ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၏ အဓိက စီးပွားရေးလုပ်ငန်းသည် ရေလုပ်ငန်းပင်ဖြစ်သည်။ ထိုရေလုပ်ငန်းသည် ရန်ကုန်မြို့၊ ဘုရင့်နောင် ပွဲရုံတန်းမှ ငါးပိ၊ ငါးခြောက်နှင့် ပုဇွန်ခြောက် ဈေးကွက်၏ ၅ဝ ရာခိုင်နှုန်းကျော်ကို ဖြည့်ဆည်းပေးနေသည့် စီးပွားရေး လုပ်ငန်းဖြစ်သည်။
ထို စီးပွားရေးလုပ်ငန်း ဖြစ်တည်ရန် အဓိက အားဖြင့် ပင်လယ်ပြင် အတွင်းသို့ ကျားဖောင်များဖြင့် ဈေးကွက်ဝင် ငါး၊ ပုဇွန်များကို ဖမ်းရသည်။ လွန်ခဲ့သော ၁၉၇ဝ ဝန်းကျင်ကတည်းက စတင်ရှိလာခဲ့သည့် လုပ်ငန်းသည် လွန်ခဲ့သော ၃၊ ၄ နှစ်ခန့်ကစပြီး လုပ်ငန်းခွင် အတွင်း လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက်မှုများ၊ လုပ်အားခေါင်းပုံဖြတ်မှုများကြောင့် ပြဿနာများ ပေါ်ပေါက်လာကာ ပြည်သူအများက ပြောဆိုဝေဖန်လာကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာလပိုင်းကလည်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်နေ တက္ကသိုလ်ကျောင်းသား ကိုမြတ်သူရ ထွန်းသည် ကျားဖောင်လုပ်ငန်းခွင်သို့ ခေါ်ဆောင်ခံရတာ နှိပ်စက်ညှင်းပန်း ခံခဲ့ရသဖြင့် မိသားစုဝင်များကပါ ဖျာပုံမြို့သို့ လိုက်လာပြီး ငွေကြေးတချို့ပြန်ပေးကာ ပြန်ခေါ်ဆောင်လာခဲ့သည်။
ထိုသို့လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကျားဖောင်လုပ်ငန်းများကို ပတ်သက်ပြီး ဖျက်သိမ်းရန် အထိ ပြောဆိုဝေဖန်မှုများ ရှိနေရာ ယင်းအပေါ် အဓိက စီမံခန့်ခွဲ ညွှန်ကြားရသည့် မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ညွှန်ကြားရေးမှူး ဦးစောအောင်ရဲထွဋ်လွင်ကို ဧရာဝတီသတင်းဌာနမှ အကြီးတန်းသတင်းထောက် ထက်ခေါင်လင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ကျားဖောင်ကိစ္စနဲ့ ပတ်သက်ပြီး ဆရာတို့ရဲ့ ဦးစီးဌာနအနေနဲ့ ဘယ်လိုမျိုး စီမံဆောင်ရွက်ထားတယ်ဆိုတာ ပထမဦးဆုံး ရှင်းပြပေးပါလား။
ဖြေ။ ။ ကျားဖောင်ကိစ္စတွေက အင်မတန်မှ သိမ်မွေ့နက်နဲတဲ့ လုပ်ငန်းဖြစ်ပါတယ်။ သာမန်အားဖြင့် ပင်လယ်ထဲမှာ ငါးဖမ်းလုပ်ငန်းလို့ တွက်ဆပေမယ့် သူကတော့ နိုင်ငံခြားမှာ အလုပ်သွားလုပ်တဲ့သူတွေလို 3 D Worker (dangerous , Difficult, Dirty – 3 D) လို့ သုံးလို့ရပါတယ်။ သူက အန္တရယ်များတယ်၊ ခက်ခဲတယ်၊ ညစ်ပတ်တယ်လို့ ဆိုရမယ့် လုပ်ငန်းတခု ဖြစ်ပါတယ်။ နောက်ပြီး မူလသဘာဝကိုက လုံခြုံစိတ်ချရမှု အားနည်းတယ်။ အဲဒါတွေကြောင့် ပြဿနာ တွေဟာ မကြာခဏ ဖြစ်ပွားနေရခြင်း ဖြစ်ပါတယ်။
မေး။ ။ လုပ်ငန်းရှင်တွေကို ဘယ်လိုသတ်မှတ်ချက်တွေနဲ့ လုပ်ငန်းလိုင်စင် ချပေးလဲ။
ဖြေ။ ။ ငါးဖမ်းလှေ တစီးမှာ ကျားဖောင် ၈ စီးအနေနဲ့ ကျနော်တို့ ချပေးလျက်ရှိပါတယ်။ တဖက်မှာ လုပ်ငန်းရှင်တွေက ငါးဖမ်းလှေ တစီးကို ကျားဖောင် ၁၁ စီးနှုန်းနဲ့ ချပေးဖို့ တောင်းဆိုတာတွေ ရှိပါတယ်။ သို့သော် သူတို့တောင်းခံတဲ့ ငါးဖမ်း လုပ်ငန်းရေပြင်ဟာ နိုင်ငံတကာ ကုန်သွယ်မှု သဘောင်္တွေ သွားရာလမ်းကြောင်းမှာ ကျနေတယ်။ တခြား ကုန်သွယ်မှု သဘောင်္တွေ သွားလာမှု အခက်အခဲ မရှိအောင် ဌာနအနေနဲ့က ငါးဖမ်းလှေ ၁ စီးကို ကျားဖောင် ၈ စီးထက်ပိုပြီး ချပေးနိုင်ခြင်း မရှိပါဘူး။
မေး။ ။ တကယ့်ပင်လယ်ပြင်မှာ ကျနော်တို့ကိုယ်တိုင် တွေ့ရှိခဲ့တာက ကျားဖောင်တတွဲမှာ ၈ စီးထက်မက ရှိနေတာကို တွေ့ခဲ့ရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး သုံးသပ်ပေးပါဦး။
ဖြေ။ ။ ရှိနိုင်ပါတယ်။ ရှိလည်း ရှိပါတယ်။ သူတို့အနေနဲ့ လုပ်ငန်းလုပ်ကွက် ကောင်းတာတကြောင်း၊ စီးပွားရေးအရ တွက်ခြေကိုက်တာ တကြောင်း ပိုတိုးချဲ့တာ။ သူတို့တောင်းခံတာက ငါးဖမ်းလှေ တစီးကို ကျားဖောင် ၁၁ စီး တောင်းခံတယ်။ လိုင်စင်လည်း ဆောင်ခွင့်ပြုပါတဲ့။ ကျနော်တို့ကလည်း ပြည်ထောင်စု ဝန်ကြီးဌာနအထိပါ တင်ပြပါတယ်။ သို့သော် မလိုအပ်ပဲ ကျားဖောင်အရေအတွက် များမှာစိုးတဲ့အတွက်၊ ကုန်သွယ်မှုလမ်းကြောင်း ထိခိုက်မှာ စိုးတဲ့အတွက် ငါးဖမ်းလှေ တစီးကို ကျားဖောင် ၈ စီးအထိပဲ တရားဝင်လုပ်ကိုင်ခွင့် ပြုတာပါ။
မေး။ ။ ကျနော်တို့ တွေ့ရှိခဲ့သလို ကျားဖောင် ၈ စီးထက်ပိုတဲ့ဟာတွေကို ဘယ်လို အရေးယူဆောင်ရွက်မှုတွေ လုပ်လဲ။ ဘယ်လောက်အထိ ဆောင်ရွက်ပြီးသွားပြီလဲ။
ဖြေ။ ။ အခုထက်ထိ ကျနော်တို့ရဲ့ အခက်အခဲဖြစ်တဲ့ စစ်ဆေးရေးလှေတွေ၊ ဝန်ထမ်းအင်အား နည်းပါးတာတွေကြောင့် ပင်လယ်ပြင်ထွက်ပြီး စစ်ဆေးတာတွေ မလုပ်နိုင်ပါဘူး။ ဒီဟာလည်း ဌာနအနေနဲ့ အားနည်းချက်တခုအနေနဲ့ ရှိနေပါတယ်။
မေး။ ။ ဆရာတို့အနေနဲ့ ကျားဖောင်တွေကို စိစစ်တဲ့နေရာမှာ အဓိက စိန်ခေါ်မှုအနေနဲ့ ဘာတွေရှိနေလဲ။
ဖြေ။ ။ ကျားဖောင်တွေကို ကျနော်တို့ လုပ်ငန်းလုပ်တဲ့အခါ အလုပ်ရှင်နဲ့ အလုပ်သမား ပြဿနာတွေပါပဲ။ ဌာနတွင်း အစည်းအဝေးတွေ၊ ကျားဖောင်နဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေကို ၂ ပိုင်းတင်ပြရရင် လုပ်ငန်းရှင်တွေ ကြုံတွေ့ နေရတဲ့ အခက်အခဲက ၆ ချက်ရှိတယ်။ ကြိုတင်ငွေ ရယူပြီးတော့ လုပ်ငန်းခွင် မလာတော့ဘူး။ ပင်လယ် လုပ်ငန်းခွင်မှာ ရေလုပ်ငန်းသုံး ပစ္စည်းတွေကို ယူဆောင်ထွက်ပြေးတယ်။ မိသားစုတွေက လုပ်ငန်းရှင်ဆီကို လာပြီးတော့ သေဆုံး ပျောက်ဆုံး လိမ်လည်တိုင်ကြားပြီး လျော်ကြေးငွေ တောင်းခံတယ်။ မီဒီယာတွေနဲ့ ပွဲစားတွေနဲ့ ပူးပေါင်းပြီးတော့ လိမ်လည် တင်ပြတယ်။ အလုပ်သမားတွေက ပွဲစားတချို့ရဲ့ ဥပဒေမဲ့ ငွေကြေးတောင်းခံခြင်းတွေ ဆောင်ရွက်တယ်။
နောက်ဆုံးက လက်မ၊ လက်ညှိုး၊ လက်သန်း စတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ကိုယ်တိုင်ဖြတ်တောက်ပြီး အလုပ်ခွင် ထိခိုက်မှုဆိုတဲ့ အကြောင်းပြချက်နဲ့ လျော်ကြေး တောင်းခံတယ်။ အလုပ်သမားတွေကလည်း ပွဲစားတွေကို အသုံးချပြီး ဥပဒေမဲ့လျော်ကြေး တောင်းခံတာတွေ ရှိပါတယ်။ ပွဲစားဆိုတာ လှေပေါ် ရောင်းစားတဲ့ကိစ္စ တခုတည်း မဟုတ်ပါဘူး။ ကျနော်တို့ အနေနဲ့ စဉ်းစားရမယ့် ကိစ္စက ကြားလူဖြစ်တဲ့ ပွဲစားတွေ ယုတ်လျော့သွားရင်တော့ အလုပ်ရှင်နဲ့ အလုပ်သမား ပြဿနာတွေ လျော့သွားမယ်လို့ ယူဆတယ်။
နောက် ရေလုပ်သားတွေ ဘာတွေဖြစ်သင့်လဲဆိုတော့ အမှန်တကယ် ရေလုပ်ငန်း လုပ်မယ့်သူတွေပဲ ဖြစ်သင့်ပါတယ်။ အခုက လုပ်သားလိုအပ်ချက် ကြီးနေတော့ ရေလုပ်ငန်း လုပ်မယ့် လုပ်သားတွေ မဟုတ်ပဲနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရောက်လာတဲ့သူတွေ ဖြစ်နေတယ်။ မှတ်ပုံတင် မူရင်းတွေ ယူဆောင်လာဖို့ လိုပါတယ်။ အိမ်ထောင်စု ဇယားတို့၊ နေထိုင်တဲ့နေရာက အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံစာတို့ သက်ဆိုင်ရာ ရဲစခန်းရဲ့ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာတွေနဲ့ လာလုပ်မယ်ဆိုရင် ဒီပြဿနာတွေ တော်တော် လျော့နည်းမယ်လို့ ကျားဖောင်လုပ်ငန်းရှင်တွေဘက်က တင်ပြထားတာ ရှိပါတယ်။
မေး။ ။ ကျားဖောင်လုပ်ငန်းတခွင် ကျနော်တို့ လေ့လာလိုက်တဲ့အခါ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ငါးလုပ်ငန်း ဦးစီးဌာနတွေ၊ လုပ်ငန်းရှင်တွေ စသဖြင့် အလုပ်ရုံဆွေးနွေးပွဲကနေ အလုပ်ခန့်ထားရေး စာချုပ်တခု အတည်ပြုထားတာ ရှိတယ်။ ဒါပေမယ့် အဲဒီဟာကို အသုံးပြုတာ အားနည်းတာတွေ့ရတယ်။ သူတို့က ဘာလို့အသုံးမပြုတာလဲ။
ဖြေ။ ။ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်ကို ကျနော်တို့ဓလေ့တွေမှာ စနစ်တကျ အသုံးပြုမှု အားနည်းတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ အလုပ်လုပ်မယ့် အလုပ်သမားကလည်း အစကတည်းက သူလုပ်ရမယ့် လုပ်ငန်းတွေ၊ သူ့တာဝန်တွေကို သေသေချာချာ မဖတ်ဘူး။ အလုပ်ရချင်တဲ့ဇောနဲ့ပဲ အလွယ်တကူ လက်မှတ်ထိုးလိုက်တယ်။ အလုပ်ရှင်ကလည်း အလုပ်သမားရရင် ပြီးရော၊ မပြည့်မစုံ စာချုပ်ချုပ်တာရော၊ သေသေချာချာ မလုပ်တာတွေက လက်ရှိမှာ ရှိနေသေးတယ်။ နောင် ပဋိပက္ခတွေ လျော့နည်းသွားအောင် လုပ်မယ့် လုပ်ငန်းစဉ်ထဲမှာ လုပ်ရမယ့်အလုပ်တွေ၊ တာဝန်တွေကို သေသေချာချာ ဖတ်ပြ၊ ရှင်းပြပြီးတော့ လုပ်ရမယ်ဆိုတာ နောင်လုပ်ဆောင်ရမယ့် အချက်တချက်မှာ ပါပါတယ်။
မေး။ ။ ဆရာ အစောပိုင်းက ပြောသွားတဲ့အထဲမှာ မီဒီယာနဲ့ ပွဲစား ပူးပေါင်းလိမ်လည်တယ်ဆိုတာ ဘယ်လိုဖြစ်ရပ်မျိုးကို ဆိုလိုတာလဲ။
ဖြေ။ ။ ကျနော့်ကို အလုပ်ရှင်တချို့ ပြောတဲ့အခါမှာတော့ ကျားဖောင်တွေ၊ လှေတွေမှာ လုပ်တယ်၊ ပျောက်ဆုံးသွားပါတယ်၊ လျော်ကြေးတွေ လာတောင်းတယ်၊ ဒီလျော်ကြေးမပေးရင် ဘယ်မီဒီယာတွေ ခေါ်လာမယ်ဆိုပြီး ပွဲစားနဲ့လာတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ ပြဿနာမဖြစ်အောင် လျော်ကြေးပေးလိုက်တယ်။ ဒါပေမယ့် လျော်ကြေးတောင်းသွားတဲ့သူကို နောင် ၆ လ၊ တနှစ်အကြာ တခြားတနေရာမှာ တွေ့တယ်။ အဲဒီလို ခဏ၊ ခဏ အလိမ်ခံရပါတယ်ဆိုပြီး လုပ်ငန်းရှင်တွေက ကျနော့်ကို တင်ပြတယ်။
မေး။ ။ သက်ဆိုင်ရာ အာဏာပိုင်တွေ၊ တပ်မတော်ရေ စသဖြင့်ပေါ့။ အဲဒီလိုအဖွဲ့တွေက ပင်လယ်ပြင်ထဲအထိ ကျားဖောင်တွေအပေါ် လာရောက်စစ်ဆေးတာမျိုး တခါမှ မရှိဘူးဆိုပြီး ပြောကြတယ်။ အဲဒီလိုဖြစ်နေတာကို ဘယ်လို သုံးသပ်လဲ။
ဖြေ။ ။ ဟုတ်တယ်။ ကျနော်တို့ စစ်ဆေးနိုင်တဲ့ အတိုင်းအတာရဲ့ တဖက်ကို ရောက်နေတယ်။ သွားရမယ့် ခရီးကြတော့ ဝန်ထမ်းအင်အား၊ စစ်ဆေးရေး လှေ လိုအပ်တာပေါ့။ စစ်ဆေးနိုင်မယ်ဆိုရင်တော့ ပိုကောင်းပါတယ်။ ကြပ်မတ်စစ်ဆေးတာ ကျနော်တို့ ဌာနတခုထဲ ဆောင်ရွက်လို့မရဘူး။ ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေး၊ အကောက်ခွန်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစရှိသဖြင့် ဌာနပေါင်းစုံ ပါဝင်တဲ့အဖွဲ့နဲ့ အနည်းဆုံး တလကို တကြိမ် စစ်ဆေးပေးသွားမယ်ဆိုရင်၊ ပုံမှန် စစ်ဆေးပေးသွားမယ်ဆိုရင် ဒီလိုဖြစ်ရပ်တွေ လျော့ကျသွားမယ်လို့ ကျနော်ယူဆပါတယ်။
မေး။ ။ လူပွဲစားတွေမှာလည်း မှန်မှန်ကန်ကန် လုပ်တဲ့သူရှိသလို၊ လိမ်လည်တဲ့သူတွေလည်းရှိတယ်။ အဲဒါကို ဘယ်လို ထိန်းသိမ်းသင့်တယ်လို့ ဆရာတို့ဌာနအနေနဲ့ ယူဆထားတာရှိလဲ။
ဖြေ။ ။ ဌာနအနေနဲ့ကတော့ ဒီပွဲစားတွေ ပျောက်သွားစေချင်တယ်။ သို့ပေမယ့် လုပ်ငန်းရှင်တွေဘက်ကကြတော့ ဒီလူတွေ ရှိနေရတာ အလုပ်သမား ရှာဖွေရတာ ပိုပြီးတော့ လွယ်တယ်လို့ ပြောတယ်။ ဒီပွဲစားတွေမှာ တရားဝင်ခွင့်ပြုချက်၊ လိုင်စင် ရှိတာတော့ မဟုတ်ဘူး။ ပွဲစားမှာလည်း အမျိုးမျိုး ရှိနိုင်ပါတယ်။ ဘယ်နှစ်ယောက်ဆိုပြီး ရိုးရိုးသားသား လုပ်စားနေတဲ့သူ ရှိသလို လုပ်အားခ ခေါင်းပုံဖြတ်ပြီး မမှန်မကန် လုပ်နေတဲ့သူလည်း ရှိနိုင်ပါတယ်။ ဒီမှာ တခုရှိတာက အလုပ်အကိုင် ဖန်တီး ပေးတဲ့အဖွဲ့နဲ့ အလုပ်လုပ်မယ့်သူကို ချိတ်ဆက်ပေးဖို့က ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတော့ ရှာသင့်တယ်လို့ ထင်တယ်။
မေး။ ။ ကိုမြတ်သူရထွန်းကိစ္စမှာ လူကုန်ကူးမှုရော၊ ညှဉ်းပမ်းနှိပ်စက်မှုရော ဖြစ်လာတယ်။ တချို့ဖြစ်ရပ်တွေမှာ ဖောင်ဦးစီးက နောက်လိုက်ကို သတ်တာ၊ နောက်လိုက်က ဖောင်ဦးစီးကို သတ်တာ စတဲ့ဖြစ်ရပ်တွေရှိတယ်။ အဲဒီလို ဖြစ်တာက ဘယ်လိုအခြေအနေတွေကြောင့်လို့ သုံးသပ်သလဲ။
ဖြေ။ ။ ဒီဟာက သိမ်သိမ်မွေ့မွေ့နဲ့ ကိုင်တွယ်ရမယ့် ကိစ္စပါ။ တဖက်က ကြည့်လိုက်တော့ ကျားဖောင်လုပ်ငန်းပဲ ပြောပြော၊ ရေထွက်ကုန် လုပ်ငန်းပဲပြောပြော နိုင်ငံတကာ စံချိန်စံညွှန်းတွေ၊ လူ့အခွင့်အရေးတွေ၊ လုပ်ငန်းခွင် သာယာရေးတွေ၊ နောက်တဖက်က ဝင်ငွေရရှိရေးတွေ၊ စားနပ်ရိက္ခာ ဖူလုံရေးတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ။ အဲဒီ ၂ ဖက်ကို ချိန်ဆပြီး လုပ်ကိုင်ဆောင်ရွက်ရမယ့် ကိစ္စဖြစ်ပါတယ်။ တဖက်ကို ဦးစားပေးမယ်ဆိုရင် အခြားတဖက်မှာ အများကြီး နစ်နာမယ်။
ဥပမာ – လူ့အခွင့်အရေးတွေပဲ ဦးစားပေးမယ်ဆိုရင် ဝင်ငွေ၊ အလုပ်အကိုင်တို့ဘက်မှာ အများကြီး ထိခိုက်သွားမယ်။ လုပ်ငန်းခွင် သာယာရေးဆိုတာလည်း အများကြီးလုပ်ရမယ်။ လုပ်ငန်းခွင်ကိုက ပင်ပန်းတယ်၊ ကြမ်းတမ်းတယ်၊ ခက်ခဲတယ်ဆိုတဲ့ သဘာဝဆိုတော့ ကျားဖောင်လုပ်သားရော၊ ကျားဖောင်ဦးစီးရော စိတ်ပင်ပန်း ဖိစီးမှုတွေ ရှိပါတယ်။ အဲဒီလို ရှိနေချိန်မှာ တယောက်နဲ့တယောက် သည်းမခံနိုင်တဲ့အခါ ပဋိပက္ခတွေ ဖြစ်မှာပါပဲ။
အဲဒီ လုပ်ငန်းခွင် သာယာရေးကို ကျနော်တို့က လုပ်ရမယ်။ ဥပမာ – အလုပ်ချိန် ဘယ်လိုလျော့ချမလဲ။ လုပ်သားအင်အား တိုးမလား။ ဒါကို ကျနော်တို့ လုပ်ငန်းရှင်တွေနဲ့ ပြန်ညှိရမှာပေါ့။ ကျားဖောင်တဖောင်မှာ ၃ ယောက်နဲ့မနိုင်ရင် ၅ ယောက်နဲ့ လုပ်မလား။ အလုပ်ချိန်ကို အဆိုင်းနဲ့ပေါ့။ လုပ်ငန်းရှင်၊ အလုပ်သမား၊ သက်ဆိုင်ရာ ဦးစီးဌာနတွေ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် မယ်ဆို အဆင်ပြေ သွားနိုင်မယ်လို့ ထင်ပါတယ်။
မေး။ ။ တချို့ကျားဖောင်လုပ်ငန်းရှင်တွေက သူတို့နှစ်ပေါင်းများစွာ လုပ်လာပေမယ့် လုပ်ငန်းနဲ့ပတ်သက်ပြီး တိကျတဲ့ လုပ်ထုံးလုပ်နည်း ယန္တရား မရှိဘူး။ အဲဒီ ယန္တရား ဖော်ဆောင်ဖို့က ဆရာတို့ ဦးစီးဌာနက ဘယ်လိုဆက်လုပ်ဖို့ စီမံထားတာရှိလဲ။
ဖြေ။ ။ အခုတော့ လူ့အခွင့်အရေး ကော်မရှင်တို့၊ တခြားအဖွဲ့အစည်းတို့ လုပ်ငန်းခွင်ထဲထိ သွားစစ်တာတွေ ရှိပါတယ်။ ကျနော်တို့ ငါးလုပ်ငန်း ဦးစီးဌာနအနေနဲ့က ပေါင်းစုလုပ်အား ကူညီပေးရေး အဖွဲ့နဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်တယ်။ ကျေးရွာတွေမှာ ဟောပြောတယ်။ ကျနော်တို့ရဲ့ ပစ်မှတ်ထားတာက ရေလုပ်သားတွေ ဖြစ်တဲ့အတွက် အခု ပြဿနာ ဖြစ်တာတွေကြည့်လိုက်ရင် ကျနော်တို့ ပညာပေးထားတဲ့ ရေလုပ်သားတွေ မဟုတ်ဘူး။ ကျနော်တို့ ပစ်မှတ်ထား လုပ်ထားတဲ့ အစုအဖွဲ့တွေ မဟုတ်ဘူး။
အဲဒီတော့ အခု ကျနော်တို့နဲ့ ပေါင်းစပ်လုပ်ကိုင်နေတဲ့ အကူညီပေးရေး အဖွဲ့တွေနဲ့ ပြန်တိုင်ပင်ပြီးတော့ အခု ဖြစ်နေတဲ့ ပစ်မှတ်မဟုတ်တဲ့ အစုအဖွဲ့တွေကိုပါ ပညာပေးလုပ်ငန်းတွေ လုပ်နိုင်အောင် ဆောင်ရွက်သွားဖို့ လိုပါတယ်။ အခုက ကျနော်တို့ လုပ်နေတာက အမှန်လုပ်နေတဲ့ ရေလုပ်သားတွေ၊ ရေလုပ်သား အဖွဲ့အစည်းတွေဆိုတော့ အခု ပြဿနာ ဖြစ်နေတဲ့ လူတွေက အချိန်ပိုင်းရော၊ အမြဲတမ်းရော ရေလုပ်သား မဟုတ်တဲ့သူတွေ ဖြစ်နေတာ တွေ့ရပါတယ်။
အဲဒီလိုဟာကို အကူအညီပေးမယ့် NGO တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေကို ကျနော်တို့က ဖိတ်ခေါ်ရမယ်။ ကျနော်ခုနက တင်ပြသလို ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပါ။ ငါးလုပ်ငန်းဦးစီးဌာန အနေနဲ့က ဘတ်ဂျက်အခက်အခဲတို့က ရှိနေတယ်။ အဲဒီလို ပစ်မှတ်မဖြစ်သေးတဲ့ အစုအဖွဲ့တွေကိုပါ ပညာပေး လုပ်ငန်းတွေ လုပ်သွားနိုင်မယ်ဆိုရင်တော့ ဒီလိုပဋိပက္ခတွေကို ပိုမိုလျော့ကျသွားနိုင်ပါတယ်။
မေး။ ။ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ရေချိုငါးလုပ်ငန်းဥပဒေဆိုတာ ပြဌာန်းပေးနိုင်ခဲ့တယ်။ အဲဒီတော့ ဒီ ကျားဖောင်လုပ်သားတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ ဥပဒေမျိုး လုပ်ပေးလို့ မရနိုင်ဘူးလား။
ဖြေ။ ။ လက်ရှိကတော့ ပြည်ထောင်စုအဆင့်က ကိုင်တွယ်တဲ့ မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေနဲ့ပဲ ဆောင်ရွက်တာပေါ့။ အဲဒီမှာ လုပ်ငန်းလုပ်မယ့်သူတွေဟာ ရေလုပ်သားကတ် ပါရှိရမယ်ဆိုတာ ရှိပါတယ်။ အများစုကတော့ လုပ်ကြတယ်။ ကြားဖြတ် ကိုမြတ်သူရထွန်းတို့လိုလူတွေ တက်သွားတာမှာ ရေလုပ်သား ကတ်လည်း မလုပ်ဘူး။ လုပ်ငန်းရှင်ကလည်း ကတ်လုပ်ရအောင်လို့ အချိန်မပေးတော့ဘူး။ အဲဒီအတွက် အခုလိုဖြစ်လာပါတယ်။ ရေရှည်လုပ်ကိုင်စားသောက်နေသူက ရေလုပ်သားကတ်ကို လုပ်ပြီးတော့ လုပ်ကြပါတယ်။
မေး။ ။ အခုလက်ရှိ ပြည်ထောင်စုအဆင့်က လုပ်နေတဲ့ မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေ ပြင်ဆင်ရေးက အမျိုးသား လွှတ်တော်မှာတော့ ရောက်နေပြီ။ ဆွေးနွေးတာ မရှိသေးဘူးဆိုတော့ ဥပဒေပိုင်းကိုလည်း သုံးသပ်ပေးပါဦး။
ဖြေ။ ။ အခု လွှတ်တော်မှာက ဥပဒေအသစ် ပြန်ဆွဲနေတာပါ။ လက်ရှိလည်း မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေက ကျင့်သုံးနေဆဲပါ။ အဲဒီမှာ လုပ်ငန်းရှင်ကလည်း အလောတကြီးနဲ့ အလုပ်သမားရရင် ပြီးရောဆိုပြီး အလုပ်သမားကို ကျားဖောင်ပေါ် မတင်ဖို့လိုတယ်။ သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးဘက်က အကူအညီနဲ့ ကျနော်တို့ကလည်း ရှောင်တခင် စစ်ဆေးတာတို့၊ လုပ်ငန်းရှင်တွေကို ပိုမိုပူးပေါင်းပါဝင်ဖို့နဲ့ မလိုအပ်ပဲနဲ့ အရည်အချင်းမမှီတဲ့ ရေလုပ်သား တွေကို ကျားဖောင်ပေါ်တင်တဲ့ကိစ္စ လျော့သွားရင်တော့ ပြဿနာတွေ လျော့နည်းသွားနိုင်ပါတယ်။
မေး။ ။ လုပ်ငန်းရှင်ရဲ့ စီမံခန့်ခွဲမှု အားနည်းချက်ကြောင့်လို့ရော ယူဆရတာမျိုးတွေ ရှိလား။
ဖြေ။ ။ ကျနော်သိရသလောက် ကိုမြတ်သူရထွန်းနဲ့ ပါတဲ့သူဆိုရင် မှတ်ပုံတင်တောင် မရှိဘူးထင်တယ်။ အဲဒီလိုတွေလည်း လက်ခံတယ်။ နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေ၊ နေရပ်ထောက်ခံစာတွေ ပါမှ လက်ခံမယ်ဆိုရင် ဒီလိုကြုံရာကျပန်းနဲ့ ကျားဖောင်ပေါ် တက်နေတဲ့ကိစ္စတွေ လျော့နည်းသွားမှာဖြစ်ပါတယ်။ ကြုံရာကျပန်းလို့ ပြောလိုက်လို့ အလုပ်သွားလုပ်တဲ့ သူတွေကို နှိမ့်ချပြီး ပြောတာမဟုတ်ဘူး။ တဖက်က ပြောကြတယ်။ ကျားဖောင်လုပ်ငန်းကို မင်းတို့ ငါးလုပ်ငန်းဦးစီးဌာနက မကြီးကြပ်ဘူး၊ ထောင်ကထွက်လာတဲ့သူတွေ၊ မှတ်ပုံတင်မရှိတဲ့သူတွေကို လက်ခံတယ်လို့ ကျနော်တို့ကို စွပ်စွဲတယ်။
ပြောင်းပြန်ပြန်တွေးလိုက်ရင် ဥပမာ ထောင်ကထွက်လာတဲ့သူက ကျနော်တို့ အသိုင်းအဝိုင်းမှာ အလုပ်လုပ်ဖို့၊ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် ရပ်တည်ဖို့ ခက်ခဲနေလို့ ဒီမှာအလုပ်လာလုပ်တာ။ အားသာချက်လည်းဖြစ်သလို လူကုန် ကူးမှု ဖြစ်စေတယ်ဆိုတဲ့ ၇၊ ၈ သိန်းကျပ် ကြိုတင်ငွေ ထုတ်ပေးတယ်။ အဲဒီအတွက်လည်း လူကုန်ကူးမှုတွေ ဖြစ်စေတယ်။ သူတို့အနေနဲ့(ထောင်ထွက်) သာမန်လူ့အသိုင်းအဝိုင်းမှာ ဝင်ဆံ့ဖို့ ခက်နေလို့ ကျားဖောင်လုပ်ငန်းရှင်တွေက အလုပ်ပေးတဲ့ ကိစ္စတော့ ကျနော်တို့က သဘောတူတယ်။ ဒါပေမယ့် မှတ်ပုံတင်မရှိလို့ မခန့်ပြန်ဘူးဆိုရင်လည်း သူ့အနေနဲ့ တော်တော်လေး ရပ်တည်ဖို့ ခက်ခဲတယ်။ ဒီလိုဟာတွေပါ အရှည်မှာ ချိန်ညှိစဉ်းစားပေးဖို့ လိုမယ်ထင်တယ်။
မေး။ ။ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်သူတွေက ငါးလုပ်ငန်းဦးစီးဌာနရဲ့ စီမံခန့်ခွဲ လုပ်ကိုင်မှုတွေ အားနည်းချက် ကြောင့် အခုလို ဖြစ်ပျက်လာနေတာလို့ ဝေဖန်ကြတယ်။ အဲဒီအပေါ် ဘာပြောချင်လဲ။
ဖြေ။ ။ ခုနက ပြောသလို လွှတ်တော်ကိုယ်စားလှယ်တွေရော ကျနော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရောရဲ့ ပူးပေါင်း ဆောင်ရွက်မှုက အများကြီးလိုပါတယ်။ အခုကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတာ ကျနော် ပြောခဲ့တဲ့ ပေါင်းစုလုပ်အား ကူညီပေးရေး အဖွဲ့တခုထဲ ရှိသေးတယ်။ ကျနော်တို့နဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်တယ်။ ရွာတွေကို ဟောပြောတာတွေ လုပ်တယ်။ ကျနော်တို့ရဲ့ ပစ်မှတ်ထားတဲ့အုပ်စုက ရေလုပ်ငန်းမှာ လုပ်မယ့် ရေလုပ်သားတွေပဲဖြစ်တယ်။ အပြင်ကနေလာပြီး ရေလုပ်ငန်းလုပ်မယ့်သူတွေကို ကျနော်တို့က အသိပညာ မပေးနိုင်သေးဘူး။ ဒီလို မိတ်ဖက်အဖွဲ့စည်း တွေကသာ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ပိုပြီးတော့ အောင်မြင်နိုင်ပါတယ်။
မေး။ ။ အခုလိုဖြစ်စဉ်မျိုးတွေ နောက်မှာမဖြစ်ရလေအောင် ဘယ်လိုစီမံဆောင်ရွက်မယ်ဆိုတာ ဖြည့်စွက်ပြောစရာရှိပါက ပြောပြပေးပါ။
ဖြေ။ ။ ဒီဟာက ချိန်ဆပြီး ကိုင်တွယ် ဆောင်ရွက်ရမယ့်ကိစ္စပါ။ လူ့အခွင့်အရေး ကော်မရှင်တို့ စစ်တာတို့ကို ကျနော်တို့ လက်ခံပါတယ်။ ရေထွက်ကုန်တွေလည်း နိုင်ငံတကာစံချိန် စံညွှန်းတို့၊ လူ့အခွင့်အရေးတို့နဲ့ ဆက်စပ်နေတဲ့ ကိစ္စပါ။ ဒါတွေကိုလည်း နိုင်ငံတကာနဲ့ အလုပ်လုပ်ရင် ကျနော်တို့ လေးစားလိုက်နာရပါ့မယ်။ တဖက်ကလည်း အလုပ်အကိုင်ကို ဘယ်လိုပေးမလဲ။ ဧရာဝတီတိုင်းထဲမှာ အလုပ်လုပ်ရနိုင်ရဲ့သားနဲ့ တခြားနယ်မှာ သွားလုပ်ရတာ ကျနော်တို့လည်း မဖြစ်စေချင်ဘူး။ ဒီ ၂ ခုကြားထဲ အလုပ်ရှင်နဲ့ အလုပ်သမား ပဋိပက္ခတွေ လျော့ပါးဖို့ ဖြစ်နိုင်မယ့် နည်းလမ်းတွေ ရှာရပါမယ်။ ကိုယ်စားလှယ်တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေ၊ INGO၊ NGO စတာတွေ ကျနော်တို့က ထပ်ရှာပြီး ပဋိပက္ခတွေ လျော့နည်း ပပျောက်အောင် ဆောင်ရွက်သွားမယ်ဆိုရင် ဒီလိုဟာတွေ အဆင်ပြေသွားမယ်လို့ ကျနော်ထင်ပါတယ်။
You may also like these stories:
ဖောပြီး သေတာ အများဆုံး ဖြစ်နေတယ်
လူကုန်ကူးခံရသူ တက္ကသိုလ်ကျောင်းသား အမှု နောက်ဆက်တွဲအဖြစ်၂ မှု ထပ်ဖွင့်
လူကုန်ကူးမှု ဂယက်ကြောင့် ကျားဖောင်လုပ်သားတချို့ မိသားစုက ပြန်လည်ခေါ်မှုများ ရှိလာ