ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့အတွင်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် ခံထားရသည်မှာ ရက်သတ္တပတ်ခန့် ရှိပြီ ဖြစ်သော်လည်း ဒုံးကျည်များ ကျရောက် ပေါက်ကွဲခဲ့သည့် လားရှိုးမြို့အမှတ်(၉) ရပ်ကွက်တွင်း နေထိုင်သူများမှာ ယနေ့ထိ စိုးရိမ် ထိတ်လန့်မှုများ ရှိနေကြဆဲ ဖြစ်သည်။
နိုဝင်ဘာ ၁၆ ရက် မနက် ၁၀ နာရီခွဲခန့်က လားရှိုးမြို့ အတွင်းရှိ ဗြုန်းတောင်မှ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးများမှာ လေယာဉ်ကွင်းတွင် တလုံး၊ တပ်မတော် ထောက်ပို့တပ်ရင်းတွင် တလုံး ကျရောက် ပေါက်ကွဲပြီး အမှတ် (၉) ရပ်ကွက် ရှိ အရပ်သား နေထိုင်သည့် ခြံဝင်းများ အတွင်း၂ လုံး ကျရောက် ပေါက်ကွဲခဲ့သည်။
ရပ်ကွက် (၉) အတွင်း ကျရောက်သည့် အခြား ဒုံးကျည်၂ လုံးမှာ မပေါက်ကွဲဘဲ ဗြုန်းတောင်ပေါ်တွင် မပစ်ခတ်ရသေး သည့် ဒုံးကျည်၂ လုံးလည်း ကျန်ရစ်နေသည်ကို တပ်မတော်က သိမ်းဆည်းလိုက်သည်။
ရှော့တိုက်ဒုံးများကို ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ပစ်ခတ်သည်ဟု တပ်မ တော်က ပြောဆိုနေသော်လည်း TNLA က ၎င်းတို့ မပစ်ပါဟု ငြင်းဆိုထားသည်။
လားရှိုးမြို့တွင်း ဒုံးကျည်များ ကျရောက်ပေါက်ကွဲမှုများ မတိုင်ခင်ကလည်း ကွတ်ခိုင်မြို့၊သိန္နီမြို့တို့တွင် တပ်မတော် နှင့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့တို့ တိုက်ပွဲများကြား လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး သေဆုံးမှုများ ရှိ ထားသဖြင့် လားရှိုးမြို့ ဒေသခံများမှာလည်း ထိတ်လန့်မှုများ ရှိနေကြဆဲ ဖြစ်သည်။
ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်မှ လားရှိုးမြို့ ဒေသခံများ၏ ခံစားချက် သဘော ထားများကို တွေ့ဆုံ မေးမြန်းထားပါသည်။
မဝါ
ရှော့တိုက်ဒုံး ပစ်ခတ်ရာတွင် နေအိမ်ထိခိုက်သွားသည့် အရပ်သား
ကျမက အိမ်နောက်မှာ ဘုရားပန်းလဲဖို့ လုပ်နေတုန်း အိမ်ထဲမှာ သမီးလေးလည်း ရှိနေတယ်။ အမျိုးသားကလည်း အိမ်ရှေ့မှာ ရှိနေတာ။ အဲဒီနေ့က အကြောင်း ပြန်တွေးရင် အခုချိန်ထိ လန့်နေတုန်းပဲ။ ကျွီဆိုပြီး လာတာ။ ပထမက ဟိုးဘက်က အိမ်ကို ကျတာ။ ကျမကလည်း အတွေ့အကြုံ မရှိတော့ ဘယ်ပြေးလို့ ပြေးရမယ်မှန်း မသိဘူး။ ကိုယ့် ကလေးကိုယ်ပဲ ပိုက်ထားရတာ။
ကျမ အမျိုးသားကလည်း ဝပ်နေ ဝပ်နေနဲ့ အော်တာ လက်နက်ကြီးတွေ ကျတာ ဆိုပြီး။ နောက်ထပ် အသံမကြားရလို့ ထွက်ကြည့်မှ ကိုယ့်အိမ် ထိမှန်းသိတာ။ ပထမကတော့ အသံတွေ ဆူညံသွားတာ ဘယ်နေရာကျလို့ ကျမှန်း မသိဘူး လေ။
ကွတ်ခိုင်မှာဆို မိသားစုတွေ တစုလုံး ပိုးစိုးပက်စက်သေတာ ဆိုတော့ ကျမတို့လည်း လန့်တယ်။ ကျန်တဲ့ ပစ္စည်းဥစ္စာ ကိုတောင် သတိမရဘူး။ ကိုယ့်ကလေးကိုယ်ပဲ ဖက်ထားပြီး လျှောက်မပြေးဖို့ ပြောနေရတယ်။ ကျမမှာ သားသမီး ၃ ယောက် ရှိပါတယ်။
အိမ်မှာ ရောက်နေတဲ့ ဧည့်သည်ဆိုလည်း နှလုံးရောဂါရှိတော့ ဒူးတွေတုန်ပြီး လန့်နေတာ။ အိမ်ကို ဈေးဝယ်ရောက်နေ တဲ့ အန်တီကြီးဆိုလည်း ကျမတို့ သေတော့မှာလား မသိဘူး။ သေတော့မှာလား မသိဘူး ဆိုပြီး ဒူးတွေကို တုန်နေ တာ။ ငိုတဲ့သူက ငိုနဲ့ ကျမဆိုလည်း သားသမီးဇောနဲ့ ပူထူနေတာ။
အိမ်ထဲမှာ လက်နက်ကြီး ကျလို့ အုတ်တံတိုင်း ပေါက်သွားတယ်။ ထိပ်ဖူးက အိမ်ထဲကျတယ်။ လက်နက်အိမ်ကြီးက ဟိုဘက်ခြံထဲက မြက်ခင်းပေါ် ကျသွားတယ်။ အဲဒါကြီးသာ အိမ်ထဲကွဲရင် တမိသားစုလုံး မရတော့ဘူး။ ကျမတို့ ရေသန့် ဘူးတွေ ရောင်းတော့ ရေသန့်ဘူးတွေ ကွဲတယ်၊ ပိုက်တွေ ကွဲတယ်၊ ရေချိုးခန်းထဲက ကြွေပြားတွေဆိုလည်း ကြေမွ သွားတယ်။
ကားကလည်း အုတ်တံတိုင်းနဲ့ ကပ်ရပ် ဆိုတော့ အခု မရတော့ဘူး။ ဝါယာတွေအကုန် ပေါက်သွားတာ ဝပ်ရှော့ ပို့ထား ရတယ်။ အနည်းဆုံး ၁၀ သိန်းလောက်တော့ ကုန်မှာ။ အဲဒါကလည်း ကိုယ့်ဘာသာ ပြန်ပြင်ရမှာပေါ့။ ဘယ်သူ့ဆီကမှ ကျမတို့က မမျှော်လင့်ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် မလုံခြုံလို့ အခုလို လက်နက်ကြီး ကျတာ။ အဲဒီလိုပဲ ခံစားရတယ်။ ဒါပေမယ့် ကိုယ်က ရှမ်းမြောက်မှာ ပဲ နေနေတာဆိုတော့ ဘယ်လိုမှ မတတ်နိုင်ဘူးလေ။ ဒီတိုက်ပွဲတွေ ပြီးဆုံးသွားရင်တော့ ကောင်းမယ်။ ဆုတောင်းပါ တယ်။ အားလုံး အေးချမ်းပါစေ။ ကျမဆို ညက အိပ်မက် မက်တယ်။ လက်နက်ကြီးကျလို့ ပြေးပုန်းရတယ် ဆိုပြီးလေ။ ဒီလိုပါပဲ ကိုယ့်စိတ်ကိုယ် အားတင်းပြီး သတိ ဝီရိယလေးနဲ့ နေနေရတာပါ။
ဦးယော
ရပ်ကွက် (၉) ၊ လားရှိုးမြို့
သူတို့တွေက ဒီလက်နက်တွေ ဘာလိုစွဲကိုင်လဲ ဆိုရင် သူတို့ လူမျိုးရေး လွတ်မြောက်ရေး အတွက်လို့ ပြောနေကြ တယ်။ ဒါက မဟုတ်ပါဘူး။ ဘာကြောင့်မဟုတ်လဲလို့ ပြောရလဲဆိုရင် သူတို့ အဖွဲ့အစည်းတွေက ထုနဲ့ထည်နဲ့ လုပ်ငန်း မရှိဘူး။ လက်နက်ကိုင်ပြီး တဖက်က မူးယစ်ဆေးဝါးကို လုပ်တယ်။ လက်နက်နဲ့ အကာအကွယ် ယူပြီး။ အဲဒါနဲ့ တခြား နိုင်ငံနဲ့ ရောင်းဝယ်ဖောက်ကားပြီး ကိုယ့်နိုင်ငံကို ဒုက္ခပေးတဲ့ အဆင့်ပဲ ရှိတယ်။ အဲဒီလိုရှိတော့ ကျနော်တို့ လူထုက ထိတ်လန့် နေရတယ်။
နောက်တခုက တပ်ကလည်း ငြိမ်းချမ်းရေး ယူမလား အမြဲ ကမ်းလှမ်းနေတာပဲ လက်မခံလို့ အခုလို ဖြစ်နေတာ။ တပ် ကလည်း တခါတရံ ပြန်တိုက်ခိုက်တယ် ဆိုတာ တပ်က သေတာများမှ တိုက်ခိုက်တာ။ သူတို့က လူထုအတွက် နယ် မြေ လုံခြုံရေး ယူထားပြီး လူထု နေမှုစားမှုကို စောင့်ရှောက်နေတဲ့ အချိန်မှာ သူတို့က ကြားထဲကနေ ဝင်ဝင်ပြီး အနှောင့်အယှက် ပေးနေတာ။ အခုက ပိုဆိုးလာတာက ပြောင်ပြောင်တင်းတင်း ယူနီဖောင်း ဝတ်ပြီး တိုက်တာ မဟုတ် ဘဲ ပြည်သူ့စစ် မဟာဗျူဟာနဲ့ အရပ်ဝတ်တွေနဲ့ ဝင်တိုက်တော့ လူထုပဲ ဒုက္ခရောက်တာပဲ။ ကျနော့် အမြင်ကတော့ အဲဒီ လိုပဲ ရှိပါတယ်။
အမှန်ပြောရရင် ဒီမှာ လုံခြုံမှု မရှိဘူး။ အဲဒါ အမှန်ပဲ။ ပြည်သူတွေ ကျီးလန့်စာစား ဖြစ်နေရတယ်။ လုံခြုံမှု မရှိရတာက အခု ရန်သူက သီးသန့်စာသား မပါဘူး။ အကုန်အတူတူပဲ ဖြစ်နေတော့ ဘယ်သူဘယ်ဝါ မသိရဘူး။ ဧည့်စာရင်းလည်း မရှိတော့ လူဆိုးလူကောင်းလည်း ခွဲခြား မရဘူး။ လွှတ်တော်က လက်ရှိ နိုင်ငံတော် အုပ်ချုပ်နေသူတွေတောင် ဧည့်စာ ရင်း မသိရဘူး ဆိုတော့ နိုင်ငံခြားသားပဲ ဖြစ်ဖြစ် မိမိ ပြည်သူပြည်သားပဲ ဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ဖြစ်လာတယ်။
အဲဒီ အနေအထားကို အခွင့်ကောင်းယူပြီး မြို့ထဲကို ရောက်လာတာတွေ ရှိတယ်။ ပိုပြီး စိုးရိမ်တာက ဟိုးတုန်းကထက် ကို ပိုပြီး လုံခြုံမှု မရှိဘူး။ ကျနော်တို့ ကိုယ်တိုင်လည်း လုံခြုံမှုကို မခံစားရဘူး။ ဘယ်အချိန် ဖြစ်မယ်ဆိုတာ မခန့်မှန်းနိုင် ဘူး။ သူတို့က လက်နက် ယူလာမယ်၊ ဖွက်ထားမယ်၊ တည်းခိုခန်း ဝင်တည်းနေမယ်။ လိုမှ ကောက်ကိုင်မယ် ဆိုရင် အတူ ထိုင်နေရင်တောင် မသိနိုင်ဘူး။ လုံခြုံရေးက လုံးဝ ကျိုးပေါက်နေတဲ့ အနေအထား ရှိပါတယ်။
တခုတော့ ရှိတယ်။ ကျနော်တို့က နိုင်ငံ တနိုင်ငံ ဖြစ်လာရင် စစ်တပ် ဆိုတာကတော့ မရှိမနေ ရှိရမှာ ဖြစ်တယ်။ သူ့တာ ဝန်သူ ယူရတာပေါ့နော်။ ဒါပေမယ့် တဖက်ကလည်း လက်နက်ကိုင်လာတော့ တပ်ရှိရင် သူတို့က လွတ်လွတ်လပ်လပ် ကိုင်လို့ မရဘူး။ တပ်က မရှိတဲ့အခါကျမှ လုံခြုံရေး မယူထားမှ လုပ်ချင်တာ လုပ်လို့ ရမယ်။ ဒါကြောင့် တပ်ကို မလို လားတာ။ အမှန်ဆို တပ်ကို ကျနော်တို့ စွန့်ပစ်လို့ မရဘူး။
နိုင်ငံတနိုင်ငံမှာ လုံခြုံရေး မရှိလို့ မရပါဘူး။ ကာကွယ်ရေး ဝန်ကြီး ဌာနလည်း မရှိလို့ မရပါဘူး။ တခုတော့ ရှိတာက မိတထောင်သားတွေ ဖြစ်တော့ မှားတာတွေ ရှိပါလိမ့်မယ်။ အမှားနဲ့ အမှန်ဆိုတာ အမြဲ ဒွန်တွဲနေတာ ဖြစ်လို့ အား နည်းချက် အားသာချက်ထဲမှာမှ အဓိက ကျတဲ့ လုံခြုံရေး တာဝန်ကတော့ တပ်မှာ ရှိပါတယ်။
တဖက်ကတော့ အရင်က တောထဲမှာ ရှိတယ်။ မြို့အထိ မဝင်လာဘူး။ အခုဆိုရင် ဧည့်စာရင်းမရှိတဲ့ အပေါ်မှာ အခွင့် ကောင်းယူပြီး မြို့ထဲထိ ဝင်လာတယ်။ တပ်ကလည်း တော်တော်လေး အခက်အခဲ တွေ့နေတာ ရှိပါတယ်။ ငြိမ်းချမ်း ရေး ယူရင်တော့ အကောင်းဆုံးပေါ့နော်။ လူထုတွေလည်း လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိမယ်။ လွတ်လွတ်လပ် လပ် စီးပွားရေး လုပ်ကိုင်နိုင်မယ်။ ငြိမ်းချမ်းရင် လူတွေနေရေး ထိုင်ရေး စားဝတ်နေရေးက အစ ပြေလည်တာပေါ့။ မငြိမ်းချမ်းတော့ အလုပ်လုပ်ရတာက အစ ဖြောင့်ဖြောင့်မလုပ်ရဘဲ ကြောက်လန့်နေရတဲ့ အနေအထား ရှိပါတယ်။
ဦးကျော်ဆွေ
ရပ်ကွက် (၉) နေ အရပ်သား
ပစ်ခံရတဲ့ အချိန်မှာ ကျနော်က ထမင်းချက်နေတာ ပထမ ၂ ချက် အသံကြားတော့ ထောင့်လေးမှာပဲ နေနေတာ။ ဒီဘက် ထွက်လာတော့ ကျနော့်နေရာကို ကျကွဲတာ။ ကျနော့် နေရာ ကျကွဲတာလည်း မသိဘူး။ အဲဒီလို ဖြစ်မယ် လည်း မထင်ဘူး။ မထင်တော့ နောက်မှာ အုတ်တွေက ဘိလပ်မြေစတွေ ဖွေးနေမှ ကျနော်တို့ အိပ်တဲ့အခန်းထဲမှာ မိန်းမ ရှိနေတယ်။ အဲဒီတော့ မိန်းမဆီ သွားကြည့်တော့ ခေါ်မရဘူး။
သူ့ဘေးမှာ နံရံတွေက အပေါက်တွေ ဖြစ်ကုန်ပြီး သွပ်တွေလည်း လန်ကုန်တော့ လန့်ပြီး ခေါ်မရ ဖြစ်နေတာ။ အခု နားဆေးရုံကို ပြနေရတယ်။ အခုတော့ တဝက်လောက်တော့ သက်သာပြီ။ စ ဖြစ်ဖြစ်ချင်းကဆို သူ့နားက ဘာမှကို မကြားရတော့တာ။ သူကလည်း အိပ်နေတာကိုး။ ခေါ်တာကို လုံးဝ မကြားတာ။ သူ့ကို ခေါ်ပြီး အပြင်ကို ခေါ်ထုတ်လာ ရတာ။ အရင်က ဒါမျိုး မကြားဖူးဘူး။ အဝေးက ပစ်ခတ်တာမျိုးပဲ ကြားဖူးတာ။ ကျနော်တို့ အထိနာတော့ လူလည်း လန့်သွားတယ်။ မြို့ထဲနေတာ ဆိုတော့ မဖြစ်လောက်ဘူးပဲ ထင်ထားတာ။ မမျှော်လင့်ပဲ ဖြစ်တော့ အံ့အားလည်း သင့် တာပေါ့။ စိတ်တော့ မကောင်းဘူးပေါ့ဗျာ။
ကျနော့် မိန်းမက နားစည် ယောင်သွားတယ်။ နားတွေ အူနေတယ်။ လက်မှာ ဗုံးစလား၊ သံစလား ဝင်သွားလို့ ချုပ် လိုက်ရတယ်။ ဆေးရုံမှာတော့ ၃ ရက် နေလိုက်ရတယ်။ အနာကတော့ ချုပ်ရိုးစိုနေလို့ မဖြည်ရသေးဘူး။ နောက်ရက် တော့ ဖြည်ရတော့မှာပါ။
ပစ်ခတ်တဲ့ အဖွဲ့အစည်းကို ကျနော်တို့က မရှုတ်ချရဲပါဘူး။ ကျနော်ကလည်း မုံရွာကနေ ဒီဘက်ကို အလုပ် လာလုပ် တာပါ။ မပြောရဲပါဘူး။ လူနေရပ်ကွက်တွေထဲ ပစ်တာတော့ မကောင်းဘူးပေါ့။ ပြည်သူလူထု ဆိုတာက ကြားနေ လူ တန်းစားတွေပါ။ ဒီလို မြို့တွေကို ပစ်တာတော့ မကောင်းပါဘူး။
ကျနော်တို့က စားဝတ်နေရေးအတွက် အလုပ်လာလုပ်နေတာဆိုတော့ မလုံခြုံလည်း အလုပ်က လုပ်နေရမှာပဲ။ အောက်ပိုင်းကျတော့ အလုပ်က ရှားတယ်။ ကျနော်တို့ အသက်အရွယ်နဲ့ ဆိုရင်ပေါ့။ သားသမီးလည်း ဒီမှာရှိနေတော့ အတူနေရအောင် ဒီမှာ အလုပ်လုပ်နေတာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ငြိမ်းချမ်းရေး ရစေချင်တယ်။ ဒါမှ လည်း ပြည်သူလူထုက စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ နေရမှာ။ အခုက စားဝတ်နေရေးကြောင့်သာ နေရတာ ကြောက် စိတ်လေးတော့ ရှိနေပါတယ်။
ဒေါ်စန်းဝင်း
ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် ထိခိုက်သွားသူ
ပေါက်ကွဲတဲ့နေ့က ကျမက ကျန်းမာရေး မကောင်းလို့ ကုတင်ပေါ်မှာ လဲနေတာ။ ခြေထောက်တွေ အေးလို့ စောင်ခြုံ ထားတာ။ ဝုန်းဝုန်းဆိုပြီး အပေါ်က ကျလာတာ ကျမလည်း သတိလစ်သွားပြီး ဘယ်လိုဖြစ်လို့ ဖြစ်မှန်းတောင် မသိ တော့ဘူး။ တခါတလေ စိတ်က လန့်နေတုန်းပဲ ဝုန်းဝုန်းဆိုပြီး နားထဲ စွဲနေတာ။ အဲဒါပဲ ပြန်ကြားနေတယ်။
ကြောက်တာပေါ့။ ကျမ လက်က ဆေးရုံသွားတော့ အနာက စိုနေသေးလို့ မဖြည်ရသေးဘူး။ နားကတော့ တဖက်က ကောင်း လာပြီ။ တဖက်ကတော့ အူနေသေးတယ်။ ဆရာဝန်ကတော့ တော်တော်လေး သက်သာနေပြီ ပြောတယ်။ နောက် နှစ်ပတ်လောက်နေမှ ပြန်ပြရမှာ။
ဒေါ်ဝေမဖြူ
နေအိမ်အတွင်း ရှော့တိုက်ဒုံးကျသည့် ဒေသခံ
ကျမက တီဗွီ ထိုင်ကြည့်နေတာ အသံအကျယ်ကြီး ကြားရတော့ ပထမက ဆိုင်ကယ် အိတ်ဇောသံ ထင်နေတာ။ ကျမ တို့လည်း အသံကျယ်တာ တအားကြားလာရတော့ လက်နက်ကြီးနဲ့ ပစ်ပြီ ထင်တယ်ဆိုပြီး တအားကြီး ကြောက်လန့် ပြီး သမီးက နောက်မှာ ပန်းကန်ဆေးနေတာ။
တအားကြီး အသံကြားတော့ ဗုံးကွဲသံလည်း မဟုတ်ဘူး ဆိုပြီး သားမိနှစ်ယောက် အိမ်ထဲ ဝင်ပြေးတာ။ ကြောက်လို့ သမီးကို ဖက်ပြီး သမ္ဗုဒ္ဓေချည်းပဲ ရွတ်နေတာ။ မသွားနဲ့ သမီးဆိုပြီး အတင်း ဆွဲထားတာ။ နောက်မှ ကျမသမီးက ဆိုင်ကယ်နဲ့ ခေါ်ထုတ်ပြီး အမျိုးအိမ်ကို သွားပို့တာ။ လူတွေ အများကြီး ရောက် လာမှ အိမ်ထဲကို လက်နက်ကြီးကျည် ကျတာ သိတာ။
ကျမ ဘဝမှာ တခါမှ ဒီလို မကြုံဖူးဘူး။ အသံကလည်း တအားကျယ်တယ်။ တအား ကြောက်တယ်။ လူကလည်း တုန် နေပြီ။ အသံကလည်း တုန်နေပြီ။ တအား ကြောက်လန့်သွားတယ်။ တခါမှ အခုလို မကြောက်ဖူးဘူး။ နောက်မှ သံတ ခါးကနေ လက်နက်ကြီးက ဝင်လာပြီး အိမ်ဘက် တခြမ်း ပျက်သွားတာ။
နောက်တခါ လာထပ်မှန်မှာမျိုး ကြောက် တယ်။ စိုးရိမ်တယ်။ အခုချိန်ထိ အကြောက်က မပြေသေးဘူး။ မိုးချုပ်ရင် လည်း ကြောက်နေတာ။ ပစ်ခံရတုန်းက မနက် ပိုင်း ၁၀ နာရီကျော်လောက်မှာ ဖြစ်တာ။ ကျမ ကြောက်တာ သေမတတ် ကြောက်တယ်။
ကျမတို့ အခုလို ကြုံရတာ မကောင်းဘူး။ ပြည်သူတွေ အတွက် မကောင်းပါဘူး။ ကျမတို့ ပြည်သူတွေ အထိတ်တလန့် ဖြစ်ရပါတယ်။ နောက်တခေါက် ဒါမျိုး မြင်လည်း မမြင်ပါရစေနဲ့၊ ကြားလည်း မကြားရပါစေနဲ့။ သူတို့ကိုလည်း ဘာမှ မပြောချင်ပါဘူး။ နောက်ထပ် မဖြစ်ပါစေနဲ့ဘဲ ဆုတောင်းပါတယ်။ ကိုယ်က ပြောနေလို့လည်း ဘာမှ မရဘူးလေ။ သူတို့ က ပစ်ချင်တဲ့ နေရာကို ပစ်တာ။ ကြောက်ပဲ ကြောက်နေရတာ။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကတော့ တီဗီမှာ လာလို့ တွေ့နေရပါတယ်။ သူတို့ နှစ်ဖက်ကို ပြေလည်စေချင်ပါတယ်။ နောက်ထပ် မဖြစ်စေချင်ပါဘူး။
ဒေါ်သူဇာ
လားရှိုးမြို့ ဒေသခံ
လူတွေက ပျာယာတွေ ခတ်ပြီး ဘယ်က လာတဲ့ အသံမှန်း မသိဘူး။ ဘုန်းခနဲ ကျတာနဲ့ အိမ်ထဲကနေ တန်းနေအောင် ထွက်ပြေးတာပဲ ကလေးကို ဆွဲပြီးတော့။ ကျမ သားနှစ်ယောက်က အိမ်ထဲမှာ ကျန်ခဲ့တယ်။ ကျမက တိုက်ပွဲ ဖြစ်ပြီလို့ ထင်တာ။ တလုံးပစ်ရင် ဆက်ပစ်တော့မှာပဲပေါ့။ ကျမတို့ နားမှာက စစ်တပ်နဲ့ နီးတယ်။ ဒီတိုင်းနေရင် သေမှာပဲ ဆိုပြီး ကလေးချီပြီး ပြေးတာ။ ဆက်တိုက် ပစ်မယ် ထင်တာ။ စစ်တပ်နဲ့ နီးလို့ ပစ်ခံရတယ်လို့ ထင်တာပဲ။
ကျမတို့က ပြည်သူပဲ ဆိုတော့ သူတို့က ပစ်စရာ အကြောင်းမှ မရှိတာ။ ဒီမှာက စစ်တပ်နဲ့ နီးတာကိုး။ ကိုယ့်စိတ်က တော့ အဲဒီလို သဘောပဲ ထင်တာလေ။ ဟိုတခေါက်တုန်းကလည်း တဒုတ်ဒုတ်နဲ့ အသံကြားတော့ လန့်ပြီးပြီလေ။
စဉ်းစားကြည့်ပါ။ ကျမတို့ဆို ပစ်ခတ်ခံရပြီး၂ ရက် ထမင်းစားလို့ မရဘူး။ စဉ်းစားလေ၊ ကျမတို့ ရပ်ကွက်ထဲ ဘာရှိ လို့လဲပေါ့။ လာတာက တဖက်ကပဲ လှမ်းပစ်နေတာ ကြောက်တာပေါ့။ ဒီဘက်က လာတယ် ဆိုတော့ သိသာသွားပြီ။ တံခါးကို ထိတာလည်း သက်သေပဲ။
အခုလည်း ထပ်လာမှာ ကြောက်တယ်။ ကျမတို့ စိတ်ထဲမှာ ရှိတာကတော့ အခု ဖြစ်တာက စစ်တပ်နဲ့ လက်နက်ကိုင်နဲ့ ဖြစ်နေတာ။ စစ်တပ်နဲ့ ကျမတို့ နီးလို့ ပစ်ခတ်ခံရတာလို့ ထင်ပြီး ကြောက်တာ။ ကျမတို့ စစ်တပ်နဲ့ နီးနီးနားနား နေရ တော့ ကြောက်တယ်။ တခါတလေ ကလေးတွေကတောင် ပြောတယ်။ အမေ အိမ်ကို ရောင်းပြီး စစ်တပ်နဲ့ ဝေးတဲ့ နေရာသွားနေရင် ကောင်းမယ် ထင်တယ်တဲ့။ စိုးရိမ်တယ်လေ။ ကြောက်စိတ်က ရှိပြီးသား။
ပစ်ခံရတဲ့နေ့ကဆို အမျိုးတွေက အိမ်မှာ မအိပ်နဲ့တော့ ပြောပေမယ့် ကိုယ့်အိမ်မှာက ခွေးတွေကလည်း ရှိတယ်။ မိသား စုတွေနဲ့ ဆိုတော့ အိမ်မှာ ပြန်အိပ်ပေမယ့် အဲဒီနေ့ညက အိပ်မပျော်ဘူး။ အခုချိန်ထိ ကြောက်နေတုန်းပဲ။ ပစ်များ ပစ်ဦး မလားလို့ စိုးရိမ်နေတုန်းပဲ။ ညညဆို အိပ်မပျော်တာ အခုထိပဲ။ ညဆို စိုးရိမ်တဲ့ စိတ်က ရှိနေတုန်းပဲ။
ကျမတို့ကတော့ သူတို့ ဖြစ်နေတာတွေ နားမလည်ဘူး။ သူတို့ ဘာလို့ ပစ်တယ်ဆိုတာ နားမလည်ဘူး။ ပြည်သူဆို တော့ ဘာမှ မသိပါဘူး။ မပစ်စေချင်တော့ဘူး။ ကျမတို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေချင်တယ်။ တိုက်ပွဲတွေ ဖြစ်တာ ဘယ် သူမှ မလိုချင်ပါဘူး။ ကျမ အသက် ၅၂ နှစ် ရှိပြီ။ လားရှိုးမှာပဲ မွေးတယ်။ လားရှိုးမှာပဲ ကြီးတယ်။ ဒီလို ပစ်တာ မကြုံဖူး ဘူး။
ကျမတို့ဆို ရပ်ကွက်(၅) မှာ နေတာ။ ကချင်သူပုန်တွေဆို ရပ်ကွက် (၅) အပေါ်ကနေပဲ ဆင်းဆင်းလာတာ။ အဲဒီတုန်း ကတောင် သူတို့ ပြည်သူတွေကို ဘာမှ မလုပ်ဘူး။ အခုကတော့ ပိုဆိုးလာတယ်။ အရင်တုန်းက ရပ်ကွက် (၅) အပေါ် တက်ရင် ကချင်သူပုန်ပဲ။ သူတို့က အပြစ်မရှိရင် မလုပ်ဘူး။ အခုက ဒီလို ပစ်တော့ ကြောက်တယ်။ အရင်တုန်းက လည်း လက်နက်ကြီးတွေ ပေါပေါများများလည်း မရှိဘူးလေ။ အခုလည်း လက်နက်က ပေါများလာတော့ ဒီလိုပဲ ဖြစ် နေတာ။
မိုင်းမျိုးအောင်
တအန်း ဥပဒေ အထောက်အကူပြုအဖွဲ့
ပြီးခဲ့တဲ့ ၁၆ ရက်တုန်းက လားရှိုးမြို့နယ်မှာ ပစ်ခတ်ခံရမှု တခုဖြစ်တယ်။ ဘယ်သူ ပစ်ခတ်တယ်ဆိုတာ မသိရဘူး။ ဒါပေမယ့် ပထမဆုံးကတော့ ကျနော်တို့ တအန်းအိမ်တွေရော တအန်း အရပ်ဘက်အဖွဲ့အစည်း ရုံးတွေရော ဝင်စစ် ဆေးခံရတာပါတယ်။ တအန်း ကျောင်းသား လူငယ်များရုံး စစ်ဆေးခံရတယ်။ ၁၆ ရက်မှာ တကြိမ်၊ ၁၇ ရက်မှာ တကြိမ် စစ်ဆေးခံရတယ်။ ပြီးရင် တအန်းပညာရေး ဘော်ဒါဆောင်မှာလည်း ဝင်စစ်ဆေးခံရတယ်။
ကျနော်နေတဲ့ ရပ်ကွက် တအန်း အိမ်တချို့လည်း စစ်ခံရတယ်၊ ကျနော့်အိမ် အပါအဝင်ပါ။ ဒီလိုမျိုး လုပ်ခြင်းက လက် နက်ကိုင်နဲ့ လူထုကို မခွဲခြားဘဲ တသားတည်း ဆက်ဆံသလို ဖြစ်နေတယ်။ ဒါက မဖြစ်သင့်ပါဘူး။ ကျနော်တို့က အရပ် ဘက် အဖွဲ့အစည်းတွေလည်း ဖြစ်တယ်။ လူထုဘက်ကို ရပ်တည်နေတဲ့ အဖွဲ့အစည်းတွေလည်း ဖြစ်ပါတယ်။ ကျနော် တို့နဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း ရောပြီး တွဲပြီး မြင်နေစရာ အကြောင်း မရှိပါဘူး။
နောက် ဝင်စစ်တဲ့ နေ့တုန်းကဆို အိမ်မှာ ကျနော် မရှိဘူး။ အိမ်ကလူတွေက မရှိဘူး ပြောတယ်။ အိမ်ထဲ ဝင်စစ်တယ်။ ကြမ်းကြမ်းတမ်းတမ်း ဝင်စစ်တာ မဟုတ်ပေမယ့် အခန်း တိုင်ကို ဝင်စစ်ပါတယ်။ သူတို့မှာ အကြောင်းပြချက်က ဘာမှ မရှိဘူး။ တကယ်ဆို ဥပဒေအရ ဆိုရင် အကြောင်းပြချက် ရှိရမယ်။ စစ်မယ်ဆိုရင် ဘာ့ကြောင့်စစ်တယ် ဆိုတာ ရှိရ မယ်။ အကြောင်းပြချက်ပေါ် မူတည်ပြီး ရှာဖွေဝရမ်းနဲ့ အိမ် ထဲ ဝင်ဖို့ လို မလိုက လုပ်ရပါမယ်။ အခုက တခါတည်း တန်းစစ်တဲ့ သဘော ရှိပါတယ်။
သူတို့က သူစိမ်း ဧည့်သည်တွေ ရှိလား။ ဒီမှာ ပစ္စည်းတွေ လာထားတာ ရှိလား။ ဘာတွေရှိလဲ ဆိုပြီး မေးတာ။ ဧည့် သည်တွေက ပစ္စည်းတခုခု လာထားတာ ရှိလား မေးတယ်လို့ သိရပါတယ်။ လာစစ်တဲ့အချိန်မှာ ကျနော်တို့ကို ဘာမှ မပြောပါဘူး။ နောက်မှ မီဒီယာထဲမှာ ပြောတာက ပစ်တဲ့သူက ဒီဘက်ကို ပြေးလာလို့ လာစစ်ရတာလို့ ပြောပါတယ်။ စစ်တာကလည်း တအန်းအိမ်တွေ တအန်း အရပ်ဘက် အဖွဲ့အစည်းတွေကိုပဲ စစ်တာပါ။
ဖြစ်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ရင် ကျနော်တို့က အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကို ရှုတ်ချပါတယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ရှင်းပြီး စစ်ရေးနည်းနဲ့ မဖြေရှင်းစေချင်ပါဘူး။ အခုလို တိုက်ခိုက်တဲ့ နည်း လမ်းနဲ့ လုပ်တဲ့ အခါမှာ လူထုတွေပဲ တော်တော် ထိခိုက် နစ်နာပါတယ်။ မြေစာပင် ဖြစ်နေရတယ်။ တဖက်မှာလည်း စိုးရိမ် ပူပန်မှုတွေက ရှိနေပါတယ်။ ကျနော်တို့က ဘာဖြစ်လာမယ်ဆိုတာ မသိတဲ့ အဖြစ်ကို ရင်ဆိုင်နေရတယ်။ နောက်ပြီး ဒီမှာ နေနေတဲ့ လူတွေရဲ့ စီးပွားရေး ကိစ္စတွေ ပညာရေးကိစ္စတွေက အခက်အခဲတွေ ရင်ဆိုင်နေရတယ်။
ဆက်စပ်ဖတ်ရှုရန်
လားရှိုးမြို့ပေါ်ရပ်ကွက်တချို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
TNLA ၏ လက်နက်ခဲယမ်း လေးသောင်းကျော်ကို တပ်မတော် သိမ်းဆည်းဟု ဆို