ပင်လယ်ပြင်တွင် ကျားဖောင်ဖြင့် ငါးပုစွန်ဖမ်းသည့်လုပ်ငန်းမှာ ၁၉၇၀ ခုနှစ်ဝန်းကျင်ခန့်မှစတင်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်ရှိ ပင်လယ်ကမ်းစပ်ဒေသများတွင် တစတစ ကျယ်ပြန့်လာသည့် လုပ်ငန်းဖြစ်သည်။
ဒေသခံရေလုပ်သားများဖြင့် နှစ်ပေါင်းများစွာ လည်ပတ်လုပ်ကိုင်ခဲ့သည့် ကျားဖောင်လုပ်ငန်းမှာ ၂၀၀၀ ခုနှစ် ခန့်မှ စတင်၍ ကျားဖောင်လုပ်ငန်း လုပ်ကိုင်သည့်လုပ်ငန်းရှင်များ တဖြည်းဖြည်း ပိုမိုများပြားလာခဲ့သလို ပင်လယ်အတွင်း ငါးဖမ်းနေသည့် ကျားဖောင်အရေအတွက်လည်း ပိုများလာခဲ့သည်။ ကျားဖောင်များ ပိုများလာသည့်အလျှောက် လုပ်သားလိုအပ်ချက်လည်း မြင့်မားလာခဲ့ပြီး ဖျာပုံဒေသမှ ပင်လယ်ငါးဖမ်းလုပ်ငန်း ကျွမ်းကျင်သူ ဒေသခံများသာမက မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ ရေလုပ်ငန်းမကျွမ်းကျင်သူ ရွှေ့ပြောင်း လုပ်သားများမှာလည်း လူခေါ်ပွဲစားများ၏ ချိတ်ဆက်မှုများဖြင့် လာရောက်အလုပ်လုပ်ကိုင်လာကြသည်။
မြန်မာ့ပင်လယ်ပြင်တွင် လူပေါင်းထောင်နှင့်ချီ အလုပ်လုပ်ကိုင်နေကြသည့် အဆိုပါ ကျားဖောင်လုပ်ငန်းမှ ရေလုပ်သားများမှာ အကြောင်းအရင်းများစွာဖြင့် နှစ်စဉ် လူများစွာ သေဆုံးမှုများဖြစ်ပွားခဲ့သဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားလာခဲ့ပြီး ယခုနှစ်ပိုင်းတွင် ပြည်တွင်းပြည်ပသတင်းမီဒီယာများက အလေးပေး ဖော်ပြရေးသားလာကြသည်။
ထိုသို့ ပင်လယ်ကျားဖောင် ရေလုပ်သားများ သေဆုံးရသည့်အကြောင်းအရင်းများကို ပင်လယ်ကျားဖောင် လုပ်ငန်းများ အဓိကတည်ရှိရာ ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းတိုက်နယ်ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ မင်းဉာဏ်ပိုင်အောင်ကို ဧရာဝတီသတင်း ဌာနမှ အကြီးတန်းသတင်းထောက် ဆလိုင်းသန့်စင်က တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ ပထမဦးဆုံးအနေနဲ့ ဆရာ ဒီမှာတာဝန်ကျခဲ့တာ ဘယ်နှစ်နှစ်လောက်ရှိပြီလဲ။ ဆရာတာဝန်ထမ်းဆောင်စဉ် တွေ့ကြုံခဲ့ရတဲ့ လူနာတွေရဲ့ အခြေအနေလေးကို ပြောပြပေးပါ။
ဖြေ။ ။ ကျနော် ဒီမှာတာဝန်ကျတာ ၅ နှစ်ကျော်ပါပြီ။ ပင်လယ်က လာတဲ့လူနာတွေ အများစုဖြစ်တာက ဖောတဲ့ရောဂါ၊ ချည့်နဲ့တဲ့ရောဂါတွေက အလာများတယ်။ နောက် လုပ်ငန်းခွင်ထဲမှာ မတော်တဆ အလုပ် လုပ်ရင်းနဲ့ ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေလည်း ပါတယ်။ လုပ်ငန်းခွင်ထဲမှာ ရန်ဖြစ်တဲ့ဟာလည်းပါတယ်။ ဖောင်ဦးစီးကနေ နောက်လိုက်ကို ရိုက်တာလည်းရှိတယ်။ နောက်လိုက်ကနေ ဖောင်ဦးစီးကို ရိုက်တာလည်း ရှိတယ်။
မေး။ ။ ကျားဖောင်လုပ်သားတွေက ဘယ်လိုရောဂါမျိုးတွေနဲ့ အများဆုံး သေဆုံးကြသလဲ။
ဖြေ။ ။ နှစ်အလိုက် မှတ်တမ်းလုပ်ထားတာ ရှိတယ်။ ကျနော်တို့ မှတ်တမ်းလုပ်တာက နှစ်စထဲက နှစ်ဆုံးအထိ ပုံစံမျိုးပါ။ ကျားဖောင်လုပ်ငန်းခွင်လို တရာသီမှတ်တမ်းမျိုးတော့ မဟုတ်ဘူး။ သူတို့လို ပင်လယ်နှစ်နဲ့တော့ လွဲတယ်။ နှစ်တနှစ်မှာ ဇန်နဝါရီကနေ ဒီဇင်ဘာအထိ မှတ်တယ်။ ပင်လယ်အလုပ်က ၂ နှစ်ကို ခွပြီးလုပ်တဲ့အနေအထားပေါ့။ သူတို့က ၉ လပိုင်းလောက်ကစရင် နောက်နှစ် ၄ လပိုင်းမှာ သိမ်းတယ်။
ဒီနှစ်ထဲမှာ ကျနော်တို့မှတ်တမ်းအရတော့ ပင်လယ်ထဲကနေ သေပြီးမှ ရောက်လာတဲ့လူ ၈ဝ ရှိတယ်။ အဲ့ဒီထဲမှာ ဖောပြီးသေတဲ့သူ ၃၅ ယောက်ရှိတယ်။ အဲ့ဒီဟာကလည်း အဓိက သေဆုံးစေတဲ့ အကြောင်းအရာ ဖြစ်နေတယ်။ တခြားအစာအိမ်ပေါက်တာတို့ ဘာတို့က ၇ ယောက်ရှိတယ်။ ဦးစီးက နောက်လိုက်ကို သတ်တာ၊ နောက်လိုက်က ဦးစီးကိုသတ်တာမျိုးလို လူသတ်မှုက ၇ ယောက်ရှိတယ်။ နောက် အလုပ်လုပ်ရင်း အလုပ်က ရတဲ့ဒဏ်ရာမျိုးဖြစ်တဲ့ ပြင်းပြင်းထန်ထန်နဲ့ စက်ထုတ်ရိုက်တာ (ပိုက်ပြန်တင်တဲ့ကြိုးကို ရစ်တဲ့ရစ်လုံး)မျိုးလို ဒဏ်ရာရလို့ သေတာ ၅ ယောက်ရှိတယ်။
တခြားအကြောင်းတွေဖြစ်တဲ့ ရေနစ်တာတို့၊ ပင်လယ်မှာ ကြိုးဆွဲချသေတာတို့လည်း ရှိတယ်။ အဓိက သုံးသပ်ရတာတော့ အရက်ကြောင်လို့၊ စိတ်ညစ်လို့ စသဖြင့်ပေါ့နော်။ တခြားရောဂါတွေဖြစ်တဲ့ ပင်လယ်ထဲ နေရင်း လေဖြတ်တာ၊ ဦးဏှောက်သွေးကြောပြတ်တာမျိုးတို့လိုကနေ သေတာက ၂၆ ယောက်ရှိတယ်။
မေး။ ။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာရော သေဆုံးသူ ဘယ်လောက်များ ရှိခဲ့လဲဆရာ။
ဖြေ။ ။ မနှစ်က သေပြီးတော့မှ ရောက်လာတဲ့သူ ၈၂ ယောက်ရှိခဲ့တယ်။ ပင်လယ်ထဲမှာ ဘာ့ကြောင့်ပဲသေသေ ကျနော်တို့ ရင်ခွဲစစ်ဆေးမှုလုပ်ရတယ်။ အကုန်လုံးက ရဲအရေးပိုင်တဲ့အမှုဖြစ်တယ်။ တချို့မှာက ကျနော်တို့ သတင်းမရလိုက်တဲ့ဟာတွေ ရှိတယ်။ သတ်လိုက်ပြီးတော့ ရေထဲပစ်ချလိုက်တယ်။ အလောင်းမပါတော့ ကျနော်တို့ လုပ်စရာ မလိုဘူး။ တရားခံကိုဖမ်းပြီးတော့ ရဲကိုပို့ပေးတယ်။ အဲလိုတွေလည်း ကြားမိတယ်။

မေး။ ။ ဖောတာတွေ၊ ချည့်နဲ့တာတွေက အဓိကဘာ့ကြောင့် ဖြစ်တယ်လို့ သုံးသပ်မိလဲခင်ဗျ။
ဖြေ။ ။ အဓိကက ဗိုက်တာမင် B 1 ချို့တဲ့တာပဲ။ ဒါပေမယ့် B 1 ချို့တဲ့တာ ဒီလောက်တောင်မှ ဖြစ်သလား ဆိုတော့ ကုန်းပေါ်အနေအထားနဲ့ ပင်လယ်အနေအထားက ကွာသွားတယ်။ ပင်လယ်မှာ ဘာလို့ ဒီလိုဟာတွေ များသလဲဆိုရင် ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုး၊ အာလူး၊ အသားတို့စားရတဲ့အပေါ် မူတည်တယ်။ ပင်လယ်မှာ ဘာလို့ ဒီလိုဖြစ်ရတဲ့ နောက်အကြောင်းအရင်းတခုက ပုံမှန် အရက်မသောက်တဲ့သူနဲ့ အရက် သောက်တဲ့သူမှာ အရက်သောက်တဲ့သူက ပိုပြီး B 1 က ပိုချို့တဲ့တယ်။ အရက်ကို ပုံမှန်သောက်နေတဲ့သူမှာက B 1 က နဂိုထဲက ချို့တဲ့နေတာ။ သောက်တဲ့ ကာလ ကြာလာတာနဲ့အမျှ B 1 ကို စုတ်ယူနိုင်မှုက နဂိုထဲက ကျပြီးသား။ ကျနော့်အတွေ့အကြုံအရ ကျားဖောင်လုပ်ငန်းကို လာတဲ့သူ ၁ဝ ယောက်မှာ ၉ ယောက်က အရက်ကို စွဲစွဲမြဲမြဲ သောက်တတ်တယ်။
ပင်လယ်မှာက ဟင်းသီးဟင်းရွက်တွေက မစားရဘူး။ ကျနော် ၂ဝ၁၇ ခုနှစ် နှစ်ကုန်ခါနီးမှာ ဒီဖောတာနဲ့ သေလွန်းအားကြီးလွန်းလို့ လုပ်ငန်းရှင်တွေကို ပညာပေး တခါ သွားပြောဖူးတယ်။ တပတ်ကို တခါလောက် ဟင်းသီးဟင်းရွက်တွေ ပို့ပေးနိုင်ရင် ပိုအဆင်ပြေမယ်ဆိုတာ ပြောခဲ့တယ်။ တချို့လည်း ကျနော်ပြောတဲ့အတိုင်း လိုက်လုပ်တဲ့ လုပ်ငန်းရှင်တွေရှိတယ်။ ၂ဝ၁၇ ခုနှစ်တုန်းက ဒီ့ထက်သေတယ်။ ဒီနှစ်ပိုင်းမှာ နည်းနည်း လျော့လာတယ်။
သူတို့(လုပ်ငန်းရှင်)တွေရဲ့ အခက်အခဲက သဘောင်္အများကြီးပိုင်တဲ့ လုပ်ငန်းရှင်ကတော့ ပို့ပေးနိုင်တယ်။ တချို့လုပ်ငန်းရှင်တွေက သဘောင်္အစီးရေ နည်းတယ်။ အခေါက်ရေ မလည်နိုင်ဘူး။ လုပ်ငန်းရှင်တယောက် ဖောင် ၄ဝ ပိုင်တယ်ပဲထား၊ တဖောင်မှာ ၃ ယောက်နှုန်းနဲ့တွက်ရင် အလုပ်သမား ၁၂ဝ ဖြစ်နေပြီ။ အဲ့ဒီလူတွေ အတွက် ဟင်းသီးဟင်းရွက် ဝယ်သွားရမယ်ဆိုရင် အများကြီး။ ကုန်းပေါ်နဲ့ သူတို့ဆီရောက်ဖို့ဆို ဒီဟင်းသီးဟင်းရွက်တွေက နွမ်းသွားရော။ သူတို့ပြောတာလည်း ဟုတ်တော့ ဟုတ်တာပဲ။ ကျနော်ကတော့ တပတ်တခါ သူတို့ဆီ ပိုပေးနိုင်ရင် ကောင်းမယ်လို့ပဲထင်တယ်။
ဟိုမှာက ဖမ်းလို့ရတဲ့ ငါးနဲ့ ပုဇွန်ပဲစားရတာ။ အဲ့ဒီအစာတွေမှာ B 1 ဓာတ်က လုံးဝ မပါဘူး။ ငါးခြောက်၊ ငါးပိ၊ ပုဇွန်ခြောက်တို့ ဖြစ်သွားရင် ပိုဆိုးတယ်။ အဲ့ဒီတွေမှာ B 1 ကို ချေဖျက်လိုက်တဲ့ အင်ဇိုင်တမျိုးပါတယ်။ စားလိုက်တဲ့အစာမှာ B 1 ဓာတ်ပါရင်တောင် အဲ့ဟာတွေနဲ့ တွဲစားလိုက်ရင် B 1 ဓာတ်က ပျက်ပြယ် သွားတယ်။
B 1 ချို့တဲ့လာတာနဲ့ ခန္ဓာကိုယ်အကုန်လုံးမှာ ဇီဝကမ္မဖြစ်စဉ်အရ အရည်တွေစစုလာတယ်။ အဓိက သူတို့သေရတာကတော့ နှလုံးအိတ်ထဲမှာ အရည်တွေစုတာ။ ပုံမှန်လူရဲ့နှလုံးအိပ်မှာ အရည်က နည်းနည်းလေးပဲ။ မဖြစ်စလောက်လေးပဲ ရှိတယ်။ B 1 ချို့တဲ့သူကျတော့ နှလုံးမှာ အရည်စုလာတယ်။ အဆုတ်မှာ ရေဝိုင်းလာတယ်ဆိုရင် လူက မခံနိုင်တော့ဘူး။ အမောဖောက်လာတာပေါ့။ နှလုံးကလည်း ကြီးလာတယ်။
လူရဲ့နှလုံးထဲမှာ အရည်က ချောဆီသဖွယ်ပဲရှိတာ။ အရည်များလာတော့ နှလုံးက ရေနစ်သလို ဖြစ်သွားတယ်။ ရေထဲမှာကျတော့ ညှစ်ဖို့ဆိုတာက တအားကြီး အားစိုက်ညှစ်ရတယ်။ ကြာလာတော့ ညှစ်အားများလာပြီး နှလုံးက ကြီးလာတယ်။ အဲဒါနဲ့ အလုပ်ဆက်လုပ်နေရင် အမောဖောက်ပြီး သေတာပဲ။ အဓိကတော့ နှလုံး အမောဖောက်ပြီး သေတာပေါ့။
မေး – ဗီတာမင်ချို့တဲ့တာ၊ ဖောရောင်တာတွေက လူသေဆုံးတဲ့အထိ ဖြစ်နိုင်သလားခင်ဗျ။
ဖြေ – ဒီလိုစဖောတာနဲ့ ချက်ခြင်းသေတာလားဆိုတော့ မဟုတ်ပါဘူး။ စဖြစ်ပြီးတော့ ၁၅ ရက်လောက် အချိန်ရတယ်။ ၁၅ ရက်လောက်ကြာမှသာ အချိန်မီဆေးမကုရင် ဆိုးဆိုးရွားရွားအဆင့် သေနိုင်တဲ့အဆင့် ရောက်လာတာ။ ဒီအချိန်မှာ သူတို့အနေနဲ့ ဘာလို့ကျနော်တို့ဆီ ဆေးလာမကုဘူးလဲဆိုရင် ဒါတော့ မပြောတတ်ဘူးဗျ။ သူတို့ရဲ့အခက်အခဲတော့ သူတို့မေးမှ သိမှာ။
တချို့တွေလည်း အချိန်မီ ရောက်လာလို့ ဆေးကုလိုက်လို့ အသက်ရှင်သွားတဲ့လူတွေလည်း ရှိပါတယ်။ ဘာလို့ အချိန်မီမရောက်လဲ မေးရင်အခက်အခဲကတော့ အမျိုးမျိုး ပြောတာပေါ့။ တချို့ကလည်း လှိုင်းလေတွေ ကြမ်းနေလို့၊ သူတို့မှာ သင်္ဘောကြုံမရှိလို့ ဆိုတာမျိုးတွေပေါ့။ အခက်အခဲကတော့ သူတို့မေးကြည့်မှ သိရမယ်။

မေး – ကျားဖောင်လုပ်သားတွေ B 1 အားနည်းတယ်ဆိုရင် B 1 အားဆေးတွေ သူတို့ကိုတိုက်ကျွေးဖို့ လိုမလား။
ဖြေ – ကျနော်ပညာပေးမှုတွေ လုပ်ပြီးနောက်ပိုင်းတော့ လုပ်ငန်းရှင်တချို့တွေ ဘီဝမ်းဆေးတွေ ဝယ်ကြတယ်။ လုပ်ငန်းစတော့မယ်ဆိုရင် ဘီဝမ်းဆေးတွေ လာဝယ်တယ်။ ရွာထဲက ဆေးဆိုင်တွေမှာလည်း ဝယ်ပါတယ်။ ကျနော်ပြောသလိုပဲ စဖြစ်ပြီဟေ့ဆိုရင် သောက်ဆေးနဲ့ တိုက်လို့ရတယ်။ ဒါပေမယ့် ရောဂါသဘောတရားအရ ပြောလို့မရဘူး။
တချို့ဆိုရင် ဆေးသောက်ပေမယ့် ဆိုးတဲ့ရောဂါတွေကို မထိန်းနိုင်ဘူး။ မထိန်းနိုင်တော့ သောက်ဆေးနဲ့ သောက်လို့မှ ဒီလူမသက်သာဘူးဆိုရင် ကမ်းပေါ်တင်ပေးပြီး ကုသဖို့လိုတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ ခန္ဓာကိုယ်က ဖောလာပြီဆိုရင် အစာအိမ်တွေ၊ အူတွေရဲ့စုပ်ယူနိုင်စွမ်းက ကျသွားတယ်။ အဲဒီအချိန်မှာ သောက်ဆေးတွေက မတိုးတော့ဘူး။ ထိုးဆေးလိုလာပြီ။ အဲဒီအခါကျတော့ ဆေးရုံဆေးခန်းရောက်မှပဲ အဆင်ပြေမယ့် အနေအထားပေါ့။
မေး – ကျားဖောင်လုပ်သားတွေထဲမှာ အရက်ကြောင်ကြောင်ပြီး ပင်လယ်ထဲ ခုန်ချတဲ့လူတွေရှိတယ်လို့ ပြောကြတယ်။ အဲဒီအခြေအနေလေး ရှင်းပြပေးပါ။
ဖြေ – အရက်ကြောင်ပြီး ပင်လယ်ထဲခုန်ချလို့ သေသူတွေအများကြီးရှိပါတယ်။ အဲဒါကတော့ လုပ်ငန်းစတဲ့ အချိန်မှာ အဖြစ်များတယ်။ သူတို့က ပင်လယ်မဆင်းခင်မှာ သောက်လာတာ။ သောက်တာမှ တော်တော်ဆိုးဆိုး သောက်တာ။ အိမ်မှာနေရင်းလည်း အရက်ကသောက်လာတယ်။ ဒီရောက်တော့ ပင်လယ်ထဲ ဆင်းရတော့မယ် ဆိုတော့ ပင်လယ်ထဲရောက်ရင် မသောက်ရတော့ဘူးလေ။ ကုန်းပေါ်မှာရှိတုန်းကို အသားကုန် သောက်တာ။ သောက်လည်းသောက်ရော ပင်လယ်ထဲဆင်းတော့ ပင်လယ်ထဲမှာ တုံးတိအရက်ပြတ်ရော အဲဒီမှာ ပြဿနာ များတာ။
တကယ်တမ်းက အရက်စွဲစွဲမြဲမြဲ သောက်တဲ့လူက အရက်ချက်ခြင်းဖြတ်ရင် အရက်ကြောင်ကြောင်ပြီးတော့ အဆိုးဆုံးအထိကို ဒုက္ခရောက်တာပဲ။ တကယ်တမ်းက ကုန်းပေါ်မှာ ပင်လယ်မဆင်းခင်ကို အရက်သောက် တတ်တဲ့လူက အရက်အရင်ဖြတ်ရမှာ။ ဖြတ်ပြီးတော့ ၄ ရက် ၅ ရက်လောက် ဆေးကုသမှုခံယူလိုက်ရမှာ။ ပြီးမှ ပင်လယ်ထဲ ဆင်းရင်တော့ ခံနိုင်တယ်။ အခုက အဲ့လိုမဟုတ်ဘူး။
တချို့ဆိုရင် ပင်လယ်ထဲဆင်းတဲ့အချိန် အရက်သောက်လို့ရတဲ့နေရာအထိ အရက်ပုလင်းပါသွားသေးတယ်။ ပင်လယ်ထဲကို အရက်မယူရဘူးဆိုတော့ လုပ်ငန်းရှင်တွေက အရက်ပုလင်းတွေ စစ်ဆေးပြီး အကုန်သိမ်း ထားတော့ ပင်လယ်ထဲကို အရက်ကပါမသွားတော့ဘူး။ ပင်လယ်ထဲရောက်ရော အရက်ကြောင်တော့တာပဲ။
အရက်ကြောင်ရင် တော်တော်ကြောက်ဖို့ကောင်းပါတယ်။ စိတ်က ကစဉ့်ကလျားဖြစ်ပြီး ရေပြင်ကို ကုန်းထင်ပြီး ခုန်ချတယ်။ သူများကို ဓားနဲ့လိုက်ရမ်းရင် ရမ်းမယ်။ သူ့လက်ထဲမှာ ရှိတာနဲ့ အန္တရာယ်ပြုရင် ပြုမယ်။ သူ့ကိုယ်သူလည်း ရန်ပြုမယ်။ ဒါက လုပ်ငန်းစတဲ့အချိန်မှာ အတွေ့များတယ်။ အဲ့လိုနည်းတွေနဲ့ သေကြတယ်။
သေတဲ့အခါမှာ အများစုက အလောင်းတောင် ပြန်မရဘူး။ တချို့ကျတော့ အလောင်းက ရေထဲမျောသွားတော့ ဘယ်လိုမှ ရှာမတွေ့လို့ အလောင်းပြန်မရတာတွေရှိတယ်။
မေး – ကျားဖောင်အလုပ်သမားများရဲ့ကျန်းမာရေးနဲ့ ပတ်သတ်လို့ ဆရာဝန်တယောက်အနေနဲ့ ဘာတွေများ အကြံပြုချင်တာ ရှိပါသလဲ။
ဖြေ – ကျနော်ဖြစ်စေချင်တာတော့ လူတယောက်ကို အလုပ်လက်ခံတော့မယ်ဆိုရင် သူ့ဆီမှာ ရောဂါအခံပါမပါ သေချာလေး စစ်ဆေးစေချင်တယ်။ အဲဒီပြဿနာက နှစ်တိုင်းကြုံရတယ်။ တချို့တွေကျတော့ HIV ရောဂါ ပါလာတယ်။ တချို့ဆို တီဘီဆေးသောက်နေရင်းနဲ့ ရောက်လာတယ်။ တီဘီဆေးဆိုတာက ကုသမှုပြီးမှသာ အလုပ်လုပ်ရတာ။ အခုက ကုသနေရင်းတန်းလန်းနဲ့ ၆ လသောက်ရမှာ ၂ လလောက်သောက်ပြီး ပင်လယ် လိုက်သွားတဲ့လူရှိတယ်။ အဲဒါမျိုးကျ အဆင်မပြေဘူး။ ဒီရောဂါတွေဆို သေချာကုသရင် ကောင်းမယ့်ရောဂါ။
HIV ဆိုရင် အမြစ်ပြတ်ပျောက်တဲ့ဆေးမပေါ်ပေါမယ့် ART ဆိုတဲ့ အဆင့်မြင့်ဆေးတွေနဲ့က ကောင်းကောင်း ထိမ်းထားနိုင်တယ်။ တီဘီဆိုလည်း သေချာဆေးသောက်ရင် ပျောက်မယ့်ရောဂါ။ ဒီရောဂါတွေ ရှိမရှိ သေချာ စစ်ဆေးစေချင်တယ်။ ကြပ်မတ်စေချင်တယ်။
နောက်တခုက လုပ်သားတွေကို ပင်လယ်ထဲဆင်းတော့မယ်ဆိုရင် အရက်အလွန်အကျွံသောက်လာသူတွေ၊ အရင်သမားတွေကို ချက်ခြင်းပင်လယ်ထဲ မခေါ်သွားသင့်ဘူး။ ကုန်းပေါ်မှာအရင်ဆေးကု၊ အရင်ဆုံး အရက်ဖြတ်ခိုင်း၊ အရက်ပြတ်တဲ့ဝေဒနာကို ဆေးကုပြီး အလုပ်လုပ်နိုင်ပြီဆိုမှ ခိုင်းသင့်တယ်။
ဖြစ်နိုင်ရင်တော့ အကုန်လုံးကို ကျန်းမာကြောင်း စစ်ဆေးစေချင်တယ်။ စစ်ဆေးတဲ့နေရာမှာလည်း အသေးစိတ်ပေါ့ဗျာ။ ကျနော်တို့ တိုက်နယ်ဆေးရုံအဆင့်နဲ့ စစ်ပေးနိုင်တဲ့အနေအထားရှိတဲ့ဟာဆို ကျနော်တို့ စစ်ပေးမယ်။ ကျနော်တို့ မစစ်နိုင်တဲ့အနေအထားဆိုရင် ဖျာပုံမြို့က ကျနော်တို့ထက်တတ်ကျွမ်းတဲ့ သမားတော်တွေနဲ့ စစ်စေချင်တယ်။ အဲ့လိုစစ်ပြီးတော့မှသာ အလုပ်ခိုင်းမယ်ဆို ဒီပြဿနာတွေ နည်းသွားမှာပေါ့။

မေး – ကျားဖောင်လုပ်သားတွေထဲမှာ HIV ဝေဒနာရှင်တချို့ ပါနေတော့ ပင်လယ်ထဲမှာ အလုပ်လုပ်နေတဲ့ အခြားသော လုပ်သားတွေကို ကူးစက်နိုင်ခြေဘယ်လိုရှိပါသလဲ။
ဖြေ – HIV ပိုးက လိင်ဆက်ဆံရာကတဆင့် ကူးစက်နိုင်တယ်။ ပိုးရှိတဲ့လူရဲ့သွေးကို သွင်းမိရင် ကူးစက်တယ်။ ကိုယ်ဝန်ဆောင် =မိခင်ကနေ သန္ဓေသားလောင်းကို ကူးစက်နိုင်တယ်။ HIV က ကူးစက်နိုင်မှုက တခြား ရောဂါတွေလို မများဘူး။ ဆင်ခြင်ရင် ရှောင်လို့ရတယ်။ သူတို့အချင်းချင်း အလုပ်အတူတူလုပ်တာ၊ အတူတူစားတာ သောက်တာက မကူးစက်နိုင်ဘူး။
ဒါပေမယ့် သူတို့မှာ ဘာရှိလဲဆိုတော့ ဖောင်ပေါ်မှာ အမျိုးသားနေကြတော့ အားတဲ့အချိန်မှာ လိင်အင်္ဂါကြီးတဲ့ဆေး ထိုးကြလေ့ရှိတယ်။ တခါသုံးအပ်နဲ့ ထိုးမယ်ဆိုရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ အပ်တချောင်းတည်းနဲ့ တယောက်ပြီးတယောက် လျှောက်ထိုးမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ရောဂါကူးစက်မှုတွေ ဖြစ်နိုင်တာပေါ့။
နောက်တချက်က HIV ပိုးရှိတဲ့လူက သွေးထွက်သွားပြီး နောက်လူတယောက်လက်မှာ ပေသွားတယ်။ သူ့လက်မှာလည်း အနာရှိတယ်ဆိုရင် အနာကတဆင့် ကူးစက်နိုင်တာပေါ့။ ဒါကြောင့်လည်း ပင်လယ်ထဲကို ဆင်းတော့မယ်ဆိုရင် အလုပ်သမားတွေကို ဆေးစစ်တာတွေ လုပ်စေချင်ပါတယ်။
You may also like these stories:
လူကုန်ကူးမှု ဂယက်ကြောင့် ကျားဖောင်လုပ်သားတချို့ မိသားစုက ပြန်လည်ခေါ်မှုများ ရှိလာ
လူ့အခွင့်အရေး ကော်မရှင်က နှိပ်စက်ညှင်းပမ်းမှုကို လက်ခံသလား
လူ့အခွင့်အရေးဆိုင်ရာ တက္ကသိုလ်အဆင့်သုတေသန စာတမ်းဖတ်ပွဲ ပထမဆုံးအကြိမ် ပြုလုပ်