နိုင်ငံတိုးတက်ချင်ရင် အလုပ်သမားတွေရဲ့ လုပ်ခလစာ တိုးမြှင့်ပေးဖို့ လိုတယ်

သဇင်လှိုင်
အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီဝင် ဒေါ်ခိုင်ဇာအောင် / မျိုးမင်းစိုး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ဥပဒေအရ အနိမ့်ဆုံး အခြေခံ လုပ်ခလစာ ပြောင်းလဲ သတ်မှတ်နိုင်ရေး အတွက် မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်(CTUM) အနေဖြင့် ပြည်တွင်းရှိ အခြေခံ အလုပ်သမားများ၏ တနေ့တာ နေထိုင်စားသောက်မှု ဆိုင်ရာ ကုန်ကျစရိတ် စစ်တမ်း ကောက်ယူခဲ့ရာ ၁ နေ့လျှင် ပျမ်းမျှအားဖြင့် ငွေကျပ် ၇ ထောင်မှ ၉ ထောင်ကြားတွင် ရှိနေကြောင်း သိရသည်။

ထိုစစ်တမ်းမှ ရရှိသည့် တိကျသည့် နှုန်းထားတရပ်ကို CTUM မှ မကြာမီ ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

လက်ရှိတွင် ငွေကြေး ဖောင်းပွမှုနှုန်း၊ ကုန်ဈေးနှုန်းနှင့် အစိုးရသစ် လက်ထက် စီးပွားရေး အခြေအနေ၊ နိုင်ငံသားတို့၏ လူမှု ဘဝတို့ကို ထင်ဟပ်စေသည့် အဆိုပါ စစ်တမ်းမှ တွေ့ရှိသည့် အခြေအနေ အသေးစိတ် သိရှိနိုင်ရန် CTUM မှ ဗဟို အလုပ် အမှုဆောင်ဖြစ်ပြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသား ကော်မတီဝင်လည်း ဖြစ်သည့် ဒေါ်ခိုင်ဇာ အောင်ကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ အနိမ့်ဆုံး အခကြေးငွေ ပြောင်းလဲ သတ်မှတ်နိုင်ဖို့ အတွက် လိုအပ်တဲ့ စစ်တမ်းကို ဘယ်ဒေသတွေမှာ အခြေခံပြီး ကောက်ယူခဲ့တာလဲရှင့်။

ဖြေ။ ။ စစ်တမ်းက တိုင်းနှင့် ပြည်နယ် ၈ ခု၊ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်း ဒေသကြီးနှင့် ရှမ်း၊ ကချင်၊ ကရင်ပြည်နယ်တို့က အလုပ်သမားတွေနဲ့ တွေ့ဆုံပြီးတော့ ၁ ရက်ကို အလုပ်သမားတွေအနေနဲ့ ဘယ်လောက် ကုန်ကျ စရိတ်ရှိလဲ ဆိုတာကို သုတေသန လုပ်တာပေါ့။ survey တွေကို ပြန်ယူလာပြီးတော့မှ ရုံးမှာ Data ပြန်ထည့်တယ်ပေါ့။ ထည့်ပြီးတော့မှ ဒေသအလိုက် မတူတဲ့ နှုန်းထားတွေ ထွက်လာတာပေါ့။

မေး။ ။ ဘယ်လို အချက်တွေကို အခြေခံပြီး စစ်တမ်း ကောက်ယူခဲ့တာလဲရှင့်။

ဖြေ။ ။ တယောက်နဲ့ တယောက်သုံးတဲ့ နှုန်းထားချင်း မတူဘူး။ အဓိကအားဖြင့်တော့ လိုအပ်ချက် (Needs) အပေါ်မှာ ကြည့်တယ်။ အခြေခံ လိုအပ်ချက်ပေါ့၊ စားဝတ်နေရေး။ တိုင်းနှင့်ပြည်နယ် တခုနဲ့တခုက မတူဘူး။ သုတေသနမှာ သွားတွေ့ ရတာက ကုန်ကျစရိတ် ၅ ထောင်ကျော်ဆိုရင် နေထိုင်မှုပုံစံ အရမ်း နိမ့်တယ်။

ဥပမာအားဖြင့် ၁၀ ပေ ပတ်လည်မှာ ၃ ယောက်လောက် နေပြီးတော့ အခန်းကို share လုပ်တဲ့အခါမှာ သူတို့ ကုန်ကျ စရိတ်က ပိုနည်းသွားတယ်ပေါ့။

ဒီလို အနေအထားတွေကို စုစည်းပြီးတဲ့ အခါမှာ CTUM အနေနဲ့ ကဏ္ဍစုံက ကိုယ်စားလှယ်တွေကို ခေါ်ပါတယ်။ စိုက်ပျိုး ရေး ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး၊ စက်မှုကုန်ထုတ်၊ ဆောက်လုပ်ရေးနဲ့ သစ်လုပ်ငန်းကဏ္ဍ၊ သတ္တုတွင်း စသဖြင့် မတူတဲ့ လုပ်ငန်းကဏ္ဍက ကိုယ်စားလှယ်တွေကို ခေါ်ပြီးတော့ ဒါတွေကို ကျမတို့ သုံးသပ်တယ်။

လူနေမှု အဆင့်အတန်း နိမ့်လွန်းအားကြီးရင်လည်း မဖြစ်နိုင်ဘူးပေါ့။ အရမ်းမြင့်တယ် ဆိုရင်လည်း ခြိုးခြံပြီးတော့နေတဲ့ အနေအထားလောက်ပဲ တောင်းမယ် ဆိုတာမျိုးကို စဉ်းစားပြီးတော့ အဖွဲ့ချုပ်တွေနဲ့ ဆွေးနွေးလိုက်ပြီးတော့ ဖြစ်သင့်တဲ့နှုန်း ထား တရပ်ဆိုတာတော့ အကြမ်းဖျင်း ထွက်လာတယ်ပေါ့။

အဖွဲ့ချုပ်တွေက ဆွေးနွေးထားတဲ့ နှုန်းထားကို ဗဟိုကော်မတီမှာ တင်ပြမယ်။ တင်ပြပြီးတော့မှ အတည်ပြုချက် ယူပါမယ်။ ယူပြီးပြီဆိုရင်တော့ CTUM ရဲ့ အဆိုပြုနှုန်းထား ဖြစ်သွားမယ်။ ဒီနှုန်းထားကို ကိုင်ပြီးတော့ အမျိုးသားအဆင့် ကော်မတီ တွေမှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။

မေး။ ။ ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း ဒီလို စစ်တမ်းမျိုးတွေ ကောက်ယူခဲ့ပါသေးတယ်။ ဆိုတော့ ဒီနှစ်မှာ ဘာတွေ ထူးထူး ခြားခြား အပြောင်းအလဲ ရှိသလဲ။

ဖြေ။ ။ ရှေ့နှစ်တုန်းက စစ်တမ်း ၁ ရက် ၆၆၀၀ ကျပ်မှာလည်း အခြေခံ တွက်ချက်မှုတွေကတော့ အတူတူပဲ။ အခု ကျမတို့ က ၇ ထောင်ကျော်လို့ ပြောမယ် ဆိုရင် တက်သွားတယ်လို့ ဆိုပေမယ့် ကျမတို့ လွန်ခဲ့သော၂ နှစ်က ဝယ်လို့ရတဲ့ ပစ္စည်း သည် ဒီနှစ် ငွေ ၇၇၀၀ ကျပ် ရလည်း အဲဒီပစ္စည်းကို မဝယ်နိုင်တော့ဘူး။ သဘောက ဘာဖြစ်သွားလဲဆိုရင် ကျမတို့လူတွေ သည် တနေ့ကို ၇၇၀၀ သုံးပါတယ်လို့ ပြောရင်တောင် လွန်ခဲ့သော၂ နှစ်က လူနေမှု အဆင့်အတန်းထက် ပိုနိမ့်သွားတယ် လို့ ကျမတို့က တွက်ရမှာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီလောက် ပစ္စည်း မရတော့ဘူးလေ။ ဒီပိုက်ဆံက ငွေကြေးဖောင်းပွမှုကြောင့် မို့လို့ပေါ့။ အဲဒီတော့ ကိန်းဂဏန်းတွေ အပေါ်မှာပဲ ကြည့်မယ်ဆိုရင်တော့ ပိုက်ဆံတွေက တိုးတိုးတောင်းနေ သလို ဖြစ်လိမ့်မယ်။ တကယ့် အလုပ်သမားတွေ ရနေတဲ့ အနေအထား၊ ရပ်တည်နေတဲ့ အနေအထားကို ကြည့်မယ်ဆိုရင် အလုပ်သမားတွေဘဝက ပိုပြီး တိုးတက်လာတာတော့ မရှိဘူး။

ဥပမာ- ၃၆၀၀ ကနေ ၄၈၀၀ ဖြစ်သွားတယ်။ ၄၈၀၀ သတ်မှတ်ပြီးတာနဲ့ နောက် ၁ လ ၂ လမှာ ငွေကြေးဖောင်းပွမှု သွားဖြစ် တယ်။ အဲဒီတော့ ကျမတို့ ဒေါ်လာဈေးနဲ့ ပြန်တွက်တဲ့ အခါမှာ ကျမတို့ ရတဲ့ ၄၈၀၀ သည် ယခင်တုန်းက ၃၆၀၀ နဲ့ သွားပြီး တော့ ညီမျှသွားတယ်။ ပိုက်ဆံက မတက်သွားဘူး။ ဒီဘက်မှာလည်း ကုန်ဈေးနှုန်းက လိုက်တက်သွားတော့ ၄၈၀၀ တိုး သွားတာက မတိုးသွားဘူးလေ။ အဲဒီ သဘောပါပဲ။ ပိုက်ဆံတွေ တိုးတောင်းတယ် တိုးတောင်းတယ်နဲ့ လူတွေက ပိုချမ်းသာ လာသလား ဆိုတော့ မဟုတ်ပါဘူး။ ပြောင်းလဲနေတဲ့ ကုန်ဈေးနှုန်း ငွေကြေးဖောင်းပွမှုနှုန်းတွေကို အမီလိုက်ဖို့ တော်တော် ခက်ခဲနေတာပါ။

မေး။ ။ အဲဒီလို အခြေအနေမျိုးကို အစိုးရ အနေနဲ့ ဘယ်လို ကိုင်တွယ်သင့်တယ် ထင်လဲ။

ဖြေ။ ။ အနိမ့်ဆုံး အခကြေးငွေသည် နေထိုင်စားသောက်မှု အတွက် လုံလောက်တဲ့ လုပ်ခလစာကို တခါတည်းနဲ့ ဘယ်လို မှ မရောက်နိုင်ဘူး။ အဲဒီတော့ အနိမ့်ဆုံး အခကြေးငွေဆိုတာက အနိမ့်ဆုံး သတ်မှတ်ချက်ပဲ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အလုပ်ရှင်နဲ့ အလုပ်သမား ညှိနှိုင်းပြီးတော့ သဘောတူညီမှုတွေနဲ့ ကျွမ်းကျင်မှုတွေ ရသင့်တယ်။ လုပ်သက်လိုက် အပေါ်မှာ မူတည်ပြီးတော့ bonus တွေ၊ ထုတ်လုပ်မှု အပေါ်မှာ မူတည်ပြီးတော့ ရတဲ့ bonus တွေက ရှိသင့်တယ်ပေါ့။

အနိမ့်ဆုံး လုပ်ခလစာ (Minimum wage) ပေးပြီးရင် ပြီးသွားတာပဲ ဆိုတာမျိုး မဟုတ်ဘဲနဲ့ အနိမ့်ဆုံးကတော့ ဒီခေါင်းစဉ် တွေက အလုပ်သမားများ ခံစားခွင့် ရှိရမယ်ဆိုတာမျိုးကို ပေါ်လစီက ကျသင့်တယ်။ ပေါ်လစီ ရှိသင့်တယ်။ ဘယ်လောက် နှုန်းထားလဲ ဆိုတာတော့ ပြောလို့ မရဘူး။ လုပ်ငန်း တခုနဲ့ တခု မတူဘူး။

သို့သော် ဒါသည် အနည်းဆုံး အခကြေးငွေ ဖြစ်တဲ့အတွက်မို့လို့ လုပ်ငန်း ကျွမ်းကျင်မှု အပေါ်မှာ မူတည်ပြီးတော့ အလုပ်ရှင် တွေက ပံ့ပိုးမှုပေးမယ် ဆိုရင် အလုပ်သမားတွေအနေနဲ့က နေထိုင်စားသောက်မှု အတွက်ကို အထောက်အပံ့ ဖြစ်မှာပေါ့။ ဒါတောင်မှ ကျမတို့ မီဦးမှာ မဟုတ်ဘူး။

အဲဒါမျိုး ဖြစ်ဖို့ကို ကျမတို့ နိုင်ငံမှာ ဒါကို ညှိနှိုင်းဖို့က ဘယ်သူပဲ လုပ်နိုင်လဲဆိုရင် အလုပ်သမားနဲ့ အလုပ်ရှင်ပဲ ညှိနှိုင်းလို့ ရတယ်။ သက်ဆိုင်ရာ လုပ်ငန်းမှာပေါ့နော်။

မေး။ ။ ဒီစစ်တမ်းက ရလာတဲ့ နှုန်းထားကရော အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်မှုမှာ အထောက်အကူ ပြုနိုင်မယ်လို့ ထင် ပါသလား။

ဖြေ။ ။ အထောက်အကူ ပြုမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အခန်တခန်း ငှားခတောင် ၆ သောင်း ဖြစ်နေပြီ။ အရင်ကဆို ၃ သောင်း၊ ၄ သောင်းပေါ့။ အဲဒီအခန်းတွေက ၁၀ ပေ ပတ်လည်တောင် မရှိဘူး၊ ၃ ယောက် နေရတယ်။ ၁၀ ပေ ပတ်လည် ဆို တယောက်ကို ၃ ပေကျော်ကျော်ပဲ နေရတယ်။ အသက်ရှင်နေတဲ့ လူ ၁ ယောက် ဖြစ်တယ်။ ကျမတို့ သေသွားပြီဆိုရင် အခေါင်းဘယ်နှပေ လုပ်လဲ ၃ ပေ ၆ ပေ လေ။ ၁၀ ပေ ပတ်လည် အခန်းကို ၃ ယောက်နေရတယ် ဆိုတာက ကျမတို့က တကိုယ်စာနေရတဲ့ အနေနဲ့ပဲ ရှိနေတယ်။ ဒီလိုမျိုး လူနေမှု အဆင့်အတန်းကို ကျမတို့ မမြှင့်တင်ဘူး ဆိုရင် နိုင်ငံကရော တိုးတက်ပါ့မလား။

ဘာဖြစ်လို့လဲဆိုတော့ ဒီလူမှာ ဝယ်စရာ ပိုက်ဆံမရှိဘူးဆိုရင် ဘယ်ပစ္စည်း ထုတ်ထုတ် မရောင်းနိုင်ဘူးလေ။ မရောင်းနိုင် ဘူးဆိုရင် လုပ်ငန်းရှင်တွေလည်း ပေါ်လာမှာ မဟုတ်ဘူး။ နိုင်ငံ့စီးပွားရေးကိုလည်း တိုးတက်အောင် အထောက်အပံ့ပေး နိုင်မှာ မဟုတ်ဘူး။ နိုင်ငံကို တိုးတက်ချင်တယ် ဆိုရင် အလုပ်သမားတွေကို လုပ်ခလစာ တိုးမြှင့်ပေးဖို့ လိုတယ်။

သူတို့ လုပ်ခလစာ တိုးသွားပြီဆိုရင် ပြည်တွင်းမှာပဲ ဝယ်သုံးမယ် ဝယ်လိုအား မြင့်လာပြီဆိုရင် အသေးစား၊ အလတ်စား လုပ်ငန်း ရှင်တွေလည်း အများကြီး ဖြစ်လာနိုင်တယ်။ လုပ်ငန်းကြီးတွေလည်း ပိုပြီးတော့ အောင်မြင်လာ နိုင်တယ်။ ဒီနည်း အားဖြင့် ကျမတို့နိုင်ငံက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရမှာပေါ့။ အလုပ်သမားကို အနည်းဆုံးပဲ ပေးထားရင်တော့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို သွားမယ်ဆိုတာ မဖြစ်နိုင်ဘူးပေါ့။

မေး။ ။ လုပ်ခလစာနှုန်းထား ပြောင်းလဲရမယ့် အချိန်ရောက်ရင် လုပ်ငန်းရှင်တွေဘက်ကရော သဘောမတူညီမှုတွေ၊ အငြင်းပွားမှုတွေ ဖြစ်လာမယ်လို့ ထင်လား။

ဖြေ။ ။ တချို့နေရာတွေမှာ ဆိုရင် တနေ့ကို အနည်းဆုံး လုပ်ခ ၄၈၀၀ မှာတောင် ၆၀၀၀ ပေးပြီး ခေါ်နေတဲ့ အလုပ်တွေ ရှိတာပဲ။ အဲဒီတော့ မပေးနိုင်ဘူးလို့ ပြောတော့ပြောမှာပဲ၊ ရှုံးတယ်တို့။ သို့သော်လည်း ကျမတို့က အရွေ့တော့ ရှိရမှာပေါ့။

မေး။ ။ တဖက်မှာ စားသောက် နေထိုင်စရိတ်တွေက တက်လာသလို တဖက်မှာကျတော့ လုပ်ငန်းရှင်တွေက တွက်ခြေ မကိုက်ဘူး ဆိုပြီး အငြင်းပွားမှုတွေ ဖြစ်လာနိုင်သလား။

ဖြေ။ ။ အငြင်းပွားမှုတွေက ဖြစ်နိုင်တယ်။ အငြင်းပွားမှုတွေ ကနေပြီးတော့ နှစ်ဖက်ဆုံးရှုံးတွေ မဖြစ်ရအောင်တော့ ကျမတို့ က စနစ်နဲ့ ထိန်းရမှာပေါ့။ အဲဒါက ကျမတို့ အငြင်းပွားမှု ဖြေရှင်းရေး ယန္တရားနဲ့ ထိန်းရမယ်။ အကောင်းဆုံးကတော့ အလုပ် ရှင်၊ အလုပ်သမား နှစ်ဖက် ညှိနှိုင်းပြီး သွားရင်တော့ အကောင်းဆုံးပဲ။

မဟုတ်ဘူးဆိုရင်တော့ အခုလမ်းပေါ်မှာ ထွက်နေတဲ့ အလုပ်သမား ကိစ္စတွေ အများကြီး ဖြစ်နေတယ်ပေါ့။ အဲဒီတော့ အလုပ်သမားတွေဘက်လည်း အကျိုးမရှိ၊ အလုပ်ရှင်တွေ ဘက်လည်း အကျိုးမရှိဘဲနဲ့ နှစ်ဖက်လုံး အရှုံးနဲ့ ရင်ဆိုင်ရ လိမ့်မယ်။

အဲဒီလို မဟုတ်ဘဲနဲ့ နှစ်ဖက် ညှိနှိုင်းကြ အလုပ်ရှင် မပေးနိုင်ခြင်းသည် ဘာကြောင့်လဲ၊ သူဘာတွေအတွက် ဆုံးရှုံးမှုတွေ ဖြစ်နေတာလဲ။ အလုပ်သမားတွေကရော ဘယ်လို cover ပြန်လုပ်ပေးနိုင်လဲ။ ကုန်ထုတ်စွမ်းအား တိုးတက်အောင် အတွက် ရော ဝန်ဆောင်မှုတွေ ပိုကောင်းအောင် အတွက်ရော အလုပ်သမားတွေဘက်က ဘာတွေလုပ်ပေးဖို့လိုလဲ။ အလုပ်ရှင်တွေ ကလည်း ဆွေးနွေးဖို့ လိုတယ်။

ဒါမှ ကျမတို့လည်း ပိုနားလည်လာပြီးတော့ အလုပ်ရှင်ကို ပိုကူညီပေးနိုင်လာမယ်။ ဒါဆို အလုပ်ရှင် ပိုတိုးတက်မယ်။ ဒါဆို အလုပ်အကိုင် အာမခံချက် ရှိမယ်။ လုပ်ခလစာ ကောင်းကောင်းနဲ့ လုပ်ငန်းခွင်မှာ လုပ်နိုင်မှာပေါ့။

You May Also Like These Stories:

အလုပ်သမားတဦး တနေ့ ကုန်ကျစရိတ် ကျပ် ၇ ထောင်မှ ၉ ထောင်ကြား ရှိဟု စစ်တမ်းကဆို

ကျမတို့ အနေနဲ့ ညှိနှိုင်းရေး ယန္တရားတွေ အားကောင်းစေချင်တယ် 

CJ Myanmar တိရစ္ဆာန် အစာထုတ်စက်ရုံ အလုပ်ရှင် အလုပ်သမားပြသနာ ပြေလည်မှုရ 

Did you find apk for android? You can find new Free Android Games and apps.
Loading