အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုလက်မှတ် ရေးထိုးခဲ့သော အပစ်ရပ် ၁၀ ဖွဲ့အနက် နိုင်ငံရေး သြဇာနှင့် အင်အား အကြီးဆုံး အဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) သည် ၂၀၁၈ နိုဝင်ဘာလမှစ၍ အစိုးရနှင့် တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ရပ်ဆိုင်းထားသည်။
KNU ဗဟိုဌာနချုပ်တွင် ယခုလ ၅ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပြုလုပ်ခဲ့သော ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး ဆုံးဖြတ်ခဲ့ကြသလို KNLA နှင့် တပ်မတော်အကြား မပြလည်ဘဲဖြစ်နေသည့် လမ်းဖောက်မှု ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြသည်။
တပ်မတော်က ဒေသဖွံ့ဖြိုးရေး အကြောင်းပြချက်ဖြင့် KNU ၏ တပ်မဟာ ၃ တပ်မဟာ ၅ နှင့် တပ်မဟာ ၂ တို့ကို ဖြတ်ကာ လမ်းဖောက်ခြင်းနှင့် ပတ်သက်ပြီး ၂၀၁၈ ခုနှစ်ကတည်းကပင် နှစ်ဖက် ပစ်ခတ်မှုများ လူသေဆုံးမှုများ ရှိခဲ့သည်။
ထို့ကြောင့် အဆိုပါလမ်းကိစ္စနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည် ဆိုသည်နှင့် ရပ်ဆိုင်းနေသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်စနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူး ကို ဧရာဝတီ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ က သွားရောက် တွေ့ဆုံမေးမြန်းထားသည်။
မေး ။ ။ KNU နဲ့ အစိုးရကြားမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ကတည်းက တရားဝင် အစည်း အဝေးတွေ ရပ်ဆိုင်းခဲ့တယ်။ ဒီလ ၅ ရက်နေ့ကနေ ၂၂ ရက်နေ့ အထိ KNU ဗဟို ဌာနချုပ်မှာ ပြုလုပ်တဲ့ အမြဲတမ်းဗဟိုကော်မတီ အစည်းအဝေးမှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဘာတွေဘယ်လို ဆုံးဖြတ်ခဲ့တယ်ဆိုတာ အရင်ဆုံး ရှင်းပြစေချင်ပါတယ်။
ဖြေ ။ ။ ပထမဦးဆုံး ကျနော်ပြောချင်တဲ့ အချက်တချက်ကတော့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရပ်တန့်သွားတယ်ဆိုတာကတော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ formal (တရားဝင်) လမ်းကြောင်း အပိုင်းသာလျှင် ရပ်တန့်ပြီးတော့ informal အပိုင်းမှာ ကျနော်တို့ ကူးချည် သန်းချည်နဲ့ အခေါက်ခေါက် အခါအခါ တွေ့ဆုံပြီးတော့ ညှိနှိုင်းခဲ့တာတွေ ရှိပါတယ်။ အဲဒီ ညှိနှိုင်းမှုတွေရဲ့ ရလဒ်ကို အခြေခံပြီးတော့ ရှင်းရှင်းပြောရရင်တော့ ကျနော်တို့ ဘက်က Proposels (အဆိုပြုချက်များ) ပြန်တင်တာပေါ့နော်။ အဲဒီ Proposels အပေါ်မှာ အစိုးရနဲ့ တပ်မတော် ဘက်က ဒါကို ဆွေးနွေးမယ်ဆိုတဲ့ အခြေခံမျိုးကို ရရှိတယ်။
အဲဒါ ဆွေးနွေးသင့်တယ် ဆိုလည်း ဆွေးနွေးမယ်ဆိုတဲ့ အခြေခံ ရရှိတဲ့ အတွက်ကြောင့် ကျနော်တို့ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် အဲဒီ ဆွေးနွေးရမယ့် Proposels ကတော့ NCA ကို လက်မှတ်ရေးထိုးထားတဲ့ အဓိက ကျနော်တို့ရဲ့ မျှော်မှန်းချက်နဲ့ ရည်ရွယ်ချက် ကတော့ ဒီနိုင်ငံမှာ တွေ့ဆုံ ဆွေးနွေး အဖြေရှာတဲ့ ယဉ်ကျေးမှု အသစ်တခုကို ဖန်တီးနိုင်ခြင်းကနေပြီးတော့ မှန်ကန်ပြီး တရားမျှတတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ သူဟာသူ တဆင့်ပြီးတဆင့် သွားခြင်းအားဖြင့် ဒီနိုင်ငံထဲမှာ ပြည်တွင်းစစ်ရဲ့ ဖြစ်ပေါ်လာရခြင်းရဲ့ အခြေခံအကြောင်းတရားတွေ ဖြေရှင်းခြင်းနဲ့ အတူ ဒီစစ်ကြောင့် နောက်ဆက်တွဲဖြစ်ပေါ်ပြီးတော့ ဆက်လက်ဖြေရှင်းရမယ့် ဥပမာအားဖြင့် IDP ကိစ္စတွေ Refugee ကိစ္စတွေလိုမျိုး တခြားမြေယာကိစ္စတွေလိုမျိုး စသည်ဖြင့်ပေါ့။ ဒီလိုကိစ္စမျိုး တွေလည်း ဖြေရှင်းမယ်ဆိုတဲ့ မူလ ဆွေးနွေးချက် သဘော တူညီချက်တွေ နားလည်မှုတွေ Concept တွေကို အခြေခံပြီးတော့ ဆက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
အဲအတွက်ကြောင့် ကျနော်တို့ဘက်ကနေပြီးတော့ ပြီးခဲ့တဲ့ကာလတွေမှာ သွားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အားနည်းချက် အကြီးကြီးတခုကို သွားပြီးတော့ တွေ့ပါတယ်။ ဒီအားနည်းချက် က ဘာလဲဆိုရင် လက်မှတ်တော့ ထိုးကြတယ်။ ဒါပေမယ့် ဘယ်လိုအကောင်အထည်ဖော်မလဲ ဆိုတာမှာ ပျောက်နေတယ်။ အဲဒါက အဓိက ပြဿနာဖြစ်ပါတယ်။
မေး ။ ။ ဖက်ဒရယ်တို့ အပစ်အခတ်ရပ်စဲရေးတို့လို ကိစ္စတွေမှာလား။
ဖြေ ။ ။ NCA မှာ အဓိက အပိုင်းကြီး ၂ ပိုင်းရှိတယ်။ NCA ဆိုတာက ရှင်းရှင်းပြောရရင် အဓိက အပစ်အခတ်ရပ်စဲရေး စာချုပ်ပဲ။ ဒါပေမယ့် သူက တဘက်မှာ ဖက်ဒရယ်ကို သွားမယ်လို့ ဘုံရည်မှန်းချက် ထားဆိုပေမယ့် ဘယ်လိုသွားမယ်ဆိုတာကိုတော့ မပြောထားဘူး။ အဲဒါကြောင့် ကျနော်တို့က ဘယ်လိုသွားကြမယ်။ ဘယ်လိုတည်ဆောက်ကြမယ်ဆိုတာကို ကျနော်တို့က ဆွေးနွေးရမယ်။ အဲဆွေးနွေးရမယ့် အပိုင်းက ပျောက်နေတယ်။ သာမန်ဆွေးနွေးပွဲတွေ သွားနေပြီးတော့ ဖက်ဒရယ်ကို မလှည့်နိုင်ဘူးဖြစ်နေတယ်။ အဲဒါက အဓိကပဲလို့ ကျနော်ထင်တယ်။
နောက်ပြီးတော့ အပစ်အခတ်ရပ်စဲရေးကိုသွားမယ်လို့ လက်မှတ်ထိုးထားပြီးတော့ အပစ်အခတ် ရပ်စဲရေးကို ဘယ်လိုအကောင် အထည်ဖော်မလဲဆိုတဲ့ အပိုင်းမှာ ရှိမနေဘူး။ အဲ့အတွက်ကြောင့် ကျနော်တို့က အဆင့်လေးဆင့်ပါတဲ့ Proposals ကိုတင်လိုက်တာဖြစ်ပါတယ်။
အဲဒီအဆင့်လေးဆင့်မှာ ပထမအဆင့်ကတော့ အပစ်အခတ်ရပ်စဲရေးကို ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ ဟာက ဥပမာ အခန်းသုံးလို အခန်းလေးလို အခန်းခြောက်လိုမျိုး အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို တယောက် တမျိုးဖွင့်နေလို့ မရတော့ဘူး။ အဲလိုကိစ္စတွေက အပစ်အခတ်ရပ်စဲရေးနဲ့ ပိုပြီး ပတ်သက်တယ်။ အဲတော့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ရင် ဘယ်လိုရှေ့ဆက်ကြမလဲ။ ဘယ်လို ဆွေးနွေးမှု အခြေခံနဲ့ သွားမလဲဆိုတဲ့ မူဘောင်ကိုတော့ ကျနော်တို့ ဆွေးနွေးဖို့ လိုပါတယ်။
မေး ။ ။ ဆိုတော့ အဆင့် ၂၊ ၃၊ ၄ ကြတော့ရောဘာတွေလဲ။
ဖြေ ။ ။ ၂၃၄ ကတော့ ဖက်ဒရယ်တည်ဆောက်မှုသက်သက်ဖြစ်ပါတယ်။ ဆိုတော့ negotiation တွေရဲ့ သဘောသဘာဝအရဆိုရင် ဒီလိုမျိုး ကိစ္စတွေ သဘောတူညီမှုရနိုင်တဲ့ အလွယ်ဆုံး ကိစ္စတွေကို အရင်ဆုံး ဆွေးနွေးကြတာပေါ့။ ပြီးတော့ နည်းနည်းခက်ခဲ့လာတဲ့ ကိစ္စမျိုးတွေကို ဒုတိယ အဆင့်မှာ ဆွေးနွေးမယ်။ အခက်အခဲဆုံးကိစ္စတွေကို နောက်ဆုံးအဆင့်မှာ ဆွေးနွေးမှာပေါ့။ လောလောဆယ် အလွယ်ဆုံးကိစ္စလို့ ပြောနိုင်တာက အစိုးရ နဲ့ တပ်မတော်တို့ ဘက်က စဉ်းစားထားတဲ့ မူလ စဉ်းစားချက် သူတို့မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ ပြုပြင်ပြောင်းလဲမယ်ဆိုရင် ပြောင်းလဲနိုင်တဲ့ အဆင့်ကို ဆွေးနွေးကြတာပေါ့။
အဲဒီအဆင့်ကို ဆွေးနွေးခြင်းနဲ့ အတူ အကောင်အထည်ဖော်ခြင်းအားဖြင့် ယုံကြည်မှုတွေ ပိုပြီးခိုင်မာလာပြီးတော့ ဒုတိယအဆင့်ကို ကျနော်တို့ လှမ်းသွားနိုင်လိမ့်မယ်။ ပြီးရင် ဒုတိယ အဆင့်ကနေပြီးတော့ ပြည်နယ် Constitution ကအစ ပြည်ထောင်စုနဲ့ ချိတ်ဆက်တဲ့ အပိုင်းတွေကို ကျနော်တို့ ဆွေးနွေးရင်းနဲ့ ပိုပြီးတော့ တည်ငြိမ်အေးချမ်း ယုံကြည်မှု ရလာပြီးတော့ တိုးတက်မှုတွေ ရနိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။
ဆိုတော့ အဲလိုလုပ်ခြင်းအားဖြင့် ကျနော်တို့ ယုံကြည်မှုတွေ ပိုပြီးခိုင်မာမယ်။ နိုင်ငံတကာမှာလည်း ပိုပြီးတော့ ထောက်ခံမှုတွေ ရလာမယ်။ နောက်ဆုံးအဆင့်ကတော့ အခက်ခဲဆုံးကိစ္စတွေ ဆွေးနွေး သွားမှာပေါ့။ ဆိုတော့ အဲဒီအခြေခံကို ကျနော်တို့ NRPC ကလူကြီးပိုင်းတွေနဲ့ ဆွေးနွေးတယ်။ ကြားထဲမှာလည်း အလွတ်သဘောတွေ ဆွေးနွေးတာတွေလည်း ရှိပါတယ်။
ဒီ Concept ကိုလက်ခံပြီးတော့ JICM ကနေ စကြရအောင် ဆိုတော့ အရင်က ဒီ Process က မရှိဘူးလေ။ အခုတော့ ဒီ Process က ပြန်စမှာ ဖြစ်တဲ့ အတွက်ကြောင့် JICM ကနေ စတာ သင့်တော်ပါတယ်ဆိုတာကို ကျနော်တို့ လက်ခံထားတယ်။ ဘယ်တော့ စမလဲဆိုတဲ့ အပိုင်းမှာကတော့ အသေးစိပ်ထပ်ညှိစရာလေး နည်းနည်းလေး လိုသေးတယ်။
အဲဒီအတွက်ကြောင့် တဘက်ကလည်း အပစ်အခတ်ရပ်စဲရေးအပိုင်းကို နည်းနည်းလေး ထပ်ပြီး ဆွေးနွေးဖို့ လိုပါသေးတယ်။ ဆိုတော့ အဲဒီအပိုင်းလေးတွေ ပြီးလို့ရှိရင် ကျနော်တို့ JICM ကို ကျင်းပပြီးတော့ တရားဝင်ဆွေးနွေးပွဲတွေ ဆက်သွားမှာပေါ့။ ကျနော်တို့ရဲ့ လိုလားချက် နံပတ်တစ်က NCA လမ်းကြောင်းနဲ့ အားလုံး လက်ခံသဘောတူထားတဲ့ ဖက်ဒရယ်ကို သွားကြမယ် ဆိုပေမယ့် နောက်ထပ် စိန်ခေါ်မှု တခုက ရွေးကောက်ပွဲလာတော့မယ်။ ရွေးကောက်ပွဲ လာပြီးရင် ဘယ်လိုအစိုးရတက်မလဲ မသိဘူး။ အဲတော့ ဘယ်လိုအစိုးရပဲ တက်တက် ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်သွားနိုင်ဖို့က အရေးကြီးတယ် အဲဒါကတော့ နောက်ထပ် စိန်ခေါ်မှု တခုဖြစ်တယ်။
အဲအတွက်ကြောင့် ခုန အဆင့် ၄ ဆင့်ဆိုတဲ့ ကိစ္စကို ကျနော်တို့ သုံးတာကတော့ NCA အကောင် အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက် ဆိုတဲ့ မူဘောင်ကြီးကို ကျနော်တို့ JICM အစည်းအဝေးပြီးရင် ဆွေးနွေးရမယ်။ ဆွေးနွေးပြီးရင် ဘယ်လောက်ထိ ကျနော်တို့ ဆွေးနွေးပြီးတော့ နီးစပ်မှု ရနိုင်မလဲ။ ရနိုင်တဲ့ အခြေခံ အဆင့် တဆင့်ကို ရောက်သွားပြီဆိုတာနဲ့ UPC (ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ) ကျင်းပနိုင်မယ်။ အဲတော့ အဲဒီသဘောတူညီထားတဲ့ အခြေခံကို UPC ပို့မယ်။ အဲဒီကို ပို့ပြီးရင် အဲဒီကနေ အတည်ပြုခြင်းအားဖြင့် နောက်တဆင့်မှာ လွှတ်တော်က ဒီဟာကို အတည်ပြုလိုက်ပြီဆိုရင် ဒီရွေးကောက်ပွဲနောက်ပိုင်း ဘယ်အစိုးရတက်တက်ပေါ့။ ဒီကိစ္စကို ဆက်ပြီးသွားနိုင်မယ်။
မေး ။ ။ အခုပြောနေတဲ့ အဆင့် ၄ ဆင့်ကိစ္စကို အပစ်ရပ် ၁၀ ဖွဲ့ အတွင်းမှာရော သဘော တူပြီးသားလား။ ဒီဘက်ကအဆင်ပြေရင်တောင် တပ်မတော်နဲ့ အစိုးရဘက်ကရော သဘောတူနိုင်မလား။
ဖြေ ။ ။ ကျနော်တို့ ပြောလို့ရတာကတော့ ကျနော်တို့ ပထမဆုံး KNU နဲ့ RCSS (ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ) ပေါင်းပြီးတော့ initiative ယူတာဖြစ်ပါတယ်။ အဲတော့ ဒီဟာကို ကျနော်တို့ အတူတကွပေါင်းပြီးတော့ ဒီဟာကို initiative ယူပြီးတော့ ရေးဆွဲတယ်။ ဒါပေမယ့် တကယ်တမ်း အစိုးရ၊ တပ်မတော်နဲ့ တွေ့ဆုံဆွေးနွေးတဲ့ အပိုင်းမှာကတော့ ပိုပြီးတော့ တွေ့ဆုံတဲ့ အခွင့်အလမ်းတွေ ရှိတဲ့ အခါကြတော့ ပိုပြီးတော့ ဒီကိစ္စကို တွန်းတွန်းတိုက်တိုက် ညှိနှိုင်း ဆောင်ရွက် လာတယ်။
ဆိုတော့ အဆင့်တဆင့်ကိုရောက်ပြီးတော့ ပိုပြီးတော့ လက်ခံနိုင်တဲ့ အခြေအနေကိုရောက်တဲ့ အခါကြတော့ PPST (အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့) ကိုပို့လိုက်တယ်။ PPST ကလည်းလက်ခံတယ်။ အဲအတွက်ကြောင့် PPST က ဒီအဆင့် ၄ ဆင့်ကို ဆွေးနွေးဖို့ Team ဖွဲ့ထားတာ ရှိပါတယ်။ ဆိုတော့ အဲဒီ Team ကနေပြီးတော့ ဆက်ပြီး ဆွေးနွေးမှာပေါ့။
မေး ။ ။ KNU တပ်မဟာ ၃ တပ်မဟာ ၅ နဲ့ ၂ ကို တပ်မတော်က လမ်းဖောက်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သေနတ်ပြန်ပေါက်ခဲ့ကြတယ်။ ဒါနဲ့ ပတ်သက်ပြီး အခုပြီးခဲ့တဲ့ အမြဲတမ်း ဗဟို ကော်မတီ အစည်း အဝေးမှာ ဘယ်လိုဆုံးဖြတ်ခဲ့ကြလဲဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ ကျနော်တို့ ပထမတချက် ရှင်းလင်းဖို့လိုတာကတော့ သေနတ်ပြန်ပေါက်တယ်ဆိုတာက မဟုတ်ပါဘူး။ အပစ်အခတ်ရပ်စဲရေးဆိုတာကတော့ အောက်ခြေမှာ ခုနပြောသလိုပေါ့။ သေချာတဲ့ Process မရှိသေးဘူး။ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ မတူဘူး။ အဲဒီအပေါ်မှာတော့ နားလည်မှု မှားပြီးတော့ ထိတွေ့မှုလေးတွေရှိတာပေါ့။ သေနတ်ပြန်ပေါက်တယ်လို့တော့ ပြောဖို့ခက်ပါတယ်။
ပြောချင်တာကတော့ ဘယ်နိုင်ငံ ဘယ်အပစ်အခတ်ရပ်စဲရေးမှာဘဲ ကြည့်ကြည့် တဘက်နဲ့ တဘက် နားလည်မှုမှားပြီး ပစ်ခတ်တိုက်ခိုက်မှုလေးတွေ ဖြစ်လေ့ ဖြစ်ထရှိတဲ့ သဘောလောက် ကတော့ရှိပါတယ်။
မေး ။ ။ ဒါပေမယ့် KNU က ဒီလမ်းကို ဖောက်တာ မကြိုက်ဘူး။ တပ်က ဖောက်တယ်။ ဒီလမ်းဖောက်တဲ့ အပေါ်မှာဘဲ ၂ ဘက် ပစ်ကြတာလေ။
ဖြေ ။ ။ ဒီလိုတော့ ရှိပါတယ်။ ကျနော်တို့မှာ Natural Law လို့ပဲ ပြောရမှာပေါ့နော်၊ ဒေသ ဆိုင်ရာ ဒေသအခေါ်အဝေါ် ဒေသရဲ့ သတ်မှတ်ချက်အရ ဘယ်လိုလမ်းမျိုး သွားလို့ရတယ်။ လမ်းကို ဘယ်လောက်အဆင့်ထိ ပြင်လို့ရတယ်။ လမ်းရဲ့ သတ်မှတ်ထားနှုန်းထက် ပိုရင်တော့ ဒါကတော့ ကျနော်တို့နဲ့ မပတ်သက်တော့ဘူး။ အဲလိုမျိုးတော့ သတ်မှတ်ထားတာ ရှိတာပေါ့။ ပြောချင်တာက ကျနော်တို့ သတ်မှတ်ထားတဲ့ ဘောင်ရဲ့ အပြင်မှာ ထွက်ပြီးလုပ်သွားတယ် ဆိုလို့ရှိရင် ဒါကတော့ အကန့် အသတ်တခုကို ကျော်လွန်ပြီး လုံခြုံရေး စည်းကို ချိုးဖောက်လာတယ်လို့ မြင်တဲ့ အပိုင်းတော့ ရှိပါတယ်။ သတ်မှတ်ချက် အချို့ရှိပါတယ်။
နံပတ်တစ်ကတော့ ဒီလမ်းကို ကျနော်တို့ ခွင့်ပြုတယ်ဆိုတာက နှစ်တိုင်း ပွင့်လင်းရာသီ ရောက်ပြီဆိုလို့ရှိရင် ရှေ့တန်းမှာ ရှိတဲ့ တပ်စခန်းတွေကို ရိက္ခာပို့ရမယ်ဆိုတာ ခွင့်ပြုထားပြီးသား NCA အရလည်း ခွင့်ပြုထားပြီးသား ဒါပေမယ့် ဘယ်လိုမျိုး အတိုင်း အတာဖြစ်သလဲ ဆိုတာကတော့ ကျနော်တို့ကြားမှာ သတ်မှတ်ချက်ရှိပြီးသားဖြစ်ပါတယ်။
အခုက ဒီလမ်းကို ဖောက်လိုက်ခြင်း အားဖြင့် လူထုတွေက ပိုပြီးတော့ စိုးရိမ်သောကတွေ ဖြစ်လာတယ်။ သူတို့တွေရဲ့ လယ်တွေ၊ ခြံတွေနဲ့ နဂိုကတည်းက စိတ်ပိုင်းဆိုင်ရာ အရ အပစ်အခတ် ရပ်စဲရေးလေး နည်းနည်း ရလာတဲ့ အချိန် ဒီလိုမျိုးဖြစ်လာတဲ့ အချိန်မှာ ပိုပြီးတော့ စိတ်ပိုင်းဆိုင်ရာ မလုံမခြုံဖြစ်လာပြီးတော့ IDP အဆင့်လို့တောင်ပြောကြတာပေါ့။ တချို့တွေတောင် NCA IDP ဆိုပြီးတော့ ပြောလာ ကြတယ်။ ဒါကြောင့် ဒါက NCA ကို ထိခိုက်ပါတယ်။ အဲတော့ ဒီလူထုတွေ မကျေနပ်တဲ့ ကိစ္စကို ကျနော်တို့ ဆွေးနွေးကြမယ်။ အဖြေရှာမယ်။
အဲတော့ (တပ်မတော်ဘက်က) အဓိက Target က ဘာလိုချင်တာလဲ ရိက္ခာလိုချင်တယ်ဆိုရင် ရိက္ခာရောက်အောင် ဘယ်လိုလုပ်မလဲ။ နှစ်တိုင်း ကျနော်တို့ ခွင့်ပြုလေ့ ခွင့်ပြုထ ရှိခဲ့တဲ့ ရိက္ခာပို့တဲ့ ပုံစံမျိုးက ခွင့်ပြုထားပြီးသား ပြဿနာ မရှိဘူး။ ဒါပေမယ့် ရိက္ခာပို့တဲ့ အတိုင်းအတာထက် ကျော်လွန်ပြီး လုပ်တဲ့ ကိစ္စမျိုးကတော့ ခွင့်ပြုထားသည်ထက် ကျော်လွန်ပြီးလုပ်သလိုဖြစ်ပါတယ်။ အဲဒါမျိုးကတော့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။ အဲတော့ ကျနော်တို့ NCA အရလည်း တွေ့ဆုံဆွေးနွေး အဖြေရှာရမယ်။
မေး ။ ။ ခုနလို ခွင့်ပြုထားတဲ့ အခြေအနေကို ကျော်လွန်ပြီး လမ်းဖောက်လာရင် ဘာတွေ ဆက်ဖြစ်နိုင်လဲ KNU/KNLA ဘက်ကလည်း အခုပြီးသွားတဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ချက် ချပြီးပြီလို့ နားလည်ထားပါတယ်။
ဖြေ ။ ။ ကျနော်တို့ အဓိကပြောချင်တာကတော့ ဒီလိုမျိုး ၃၄ ပေလမ်းအကျယ်ကြီး မဖောက်သင့်ဘူး ဆိုတာကတော့ ကျနော်တို့ သဘောထားဖြစ်ပါတယ်။ အဲတော့ ဒီလမ်းဖောက်ခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကတော့ ကျနော်တို့ တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဒီလမ်းဖောက်လုပ်တာက လူထု အတွက်ရည်ရွယ်တယ်ဆိုရင် ဒီဒေသမှာ ကားစီးနိုင်တဲ့သူလည်း တယောက်မှ မရှိဘူး။ ဒီဟာကအစ ဆွေးနွေးဖို့ လိုတာပေါ့။ အဓိကကတော့ ဒီကိစ္စကို တွေ့ဆုံဆွေးနွေး အဖြေရှာသွားမယ်။
မေး ။ ။ နယ်မြေဖွံ့ဖြိုးရေး တခုအတွက် လမ်းပန်းဆက်သွယ်ရေးက အရေးကြီးပါတယ်။ နိုင်ငံအတွင်းမှာလည်း တောင်းဆိုနေကြတာပဲ။ အခု လမ်းဖောက်တဲ့ ကိစ္စမှာ KNU က စိုးရိမ်မှုတွေ ရှိနေတာတွေ့ရပါတယ်။ ဘာအတွက်စိုးရိမ်တာလဲ။ စစ်ရေးအတွက်စိုးရိမ်တာလား ဆိုတာကို ရှင်းရှင်းလင်းလင်း သိချင်ပါတယ်။
ဖြေ ။ ။ စိုးရိမ်တာကတော့ လမ်းပန်းဆက်သွယ်ရေး လိုအပ်တယ်ဆိုတာ ကျနော်တို့ လက်ခံတယ်။ ဒါပေမယ့် ဒီအချိန်မှာ လိုအပ်သလား။ ဘယ်တော့ လိုအပ်မလဲဆိုတာကတော့ ဆက်ပြီးဆွေးနွေးရမယ့် ကိစ္စတွေဖြစ်ပါတယ်။ ဒီလို အပစ်အခတ်ရပ်စဲရေး မဆွေးနွေးနိုင်သေးတဲ့ ကာလမှာ ဒီလိုလမ်းကြီး ရောက်လာတဲ့ အခါကြတော့ အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ပိုပြီးတော့ ဖြစ်စေတယ်။ ပြည်သူလူထုရဲ့ ယုံကြည်မှုက အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ် အပေါ်မှာ အများကြီး မူတည်သွားတယ်။
ကျနော်တို့ အောက်ခြေ တပ်မှူးတွေနဲ့ တပ်မဟာတွေက ခေါင်းဆောင်တွေရဲ့ မေးခွန်းတွေကိုလည်း ကျနော်တို့က ရင်ဆိုင်ကြရပါတယ်။ တဘက်မှာလည်း သူတို့ရဲ့ သံသယ ဖြစ်မယ်ဆိုလည်း ဖြစ်နိုင်လောက်တဲ့ အနေအထားမျိုးဖြစ်သွားတာကိုး ဆိုတော့ တပ်မှူး တယောက်ဆိုရင်တော့ တပ်ရဲ့ အတွေးအခေါ်နဲ့ သူတို့ စဉ်းစားမှာဘဲ ဒါက Militarization (စစ်ပုံသွင်းခြင်း) လို့ခေါ်တဲ့ တပ်တိုးချဲ့တဲ့ အစိတ်အပိုင်း တခုအနေနဲ့ သုံးသပ်တဲ့ အပိုင်းတွေနဲ့ ရှိခဲ့တာကိုး။
ဘာကြောင့်လဲ ဆိုတော့ လမ်းတခုဖောက်တယ်ဆိုရင် အထူးသဖြင့် မြန်မာပြည်လို နိုင်ငံမျိုးမှာ ခုန ခင်ဗျားပြောတဲ့ လိုအပ်တဲ့ နေရာမှာ တကယ် နိုင်ငံရေး စီးပွားရေးကို မောင်းနှင်နိုင်တဲ့ ကိစ္စတွေ၊ ဖွံ့ဖြိုးရေး ကိစ္စတွေမှာ ပိုပြီးအားစိုက်ထည့်ပြီးတော့ ဒီလိုနေရာမျိုးမှာ ကြတော့ ပြည်သူလူထုရဲ့ အခြေခံကိုက ရှင်းရှင်းပြောရရင် ပြည်တွင်းစစ် နှစ်ပေါင်း ၇၀ နီးပါး ကြုံတွေ့ခဲ့ရတဲ့ ကာလ တလျှောက်လုံးမှာ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာက ကျေမွနေပြီ။
ဒီအချိန် အဲလို လမ်းကြီး ဝင်လာတဲ့ အခါကြတော့ စိုးရိမ်မှု ဖြစ်တာပေါ့။ ဒါကြောင့် ကျနော်တို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာ အပစ်အခတ်ရပ်စဲရေးကို အခြေခံသွားတာ ဖြစ်ပြီးတော့ အပစ်အခတ် ရပ်စဲရေး ဆိုတာကလည်း ယုံကြည်မှု တည်ဆောက်ခြင်း အခြေခံသွားတာ ဖြစ်ပါတယ်။
ဒီယုံကြည်မှု ဆိုတာကလည်း ထိပ်သီးခေါင်းဆောင်တွေ အချင်းချင်းကြားထဲမှာတင် မကဘဲ အောက်ခြေမှာရှိတဲ့ တပ်မှူးတွေတင် မကဘဲနဲ့ ပြည်သူလူထုတွေကြားထဲမှာဘဲ ယုံကြည်မှု ယူဆောင်လာနိုင်တဲ့ လုပ်ငန်းစဉ်မျိုး စဉ်းစားသင့်ပါတယ်။ အခုဟာက အဲဒါကို ဆန့်ကျင်ပြီး ဖြစ်လာတဲ့ ပုံစံမျိုးကို သူတို့ မြင်လာတဲ့ အခါကြတော့ ကျနော်တို့မှာလည်း အဓိက တာဝန်ယူပြီး ဖြေရှင်းပေးရမယ့် အပိုင်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့် တပ်မတော်မှာ တာဝန်ရှိတဲ့ ခေါင်းဆောင် တွေနဲ့ တွေ့ဖို့လည်း ရှိပါတယ်။
မေး ။ ။ မကြာသေးခင်က တပ်မတော်ခေါင်းဆောင်တွေနဲ့ တွေ့တဲ့ အချိန်မှာ ဒီလမ်းကိစ္စကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဲအချိန်က တပ်မတော်က ဒီလမ်းကိစ္စနဲ့ ပတ်သက်ပြီး ဘာများ ပြောလိုက်လဲ။ ဒါနဲ့ ပတ်သက်ပြီး KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) ဘက်ကရော ဘယ်လိုသဘောထားရှိလဲသိချင်ပါတယ်။
ဖြေ ။ ။ ခုန ကျနော်ပြောသလိုပေါ့နော် တပ်ဘက်ကတော့ ဒီလမ်းကို ဆက်ဖောက်မယ်ဆိုတဲ့ သဘော ရှိပါတယ်။ အဲလိုမျိုး ပြောခဲ့တာပေါ့နော် သူတို့ ဆက်ဖောက်မယ်ဆိုတာ ဒါပေမယ့် ကျနော်တို့ ဘက်ကတော့ လမ်းကို နှစ်တိုင်း ခွင့်ပြုထားပြီးသားပဲ။ ဒါပေမယ့် ဘယ်လိုဖောက်မလဲ ဆိုတာ ညှိနှိုင်းဖို့ လိုတယ်။ အဲဒါကြောင့် ဘယ်လိုဖောက်မလဲဆိုတဲ့ အပိုင်းမှာ သက်ဆိုင်ရာ တပ်မှူးတွေနဲ့ လာမယ့် လထဲမှာ တွေ့ဖို့ ရှိပါတယ်။
မေး ။ ။ KNU ဘက်က ခွင့်မပြုနိုင်တဲ့ အခြေအနေကို ဆက်ဖောက်မယ်ဆိုရင် နှစ်ဘက် တပ်တွေကြားထဲမှာ ဘာတွေ ဆက်ဖြစ်လာနိုင်လဲ။
ဖြေ ။ ။ တပ်မတော်ဘက်ကိုလည်း ကျနော်တို့ ယုံကြည်ပါတယ်။ NCA ကိုလိုက်နာမယ်ဆိုတာ တပ်ချုပ်ကလည်း အမြဲတမ်းပြောတယ်။ NCA အရ တကယ်သွားကြမယ်ဆိုရင် ဒီပြဿနာ ပြေလည်ပါတယ်။
မေး ။ ။ NCA လမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့ရော KNU/KNLA ထဲမှာ နိုင်ငံရေးပိုင်းရော၊ တပ်ပိုင်းဆိုင်ရာ ကြားထဲမှာ ရော သဘောထားက တထပ်ထဲပဲလား။ ကျနော်တို့ ကြားတာ ခေါင်းဆောင် တချို့က NCA အပေါ်မှာ ယုံကြည်မှု မရှိဘူးဆိုပြီးကြားလို့ပါ။
ဖြေ ။ ။ ကျနော်တို့က Democratic Organization တခုအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကြိုးစားပြီးတော့ ရပ်တည်ကြတောပေါ့။ အဲတော့ အမြင်သဘောထား မတူညီမှုတွေကို ကြိုဆိုတယ်။ ပြီးရင် ကျနော်တို့ တတ်နိုင်သလောက် ညှိနှိုင်းကြတယ်။ ညှိနှိုင်းပြီးလို့ ထွက်လာပြီဆိုရင် အဲဒီအပေါ်မှာ ကျနော်တို့ ရပ်တည်ကြတယ်။
ဒါကတော့ ကျနော်တို့ အဖွဲ့အစည်းရဲ့ ထုံးစံပါပဲ။ ဒါကတော့ နားလည်မှု မတူညီတဲ့ အပိုင်းကတော့ မိသားစု တစုထဲမှာတောင် တဦးနဲ့ တဦး မတူကြပါဘူး။ အဲဒီအခြေခံါပေါ်မှာ ကျနော်တို့ အဖွဲ့အစည်း ကတော့ ကျနော်တို့ရဲ့ ပေါ်လစီမူဝါဒတွေ အကုန်လုံးကတော့ တာဝန်ခံပြီးတော့ အကုန်လုံး သွားကြတယ်။ အဲတော့ ဖြည်းဖြည်းတော့ အကုန်လုံးကတော့ ဒီကာလမှာတော့ NCA သည် အသင့်တော်ဆုံး တခုဖြစ်တယ်ဆိုတာကိုတော့ လက်ခံထားကြပါတယ်။
မေး ။ ။ အခု KNU ရှေ့ဆက်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ PPCM (ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတိုင်ပင်ခံအစည်းအဝေး) ပုံစံမျိုးနဲ့ သွားမှာလား PPST (ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့) ပုံစံမျိုးနဲ့သွားမှာလား။ အရင်က ဒီကိစ္စအပေါ်မှာ အခြေအတင် ဖြစ်ထားလို့လေ။
ဖြေ ။ ။ အခုက ကျနော်တို့ အကျေ အလည်ပြန်ဆွေးနွေးတယ်လေ။ ဆွေးနွေးတော့ PPST ကလည်း အများစုက မေတ္တာရပ်ခံတာတော့ မလုပ်ဘူးမဟုတ်ဘူး လုပ်လို့ရပါတယ်။ ဒါပေမယ့် PPST ထဲမှာတော့ ဆက်ရှိပေးပါဆိုပြီးတော့ ပြောတော့လည်း ကျနော်တို့ဘက်က အမြင်တချို့ကလည်း တောက်လျှောက် ဦးဆောင်လာခဲ့တယ်ဆိုတော့ ဒီလိုကာလမျိုးမှာတော့ အခုလိုမျိုးစုစုစည်းစည်း ထိန်းထိန်းသိမ်းသိမ်းနဲ့တော့ သွားနေပါတယ်။
ဒါပေမယ့် ဘယ်လိုပုံစံမျိုးနဲ့ ဆက်သွားမယ် ဆိုတဲ့ အပိုင်းကတော့ ကျနော်တို့ PPST ကြားမှာလည်း ကျနော်တို့ ပြီးခဲ့တဲ့ ကာလက အားနည်းချက်တွေကို ပြင်ဆင်ပြီးတော့ ရှေ့ဆက်သွားနိုင်မယ် ဆိုရင်တော့ PPST အနေနဲ့ သွားပြီးတော့ ပိုပြီးတော့ အနှစ်သာရရှိတဲ့ Stakeholders တွေပါဝင်နိုင်မယ့် နည်းလမ်းကိုလည်း အတူတကွ ရှာဖွေမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အဲဒီအခြေခံပေါ်မှာ မူတည်ပြီးတော့ PPST အနေနဲ့ ဆက်သွားတယ်။ ဒါပေမယ့် ခုနပြောတဲ့ အခြေခံမျိုးကို PPST ထဲမှာ ဆွေးနွေးတာမျိုး ရှိသလို ကျနော်တို့ ကြိုးစားပြီး နည်းလမ်းရှာသွားမှာ ဖြစ်ပါတယ်။
You may also like these stories:
“အခုထိ NCA လက်မှတ် ထိုးဖို့ အစီအစဉ် မရှိသေးဘူး”
ကျနော်တို့ အခုတောင်းဆိုတိုက်ပွဲဝင်နေတာ တအာင်းပြည်နယ်အတွက်ပါ
ငြိမ်းချမ်းရေး ဆွေးနွေးနေတာတွေက ရပ်နေတယ်ဆိုတဲ့ ခိုင်သုခနှင့် မေးမြန်းခြင်း
အစိုးရနှင့် အပစ်ရပ်အဖွဲ့များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်ရန် ဆွေးနွေးမည်