မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှာ လျော့နည်းသွားခြင်းမရှိဘဲ တနှစ်ထက် တနှစ် ပို၍ များလာကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ပြည်တွင်းရှိ အဖွဲ့အစည်းများကလည်း ထိုသို့ အကြမ်းဖက်မှုများ ပပျောက်စေရန် အတွက် လှုပ်ရှားဆောင်ရွက်မှုများလည်း ရှိနေသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အတွက် နှစ်စဉ် ကျင်းပလေ့ရှိသည့် ၁၆ ရက်တာ လှုပ်ရှားမှုပွဲကို နိုဝင် ဘာ ၂၅ ရက်က နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်တွင် ပြုလုပ်ခဲ့ရာ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ NGO၊ INGO များမှ တာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အမျိုးသမီးအရေး၊ လူ့အခွင့်အရေး ဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူများ တက် ရောက် ဆွေးနွေးခဲ့ကြသည်။
၁၆ ရက်တာ လှုပ်ရှားမှု ဆိုသည်မှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျော့ပါး ပပျောက်ရေးအတွက် ကမ်ပိန်း လုပ် ဆောင်ခြင်း ဖြစ်သည်။ ထိုသို့ တွေ့ဆုံ ဆွေးနွေးမှုတွေများ နှစ်စဉ် ပြုလုပ်နေသော်လည်း အသိအပညာ ရရှိရန်အတွက် တောရော၊ မြို့ပါမကျန် နေရာအနှံ့အပြားတွင် ယခုထက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် လိုအပ်သေးကြောင်း လူ့အခွင့် အရေး လှုပ်ရှားသည့် အဖွဲ့အစည်းများက ပြောဆိုထားကြသည်။
အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များကို ဧရာဝတီ သတင်းထောက် မိုးမိုးက တွေ့ ဆုံ မေးမြန်းထားပါသည်။
ဒေါက်တာ စန်းစန်းအေး
လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန
အကြမ်းဖက်ခံရပြီး နစ်နာတဲ့ သူတွေအတွက် ပံ့ပိုးကူညီမှုတွေ၊ လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ပေးတယ်။ လူမှုရေးပိုင်း ဆိုင်ရာ အရ ကျမတို့ဘက်က ပေးတယ်။ ကျန်းမာရေး ဝန်ဆောင်မှုအရတော့ ကျန်းမာရေးကဏ္ဍက ပေးတယ်။ အမှုအခင်းတွေ စတင် ပြီးတော့ တည်ဆောက်နိုင်ဖို့အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွ့ဲ၊ ဒီဟာတွေကို အမှုအခင်း ဆက်လိုက်နိုင်ဖို့ အတွက်က တော့ ရှေ့နေချုပ်ရုံး၊ တရားလွှတ်တော်ချုပ်နဲ့ လွှတ်တော်လည်း ပါတာပေါ့နော်။
အခုဆိုရင် ပြဿနာ ဖြစ်ပြီဆိုရင် ဝိုင်းဝန်းပြီး ကော်မတီတွေနဲ့ ဖြေရှင်းတဲ့ဓလေ့ လုပ်နေတယ်။ အဲဒါသည် မြန်ဆန်ဖို့ အ တွက် လုပ်နေတယ်။ နောက်တချက်က ဒီလို ပြဿနာတွေ မဖြစ်လာအောင် တားဆီးမယ်။ ဒါကြောင့် ဒီလို ၁၆ ရက်တာ လှုပ်ရှားမှုတွေ ပြုလုပ်ကြတယ်။ ဒီလို ပြဿနာတွေမှာ ပြည်သူလူထု ကိုယ်တိုင် ပါဝင်မှ၊ သူတို့ ကိုယ်တိုင်လည်း သိမှ ဒီလို ပြဿနာတွေက မဖြစ်ပွားမှာ။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရပြီဆိုရင် ဘယ်လိုနည်းနဲ့မှ မခံနိုင်ကြဘူး။ အထူးအားဖြင့် သက်ငယ် မုဒိမ်းတွေပေါ့။ ဒါကြောင့် ဒီနှစ် ၁၆ ရက်တာ လှုပ်ရှားမှုမှာ မုဒိမ်းမှုများ ကင်းစင်ဖို့ အားလုံး ပူးပေါင်းဆောင်ရွက်စို့ ဆိုပြီး ဆောင်ရွက်နေကြ ပါတယ်။
ဒီလို လှုပ်ရှားမှုတွေ နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်နေတယ်။ အဲဒီလို ဆောင်ရွက်တဲ့ အကျိုးဆက်ကိုတော့ ကျမတို့ ပြန်ပြီး တော့ ဆန်းစစ်ဖို့ လိုတယ်။ နှစ်တိုင်း နှစ်တိုင်း တနှစ်ထက်တနှစ် တိုးတက်အောင်တော့ လုပ်ကြတယ်။ ဒါပေမယ့် လုပ်ရင်း နဲ့ပဲ လုပ်ငန်းတွေကလည်း တော်တော် များပါတယ်။ ဒါကြောင့် စီမံချက်တွေ ရေးဆွဲပြီး ဆောင်ရွက်နေတယ်။
သတင်းပေး တိုင်ကြားမှုတွေလည်း များလာတယ်။ ဒါပေမယ့် ဒီထက်မက ပြန့်ပွားအောင် လုပ်ဖို့တော့ လိုသေးတယ်။ ဒီ ဖုန်းလိုင်းတွေကို ပြန့်ပွားအောင် လုပ်ဖို့ လိုပါသေးတယ်။ ဝန်ဆောင်မှု ပေးနိုင်မယ့် အခက်အခဲတွေ အများကြီး ရှိပါသေး တယ်။ အားလုံး ပူးပေါင်းဆောင်ရွက်ရန် အတွက်တော့ ဝန်ကြီးဌာနအနေဖြင့်လည်း အသင့်အနေအထား ရှိပါတယ်။
ဒု ရဲမှူးကြီး ဒေါ် မီနီဦး
လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့
အမျိုးသမီးတွေက အိမ်တွင်း အကြမ်းဖက်မှုက စပြီး အကြမ်းဖက်မှု နည်းမျိုးစုံ ခံနေရတယ်။ လူကုန်ကူးမှု ဆိုတာလည်း အကြမ်းဖက်ခံရတာ တမျိုးပဲလေ။ အခုဆိုရင် သက်ငယ်မုဒိမ်းတွေတောင် ပိုများလာတယ်ပေါ့နော်။ လိင်ပိုင်းဆိုင်ရာ အပြင်၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရတာလည်း ရှိတယ်။
ကျမတို့က ဒီလို အကြမ်းဖက်မှု ခံရရင် ဘယ်လို ဆောင်ရွက်နေလဲ ဆိုတာတွေ၊ ကျမတို့ရဲ့ ရဲတပ်ဖွဲ့ဝင် အမျိုးသမီးတွေ စွမ်းဆောင်ရည် မြှင့်ဖို့အတွက် ဒီလို အကြမ်းဖက်ခံရတဲ့ သူတွေကို စစ်ဆေးရင် အမျိုးသမီးချင်းဆိုရင် အမျိုးသမီး ရဲအရာ ရှိက စစ်တာလေ။ အဲဒီတော့ အမျိုးသမီး ရဲအရာရှိတွေ စွမ်းဆောင်ရည်မြင့်မားဖို့ ဘာတွေ ဆောင်ရွက်နေလဲ ဆိုတာကို ဆွေးနွေးပါမယ်။
အခုဆိုရင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာအဖွဲ့ရုံး (UNODC) ရဲ့ အစီအစဉ်နဲ့ ကျမတို့ ပြည်နယ်နဲ့ တိုင်း ၁၅ ခုမှာ ကျား/မ အခြေပြု အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့မှ မှန်ကန်စွာ တုန့်ပြန်ဆောင်ရွက်ရေး ဆိုတဲ့ အလုပ်ရုံ ဆွေး နွေးပွဲကို မြန်မာ တပြည်လုံးလို့ ပြောလို့ ရတာပေ့ါ၊ တိုင်းနဲ့ ပြည်နယ် ၁၅ ခုမှာ လုပ်နေတယ်လေ။
အဲဒီ အလုပ်ရုံ ဆွေးနွေးပွဲတွေမှာ တက်ရောက်ပြီးတော့မှ ဒါ စွမ်းရည်မြှင့်တင်တဲ့ သဘောပါပဲ။ စိတ်ပိုင်းဆိုင်ရာ၊ လူသားချင်း စာနာသည့် အစရှိတဲ့ ကိစ္စတွေ အကုန်လုံးမှာ ပါဝင်ကူညီနိုင်ဖို့ ဒီ ရဲတပ်ဖွဲ့ဝင်တွေက ဆောင်ရွက်နေပါတယ်။
ဒေါ်ဝိုင်းစန္ဒီ
စီမံကိန်းပိုင်းဆိုင်ရာ တာဝန်ခံ
ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ (UNFPA)
မနှစ်ကလည်း ၁၆ ရက်တာ လှုပ်ရှားမှုကို လုပ်ခဲ့တယ်။ ဒီနှစ်မှာလည်း ဆက်လုပ်တယ်။ မနှစ်ကလည်း Panel Disscussion တွေမှာ ဆွေးနွေးခဲ့တာ ရှိတယ်။ အဲဒီထဲကမှ Action Plan တွေ ထွက်လာတာ ရှိတယ်။ ဘယ်အချက်တွေကိုတော့ ရှေ့ ဆက်ပြီး လုပ်ဆောင်သွားမယ်ဆိုတဲ့ ဟာမျိုးပေါ့။
မနှစ်က ပွဲပြီးတဲ့အခါမှာ အဲဒီအစီအစဉ်တွေကို လိုက်ပြီးတော့ ဌာနဆိုင်ရာတွေနဲ့ရော UN အေဂျင်စီတွေနဲ့ရော၊ အခြား အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အတွက်ကို ဆွေးနွေးညှိနှိုင်း တိုင်ပင်ခဲ့တာတွေ ရှိတယ်။ တချို့ဟာတွေဆို စတင်နေတာတွေ ရှိတယ်။
ဒီနှစ်မှာဆိုရင် ပူးပေါင်း ဆောင်ရွက်နေတာတွေကို ပိုပြီး အားကောင်းလာစေဖို့ အတွက် အချင်းချင်း ချိတ်ဆက် ဆောင် ရွက်ဖို့ဆိုတဲ့အတိုင်း ဒီနှစ်မှာ Panel Disscussion မှာဝန်ဆောင်မှုတွေ ပေးနေတဲ့ ဌာနဆိုင်ရာ အသီးသီးနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ CSOs ကိုယ်စားလှယ်တွေ သူတို့ရဲ့ ဆွေးနွေးချက်တွေကို Panel Disscussion မှာလည်း တွေ့လိမ့် မယ်။ အဲဒီ Panel Disscussion တွေက ဒီလောက်ထိတော့ ရောက်နေပြီ။ ဒါပေမယ့် ရှေ့ဆက်ပိုကောင်းအောင် တယောက်နဲ့ တယောက် အချိတ်အဆက်၊ မိမိနဲ့ ဘယ်လိုဆက်ပြီး လုပ်သွားကြမလဲဆိုတာကို ထပ်ပြီး ဆွေးနွေးကြပါတယ်။
သို့သော်လည်း အကြမ်းဖက်မှုတွေက ရှိနေတယ်။ အကြမ်းဖက်မှု ခံရပြီဆိုရင် သူတို့ကို ပြန်ကုစားနိုင်တဲ့ ဝန်ဆောင်မှုတွေ က ဘယ်လောက်ထိ လက်လှမ်း မှီနေသလဲ၊ ဘယ်လောက်ထိလဲ သုံးစွဲနေသလဲပေါ့နော်။ အဲဒီအပေါ်မှာ ပိုပြီးတော့ အဓိက ထားတယ်ပေါ့နော်။ အကြမ်းဖက်မှု ပပျောက်အောင်လည်း တဖက်တလမ်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တား ဆီး ကာကွယ်ရေး ဥပဒေ (PoVAW) ဟာမျိုးကိုလည်း UN အေဂျင်စီ၊ NGOs ၊ CSOs၊ INGOs တွေနဲ့ ပေါင်းပြီးတော့ လုပ် နေတာ ရှိသလိုမျိုး၊ အကြမ်းဖက်ခံထားရရင်လည်း သူတို့ရဲ့ ရရှိသင့်တဲ့ ဝန်ဆောင်မှု ဘယ်လောက်ထိ ရနေသလဲ၊ အဲဒီဝန် ဆောင်မှုတွေက ဘယ်လောက်ထိ အရည်အသွေး ရှိသလဲပေါ့။ အဲဒါတွေကို အားကောင်းလာအောင် ကူညီပံ့ပိုးပေးတဲ့ အပိုင်းတွေ ရှိပါတယ်။
ဒီနေ့ အခမ်းအနားဆိုရင်လည်း လူမှုဝန်ထမ်း ဦးစီးဌာနက ဦးဆောင်ပြီးတော့ လုပ်တယ်ပေ့ါ။ ဒါပေမယ့် ဒီအခမ်းအနားမှာ ပါတဲ့ သူတွေကို ကြည့်လိုက်ရင် ကျား/မ အခြေပြုနဲ့ ပတ်သက်ပြီးတော့ ဝန်ဆောင်မှုတွေ ပေးနေတဲ့ ဝန်ကြီးဌာနတွေ၊ အဖွဲ့ အစည်းတွေ အများကြီး ပါတယ်ဆိုတော့ ဒီလို လုပ်လိုက်ခြင်းအားဖြင့် ကျမတို့ရဲ့ဘယ်နေရာမှာ ကွာဟချက်တွေ ရှိနေ သေးတယ်၊ ဘာတွေ လိုအပ်နေသေးတယ်၊ ပိုကောင်းအောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ ဆွေးနွေးနိုင်တဲ့ ပလက်ဖောင်း တခု ရလာတယ်လို့ မြင်ပါတယ်။
ဒေါက်တာ ခင်စိုးစိုးကြည်
ပြည်သူ့လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ကော်မတီ ဥက္ကဋ္ဌ
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး ကာ ကွယ်ရေး ဥပဒေ (PoVAW) ထွက်ဖို့ တော်တော်လေး ကြိုးစားနေရတယ်။ ရှေ့နေချုပ်ရုံးက ပြန်လာတာ ဒီလအတွင်းမှာမှ ပြန်ရောက်လာတာ။ ရှေ့နေချုပ်ရုံးမှာလည်း ပြင်ဆင်ရတဲ့ ဥပဒေတွေ အသစ်ပြဋ္ဌာန်းတဲ့ ဥပဒေတွေက တော်တော်လေး များ နေသေးတယ်။ ဒါကြောင့် လွှတ်တော် ရောက်နေတဲ့ ဥပဒေတွေကို အနည်းဆုံး ၂၀ ကျော်လောက် ရှိမယ်။ ပြည်သူ့ လွှတ် တော်မှာပေါ့။ ဒီကြားထဲမှာ ဒါကိုတော်တော်လေး တွန်းတွန်းတိုက်တိုက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အဓိကတော့ အမျိုးသမီးနဲ့ ပတ်သက်တဲ့ ဥပဒေကို ဘယ်လိုဆောင်ရွက်မလဲ၊ ဘယ်လို စိန်ခေါ်မှုတွေ ရှိလဲ၊ ဘယ်လို အခက် အခဲတွေ ရှိလဲ၊ နောက်တခု ပြည်ထောင်စု လွှတ်တော်က ကော်မတီ ဖြစ်တဲ့အတွက် ဒါက အမျိုးသမီးနဲ့ ပတ်သက်ပြီး ဘတ် ဂျက်ပိုင်း ဆိုင်ရာမှာ ဘယ်လိုတွေ ဆောင်ရွက်နိုင်မလဲ၊ ကျမတို့ရဲ့ စိန်ခေါ်မှုတွေကို ဘယ်လို ကျော်လွှားကြမလဲ ဆိုတာပါ။
နောက်ဆုံး အရေးကြီးတာက ဘတ်ဂျက်က အရမ်း အရေးကြီးပါတယ်။ လူကယ်ပြန် ဝန်ကြီးဌာနက ဦးစီးဌာန ၃ ခု စလုံးက ရတဲ့ ဘတ်ဂျက်ကတောင်မှ ဒီနှစ်ဆိုရင် ဒသမ ၃၈ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒီအခါမှာ အမျိုးသမီးတွေ၊ ကလေးတွေအတွက် လုပ်စရာ အများကြီး ရှိတယ်။ အဲဒီအခြေအနေမှာ ကလေးတွေအတွက်ဆိုရင် တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ အခု စနေပြီ။ ဒါတွေလည်း ကျမတို့က ဖဲ့သုံးရတယ်။ ချေးငွေလည်း သုံးတယ်။ ပြီးရင် လူမှုရေးပင်စင်တွေ ဒါတွေလည်း ဒီက သုံးတယ်။
ဒေါ်မေစပယ်ဖြူ
ကျား/မ ရေးရာ တန်းတူ ညီမျှရေး ကွန်ရက်မှ ဒါရိုက်တာ
နှစ်စဉ် နှစ်တိုင်း နိုဝင်ဘာ ၂၅ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်ထိ အမျိးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု ဖြစ်ပါတယ်။ ဒါက ကျမတို့ မြန်မာနိုင်ငံကပဲ ကျင်းပတာ မဟုတ်ပါဘူး။ ကမ္ဘာတဝှမ်းမှာ ဒီကာလရောက် တိုင်း အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေးအတွက် လူထု အသိပညာရေး လှုပ်ရှားမှုတွေကို ပုံသဏ္ဍာန်မျိုးစုံနဲ့ ကျင်းပ လာခဲ့ကြတာပါ။
ကျမတို့ နိုင်ငံမှာလည်း ၂၀၁၂ ခုနှစ်တည်းက ဒီလို အခမ်းအနားတွေ နှစ်စဉ် ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။ ကျမတို့ အမျိုး သမီး အဖွ့ဲတွေကနေ ထာဝရ ဖဲကြိုးဖြူလှုပ်ရှားမှု ဆိုပြီးတော့ ဒီ ၁၆ ရက်စလုံး ဖဲကြိုးဖြူလေးတွေ တပ်ဆင်ခြင်းအားဖြင့် ကျမတို့ ထာဝရ ဖဲကြိုးဖြူ ကမ်ပိန်းကို ဆင်နွှဲပါတယ်။
အမျိုးသမီးတွေ အကြမ်းဖက်တာသည် ဒါဟာ ပြစ်မှု ဖြစ်တယ်။ လူ့အခွင့်ရေး ချိုးဖောက်မှု ဖြစ်တယ်လို့ သိနားလည်မှုက ဘယ်လောက်ပဲ လူထု အသိပညာပေးမှုတွေ ကျယ်ကျယ် ပြန့်ပြန့် လုပ်နေပေမယ့်လည်း အဲဒီလို အသိပညာရှိမှုက နည်းပါး နေတုန်းပဲ။
ဒါပေမယ့် အရင်ကထက်စာရင် အသိပညာ တိုးတက်မှု အများကြီး ရှိလာတယ်လို့ ပြောလို့ ရပါတယ်။ ဘာကြောင့်လဲဆို တော့ ဒီလို အကြမ်းဖက်မှုတွေ ကြုံလာရတဲ့အခါမှာ တိုင်ကြားမှုတွေ၊ မီဒီယာကနေ တဆင့် ပြောကြားမှုတွေ ဒီနှစ်ပိုင်းတွေ မှာ အများကြီး တိုးတက်လာတယ် ဆိုတာကို တွေ့ရပါတယ်။
အဓိကတော့ ဒီလို ပြဿနာဟာ တိုင်လို့ ရတယ်။ ဖွင့်ပြောတာ ဟာ ရှက်စရာ မဟုတ်ဘူး ဆိုတာကို သိလာတာနဲ့ အမျှ ကျမ တို့ သတင်းပို့ တိုင်ကြားမှုရော၊ မီဒီယာကို ဖွင့်ဟပြောဆိုမှု တွေက ပိုပြီး တိုးတက်လာပါတယ်။
ဒါပေမယ့်လည်း အကြမ်းဖက်မှုကို အကြမ်းဖက်မှုလို့ မသိတာက ၁ အချက်ပေါ့နော်။ ပြီးတော့ အဲဒါတွေကို ထိထိရောက် ရောက် ကာကွယ်ပေးနိုင်တဲ့ ဥပဒေ မရှိတာပေါ့။ ရှိနေတဲ့ ဥပဒေတွေကလည်း ပြည့်စုံ လုံလောက်မှု မရှိတာပေါ့။ ဒီလိုဖြစ် လာပြီဆိုရင် ကျူးလွန်ခံရတဲ့သူကို အပြစ်တင်တာပေါ့။ ဖြစ်မှာပေါ့ နင်က ဒီလို ဝတ်တာကိုး၊ ဒီနေရာကို သွားတာကိုး၊ မိဘ တွေကလည်း သား/သမီးတွေကို စောင့်ရှောက်မှု မပြုလို့ အစရှိသဖြင့်ပေါ့။ ကျူးလွန်တဲ့သူထက် ကျူးလွန်ခံရတဲ့သူကိုပဲ အပြစ်တင်ကြတယ်။
တကယ်ပြစ်မှု ကျူးလွန်တဲ့သူတွေက တကယ် ပြစ်ဒဏ်ခံရမယ်ဆိုရင် နောက်တခါ ပြစ်မှု မကျူးလွန်နိုင်တော့ဘူး။ အဲဒီလိုပဲ ပြစ်မှု ကျူးလွန်ခံရတဲ့ သူတွေကလည်း လိုအပ်တဲ့ ဝန်ဆောင်မှုကို စနစ်တကျ ရမယ်ဆိုရင် သူတို့လည်း လူ့အသိုင်းအဝိုင်း အလယ်မှာ ဂုဏ်သိက္ခာရှိရှိ မျက်နှာမငယ်ဘဲ ရပ်တည်နိုင်မယ်ပေါ့။
လိုအပ်ချက်တွေ အများကြီးပါပဲ။ လူထု အသိပညာပေးမှုတွေ ဘယ်လောက်ပဲ လုပ်နေပေမယ့်လည်း တောရောမြို့ပါ မကျန် နေရာဒေသ အနှံ့အပြားကို ရောက်ဖို့အတွက်ကတော့ ဒီထက်အများကြီး အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်ဖို့တော့ လိုနေပါသေးတယ်။
ဆက်စပ်ဖတ်ရှုရန်
အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သည့် အမှုအရေအတွက် တိုးလာ ဟုဆို
အမျိုးသမီးနဲ့ မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ လက်တွဲဖြေရှင်းကြပါစို့