တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည်မှာ ၄ နှစ် ကာလ ရှိပြီဖြစ်သော်လည်း အစိုးရ၊ တပ်မတော်နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့ကြားတွင် လိပ်ခဲ တည်းလည်း ဖြစ်နေသည့် အခြေအနေတွင်ရှိပြီး ယုံကြည်မှု ပြန်လည်တည်ဆောက်ရန် လိုအပ်နေသည်။
အောက်တိုဘာလ အတွင်းကလည်း NCA လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား တက်ရန် ရှမ်းပြည်နယ် တောင်ပိုင်းတကြော ကားဖြင့် လာမည့် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ ခရီးစဉ်ကို တပ်မတော်က တားဆီး ခဲ့ခြင်းကြောင့် နိုင်ငံတော်အဆင့် အစည်းအဝေးတချို့လည်း ပျက်ခဲ့ရသည်။
နိုဝင်ဘာ ၁၉ တွင် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့် RCSS ကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြန်လည် ဆောင်ရွက် နိုင်ရေး၊ အစည်းအဝေးများ ပြန်လည် ကျင်းပနိုင်ရေး အတွက် အစည်းအဝေးတရပ် ကျင်းပခဲ့သည်။
တဖက်တွင်လည်း RCSS လှုပ်ရှားနေသည့် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် အရပ်သားများက NCA ၏ အနှစ်သာရကို မခံစား ရကြောင်း၊ NCA ထိုးပြီးသော်လည်း ယခင်အတိုင်း စစ်မှုထမ်းရခြင်း၊ ငွေကြေးနှင့် ရိက္ခာများ ဆက်လက် ပေးဆောင်နေရခြင်းများ ရှိနေဆဲ ဖြစ်ကြောင်း ပြောဆိုမှုများရှိနေသည်။
အထက်ပါ အခြေအနေများနှင့် ပတ်သက်၍ RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ရှိ ဆက်ဆံရေးရုံး တာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းဦး ကို ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ ချင်းမိုင်ဆွေးနွေးပွဲမှာ ဘာတွေ ဆွေးနွေးဖြစ်ခဲ့လဲ။
ဖြေ။ ။ ကျနော်တို့ NCA လမ်းကြောင်းကို ဆက်သွားဖို့ အဓိကက ကျနော်တို့ ဥက္ကဋ္ဌကြီး ခရီးစဉ် ပျက်သွားတာကို အစိုးရ ဘက်က ဘယ်လို သဘောထားရှိတယ် ဆိုတာကို ပြန်ပြီး ဆွေးနွေးကြတာပါ။ ကျနော်တို့ NCA အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) တွေ ပြန် ဆက်နိုင်ဖို့ ထိပ်ပိုင်းခေါင်းဆောင်တွေ လူကြီးပိုင်းတွေ တွေ့ဆုံနိုင်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် တစ်ဆို့ နေတာတွေ ပြန်ပြီး ရှေ့ဆက်နိုင်ဖို့က အဓိက ကျပါတယ်။
မေး။ ။ ဗိုလ်ချုပ်ကြီး ယွက်စစ် ခရီးစဉ် ပျက်သွားတဲ့ အပေါ် တပ်မတော်နဲ့ RCSS ကြား စကား ပြောဆိုထားတာ နောက်ဆုံး အခြေအနေ ဘယ်လို ရှိလဲ။ နှစ်ဖက် ကြားမှာ နားလည်မှုကရော ဘယ်လို ရှိလဲ။
ဖြေ။ ။ တပ်ဘက်ကတော့ သူတို့က လုံခြုံရေးကြောင့်လို့ ပြောတယ်။ အမှန်ဆိုရင် ကျနော်တို့ ဘက်က အရင် အစိုးရနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွေမှာ ချင်းမိုင် ဆွေးနွေးပွဲတွေမှာ လာမယ့် ခရီးစဉ်ကိစ္စကို ကြိုပြီးတော့ ညှိနှိုင်း ထားတာ ရှိပါတယ်။ အမှန်ဆိုရင် အစိုးရဘက်နဲ့ တပ်မတော်ဘက်က ပြန်ပြီး ချိတ်ဆက်ကြရမှာပါ။ သူတို့ကြားထဲမှာ အချိတ်အဆက် နည်းနည်း လွဲနေတာ နေမှာပါ။ အမှန်ဆိုရင် ဒီခရီးစဉ်က NCA အတိုင်းသွားနေတဲ့ JICM အစည်း အဝေး ကို လာတက်ဖို့ကိစ္စ ဖြစ်တဲ့အတွက်ကြောင့် RCSS ဥက္ကဋ္ဌ အနေဖြင့်ပဲလာတာ မဟုတ်ဘဲ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ ယာယီအဖွဲ့ ခေါင်းဆောင် အနေနဲ့ပါ လာတာ ဖြစ်ပါတယ်။
ဒီခရီးစဉ်က အဆင်ပြေသွားတယ် ဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တစ်ဆို့နေတာတွေလည်း အဆင်ပြေသွားမယ် လို့ ကျနော်တို့ မျှော်မှန်း ထားခဲ့တယ်။ အခုတော့ ဒီခရီးစဉ်လည်း ပျက်သွားခဲ့တဲ့ အတွက် JICM အစည်းအဝေးလည်း ပျက်သွားတယ်။ မဖြစ်တော့ဘူးပေါ့။ နောက်ဆုတ် သွားခဲ့ရတယ်။ နောက်ပြီး တစ်ဆို့နေတာတွေကို ဆွေးနွေးဖို့ ပြင်ဆင် ထားတာတွေကလည်း မဆွေးနွေးနိုင်ခဲ့ဘူး။ တဖက်နဲ့ တဖက်လည်း ယုံကြည်မှုတွေ လျော့ကျသွားတယ်။
မေး။ ။ ဗိုလ်ချုပ်ကြီး ယွက်စစ် ခရီးစဉ် ပိတ်ပင်ခံရတုန်းကဆိုရင် လမ်းမှာ လူထုနဲ့ တွေ့မှာ စိုးလို့ ဆိုတာမျိုးတွေလည်း ကြားသိရတယ်။ ဒီတော့ အပစ်ရပ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါဝင်နေတဲ့ RCSS အနေနဲ့ လူထုနဲ့ ထိတွေ့မှုပိုင်းမှာ ဘယ်လို အခြေအနေ ရှိပါသလဲ။
ဖြေ။ ။ လူထုနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံ ဆွေးနွေးဖို့က ကျနော်တို့ ခေါင်းဆောင်ပိုင်းတွေတင် မကပါဘူး။ ကျနော် တို့ ဆက်ဆံရေးရုံးတွေတောင်မှ လူထုနဲ့ ဆက်ဆံတာ တွေ့ဆုံတာ ဆိုရင် ကန့်သတ်မှုတွေ ရှိတယ်။ ဥပမာ ကျနော် ကိုယ်တိုင် လည်း အရင်က JMC-S (Shan) မှာ ပါဝင်ခဲ့တယ်။ ကျနော်တို့ လူထုနဲ့ တွေ့ဆုံမယ် ဆိုရင် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အစိုးရ ဘက်ပိုင်းတွေ မပါရင် တွေ့လို့ မရဘူး အဲ့ဒီလို ဖြစ်နေတယ်။ အမှန်ဆိုရင် ကျနော်တို့ Bilateral ထိုးကတည်းကဖြစ်ဖြစ် NCA ထိုးကတည်းက ဖြစ်ဖြစ် NCA ထဲမှာ ပါတယ်။ လူထုနဲ့ လွတ်လပ်စွာ တွေ့ဆုံ ဆွေးနွေးနိုင်တယ်ဆိုတာ ပါတယ်။ အရင်က ကျနော်တို့ အမျိုးသားအဆင့် ဆွေးနွေးပွဲမှာ လည်း မြို့တွေမှာ ဆင်းတော့ တားဆီးတာ ပိတ်ပင်တာ ခံခဲ့ရ တယ်။ လူထုနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံနိုင်မှု မရှိခဲ့ပါ ဘူး။
မေး။ ။ ဗိုလ်ချုပ်ကြီး ယွက်စစ် ခရီးစဉ် ပျက်သွားတဲ့နောက် ရှမ်းပြည်နယ်တောင်ပိုင်းက တချို့မြို့တွေမှာ NCA ပျက်ပြီ ဆိုပြီး ပြောသံတွေ ကြားရတယ် ဆိုတာကရော ရှင်းပြပါဦး။
ဖြေ။ ။ တပ်ဘက်ကတော့ တရားဝင် ကျနော်တို့ဆီ စာရေးတာမျိုး မဟုတ်ဘဲ လူထုကို တွေ့ဆုံတဲ့ အခါမှာ NCA ပျက် သွားပြီ ဆိုတာမျိုး ခြိမ်းခြောက်တာတွေ ရှိခဲ့ပါတယ်။ အလယ်ပိုင်း ဖြစ်တဲ့ မိုင်းပန်တို့ မိုးနဲတို့ နမ့်ဆန်တို့ ဘက်တွေမှာ ဖြစ်တာပါ။ ကျနော်တို့က တရားဝင် တပ်မတော်ဘက်ကို မေးမြန်းမယ်ဆိုရင်တော့ အချက်အလက် ပိုပြည့်စုံရမှာ ဖြစ်ပါ တယ်။ ဘယ်အချိန် ဘယ်နေရာမှာ ပြောခဲ့တယ်ဆိုတာ အချက်အလက်တွေနဲ့ ပြောနိုင်မှ ညှိနှိုင်းနိုင်မှာ ဖြစ်ပါတယ်။ ကျနော်တို့ကြားရတာက ပြည်သူတွေဆီက တဆင့်စကား တဆင့်စီ လာတာ ဖြစ်ပါတယ်။ တပ်မတော်ဘက်က အရာ ရှိတွေက ပြောခဲ့တယ် ဆိုပေမယ့် ဘယ်တပ်ကလဲ ဘယ်ပုဂ္ဂိုလ်က ပြောလဲ ဆိုတာကိုတော့ အတိအကျ မရလို့ ဒါတွေ ကိုတော့ ဆွေးနွေးနိုင်တာ မရှိပါဘူး။
မေး။ ။ မြေပြင်မှာရော တပ်မတော်နဲ့ RCSS ကြား အခြေအနေက ဘယ်လိုရှိသလဲ။ ရှမ်းပြည်နယ် တောင်ပိုင်းမှာပေါ့။
ဖြေ။ ။ မြေပြင်မှာ တပ်မတော်နဲ့ အခြေအနေကျတော့ ပြောရမယ်ဆိုရင် တပ်ကလည်း နဂိုအတိုင်း သူ့နယ်မြေ စိုးမိုး ရေး ဆိုပြီး တပ်လှုပ်ရှားမှုတွေ ရှိနေတုန်းပဲ။ ကျနော်တို့မှာလည်း ကျနော်တို့လူတွေက နေမြဲ နေရာမှာ နေနေတယ်။ တခါတရံ မှာ တဖက်နဲ့တဖက် အကြောင်းမကြားလို့ တဖက်နဲ့တဖက် သတင်းမရလို့ ထိတွေ့မှု အနည်းငယ်ကတော့ ရှိခဲ့ဖူးတယ်။ ဒီနှစ်ပိုင်းတွေမှာလည်း ရှိခဲ့ဖူးတယ်။ နယ်မြေ စိုးမိုးမှုတွေကြောင့် ဆိုပြီး တပ်လှုပ်ရှားမှုတွေ ရှိခဲ့တဲ့ အခါကျနော်တို့ သတင်း ကြိုမရဘူး။ အဲ့ဒီလိုမျိုးတွေမှာ ထိတွေ့မှုတွေ ရှိပါတယ်။
မေး။ ။ တဖက်နဲ့တဖက် လုံးလုံး နယ်မြေမကျော်ရဘူး ဆိုပြီး နှစ်ဖက်တပ်တွေ ဆိုင်ထားတဲ့ နေရာတွေရော ဘယ်လောက် ရှိပါသလဲ။
ဖြေ။ ။ ခပ်များများ ကျနော်တို့ လှုပ်ရှားတဲ့ နေရာတိုင်းကို တပ်မတော်ဘက်က ကျနော်တို့ နယ်မြေ ကျော်လွန် လှုပ်ရှား တယ် ဆိုပြီး အမြဲတမ်း ကန့်ကွက် စာတွေပို့နေတယ်။ ကန့်ကွက်ခဲ့တယ်။ အမှန်ဆိုရင် ကျနော်တို့က နယ်မြေ ကျော်လွန် မှုတွေ မရှိပါဘူး။ Bilateral ထိုးကတည်းက ကျနော်တို့ရောက်တဲ့ နေရာမှာပဲ ကျနော်တို့ နေမယ်ဆိုပြီး နှုတ်ကတိနဲ့ ကျနော်တို့က ပေးထားခဲ့တာ ရှိတယ်။ နောက်ပြီး ကျိုင်းတုံ သဘောတူညီမှု ၂၀၁၂ သဘောတူညီမှုမှာလည်း (နယ်မြေ တွေ လုံးလုံး မကျော်ရဘူး ဆိုတာ) ဒါတွေ မပါပါဘူး။
မေး။ ။ တပ်နေရာ ချထားရေးကို အခုထိ တိတိပပ မဆွေးနွေးနိုင်တာကရော လက်မှတ်ထိုးထားတဲ့ အပစ်အခတ် ရပ်စဲ ရေး ကို အခု ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနေလဲ။
ဖြေ။ ။ တိတိပပ မဆွေးနွေးနိုင်ဘူး ဆိုတာကလည်း ကျနော်တို့ Bilateral မှာ ဖြစ်ဖြစ် NCA မှာ ဖြစ်ဖြစ် ကျနော်တို့ အဓိပ္ပာယ် ကောက်ယူမှုက မတူဘူး ဖြစ်နေတယ်။ Bilateral ဖြစ်တဲ့ နှစ်ဖက် သဘောတူတဲ့ စာချုပ်ပေါ်ရော ဒီ NCA ပေါ်မှာရော အမျိုးမျိုးနဲ့ ကိုယ်လိုရာကို ဆွဲပြီး အဓိပ္ပာယ်ယူ နေတဲ့ သဘောရှိပါတယ်။
ကျနော်တို့ဘက်ကတော့ ရောက်တဲ့ နေရာတိုင်းမှာ ခပ်များများက ရှမ်းပြည်နယ်ထဲမှာပဲ ခပ်များများ ရောက်နေပါတယ်။ ကျနော်တို့ နဂိုနေတဲ့ နေရာတိုင်းမှာပဲ ကျနော်တို့ နေမယ်ဆိုပြီး ကျနော်တို့က ခံယူထားတာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းလည်း ပါပါတယ်။ ကျနော်တို့ဆက်ဆံရေးရုံးတွေ စဖွင့်တုန်းက ဆိုရင်လည်း ကျနော်တို့ လားရှိုးတို့ ဘာတို့ လည်း ဆက်ဆံရေးရုံး ဖွင့်ဖို့ ကျောက်မဲတို့မှာ ဖွင့်ဖို့ တောင်းဆိုထားတာ ရှိခဲ့ပါတယ်။
မေး။ ။ တပ်ပိုင်းဆိုင်ရာ နေရာကိစ္စကို ပြောမယ်ဆိုရင် တပ်မတော် အပြင် ရှမ်းမြောက်မှာဆို TNLA တို့ SSPP တို့က RCSS က NCA ထိုးပြီးမှ နယ်မြေတွေ ကျော်လာတယ် ဆိုတာမျိုးတွေ အငြင်းအခုန်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာတွေ ရှိတော့ ဒီကိစ္စတွေပေါ်မှာရော ဘယ်လို ရပ်တည်ချက် ထားရှိပါသလဲ။
ဖြေ။ ။ မြောက်ပိုင်းဆိုရင် RCSS က နောက်ပိုင်းမှ ရောက်သွားတာ မဟုတ်ပါဘူး။ အရင်တုန်းက SSNA ရှမ်းပြည် အမျိုးသား တပ်မတော် ဆိုတာ ရှိတယ်။ ဗိုလ်မှူးကြီး ကမ်းယွက် ဆိုတာ ရှိပါတယ်။ ကျနော်ကိုယ်တိုင်လည်း SSNA ထဲ မှာ ပါဝင်ခဲ့ပါတယ်။ နမ္မတူမြို့နယ်ထဲမှာ မိုင်းရင်တို့ ဘာတို့ဆိုတာက ကျနော်တို့ တပ်မဟာ (၆) နေခဲ့တဲ့ နေရာပါ။ ကျနော်တို့ထဲက တပ်မှူးကြီးတဦး ဗိုလ်မှူးကြီး အောင်မြ ဆိုရင် သူကိုယ်တိုင်က အခုထက်ထိ RCSS ထဲမှာ ရှိနေပါ တယ်။ သူကိုယ်တိုင်က တပ်မဟာမှူး တာဝန်ယူခဲ့တဲ့ သူပါ။ ကျနော်တို့က နမ္မတူ မြို့နယ်ဘက်ပိုင်း၊ ကျနော်ကိုယ်တိုင် မူဆယ်၊ နမ့်ခမ်းဘက် နယ်စပ်အထိ လှုပ်ရှားခဲ့ဖူးပါတယ်။
မေး။ ။ ဒါဆိုရင် ဗိုလ်မှူးကြီးတို့ RCSS ဘက်ကတော့ RCSS တပ်ဖွဲ့ဝင်တွေ ရောက်နေတဲ့ နေရာတိုင်းမှာ တပ်နေရာ ချထားရေးကို အသိအမှတ်ပြုမှု လိုချင်တာပေါ့နော်။
ဖြေ။ ။ ဟုတ်ကဲ့။ ကျနော်တို့ တပ်ရှိနေတဲ့ နေရာတိုင်းက ကျနော်တို့ နေတဲ့ နေရာတွေပါ။
မေး။ ။ဒါဆို တေ့တေ့ဆိုင်ဆိုင် တပ်နေရာချထားရေးကိစ္စတွေ ဆွေးနွေးရင်လည်း နည်းနည်းမှလျော့မယ့် အခြေအနေ မရှိဘူးပေါ့နော်။
ဖြေ။ ။ ဟုတ်ကဲ့ပါ။ ကျနော်တို့က တခြားပြည်နယ်နဲ့ တိုင်းတွေကို နယ်မြေကျော်လွန်တာ မဟုတ်ပါဘူး။ ကျနော်တို့ ရှမ်းပြည်ထဲမှာပဲ ရှိတဲ့ နေရာတွေပဲ ဖြစ်လို့ ကျနော်တို့ကလည်း ရှမ်းပြည်တပ်မတော်မို့လို့ ရှမ်းပြည်ထဲမှာ လှုပ်ရှားနေ တာ ဖြစ်ပါတယ်။
မေး။ ။ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ လက်ရှိ ငြိမ်းချမ်းရေး အခြေအနေမှာ ဆွေးနွေးပွဲတွေ ပြေပြေလည်လည် ပြန်စ နိုင်ဖို့ ယုံကြည်မှု တည်ဆောက်ဖို့ဆိုရင် ဘယ်လို အဆင့်ဆင့် သွားချင်တာမျိုး ရှိပါသလဲ။
ဖြေ။ ။ တပ်မတော်ဘက်ပိုင်းကို ကျနော်တို့ အဓိက ပြောချင်တာက တိုက်ပွဲတွေ မဖြစ်ပွားဖို့ပါ။ ကျနော်တို့ NCA ထိုး ထားတာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ထိုးထားတာပဲနော်။ အဓိကကတော့ တိုက်ပွဲမရှိတာ အကောင်းဆုံး ပဲ။ နောက်တခုက တပ်ဖွဲ့ဝင်တွေကို လွတ်လပ်စွာသွားလာခွင့် ပေးဖို့ပါ။ အရပ်ဝတ်နဲ့ဆိုရင် ကျနော်တို့က Bilateral ထဲ မှာ ဖြစ်ဖြစ် NCA ထဲမှာဖြစ်ဖြစ် လွတ်လပ်စွာ သွားလာနိုင်တယ်။ နောက်ပြီးတော့ ကျနော်တို့ ပြည်သူလူထုနဲ့ လွတ်လပ် စွာတွေ့ဆုံခွင့် ဆိုတာရှိတယ်။ ပြည်သူလူထုနဲ့ လွတ်လပ်စွာတွေ့ဆုံပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာလည်း ပြည်သူ လူထုက ပါဝင်မှ ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာလည်း ပြည်သူလူထုက အောင်မြင်မှာ ဖြစ်ပါတယ်။
မေး။ ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောထားတာ ၂၀၂၀ မှာ ပြည်သူလူထုလက်ထဲ ငြိမ်းချမ်းရေး အပ်မယ် ဆိုတာက တကယ်ဖြစ်လာနိုင်မလား။ တနိုင်ငံလုံး အပစ်ရပ် လက်မှတ်ထိုးထားတဲ့ RCSS အနေနဲ့ဆိုရင် ဘယ်လို ရှုမြင် ပါသလဲ။
ဖြေ။ ။ ဒါကတော့ ဖြစ်နိုင် မဖြစ်နိုင်ဆိုတာထက် တပ်မတော်က ၂၀၂၀ မှာ ပြည်သူလူထု လက်ကို ငြိမ်းချမ်းရေး အပ်မယ် ဆိုတာ ကျနော်တို့လည်း ကြားတော့ ကျနော်တို့ နိုင်ငံရေးက နှစ်ပေါင်း ၅၀၊ ၆၀ ကျော် ရှိလာပြီ။ ငြိမ်းချမ်းရေးကို ပြည်သူ လက်ထဲ အပ်မယ် ဆိုတော့ ကျနော်တို့ တော်တော်အံ့သြခဲ့တယ်။ အံ့သြတယ်ဆိုတာက ဘယ်လိုပုံ ဘယ်လို နည်းနဲ့ အပ်မှာ လဲပေါ့။ ငြိမ်းချမ်းရေးက ဘယ်အဆင့်ထိ ရောက်နေပြီလဲပေါ့။ တပ်မတော်က ဘယ်အဆင့်ထိ မျှော်မှန်း ထားလဲပေါ့။ ကျနော်တို့က တပ်မတော် အပေါ်ပဲပြန်ပြီး မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ လက်မှတ် ရေးထိုးထားတဲ့ ၁၀ ဖွဲ့တောင်မှ တွေ့ဆုံဖို့ JICM အစည်းအဝေးတွေ လုပ်ဖို့ ခက်ခဲနေတာ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်က ကျနော်တို့က ရှေ့ဆက်ပြီး ဆက်သွားကြရမှာ ဖြစ်ပါတယ်။ ဘယ်အခြေအနေ ဘယ်အတိုင်းအတာမှာ ငြိမ်းချမ်းရေး ရမလဲ ဆိုတာ မသိပါဘူး။ ကြိုးစားနေဆဲဖြစ်ပါတယ်။
မေး။ ။ NCA ထိုးပြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ လှုပ်ရှားရာ ဒေသတွေမှာရှိတဲ့ အရပ်သားတွေနဲ့ တွေ့တဲ့ အခါ မေးတဲ့အခါတိုင်း အပစ်ရပ်စာချုပ် ထိုးထားတာက ၄ နှစ် ပြည့်သွားတယ်။ သူတို့ငြိမ်းချမ်းတယ်လို့ မခံစား ရဘူးလို့ အမြဲပြောနေကြတယ်။ အရပ်သားတွေက ဘယ်တော့မှ ငြိမ်းချမ်းတဲ့ အရသာအစစ်ကို ရမလဲ။
ဖြေ။ ။ ဟုတ်ပါတယ်။ ကျနော်တို့ လုပ်နေတဲ့ လူတွေကိုယ်တိုင်က မြင်နေ တွေ့နေ ရပါတယ်။ တိုက်ပွဲတွေဖြစ်တိုင်းမှာ ထိခိုက်နစ်နာမှုနဲ့ ဆိုးကျိုး ခံစားရဆုံးက ပြည်သူလူထု ဖြစ်ပါတယ်။ တိုက်ပွဲတွေ မဖြစ်တဲ့ နေရာတိုင်းကလည်း ငြိမ်းချမ်း ရေး ရပြီလို့ မဆိုနိုင်ပါဘူး။ တိုက်ပွဲတွေမဖြစ်ပေမယ့် စစ်ဆေး မေးမြန်းတာတို့ ရှိပါတယ်။ တဖက်နဲ့ တဖက် ပြည်သူ လူထု ကို ဘယ်အဖွဲ့က ဖြစ်ဖြစ် ကျနော်တို့က ပြည်သူလူထု အကျိုးအတွက် လုပ်နေတာလို့ ပြောကြပေမယ့် တကယ့် တကယ် ဖြစ်လာရင်တော့ ပြည်သူလူထုပဲ ဒုက္ခအရောက်ရဆုံး ဖြစ်ပါတယ်။
မေး။ ။ နောက်တခုက လူထုတွေဆီကပဲ ကျမတို့ကြားသိရတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းက ကျေးရွာတွေကို သွားတဲ့ အခါRCSS က ဒီနေ့အထိ စစ်သားကောက်ယူမှု ရှိနေတုန်းပဲ ဆိုတာ ကြားသိရတယ်။ NCA ထိုးထားပေမယ့် သူတို့အရင်အတိုင်းပဲ ကြုံတွေ့ နေရတယ်ပြောကြတယ်။ ဒီအပေါ်ရော ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ အမှန်ဆိုရင် ကျနော်တို့ NCA ထဲမှာ တပ်သားသစ် မစုဆောင်းရဘူး ဆိုတာ မရှိဘူး။ အဲ့ဒီလို အချက်မပါပါဘူး။ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ပဲရှိပါတယ်။ နောက် NCA ကို လိုက်နာတယ် ဆိုတာက တဖက်တည်း လိုက်နာ လို့ မရပါဘူး။ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေမှာလည်း တပ်မတော်ဘက်ကလည်း လိုက်နာဖို့ လိုပါတယ်။ တဖက် ကိုပဲ လူသစ် မစုဆောင်းရ၊ ဟိုဟာ မလုပ်ရ၊ ဒီဟာ မလုပ်ရ ကန့်သတ်နေမယ် ဆိုရင် တပ်မတော်ဘက်ကလည်း လိုက်နာဖို့တွေ လိုပါတယ်။
မေး။ ။ စစ်သားသစ် စုဆောင်းတာနဲ့ ပတ်သက်ပြီး RCSS ရဲ့ လက်ရှိ မူဝါဒက ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့က အသက် ၁၈ နှစ်အထက် လူငယ်တွေတိုင်းက တပ်ဖွဲ့ဝင်အဖြစ် ထမ်းဆောင်ဖို့ တာဝန်ရှိတယ် ဆိုတာ ရှိပါတယ်။ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်းက တပ်ဖွဲ့ဝင် တာဝန်ထမ်းဆောင်ဖို့ တာဝန်ရှိပါတယ်။
မေး။ ။ ဒါက လူမျိုးရော သတ်မှတ်ထားတာ ရှိပါသလား။ တခြား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဆို လူမျိုး အပေါ် မူတည်ပြီး စုဆောင်းတာမျိုးပေါ့။ RCSS ကရော ဘယ်လိုမျိုးလဲ။
ဖြေ။ ။ လူမျိုး ရွေးချယ်တာမျိုး မရှိပါဘူး။ ကျနော်တို့က အဓိကကတော့ ရှမ်းပြည်ထဲမှာ ရှိတဲ့ တိုင်းရင်းသားတွေကိုပဲ တပ်ဖွဲ့ဝင်အဖြစ် ခေါ်ယူပါတယ်။
မေး။ ။ ဒါဆို ရှမ်းပြည်ထဲမှာ နေတဲ့ ရှမ်းမှ မဟုတ်ဘူး။ အခြားလူမျိုးတွေ ကိုလည်း ကောက်ယူတာပေါ့နော်။
ဖြေ။ ။ ကျနော်တို့က ကောက်ယူတာ မဟုတ်ဘဲ တာဝန်ထမ်းဆောင်ခွင့် ရှိတယ်လို့ ဆိုလိုတာပါ။
မေး။ ။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာဆိုရင်လည်း အရပ်သားတွေဆီကပဲ ကြားသိရတာတွေ ရှိပါတယ်။ အခြား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေလိုပဲ NCA ထိုးထားတဲ့ RCSS ဟာဆိုရင်လည်း အရပ်အခေါ် ဆက်ကြေး ဆိုတာမျိုး ကောက်ယူနေတုန်းပဲလို့ ပြောနေကြတယ်။ ဒါကရော ရှင်းပြပါဦး။ ဘယ်လို မူဝါဒတွေရှိလဲ ပြောပြပါဦး။
ဖြေ။ ။ ကျနော်တို့ဆီမှာလည်း အခွန်ဌာန ရှိပါတယ်။ သူက အခေါ်သာ ကွဲမယ်။ အစိုးရ ကောက်ရင်သာ အခွန်လို့ ပြော ပြီး ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်တွေ ကောက်ရင်သာ ဆက်ကြေးလို့ ပြောနေတာ အမှန်ဆိုရင် အတူ တူ ပါပဲ။
မေး။ ။ စစ်သား စုဆောင်းတာနဲ့ အခွန်အခေါ် ဆက်ကြေး ကောက်တာတွေက NCA ကို ချိုးဖောက်တာပဲလို့ ဝေဖန်မှု တွေ လည်း ရှိတယ်။ ဗိုလ်မှူးကြီးတို့ ယူဆချက်က ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ NCA ထဲမှာ ကျနော်တို့က ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရ၊ နောက်ပြီး အတင်းအဓမ္မ မကောက်ခံ ရဘူး ဆိုတာမျိုး ပါတယ်။ အမှန်ဆိုရင် ပြည်သူလူထုက ကျနော်တို့ကို ပံ့ပိုး ကူညီတာတွေလည်း ရှိပါတယ်။ ကျနော်တို့ ကို ပံ့ပိုးကူညီတာတွေလည်း အများကြီး ရှိပါတယ်။ ကျနော်တို့ ရပ်တည်နိုင်တာကလည်း ပြည်သူလူထု ကူညီမှုနဲ့ ရပ်တည် နေတာပါ။
မေး။ ။ ရှမ်းပြည်နယ်တွင်းမှာဆို မြောက်ပိုင်းမှာလည်း တိုက်ပွဲတွေက ကြီးကြီးမားမား ပြန်ဖြစ်တယ်။ လက်မှတ်ထိုး ထား တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ကလည်း အဆင်ပြေပြေနဲ့ သွားနေတာမျိုး မဟုတ်တော့ အရပ်သားတွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အမြင်တွေ ဝေဝါးလာကြတယ်။ လက်ရှိ ရောက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေ အနေက ဘယ်လို ဆိုတာကို ဗိုလ်မှူးကြီး ရှင်းပြပေးပါဦး။
ဖြေ။ ။ ပြောမယ်ဆိုရင် အရပ်သားတွေက သူတို့ကိုယ်တိုင်လည်း အခက်အခဲတွေ ကြုံနေရတယ်ဆိုတော့ သူတို့ စိတ် မရှည်ရင်လည်း စိတ်မရှည်ချင်စရာပါပဲ။ ကျနော်တို့ NCA ထိုးတယ်ဆိုတာ ငြိမ်းချမ်းရေး အသီးအပွင့်ကို ချက်ချင်း လက်ငင်းကြီး ခံစားရတော့မယ်ဆိုပြီး ယူဆခဲ့ကြတယ်။ အခုက တိုက်ပွဲတွေကလည်း ဆက်ဖြစ်နေတယ်။ တဖက်နဲ့ တဖက် ကလည်း နိုင်ငံရေး ဆွေးနွေးပွဲတွေကလည်း တစ်ဆို့နေတယ် ဆိုတော့ သူတို့က သတင်းတွေနားထောင်ပြီး စိတ် မရှည်ကြတော့ဘူးပေါ့။ ဒါပေမယ့် ကျနော်တို့ကတော့ ငြိမ်းချမ်းရေးကို ဆက်ကြိုးစားနေပါတယ်။ ကျနော်တို့ ခေါင်းဆောင်ပိုင်းတွေကလည်း တပ်မတော်၊ အစိုးရတို့နဲ့ တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးနေကြပါတယ်။ ငြိမ်းချမ်းရေး ခရီး စဉ် ကို မဖြစ်မနေ ဆက်သွားကြမှာပါ။
မေး။ ။ မကြာခင် ၂၀၂၀ ရောက်တော့မယ်။ အထွေထွေ ရွေးကောက်ပွဲ ပြန်ကျင်းပတော့မယ် ဆိုတော့ အစိုးရ အပြောင်း အလဲနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် စိုးရိမ်မှုမျိုးရော ရှိပါသလား။
ဖြေ။ ။ ဒီအပေါ်မှာ ကျနော်တို့ စိုးရိမ်မှု မရှိပါဘူး။ ဘယ်အစိုးရပဲ တက်တက် ကျနော်တို့ ပြည်သူလူထု အတွက် ဘာတွေ လုပ်ပေးနိုင်မလဲ။ ကျနော်တို့ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ဒီ့ထက် ပိုကောင်းအောင် ဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတာကိုပဲ ပိုလုပ်နိုင်မယ့် အစိုးရကိုပဲ ကျနော်တို့ မျှော်လင့်ပါတယ်။
မေး။ ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ NLD အစိုးရရဲ့ လုပ်ဆောင်ချက်ပေါ်မှာရော လက်ရှိ သုံးသပ်ချက်က ဘယ်လိုရှိပါ သလဲ။
ဖြေ။ ။ သူတို့လည်း သူတို့ အခက်အခဲနဲ့ သူတို့ရှိမှာပါ။ လုပ်ချင်တာတွေ မလုပ်နိုင်တာ အများကြီး ရှိမှာပါ။ ဒါပေမယ့် ၂၀၂၀ မှာတော့ သူတို့ အရင်တုန်းကလို အပြတ်အသတ်ကြီး နိုင်မယ်လို့တော့ ကျနော်တို့ မထင်ဘူး။ အရင်ကလောက် အပြတ်အသတ် ဖြစ်မှာ မဟုတ်ဘူးလို့ ကျနော် မြင်ပါတယ်။
မေး။ ။ အခု သွားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က တကယ်ပဲ တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ် လမ်းကြောင်း ဘက်ကို သွားနေလား။ NCA က ဖက်ဒရယ်ဆီကို သွားမယ့် လမ်းကြောင်းလား။
ဖြေ။ ။ ကျနော်တို့ တိုင်းရင်းသားတွေ အားလုံး လိုချင်နေကြတာ တောင်းဆိုနေကြတဲ့ ဖက်ဒရယ်စနစ်ကိုတော့ မဖြစ် မနေ သွားကြရမှာပဲ။ ဘယ်အချိန်မှ ကျနော်တို့ ရကြမယ် ဆိုတာကိုတော့ အချိန်အခါကိုလည်း မူတည်မှာပါ။ ကျနော်တို့ ဆက်သွားကြရမှာပါ။ ပြောမယ်ဆိုရင် NCA ဟာလည်း ဖက်ဒရယ်ကို အပြည့်အဝ ဖော်ဆောင်နိုင်မှာ မဟုတ်ဘူး။ တဆင့်ချင်းဆီ ကြိုးစားသွားရမယ်လို့ မြင်ပါတယ်။ NCA ကနေ တဆင့် ကြိုးစားသွားရမှာပါ။ ။