မြန်မာနိုင်ငံတွင်း ဖြစ်ပွားလျက်ရှိသည့် အလုပ်ရှင် အလုပ်သမား ပြဿနာများသည် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်နိုင် သော စိန်ခေါ်မှု တရပ်ကဲ့သို့ ဖြစ်လာနေပါသည်။
အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့ ရှိပါသော်လည်း အလုပ်သမားများ ထိခိုက်နစ်နာမှု တစုံတရာ ဖြစ်ပေါ် လာပါက ထိရောက်စွာ ဖြေရှင်းပေးနိုင်မှု အလွန်အားနည်း နေပါသေးသည်။
ယခုအခါ ပြည်ပ ရင်းနှီးမြုပ်နှံမှုများလည်း ဝင်ရောက်လျက်ရှိရာ ပြည်တွင်းရှိ အလုပ်သမားများ အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများကို စိတ်ကြိုက် ရွေးချယ်ဖန်တီးနိုင်ခွင့် အခြေအနေလည်း ရှိနေပါသည်။
ယင်း အခြေအနေတွင် အလုပ်သမားရေးရာ အငြင်းပွားမှုများအတွက် အလုပ်သမားများ ဘက်မှ ဝင်ရောက်ဖြေရှင်း ပေးလျက် ရှိသည့် မြန်မာနိုင်ငံ စက်မှုလက်မှု နှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားများ သမဂ္ဂ အဖွဲ့ချုပ် (MICS)မှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင် နှင့် တွေ့ဆုံ၍ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုများ အပါအဝင် အလုပ်သမားရေးရာ ကိစ္စရပ်များကို ဧရာဝတီ သတင်းထောက် ဒီလှိုင်းဝင်းက မေးမြန်းထားပါသည်။
မေး။ ။ အလုပ်သမား အငြင်းပွားမှုတွေကို ဖြေရှင်းတဲ့အခါ ဘယ်လို အရာတွေက အခက်အခဲတွေဖြစ်နေလဲ။
ဖြေ။ ။ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ ယုံကြည်မှုတွေ မရှိကြတာကြောင့် ဖြစ်နေရတာများတယ်၊ နောက်တခုက အခု နောက်ပိုင်းမှာ တခုခုဆိုရင် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေအရ ဖြေရှင်းကြရမှာ ဖြစ်တယ်။ ဒါပေမယ့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို လွှတ်တော်ကနေ ပြန်လည်ပြင်ဆင်လိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်ထိ နည်းဥပဒေ မထွက်နိုင်သေးဘူး ဖြစ်နေတယ်။
နည်းဥပဒေ မထွက်နိုင်တော့ အလုပ်သမား အငြင်းပွားမှု တွေကို ဖြေရှင်းတဲ့အခါမှာ ဥပဒေကြောင်းအရလည်း အားနည်းမှုလေးတွေ ရှိလာတယ်။ ပြီးတော့ မြို့နယ် ညှိနှိုင်း ဖျန်ဖြေ ရေး အဖွဲ့တွေမှာ ညှိနှိုင်းတဲ့အခါမှာလည်း ထိထိရောက်ရောက် မဖြေရှင်း ပေးနိုင်တာမျိုးတွေပေါ့နော်။
ဥပမာ အလုပ်ရှင် ကိုယ်စား လှယ် တွေ မလာတာ၊ တချို့အမှုတွေဆိုရင် အလုပ်သမား ကိုယ်စားလှယ်တွေ မလာတာ မျိုးတွေကြောင့်လည်း ထိထိ ရောက် ရောက် မဖြေရှင်းနိုင်တာမျိုးတွေ ဖြစ်နေရတယ်။ အဲဒီတော့ မြို့နယ် အလုပ်သမား ညှိနှိုင်းဖျန်ဖြေးရေး အဖွဲ့ တွေကို အယုံ အကြည် မရှိလာကြတော့ဘူး၊ အဲဒီမှာ အလုပ်သမားတွေက ဆန္ဒပြလမ်းကြောင်းကို ဦးတည်သွားနေတာကို တွေ့နေရတယ်။
ဆန္ဒပြ ပြီး တောင်းဆိုမှသာ ငါတို့ရဲ့အခွင့်အရေးကို ရမယ်ဆိုတဲ့ အတွေးဝင်သွားပြီ ဆိုရင်တော့ နိုင်ငံရဲ့ပုံရိပ်နဲ့ လုပ်ငန်းခွင် ဆက်ဆံ ရေး တည်ငြိမ်မှုက စိုးရိမ်စရာ အနေအထားကို ရောက်လာမှာ ဖြစ်တယ်။ အဲဒီတော့ စက်ရုံ၊ အလုပ်ရုံအတွင်းမှာ ရှိနေတဲ့ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီတွေ၊ အလုပ်ရှင် အလုပ်သမား ကိုယ်စားလှယ်တွေ အနေနဲ့ အလုပ်သမားတွေ တောင်းဆို လာတာတွေကို လေးလေးစားစားနဲ့ ညှိနှိုင်းဖို့ လိုပါတယ်။ အဲဒီလိုပဲ အလုပ်သမားတွေ အနေနဲ့ကလည်း အလုပ်ရှင် ဘက်က ပြန်တောင်းဆိုလာတာတွေရှိရင် လေးလေးစားစားနဲ့ ညှိနှိုင်းကြဖို့ လိုပါတယ်။
အဲဒီလိုမှ မဟုတ်ဘူးဆိုရင် အလုပ်သမားတွေ ဘက်ကလည်း တခုခုဆိုရင် ဆန္ဒပြပြီးတောင်းဆိုမှပဲ ငါတို့ရဲ့အခွင့်အရေးတွေ ရမယ်ဆိုတဲ့ အစွဲတွေဖြစ်သွားမယ်။ နောက် အလုပ်ရှင်တွေကလည်း အလုပ်သမာတွေတောင်းဆိုတာ ငါတို့ကတော့ အလွယ်တကူနဲ့ မပေးနိုင်ဘူး။ သူတို့ ဘာလုပ်လုပ်ဆိုတဲ့ အမြင်တွေရှိနေရင်တော့ အဆင်ပြေလာမှာ မဟုတ်ပါဘူး။
ဒါကြောင့် ဆန္ဒပြ တာ၊ သပိတ်မှောက်တာတွေသည် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတွေအတွက် အဓိက အဖြေ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။ အဓိကအဖြေကတော့ စစ်မှန်သော တွေ့ဆုံဆွေးနွေးခြင်းကသာ အလုပ်ရှင် အလုပ်သမား ၂ ဘက်လုံးအတွက် အကောင်း ဆုံး အဖြေဖြစ်မယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်။
မေး။ ။ ဆန္ဒပြခြင်းရဲ့နောက်ကွယ်မှာ တခြား အကြောင်းအရာတွေ ရှိနေနိုင်သေးလား။
ဖြေ။ ။ အလုပ်သမားတွေ ဆန္ဒပြတဲ့အပေါ် တချို့ကလည်း နိုင်ငံရေးအရ အသုံးချချင်တာတွေ ရှိမလားပေါ့နော်၊ ဒါတွေကို လည်း ကျနော်တို့ ပြန်ပြီး သုံးသပ်ကြရတာတွေ ရှိတယ်။ ဥပမာ ရွေးကောက်ပွဲ နီးလာတဲ့အခါမှာတော့ ရိုးရိုးသားသားပဲ အလုပ်သမား အငြင်းပွားမှုတွေကို ဖြစ်စေချင်တာပေါ့နော်။ အဲဒီမှာ ကျနော်တို့အလုပ်သမားတွေရဲ့ ပုံရိပ်ကို အသုံးချပြီး တော့ ပါတီတခုအပေါ်ကို အောက်လုံးနည်းနဲ့ တိုက်ခိုက်တာ။ ဒါမှမဟုတ် ပါတီတခုကို အရောင်တင်ဖို့အတွက် ဆန္ဒပြပွဲတွေ ဖန်တီးတာမျိုးကိုတော့ ကျနော်တို့အနေနဲ့ လက်မခံပါဘူး။ ကန့်ကွက်ပါတယ်။
လတ်တလောဖြစ်နေတဲ့ အငြင်းပွားမှုတွေကို ကြည့်မယ်ဆိုရင် အဲဒီလိုအခြေအနေမျိုးတွေ မရှိဘူးဆိုတာကိုတော့ တွေ့ရပါ တယ်။ သို့သော် အဲဒီလိုအနေအထားမျိုး မရောက်ဖို့ဆိုရင် အလုပ်သမား ဝန်ကြီးဌာနမှာရှိတဲ့ ဝန်ထမ်းတွေက အလုပ်သမား အငြင်းပွားမှုတွေကို ကောင်းမွန်စွာ ဖြေရှင်းပေးဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ကျနော်တို့ အလုပ်သမားတွေကို အသုံးချပြီးတော့ နိုင်ငံရေး ကစားခြင်တဲ့သူတွေ အတွက် ထွက်ပေါက်တခု ဖြစ်မှာကို စိုးရိမ်ပါတယ်၊ နိုင်ငံရေး အမြတ်ထုတ် မှု တွေလည်း အများကြီး ဖြစ်လာနိုင်ပါတယ်။
မေး။ ။ မန္တလေးတိုင်းအတွင်းမှာ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတွေမှာ ဒီနေ့အချိန်အထိ ဖြေရှင်းလို့ မရသေးတဲ့ အမှု တွေ ရှိလား၊ ရှိရင် ဘယ်လိုအမှုတွေလဲ ဆိုတာ ပြောပြပေးပါ။
ဖြေ။ ။ ဒီနေ့အချိန်အထိ အငြင်းပွားမှု မပြေလည်သေးတာ ဆိုရင် မန္တလေးတိုင်းမှာ ၂ မှု ရှိပါတယ်။ ပန်ဒါ ချည်မျှင်နဲ့ အထည် စက်ရုံဆိုရင် မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကိုယ်တိုင် ဝင်ရှင်းပေမယ့် အဆင်မပြေတာ တွေ့ ရတယ်။ နောက် ပုဂံက သရပါဟိုတယ် ကိစ္စဆိုရင်လည်း အခုအချိန်ထိ အဆင်မပြေသေးဘူးပေါ့နော်။
မပြေလည်တဲ့ ကိစ္စ တွေမှာ ဘာတွေ လိုအပ်နေသလဲဆိုရင် အစိုးရတရပ်က အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ စစ်မှန်တဲ့ အဖြေတွေ ထွက် လာအောင်လို့ လုပ်ပေးဖို့လိုတယ်လို့ မြင်တယ်။ နောက်တခုကတော့ ကျနော်အမြဲပြောနေတဲ့ တရား ဥပဒေ စိုးမိုးရေး ကိစ္စပေါ့။ အလုပ်ရှင်ဘက်က မှားတယ်ဆိုရင် အဲဒီ အလုပ်ရှင်ကို ထိထိရောက်ရောက် အရေးယူဖို့ ကျနော်တို့က တိုက်တွန်းပါတယ်။
အငြင်းပွားမှုတွေ တော်တော်များများကတော့ ပြေလည်မှု ရကြတာ များလာပါတယ်။ လတ်တလောမှာ ရန်ကုန်က တရုတ် ပိုင် အထည်ချုပ်စက်ရုံ တခုမှာဆိုရင် မြို့နယ် ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ကိုတောင် ရောက်မသွားဘဲ အလုပ်သမား ကိုယ်စား လှယ်၊ အလုပ်ရှင် ကိုယ်စားလှယ်တွေ တွေ့ဆုံပြီးတော့ ညှိနှိုင်းလိုက်တာ မြန်မြန်ဆန်ဆန်ပဲ ပြီးစီးခဲ့ပါတယ်။
မေး။ ။ ပြေလည်တယ်ဆိုရာမှာ ဘယ်လို အကြောင်းတရားတွေကြောင့်လဲ။ ဘယ်လို အပေးအယူမျိုးတွေ အများဆုံး ပါဝင် သလဲ။ မပြေလည်ဘူးဆိုတဲ့ အကြောင်းတရားတွေက ဘာတွေလဲ။
ဖြေ။ ။ အဓိက အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်တွေဆိုရင်တော့ တော်တော်လေးကို ညှိနှိုင်းရပါတယ်။ အကျိုးစီးပွားဆိုင်ရာ ကိစ္စ ရပ်တွေဆိုတာက ကျနော်တို့ အလုပ်သမားတွေ အနေနဲ့ လုပ်ခလစာ တိုးမြှင့် တောင်းခံတာမျိုးတွေ ဆိုရင် ကျနော်တို့ တော်တော်လေး ညှိနှိုင်းကြရပါတယ်။
အလွယ်တကူ ပြေလည်တာမျိုးတွေကတော့ လုပ်ငန်းခွင် ဆက်ဆံရေး ကိစ္စရပ်တွေ ပေါ့။ ဥပမာ QC တွေက ဆဲဆိုတာတွေ၊ နိုင်ငံခြားသား အသုံးပြုပြီးတော့မှ မလျော်သြဇာ လုပ်တာမျိုးတွေပေါ့။ ဒါတွေက တော့ အလွယ်တကူဖြေရှင်းလို့ ရပါတယ်။ အဲဒီတော့ အခွင့်အရေးပိုင်း ဆိုင်ရာကိစ္စရပ်တွေ ဆိုရင်တော့ မြန်မြန်ဆန်ဆန်နဲ့ ပြေလည်တဲ့ သာဓကလေးတွေ ရှိပါတယ်။
မပြေလည်ဘူးဆိုတဲ့ ကိစ္စရပ်တွေမှာတော့ အလုပ်ရှင် အလုပ်သမား နှစ်ဘက်လုံးက စစ်မှန်တဲ့အဖြေရဖို့အတွက် ကြိုးစားဖို့ လိုအပ်နေသေးတယ်လို့ မြင်တယ်။ နောက်တခုကတော့ အစိုးရအဖွဲ့ရဲ့ကြားဝင်ဖြေရှင်းမှုပေါ့။ အလုပ်သမားက ဘယ်လောက်ပဲ လျှော့ချင်နေပါစေ။ အလုပ်ရှင်ဘက်က တင်းခံနေတယ်၊ ဒါမှမဟုတ် အလုပ်ရှင်ဘက်ကပဲ လုံး၀ ပိတ်ထား တာမျိုး ဆိုရင်တော့ လုံးဝအဆင်ပြေမှာ မဟုတ်ပါဘူး။
ဥပမာ သရပါ ဆိုရင် အလုပ်သမားတွေဘက်က အမြဲတမ်း တွေ့ဆုံ ဆွေးနွေးမှုနဲ့အဖြေတခု ရဖို့ ဦးတည်တာတွေ့ပေမယ့် အလုပ်ရှင်တွေဘက်က တင်းမာတာမျိုးပေါ့နော်။ အဲဒီတော့ ကျနော့် အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင်တော့ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့အနေနဲ့ အလုပ်သမား ကိစ္စရပ်တွေ မှာ ပိုပြီး အာရုံစိုက်ပေးဖို့ လိုနေတယ်လို့ ပြောချင်ပါတယ်။
မေး။ ။ အလုပ်သမား သမဂ္ဂတွေက အလုပ်သမား အလုပ်ရှင် ပြဿနာတွေမှာ ဘယ်လောက်အထိ အရေးပါနေသလဲ၊ ဖြေရှင်း ပေးနိုင်တဲ့ အနေအထားတွေ ရှိသလား။
ဖြေ။ ။ အလုပ်သမား သမဂ္ဂတွေက ၂၀၁၁ ခုနှစ် အလုပ်သမား အဖွဲ့အစည်း ဥပဒေအရ တရားဝင် ဖွဲ့စည်းခွင့်ရတဲ့ အဖွဲ့ တွေ ဖြစ်ပါတယ်။ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းရခြင်းရဲ့ရည်ရွယ်ချက်ကိုက လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးကို ရှေးရှု ကြရတာ ဖြစ်တယ်။ အဲဒီတော့ လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေး အတွက်ဆိုရင် ကျနော်တို့က အလုပ်ရှင်နဲ့ မဖြစ်မနေ တွေ့ဆုံ ဆွေးနွေး ရမှာဖြစ်ပါတယ်။
ဒါကြောင့်မို့ အလုပ်သမားတွေကို ကိုယ်စားပြုပြီး ဖွဲ့ထားတဲ့ စစ်မှန်သော အလုပ်သမား သမဂ္ဂများက လုပ်ငန်းခွင်လိုအပ်ချက်တွေ၊ အကျိုးစီးပွား ဆန်ဆန်ကိစ္စရပ်တွေကို တင်ပြလာပြီဆိုတာနဲ့ အလုပ်ရှင်တွေက ဦးစား ပေးပြီး ညှိနှိုင်းပေးဖို့ လိုပါတယ်။ အဲဒီလိုမဟုတ်ဘဲ သမဂ္ဂတွေက ညှိနှိုင်းပေးတဲ့အခါ အလုပ်ရှင်ကနေ စိတ်ဝင်စားမှု မရှိတာ၊ နှစ်ဘက်လုံးက သံသယတွေနဲ့ ရှိနေတာမျိုး ဆိုရင် အဆင်ပြေမှာ မဟုတ်ပါဘူး။
အလုပ်သမား သမဂ္ဂတွေက အလုပ်သမား တွေကို ကိုယ်စားပြုပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် အရေးကြီးသော အခန်းကဏ္ဍမှာ ရှိနေ ပါတယ်။ ဒါကို အလုပ်ရှင်များက နားလည်သဘောပေါက်ဖို့ လိုပါတယ်။
မေး။ ။ တချို့သော အလုပ်သမား ပြဿနာတွေမှာ သမဂ္ဂတွေကို ပြိုကွဲအောင် လုပ်ဆောင်တယ် ဆိုတဲ့ ပြောဆိုချက်တွေ ရှိနေတဲ့ အပေါ်မှာ ဘာများပြောချင်ပါသလဲ။ နောက်ပြီး သမဂ္ဂပြိုကွဲအောင် လုပ်ဆောင်တယ် ဆိုတဲ့ ပြဿနာမျိုး မန္တလေး တိုင်းမှာ ဘယ်လောက် ရှိပါသလဲ။
ဖြေ။ ။ အလုပ်သမား သမဂ္ဂနဲ့ ပတ်သက်တာတွေဆိုရင် မန္တလေးတိုင်းမှာတော့ အများကြီးပဲ ရှိနေပါတယ်။ ဘာကြောင့်လဲ ဆိုရင် မန္တလေးတိုင်း အစိုးရအနေနဲ့ အလုပ်သမားရေးရာ ကိစ္စနဲ့ ပတ်သတ်လာရင် သိပ်ပြီး အာရုံမစိုက်တာကို တွေ့ရပါ တယ်။
ပြောရမယ်ဆိုရင် မီကို ကော်ဖီမစ် စက်ရုံမှာဆိုရင် အိမ်သာသွားလို့ ဆိုပြီးတော့ အလုပ်သမားတွေကို အလုပ်ထုတ်ခဲ့ တာရှိတယ်။ မြန်မာမေကောင်း သစ်အချောထည် စက်ရုံမှာလည်း EC စာချုပ်ကို အသုံးပြုပြီး ထုတ်ပစ်လိုက်တာမျိုးတွေ ရှိတယ်။ သရပါမှာ ဆိုလည်း ထုတ်လိုက်တာပဲ။ အဲဒီလို အထုတ်ခံရသူတွေ တော်တော်များများက သမဂ္ဂ အဖွဲ့ဝင်တွေ၊ ခေါင်းဆောင်တွေ ဖြစ်နေကြတယ်။
အလုပ်ရှင်တွေက အလုပ်ထုတ်တဲ့အခါမှာ အလုပ်သမား သမဂ္ဂ ပြိုကွဲအောင်ဆိုပြီး ခေါင်းစဉ်တပ်ပြီး ထုတ်တာမျိုး မလုပ်ကြဘူး။ သူတို့အသုံးပြုတာသည် လုပ်ငန်းခွင် စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာလို့၊ အလုပ်ခန့်ထားမှု ဆိုင်ရာ သဘော တူညီ ချက် စာချုပ်ပါ အချက်တွေကို ချိုးဖောက်လို့ ဆိုပြီးတော့မှ အပြစ်ရှာပြီး ထုတ်တာမျိုးတွေပါ။
အဲဒီတော့ ကျနော်တို့ အမြဲ ပြော နေရတာက အလုပ်ခန့်ထားဆိုင်ရာ သဘောတူ စာချုပ်ပါ အချက်တွေကို ချိုးဖောက်တယ် ဆိုရင်လည်း အဲဒီ အချက်တွေအရ ချက်ချင်း အလုပ်ထုတ်လို့ ရနိုင်တဲ့ အထိ ရှိသလား ဆိုတာမျိုးတွေကို ပြောနေရတာတွေ ရှိတယ်။ အဓိက ကျနေ တာကတော့ အလုပ် ထုတ်ခံရတဲ့ အလုပ်သမား တော်တော်များများကတော့ သမဂ္ဂ အဖွဲ့ဝင်တွေပဲ။
မေး။ ။ အလုပ်ခန့်ထားဆိုင်ရာ သဘောတူစာချုပ်ပါ အချက်တွေမှာ အဓိကဘာတွေပါဝင်တာ များသလဲ၊ အဲဒီမှာ အလုပ်ရှင် အလုပ်သမား မျှတတဲ့ အခြေအနေတွေ ရှိသလား။
ဖြေ။ ။ အလုပ်ခန့်ထားဆိုင်ရာ သဘောတူစာချုပ်မှာ အချက်၂ ချက်က အဓိကပေါ့။ ကြီးလေးသောပြစ်မှုနဲ့ သာမန်ပြစ်မှု ပေါ့ နော်။ ကြီးလေးသော ပြစ်မှုမှာက အလုပ်သမားတွေ အနေနဲ့ တန်းပြီးတော့ အလုပ်ထုတ် ခံရနိုင်တဲ့ အခြေအနေ ရှိပါတယ်။ သာမန်ပြစ်မှု ဆိုရင်တော့ ပထမအကြိမ် သတိပေးတာ၊ ဒုတိယအကြိမ် စာနဲ့သတိပေးတာ၊ တတိယတကြိမ် နို့တစ်ပေးပြီး တော့ မှ စတုတ္ထအကြိမ် ဆိုရင်တော့ အလုပ်ထုတ်ခံရတာပေါ့နော်။ အဲဒီလိုဆိုရင် အလုပ်သမားက နစ်နာကြေး မရပါဘူး။
ဒါပေမယ့် အခုနောက်ပိုင်းမှာ အလုပ်ရှင်တွေက အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချူပ်ကို တလွဲ အသုံးချလာတာကို တွေ့လာရတယ်။ ဘာလဲဆိုတော့ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် သက်တမ်း ကုန်ဆုံးလို့ အလုပ်သမားတွေကို အလုပ်မခန့်တော့ဘူး ဆိုတဲ့ ပြဿနာတွေ ဖြစ်လာတာ တွေ့ရတယ်။
ဒီတော့ ကျနော်တို့အနေနဲ့က ၂၀၁၅ ခုနှစ်က အမျိုးသား အဆင့် ဆွေးနွေးမှုမှာ အလုပ်သမားတွေကို အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ် သက်တမ်း ကုန်ဆုံးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်သမားတွေကို အလုပ်ထုတ်ပစ်လို့ မရဘူး ဆိုတဲ့ သဘောတူညီမှု ရထားတာ ရှိပါတယ်။
ဒါပေမယ့် လက်ရှိအချိန်မှာ အလုပ်ရှင်တွေက ဒီအချက်ကို ချိုးဖောက်ပြီးတော့ လုပ်နေကြတာကို အလုပ်သမား ဝန်ကြီးဌာန ဘက်ကလည်း တားဆီးပေးတာမျိုး မရှိတာကို တွေ့နေရပါတယ်။
ထင်ထင်ရှားရှား ဆိုရင်တော့ ရန်ကုန်က ယူနီလေးဘား ဆိုတဲ့ ကုမ္ပဏီက အလုပ်သမား ၆ ဦးကို အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ် သက်တမ်း ကုန်ဆုံးလို့ အလုပ်က ရပ်စဲ ပြီး အလုပ်ထုတ်ပါတယ် ဆိုတဲ့ ကိစ္စတွေ ရှိလာပြီဖြစ်ပါတယ်။ ဒါတွေကတော့ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ်မှာ ကျနော်တို့ အလုပ်သမားတွေ အတွက် မမျှတဲ့ အခြေအနေလို့ ပြောရမှာဖြစ်ပါတယ်။
အဲဒီတော့ ကျနော်ပြောချင်တာက လုပ်ငန်းခွင် စည်းမျဉ်းစည်းကမ်းတွေကို အလုပ်သမားတွေက ချိုးဖောက်တဲ့အခါမှာ တခါတည်း အလုပ်ထုတ်ပစ်ပြီးတော့မှ အရေးယူပစ်တာမျိုး မဟုတ်ဘဲနဲ့ စနစ်တကျနဲ့ လုပ်ငန်းခွင် အတွင်းမှာရှိတဲ့ အလုပ်ရှင် ကိုယ်စားလှယ်တွေ၊ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းပြီးတော့မှ အရေးယူတာမျိုးတွေ လုပ်သင့် တယ်လို့ ပြောချင်တယ်။ တကယ် အရေးယူရတော့မယ် ဆိုရင်လည်း ညှိနှိုင်းဆွေးနွေးချက်အရ မဖြစ်မနေ အရေးယူ ရတော့မယ် ဆိုတာမျိုး မှတ်တမ်းတွေနဲ့ချပြပြီး အလုပ်သမားသမဂ္ဂကို အသိအမှတ်ပြုတာမျိုးတွေ အရင်လုပ်ဖို့ လိုပါတယ်။
နောက်တခု အနေနဲ့ကတော့ လုပ်ငန်းခွင်နဲ့ ကိုက်ညီတဲ့ စည်းမျဉ်းစည်းကမ်းတွေကို သီးသန့်ထပ်မထည့်ဘဲ နေပြည်တော် က သတ်မှတ်ပေးလိုက်တဲ့ အချက်တွေကို အများဆုံး အသုံးပြုနေတာကို တွေ့ရတယ်။ စည်းမျဉ်းစည်းကမ်း ဆိုတာ အားလုံး တပြေးညီ သတ်မှတ်လို့ မရပါဘူး။ ဥပမာ မုန့်စက်ရုံက စည်းမျဉ်းစည်းကမ်းနဲ့ သံမဏိနဲ့သံရည်ကျိုက စည်းမျဉ်း စည်း ကမ်း မတူနိုင်ပါဘူး။ အဲဒီတော့ မိမိတို့ရဲ့ လုပ်ငန်းခွင်နဲ့ ကိုက်ညီသော စည်းမျဉ်းစည်းကမ်းများကိုလည်း ထည့်သွင်း ရေးဆွဲထားဖို့ လိုပါတယ်။
နေက်တချက် တချို့စည်းမျဉ်းစည်းကမ်းတွေက လုပ်ငန်းခွင်နဲ့ကိုက်ညီမှုမရှိဘဲ အလုပ်သမားကို ဒုက္ခရောက် အောင်လို့ တမင် ထည့်ထားတာမျိုးတွေကိုလည်း တွေ့လာရတယ်။ အဲဒီတော့ အလုပ်သမားတချို့က အလုပ် ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် မချုပ်ချင်ကြတော့ဘူး ဆိုပြီး ဖြစ်လာတယ်။ အဲဒီလိုသာဆိုရင် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ်ဆိုတာ လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေး အတွက် ဆိုတဲ့ ဦးတည်ချက်တွေ ပျောက်ဆုံးကုန်မှာ ဖြစ်ပါတယ်။
မေး။ ။ အလုပ်သမားတွေ အတွက် တိကျခိုင်မာတဲ့ ဥပဒေတွေရော ရှိပြီလား။
ဖြေ။ ။ အလုပ်သမား ဥပဒေလို့ ပြောရင်တော့ အများကြီး ဖြစ်နေတာပေါ့နော်။ လတ်တလောမှာတော့ လုပ်ငန်းခွင် ဘေး အန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေး ဥပဒေကို လွှတ်တော်ကနေ ပြဌာန်းလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေကို နိုင်ငံ တော် သမ္မတက လက်မှတ်ရေးထိုးမှပဲ ဥပဒေက အသက်ဝင်မှာ ဖြစ်ပါတယ်။ သို့သော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဆိုရင် တော့ သမ္မတ လက်မှတ် မထိုးရင်လည်း လွှတ်တော်က ပြဌာန်းပြီး ၁၄ ရက်ဆိုတာနဲ့ အသက်ဝင်တာပေါ့လေ။
အခု လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေး ဥပဒေကတော့ သမ္မတက လက်မှတ်ရေး ထိုးရမယ်ဆိုပြီး ပါလာတာပေါ့နော်။ ဒါကြောင့် သမ္မတ လက်မှတ်ရေးထိုးဖို့ ကိစ္စလေးကို ကျနော်တို့အနေနဲ့ တိုက်တွန်းနေရတယ်။
နောက် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ ဆိုရင်လည်း နည်းဥပဒေ ထွက်လာဖို့ လိုနေပါတယ်။ နည်း ဥပဒေ ထွက်လာမှ အကျိုးစီးပွားဆိုရင် ဘယ်လိုဖြေရှင်းရမယ်၊ အခွင့်အရေးပိုင်းဆိုင်ရာ ဆိုရင် ဘယ်လို ဖြေရှင်းရမယ် ဆိုတာမျိုး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
မေး။ ။ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အလုပ်သမားတွေ အတွက် ဘယ်လိုတွေ ပြင်ဆင်ဖို့ လိုအပ်သလဲ။
ဖြေ။ ။ စီမံကိန်းဆိုတာမှာ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေနဲ့ ပြည်တွင်း ရင်းနှီးမြှပ်နှံမှုတွေပေါ့နော်။ အဲဒီလို စီမံကိန်းတွေ ဝင်လာ ပြီ ဆိုရင် ကျနော်တို့ အလုပ်သမားတွေ ဘက်က ကျွမ်းကျင်မှုတွေကို မြှင့်တင်ထားဖို့ လိုအပ်သလို နိုင်ငံတော် အသိအမှတ် ပြု လက်မှတ်တွေ ထုတ်ပေးဖို့လည်း လိုပါတယ်။
လက်ရှိအခြေအနေမှာ အစိုးရကနေ ကျွမ်းကျင်မှု လက်မှတ်တွေ ထုတ်ပေး နေ တာတော့ ရှိပေမယ့် အားနည်းချက်တွေကတော့ ရှိနေပါသေးတယ်။ ဘာတွေလဲဆိုတော့ သူတို့ သတ်မှတ်ထားတဲ့ သင်ရိုး ညွှန်းတမ်း အတိုင်း ဖြေဆိုအောင်မြင်သူတွေကို ထုတ်ပေးတာမျိုးက တကယ့်လုပ်ငန်းခွင်မှာ ထိရောက်မှု မရှိတာကို တွေ့ရ တယ်။
နောက်တခုက အစိုးရက ဖွင့်ထားတဲ့ အလုပ်သမား သင်တန်းကျောင်းတွေမှာ လာတက်မှ ပေးတာကလည်း လုပ်ငန်း ခွင်မှာ ဝင်ရောက်ပြီးသား ဖြစ်နေတဲ့ အလုပ်သမားတွေအတွက် အဆင်မပြေဘူး။ ဒါမျိုးကို ပြင်ဆင်ပေးမှသာ အဆင်ပြေမယ်။
စီမံကိန်းတွေမှာ အလုပ်ရှင် အလုပ်သမား ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်တဲ့ နည်းလမ်းများကို မျှဝေထားဖို့ လိုပါ တယ်။ ပြီးတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်တဲ့အခါမှာ ထိုက်သင့်သော လုပ်ခလစာ ပေးဖို့ အတွက်လည်း တခါ တည်းထည့်သွင်း လုပ်ဆောင်ပေးထားဖို့ လိုပါတယ်။ နောက်တခုက နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များ ဆိုပြီး ခေါ်ယူ မှုကို အစိုးရကနေ နိုင်ငံသားများ လုပ်နိုင်တဲ့အဆင့်တွေ ပါဝင်မလာဖို့ တားဆီးပေးရမယ်။
အချုပ်ပြောရမယ်ဆိုရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာခြင်းသည် နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပြီး ရရှိလာဖို့ အဓိက ရည်ရွယ် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် အောင်သပြေ ဘိလပ်မြေစက်ရုံမှာ ဆိုရင် ဒေသခံ ဌာနေ တိုင်းရင်းသားတွေကို ခန့်ထားမှု ဘယ်လောက်ရှိသလဲ၊ တရုတ်နိုင်ငံသားတွေ ခန့်ထားမှု ဘယ် လောက် ရှိသလဲ ဆိုတာကို ကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံ မှုကို ခွင့်ပြုပေးရုံတင် မဟုတ်ဘဲ နိုင်ငံသားတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း ဘယ်လောက် အထိ ဖန်တီးပေးနိုင် သလဲ ဆိုတာကိုပါ ကြည့်ရမှာ ဖြစ်ပါတယ်။
မေး။ ။ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အတွက်ဆိုရင် ဘယ်လိုတွေ လုပ်ဆောင်ပေးဖို့ လိုသလဲ။
ဖြေ။ ။ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး ဆိုရာမှာ အဓိက ပင်မရေသောက်မြစ်ဖြစ်တဲ့ ဥပဒေ အရကိုက အားနည်း နေတာ ဖြစ်ပါတယ်။ အခုတော့ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေး ဥပဒေကို လွှတ်တော်က အတည်ပြု လိုက်တယ်။ သမ္မတ လက်မှတ်မထိုးတဲ့အတွက် ဒီဥပဒေကို ကျနော်တို့ကျင့်သုံးလို့ မရဘူး ဖြစ်နေတယ်။ ဒါကြောင့် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးဥပဒေကို အတည်ပြုပြီးတာ ဖြစ်တဲ့ အတွက် သမ္မတ အနေနဲ့ စောလျင် စွာ လက်မှတ်ထိုးပေးဖို့ လိုနေပါတယ်။ အခုတော့ လွှတ်တော်က အတည်ပြု ပြဌာန်းပေးလိုက်ပေးမယ့် ကျနော်တို့ ဘာမှ လုပ်လို့မရဘူး ဖြစ်နေတယ်။ ဒါကပထမ အားနည်းချက်ဖြစ်တယ်။
ဒုတိယ အားနည်းချက်ကတော့ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လာရင် စစ်ဆေးကြီးကြပ်မှု အပိုင်းမှာ တော်တော်လေး အားနည်းနေတာကို တွေ့ရပါတယ်။ ပြီးတော့ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်း ရေး နဲ့ ကျန်းမာရေး ဆိုင်ရာ ကိစ္စတွေကို စစ်ဆေးကြီးကြပ်မယ့် ကျွမ်းကျင်သူကလည်း ကျနော်တို့နိုင်ငံမှာ နည်းနည်းလေးပဲ ရှိတာကြောင့်လည်း ထိထိရောက်ရောက် မစစ်ဆေးနိုင်တာကို တွေ့ရတယ်။ ဒါကတော့ အစိုးရပိုင်း ရဲ့ကဏ္ဍ ဖြစ်ပါတယ်။
ပြီးတော့ အလုပ်ရှင်တွေဘက်လည်း အားနည်းချက်တွေရှိတယ်။ ဘာတွေလဲဆိုတော့ PPEA ပေါ့။ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းဖို့ အလုပ်သမားတွေ အတွက် ထုတ်ပေးထားတဲ့ ပစ္စည်းတွေက အရည်အသွေး ပြည့်မီခြင်း မရှိတာတွေပေါ့။ အဲဒီလို ပြောတော့ ပြဿနာက ရှိလာပြန်တယ် ဘာလဲဆိုတော့ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး အတွက် အရည်အသွေး ပြည့်မီ သောပစ္စည်းများလို့ ပြောလိုက်တာနဲ့ ကုန်ကျစရိတ်က တက်လာတယ်။ ဒီတော့ လုပ်ငန်းရှင်တွေဘက်က ကုန်ကျစရိတ် မြင့် တက်မှုရှိတာကြောင့် တော်တော်များများက ဒီကဏ္ဍကို မသိကျိုးကျွံ ပြုကြတာများပါတယ်။
ပြောချင်တာက အရည်အသွေး ပြည့်မီသော ပစ္စည်းများဆိုရင် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အတွက် အတော်အသင့် စိတ်ချရတဲ့ အခြေအနေရှိပြီးသား ဖြစ်တယ်။ အရည်အသွေးမမီသော ပစ္စည်းများကို အသုံးပြုလေ ကျနော်တို့ အလုပ်သမားတွေ အတွက် အန္တရာယ်များတယ် ဆိုတာကို လုပ်ငန်းရှင်တွေအနေနဲ့ သဘောပေါက်ဖို့ လိုပါတယ်။
နောက်တခုက ကျနော်တို့အလုပ်သမားတွေရဲ့အားနည်းချက်တွေဖြစ်ပါတယ်၊ ကြာတော့ ဓလေ့တခုလိုကို ဖြစ်နေတာ။ ဘာလဲ ဆိုတော့ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အတွက် အလုပ်ရှင်က ထုတ်ပေးထားတဲ့ ပစ္စည်းတွေကို ကောင်းမွန်စွာ အသုံးချမှု မရှိတာပေါ့၊ ဒါကိုလည်း လုပ်ငန်းရှင်တွေဘက်က စနစ်တကျပြုပြင် ပြောင်းလဲလေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။
လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အတွက်ကို အစိုးရနဲ့သက်ဆိုင်ရာ အဖွဲ့အစည်းများက ဦးစားပေးစစ်ဆေးဖို့ လိုပါတယ်။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအတွက် သုံးကိုသုံးရမယ့်ပစ္စည်းတွေကို မဖြစ်မနေအသုံးပြုဖို့ကိုလည်း တိုက်တွန်း ပေးဖို့ လိုပါတယ်။ အဲဒီလို လုပ်ဆောင်ပေးမှသာ လုပ်ငန်းခွင်ထိခိုက်မှု အန္တရာယ်တွေကို လျှော့ချလာနိုင်မှာ ဖြစ်ပါတယ်။
မေး။ ။ လက်ရှိနိုင်ငံတွင်းမှာ လည်ပတ်နေတဲ့ လုပ်ငန်း အမျိုးအစားတွေထဲက လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အတွက် စနစ်တကျ ကြပ်ကြပ်မတ်မတ် လုပ်ဆောင်ပေးဖို့ လိုအပ်နေတာ ဘယ်လို လုပ်ငန်းအမျိုးအစားတွေဖြစ်မလဲ။ လုပ်ငန်းခွင် အတွင်း မှာ ဘယ်လိုအန္တရာယ်တွေ ကြုံတွေ့နေရသလဲ။
ဖြေ။ ။ အရေးအကြီးဆုံးအနေနဲ့ ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဖို့ဆိုရင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ ဖြစ်ပါတယ်။ ပြီးတော့ ဓာတ်သတ္ထု တူးဖော်တဲ့ လုပ်ငန်းတွေ၊ ဆေးဆိုးပန်းရိုက် လုပ်ငန်းတွေကလည်း အန္တရာယ်ရှိ စာရင်းထဲမှာ ပါပါ တယ်။
လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အတွက် ခွဲခြမ်းစိတ်ဖြာပြီး ပြောရမယ်ဆိုရင် နှစ်ပိုင်းဖြစ်ပါတယ်။ ပထမ တခုကတော့ အလွယ်တကူ မျက်စိနဲ့မြင်နိုင်သော ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် အမြင့် ကနေ ပြုတ်ကျတာ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်း ချို့ယွင်းသွားတာမျိုးပေါ့လေ။ နောက်တခုကတော့ အလွယ်တကူ မျက်စိဖြင့် မမြင်နိုင်သော ဘေးအန္တရာယ်များ ဖြစ်ပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် ဓာတ်ခဲလုပ်ငန်းတွေပေါ့၊ နေ့စဉ်နဲ့အမျှ ကာဗွန်တွေ ကို ရှုရတယ်၊ ကြာလာတဲ့အခါမှာ အဆုတ်နဲ့ပတ်သက်သော ရောဂါများဖြစ်လာတယ်။ ပြောချင်တာက နှစ် အတန်ကြာမှ ဖြစ် လာပြီး ရောဂါလက္ခဏာပြသော ကျန်းမာရေးဆိုင်ရာ ပြဿနာတွေဖြစ်ပါတယ်။
ဒါကြောင့် သက်ဆိုင်ရာ ကနေ စနစ်တကျနဲ့ ဖော်ထုတ်ပြီးတော့ အလုပ်သမားတွေ အတွက် ကာကွယ်ပေးဖို့ လိုပါတယ်။ ဒီလိုလုပ်ငန်းနဲ့ ပတ်သက် ပြီး လုပ်ငန်းရှင်တွေ ဘက်ကလည်း မိမိလုပ်ငန်းကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို မိသားစု စိတ်ဓာတ် နဲ့ တာဝန်ယူပေးဖို့ လိုအပ်ပါတယ်။
မေး။ ။ ကျနော်တို့နိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတဲ့ အလုပ်သမား ပြဿနာတွေထဲက ကလေးလုပ်သား ပြဿနာတွေက ဘာကြောင့် ဖြစ်နေရတာလဲ၊ ကလေးလုပ်သား ပပျေက်ဖို့ဆိုရင် ဘာတွေ လုပ်ဆောင်ဖို့ လိုအပ်မယ် ထင်ပါသလဲ။
ဖြေ။ ။ ကလေး လုပ်သားလို့ ပြောရင် ၁၄ နှစ်အောက်ကို ကလေးလုပ်သားလို့ သတ်မှတ် ထားတာပေါ့နော်။ လက်ရှိမှာတော့ ကလေးလုပ်သား ပပျောက်ရေး အမျိုးသားအဆင့် ကော်မတီဖွဲ့ပြီးတော့ ၃ ပွင့်ဆိုင် ဖြေရှင်းနေတာတွေ ရှိတယ်။ လတ်တလော မှာတော့ အဆိုးရွားဆုံးပုံစံနဲ့ ခိုင်းစေခြင်းခံနေရသော ကလေးအလုပ်သမားများကို အရင်ကယ်ထုတ်နိုင်ဖို့ ကျနော်တို့ ကြိုးစား နေရပါတယ်။
အဆိုးရွားဆုံးလုပ်ငန်းခွင်က ဘာတွေလဲဆိုတာ အဆိုးရွားဆုံး အလုပ်အကိုင်များ စာရင်းကို ကျနော်တို့ ထုတ်ဖော် ထားတာ တွေ ရှိတယ်။ အဲဒီလို လုပ်ငန်းခွင်တွေမှာ ကလေးလုပ်သားတွေ လုပ်ကိုင်နေရတာမျိုးတွေ လျော့ပါးလာအောင် အရင်ဆုံး လုပ်နေ ရပါတယ်။
ကလေးလုပ်သမားတွေ ဘာကြောင့်ရှိနေရသလဲ ဆိုတာကလည်း ပြဿနာရဲ့အဓိကကျတဲ့ အဖြေတခု ဖြစ်နေတယ်။ ဘာလဲ ဆိုတော့ မိဘတွေဖြစ်တဲ့ လူကြီးအလုပ်သမားတွေရဲ့ လုပ်ခလစာ မလုံလောက်မှုကနေ စတာဖြစ်ပါတယ်။
မိဘကဆင်းရဲတော့ မိဘရဲ့ ဝင်ငွေ မလုံလောက်တဲ့အခါ မိသားစုဝင်ငွေ အတွက် သူတို့ရဲ့ သား၊ သမီးတွေသည် ကလေး လုပ်သား ဖြစ်သွားတာပေါ့။
ကလေးလုပ်သား ဖြစ်သွားပြီဆိုကတည်းက သူတို့သည် ပညာသင်ကြားလို့ မရတော့ဘူး။ ပညာ သင်ယူနိုင်မှု အခွင့်အရေးမရှိတဲ့ အခွင့်အရေးမရှိတော့တဲ့ ကလေးတွေ ဖြစ်သွားတာကြောင့် ကျနော်တို့ နိုင်ငံရဲ့ မျိုးဆက် တွေ က တဖြည်းဖြည်း နိမ့်ကျလာရတာဖြစ်တယ်။ အဲဒီတော့ နိုင်ငံအတွက် မျိုးဆက်သစ်တွေက ပညာမတတ်တာတွေ များ လာရင် အနာဂတ် နိုင်ငံတော်အတွက် ဆိုတာကို ပြောလို့မရဘူး ဖြစ်သွားမယ်။
ဒါကြောင့် ကလေးလုပ်သားအရေးကို ကျနော်တို့အနေနဲ့ အမျိုးသားရေး အသိတာဝန်တခုလို တိုက်ဖျက်သွားရမှာ ဖြစ်ပါ တယ်။ ဒီလိုတိုက်ဖျက်ဖို့ကို ကျနော်တို့ နိုင်ငံအနေနဲ့က နှစ်နဲ့ချီပြီး လုပ်ရဦးမယ် ဆိုတာလည်း အားလုံးသိစေချင်ပါတယ်။
မေး။ ။ ကလေးလုပ်သားအများဆုံး လုပ်ငန်းနဲ့ ကလေးလုပ်သားနဲ့ ပတ်သက်လာရင် ဖြစ်ပွားမှုအများဆုံး ပြဿနာတွေ က ဘာတွေလဲ။
ဖြေ။ ။ ကလေး လုပ်သားပြဿနာ ဖြစ်ပွားရမှုတွေကတော့ အများအားဖြင့် ဖြစ်တာကတော့ လုပ်ငန်းခွင်ဆိုင်ရာ အမြတ် ထုတ်မှု တွေပါ။ ဥပမာ ဝပ်ရှော့ လုပ်ငန်းတွေနဲ့ လက်ဖက်ရည်ဆိုင်လို လုပ်ငန်းတွေမှာ အများဆုံးတွေ့နေရတာပါ။ ဘာတွေ လဲ ဆိုတော့ ကလေးတွေကို ဂုဏ်သိက္ခာရှိစွာ မဆက်ဆံဘဲ လူ့ဂုဏ်သိက္ခာနဲ့ မညီတဲ့ အော်ဟစ်ဆဲဆိုတာတွေ၊ ရိုက်နှက် တာ မျိုးတွေပါ၊ ပြီးတော့ အသက်အရွယ် မပြည်သေးတဲ့ ကလေးတွေကို အိမ်အကူအဖြစ် ထားပြီးတော့ ညှဉ်းပန်း နှိပ်စက်မှုတွေကလည်း မကြာခဏ မြင်တွေ့ကြားသိ နေရပါတယ်။
ဒါတွေကတော့ ကျနော်တို့ နိုင်ငံအနေနဲ့ မဖြစ်သင့်တဲ့ ကိစ္စရပ်တွေလို့ ကျနော်မြင်တယ်။ ကလေး အလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ ပြောတဲ့အခါမှာ ကလေးအလုပ်သမားတွေကို အန္တရာယ်ရှိသော အခြေအနေကနေ ဆွဲထုတ်ဖို့ လိုပါ တယ်။ အဲဒီလိုဆွဲထုတ်ဖို့ လုပ်မယ်ဆိုရင် သက်ဆိုင်ရာကနေ အန္တရာယ်ရှိသော အလုပ်အကိုင်များ စာရင်းကို အမြန်ဆုံး ထုတ်ပြန် ပေးဖို့ လိုအပ်ပါတယ်။
လက်ရှိအခြေအနေမှာက အန္တရယ်ရှိသော အလုပ်အကိုင်များစာရင်းကို အစိုးရက သတ်မှတ်ပေးထားတာ မရှိသေးပါဘူး။ ဆွေးနွေးနေဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။
နောက်တခုက ကလေးတွေကို စစ်မှုထမ်းခိုင်းတဲ့ ကိစ္စရပ်တွေဆိုရင်လည်း ကိုင်တွယ်ဖြေရှင်းရမယ့် အရေးဖြစ်တယ်။ ကလေး စစ်သားနဲ့ ပတ်သက်ပြီးတော့ တပ်မတော်တခုတည်းကို ပြောလို့မရဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များကလည်း ကလေးတွေကို စစ်သားအဖြစ် အသုံးမပြုဖို့ အသိပညာပေး လုပ်ငန်းတွေ လုပ်ရမှာဖြစ်ပါတယ်။
ကလေးလုပ်သား ပပျောက်ရေးမှာ အဓိက အကျဆုံးကတော့ နိုင်ငံရဲ့ဆင်းရဲမွဲတေမှုနဲ့ မိသားစု စီးပွားရေး အဆင်မပြေမှု တွေပေါ့ လေ။ တချို့ မိဘတွေဆိုရင် ငါတို့က ငါတို့ကလေးကို အလုပ်မခိုင်းရင် နင်တို့က ကျွေးထားမှာလား ဆိုတဲ့ တုံ့ပြန်မှု တွေကလည်း ကလေးလုပ်သား ပပျောက်ရေးအတွက် အကြီးမားဆုံး စိန်ခေါ်မှုတခု ဖြစ်နေပါတယ်။
အဲဒါကို အမှန်တကယ် ကျနော်တို့ ပြန်ကြည့်တဲ့အခါမှာ အကြောင်းပြချက်တခု အနေနဲ့ တွေ့ရတယ်။
တောနယ် တွေမှာက မိဘတွေကိုက အမှန်တကယ်ကို အဆင်မပြေတာကြောင့် ကလေးတွေကို လက်ဖက်ရည်ဆိုင်တွေမှာ ထားရ တာ၊ ဆံပင်ညှပ်ဆိုင်တွေမှာ ထားရတာ အများကြီးရှိပါတယ်။ သို့သော် ပြောချင်တာက အစိုးရကိုယ်တိုင်က ပညာရေး ကဏ္ဍ မှာ မသင်မနေရ ပညာရေးစနစ်ကို အသက်ပိုင်းခြားပြီးတော့ တိတိကျကျ လုပ်လိုက်မယ် ဆိုရင် မိဘသည် ကလေးကို ခိုင်းခွင့်ကို မရှိတော့ဘဲ ခိုင်းတယ်ဆိုတာနဲ့ တနည်းနည်းအားဖြင့် အရေးယူလိုက်တာမျိုး လုပ်ဖို့လိုတယ်။
ပြီးတော့ မိဘများ ကိုယ်တိုင်က လည်း အမှန်တကယ် ဆင်းရဲတွင်းကနေ ရုန်းထွက်ချင်တဲ့ စိတ်ဆန္ဒရှိဖို့ လိုပါတယ်။ အဲဒီလို ရုန်းထွက်လို့ ရအောင်လည်း ကောင်းမွန်တဲ့ အစီအစဉ်တွေကို လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
မေး။ ။ အလုပ်သမား ပြဿနာတွေကို လက်ရှိ တိုင်းနဲ့ပြည်နယ် အစိုးရ အဖွဲ့များရဲ့ ပါဝင်ဖြေရှင်းမှု အခြေအနေနဲ့ ပြဿနာ အများဆုံးက ဘယ်တိုင်း၊ ဘယ်ပြည်နယ် ဖြစ်မလဲ။
ဖြေ။ ။ ပြဿနာများတာကတော့ စက်ရုံအလုပ်ရုံရှိတဲ့ တိုင်းတွေက များတာပေါ့လေ။ အမှုအများဆုံးက ရန်ကုန်တိုင်းရှိမယ်၊ မန္တလေးတိုင်းရှိမယ်၊ ဖြေရှင်းမှု အားကောင်းတာတော့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ပါပဲ။ ဘာကြောင့်လဲဆိုတော့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်တိုင်က အစိုးရအဖွဲ့ရုံး ရှေ့ကိုလာသော အလုပ်သမားတွေကို တလေးတစားနဲ့ လက်ခံတွေ့ဆုံတာ တွေ အပြင် စိတ်ပါဝင်စားစွာနဲ့ အလုပ်ရှင် အလုပ်သမား ပြဿနာတွေကို ညှိနှိုင်းပေးတာမျိုးတွေ ရှိတယ်။
မန္တလေးတိုင်းမှာတော့ အလုပ်ရှင်အလုပ်သမား ပြဿနာတွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်က တခါမှတွေ့ဆုံတာမျိုး မလုပ်ဖူး ဘူး။ သူနဲ့တွေ့ချင်လို့ အစိုးရအဖွဲ့ရုံးကို အလုပ်သမားတွေ သွားတဲ့အခါမှာလည်း အလုပ်သမားတွေကိုပဲ ဥပဒေအရ အရေး ယူ မယ်၊ အလုပ်သမားတွေက တိုင်းအစိုးရကို ဖိအားလာပေးနေတာ၊ အဲဒီတော့ ဖမ်းမယ်၊ ဆီးမယ်ဆိုတာမျိုးကိုပဲ မန္တလေးတိုင်း မှာ တွေ့နေရတယ်။ ဒါတွေကြောင့်လည်း ကျနော်တို့အနေနဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့ကို ကန့်ကွက်ပြီး ရှုတ်ချနေရပါတယ်။
လက်ရှိအာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသည် အလုပ်သမားရေးရာ ကိစ္စရပ်များကို မူအရ နိုင်နင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်သော အစိုးရမဟုတ်ပါဘူး။ ဒါကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်များကလည်း နိုင်နိုင်နင်းနင်း ကိုင်တွယ် ဖြေရှင်းတာမျိုးကို မတွေ့ရပါဘူး။ များသောအားဖြင့် အလုပ်သမား ဝန်ကြီးဌာနမှာရှိသော ညွှန်မှူးတွေ၊ တိုင်း ဦးစီးမှူးတွေ ပြောတာလောက်နဲ့ပဲ တိုင်းနဲ့ပြည်နယ် ဝန်ကြီးတွေက လမ်းဆုံးနေကြတယ်။
ဒါကြောင့် အလုပ်ရှင် အလုပ်သမား ကိစ္စရပ်များကို လက်ရှိ အစိုးရအဖွဲ့မှာရှိတဲ့ ဝန်ကြီးများ၊ ဝန်ကြီးချုပ်များက စိတ်ပါ ဝင်စား စွာနဲ့ ဖြေရှင်းဖို့ လိုတယ်။ ဒါမှသာလျှင် ကျနော်တို့နိုင်ငံရဲ့ လုပ်ငန်းခွင်ဆက်ဆံရေးကို တည်ငြိမ်အောင် ထိန်းသိမ်း နိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းခွင် ဆက်ဆံရေး တည်ငြိမ်အောင် ထိန်းသိမ်းနိုင်မှသာလျှင် အလုပ်ရှင် အလုပ်သမား ပြဿနာ တွေကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
မေး။ ။ လက်ရှိ အစိုးရအနေနဲ့ အလုပ်ရှင် အလုပ်သမား ပြဿနာတွေ အပေါ်မှာ ဖြေရှင်းပေးနိုင်မှု အခြေအနေများနဲ့ မူဝါဒ ချမှတ်နေမှုများ အပေါ် သုံးသပ်ပေးပါဦး။
ဖြေ။ ။ လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရအနေနဲ့က သူတို့အစိုးရ သက်တမ်းတလျှောက်လုံးမှာ ကျနော်တို့ အလုပ်သမား သမဂ္ဂများနဲ့တွေ့ဆုံတာ လက်ရှိအချိန်ထိ မရှိသေးပါဘူး။ သို့သော် အလုပ်ရှင်များနဲ့ပုံမှန်တွေ့ဆုံမှုကို သူတို့ လုပ်ပါတယ်။ အလုပ်ရှင်များနဲ့ ပုံမှန်တွေ့ဆုံမှု လုပ်တာကြောင့် အလုပ်ရှင်များ တင်ပြသောကိစ္စရပ်များကိုသာ အစိုးရရဲ့ မူဝါဒ အဖြစ် ချမှတ်နေတာကို တွေ့ရတယ်။
ဥပမာ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေမှာ ထောင်ဒဏ် မထည့်သွင်းတဲ့ ကိစ္စရပ်နဲ့ အလုပ်သမား အဖွဲ့အစည်း ခေါင်းဆောင်တွေကို အလုပ်ဖြုတ်တဲ့ အခါမှာ အကာအကွယ်မပေးတာတွေ၊ ပြီးတော့ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ ဥပဒေကို သမ္မတ လက်မှတ်မထိုးဘဲနဲ့ ကြန့်ကြာနေတဲ့ ကိစ္စရပ် အပါအဝင် အလုပ်သမား အငြင်းပွားမှုဖြစ်တာတွေကို စနစ်တကျ မဖြေရှင်းနိုင်တာတွေက လက်ရှိအစိုးရရဲ့ အားနည်းချက် တွေလို့ ပြောရမှာဖြစ်ပါတယ်။
အားလုံးကိုခြုံငုံပြီး ပြောရမယ်ဆိုရင် လက်ရှိ အစိုးရသည် အလုပ်ရှင်နဲ့ အလုပ်သမားများကြားမှာ မှန်မှန်ကန်ကန် မျှမျှတတ ရပ်တည်ပေးဖို့ လိုတယ်လို့ သုံးသပ်ပါတယ်။ ပြီးတော့ အလုပ်ရှင်များနဲ့ ပုံမှန်တွေ့ဆုံသလို ကျနော်တို့ အလုပ်သမား သမဂ္ဂများနဲ့လည်း ပုံမှန်တွေ့ဆုံပေးဖို့ လိုပါတယ်။ ဒါမှသာ အလုပ်ရှင်တင်ပြသော ကိစ္စရပ်များ၊ အလုပ်သမားများဘက်က တင်ပြ သော ကိစ္စရပ်များကို သိရှိပြီး အစိုးရအဖွဲ့တရပ် အနေနဲ့ မှန်ကန်သောမူဝါဒများကို ချမှတ်နိုင်မှာဖြစ်ပါတယ်။
အဲဒီလိုမဟုတ်ဘဲနဲ့ အလုပ်ရှင်များနဲ့ ရင်းနှီးသော ဆက်ဆံရေး၊ နီးကပ်သော ဆက်ဆံရေးကို ထူထောင် တည်ဆောက်ပြီး အလုပ်ရှင်များရဲ့အသံကိုသာ နားထောင်နေသရွေ့ကတော့ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ မျှတသော မူဝါဒကို ချမှတ် နိုင်မှာ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။ ။
You may also like these stories :
နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို ရွှေ့ပြောင်းအလုပ်သမားများလည်း ရသင့်သည်
လုပ်ခ လစာ ၄၈၀၀ သတ်မှတ်ပြီး ၄ လအတွင်း စက်ရုံ ၉ ရုံ ပိတ်သိမ်း
အနိမ့်ဆုံး လုပ်ခလစာ ၇၂၀၀ ကျပ် သတ်မှတ်နိုင်ရန် တောင်းဆိုမည်