လူတယောက်ကို ငါး တကောင် ပုဇွန် တကောင် လောက်တောင် တန်ဖိုးမထားဘူး
ဒဂုံတက္ကသိုလ် ကျောင်းသားတဦး ဖြစ်သည့် ကိုမြတ်သူရထွန်းကို အောက်တိုဘာလအတွင်းက ဖျာပုံမြို့နယ်ရှိ ကျားဖောင် လုပ်ငန်းခွင်သို့ ရောင်းစားခံခဲ့ရပြီး ၁ လကြာပြီးသည့် နောက်တွင် မိသားစုမှ လိုက်လံ စုံစမ်းမှုကြောင့် ပြန်လည် တွေ့ရှိခဲ့ သည်။
ထိုကဲ့သို့ လူကုန်ကူးခံခဲ့ရမှုနှင့် ပတ်သက်ပြီး ကျားဖောင်ဦးစီး ကျော်အောင် (၄၂ နှစ်) နှင့် ဗလကြီး (ခေါ်) အောင်ဗလ (၄၂ နှစ်) တို့ကို ဖမ်းဆီးရမိထားပြီး ကျောက်တံတားမြို့မ ရဲစခန်း၌ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေဖြင့် အမှု ဖွင့်စစ် ဆေးလျက် ရှိသည်။
ထိုအမှုတွင် ဖမ်းဆီးထားသည့် သံသယတရားခံ ၂ ဦးအနက် ဗလကြီး ဆိုသူသည် ရန်ကုန်ဆေးရုံကြီး ဝန်ထမ်း ၁ ဦး ဖြစ် သည့် ကိုဆန်းဦး ဆိုသူကိုလည်း ၂၀၁၈ ခုနှစ်တွင် လူကုန်ကူးခဲ့သူ ဖြစ်သည်ကြောင်း ကိုဆန်းဦးက ဖမ်းဆီးထားသူကို သွားရောက် ကြည့်ခဲ့ကာ အတည်ပြုခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် သိရှိရန်အတွက် ရန်ကုန်ဆေးရုံကြီးမှ ဝန်ထမ်းဖြစ်သူ ကိုဆန်းဦးကို ဧရာဝတီ သတင်းဌာမှ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ ကျားဖောင်ပေါ်ကို ဘယ်လို ရောင်းစားခံခဲ့ရလဲ ဆိုတာ အရင် ပြောပြပေးပါဦး။
ဖြေ ။ ။ ကျနော် ရန်ကုန်ဆေးရုံကြီးကနေ ဂျူတီထမ်းဆောင်ပြီး အပြန်မှာ ဖြစ်တာပေါ့။ စားသောက်ဆိုင်မှာ သူတို့က တဝိုင်း ကျနော်က တဝိုင်း သောက်နေရင်းနဲ့ မိတ်လာဖွဲ့တယ်ပေါ့။ အဲဒီနေ့က တော်တော်လည်း သောက်မိတယ်နဲ့ တူပါတယ်။ အဲဒီ ကနေ ဘယ်လိုဖြစ်သွားလည်း ကျနော့်ကိုယ် ကျနော်မသိတော့ဘူး။ ကောင်းကောင်းသိတဲ့ အချိန်မှာ ရေး ရောက်နေပြီ။ ကျနော့် အိတ်ထဲမှာ ပိုက်ဆံလည်း မရှိတော့ဘူး ပြန်လဲ လာလို့ မရတော့ဘူး အဲဒီကနေပြီးတော့ ပင်လယ်ထဲပါ သွားတယ် ပေါ့။
မေး။ ။ သူတို့ ဆိုတာ ဘယ်သူတွေလဲ။
ဖြေ။ ။ ဗလကြီးနဲ့ အပေါင်းအပါတွေပေါ့။ လူဦးရေကိုတော့ အတိအကျ မမှတ်မိတော့ဘူး။ အခုဖမ်းထားတဲ့ တယောက်ကို ကြည့်ပြီးသွားပြီ။ ကျနော့် အဖေက ဗလကြီး ဟုတ် မဟုတ် လိုက်ကြည့်ပေးပါ ပြောတယ်။ တဖတ်သား မဟုတ်ဘဲနဲ့ လက် ညှိုး ထိုးလိုက်မိမှာလည်း စိုးတယ်လေ။ ကျနော့်ဘေးမှာ သူ မတ်တပ်ရပ်နေတော့ သူ့ကိုကျနော် လက်ညှိုးထိုးပြ လိုက် တယ်။ သူ့ကိုတော့ ဘယ်တော့မှ မမေ့ဘူး။ ဘာလို့လဲဆိုတော့ ကျနော့်ကို သေလောက်တဲ့ အထိ သူ ဒုက္ခပေးထားတာ၊ မသေလို့သာ ကျနော် ပြန်ရောက်လာတာ။
ဖြစ်တာကတော့ ၉ လပိုင်း ၂၀၁၈ လောက်ကပေါ့။ မိတ်လာဖွဲ့တုန်းက အလုပ်ခေါ်တဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး။ ဘယ်မှာ အလုပ်လုပ်လဲ အလုပ်အကိုင် အဆင်ပြေလား။ ဒီလိုပဲ ပြောဆိုပြီးတော့ နောက်ပိုင်းကိုတော့ ကျနော်ဝေဝေဝါးဝါး ဖြစ်သွား ပြီ။ ဆင်ရွာရောက်တော့ ချက်ချင်း သင်္ဘောနဲ့ ပင်လယ်ထဲ ထွက်ရတာ။ ကုန်းပေါ်မှာ မအိပ်ရဘူး။ ရန်ကုန်ကနေ ရေးကို သွားတဲ့ အချိန်တုန်းကတော့ သွားနေတာကိုတော့ သိတယ်။ ဘယ်ကို သွားနေတယ် ဆိုတာကို မသိဘူး။
မေး။ ။ ငွေဘယ်လောက်နဲ့ ဘယ်လို အလုပ်ကို လုပ်ရမယ်ဆိုတာ ဘယ်အချိန်ကျမှ သိရတာလဲ။
ဖြေ။ ။ ပင်လယ်ထဲရောက်မှ သိရတယ်။ ကျနော့်ကို ဒီကို ဘယ်လောက်နဲ့ ပို့တာလဲလို့ မေးတော့ တလကို ၆ သောင်းနဲ့ ပို့ တာတဲ့။ တလ ၆ သောင်း ဘာလုပ်ရမှာလဲ။ ကျနော်ဆေးရုံမှာ အလုပ်လုပ်တာ ၁သိန်းခွဲ ရတယ်။ ၆ သောင်းနဲ့ ကျနော် မလိုက်လာပါဘူးဆိုတော့ မလိုက်လာလည်း မင်းပင်လယ်ထဲ ရောက်နေပြီ။ ကျနော် လိုက်မယ်လို့ မပြောပါဘူးလို့။ အဲဒီလို သင်္ဘောမောင်းတဲ့ အစ်ကိုက ပြောပြလို့ သိရတာ။
မေး။ ။ အဲဒီမှာ ဘယ်လောက်ကြာသွားလဲ။
ဖြေ။ ။ ကျနော် ၉ လပိုင်းလောက်က ရောက်သွားတာ။ ပြန်ထွက်ပြေးလာတာက ၁၂ လပိုင်း ၁၂ ရက်လောက်က ဆိုတော့ ၃ လကျော်ကျော် ၄ လနီးပါးလောက် နေခဲ့ရတယ်။
မေး ။ ။ နေခဲ့တဲ့ ၃ လကျော်မှာ ဘာတွေ လုပ်ခဲ့ရလဲ။
ဖြေ။ ။ ပင်လယ်ထဲ ရောက်တော့ ဖောင်ပေါ်မှာ နေရတယ်။ ဝါးနဲ့ လုပ်ထားတဲ့ ဖောင်ပေါ့။ သံရိုက်ထားတာ မရှိဘူး ကြိုးနဲ့ ချည်းပဲ အကုန်ချည်ထားတာ ခိုင်ခံ့မှု မရှိဘူးပေါ့။ ငါးအခြောက် လှမ်းရတယ်၊ ပုဇွန်ပြုတ်ရတယ်။ ငါးနက် ဗိုက်ဖောက် ရ တယ်။ ငါးနက် ချိတ်ရတယ်။ တန်းလေးတွေမှာ ချိတ်ချိတ် လှမ်းရတာကို ပြောတာ။ ငါးကြီးတွေပါရင် ဗိုက်ခွဲ လှမ်းရတယ်။ လုပ်ရတာ အိပ်ချိန် မရှိဘူး။
ခိုင်းတာကတော့ ပိုးစိုးပက်စက်ပဲ မလုပ်နိုင်ရင် ရိုက်တယ် ဆဲတယ်။ ကျနော်ဘယ်လောက် အထိ စဉ်းစားလဲဆိုတော့ ပင်လယ်ထဲ ခုန်ချပြီးတော့ ထွက်ပြေးဖို့တောင် စဉ်းစားတယ် ခုန်ချရင်တော့ သေမှာပဲ။ သူတို့နှိပ်စက်တာထက်စာရင် သေတာကမှ ကောင်းဦးမယ် ငါသေလိုက်ချင်တယ်ပေါ့။ ဒီပင်လယ်ကြီးသာ ခဲသွားရင် သိပ်ကောင်းမှာပဲပေါ့။ ခဲသွားရင် မာသွားမယ်။ မာသွားရင် ထွက်ပြေးမယ်ပေါ့။
အလုပ်လုပ်ရတာ ပင်ပန်းတဲ့ထဲကမှ ရိုက်နှက်ခံရတဲ့ အခါကျတော့ လူစင်စစ်ကနေ ငရဲပြည်ရောက်နေသလိုပဲ နေရ တော့လည်း ကျဉ်းကျဉ်းကျုံ့ကျုံ့စားရတော့လည်း အဆင်ပြေပြေ စားရတာ မဟုတ်ဘူး။ တော်တော် ဆင်းရဲပါတယ်ဗျာ လောကငရဲပဲ။ ခံစားရတာတွေကို ဘယ်လိုမှ ပြောမပြတတ်ဘူး။ ကိုယ့်လိုလည်း သူများတွေကို မဖြစ်စေချင်ဘူး။
မေး။ ။ ပင်လယ်ထဲမှာ နေရတုန်းက ဒဏ်ရာရအောင် လုပ်တာမျိုး ရှိလား။ ဘယ်သူတွေက လုပ်တာလဲ။
ဖြေ။ ။ ဖောင်ဦးစီးက လုပ်တာ။ ဖောင်ဦးစီး မရိုက်ရင် ဖောင်ဦးစီချုပ်က ရိုက်တယ်။ အလုပ်မလုပ်နိုင်ရင် ဖောင်ဦးစီးက ရိုက်တယ်။ တဖောင်မှာ ၃ ယောက် ရှိတယ်။ အလုပ်ကို လုပ်တာကတော့ လုပ်နေမှာပဲ ။ ဒါပေမယ့် အတွေ့အကြုံ မရှိတဲ့ အခါကျတော့ အလုပ်ကို အဆင်ပြေအောင် ဘယ်လိုမှ လုပ်နိုင်မှာ မဟုတ်ဘူး။ အမှားအယွင်းကတော့ ရှိမှာပဲ။
လူသားချင်း စာနာပြီး ခိုင်းရင်တော့ အဆင်ပြေတာပေါ့။ လူသားချင်းစာနာပြီး ခိုင်းတာ မဟုတ်ဘူး။ လူရိုင်းတောထဲမှာ လူကောင်းသွား ဖြစ်သလိုပဲ ကိုယ်က သူတို့ ဓလေ့ကို မသိဘူးလေ။ နည်းနည်းလေး မှားတာနဲ့ ရိုက်တယ်။ ကျနော်ဆို ရိုက်ခံရလို့ လက်တချောင်း ကျိုးတယ်။ ကျိုးနေတဲ့ကြားထဲကနေ အလုပ်လုပ်ရတယ်။
လက်ငါးချောင်းမှာ လက်တချောင်းက ကျိုးနေတာ ပိုက်ကို ကုပ်တင်ရတာတို့ စက်တုန်းကို လက်နဲ့ လှည့်ရတာတို့ ဆိုတော့ ဒီလက်က ကျိုးနေတာ အားဘယ်လို စိုက်နိုင်မလဲ။ ဆေးဝါးက မရှိ။ တော်ရုံတန်ရုံ ရိုက်တာလောက်ကို စကားထဲကို ထည့် မပြောတော့ဘူး။ ဆောင့်ကန်တာတို့၊ ရေထဲကို ကန်ချတာတို့။ ကျနော်ဆို ၃ ၊ ၄ ခေါက်လောက် ရေထဲကို ကန်ချခံရ ဖူးတယ်။ စက်တုံးကို လှည့်နေရင်းနဲ့တောင် အထိုးခံရတယ်။
လက်ကျိုးတာကတော့ ဝါးတုတ်နဲ့ ရိုက်တာ ခေါင်းကွဲတာကျတော့ ပုဇွန်တွေ၊ ငါးတွေပြုတ်ဖို့အတွက် ထင်းတွေ လာလာ ပေးတယ်။ အဲဒီထင်းတုတ်နဲ့ အနောက်နေကနေ ရိုက်တာ။ ဘာလို့ရိုက်တာလဲလို့ မေးတော့ နှေးလို့တဲ့။ အိပ်လည်းမအိပ်ရ အလုပ်ကလည်း တောက်လျှောက် လုပ်နေရတယ်။ နည်းနည်းတော့ ပင်ပန်းတာပေါ့။ ငိုက်ရင်လည်း ငိုက်နေမှာပေါ့။ ဒါကိုသူတို့တွေက နားလည်မှု မရှိဘူး။ အရေးကြီးတာက သူတို့ ငါးရဖို့ပဲ။ လူတယောက်ကို ငါး ၁ ကောင် ပုဇွန် ၁ ကောင် လောက်တောင် တန်ဖိုးမထားဘူး။
မေး။ ။ ခေါင်းကွဲတာကိုရော ဘယ်လိုကုခဲ့လဲ။
ဖြေ။ ။ ဘာမှမကုဘူးလေ။ အချိုမှုန့်သိပ်တယ်၊ နနွင်းမှုန့် သိပ်တယ်။ ကျနော်လိုအပ်တဲ့ ဆေးဝါးတောင်းတယ်။ သူတို့ ချ ပေးတာ ကော်ဖီမစ် ချပေးတယ် ဆေးလိပ်ချပေးတယ် ဒါပဲ။ လိုအပ်တဲ့ ဆေးဝါး တောင်းမရဘူး။ အများဆုံးပေး ဒဏ်ကြေ လိမ်းဆေးပဲ။
မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာနကိုလည်း ပြောချင်တယ်။ ဒီလိုမျိုး ဖောင်တွေရှိတဲ့ အတွက်ကြောင့်မို့လို့ လုပ်သားတွေက နွားလို အလုပ်လုပ်ရတာ။ ကျနော်တို့လို ခံစားနေရတဲ့ သူတွေ ပင်လယ်ထဲမှာ အများကြီးပဲ ရေးမြို့က ထွက်တဲ့ သင်္ဘော တိုင်းမှာ ရှိတယ်။ ရေး အစင်ရွာမှာ လုပ်စားတဲ့သူက တော်တော်များတယ်။ အဲဒီရွာက ပြန်ထွက်ဖို့ ဆိုတာ တော်တော်ခက် တယ်။
မေး ။ ။ အဲဒီလို ပင်လယ်ထဲမှာ အလုပ်လုပ်နေရတာကနေ ဘယ်လို လွတ်ဖို့ ဖြစ်လာတာလဲ။
ဖြေ။ ။ ရိုက်နှက်တဲ့ ဒဏ်တွေ၊ အလုပ်လုပ်တဲ့ ဒဏ်တွေ မခံစားနိုင်တော့ ကျန်းမာရေး ထိခိုက်လာတယ်။ အဲဒီတော့ ဖောင်ပြောင်းတယ်ပေါ့။ ကျနော့်ကို ကယ်တဲ့ဖောင်ကို ရောက်တယ်။ ရိုက်နှက်တဲ့ဖောင်ကနေ သုံးလို့မရတော့မှ ဒ့ီပြင် ဖောင်ကို ပြောင်းခိုင်းလိုက်တာ။ အဲဒီမှာ ခိုင်းတာတော့ ခိုင်းတာပဲ ဒါပေမယ့် နည်းနည်း လူစိတ်ရှိတဲ့သူနဲ့ သွားတွေ့တဲ့ အခါကျတော့ ခိုင်းတာတော့ ခိုင်းတယ် အများကြီး မခိုင်းဘူး။
သူခိုင်းနေတဲ့ ကြားထဲကမှ လုပ်ကို မလုပ်နိုင်တော့ဘူး။ မလုပ်နိုင်တော့တဲ့ အချိန်ကျမှ ဖောင်ဦးစီးက ပထမ တယောက် တင်ပေးပြီးပြီ ထွက်ပြေးခိုင်းတာ။ ကျနော့်ကို ကုန်းပေါ် တင်ပေးတာလည်း ထွက်ပြေးဖို့ပဲ တင်ပေးတာ။
ကုန်းပေါ် ရောက်လာတော့ ငါးခြောက်တွေထားတဲ့ ဂိုဒေါင်မှာ ထားတယ်။ အိပ်တော့လည်း ပိုက်ပုံပေါ်မှာပဲ အိပ်ရတယ်။ ဖျာမရှိ၊ ဆောင်မရှိ၊ ခေါင်းအုံး မရှိဘူး။ သုံးမရတဲ့ ပစ္စည်းတခုကို ချောင်ထဲမှာ ပစ်ထားလိုက်သလိုပဲ။ ကုပေးတာ ကလည်း ဆေးစပ်သောက်တဲ့ သူလောက်နဲ့ပဲ ကုပေးရင်းနဲ့ ကျနော့်ခြေထောက်က လုံးဝလမ်းလျှောက်လို့ အဆင်မပြေဘူး။ ချိသွားတဲ့ အနေအထားပေါ့။ ဒီလိုပဲ လမ်းလျှောက်လို့ရအောင် ကျနော် ကျင့်ရတာပေါ့။ လမ်းလျှောက်လို့ရမှ ကျနော် ထွက်ပြေးလို့ ရမှာကိုး။
အစက သူတို့က ဂိုဒေါင်ထဲပဲ ပေးလျှောက်တယ်။ နောက် ယုံအောင်နေတော့ မနက်ပိုင်း အပြင်ထွက် လမ်းလျှောက်ပါ လားပေါ့။ အများကြီးတော့ လျှောက်လို့မရဘူး သူတို့မျက်လုံး ရှေ့မှာပဲ လျှောက်ရတာပေါ့။ ယုံရပြီဆိုတော့မှ ဟိုနားဒီနား ပေးသွားတာ။ ဒါတောင် လူလွှတ်ပြီး လိုက်ကြည့်တယ်။ တဖြည်းဖြည်းနဲ့ မပြေးဘူးဆိုတာ ယုံရတဲ့ အခါကျမှ လူလိုက် မကြည့်ဘူးပေါ့။ အဲဒီတော့ ကျနော် ပြေးတာပဲ။
ကျနော် ဆိုင်ကယ်စီးတယ် ဘူတာရောက်တော့ လက်မှတ်ဝယ်တယ်။ ပြီးတော့ ဘူတာမှာ မနေရဲဘူး ပြန်မိရင် မသက် သာဘူး ရိုက်ခံရမှာက။ ဘူတာအလွန် တနေရာမှာ သွားထိုင်နေပြီးတော့ ရထားတွဲဆိုင်းထိုး ခေါင်းချိတ်တော့မှ ကျနော် ရထားပေါ်တက်တယ်။
ရထားပေါ်တက်တော့ အိမ်သာထဲ ၁ နာရီခွဲလောက် ပုန်းနေရသေးတယ်။ ရထားပေါ်တက်ရှာရင် တွေ့သွားမှာ စိုးလို့။ ကိုယ့်မှာ ခုံနံပါတ်နဲ့ ထိုင်လို့ရသော်လည်း ထိုင်ခုံနဲ့ မထိုင်ရဲဘူး။ အပေါက်ဝမှာပဲ နေရဲတယ်။ သူတို့ မြင်သွားခဲ့မယ် ဆိုရင် ဒီအပေါက်ကနေ ခုန်ချလိုက်မယ်ပေါ့။ ရန်ကုန်ရောက်တဲ့ အထိကို အပေါက်ဝကနေ စီးလာတယ်။
မေး။ ။ ရန်ကုန်ရောက်တော့ တိုင်ကြားမှု လုပ်ခဲ့သေးလား။ အခုလက်ရှိ အမှုက ဖွင့်ထားတုန်းလား။
ဖြေ။ ။ ကျနော် ဒလ ရဲစခန်းကို တိုင်တယ်။ အမှုက လက်ရှိအချိန်ထိ ဖွင့်ထားတုန်းပဲ။ အခုတော့ ဘာမှ လာမပြောသေး ဘူး။ ကျနော့်ဆီကတော့ ပထမဆုံး ကြိုတင် ထွက်ချက် ယူတယ်။ ရေတပ်ကိုလည်း ပြောချင်တယ်။ ပင်လယ်ထဲမှာ ဒါမျိုး တွေ ဖြစ်နေတယ်။ ရေတပ်က သင်္ဘောကို ဘာလုပ်ထားတာလဲ။ အဲဒီကမ်းခြေမှာ သံချေးတက်အောင် ထားထားတယ်။ ဒီလိုမျိုးဖောင်တွေမှာ သွားစစ်ဆေးပါလား။
ကိုယ် အလိုမတူဘဲနဲ့ လိုက်ရတဲ့သူတွေ အများကြီးပါ။ ဖောင်တခါ ထွက်ရင် ၁၀၀၊ ၂၀၀၊ ၃၀၀ ရှိတယ်။ ၁ ဖောင်မှာ ၃ ယောက်နှုန်းနဲ့ တွက်ကြည့် ဖောင် ၁၀၀ မှာဆိုရင် အယောက် ၃၀၀၊ ၃၀၀ ထဲက အယောက် ၂၀၀ လောက်က ကိုယ့်သဘောနဲ့ ကိုယ် လိုက်တဲ့ သူမဟုတ်ဘူး။
အလုပ်လုပ်ရတော့လည်း ၂၄ နာရီ အလုပ်လုပ်ရတယ်။ အိပ်ချိန်မရှိဘူး။ အများဆုံး အိပ်ရရင် တနေ့ကို ၂ နာရီပဲ။ ဒါတောင် မှ အလုအယက် အိပ်ရတာ။ အဲဒီလို အလုပ်မျိုးတွေကို ဖျက်သိမ်းသင့်တယ်။ ဒီလိုမျိုး မခိုင်းနဲ့၊ ကိုယ်တတ်နိုင်ရင် စက်လှေနဲ့ ဖမ်း။ စက်လှေနဲ့ ဖမ်းရင်တောင် စက်လှေပေါ်မှာ ခိုင်းပုံခိုင်းနည်းတွေလည်း အမိန့်ချ။ စက်လှေပြန်ကပ်လာလို့ ရေလုပ်သား က မကျေနပ်လို့ တိုင်ရင် အဲဒီစက်လှေ ပိုင်ရှင်ကို အရေးယူပေး။ အခုက စက်လှေပေါ်မှာလည်း ဒီပုံစံပဲ ကောင်းကောင်း မစားရဘူး။ ငါးပြုတ်ပဲ ကျွေးတယ်။
မေး။ ။ ဘယ်လို အခြေအနေမျိုးဖြစ်မှ ကုန်းပေါ်ကို ပြန်ပို့ပေးတာလဲ။
ဖြေ ။ ။ ပထမဆုံး ကျနော်ရှေ့က တယောက်ကို ပို့တယ် သူ့တုန်းက ဝမ်းသွားတာ။ ဝမ်းသွားမှတော့ အားမရှိတော့ဘူး ခိုင်းလို့ မရတော့ဘူးလေ။ ဖောင်ဦးစီးက ဦးစီးချုပ်သင်္ဘောကို အလံလှမ်းပြတယ်ပေါ့။ ဝမ်းတွေ အရမ်းသွားနေလို့ ခိုင်းလို့ မရဘူး ကုန်းပေါ်တင်ပြီး ဆေးကုပေးပါဆိုပြီး ပြောတယ်။ ရေထဲပြုတ်ကျရင်တောင် ရေမကူးနိုင်ဘဲ သေတဲ့အဆင့် ရောက် တော့မှာ။
နောက်တပတ် လာတော့မှ ပို့ပေးတယ်။ ဒီလူ ဒီကြောင်း ဖြစ်နေတယ်ဆိုတာကို စက်နဲ့ လှမ်းပေါက် ရသေးတယ်။ သူတို့ သူဌေးက လက်ခံမှ လာခေါ်တာ လာမခေါ်ရင် အဲဒီမှာ သေပဲ။ ကျနော့်ရှေ့မှာ တယောက်သေတယ်။ နေမကောင်းနေတာ ကို စက်နဲ့လှမ်းပေါက်တယ် ဒီလို ဒီအကြောင်း ဖြစ်နေတယ်ဆိုတာကို။ အဲဒီမှာပဲ ထားလိုက် ခေါ်မလာနဲ့ အလုပ်ရှုပ်တယ်တဲ့ အဲဒီမှာပဲ သေသွားရော။ အလောင်းကိုက ရေထဲမျှောလိုက်တယ်။
မေး။ ။ မိသားစုတွေနဲ့ ဆက်သွယ်လို့ ရတာမျိုး ရှိလား။
ဖြေ။ ။ မိသားစုနဲ့ ဆက်သွယ်လို့မရဘူး။ ပင်လယ်ထဲကို ဖုန်းတွေ ပါသွားတယ်၊ တီဗွီကြည့်လို့ရတာနဲ့ သီချင်းနားထောင်လို့ ရတာပဲ ရှိတယ်။ ကျနော်တို့ ဖောင်တန်းရွှေ့တော့ ကမ်းနဲ့ နည်းနည်းနီးတဲ့ နေရာကို ရွှေ့တော့ ဖုန်းဆက်လို့ရတယ်။ ဖောင် တန်းကို ချက်ချင်း ပြောင်းလိုက်တယ်။ ဦးစီးချုပ်ကနေပြီးတော့ သင်္ဘောနဲ့ ပတ်ပြီးတော့ ဖုန်းတွေ လိုက်သိမ်းတယ်။ ဘာလို့ သိမ်းဖို့လိုလဲ သူတို့သမာရိုးကျ အလုပ်လုပ်တယ်ဆိုရင် သိမ်းစရာ မလိုဘူးလေ။
မေး။ ။ ရန်ကုန်ကို ပြန်ရောက်လာတဲ့ အခါမှာ ဘယ်လိုခံစားရလဲ။
ဖြေ။ ။ ရန်ကုန်မြေကို ရောက်တာနဲ့ ကိုယ့်အမေအိမ်ကို ရောက်သွားသလိုပဲ။ ဘူတာကြီးကို မရောက်သေးဘူး တိုးကြောင် လေး ဘူတာကို ရောက်တာနဲ့တင် ကိုယ့်အမေအိမ်ရဲ့ အိမ်တံခါးကို မြင်လိုက်ရသလိုပဲ။ အမေ့ခြံဝကို ရောက်သလို ခံစားရ တယ်။ ရန်ကုန်ဘူတာကြီးကို ရောက်ပြီး ခြေချလိုက်တာ အဲဒီအပျော်က တသက်လုံး ပျော်တာ အဲဒီအပျော်လောက် မရှိ ဘူး။
မေး ။ ။ အခုလက်ရှိ စိတ်ပိုင်းဆိုင်ရာ ခံစားမှု အခြေအနေက ဘယ်လိုရှိလဲ။
ဖြေ ။ ။ စိတ်မလုံခြုံဘူးလို့ ခံစားရတယ်။ လူတိုင်းကို ကျနော် မယုံတော့ဘူး။ ကျနော့်နားကို အမျိုးသမီး ကပ်လာလည်း မယုံဘူး။ အမျိုးသား ကပ်လာလည်း မယုံဘူး။ ဘက်စ်ကားစီးတာတောင် လူကပ်လာရင် ကျနော် အအဆင်မပြေဘူး။ လူရှင်းတဲ့ နေရာတွေမှာ နေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တခုခုလုပ်လိုက်မှာ အရမ်းကြောက်တယ်။ လူတယောက်ရဲ့ စိတ်ကို သူတို့သတ်လိုက်တာလေ။
လွတ်လွတ်လပ်လပ် နေတတ်တဲ့ သူတယောက်ကို နေ့တိုင်း ဆူဆဲပြီး ရိုက်နှက်ပြီးတော့ ခိုင်းနေတဲ့ အခါကျတော့ ဘာတခုပဲ လုပ်လိုက်လုပ်လိုက် ရိုက်နေတဲ့ အခါကျတော့ အခုကုန်းပေါ် ပြန်ရောက်တော့လည်း ခံစားရတယ်။ ကျနော် သွားလိုက်တဲ့ ၄ လနီးပါးက ၄ နှစ် နီးပါးလောက် ခံစားလိုက်ရတယ်။ ပြောမပြတတ်အောင်ပါပဲ။
ဆက်စပ်ဖတ်ရှုရန်
ဖျာပုံမြို့နယ်ရှိ ကျားဖောင်တွင် ရေလုပ်သားအဖြစ်ရောင်းစားခံရသူ အမှု လူကုန်တားရဲ စိစစ်နေ