ရှိတယ်လို့တောင် ပြောလို့ရတယ်။
တရားဥပဒေ စိုးမိုးမှု မရှိတဲ့ မြန်မာနိုင်ငံမှာ ဒီလိုဖြစ်တာတွေက အဆန်းကြီးတော့ မဟုတ်ဘူး။ ကျနော်တို့ လွှတ်တော် ကိုယ် စားလှယ်တွေလည်း လုံခြုံမှု မရှိဘူး။ ပြည်သူတွေလည်း လုံခြုံမှု မရှိဘူး။ ရှင်းရှင်း ပြောမယ်ဆိုရင် ကျနော်တို့ ဒီနိုင်ငံက ဘက်စုံ ပျက်စီးယိုးယွင်းနေတဲ့ အခြေအနေ ဖြစ်တယ်။
ချင်းပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဆလိုင်း အိုက်ဇက်ခင်
အဓိကက ဖြစ်နေတာတွေ ရှုပ်ထွေးနိုင်တယ်။ ဦးဝှေ့တင်းရဲ့လုပ်ဆောင်ချက်က များတယ်။ နောက် လက်ရှိ အာဏာရ ပါတီ က လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တယ်။ ပြီးတော့ ချင်းတိုင်းရင်းသား ဖြစ်တယ်။ ဒါက လွှတ်တော် ကိုယ်စားလှယ် တယောက်ကို ထိန်းသိမ်း ဖမ်းဆီးတာ ဖြစ်တယ်။
ငြိမ်းချမ်းရေး အတွက် ကတော့ သူအနေနဲ့ ကောင်းကောင်းမွန်မွန် ထိခိုက်ဒဏ်ရာမရဘဲ ပြန်လာမယ်ဆိုရင်တော့ သိပ်ပြီး စိတ်ပူစရာ မရှိဘူး။ နောက်တခုက ချင်းဖြစ်နေတဲ့ အတွက်ကြောင့်မို့ အထူးသဖြင့် ချင်းနဲ့ ရခိုင်ကြားထဲမှာ နားလည်မှု ရှုပ် ထွေးလာနိုင်တာက လောလောဆယ် ဖြစ်နေတာက CNLD က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အဲဒီဟာပါတယ်။ အဲဒီ အငွေ့အသက်လေး ရှိနေတယ်။
နောက် ခူမီး ချင်းမျိုးနွယ်စု ကောင်စီက ထုတ်တဲ့ ကြေညာချက်ထဲမှာလည်း ချင်းနဲ့ ရခိုင်ကြား နားလည်မှု လွဲမှားမှု မဖြစ် အောင် ထိန်းရမယ် ဆိုတဲ့ဟာလေး စပြောတာ ရှိတယ်။ ဆိုတော့ ဒါတွေအားလုံး ပြန်ကြည့်လိုက်ရင်တော့ ဦးဝှေ့တင်းက AAရဲ့ပစ်မှတ် မဖြစ်သင့်ဘူး။ အဖွဲ့အစည်းတွေ အတွင်းမှာ ရှုပ်ထွေးသွားစေနိုင်တဲ့ ပစ်မှတ်ဖြစ်တယ်။ အဲဒီအတွက် စိတ်ပူ တယ်။
ချင်းတွေ အတွက် စိတ်ပူတာ မဟုတ်ဘူး။ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အဖြေရှာတဲ့အခါမှာ ပေါ့။ နောက်ထပ် ရှုပ်ထွေးမှု ဖြစ်လာစေနိုင်တဲ့ အနေအထားတွေ အတွက် စိတ်ပူတာပေါ့။ အရင်ဆုံး ထိခိုက်မှု တစုံတရာ မရှိဘဲ ပြန်ရောက်လာစေချင်တယ်။ ဘာလို့ဆို သူရဲ့မိသားစုတွေရဲ့ အာဃာတတွေ ခုနက ပြောတဲ့ ရှုပ်ထွေးမှုတွေကို ပြေ ပျောက်သွားစေတဲ့ အနေအထား ဖြစ်လိမ့်မယ်။ သူ အခုလို ကြုံတွေ့နေရတဲ့ ကာလမှာ အားလုံး စိတ်ထဲမှာ မအီမသာ ဖြစ်နေတဲ့ ကိစ္စတွေ ရှိနေမှာပဲ။ သူ လွတ်မြောက်လာမှပဲ အားလုံး အေးအေးချမ်းချမ်း ဖြစ်နိုင်မယ်လို့ ကျနော် မြင်တယ်။
ဦးငိုင်ဆာခ့်
ပူးတွဲ ဥက္ကဋ္ဌ
ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (CNLD)
အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တယ်။ လက်ရှိ တာဝန်ရှိသူလည်း ဖြစ်တယ်။ နောက်သူဒေသ ဖြစ်တဲ့ ပလက်ဝ အကျိုးကို သူကတော့ လုပ်မှာပဲ။ အဲဒီလုပ်ရပ်မှာ ဘယ်လိုအကြောင်းကြောင့် ဖြစ်စေ ဒီလို ဖမ်းဆီးခေါ်ဆောင် သွားတာမျိုးက ကျနော်တို့အတွက် အလွန်စိတ်ပူပန်စေတယ်။
နောက် ဘယ်လိုပဲ ဖြစ်ဖြစ် မေးစရာရှိလို့ ဖမ်းဆီး ခေါ်ဆောင်သွားတာပဲ ဖြစ်ဖြစ် သိချင်တာရှိလို့ ဖမ်းဆီးခေါ်ဆောင်သွား တာဖြစ်ဖြစ် တကယ်လို့ အဲဒါကို AA အနေနဲ့ အသေအချာလေး မေးမြန်းပြီးတော့ ထိခိုက်နာကျင်မှု တစုံတရာ မဖြစ်စေဘဲနဲ့ အမြန်ဆုံးတော့ ပြန်လွှတ်ပေးသင့်တယ်။
ဒီလို ဖမ်းဆီးခြင်းအားဖြင့် အထူးသဖြင့် AA ဆိုတာ ကျနော်တို့ ယုံကြည်နေတာက အမျိုးသား တန်းတူရေး၊ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေးနဲ့ ကိုယ်ရဲ့အမျိုးသား ခံခဲ့ရတာတွေကို လွတ်မြောက်နိုင်အောင် ဆောင်ရွက်တဲ့ တော်လှန်ရေး အဖွဲ့အစည်းလို့ ယုံကြည်တယ်။ ဆိုတော့ ဒီလိုမျိုး အခြေအနေမှာ ဖမ်းဆီးတာမျိုး၊ ခေါ်ဆောင်သွားတဲ့ လုပ်ရပ်အပေါ်မှာ တော့ အထင်အမြင် လွဲစရာလေးတွေ အများကြီး ဖြစ်စေတယ်။
အထူးသဖြင့် ရခိုင်လူမျိုးနဲ့ ချင်းလူမျိုးကြားမှာလည်း မလိုလားအပ်တဲ့ ပြဿနာတွေလည်း ပေါ်ပေါက်စေနိုင်တယ်။ စဉ်းစား ချင့်ချိန်နိုင်တဲ့သူတွေ အတွက်က ဘာပဲဖြစ်ဖြစ် အချိန်တန်ရင် ပြန်လွတ်လာနိုင်တယ်လို့ စဉ်းစားနိုင်ပေမယ့် ပြည်သူ အား လုံးက အဲဒီလို မစဉ်းစားဘဲနဲ့ သူတို့ကို ထိခိုက်ပါတယ် ဆိုတာမျိုး အမြင်စောင်းလာနိုင်ပြီး လူမျိုး တမျိုးနဲ့ တမျိုးပေါ်မှာ အမြင်၊ အာဃာတတွေ၊ အငြိုးထားမှုတွေ ဖြစ်ပေါ်မှာကို စိတ်ပူတယ်။ အဲဒီလို မဖြစ်စေချင်ဘူး။
ဒါကြောင့် အကောင်းဆုံးကတော့ ဘာပဲဖြစ်ဖြစ် AA အနေနဲ့ရော၊ တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ရော တော်လှန်ရေးကို လုပ်ကြတဲ့အခါ၊ မိမိ ရည်မှန်းချက်ကို လုပ်ကြတဲ့အခါမှာ ဖြစ်နိုင်ရင်တော့ အတတ်နိုင်ဆုံး ကျနော်တို့ တခြား တိုင်းရင်းသားတွေနဲ့ စည်းလုံးညီညွတ်မှု မပျက်ပြားအောင် အချင်းချင်း အာဃာတတွေ အမုန်းတရားတွေ မပွား အောင် သတိထားပြီး ရှောင်ကျဉ်ကြဖို့တော့ တိုက်တွန်းချင်တယ်။
လဲ့လဲ့နှင့် မင်းအောင်ခိုင် တို့ ပူးပေါင်း ရေးသားသည်။
ဆက်စပ်ဖတ်ရှုရန် – AA ဖမ်းဆီးထားသည့် ချင်းအမတ်ကို ပြန်ကယ်ရန် ကြိုးစားနေဟု တပ်မတော်ပြော