လူဦးရေ ထူထပ်ပြီး စီးပွားရေးလုပ်ငန်း၊ စက်မှုဇုန်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများစွာ ရှိသည့် မန္တလေး တိုင်း ဒေသကြီး အတွင်း က မျက်မှောက် ဖြစ်ပျက်နေသော အလုပ်သမား ရေးရာကိစ္စများ၊ အငြင်းပွားမှုများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တွင် ဝင်ရောက်လုပ်ကိုင်နေသော ပြည်တွင်းလုပ်သား များ၏ ဥပဒေပြဌာန်းချက်ပါ အလုပ်သမား အခွင့်အရေး အပြည့်အ၀ ရရှိမှု ရှိ၊ မရှိ အစရှိသော လုပ်သားရေးရာဆိုင်ရာ ကိစ္စရပ်များ၊ လုပ်သားရေးရာ ကဏ္ဍတွင် အစိုးရ၏ ပူးပေါင်း ပါဝင်မှု ကိစ္စတို့အား အလုပ်သမားအခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ ဦးစောလှအောင်ကို ဧရာဝတီသတင်းထောက် မြတ်ပြည့် ဖြိုးက တွေ့ဆုံမေးမြန်းထားပါသည်။
ဦးစောလှအောင်သည် ၂၀၁၀ ခုနှစ်နောက်ပိုင်းမှ စတင်ကာ အလုပ်သမားရေးရာကိစ္စများ ဆက်တိုက် ဆောင်ရွက်နေသလို ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းအထိ အလုပ်သမားသမဂ္ဂများ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ(CCTU) တွင် အထက်မြန်မာပြည် တာဝန်ခံအဖြစ် တာဝန်ယူ လုပ်ကိုင်ခဲ့သူ တဦး ဖြစ်သည်။
မေး။ ။ မန္တလေးတိုင်းဒေသကြီးထဲမှာ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြစ်ပွားနှုန်းက ဘယ်လို လုပ်ငန်းပိုင်းတွေမှာ အဖြစ်များတာ တွေ့ရပါသလဲရှင်။
ဖြေ။ ။ စက်မှုလုပ်ငန်းတွေမှာ ဖြစ်တာများတယ်။ ဘယ်လိုပြဿနာမျိုးလည်း ဆိုရင်တော့ အနည်းဆုံး လုပ်ခလစာ၊ အချိန်ပို အလုပ်ဆင်းရရင်လည်း ဥပဒေပါ ပြဌာန်းချက်အတိုင်း အချိန်ပိုကြေး မရတာ၊ မပေးတာ၊ ခွင့်ရက်ကိစ္စ၊ အစိုးရ တရားဝင် သတ်မှတ်ထားတဲ့ ရုံးပိတ်ရက်တွေမှာ အလုပ်နားခွင့် မပေးဘဲ အလုပ်လုပ်ခိုင်းတာ၊ နောက်တခုက လုပ်ငန်းခွင် ဘေးကင်း လုံခြုံမှုကိစ္စတွေ အဖြစ်များတယ်။
ပြီးခဲ့တဲ့နှစ်ပိုင်းက မန္တလေးစက်မှုဇုန်က သစ်အချောထည်စက်ရုံ ၁ရုံမှာ အနည်းဆုံး လုပ်ခလစာ မရလို့ အလုပ်သမားတွေ တောင်းဆိုကြတယ်။ နောက်ဆုံးမှာ အလုပ်ရှင်ဘက်က လိုက်လျောလိုက်တယ်။ ဒါပေမဲ့ အနည်းဆုံးလုပ်ခလစာတော့ ရ သွားတယ်။ အလုပ်ကိုလည်း မူလကထက် ၂ ဆနီးပါး အခိုင်းခံရတာမျိုးတွေ ကြုံရတယ်။ တရားဝင်ရုံးပိတ်ရက်မှာ အလုပ် လုပ်ဖို့ ငြင်းလို့ အလုပ်ထုတ်ခံရတာမျိုး ကိစ္စတွေ ရှိခဲ့တယ်။
မေး။ ။ အဲဒီလိုပြသနာတက်တဲ့ အထဲမှာ ပြည်တွင်းနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပိုင်း ဘယ်ဟာက ပိုများပါသလဲ။
ဖြေ။ ။ ကျနော် လိုက်ပြီး ဆောင်ရွက်ပေးခဲ့တဲ့ အမှုတွေထဲမှာ အများစုကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စက်ရုံတွေ အထူး သဖြင့် တရုတ်၊ ထိုင်းစက်ရုံတွေက များတယ်။ ပြဿနာတွေက ခုနက ပြောတဲ့ ပြဿနာတွေပဲ ရောက်လာကြတာ များတယ်။
မေး။ ။ အဲဒီလို FDI စက်ရုံတွေမှာ ဖြစ်တဲ့ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ပြဿနာတွေမှာ ဖြေရှင်းမှု ယန္တရားကရော အားကောင်းရဲ့လား။
ဖြေ။ ။ စစ်ကိုင်းတိုင်းထဲက တကောင်းနီကယ်စက်ရုံကိုပဲ ဥပမာပေးပြောပါမယ်။ တကောင်းနီကယ် စက်ရုံက တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်တယ်၊ တိုင်းအတွင်းမှာ အကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ဖြစ်တယ်။ ဒါပေမယ့် အဲဒီ တကောင်း နီကယ် မှာ အလုပ်လုပ်နေတဲ့ ကိုယ့်နိုင်ငံသား အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် ကိုကြတော့ အစိုးရပိုင်းကရော၊ သက်ဆိုင် ရာ နယ်မြေလွှတ်တော် ကိုယ်စားလှယ် အပိုင်းကရော ထိတွေ့မှု အရမ်းအားနည်းပါတယ်။ စက်ရုံမှာ ပြသနာ တခုခုဖြစ် တယ်၊ အလုပ်ရှင်နဲ့ သက်ဆိုင်ရာ ပေါင်းပြီး လက်တလုံးခြားလုပ်၊ ပွဲပြီး မီးသေလုပ်ခံရတယ်။
စားဖိုဆောင်မှာအလုပ်လုပ်တဲ့ မြန်မာအမျိုးသမီး ဝန်ထမ်းတွေက ညနေ အလုပ်ပြီးချိန်တောင် တရုတ်လူမျိုး ဝန်ထမ်းတွေ ထမင်းစားတဲ့အချိန်မှာ ဘေးကနေ အရက်ငဲ့ပေးရ၊ ထမင်းဟင်း ခူးခတ်ပေးရတာမျိုး လုပ်ရတယ်လို့ သိရတယ်။ ဒါတွေက စားဖိုဆောင်တာဝန်နဲ့ ဘာမှမဆိုင်တဲ့ အရာမျိုး လုပ်ပေးရတယ်။
နောက်ဆုံးအဆင့် လုပ်ငန်းခွင် လုံခြုံရေး လာစစ်ဆေးတဲ့ ပုဂ္ဂိုလ်အများစုကလည်း စက်ရုံကိုလာ စစ်တော့ စစ်နေတယ်၊ ဘာစစ်သွားလို့ စစ်သွားသလဲ ဆိုတာ ကာယကံရှင် အလုပ်သမားတွေတောင် မသိလိုက်တဲ့ အခြေအနေမျိုးတွေ များတယ်။ အဲဒီတော့ မြန်မာပြည်က သက်ဆိုင်ရာနဲ့ အဆင်ပြေရင်၊ နားလည်မှုလိုရင် ဘာဥပဒေမှ မလိုဘူးဆိုတဲ့ အနေအထားမျိုး ဖြစ်လာတယ်။ ဒါတွေကို သေချာကြပ်မတ် စစ်ဆေးဖို့ တိမ်းစောင်းနေတာတွေကို တည့်မတ်နိုင်ဖို့ လိုပါတယ်။ အဲဒီလို မဟုတ်ရင် ပထဝီနိုင်ငံရေး၊ တိုင်းပြည်ရဲ့ ရေခံမြေခံအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတယ်၊ ကိုယ့်နိင်ငံသားတွေ အကျိုးခံစားခွင့်က ဘာမှ ရေရေရာရာ ရလိုက်မှာ မဟုတ်ဘူး ဖြစ်သွားမယ်။
မေး။ ။ အဲဒါဆိုရင် အလုပ်သမားရေးရာဆိုင်ရာ အငြင်းပွားမှုတွေမှာ မန္တလေးတိုင်း အစိုးရရဲ့ ပူးပေါင်းပါဝင်မှုက ဘယ်လို အခြေအနေ ရှိပါသလဲ။
ဖြေ။ ။ ဒီမှာက တခါတလေကျတော့လည်း အစိုးရပိုင်းက စာအုပ်ကြီးအတိုင်း လုပ်နေတာတွေ ရှိတယ်။ ဒါပေမယ့် စာအုပ် ကြီးက နဂိုကတည်းက လွဲနေတာလေ။ တခါတလေကျတော့လည်း လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး လုပ်ကိုင်တာ မျိုးကို လည်း တွေ့ရတယ်။
ဥပမာ – မြို့နယ်အလုပ်သမား ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့ဆီကို အငြင်းပွားမှု ၁ ခု ရောက်လာတယ်။ မြို့နယ်အဆင့်က ဆုံး ဖြတ်ရမယ့် ကိစ္စမျိုးကို မြို့နယ်မှာပဲ အပြီးသတ်လုပ်လိုက်ပါ။ အဲဒီက ရလဒ်ကို မကျေနပ်မှသာ ခရိုင်၊ တိုင်း နောက်ဆုံး အဆင့် စာချွန်လွှာအထိ တက်လို့ရတဲ့ အခြေအနေမျိုးတွေ ဆုံးဖြတ်လိုက်ရင် ရနေတာကို တိုင်း၊ ခရိုင်တို့က ဝင်ပါလာတဲ့ အခါကျတော့ မြို့နယ်အဆင့်ကို တော်တော်များများက လူရာမသွင်းကြတော့သလို ယုံကြည်မှု လည်း နည်းလာကြတယ်။
ထစ်ခနဲရှိ တိုင်းအဆင့်ကို တက်မယ်၊ အစိုးရရုံးရှေ့မှာ ဆန္ဒပြမယ် ဆိုတာမျိုးတွေ ဖြစ်လာတယ်။
မေး။ ။ အလုပ်သမားအရေး ကူညီဆောင်ရွက်နေတဲ့သူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ရဲ့ အခန်းကဏ္ဍကရော မန္တလေးတိုင်းမှာ ဘယ်လို ရှိနေလဲ။
ဖြေ။ ။ တဦးတည်း အမြင်အရ ပြောရရင် အလုပ်သမားရေးရာ ကူညီတဲ့ အပိုင်းတွေက အကျင့်ပျက်မှုတွေ ဖြစ်လာတယ်။ အလုပ်သမားအရေး အတွက် ရပ်တည်တဲ့သူတွေ၊ ကူညီတဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိကြတယ်။ ဒါပေမယ့် အဲဒီထဲမှာ တချို့လူတွေ၊ အဖွဲ့အစည်းတွေကလည်း တကယ့်အလုပ် သမားအရေး၊ အလုပ်သမားတွေ သူတို့အခွင့်အရေးတွေ ရရှိဖို့ ဆိုတဲ့ ရည်မှန်းချက်ထက် မိမိအကျိုး၊ မိမိအဖွဲ့အစည်း အကျိုးစီးပွားတွေပါ ပါလာကြတာတွေ ပိုတွေ့လာရတယ်။
အဲဒါကြောင့်လည်း ဒီနေ့အထိ အလုပ်သမား အခွင့်အရေးတွေ ဥပဒေနဲ့အညီ ထိထိရောက်ရောက် ဖြစ်မလာသေးဘူး။ ဒါက လည်း တဖက်တည်းကို ပြောမရတော့ဘူး။ သက်ဆိုင်ရာ တာဝန်ရှိဌာနက တဖက်၊ အလုပ်ရှင်က တဖက်နဲ့ ကာယကံရှင် အလုပ်သမားတွေက တဖက် ၃ ဖက်စလုံး ပြောမှရတော့မယ်။ တချို့ဆို အလုပ်သမား အငြင်းပွားမှု ပြသနာ တခုကို ဖြေရှင်းဖို့အတွက် အမှုလာအပ်ရင် အနည်းဆုံး သိန်းဆယ်ဂဏန်း မရဘဲ ကူညီဖြေရှင်းပေးတာမျိုး မလုပ်တော့ဘူး။ ကြာလာတော့ အလုပ်သမားအခွင့်အရေးအတွက် အလုပ်သမားတွေကို ဗန်းပြတဲ့ လုပ်စားတာ ဖြစ်လာတယ်လို့ မြင်တယ်။
မေး။ ။ အဲဒီလို ကိုယ်ကျိုးစီးပွား ပြဿနာတွေ အကျင့်ပျက် ခြစားမှုတွေကို တိုင်ကြားတာမျိုး ရှိလား။
ဖြေ။ ။ အဲဒီလိုမျိုး တိုင်တန်းမှုတွေတော့ ကျနော် မကြားမိဘူး။ ကျနော့်အနေနဲ့ အလုပ်သမားတွေဘက်ကို ပြောချင်တာ ရှိ တယ်။ တခါတလေ ကျနော်တို့ အလုပ်သမားတွေကလည်း ကိုယ့်အခွင့်အရေး ကိုယ်သိအောင် မလုပ်ကြဘူး။ မကြိုးစားကြ ဘူး။
ကိုယ့်မှာ ဘယ်လိုအခွင့်အရေးတွေ တောင်းဆိုခွင့်ရှိတယ်၊ ရပိုင်ခွင့် ရှိတယ်ဆိုတာ သိမှ ချက်ကျလက် ကျ အလုပ်ရှင်ကို တောင်းဆိုနိုင်မယ်၊ ညှိနှိုင်းနိုင်မယ်။ အဲဒီလို မဟုတ်ဘဲ ငွေပေးတာနဲ့ ကျေအေးနေရင်တော့ ဒီသံသရာထဲက ထွက်နိုင်မှာ မဟုတ်သလို ကိုယ့်နားရွက်ကို တံတွေးဆွတ်ကို ကိုယ်က ပျော်ပြနေသလို ဖြစ်နေမယ်။
ကြာတော့ကျတော့ အလုပ်သမားရေးဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ အဖွဲ့အစည်းအချို့က မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဖြစ်လာတယ်။
မေး။ ။ အဲဒီတော့ လက်ရှိအခြေအနေအရ အလုပ်သမားတွေက ပြသနာတစုံတရာ ကြုံတွေ့လာရင် ဘယ်သူကို အားကိုး ကြ၊ အကူအညီ တောင်းကြသလဲ။
ဖြေ။ ။ လက်ရှိ အခြေအနေအရ အလုပ်သမားတွေက သူတို့ပြသနာတွေ၊ အခက်အခဲ ကြုံလာရင် အရပ်ဖက် အဖွဲ့အစည်း တွေကိုပဲ အကူအညီ တောင်းကြတာ များတယ်။ အဓိက က သက်ဆိုင်ရာမှာ တာဝန်ရှိပေမယ့် သက်ဆိုင်ရာ တုံ့ပြန်မှုတွေ က အားရစရာ မကောင်းတော့ သူတို့အတွက် အကူအညီရနိုင်မယ့်၊ ပေးနိုင်မယ့် အလုပ်သမား ရေးရာ လုပ်ဆောင်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို အကူအညီ တောင်းကြတာ များပါတယ်။
မေး။ ။ အငြင်းပွားမှုတွေ ဖြစ်ပေါ်တဲ့အခါ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ပါဝင်တဲ့ သုံးပွင့်ဆိုင် “Social Dialogue” ပုံစံ အဖွဲ့အစည်းမျိုး ပြည်ထောင်စုအဆင့်မှာတော့ စတင်လုပ်ဆောင်နေပြီလို့ သိထားပါတယ်။ တိုင်းအဆင့်မှာကော အဲဒီအဖွဲ့ အစည်းမျိုး ထွက်လာဖို့ ရှိမလား။
ဖြေ။ ။ မန္တလေးမှာတော့ အဲဒီလိုမျိုးဖွဲ့မယ်လို့ ဒီနေ့အထိ မကြားမိသေးဘူး။ ဖြတ်သန်းလာတဲ့ အတွေ့အကြုံအရ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ၊ အစိုးရဆိုတာထက် သက်ဆိုင်ရာလို့ပဲပြောချင်ပါတယ်။ အစိုးရမှာ တာဝန်အရှိဆုံးဆိုတာ မှန်ပေမယ့် ဒီကဏ္ဍမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ရတဲ့ သက်ဆိုင်ရာဌာနနဲ့ အလုပ်ရှင်တို့ လက်သင့်ရာတွေနဲ့ လုပ်သွားတဲ့ သာဓက တွေပဲ ရှိတယ်။
အလုပ်ရှင်ပိုင်းကတော့ ငွေကြေးအင်အား တောင့်တင်းတယ်။ ပစ္စည်းရှိ လူတန်းစားတွေဖြစ်တယ်။ အလုပ်သမားတွေ ထက်စာရင် သက်ဆိုင်ရာနဲ့ ပိုနီးစပ်နိုင်တဲ့အခြေအနေတွေ အများကြီးရှိပါတယ်။ ဒါကြောင့်လည်း အလုပ်သမားရေးရာ ပြသနာအများစုမှာ လက်သင့်ရာနဲ့ လုပ်သွားတဲ့ သက်ဆိုင်ရာရဲ့လုပ်ရပ်တွေပဲ ကြုံဖူး၊ မြင်ဖူးတယ်။
မေး။ ။ လက်ရှိအစိုးရလက်ထက်မှာ အလုပ်သမားရေးရာနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဘာတွေရှိမလဲ ပြောပြပေးပါဦး။
ဖြေ။ ။ အခုချိန်ထိတော့ ကျနော်တို့ မျှော်လင့်ချက်တွေက မြူမှုန်တမှုန်လောက်အထိတောင် မမြင်ရဘူးလို့ ပြောချင်တယ်။ အလုပ်သမားဆိုတာကလည်း တိုင်းပြည်ရဲ့ အသက်သွေးကြော ၁ ခုပဲလေ။ ဒီအသက်သွေးကြောတွေရဲ့ အားတွေတော့ ယူခဲ့ကြတယ်။
ဒါပေမယ့် ပြန်ပြီးတော့ သူတို့စကားတွေနဲ့အညီ လက်တွေ့ အကောင်အထည် မဖော်ပေးနိုင်ခဲ့ဘူး။ မဖော်ပေးနိုင်တာလား၊ မဖော်ပေးတတ်တာလား၊ ဖော်ပေးဖို့ကို နဂိုကတည်းက အစီအစဉ် မရှိတာလား ဆိုတာက မေးခွန်းထုတ်ရမဲ့ကိစ္စ ဖြစ်နေပြီ။
မေး။ ။ အရင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တုန်းကရော ဘာတွေပြောင်းလဲမှုတွေ လုပ်ခဲ့လဲ။
ဖြေ။ ။ ဦးသိန်းစိန် အစိုးရလက်ထက်က ပြုပြင်ပြောင်းလဲမှု အနည်းအကျဉ်း ရှိခဲ့တယ်။ ဘာလို့လဲဆိုတော့ စစ်အစိုးရ လက်ထက်နဲ့ ယှဉ်လိုက်လို့။ ၂၀၁၂ ခုနှစ်မှာ အလုပ်သမား ရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ပြဌာန်းခဲ့တယ်။ အတိုင်းအတာ တခုအထိ ဖြေလျှော့မှုတွေ လုပ်ခဲ့သလို အရေးမှုတွေလည်း ရှိခဲ့တယ်။
မေး။ ။ နောက်တခု မေးချင်တာက အစိုးရရဲ့ လူမှုဖူလုံရေး အစီအမံတွေကရော အလုပ်သမားတွေအတွက် တကယ် လက်တွေ့မှာ အလုပ်ဖြစ်လား။ ဘယ်လိုမျိုးတွေ ရှိနေလဲ။
ဖြေ။ ။ ကျနော်တို့ သိသလောက် လူမှုဖူလုံရေးကို ဝင်တယ် ဆိုတာ အလုပ်ရှင်က အလုပ်သမားကိုမေးပြီး အဲဒီအလုပ်သမား ရဲ့ မှတ်ပုံတင်နံပတ်နဲ့ မြို့နယ် လူမှုဖူလုံရေးရုံးကို ၁၀ ရက် အတွင်း အကြောင်းကြား ပေးရတယ်။ တကယ်လို့ ၁၀ ရက်ကျော် သွားရင် လူမှုဖူလုံရေးဥပဒေအရ ပြစ်ဒဏ်ချလို့ရတယ်။
အဲဒီလိုဝင်ပြီးရင် အလုပ်သမားအတွက် လူမှုဖူလုံရေး ကိုယ်ပိုင်နံပတ်တခုကို မြို့နယ်လူမှုဖူလုံရေးက ပေးတယ်။ အခုက လူမှုဖူလုံရေး ရံပုံငွေဆိုတာက ထင်သာမြင်သာမရှိဘူး။ ဒါတွေကို ဘာလုပ်နေကြလဲဆိုတာ မေးဖို့ အချိန်တန်နေပါပြီ။
ကိစ္စ တခုကို နမူနာအနေနဲ့ ပြောပြမယ်။ မန္တလေးစက်မှုထဲက ပီနံအိတ်စက်ရုံတခုမှာ အလုပ်လုပ်နေရင်း အလုပ်သမား ကောင်လေးတယောက် လက်ထိခိုက်မိပြီး လက်ဖြတ်လိုက်ရတယ်။ အဲဒါနဲ့ ဒီမတော်တဆမှုနဲ့ ပတ်သက်ပြီး ပြဿနာ တက်ကြတော့ ပြသနာဖြေရှင်းချိန်ကျ အဲဒီမှာ လက်ဖြတ်လိုက်ရတဲ့ ကောင်လေးတောင် မသိထားဘဲ လူမှုဖူလုံရေး နံပါတ် တခုက အဲဒီကလေး နာမည်နဲ့ ရှိနေတယ်။
အဲဒါကိုပဲ အခြေအနေကိုပဲကြည့်လိုက်ရင် လူမှုဖူလုံရေးနဲ့ ပေါင်းပြီး ဥပဒေကို လက်တလုံးခြားလုပ်တယ်ဆိုတာ ထင်သာ မြင်သာရှိသလို ဥပဒေအရ အလုပ်သမားအခွင့်အရေးတွေကို လုပ်ပေးရမှာ သိရက်နဲ့ အလုပ်ရှင်ဘက်က နေလို့ရ သလောက်နေကြတယ်၊ ဒါကိုလည်း လူမှုဖူလုံရေးဘက်က ထိရောက်တဲ့ စစ်ဆေး အရေးယူမှုတွေ မရှိဘူး။
မေး။ ။ အလုပ်သမားရေးရာကိစ္စ၊ အလုပ်သမားတွေ အခွင့်အရေး အပြည့်အဝရဖို့ အစိုးရမှာ ဘယ်လိုတာဝန်တွေ ရှိလဲ။
ဖြေ။ ။ အစိုးရဆိုတာမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဆိုတာ ရှိတယ်။ အဲဒီ ၃ ရပ်စလုံးက တာဝန်ရှိပါတယ်။ အဲဒီထဲမှာ ဥပဒေပြုရေးကို ပြောချင်ပါတယ်။ ဥပဒေပြုရေးက ပုဂ္ဂိုလ်များက မိမိတို့ ပြုခဲ့တဲ့ အလုပ်သမားရေးရာ ဆိုင်ရာ ဥပဒေတွေက တကယ် တရားမျှတမှုရှိလား။ မြေပြင်မှာ အလုပ်ဖြစ်လား ဆိုတာမျိုး၊ ဥပဒေဆိုတာ မျှတမှုရှိတဲ့ စာအုပ် ဖြစ်ရမယ်။
အမှန်တကယ် မျှတမှု ရှိလား ဆိုတဲ့ သူတို့ကိုယ်တိုင် သုတေသနပြုမှုတွေ လုပ်ဖို့ လိုအပ်တယ်။ ကိုယ်တို့လို အခြေခံ လူတန်းစားတွေတောင် ထောက်ပြနိုင်၊ ခံစားရနိုင်တဲ့ တရားမျှတမှု မရှိတဲ့ ဥပဒေတွေမျိုးတွေကိုတော့ ဥပဒေပြုရေးမှာရှိတဲ့ ပုဂ္ဂိုလ်တွေက ပိုပြီး သိကိုသိသင့်တယ်။
မေး။ ။ လက်ရှိ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားမှု ယန္တရားကရော ဘယ်လိုပုံစံမျိုး ရှိပါသလဲ။
ဖြေ။ ။ ၂၀၁၂ ခုနှစ် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ဆိုင်ရာ ဖြေရှင်းရေး ဥပဒေ၊ နည်းဥပဒေ ၉ ပုံစံ ၃ နဲ့ သွားတယ်။ မြို့နယ် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့က ၃ ရက်အတွင်း ပြသနာကို ညှိနှိုင်း ဖြေရှင်းတယ်။ အဲဒါမှ မရဘူး။ ၃ ရက်ကျော်ရင် တိုင်းခုံသမာဓိကို တင်ပေးရတယ်။
တိုင်းက ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် အလုပ်ရှင် ဒါမှမဟုတ် အလုပ်သမားက မကျေနပ်ရင် နေပြည်တော် ပြည်ထောင်စုအဆင့် ခုံသမာဓိကောင်စီကို ဆက်တက်ခွင့် ရှိတယ်။ ဒါပေမယ့် ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ နောက်ဆုံး အပြီးအပြတ် ဖြစ်တယ်။ ဒါကို မဖြစ်မနေ လိုက်နာရတယ်။
မေး။ ။ ဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပြပေးပါ။
ဖြေ။ ။ တကယ် ဒုက္ခတွေ့နေကြတဲ့ အလုပ်သမားထုအတွက် အကာအကွယ်တွေ အများကြီး လိုအပ်နေသေးတယ်လို့ ပြောချင်ပါတယ်။ အုပ်ချုပ်ရေးပိုင်းမှာ တကယ်နစ်နာသူရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့ လိုပါတယ်။