ကိုဖီအာနန် ကော်မရှင် ဖွဲ့မှ အရပ်ကယ်ပါ လူဝိုင်းပါ ဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်က မှားပါတယ်

ထွန်းထွန်း
ဟာဂျီ ဦးအေးလွင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်ပြီး အကြံပြုချက် ၈၈ ချက်ပါဝင်သည့် အစီအရင် ခံစာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်က မြန်မာ အစိုးရထံ ပေးအပ်ခဲ့သည်မှာ ၂ နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။

ယင်းကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရက ၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပြီး အကြံ ပြု တင်ပြချက်များထဲမှ အချက် ၈၁ ချက်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အစိုးရက ထုတ်ပြန် ကြေညာထားပါတယ်။

ထူးခြားချက် အနေနဲ့ ကော်မရှင်က အစီအရင်ခံစာ ထုတ်ပြန်အပြီး နာရီပိုင်းအတွင်း အကြမ်းဖက် အဖွဲ့တဖွဲ့ ဖြစ်တဲ့ အာရကန် ရိုဟင်ဂျာ ကယ်ဆယ်ရေးတပ် (ARSA) က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

ကော်မရှင်၏ အကြံပြုချက်များနှင့် ပတ်သက်ပြီး အစိုးရက လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ချက်များ အပေါ် သုံးသပ်ချက်များအား ကော်မရှင် အဖွဲ့ဝင် တဦးဖြစ်သူ ဟာဂျီ ဦးအေးလွင်နှင့် ဧရာဝတီသတင်းဌာနက တွေ့ဆုံမေးမြန်းထား ပါတယ်။

မေး။ ။ ကော်မရှင်ရဲ့ အကြံပြုချက်တွေ အပေါ် အစိုးရက အကောင်အထည်ဖော်ရာမှာ ဘယ်လို အားနည်းချက်တွေ ရှိ တယ်လို့ မြင်မိလဲ။

ဖြေ။ ။ အခြေခံ ကိစ္စရပ်လေးတွေပေါ့၊ ရုပ်ပိုင်းဆိုင်ရာ ဖြစ်တဲ့ လမ်းတွေ၊ တံတားတွေတော့ လုပ်နေတာ တွေ့ရပါတယ်။ လွယ်လွယ်ကူကူ လုပ်လို့ရတဲ့ ပညာရေး၊ ကျန်းမာရေးဗျာ။ လုပ်ရကိုင်ရလွယ်တဲ့ ကိစ္စရပ်လေးတွေမှာ သိပ် အပီအပြင် မလုပ်သေးတာကို တွေ့ရပါတယ်။ ဒါလေးတွေ စလုပ်ပေးနိုင်ရင်တော့ ကောင်းတာပေါ့။ စခန်းထဲက အစ္စလာမ် ဘာသာ ဝင်လေး တွေကို စာပေးစာယူ(အဝေးသင်) ပေးတဲ့နေရာမှာ မြန်မာစာနဲ့ သမိုင်းဘာသာရပ်ကိုပဲ ပေးတယ်။

ကျနော်တို့ ပြောတာက အဲဒါအပြင် တခြား သိပ္ပံနဲ့ ဝိဇ္ဇာဆိုင်ရာ ဘာသာရပ်လေးတွေ ပေးလို့မရဘူးလား။ ဒါက သိပ်ခက်ခဲ မယ့် ကိစ္စွမဟုတ်ဘူးပေါ့လေ။ အဲဒါအခုထိတော့ အကောင်အထည် မပေါ်သေးဘူး။ နောက်တခုက ဟုတ်မဟုတ်တော့ မသေချာသေးဘူး။ ပဋိပက္ခတွေ မဖြစ်ခင်တုန်းက စစ်တွေ တက္ကသိုလ်မှာ တတိယနှစ်၊ စတုတ္ထနှစ်တက်နေတဲ့ အစ္စလာမ် ဘာသာဝင်တွေ ပဋိပက္ခ ဖြစ်တော့ သူတို့ မတက်ရတော့ဘူး။

အခု စာပေးစာယူတွေ ပြန်ဖွင့်တော့ သွားလျှောက်တဲ့အခါ ပထမနှစ်ကနေ ပြန်တက်ရမယ်ဆိုတဲ့ စကားတွေ ထွက်နေ တယ်။ သက်ဆိုင်ရာကိုလည်း ပြောပြထားတာ ရှိတယ်။ ဒါကို ဆန်းစစ်ဖို့ လိုတယ်။ ကျန်မာရေးကိစ္စမှာလည်း စခန်းတွေက နေ သွားကုသတဲ့အခါမှာ အရင်ကထက်စာရင်တော့ အများကြီး တော်လာပြီး။ ဒီထက်တိုးပြီး လုပ်ပေးနိုင်တာတွေ ရှိတယ်။

အဲဒါလေးတွေ လုပ်ပေးနိုင်ရင် တဖက်က အစ္စလာမ်ဘာသာဝင်တွေရဲ့ အနေအထား ပြောင်းလဲလာသည်နှင့် အမျှ ဟိုဘက် မှာ ရှိနေတဲ့ သူတို့ရဲ့ ဆွေမျိုးတွေ ဒီဘက်ပြန်လာဖို့ အတွက်ကို ယုံကြည်မှု တည်ဆောက်တာက ပိုပြီးတော့ ခိုင်မာလာမှာ ပေါ့ဗျာ။ အလုပ်နဲ့ သက်သေပြနိုင်ရင်တော့ ပိုသွက်လက်လာမယ်လို့ ထင်ပါတယ်။

မေး။ ။ ဒုက္ခသည် ပြန်လည် လက်ခံရေးမှာ ပြန်လာသူ နည်းတာ ဘာကြောင့်လို့ ထင်မိလဲ။
ဖြေ။ ။ ကျနော်တို့ ကော့ဘဇားကို ရောက်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာ-အစ္စလာမ် ဒုတိယ အကြိမ်မြောက် ထိပ်သီး အစည်းအဝေး ဆွေးနွေးပွဲကို သွားတယ်။ ဆွေးနွေးပွဲပြီးတော့ အဲဒီက စခန်းတွေကို သွားဖို့ ကြိုးစားတော့ သောကြာနေ့ ဖြစ်နေတော့ (ရုံး တွေ ပိတ်ရက်) သိပ်အဆင်မပြေလိုက်ဘူး။ အဲဒါနဲ့ ကမ်းနားတလျှောက်ကို ပတ်ကြည့်ရင်းကနေ စခန်းတွေကို အပြင်ကနေ မြင်ခဲ့ရတယ်။

အဲဒီတုန်းက ခြံစည်းရိုးတွေ မရှိသေးဘူး။ အဲဒီနားမှာ အလုပ်လုပ်နေတဲ့သူ တချို့နဲ့ စကားပြောခဲ့ရတယ်။ သူတို့ရဲ့ သောက တွေက ၁ အချက် ယုံကြည်စိတ်ချရမှု သိပ်မရှိသေးဘူး။ နောက်ပြီး သူတို့မှာ အထောက်အထားတွေ ရှိတယ်။ အဲဒါတွေကို အခြေခံပြီးတော့မှ နိုင်ငံသား ရရှိဖို့ပြောတယ်။ သူတို့နေခဲ့တဲ့ အိုး အိမ်တွေမှာ သူတို့ ပြန်နေချင်တယ်။ သူတို့ပြန်လုပ်ကိုင်ဖို့ လယ်ယာမြေတွေ ပြန်ရ၊ မရ အသေအချာ သိချင်တဲ့ စိတ်ကလေးတွေ ရှိနေတယ်။ အထူးသဖြင့်ကတော့ ပထမခြေလှမ်း အနေနဲ့ သူတို့မှာ အထောက်အထားရှိတဲ့ အတွက် နိုင်ငံသားရရင် ပြန်ဖို့ လက်ခံမယ်လို့ပြောတဲ့သူက အများစု ဖြစ်တယ်။

တယောက်လောက်ကတော့ သူတို့ ခေါ်ဆိုချင်တဲ့ ရိုဟင်ဂျာဆိုတဲ့ နာမည်ရရမယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ သုံးခေါက် ချိုး မှတ်ပုံတင်မှာလဲ ရိုဟင်ဂျာဆိုတာ ရထားပါတယ်လို့ ပြောတာကိုတော့ ကြားခဲ့ရပါတယ်။ အဓိကတော့ သူတို့မှာ ဒွိဟ၊ သံသယတွေ ရှိနေသေးတယ်။ သံသယစိတ်တွေကြောင့် သူတို့ ပြန်မလာသေးတာပါ။

မေး။ ။ ဒုက္ခသည် ပြန်လည်လက်ခံရေးမှာ ARSA ရဲ့ ခြိမ်းခြောက်မှုတွေ ရှိတယ်လို့ ပြောကြတာလည်း ရှိတော့ အန်ကယ် ဘယ်လိုမြင်မိလဲ။ တကယ် ခြိမ်းခြောက်မျိုးတွေ ရှိလား။

ဖြေ။ ။ တွေ့ခဲ့ရသမျှ လူတွေပြောတာတော့ ARSA က ရှိတော့ ရှိနေတယ်ဆိုတာ ဝန်ခံတယ်။ သို့သော်လည်း သူတို့ဟာ သူတို့နေကြတယ်။ သူတို့ကို အနှောင့်အယှက် မပေးဘူး။ သူတို့လည်း အားမပေးဘူးလို့ တွေ့ခဲ့ရသမျှ သုံးလေးယောက်က ပြောပါတယ်။ ပြန်မလာချင်းကတော့ သူတို့ကလည်း ပြန်လာချင်တယ်ပြောတယ်။ သူတို့အိုး သူတို့အိမ်ပဲ။ သို့သော် သူတို့ရဲ့ မူလ ရပိုင်ခွင့်တွေကို အပြည့်အဝ ရ မရ ဆိုတဲ့ သံသယတွေ ရှိနေတယ်။ အဲဒါကြောင့် ပြန်မလာတာပါ။

မေး။ ။ ဒုက္ခသည် ပြန်လည်လက်ခံရေး နှစ်ဖက် အစိုးရက လုပ်နေတာကို ဘယ်လိုသုံးသပ်မိလဲ။

ဖြေ။ ။ ကြိုးစားပမ်းစားတော့ လုပ်နေပေမယ့် ဒီထက်ပိုပြီး လုပ်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ လုပ်ရတဲ့ နေရာမှာလည်းပဲ နယ်မြေ လုံခြုံရေးပေါ်မှာ မူတည်ပြီးတော့ သူတို့အတွက် အဟန့်အတားတွေလည်း ဖြစ်နိုင်တယ်။ အခုဆိုရင် ရက္ခိုင်စစ်တပ် (AA) နဲ့ တပ်မတော်နဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ဒီလုပ်ငန်းစဉ်တွေ တော်တော်လေး နှောင့်နှေးနေတာကိုလည်း တွေ့ရ တယ်လေ။ အဲဒီတော့ ဟိုလူ့ လက်ညိုးထိုး၊ ဒီလူလက်ညိုး ထိုးပြီး တရားခံ ရှာနေမယ့်အစား ပူးပေါင်း ဆောင်ရွက်ပြီးတော့ ဘယ်လို ဒီထက်ကောင်းအောင် လုပ်မလဲဆိုတာကို ကြိုးစားကြရင် ပိုကောင်းပါလိမ့်မယ်။

ဘင်္ဂလားဒေ့ရှ်ဘက်လည်း ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ သူတို့မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေပြီ။ အမြန်ဆုံး ပြန်ပြီး ပို့ချင်တယ် ပြောတယ်။ သို့သော် သူတို့မှာလည်း ဘယ်လို ဗျူဟာတွေ ရှိနေလဲ မသိဘူး။ ပုထုဇဉ်လူသားတွေ ဖြစ်တဲ့ အတွက်ကြောင့် နိုင်ငံရေး ပယောဂတွေ ဘာတွေရှိ နေလဲတော့မသိဘူး။ သူတို့ဘက်ကလည်း သိပ်ပြီးတော့ သွက်သွက် လက်လက်ထက် ထက်မြက်မြက် လုပ်တာ မမြင်ရဘူး။ ရာဇဝတ်မှုတွေ လုပ်နေကြပြီ၊ ဒီလူတွေကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်ရတယ်ဆိုပြီး ညည်း သာ ညည်းနေကြတယ်။

မေး။ ။ Community Leader တွေနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်မှု ရှိ မရှိ ဘယ်လိုမြင်သလဲ။

ဖြေ။ ။ ပထမပိုင်းမှာ ကော်မရှင် ဖွဲ့ကတည်းက သူတို့ရဲ့ မကျေနပ်ချက်က ကာယကံရှင်တွေနဲ့ မတိုင်ပင်၊ မဆွေးနွေးဘဲ လုပ်ပါတယ် ဆိုပြီး ရှိတယ်။ သူတို့လဲ လုပ်သင့်သလောက် လုပ်တာလေးတွေ ရှိတယ်။ သို့သော် နယ်မြေ အခြေခံက ဟိုမှာ ရှိတဲ့ သူတွေအချင်းချင်းပဲ သိကြမယ်။ ဒေသဆိုင်ရာ အာဏာပိုင်များနဲ့ ဌာနဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ရှိနေတဲ့ ဒေသခံ ပြည်သူ တွေရဲ့ ဆက်ဆံရေးကလည်းပဲ အင်မတန် အရေးကြီး အခန်းကဏ္ဍက ပါပါတယ်။ သူတို့ဘက်က ပြည်သူနဲ့ ထိတွေ့ရမယ် ဆိုတဲ့ အသိကတော့ ဝင်လာပြီ။ အရင်ကထက်စာရင် ကာယကံရှင်တွေနဲ့ ထိတွေ့ဖို့ ကြိုးစားမှုလေးတွေတော့ မြင်လာ ရပါ တယ်။

မေး။ ။ အသိအမှတ်ပြုကတ် ထုတ်ပေးရေး ကိစ္စပေါ့နော်။ ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ ပတ်သက်လို့ ဘယ်လိုသဘောထား ရှိလဲ။

ဖြေ။ ။ ကျနော်တို့ အကြံပြုချက်ထဲမှာ ပါပါတယ်။ ၁၉၈၂ နိုင်ငံသား ဥပဒေကို ပြင်ဆင်ရမှာက မြန်မာပြည်သူများက လုပ်ရ မှာပါ။ ဘယ်သူကမှ လုပ်လို့ မရပါဘူး။ မြန်မာနိုင်ငံရဲ့ လွှတ်တော်ကနေပဲ လုပ်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ အကြံပြုတာ က အကယ်၍ ပြုပြင်ဖို့ အချိန်တန်ပြီဆိုရင် ဘာတွေကိုတော့ ပြုပြင်ဖို့ ကောင်းပါတယ်ဆိုပြီး ရှုထောင့် တခုကနေ တင်ပြ ထားတာပါ။

တကယ်တမ်း ပြုပြင်ဖို့ ဆုံးဖြတ်ရမှာက ပြည်သူများနဲ့ ပြည်သူတွေကို ကိုယ်စားပြုထားတဲ့ လွှတ်တော်ကပဲ ဖြစ်ပါတယ်။ ကျနော်တို့က လက်ရှိ ၁၉၈၂ နိုင်ငံသား ဥပဒေဟာ လက်ရှိ တည်ဆဲဥပဒေ ဖြစ်တယ်ဆိုတာကို အသိအမှတ် ပြုတယ်။ ဒါကြောင့် အဲဒီအတိုင်း စေတနာမှန်မှန်နဲ့ လုပ်ဖို့ဆိုတာကို ကျနော် အဓိက တိုက်တွန်းပါတယ်။ သတင်းအမှားတွေ ထွက်နေ တာက ကျနော်တို့က အတင်း ပြင်ခိုင်းတယ်၊ ပြောင်းခိုင်တယ် ဆိုပြီးပေါ့။ ဒီလို မဟုတ်ပါဘူး။ ပြည်သူအများက ပြင်ဖို့လိုပြီး ဆိုတဲ့အချိန်မှာ ဘာတွေကို ဆန်းစစ်သင့်တယ်ဆိုပြီး ထောက်ပြထားတာ ဖြစ်ပါတယ်။ လက်ရှိ တည်ဆဲဥပဒေဟာ ဘယ် လိုပဲ စံချိန်စံညွန်း မညီပေမယ့်လည်း တည်ဆဲ ဥပဒေဆိုတာကို အသိအမှတ် ပြုထားပါတယ်။

မေး။ ။ ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခမှာ သတင်းမှားတွေနဲ့ ပတ်သက်လို့ ဘယ်လိုမြင်မိလဲ။

ဖြေ။ ။ ရိုးရိုးသားသား မသိတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ ဥပမာ- ကိုဖီအာနန် ကော်မရှင်က နိုင်ငံသားဥပဒေကို အတင်း ပြင်ခိုင်းနေတယ်။ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာတောင်မှ အမှု ရှုံးသွားရင် ဒါကိုပြင်ဖို့ ဆိုတာ ဖြစ်မယ်။ ဒါတွေက လုံးဝကို ယုတ္တိမရှိတဲ့ဟာတွေ။ အဲဒီတော့ ရည်ရွယ်ချက်ကျကျ အဖျက်အမှောင့် လုပ်နေတာလည်း ဖြစ်နိုင်တယ်။ ရိုးရိုးသားသား အပေါ်ယံလောက် ကြည့်ပြီးတော့ ထင်မှတ် မှားနေတာလည်း ဖြစ်နိုင်တယ်။

အမှန်တရားတွေ သိဖို့အတွက် ကျနော်တို့ရဲ့ အကြံပြုချက် ၈၈ ချက် ဆိုတာကို အင်တာနက်ကနေ အချိန်မရွေးဖတ် ကြည့်လို့ ရပါတယ်။ ၁၉၈၂ နိုင်ငံသား ဥပဒေသည် တည်ဆဲဥပဒေ ဖြစ်တဲ့အတွက် အဲဒီအတိုင်း အတိအကျ ဆောင်ရွက်ပါ လို့ပဲ ပြောထားတာ။ အဲဒီသတင်းစကားဟာ ပြည်သူတွေဆီကို ရောက်ဖို့ လိုအပ်ပါတယ်။ တဖက်ကလည်း တရားမဝင်တဲ့ သူတွေများ ဝင်လာမလားဆိုပြီး သံသယတွေ ဖြစ်နေတယ်။

ဒီသံသယက ကျနော်တို့မှာလည်း ရှိတယ်။ ကိုယ့်ရဲ့ မိခင်နိုင်ငံမြေပေါ်မှာ နိုင်ငံသား မဟုတ်တဲ့သူတွေ ကြီးစိုးလွှမ်းမိုးမှာကို ကျနော်တို့ လုံးဝ လက်မခံနိုင်ဘူး။ ကျနော်တို့ မြန်မာ မွတ်စလင်တွေတင် မဟုတ်ဘူး။ ရခိုင်ပြည်နယ်မှာရှိတဲ့ အစ္စလာမ် ဘာ သာဝင်များသည်ပင်လျှင် တိုင်းတပါးသားက ခိုးဝင်လာမယ့် ဟာတွေကို သူတို့ ကိုယ်တိုင် စိုးရိမ်တယ်။ မလိုလားဘူး။ အဲဒီတော့ နိုင်ငံသား အရည်အချင်း မပြည့်တဲ့သူတွေကို မပေးပါနဲ့လို့ ပြောတဲ့အထဲမှာ သူတို့အသံက ပိုတောင် ကျယ်ပါ သေးတယ်။
မိဘ၊ ဘိုးဘွားစဉ်ဆက် နေထိုင်ခဲ့ပြီး အထောက်အထား ခိုင်ခိုင်လုံလုံရှိတဲ့သူတွေကိုသာ မျှမျှတတ စဉ်းစား ဆုံးဖြတ်ပေး ပါလို့ပဲ ပြောနေတာပါ။ အဲဒီတော့ သတင်းအမှားတွေဟာ တမင် မတည်ငြိမ်မှုကို ဖန်တီးချင်နေတဲ့သူတွေက လုပ်ဆွနေတဲ့ ကိစ္စရပ်တွေ ဖြစ်တဲ့အတွက် ရှင်းရှင်းလင်းလင်းသိဖို့တော့ လိုအပ်ပါတယ်။

မေး။ ။ သတင်းအမှားတွေ အပေါ်မှာ အစိုးရရဲ့ ဖြေရှင်းမှုကရော ထိရောက်မှု ရှိတယ်လို့ ထင်သလား။

ဖြေ။ ။ အစိုးရဘက်မှာ မူဝါဒချမှတ်တဲ့သူတွေနဲ့ လက်တွေ့ အကောင်အထည်ဖော်တဲ့ သူတွေကြားမှာ အချိတ်အဆက် မမိ ဘူးပဲ ပြောရမလား။ ချမှတ်ထားတဲ့ မူဝါဒတွေကို တစိုက်မတ်မတ် လုပ်နေတာမျိုးတော့ မတွေ့ရဘူး။ ဥပမာ- NVC ကတ် ကိစ္စ၊ ဒီကတ်ဟာ အထောက်အထားမရှိတဲ့ သူတွေ အားလုံး ပေးရမယ်လို့ ပြောထားတာ ရှိတယ်။ အတိုင်ပင်ခံရုံးကနေ ပြီးတော့ ထုတ်ထားတဲ့ လမ်းညွှန်ချက်ရှိတယ်။ အထောက်အထား လုံးဝမရှိတဲ့သူတွေ အတွက် NVC ကို စကိုင်၊ ပြီးတော့မှ နိုင်ငံသားလျှောက်လို့ ပြောတယ်။

အထောက်အထား ရှိတဲ့သူတွေက နိုင်ငံသားကို တန်းလျှောက်လို့ ရတယ်။ ဒါဟာ အင်မတန် ရှင်းလင်းတဲ့ ကိစ္စ။ သို့သော် လည်းပဲ အောက်ခြေမှာကျတော့ ဝင်လာသမျှသူတွေကို NVC ပေးရမယ် ဆိုပြီးတော့ သတင်းတွေမှာလည်း ၂ မျိုးဖြစ် ဖြစ်နေတယ်။ အဲဒီတော့ အထောက်အထား ရှိတဲ့သူတွေက ဘာလို့သူတို့ NVC ကိုင်ရမလဲ ဆိုပြီးတော့ NVC တစ္ဆေခြောက် နေကြတယ်။ အဲဒါက အကြီးကျယ်ဆုံး အဟန့်အတား ဖြစ်နေတယ်။ ဒါကို ရှင်းပေးဖို့လိုတယ်။

နိုင်ငံသားဖြစ်ဖို့ အတွက်ကတော့ လျှောက်ကို လျှောက်ရမယ်။ ဒါက ကျနော်တို့ နိုင်ငံရဲ့ ဥပဒေ။ ကျနော့် မြေးလည်း လျှောက်ရမှာပဲ။ အတိုင်ပင်ခံရဲ့ မြေးလည်း ဒီနိုင်ငံမှာ ရှိမယ်ဆို လျှောက်ရမှာပဲ။ သို့သော် NVC ရဲ့လမ်းကြောင်းနဲ့ နိုင်ငံ သားလျှောက်တဲ့ လမ်းကြောင်းက မတူဘူး။ အထောက်အထားမရှိတဲ့သူက NVC ကိုင်ပါ။ ဒါကသူတို့အတွက် အင်မတန် ကောင်းတဲ့ ကိစ္စတခုပါ။ ဒါပေမယ့် ဝင်လာသမျှ အားလုံး ကိုင်ရမယ်ဆိုတဲ့ ပုံစံမျိုး အောက်ခြေမှာ ပြောဆိုနေတဲ့ဟာက အ များကြီး သံသယဖြစ်ဖွယ်ရာ ဖြစ်ပြီး အဟန့်အတားပါပဲ။

မေး ။ ။ နောက်တခုက အကြံပြုချက်ထဲမှာပါတဲ့ လွတ်လပ်စွာ သွားလာခွင့်ပေါ့နော်၊ ဒီအခြေအနေကရော ဘယ်လို အတိုင်းအတာမှာ ရှိနေတယ် ထင်လဲ။

ဖြေ ။ ။ ကော်မရှင်က ကွင်းဆင်းတဲ့အခါမှာ တင်းပြည့်ကျပ်ပြည့် နိုင်ငံသားကတ် ရထားပြီးသား လူတွေရှိတယ်။ ဌာနဆိုင် ရာတွေက လွတ်လပ်စွာ သွားလာခွင့် ရှိတယ်လို့ ပြောပေမယ့် လုံခြုံရေးအရ ဆိုပြီးတော့ သွားလို့လာလို့ မရတာ ဟိုအချိန် တုန်းက ရှိခဲ့တယ်။ ဒါက ဥပဒေအရ ထိန်းချုပ်တာလား၊ လုံခြုံရေးအရ ဆိုပြီးလုပ်တာလား ဆန်းစစ်ဖို့လိုတယ်။ နောက်ပိုင်းမှာ သိလာတာက အဓိက လူ့အဖွဲ့အစည်း နှစ်ခုကြားမှာ ရှိတဲ့ တင်းမာမှုတွေက သိသိသာသာ လျော့နည်း သွားတယ်။ တချိန်တုန်းကလည်း တယောက်ပေါ် တယောက် မှီခိုပြီးတော့ ဘဝရှင်သန်ခဲ့ရတာတွေ ရှိတယ်။

သိပ်ပြီးတော့ သဟဇာတ ဖြစ်ချင်မှဖြစ်မယ်။ လူမှုရေး၊ စီးပွားရေးအရက ကျွန်းကိုင်းမှီ၊ ကိုင်း ကျွန်းမှီ ရှင်သန်နေရတာ ဖြစ်တဲ့အတွက်ကြောင့် နောက်ပိုင်းမှာ ဆိုရင် တင်းမာမှုတွေက အများကြီး ကျသွားပြီလို့ ထင်ရတယ်။ ဒါပေမယ့် ကန့် သတ်မှုတွေက ရှိနေတာတွေ့ရတယ်။ အဲ့ဒါက သူတို့ရဲ့ ကိုင်ဆောင်ထားတဲ့ အထောက်အထားတွေ အပေါ် မူတည်ပြီး တော့ပေါ့။ အဲ့ဒါက ဥပဒေအရ ကန့်သတ်တာလား လုံခြုံရေး မရှိလို့ ပဋိပက္ခ ပြန်ဖြစ်မှာ စိုးလို့ ဆိုတဲ့ စိုးရိမ်ချက်ကြောင့်လား ပြန်သုံးသပ်တဲ့အခါ ပဋိပက္ခ ဖြစ်စရာအကြောင်းကတော့ ပို နည်းသထက် နည်းလာတာ တွေ့ရတယ်။

မေး။ ။ လူ့အခွင့်အရေး ကျူးလွန်တဲ့သူတွေကို အရေးယူဖို့ ဆိုတဲ့ အကြံပြုချက်ကိုရော အစိုးရ လုပ်ဆောင်ချက် အားရ စရာရှိလား။

ဖြေ။ ။ ကျနော်တို့ ပဏာမ အကြံပြုချက် မတင်မီမှာ ARSA ရဲ့ တိုက်ခိုက်မှုက တကြိမ်ဖြစ်တယ်။ နောက်ဆုံး အစီအရင် ခံစာတင်ပြီး နာရီပိုင်းအတွင်းမှာလဲ တိုက်ခိုက်မှု ဖြစ်တယ်။ အဲဒါတွေ မဖြစ်ခင်ထဲက ကျနော်တို့ တွေ့ရတာက အဲ့ဒီမှာ လ အခွင့်အရေး ရဖို့အတွက် လိုအပ်ချက်တွေ အများကြီး ရှိတယ်။ ကျူးလွန်မှုတွေလည်း တွေ့ရတယ်။ အဲဒါကြောင့် စုံစမ်း စစ်ဆေးဖို့ လိုအပ်တယ်လို့ အကြံပြုချက်တင်ပြခဲ့တာပါ။

အဲဒါကိုလည်း ကော်မရှင်တွေဖွဲ့ပြီး အခုထိလည်း စုံစမ်း စစ်ဆေးနေဆဲပါ။ အခုထိတော့ မဖြစ်ခဲ့ပါဘူးလို့ ဘူးခံငြင်းခဲ့တာ တော့ မရှိပါဘူး။ အထောက်အထား ခိုင်လုံဖို့ အတွက်တို့ ဘာတို့ ပြောနေတာပေါ့လေ။ သို့သော် အပေါ်နဲ့ အောက်ခြေရဲ့ စီးဆင်းမှုမှာ ခါးလည်ပြတ်နေတာလို့ ပြောတာပါ။ သိပ်ပြီးတော့ ဟန်ချက်မညီတာကို တွေ့ရပါတယ်။ တမင်တကာ လုပ် တာလည်း ဖြစ်နိုင်တယ်။ လုပ်ငန်း မကျွမ်းကျင်တာလည်း ဖြစ်နိုင်ပါတယ်။ တခုတည်းကို အကြောင်းပြလို့တော့ မရဘူး။ တခုလုံးကို ခြုံငုံပြီးတော့ သေချာ ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

မေး။ ။ ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အစိုးရက တကယ် စိတ်ပါလက်ပါ လုပ်နေတယ်လို့ မြင်လား။ အပေါ်အောက် ဟန်ချက်ညီဖို့ကိုရော အစိုးရ ဘာလုပ်သင့်တယ် ထင်လဲ။

ဖြေ။ ။ ကျနော် အဲ့ဒါ ပြောတာပေါ့။ အပေါ်နဲ့အောက် သိပ်ပြီးတော့ ဟန်ချက်က မညီသေးဘူးလို့ ထင်ရတယ်။ ဒါကတော့ အကူးအပြောင်း တခုမှာ အခက်အခဲ တခုပဲဗျ။ ဒါကြောင့် အုပ်ချုပ်မှု ယန္တရားကြီးကို အစားထိုးဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူရွေးလိုက်တဲ့ ဒီမိုကရက်တွေမှာ အုပ်ချုပ်ရေး အတတ်ပညာဆိုတာ စာတွေ့လက်တွေ့တွေနဲ့ အတွေ့အကြုံတွေ အများကြီး လိုတယ်။ အဲဒါကြီး တခုလုံးကို အစားထိုးလိုက်ရင်လည်း ကမောက်ကမ ဖြစ်သွားမယ်။

ဒါကြောင့်မို့လို့ လူစားမထိုးသေးဘဲနဲ့ အခုတက်လာတဲ့ ပုဂ္ဂိုလ်ကလည်းပဲ သူတို့ကို ဆက်ပြီးအသုံးချနေတော့ကာ ပျော့ ကွက် ကလေးတွေရှိမှာပဲ။ လုပ်တာတော့ ကြိုးစားပြီး လုပ်နေကြတယ်။ လုပ်ပြီးပါပြီ ဆိုတာကိုလည်း သတင်းစာတွေမှာ ကိန်ဂဏန်းတွေ၊ ဂရပ်တွေနဲ့ ပြောနေတာတော့ တွေ့ရတာပဲ။ သို့သော်လည်းပဲ ကျနော်တို့တော့ အားရကျေနပ်ဖွယ်ရာ မရှိသေးဘူးလို့ပဲ ရိုးရိုးသားသား ပြောရလိမ့်မယ်။

မေး။ ။ ကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ် တပ်မတော်ဘက်က ပူေးပါင်းဆောင်ရွက်မှု ရှိတယ်လို့ရော ထင်မြင်သလား။

ဖြေ။ ။ ကော်မရှင်ဖွဲ့တော့ လွှတ်တော်မှာတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်တဲ့အထဲမှာ အပြည့်အဝရှိတယ်။ သို့သော် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကျနော်တို့ ၂ ခါ တွေ့တယ်။ နောက်ပိုင်း ခေါင်းဆောင် ကြီးတွေနဲ့လည်း တွေ့တဲ့ဟာတွေ ရှိတယ်။ တွေ့တဲ့အခါတိုင်းမှာ သူတို့ ကူညီမယ်၊ ပူးပေါင်း ဆောင်ရွက်မယ်ဆိုတဲ့ စကား တွေလည်း ရခဲ့တယ်။ ကူညီမယ် ဆိုတာကတော့ ကျနော်တို့ ကွင်းဆင်း လေ့လာတဲ့အခါမှာ လုံခြုံရေးပေးတာတို့၊ သွားချင် တဲ့နေရာတွေကို ရောက်အောင် ပို့ပေးတဲ့အခါမှာ တပ်မတော်ရဲ့ ရဟတ်ယာဉ်တွေနဲ့ သွားခဲ့ရတာရှိတယ်။ အဲဒီလို အကူအ ညီတွေ ရခဲ့တာရှိပါတယ်။ ပူးပေါင်း ဆောင်ရွက်မှုဆိုရင်လည်း မမှားပါဘူး။

မေး။ ။ တခြား ဖြည့်စွက် ပြောချင်တာများ ရှိပါသေးလား။

ဖြေ။ ။ ရခိုင်ပြည်နယ် မြောက်ပိုင်းက ကိစ္စတွေနဲ့ ပတ်သက်ပြီး အခု အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး (ICJ) အထိ ရောက်ရတာ ကိုဖီအာနန် ကော်မရှင်ကြောင့် ဆိုပြီးတော့ ပြောတဲ့သူတွေထဲမှာ တော်တော် အမျှော်အမြင် ရှိတဲ့သူတွေ၊ တချိန်က ဒီမိုကရက်လို့ သိထားရတဲ့ သူတွေက အာဘောင်အာရင်းသန်သန်နဲ့ ထိပ်ဆုံးက ပါနေတော့ ကျနော် အင်မတန် အံ့သြတယ်ဗျာ။ သူတို့ဆိုလိုတာက ဒီနိုင်ငံခြားသားကြီးကို ခေါ်ပြီးတော့ ကော်မရှင်ဖွဲ့လို့ ဟိုးလေး တကြော်ကြော် ဖြစ်သွားရ တယ်ပေါ့ဗျာ။

အကယ်၍များ ဒီကော်မရှင် မဖွဲ့ရင်ရော ဒီမှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေဟာ ကမ္ဘာက မသိတော့ဘူးလား။ အပြည်ပြည်ဆိုင်ရာနဲ့ ကော မပတ်သက်ဘူးလား။ အပြည်ပြည်ဆိုင်ရာနဲ့ မပတ်သက်ဘူးပဲ ထားဦး၊ ဖြစ်ကတည်းကိုက နိုင်ငံနှစ်ခုနဲ့ ပတ်သက်နေ ပြီ။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံပါနေပြီ။ ဒီဒုက္ခသည်တွေက ဘင်္ဂလားဒေ့ရှ်ကို အုံနဲ့ကျင်းနဲ့ မပြေးခင်ကတည်းက ကမ္ဘာအနှံ့ ကို ရောက်နေကြပြီ။

အိမ်ရှင်နိုင်ငံတွေကလည်း သူတို့နဲ့ ပတ်သက်နေတယ်။ ဘာကြောင့် ဒီဒုက္ခသည်တွေ ရောက်လာကြတာလည်း စိုးရိမ်ချက် တွေ ရှိနေတယ်။ နောက်တချက်က ဒါဟာ အိမ်တွင်းရေးလို့ ပြောကြတော့ အိမ်တွင်းရေး အကြမ်းဖက်ပြီဆိုရင် ကိုယ့်က လေးကို၊ မိန်းမကို ရိုက်ချင်တိုင်း၊ နှိပ်စက်ချင်တိုင်း လုပ်လို့ မရဘူး။ မဖြစ်သင့်ဘူးဆိုရင် အရပ်ကနေ ဝင်ပြီးတော့ တားတာ၊ ပြုတာက ရှိနေကြပြီးသားပဲ။ ကိုဖီအာနန် ကော်မရှင်ကြီးဖွဲ့ကာမှ အရပ်ကယ်ပါ လူဝိုင်းပါ ဖြစ်သွားတယ်ဆိုတဲ့ သုံးသပ်ချက် ကတော့ အင်မတန် လွဲမှားပါတယ်။

ဆက်စပ်ဖတ်ရှုရန်

ပြည်ပ ဖိအားကို ပြည်တွင်း ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်ခြင်းဖြင့် တုံ့ပြန်ပါ

ICJ အရေး အစိုးရနှင့် တပ်မတော် ပူးပေါင်းမှု မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ် ထောက်ခံ

သဟိဂ်က အမှု ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက်ရှင်းထုတ်နိုင်မလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading