မြန်မာနိုင်ငံသည် လူမျိုးတုန်း သတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ် ဖောက်ဖျက်သည်ဟုဆိုကာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံ (OIC) များကိုယ်စား ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာ တရားရုံး (ICJ) တွင် မြန်မာနိုင်ငံကို တရားစွဲဆိုထားသည်။
ထိုအမှုအတွက် ပထမအကြိမ်ကြားနာမှုကို ဒီဇင်ဘာလတွင် ပြုလုပ်မည်ဖြစ်ပြီး ယင်းသို့တရားစွဲထားမှုကို ဖြေ ရှင်းရန်အတွက် နိုင်ငံခြားရေးဝန်ကြီးတာဝန်ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင် ဦးဆောင်သွားရောက် ဖြေရှင်းမည်ဟု အစိုးရက ထုတ်ပြန်ထားသည်။
တပ်မတော်ကလည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုထားသည်။
ICJ ကိစ္စတွင် မြန်မာအစိုးရ သေ ချာစွာတုံ့ပြန်နိုင်ပါက အခြားနိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)၊ အာဂျင်တီးနားနှင့် အခြားနိုင်ငံတကာ ဖိအား များပါ လျော့ကျသွားနိုင်ကြောင်း သုံးသပ်မှုများရှိနေသဖြင့် နိုင်ငံရေးအသိုင်းအဝိုင်းအပါအဝင် နယ်ပယ်အသီး သီးမှ ပုဂ္ဂိုလ်များကို ဧရာဝတီ က ဆက်သွယ်မေးမြန်းထားသည်။
ဦးပဏ္ဍဝံသ
ရွှေဝါရောင်ဆရာတော်
တရားစွဲခံရတဲ့ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က အစိုးရခေါင်းဆောင်တဦးအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အ သိစိတ်ဓာတ်နဲ့ ကိုယ်တိုင်သွားရောက်ဖြေရှင်းတာကို ထောက်ခံတယ်။ အဓိကတော့ နိုင်ငံရဲ့ဂုဏ်သိက္ခာ ကျ ဆင်းစေတဲ့အတွက် နိုင်ငံရဲ့ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်တဲ့ အနေနဲ့သော်လည်းကောင်း၊ တရားစီရင်တဲ့ နေ ရာမှာလည်း လွတ်လပ်မျှတမှုရှိဖို့သော်လည်းကောင်း လိုအပ်ပါတယ်။ နောက်တချက်က တရားခံအစစ်က ဘယ်သူလဲဆိုတာကို ကွဲကွဲပြားပြားဖြစ်ဖို့လည်း လိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာက သိပြီးသား သူက ကိုယ်တိုင်သွားဖြေရှင်းမယ်ဆိုတာ မြန်မာပြည်သူတွေ အတွက် အားကိုးယုံကြည်ရတဲ့ သူတယောက် အဖြစ်မြင်ပါတယ်။ အဲ့အတွက် အားပေးတယ်၊ ထောက်ခံတယ်။ နိုင်ငံတကာမှာ ပြောခွင့်ရှိတဲ့ ပညာရှင်တွေ၊ ကျွမ်း ကျင်သူတွေနဲ့လည်း ဆွေနွေးညှိနှိုင်း ဆောင်ရွက် စေချင်တယ်။ အမြင်ရှုထောင့်အမျိုးမျိုးနဲ့ ပြောဆိုဝေဖန်နေကြ တာရှိမှာပဲ။ ဒီပြဿနာက အခုမှဖြစ်တာ တွေလည်း မဟုတ်ဘူး။ လောလောဆယ် တရားစွဲခံထားရတဲ့အပေါ်မှာ ဘယ်လိုဖြေရှင်းမလဲ ဆိုတာပဲ အရေးကြီးပါတယ်။
ဒေါက်တာ ခလမ်ဆမ်ဆွန်
ဥက္ကဋ္ဌ
ကချင် နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC)
ရှင်းရှင်းပြောရရင် နှစ်ပေါင်း ၄၀၊ ၅၀ လောက် ဖြစ်လာတဲ့ ကိစ္စတွေ အားလုံးပါဝင်တယ်လို့ပဲ ကျနော်ယုံကြည် တယ်။ လောလောဆယ် ကချင်တို့ ရခိုင်တို့ဘက်ကလည်း အကြောင်းအရာတွေ ပါလာမယ်ဆိုရင်တော့ ဒါက တရားနည်းလမ်းတော့ ကျပါတယ်။ ဖြေရှင်းချက်ပေးမယ့် နိုင်ငံတော်အတိုင်ပင်ခံရဲ့ ရပ်တည်မှုကဘာလဲ၊ ဘယ် လို သွားပြောမယ်ဆိုတာကိုလည်း ကျနော်တို့စိတ်ဝင်စားနေတာပေါ့။ ဟိုဘက်ကတော့ အထောက်အထားတွေ အကုန်လုံး အပြည့်အစုံရရှိပြီးဖြစ်တဲ့ အတွက်ကြောင့်မလို့ ဒါကို နိုင်ငံတကာအဆင့်၊ ကမ္ဘာ့အဆင့်တင်လိုက်တဲ့ အနေအထားရှိမယ်လို့ ကျနော်ယုံကြည်တယ်။ ဆိုတော့ အထောက်အထားတွေကလည်း အကုန်လုံးမှန်ကန်တဲ့ အထောက်အထားတွေဖြစ်မယ်လို့လည်း ယုံကြည်တာပေါ့။
ဒါကြောင့်မို့လို့ မြန်မာနိုင်ငံဘက်က ဘယ်လိုသွားပြီးဖြေရှင်းမယ်ဆိုတာကိုတော့ စိတ်လှုပ်ရှားစွာနဲ့ အဖြေကို နား ထောင်နေပါတယ်။ ဘာပဲပြောပြော စနစ်က ပေးလာတဲ့ အနိဌာရုံတွေ ဖြစ်တယ်ဆိုတော့ သွားဖြေရှင်းတဲ့ အခါ မှာလဲ အမှန်တရားကိုရပ်တည်ပြီးမှ ဖြေရှင်းခြင်းဟာ အနာဂတ်ကို ကောင်းအောင် လုပ်ဆောင်ခြင်းတရပ်ပဲ။ အခု ချိန်မှာ အဖြစ်မှန်ကို မဟုတ်ပါဘူးလို့ သွားပြီးတော့ ကာကွယ်ပေးခြင်းဟာ မြန်မာပြည်ရဲ့ အနာဂတ်ကို ပိုမိုရှုပ် ထွေးအောင် လုပ်ဆောင်နေတဲ့အရာပဲဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။
ကျနော်ကတော့ အများကြီးမျှော်လင့် ထားတယ်။ ဒီအဆင့်ကနေ ကျနော်တို့ အားလုံးပြုပြင်ပြီးမှ မြန်မာနိုင်ငံကြီးကို ငြိမ်းချမ်းတဲ့၊ တရားမျှတတဲ့စနစ်ဆီ ဒီအဖြစ်မှန်ကနေ ရှေ့ကိုဆက်လျှောက်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ အမှန်တရားဆိုတာ အမြဲတမ်းတနေ့တော့ ပေါ်လာတာပဲဆိုတာကို လူသားများအားလုံး သင်ခန်းစာရသင့်ပါတယ်လို့ ပြောချင်ပါတယ်။
ဟာဂျီဦးအေးလွင်
အစ္စလာမ် ဘာသာရေးခေါင်းဆောင်တဦး
ဒီဖြစ်စဉ်ကြီးနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာက အားမလို၊ အားမရဖြစ်နေတာ ကြာပြီလေ။ အဲ့ဒီရဲ့ အကျိုး ဆက်ပဲလို့ ကျနော်က ထင်ပါတယ်။ ဒီဟာက မဖြေရှင်းလို့လဲမရဘူး။ မြန်မာနိုင်ငံက ဂျီနိုဆိုက်ကွန်ဗင်းရှင်းမှာ လက်မှတ်ထိုးထားတယ်လေ။ ဒီဖြစ်ရပ်တွေ၊ အနိဌာရုံတွေဟာ ဝမ်းနည်းဖွယ်ရာဖြစ်ရပ်တွေဟာ ဖြစ်ခဲ့တယ်။ မဖြစ်ဘူးလို့ တောက်လျှောက် သူတို့မပြောဘူးလေ၊ ဖြစ်ခဲ့တဲ့အတွက်ကြောင့် ကော်မရှင်တွေဖွဲ့ပြီးတော့ စုံစမ်းစစ် ဆေးရေးတွေလုပ်တယ်။ တပ်မတော်ကတောင်မှ စစ်ခုံရုံးဖွဲ့ပြီးတော့ စစ်ဆေးနေပြီလေ။
ဒီလိုဟာမျိုးလေးတွေ အများကြီးဖြစ်ခဲ့နိုင်တယ်ဆိုတာကို သူတို့လက်ခံပြီးသားပဲပေါ့။ အဲ့ဒီတော့ ဘာတွေ လုပ်နေတယ်ဆိုတာ သူတို့ သွားပြောမှာပဲလို့ ကျနော်ကတော့ ထင်တယ်။ ပြစ်မှုကျူးလွန်တဲ့သူတွေကို ကာကွယ်ပေးဖို့တို့။ သူတို့က မကျူး လွန်ပါဘူးလို့ ဖာထေးပေးဖို့ လုပ်မယ့်သဘောမရှိဘူးလေ။ ဖြစ်ခဲ့တာတွေ အပေါ်မှာ တကယ်အရေးယူဆောင် ရွက်တယ်။ တကယ့်ဖြစ်ရပ်မှန်တွေပေါ်ဖို့နဲ့ ပြစ်မှုကျူးလွန်တဲ့ဲသူတွေကို ဘယ်လိုအရေးယူတယ်ဆိုတာတွေကို ပြောပြမှာပဲ။
ဒီဖြစ်ရပ်ကနေ ဂဃနဏ ဖြေရှင်းနိုင်မယ်။ အပြည်ပြည်ဆိုင်ရာနဲ့လည်း ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ သဘော ဆန္ဒလေးတွေ ပြောပြမယ်ဆိုရင် တကယ်ပြစ်မှုကျူးလွန်တဲ့သူတွေကို ဖော်ထုတ်ဖို့အတွက် အခြေအနေတွေက ပိုကောင်းလာနိုင်တယ်။ ပြစ်မှုကျူးလွန်တဲ့သူတွေကို ဖော်ထုတ်နိုင်လေလေ ကျနော်တို့ နိုင်ငံရဲ့ ပုံရိပ်က ကောင်း လာလေလေဖြစ်မှာပဲ။
ပြည်တွင်းမှာ ဒီလိုအရေးကြုံလာပြီဆိုတဲ့အခါ အဖြစ်မှန်တွေကို ဖော်ထုတ်ဖို့အတွက် အားလုံးစည်းစည်း လုံးလုံး လုပ်လိုက်တဲ့အခါကျတော့ အနေစိမ်းနေတဲ့သူတွေလဲ ပိုပြီးစည်းလုံးလာတာပေါ့။ နောက်မှာလည်း ဒါမျိုးတွေ ထပ်မဖြစ်ဖို့ သတိထားကြတော့မှာပေါ့။ ပြည်ပကလဲပဲ အိမ်တွင်းအကြမ်းဖက်မှုတခုကို ရပ်ကြည့်မနေနိုင်လို့သာ ဝင်ပါရတာကိုး။ အဲ့ဒီတော့ ဒီမှာ အရေးယူဆောင်ရွက်နေတယ်ဆိုတာ သိရင် သူတို့လဲ အားရမှာပဲ။
ပဒိုစောတာဒိုမူး
အထွေထွေအတွင်းရေးမှူး
ကရင်အမျိုးသား အစည်းအရုံး (KNU)
ICJ လိုကိစ္စမျိုးနဲ့ ပတ်သက်ပြီး ကျနော်တို့ကတော့ နိုင်ငံတကာမှာ ကျနော်တို့ နိုင်ငံကို ဝင်ဆံ့နိုင်အောင်ပေါ့နော်။ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အညီပေါ့။ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ အညီရင်ဆိုင်ဖြေရှင်းသွားရင် သင့်တော်တယ် ဆိုတဲ့ ပုံစံမျိုး ပြောတာဖြစ်တယ်။ ကိုယ်ကိုယ်တိုင် ဥပဒေစိုးမိုးမှုနဲ့ တရားမျှတမှုကို လိုလားတဲ့ အစိုးရတရပ်အနေ နဲ့ ဖြစ်တယ်ဆိုတာကို ပြသဖို့လည်း လိုအပ်တာပေါ့။
အခုဆောင်ရွက်တဲ့ အပေါ်မှာလည်း ဂျီနီဗာကွန်ဗင်းရှင်း (Geneva convention) ကို လက်မှတ်ထိုးတဲ့ နိုင်ငံတိုင်း ရဲ့ အဖွဲ့ဝင်နိုင်ငံအနေနဲ့ လိုက်နာရမယ့် လုပ်ငန်းစဉ်တခုပဲ ဖြစ်တယ်လေ။ ဒါကို အစိုးရကနေ တာဝန်ယူပြီး တော့ ဖြေရှင်းရမယ်ဆိုတာ နဂိုကတည်းက သဘောတူထားတဲ့ အခြေခံပဲလေ။ ဒါကတော့ လုပ်ရမယ့် ကိစ္စတခု ပဲ ဖြစ်ပါတယ်။
ဦးညီရန်း
ပြောခွင့်ရပုဂ္ဂိုလ်
“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)
တရားစွဲခံရတဲ့ကိစ္စအပေါ်မှာ မျက်စိမှိတ် ငြင်းပယ်နေတာထက် ဒီလိုမျိုး ရဲရဲဝံ့ဝံ့နဲ့၊ တာဝန်ယူမှု၊ တာဝန်ခံမှုအ ပြည့်နဲ့ သွားရောက်ဖြေရှင်းမယ်ဆိုတာကို ကျနော်တို့ ကြိုဆိုထောက်ခံပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သွားဖြေရှင်း တာကို ထောက်ခံတယ်။ အမှန်တရားဆိုတာကတော့ ဖုံးကွယ်လို့ရမှာမဟုတ်ပါဘူး။ ဂျီနိုဆိုက်ပြစ်မှု မြောက် တယ်၊ မမြောက်ဘူးဆိုတာကတော့ တရားရုံးကဆုံးဖြတ်ပါလိမ့်မယ်။ ဒါတွေနဲ့ပတ်သက်လို့ ဘယ်သူတွေမှား တယ်၊ ဘယ်သူတွေမှန်တယ်ဆိုတာမျိုးတွေ မပြောလိုပါဘူး။ ကိစ္စတွေကို ပိုမိုရှုပ်ထွေးသွားစေမယ့် အခြေအနေ မျိုး၊ ဖြေရှင်းချက်မျိုးတွေကိုတော့ ကျနော်တို့က အားမပေးပါဘူး။ အရင်တုန်းကလဲ အစိုးရနဲ့ ကျနော်တို့ ပူးပေါင်း မှုတွေလဲ ရှိခဲ့ဖူးတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ် (TNL၊ AA၊ MNDAA) အဖွဲ့တွေနဲ့လည်း ကျနော်တို့က နည်းနည်းကွဲလွဲတာတွေလဲရှိတယ်။ ကွဲလွဲတယ်ဆိုတာကလဲ ကျနော်တို့ရဲ့ ဖြစ်တည်မှုအပေါ်မှာ အခြေခံတာပေါ့နော်။ အစိုးရနဲ့ကျနော်တို့ ငြိမ်းချမ်းရေး ယူလာတာကလည်း နှစ် ၃၀ ကျော်ရှိပြီ။ သူတို့ဒေသမှာကျတော့ နေ့စဉ်နဲ့အမျှ တိုက်ပွဲဖြစ်နေတဲ့အခါကျတော့ သူတို့က ရန်ဖက်လိုပုံစံမျိုးဖြစ်နေတော့ ရှုထောင့်ကလဲ ဘယ်တော့မှတူမှာမဟုတ်ပါဘူး။
သူတို့ရဲ့နယ်မြေ ဒေသတွေမှာ ငြိမ်းချမ်းတဲ့တနေ့ကျရင် သူတို့ရဲ့ အမြင်သဘောထားတွေလည်း ပြောင်းလဲကောင်း ပြောင်းလဲ လာနိုင်ပါတယ်။ ကျနော်တို့ ဒီလိုမျိုး သဘောထားကွဲလွဲပေမယ့်လည်း FPNCC ရဲ့စုဖွဲ့မှုအပေါ် တစုံတရာ ထိခိုက် မှုမရှိပါဘူး။ သီခြားအမြင်တွေက ကွဲလွဲနေကြပါ။ ကျနော်တို့ပုံမှန် ဆက်သွယ်မှု၊ ဆက်ဆံမှုတွေရှိနေပါတယ်။ အ စိုးရနဲ့ ပူးပေါင်းမှုဆိုတာကတော့ အစိုးရက ဘယ်လိုကမ်းလှမ်းလာမလဲပေါ့။ ဌာနချုပ်နဲ့လည်း အမြဲတမ်း အ ဆက်အသွယ်တွေရှိနေတော့ ဒါက လူကြီးတွေအပိုင်းပါ။
ဦးကြည်မြင့်
ပြောခွင့်ရပုဂ္ဂိုလ်
အမျိုးသားဒီမိုကရေစီမဟာမိတ်(NDAA/မိုင်းလား)
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့တိုင်းပြည်ဟာ ကျနော်တို့ကို ဒီလိုလျှောက်စွပ်စွဲတာကို ကျေနပ်မှာမဟုတ် ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အဖွဲ့ဖွဲ့ပြီးတော့မှ ဦးစီးပြီးမှ သွားရောက်ဖြေရှင်းမယ်ဆိုရင် ကျနော်တို့ အ ထူးဒေသ–၄ (မိုင်းလား)အနေနဲ့ဆိုလို့ရှိရင် ကျနော်တို့ထောက်ခံပါတယ်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ
ဦးဆောင်နာယက
ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)
ICJ ကတော့ ကုလသမဂ္ဂနဲ့ ဆက်စပ်ပြီးတော့ ကုလသမဂ္ဂရဲ့ ဂျီနီဗာကွန်ဗင်းရှင်းတွေကို ဖောက်ဖျက်တယ်ဆိုပြီး စွပ်စွဲတဲ့သူရှိလို့ စွပ်စွဲတဲ့သူလည်း ခေါ်တွေ့မယ်။ စွပ်စွဲခံရတဲ့သူလည်း ခေါ်တွေ့မယ်ပေါ့။ အဲဒီသဘောမျိုးနဲ့ အမှုက ဖြစ်လာတာပါ။ ICC ထက်စာရင်တော့ ICJ ကတော့ ပိုပြီးတရားမျှတမှုအတွက် ကောင်းတာပေါ့။ တရား မျှတမှုအတွက် ရှာဖွေတဲ့ ရုံးဆိုတော့။ ဒီရုံးက ဆုံးဖြတ်တဲ့အလေ့ အထတော့ မရှိပါဘူး။ ဒါကြောင့် ICJ မှာ ရှင်း မယ်လို့ ပြောတာမှန်ပါတယ်။ အားလုံးက ဂျီနီဗာ ကွန်ဗင်းရှင်းကို လေးစားလိုက်နာကြမယ်ဆိုတဲ့ သဘောမျိုး လောက်နဲ့ပဲ ပွဲပြီးသွားနိုင်ပါတယ်။ ဒါကြောင့် ဘာမှကြီးကြီးကျယ်ကျယ် အန္တရာယ်မရှိဘူးလို့ ယူဆတယ်။
ကျနော်တို့အတွက်လည်း တတ်နိုင်သလောက် ICJ မှာ နည်းလမ်းရှာဖို့ ကျနော်တို့ အတွေ့အကြုံတွေနဲ့ ဝိုင်းကူ သင့်တာ ကူရမှာပေါ့။ နောက် ICC ကတော့ ရာဇဝတ်ကြောင်းပါတော့ မသွားသင့်ဘူး။ ဒါကတော့ ရာဇဝတ် ကြောင်း မပါဘူး။ နိုင်ငံတကာ စာချုပ်ကို ဖောက်ဖျက်တယ်လို့ ယူဆတဲ့အတွက် သဘောလောက်ပဲရှိပါတယ်။ ဒီ ICJ က တရားလိုအဖြစ် အမှုတင်တာကို လာတင်ပြပေါ့။ ခိုင်လုံတဲ့အကြောင်းပြောရမှာ။ အခုက စွဲချက်တင်သင့်၊ မတင်သင့် ကြားနာတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။ ပြီးရင် ဒီလုပ်ငန်းစဉ်က သိပ်ကြာတယ်။ ၅ နှစ်၊ ၁၀ နှစ်အထိ ကြာတတ်တယ်။ ဘယ်သောအခါမှာ အမှုရှုံး၊ နိုင်ဆိုတာ မရှိဘူး။
ဦးထွန်းဇော်
အထွေထွေအတွင်းရေးမှူး
ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)
ICJ ကတော့ တိုင်းပြည်ကို တရားစွဲတဲ့ပုံစံ။ တိုင်းပြည်ကို တရားစွဲတဲ့ အကြောင်းရင်းကို ကြည့်လိုက်တော့ အဓိ က ကတော့ ကျနော်တို့ ရခိုင်မြောက်ပိုင်းက အစုလိုက်အပြုံလိုက် ထွက်သွားတဲ့ အပေါ်မှာ မူတည်ပြီးတော့ သူ တို့က စွဲချက်လုပ်တာပေါ့။ ဂမ်ဘီယာနိုင်ငံကနေမှ OIC အဖွဲ့ဝင် ၅၇ နိုင်ငံ ကိုယ်စားသူက တရားစွဲတဲ့ သဘော မျိုး တွေ့ရပါတယ်။ ဒီအပေါ်မှာ ကျနော်တို့ မြင်တဲ့အမြင်ကတော့ ကျနော်တို့ တိုင်းပြည်ကတော့ အညှီရှိတော့ ယင်ကောင်လာတာပေါ့။ ကျနော်တို့ တိုင်းပြည်က ပြည်တွင်းစစ်ဖြစ်တဲ့ တိုင်းပြည်ဖြစ်တော့ တိုင်းရင်းသား အချင်းချင်း ကလည်း ဒီပြည်တွင်းစစ်ထဲမှာ သံသရာလည်နေတုန်းပဲ။
တဆင့်ချင်းပြောရင်တော့ တိုင်းပြည်က ပြန်လည်တည်ဆောက်တဲ့ ဖြစ်စဉ်ကလည်း ပဋိပက္ခနဲ့ သွားနေတယ်။ ခိုင်မာအားကောင်းတဲ့ စည်းလုံးညီညွတ်တဲ့ တိုင်းပြည်တခုမဟုတ်တဲ့ အနေအထားမှာ ဒီလိုမျိုးဖြစ်တဲ့ကိစ္စက တော့ ကျနော်တို့အတွက် သိပ်ဆန်းတယ်လို့တော့ မမြင်ဘူး။ ဘာလို့ဆို တိုင်းရင်းသားအချင်းချင်း ကျနော်တို့ ပဋိပက္ခဖြစ်နေတာကလည်း နှစ်ပေါင်း ၇၀ ကျော်ပြီ။ ပဋိပက္ခသံသရာကလည်း လည်နေတဲ့အခါကျတော့ ပဋိပက္ခအသစ်တွေလည်း ထပ်ပေါ်လာတာပေါ့။ ICJ မှာ တရားစွဲတယ်ဆိုတဲ့ကိစ္စကတော့ တကယ့် ပဋိပက္ခ တွေပေါ်မှာ မူတည်ပြီးတော့မှ ပဋိပက္ခ အသစ်တခု ထပ်ပေါ်လာတာဖြစ်တယ်။ တိုင်းပြည် ရဲ့အရင်းခံပြဿနာ ကတော့ ပြည်တွင်းစစ် ရှိနေတာရယ်၊ တိုင်းပြည်မှာက စစ်တပ်ကနေ နိုင်ငံရေးအာဏာယူပြီး မှ တိုင်းပြည်မှာ အမျိုးမျိုးချယ်လှယ်နေတဲ့ ပြဿနာပေါ့။ သူ့နေရာ သူမနေတဲ့ ကိစ္စကြောင့် တိုင်းပြည်က ဘေး ထွက်ဆိုးကျိုးဖြစ်တယ်။
တိုင်းပြည်က ဗြိတိသျှ ကိုလိုနီလက်အောက်မှာ နှစ်ပေါင်း ၁၀၀ နီးပါးနေခဲ့ရတယ်။ နောက်ပိုင်းမှာလည်း ပြည် တွင်းစစ်နဲ့ သွားနေတယ်။ ဒီအခြေအနေအောက်မှာ ကျနော်တို့က ပြီးပြည့်စုံတဲ့ နိုင်ငံတခုအဖြစ် ရှိနေဖို့အတွက် ဖန်တီးတည်ဆောက်တဲ့နေရာမှာ အခြေခံ၊ အရင်းခံပြဿနာကို ကျနော်တို့က ဖြေရှင်းရမယ်။ တိုင်းပြည်ရဲ့အ ခြေခံ၊ အရင်းခံပြဿနာကတော့ နိုင်ငံရေးပြဿနာဖြစ်တယ်။ နိုင်ငံရေးပြဿနာကို ဒီနေ့အချိန်အထိ စစ်ရေးနဲ့ ဖြေရှင်းနေတဲ့အခါကျတော့ ကျနော်တို့ တိုင်းပြည်ရဲ့ အခြေခံ၊ အရင်းခံ ပြဿနာလည်း မဖြေရှင်းနိုင်တဲ့အပြင် အရင်းခံပြဿနာပေါ်မှာ မူတည်ပြီးမှ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာတယ်။ ဒီနေ့ ICJ က တရားစွဲတယ်ဆိုတာ ကတော့ ကျနော်တို့ အခြေခံအားဖြင့် ချုပ်ပြီးပြောမယ်ဆိုရင် တိုင်းပြည်ရဲ့အရင်းခံပြဿနာရဲ့ နောက်ထပ်ဘေး ထွက်ဆိုးကျိုးတွေ ဖြစ်တယ်လို့ ကျနော်တို့အနေနဲ့ မြင်ပါတယ်။
ဆက်စပ်ဖတ်ရှုရန်
သဟိဂ်က အမှု ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက်ရှင်းထုတ်နိုင်မလဲ
ICJ အရေး အစိုးရဖြေရှင်းမှု “ဝ” နှင့် မိုင်းလား ထောက်ခံ
မြန်မာနှင့် နိုင်ငံတကာ အခြေအနေများ သမ္မတ ဦးဆောင် ရှင်းပြမည်
မြန်မာကို စစ်ဆေးရန် ICC အတည်ပြု