ရက္ခိုင်စစ်တပ် (AA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ မိသားစုဝင်များကို ဒီဇင်ဘာ ၄ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ၊ လူဝင်မှု ကြီးကြပ်ရေး ဌာနက ထိန်းသိမ်းလိုက်သည်။
ထိုအထဲတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီး ဒေါ်နှင်းဇာဖြူနှင့် အသက် ၁၂ အရွယ် သမီး စောပြည့်သျှင်၊ အသက် ၁ နှစ်ကျော် သား မြတ်လင်းဇံ တို့ဖြစ်သည်။
အကြောင်းရင်းမှာ မြန်မာနိုင်ငံဘက်မှ အာဏာပိုင်များက တောင်းဆိုသဖြင့် ထိန်းသိမ်း ထားခြင်း ဖြစ်ပြီး မြန်မာနိုင်ငံဘက်သို့ ပြန်လည် ပို့ဆောင်ပေးရန်လည်း ညှိနှိုင်းထားကြောင်း သိရသည်။
မိသားစုဝင်များ ဖမ်းဆီးခံထားရပြီး ကြုံတွေ့နေရသည့် အခြေအနေများနှင့် ပတ်သတ်၍ ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ဆက်သွယ် မေးမြန်းထားသည်။
မေး ။ ။ဗိုလ်ချုပ်ရဲ့ မိသားစုဝင်တွေ ထိုင်းမှာ ဖမ်းဆီးခံရတာက ဘယ်လိုဖြစ်သွားတာလဲ။
ဖြေ ။ ။ ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက ပြဿနာ စတာ။ ကိုကျော်နိုင် ကိစ္စ ပြဿနာ တတ်ကတည်းက မသင်္ကာဘူးလေ။ မသင်္ကာတော့ စာရွက်စာတမ်းကိစ္စတွေ သွားလုပ်ရင် ပြဿနာ ရှိနိုင်တယ် ဆိုပြီးမှ စဉ်းစားမိတာပေါ့။ သူတို့ကလည်း အမှုဆင်ပြီးမှ စွဲမယ် ဆိုပြီး မသင်္ကာလို့ မသွားဖြစ်တာ။ နောက်တခုက ကိုယ်တွေနဲ့ နည်းနည်း သိကျွမ်းရာ လမ်းကြောင်းကနေ စုံစမ်းထောက်လှမ်းကြည့်တော့ သူတို့က မိခင်တို့ ကလေးတို့ ဘာမှ မဆိုင်တဲ့ အစိတ်အပိုင်းတွေ ကတော့ ပြဿနာ မရှိပါဘူး။ ရပါတယ်။ Clear ဖြစ်ပါတယ်လို့ အကြောင်းပြန် လာတဲ့ အနေအထားမှာ ဗီဇာကိစ္စကို သက်တမ်းတိုးတဲ့ အခါမှာ အယုံသွင်းပြီး ဖမ်းသလိုပေါ့။
တဖက်ကတော့ တကယ်တမ်း သူတို့ လုပ်ချင်တာကတော့ ကိုကျော်နိုင် လိုပါ။ ဖမ်းလိုက်မယ်။ ဖမ်းပြီးရင် တခါတည်း မြန်မာဘက်ကို လွှဲမယ်။ ထိုင်းကပဲပြဿနာ ရှိလို့ လွှဲလိုက်သလို အရူးကွက် နင်းပြီး အသာလေး ဖမ်းလိုက်မယ် ဆိုတဲ့ ပုံစံလို့ ထင်ပါတယ်။ ကျနော်တို့လည်း ဥပဒေကြောင်း အရ ဆိုရင် သူတို့က Blacklist လုပ်ထားတယ် ဆိုရင် ဘာကိစ္စလဲဘာအမှုလဲ ဆိုတာ ရှိမယ်လေ။
လဝက က လူတယောက်ကို Blacklist လုပ်တယ်ဆိုရင် ရဲမှာ အမှုဖွင့် ရမယ်။ အမှု ရှိရမယ်။ အပြစ်မရှိတာကို ဆွဲစိပြီး လက်ဝါးရိုက် လုပ်တာက ကျနော်တို့ ထင်တာ ဒီကြားထဲမှာ တစုံတရာ အပေးအယူတွေ တခုခုတော့ ရှိမှာပဲ။ နိုင်ငံတကာ ဥပဒေ လုပ်ထုံး လုပ်နည်းကတော့ တပိုင်းပေါ့လေ။ လဝက ကတော့ အသေချာ ဂွင်တော့ ဆင်တာပေါ့ဗျာ။ ဒီဘက်ကလည်း ဥပဒေအရ လူ့အခွင့်အရေးအရ လုပ်လို့ ရတာတွေတော့ ရှိတာပေါ့။ ၄ ရက်နေ့တည်းက အဆင်ပြေနိုးနိုးနဲ့ ဖြေရှင်းရင်း ၆ ရက်နေ့ကို ရောက်သွားတယ်။ အခု ၇ ရက်နေ့ပေါ့။
ကျနော်တို့ ဘက်ကတော့ အကောင်းဆုံး ဖြေရှင်းဖို့ ကြိုးစားနေတာတော့ ရှိတယ်။
နောက်တခုက နားလည်မှု ပေါ့။ နားလည်မှုဆိုတာ နိုင်ငံတကာနဲ့ လူ့အခွင့်အရေးကြောင်းအရ အကာကွယ်ပေးမယ့် အရာတွေကို ဆောင်ရွက်နေတာ ရှိပါတယ်။ မြန်မာဘက်ကိုတော့ မလွှဲပေး သေးပါဘူး။ အဲ့လို မဖြစ်လာအောင်လည်း ဆောင်ရွက်နေတာ ရှိပါတယ်။
မေး ။ ။ ဖမ်းဆီးလိုက်တဲ့ အကြောင်းအရင်းက ဘာလို့ သိထားရပါသလဲ။
ဖြေ ။ ။ အပြစ်ရှိသလို Blacklist လုပ်ထားတယ်။ အပြစ်ကလည်း ရှာလို့ မတွေ့ တော့ နောက်ဆုံး ပြဿနာက ဘယ်ဟာ ပြန်ဖြစ်သွားလဲ ဆိုတော့ ဒီစာအုပ်ကို မြန်မာအစိုးရကနေ revoke (ရုတ်သိမ်း) လုပ်ထားပြီးပြီဆိုတာမျိုး ဖြစ်သွားတယ်။ ကျနော်တို့ကတော့ မြန်မာအစိုးရ ကနေ revoke လုပ်ထားတာကို မသိဘူးလေ။ တကယ် အပြစ်ရှာမရတဲ့ အချိန်မှာတော့ သူတို့မှာ အပြစ်က မရှိပြန်ဘူး။
တကယ် ပြဿနာက မြန်မာအစိုးရကနေ ကျနော်တို့ လူတွေကို Blacklist စာရင်း ပို့ပြီးမှ စာအုပ်စာတမ်းတွေကို revoke လုပ်ထားပြီးပြီ။ ဒါ့ကြောင့် တရားမဝင်တော့ဘူး ဆိုတာ ပြန်ဖြစ်သွားတယ်။ စာရွက်စာတမ်း တရားမဝင်ဘူး လုပ်လိုက်တယ် ဆိုတော့ တခြား လူ့အခွင့်အရေးကြောင်းအရတော့ ဖြေရှင်းဖို့နည်းလမ်းကတော့ ရှိပါသေးတယ်။
အပြစ် မရှိတဲ့ မိခင်တွေ ကလေးတွေကို တတ်နိုင်သလောက် ကာကွယ်ဖို့ ကြိုးစားတဲ့ အထဲမှာ လူ့အခွင့်အရေး မိတ်ဆွေတွေ ဥပဒေကြောင်းအရ နိုင်ငံတကာ လမ်းကြောင်းပေါ်ကနေ အကူအညီပေးတဲ့ မိတ်ဆွေတွေနဲ့ တွဲပြီး ကြိုးစားနေတော့ရှိပါတယ်။ အဆင်ပြေမယ်လို့ တော့ မျှော်လင့်တာပေါ့။ ခင်ပွန်းတယောက်၊ ဖခင်တယောက်အနေနဲ့တော့ စိတ်ပူတဲ့ အတိုင်းအတာတော့ ရှိတာပေါ့။
ဒါပေမယ့် သိတဲ့အတိုင်းပဲ ကျနော်တို့ ရခိုင်ပြည်မှာ ကျနော်တို့ ကလေးတွေ မိခင်တွေ အများကြီး သေဆုံးနေကြတယ်။ မနေ့ မနက်ပိုင်းက မြန်မာစစ်တပ်က ပစ်ခတ်လိုက်တာကြောင့် ကျည်တွေ အများကြီး ဝင်ပြီး သေသွားတဲ့ ကလေးတွေ ဒီအတိုင်း မြင်ကွင်းထဲမှာ ရှိနေတာပဲ။ သူ့ အမေ အဖေဆို ဘယ်လောက်ထိ ပူလောင်မလဲ။ ဒါတွေကို ကျနော်တို့က အကုန်လုံးအတွက် မိဘသဖွယ်ပဲ စဉ်းစားပါတယ်။ ခံစားပါတယ်။ တာဝန်ခံမှုရော ကျနော်တို့က ဒါမျိုးပဲ ခံယူပါတယ်။
မြန်မာတပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံး ရတဲ့ မိခင်တွေကလေးတွေဆိုရင် ရာကျော်ပါပြီ။
တာဝန်ခံမှု ရှိအောင် တဖက်ကလည်း ကျနော်တို့ လည်း ဥပဒေကြောင်းအရ တုန့်ပြန်တာက တပိုင်းပါ။ ကျနော်တို့က ပြည်သူကို အခြေခံ ထားတဲ့ တော်လှန်ရေး အဖွဲ့အစည်း တခုပဲလေ။ ပြည်သူကို အခြေခံ ပြီးမှ ပီပြင်တဲ့ နိုင်ငံရေး ရည်မှန်းချက်နဲ့ ဆောင်ရွက်နေတဲ့ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး တခုက မိသားစုဝင်တွေ မိတ်ဆွေတွေကို ဖမ်းဆီးလိုက်လို့ ရပ်တန့်သွားတယ် ဆိုတာ ကမ္ဘာ့သမိုင်းမှာလည်း မရှိသလို လူ့သမိုင်းမှာလည်း မရှိသေးပါဘူး။
ကျနော်တို့ဆီက ဆုံးရှုံးသွားတဲ့ ကလေးတွေ မိခင်တွေ အပြစ်မဲ့ ပြည်သူတွေ အတွက်တော့ တရားမျှတမှု ရှိအောင် ကြိုးစားမယ်။ ကျနော်တို့ ရက္ခိုင်တပ်က သူတို့ နေရာကို ကျူးကျော်ပြီး သေသွားတဲ့ ဗမာကလေး ဗမာမိခင်ဆိုတာ ဒီနေ့ထက်ထိ တယောက်မှ မရှိသေးပါဘူး။ ဗမာတပ်က ရခိုင်ပြည်မှာ နယ်လှည့်သောင်းကျန်းလို့ သေသွားတဲ့ ကလေးတွေက တော်တော်များပြီဗျ။
ဒီအတွက်လည်း ခဗျားတို့ဘက်က သတိထားဖို့လိုလာပြီ။ ခင်ဗျားတို့ ကျနာ်တို့ကို အရမ်းလည်း လျော့မတွက်ပါနဲ့ ။ ကျနော်တို့က တရားလည်း ရှိတယ်။ ဓားလည်းရှိတယ်။ ပြတ်ပြတ်သားသား တုန့်ပြန်ရဲတဲ့ ခွန်အား ရှိပါတယ်။ ဒါကို အချိန်မီ ထိန်းထိန်းသိမ်းသိမ်း ကြိုးစားဖို့ ခဗျားတို့ဘက်က လိုအပ်နေပြီ။ မဟုတ်ရင် ကျနော်တို့ ရက္ခိုင့်တပ်တော်က ဘာလဲ ဆိုတာ ခဗျားတို့ မျက်ရည်တွေက သက်သေပြလာတဲ့ နေ့မှာမှ ရပ်တန့်မယ် ဆိုရင်တော့ အရမ်းနောက်ကျသွားပြီလို့ ကျနော် မှာချင်တယ်။ ဒီနေရာမှာ ခဗျားတို့ လို့ ပြောတာက ဗမာစစ်သားတွေကို ပြောတာပါ။ မြန်မာစစ်တပ်နဲ့ ဒီကိစ္စတွေကို တာဝန်ရှိတဲ့ သူတွေကို ရည်ညွှန်းပြီး ပြောတာ ဖြစ်ပါတယ်။
မေး ။ ။ ဗိုလ်ချုပ်ရဲ့ မိသားစုဝင်တွေကို ထိုင်းက ဘယ်လိုပုံစံနဲ့ ထိန်းသိမ်းထားလဲ။ ကလေးငယ်တွေလည်း ပါတော့။
ဖြေ ။ ။ ထိန်းသိမ်းတဲ့ နေရာကတော့ ကျနော်တို့ သိထားတာက ပထမ ဒီဇင်ဘာ ၄ ရက်နဲ့ ၅ ရက်တွေမှာ ချင်းမိုင်၊ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ တတိယအထပ်မှာ လို့ ကြားတယ်။ အိမ်လိုတော့ ဘယ်အဆင်ပြေမလဲ။ ရုံးဆိုတော့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ အများကြီး ရှိမှာပေါ့။ ဒါပေမယ့် ကျနော့် ဇနီးရဲ့ စိတ်ဓါတ်နဲ့ အရည်အချင်းကို ကျနော် ယုံကြည်ပါတယ်။ သူက ထက်မြက်တဲ့ အမျိုးသမီး တယောက်ပါ။ ဒီအချိန်မှာ သူလည်း မိခင်တယောက်၊ ပေးဆပ်မှု လုပ်နေတဲ့ မိခင်တယောက် အနေနဲ့ သူလည်း ဖြတ်သန်းပါလိမ့်မယ်။ ဒီအချိန်မှာ ကျနော်တို့ ရခိုင်မိခင်တွေ သားသမီးတွေနဲ့ ကြီးကျယ်တဲ့ ပေးဆပ်မှုတွေကို လုပ်နေရတာ အများကြီးပါ။ ကျနော်တို့ မိသားစု ပေးဆပ်မှုကိုပဲ အဓိက ဖွဲ့နွဲ့ပြီး အရမ်း ချဲ့ကားပြီး မပြောလိုပါဘူး။ အကုန်လုံးက ဖြတ်သန်း နေရတဲ့ အခက်အခဲကတော့ ဒီအချိန်မှာ ရှိနေကြပါတယ်။ ကျနော့်မိသားစု အဲ့ဒီ့အခြေအနေကိုတော့ အသေးစိတ်တော့ ကျနော် မသိဘူး။ အဆင်ပြေသင့်သလောက် ပြေတယ် လို့ပဲ ကျနော် သိထားပါတယ်။
မေး ။ ။ ထိုင်းနိုင်ငံဘက်က ဒီလိုမျိုး မိသားစုဝင် တွေကို ဖမ်းဆီးတာမျိုး လုပ်တာကိုရော ဘာပြောချင်ပါသလဲ။
ဖြေ ။ ။ ထိုင်းဘက်က ဒါမျိုး လုပ်လာတဲ့ အပေါ်မှာ ကျနော်တို့ဘက်ကတော့ ထူးဆန်းတယ် ဆိုတဲ့ ခံစားချက်တော့ ရှိပါတယ်။ နှစ်ပေါင်း ၄၀ ၊ ၅၀ မှာ ထိုင်းနိုင်ငံဆိုတာ မြန်မာ နိုင်ငံရဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေကို စာနာမှု ပေးတဲ့ နိုင်ငံဖြစ်တယ်။ ဒီနောက်ပိုင်းတွေမှာ ကျတော့ ဒါမျိုး ပြဿနာတွေဖြစ်လာတဲ့ အချိန်ကျ ထိုင်းနိုင်ငံရဲ့ မြန်မာနိုင်ငံတော်လှန်ရေး အပေါ်မှာ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံအပေါ်မှာ ထားတဲ့ မူဝါဒ အရွေ့တခုလို့တော့ မြင်မိပါတယ်။ သို့သော်လည်း သူ့ရဲ့ လူ့အခွင့်အရေး တန်ဖိုးတွေကတော့ ပြောင်းလဲ မသွားဖို့ မျှော်လင့်ပါတယ်။
မေး ။ ။ တပ်မတော်နဲ့ AA က တိုက်ပွဲတွေဖြစ်နေပေမယ့် တဖက်မှာ အစိုးရနဲ့ အပစ်ရပ်ဖို့ ညှိနှိုင်း နေတာတွေလည်း ရှိနေတာကို ဒီလို မိသားစုဝင်တွေကို ဖမ်းဆီးဖို့ ကြိုးစားတဲ့ အပေါ် ဘယ်လို သုံးသပ်ပါသလဲ။
ဖြေ ။ ။ တော်လှန်ရေးလုပ်နေတဲ့ သူရဲ့ မိသားစုဝင်တွေကို ဖမ်းတာက နိုင်ငံရေး မဟုတ်တော့ဘူး။ အဲ့တာက ပုဂ္ဂိုလ်ရေး အာဃာတတွေနဲ့ နှလုံးရည် မမြင့်မြတ်မှုကို ဖော်ပြတာ ဖြစ်သွားပြီ။ ကျနော်တို့တောင် ဒီလို အလုပ်တွေကို လက်ရှောင်တာပဲ။ ဒါက ပြဿနာကို ဖြေရှင်းအောင် မလုပ်ပဲ ပိုဆိုးအောင် လုပ်သလို ဖြစ်သွားပြီ။ တော်လှန်ရေး တခုကို တကယ့် ရည်မှန်းချက် ရှိရှိနဲ့ ပြည်သူကို ဗဟိုပြုပြီးမှ ဆင်နွှဲနေတဲ့ တော်လှန်ရေးက အဆိုးဆုံးအတွက် ပေးဆပ်ဖို့ ပြင်ဆင်ပြီးမှ လုပ်ကြတာပဲ။
မိသားစု၊ ညီအကို မောင်နှမကို ဖမ်းသွားလို့ လက်မြှောက်အရှုံးပေး သွားတဲ့ တော်လှန်ရေး ဆိုတာ မရှိပါဘူး။ ကျနော်တို့ အဘိဓာန်မှာ ဒါမျိုး မရှိသေးဘူး။ ကျနော်တို့က ရခိုင်ပြည်သူတွေနဲ့ လက်တွဲပြီး အခိုင်မာဆုံးနဲ့ ထိထိရောက်ရောက် ဒီ့ထက်ပိုပြီး လုပ်သွားဖို့ပဲ ရှိပါတယ်။ ဒီလို ဖမ်းဆီးမှုတွေက ကျနော်တို့ကို ယိမ်းယိုင်သွားအောင် ရိုက်ခတ်နိုင်မှု မရှိပါဘူး။ ကျနော်တို့နဲ့ ပြည်သူတွေကြားမှာ ရပ်တည်ချက် ဘယ်လောက်ခိုင်မာတယ်ဆိုတာ ကျနော်တို့က ပြည်သူတွေကိုပဲ ဗဟိုပြုတယ် ဆိုတာ ပြည်သူ့ကိုပဲ အခြေခံတဲ့ လှုပ်ရှားမှု ဖြစ်တယ်ဆိုတာကို ကျနော်တို့က ပိုပြီး သက်သေပြလို့ ရသွားတာပေါ့။
နိုင်ငံရေး အရတော့ ကျနော်တို့ဘက်က ထိခိုက်မှု မရှိပါဘူး။ လူမှုရေးအရတော့ အနည်းနဲ့ အများ ရှိပါတယ်။ လူမှုရေး၊ စီးပွားရေး၊ ကလေးတွေရဲ့စိတ်ဒဏ်ရာတော့ ရှိတာပေါ့။ တဖက်က နိုင်ငံတကာ ကလည်း မြင်သွားတာပေါ့ဗျာ။ ဘယ်သူက လူဆိုးလဲဆိုတာ မြင်သွားတာပေါ့ဗျာ။ Who is Bad Guy? ပေါ့ဗျာ။ ဘယ်သူက ဘယ်လို လူပါဆိုတာ ကျနော်တို့က ပြောလာရင် သူများက ယုံချင်မှ ယုံမယ်။ သူတို့ လုပ်ရပ်ကို ကြည့်လိုက်ရင် သူတို့က ဘယ်လို အဆင့်အတန်းနဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်ဆိုတာ တိုင်းတာလို့ ရသွားတာပေါ့။
You may also like these stories:
AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီး အဖမ်းခံရ
ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီးနှင့် ကလေး ၂ ဦးကို မြန်မာနိုင်ငံသို့ လွှဲပြောင်းမည်
AA စစ်ဦးစီးချုပ်၏ ညီမနှင့် ယောက်ဖတို့ကို အကြမ်းဖက်မှု ဥပဒေဖြင့် တရားရုံးတင်
AA ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖကို တရားစွဲနိုင်ရေး ရဲတပ်ဖွဲ့ ဆက်ကြိုးပမ်းနေ